လှိုင်းထန်သော ဂယက်
Vol. 2 Ch. 13
စကားအခြေအတင် ဖြစ်ခဲ့ကြသော အမျိုးသားသုံးဦးမှာ တစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲ ထွက်ခွာသွားကြတော့သည်။ ကျန်ရစ်သူ ရွာသားအချို့မှာမူ စုရုံးစုရုံးဖြင့် အတင်းအဖျင်းစကားတို့ကို မြိန်
ရည်ယှက်ရည် ပြောဆိုနေကြ၏။
မင်ယွဲ့တို့ မိသားစုသည် လောလောဆယ်တွင် ဦးလေးဖြစ်သူ၏ အိမ်၌ ခေတ္တနေထိုင်ကြရသည်။ အိမ်သစ်ကြီးမှာ အုတ်မြစ်နှင့် အဆောက်အအုံ အကြမ်းထည်သာ ပြီးစီးသေးပြီး အတွင်းပိုင်း ပြင်ဆင်မွမ်းမံမှုများနှင့် အနံ့အသက်ဆိုးများ ကင်းစင်ရန် စောင့်ဆိုင်းရဦးမည်ဖြစ်ရာ အနည်းဆုံး သုံးလခန့် ကြာဦးမည် ဖြစ်သည်။
"ယွဲ့ယွဲ့ ပြန်ရောက်ပြီဟေ့"
မင်ယွဲ့၏ ဘိုးဘွားနှစ်ဦးမှာ ဦးလေးဖြစ်သူနှင့်အတူ နေထိုင်ကြသည်။ သားကြီးနှင့် သားလတ်တို့ အိမ်ထောင်ကျပြီး အိုးအိမ်ခွဲသွားကြသည့်အခါ သဘာဝအတိုင်းပင် သားအငယ်ဆုံးနှင့်အတူ နေရစ်ခဲ့ကြခြင်း ဖြစ်သည်။
မင်ယွဲ့ ချမ်းသာမလာမီအချိန်အထိ မင်မိသားစုတွင် အငယ်ဆုံးဦးလေးဖြစ်သူ မင်ဖုန်းသည် လူနေမှုအဆင့်အတန်း အမြင့်မားဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ထက်မြက်ဖျတ်လတ်ပြီး နိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အသုံးချကာ မြို့ပေါ်တွင် ဟိုတယ်တစ်ခု ဖွင့်လှစ်ထားနိုင်ခဲ့သည်။
ယခုအခါ ဟိုတယ်လုပ်ငန်းမှာ အခြေကျနေပြီဖြစ်၍ ဦးလေးဖြစ်သူမှာ နေ့စဉ်သွားရောက်ကြည့်ရှုရန် မလိုတော့ပေ။ ဘိုးဘွားများမှာလည်း ကျေးလက်ဒေသ၏ လေကောင်းလေသန့်ကို နှစ်သက်ကြပြီး မြို့ပေါ်သို့ သွားလိုလျှင်လည်း ကိုယ်ပိုင်ကားဖြင့် မိနစ်လေးဆယ်ခန့်သာ မောင်းရသဖြင့် အဆင်ပြေလှသည်။
မင်ယွဲ့သည် လက်ဆောင်ပစ္စည်း အမြောက်အမြား သယ်ဆောင်လာခဲ့ရာ သူမ၏ မိဘများက လေးလံသည်ကိုပင် ဂရုမစိုက်ဘဲ အတင်းအဓမ္မ လုယူသယ်ဆောင်ပေးကြသည်။ သူမမှာမူ လက်ဗလာဖြင့် လျှောက်လာရသဖြင့် အနည်းငယ် အားနာမိနေ၏။
"ဟေး... ရှောင်ယွဲ့ ပြန်လာပြီပဲ"
မတ်လကတည်းက ထီပေါက်သူတစ်ဦးရှိကြောင်း ကောလာဟလများကို ကြားခဲ့ဖူးသော်လည်း ယခုကဲ့သို့ မိမိတို့ရှေ့မှောက်သို့ အရှင်လတ်လတ် ရောက်လာလိမ့်မည်ဟု မင်ကျွန်း မထင်မှတ်ထားခဲ့ပေ။ လီအော်ကျေးရွာရှိ လူအားလုံးမှာ မျိုးရိုးအမည် တူညီကြပြီး ဘိုးဘွားစဉ်ဆက် တော်စပ်ကြသူများသာ ဖြစ်ကြသည်။
