ဒီအပေါ်ကို ဘယ်လိုတက်လာတာလဲ
Vol. 6 Ch. 53
ဝမ်ကျန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်ဟင် တစ်ယောက် သက်ပြင်းမောချကာ ခေါင်းကိုသာ ခါယမ်းမိတော့သည်။
ခဏတာ ဖြစ်ပေါ်လာသည့် သနားကရုဏာစိတ်က ရေပွက်ပမာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် မြင်ကွင်းထဲမှ သူမပျောက်ကွယ်သွားမှသာ သူ၏ အလုပ်များကို ပြန်လည်အာရုံစိုက်လိုက်တော့သည်။
"ခြေရာများ" ဂိမ်း ထွက်ရှိလာပြီးနောက်ပိုင်း ရှောင်မို မီဒီယာက အမြတ်အစွန်းများစွာ ရရှိခဲ့သည်။ ယန်ခဲ့ ၏ မျက်နှာထက်မှ အုံ့မှိုင်းနေသော အရိပ်အယောင်များ ကင်းစင်သွားသလို ကုမ္ပဏီတစ်ခုလုံးရှိ ဝန်ထမ်းများမှာလည်း တက်ကြွလန်းဆန်းနေကြသည်။
ဤတစ်ကြိမ်တွင်မူ မင်ယွဲ့ သည် အစားအသောက် ပို့ဆောင်သူ အဖြစ် ဘ၀အတွေ့အကြုံသစ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
သူမ မှာယူထားသော လျှပ်စစ် စကူတာမှာ ရောက်မလာသေးသဖြင့် လောလောဆယ်တွင် သူမ၏ ကိုယ်ပိုင်ကားဖြင့်သာ ပစ္စည်းများကို လိုက်လံပို့ဆောင်နေရ၏။
ဆိုင်မှ မှာယူထားသော အစားအစာများကို သေချာစွာ စစ်ဆေးယူဆောင်ပြီးနောက် ဝယ်ယူသူများထံသို့ သူမ စတင်ထွက်ခွာခဲ့သည်။
ရုံးအလုပ်ချိန် မဟုတ်သဖြင့် လမ်းပိတ်ဆို့မှု မရှိဘဲ လူရှင်းနေကာ ခရီးစဉ်မှာ ချောမွေ့နေသည်။
ပထမဆုံး ပို့ဆောင်ရမည့် နေရာမှာ လူနေအိမ်ရာဝင်း တစ်ခုအတွင်းရှိ တိုက်ခန်းတစ်ခုဖြစ်သည်။ မင်ယွဲ့ သည် မှာယူသူ၏ မှတ်စုပါ လိပ်စာအတိုင်း အခန်းရှေ့သို့ ရောက်ရှိလာပြီး တံခါးကို ခေါက်လိုက်သည်။ တံခါးပွင့်လာသည်နှင့်အမျှ ငယ်ရွယ်နုပျိုသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။
ထိုမိန်းကလေးက မင်ယွဲ့ ၏ တောက်ပစင်ကြယ်သော အလှတရားကို မြင်လိုက်ရသောအခါ မျက်ဝန်းများ ဝင်းလက်သွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"အမကြီးရယ်.. အမက လှလှပပနဲ့ကို ဘာလို့ အစားအသောက် လိုက်ပို့တဲ့အလုပ် လုပ်နေရတာလဲဟင်"
မိန်းကလေးမှာ မင်ယွဲ့ ၏ ရုပ်ရည်ကို ချီးကျူးလို၍ ပြောလိုက်ခြင်းဖြစ်သော်လည်း ထိုစကားမှာ အဓိပ္ပာယ် အတိအကျတော့ မရှိလှပေ။
လှပခြင်းနှင့် ပို့ဆောင်ရေးအလုပ် လုပ်ခြင်းမှာ အပြန်အလှန် ဆန့်ကျင်နေသည့် အရာများမှ မဟုတ်ဘဲ။
မင်ယွဲ့ က မိန်းကလေး၏ လက်ထဲတွင် ကိုင်ထားသော လေ့ကျင့်ခန်းစာအုပ်ကို သတိပြုမိလိုက်ရင်း အစားအစာကို ကမ်းပေးလိုက်သည်။
"အမက တက္ကသိုလ်ကျောင်းသူလားဟင်။ ပင်ပင်ပန်းပန်း အပြင်မှာ အလုပ်လုပ်မယ့်အစား ညီမကို ကျူရှင်ပြပေးပါလား။ သင်တန်းကြေးကိုလည်း ညီမ မိဘတွေကို ပေးခိုင်းလိုက်ပါ့မယ်"
နေပူမိုးရွာမရှောင် အပြင်ထွက်ရသည့် အလုပ်မှာ မင်ယွဲ့ ကဲ့သို့ မိန်းကလေးတစ်ဦးအတွက် မသင့်တော်ဟု ထိုမိန်းကလေးက တွေးနေပုံရသည်။