"အစ်ကိုကျွန်း... နေကောင်းလား"
မင်ယွဲ့က ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။ မကြာသေးမီက မြို့နယ်အတွင်းသို့ စက်မှုလုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့် ရွာရှိ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကာ ကလေးငယ်များမှာလည်း မိဘများနှင့် ခွဲခွာနေရသည့် ဒုက္ခမှ ကင်းဝေးသွားကြသည်။
မင်ကျွန်းသည်လည်း မြို့နယ်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီး လစာကောင်းကောင်း ရရှိနေသူဖြစ်သည်။
"ရှောင်ယွဲ့က တကယ်ပဲ သိန်းတစ်သောင်း (တစ်သန်း) ပေါက်တာလား ကံကောင်းလိုက်တာကွယ်"
သူသည် မင်ယွဲ့တို့ လိမ်ညာနေသည်ဟု မသံသယဖြစ်သော်လည်း အံ့ဩဝမ်းသာမှုနှင့်အတူ အားကျစိတ်တို့ ဖြစ်ပေါ်နေမိသည်။
မင်ယွဲ့၏ ဖခင်မှာမူ အခြားသူများကို သိန်းတစ်သောင်းသာ ပေါက်သည်ဟု ပြောရန် သမီးဖြစ်သူကို ကြိုတင်မှာကြားထားပြီး ဖြစ်သည်။
မင်ယွဲ့မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေရသည်။ အမှန်စင်စစ် သူမသည် မိဘများ စိုးရိမ်မည်စိုးသဖြင့် သိန်းသုံးသောင်း (သုံးသန်း) ပေါက်သည်ဟု လိမ်ပြောထားခဲ့ခြင်းဖြစ်ပြီး၊ သူမ၏ မိဘများကလည်း သမီး၏ စည်းစိမ်ကို ကာကွယ်ရန်အတွက် သူတစ်ပါးကို သိန်းတစ်သောင်းဟု ထပ်ဆင့်လိမ်ပြောနေကြခြင်း ဖြစ်သည်။
လိမ်လည်မှုတစ်ခုကို ဖုံးကွယ်ရန်အတွက် နောက်ထပ် လိမ်လည်မှုများစွာ လိုအပ်သည်
ဟူသော စကားမှာ အမှန်ပင်။
"တိုက်ဆိုင်သွားတာပါ အစ်ကိုရယ် ဒီတစ်ခါတော့ ကျွန်မ ကံကောင်းသွားတယ်လို့ပဲ ပြောရမှာပေါ့”
ထိုစကားကို ကြားလိုက်ရသော အနီးအနားမှ ရွာသားများမှာ စိတ်ဝင်တစားဖြင့် ဝိုင်းအုံလာကြသည်။ နေထွက်ကတည်းက အလုပ်လုပ်ပြီး နေဝင်လျှင် အနားယူတတ်သော ရွာသူရွာသားများအတွက် ဖျော်ဖြေစရာ ဟူ၍ များများစားစား မရှိလှပေ။
ထို့ကြောင့် မည်သူ့ဝက်က အကောင်မည်မျှ မွေးသည်၊ မည်သူက လောင်းကစားရာတွင် ငွေမည်မျှ ရှုံးသည် စသည့် သတင်းများမှာ သူတို့အတွက် အဓိက ပြောစရာများ ဖြစ်နေတတ်သည်။ မင်မိသားစု ထီပေါက်ပြီး အိမ်သစ်ကြီး ဆောက်နေသည့် သတင်းမှာ ရွာကို အတော်ကြာ လှုပ်ခတ်စေခဲ့သည်။
ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ကံထူးရှင် မင်ယွဲ့ ကိုယ်တိုင် ပြန်ရောက်လာခြင်းက ရွာသားများ၏ စိတ်အာရုံကို တစ်ဖန် ပြန်လည် နိုးကြားလာစေခဲ့သည်။ မင်ယွဲ့ ဦးလေးအိမ်သို့ ရောက်သောအခါ ရွာသားအချို့မှာ အမှန်တကယ် ဟုတ်၊ မဟုတ် လာရောက်ကြည့်ရှုသူ၊ အပျော်လိုက်လာသူများနှင့် မင်ယွဲ့၏ ချမ်းသာလာသော ဟန်ပန်ကို မြင်လိုသူများဖြင့် ပြည့်
နှက်နေတော့သည်။
"ပိုက်ဆံက လူကို ပြုပြင်ပေးနိုင်တယ်"
ဟု သူတို့ တညီတညွတ်တည်း ဆိုကြပေလိမ့်မည်။
ယခင်က သိသာထင်ရှားမှုမရှိဘဲ သာမန်သာဖြစ်ခဲ့သော မင်ယွဲ့မှာ ယခုအခါ ဝင်းပတောက်ပကာ လူအများအလယ်တွင် ထင်ရှားနေပြီဖြစ်သည်။ မင်ယွဲ့သည် ငယ်စဉ်ကတည်းက ရွာသားများ၏ ချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပြီး ယခုမူ တောထဲမှ ထွက်ခွာသွားသော ရွှေဥဒေါင်းလေး တစ်
ကောင်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
"ဦးလေး... ဦးလေး ဇက်ကြောတက်တတ်တယ်လို့ ကြားလို့ ကျွန်မ အနှိပ်စက်လေး အထူးတလည် ဝယ်လာခဲ့တယ် ဒါလေးက သုံးရတာ သိပ်သက်သာတယ်လို့ ပြောကြတယ်"
"အဘိုးနဲ့ အဘွားအတွက်ကတော့ အဝတ်အစားတွေ ဝယ်လာခဲ့တယ်"
"ဒေါ်ဒေါ်... ဒါကတော့ ဒေါ်ဒေါ်အတွက် ပိုးပဝါလေးပါ"
သူမသည် လက်ဆောင်များကို တစ်ခုချင်းစီ ထုတ်ပေးလိုက်သည်။ မိဘများနှင့် မောင်လေးအတွက် လက်ဆောင်များကိုမူ သီးသန့် ဖယ်ထားပြီး ဖြစ်သည်။
ဦးလေးဖြစ်သူ၏ သားသမီးများဖြစ်သော မင်ကျောက်နှင့် မောင်လေး မင်ချန်တို့ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန် လက်ပ်တော့ပ် ဝယ်ပေးလိုက်သည်။
ဦးလေးတို့အိမ်တွင် ကွန်ပျူတာ ရှိသော်လည်း မင်ယွဲ့ကမူ လူငယ်များအတွက် ပိုမိုအဆင်ပြေစေရန် စဉ်းစားပေးခြင်း ဖြစ်သည်။
ဝမ်းကွဲအစ်ကို မင်ယုံမှာ တက္ကသိုလ်မတက်ဘဲ အလုပ်ခွင်သို့ ဝင်နေပြီဖြစ်ကာ ယခုအခါ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးထားသူဖြစ်သည်။ ဝမ်းကွဲအစ်မ မင်မင်းမှာလည်း မူကြိုဆရာမအဖြစ် အလုပ်လုပ်နေပြီဖြစ်ရာ မင်ယွဲ့က သူတို့ကို ငွေကြေးထောက်ပံ့မည့်အစား အဆင့်
မြင့် ဝတ်စုံကောင်းများကိုသာ လက်ဆောင်
ပေးလိုက်သည်။
မင်ယွဲ့သည် သူမ၏ ဘဝကို အောင်မြင်စွာ စတင်နိုင်ခဲ့ပြီဖြစ်သည်။ သူမ၏ လမ်းညွှန်မှုအောက်တွင် ရှိနေသော မောင်လေးများနှင့် ညီမလေးများသာ ကြိုးစားကြမည်ဆိုလျှင် သူတို့အားလုံး၏ အနာဂတ်မှာ တောက်ပနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။