သူမကိုယ်တိုင်ကလည်း ကျူရှင်ဆရာ လိုအပ်နေသည်ဖြစ်ရာ မင်ယွဲ့ ကို အချိန်ပိုင်းအလုပ်လုပ်နေသည့် ကျောင်းသူတစ်ဦးဟု ထင်မှတ်ပြီး မေးလိုက်ခြင်း ဖြစ်သည်။
"မလိုပါဘူး ညီမလေးရယ်၊ အမက စမ်းပြီး လုပ်ကြည့်နေတာပါ"
မိန်းကလေး၏ မျက်ဝန်းများက မျှော်လင့်ချက်များဖြင့် တောက်ပလာပြန်သည်။ "အမ... ဒါဆို ညီမ မရတဲ့ သင်္ချာပုစ္ဆာလေး တစ်ပုဒ်လောက် ရှင်းပြပေးလို့ ရမလားဟင်"
မင်ယွဲ့ ငြင်းဆန်ခြင်း မပြုသည်ကို သိလိုက်ရသည်နှင့် မိန်းကလေးမှာ သူမ တွက်လက်စ သင်္ချာပုစ္ဆာကို ချက်ချင်းပင် ထုတ်ပြတော့သည်။
မင်ယွဲ့ သည် ပုစ္ဆာကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားလက်တစ်ဖက်မှ ဘောပင်ကို ယူကာ မူကြမ်းစာရွက်ပေါ်တွင် ပုံသေနည်းများကို အစီအရီ ရေးချလိုက်သည်။
"ဒီပုံသေနည်းထဲမှာ အစားထိုးလိုက်၊ ပြီးရင် ညီမျှခြင်းကို ဒီလိုလေး ဖြေရှင်းကြည့်ရအောင်..."
မိနစ်အနည်းငယ်အတွင်းမှာပင် မူကြမ်းစာရွက်ထက်၌ လှပသေသပ်သော လက်ရေးများဖြင့် တွက်ချက်မှုများ ပြည့်နှက်သွားသည်။
"နားလည်ရဲ့လား" မင်ယွဲ့ က ဘောပင်ကို ပြန်ပေးရင်း ညင်သာစွာ မေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အမရယ်၊ ညီမ ဒါကို စဉ်းစားနေတာ ကြာပြီ၊ အခုမှပဲ ရှင်းသွားတော့တယ်။ အမကို ကြယ်ငါးပွင့် ရီဗျူး အဆင့်သတ်မှတ်ချက် သေချာပေါက် ပေးလိုက်ပါ့မယ်"
မင်ယွဲ့ သည် ပြုံးရွှင်စွာဖြင့် ထွက်ခွာလာခဲ့ပြီး မိန်းကလေးမှာလည်း ပုစ္ဆာကို နားလည်သွားသဖြင့် ပျော်ရွှင်စွာ အစားအသောက်ကို စားသုံးတော့သည်။
ဓာတ်လှေကားအတွင်းသို့ မင်ယွဲ့ ဝင်လိုက်စဉ် အမျိုးသမီးတစ်ဦး၏ စိတ်ပျက်သံကို ကြားလိုက်ရသည်။
"စိတ်ညစ်ဖို့ ကောင်းလိုက်တာ၊ လူတွေကလည်း ရှုပ်နေတာပဲ"
ဓာတ်လှေကားထဲတွင် လူ ခြောက်ဦး၊ ခုနစ်ဦးခန့်သာ ရှိသဖြင့် အမှန်တကယ်တွင် ကျပ်ညပ်မနေပေ။ ထို့နောက် ထိုအမျိုးသမီးက ဆက်ပြောပြန်သည်။
"ဒီလို ပစ္စည်းပို့တဲ့သူတွေကို ဓာတ်လှေကား အတူမစီးခိုင်းသင့်ဘူး"
ထိုအခါမှ မင်ယွဲ့ သည် သူမ ဝတ်ဆင်ထားသော အဝါရောင်ဝတ်စုံကြောင့် နှိမ်ချဆက်ဆံခံနေရမှန်း သိလိုက်သည်။
"အမကြီးရှင်.. ကျွန်မက ဒီတိုက်ခန်းမှာ နေတဲ့သူတွေကို ဝန်ဆောင်မှုပေးဖို့ လာတာပါ။ ကျွန်မ ဘာလို့ ဓာတ်လှေကား စီးလို့မရရမှာလဲ"
"နင်တို့က တိုက်ခန်းကြေးတွေ ဘာတွေ ပေးထားလို့လား" ထိုအမျိုးသမီးက မောက်မာစွာ
ပြန်ပြောသည်။ "နေ့တိုင်း နင်တို့လို လူတွေ အဝင်အထွက်များနေတာ ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်ရလဲ သိလား"
မင်ယွဲ့ သည် ထိုမိန်းမ၏ အပြုအမူကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။
အစားအသောက် ပို့ဆောင်သူများမှာ နေထိုင်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် လာနေကြခြင်း မဟုတ်ပေ။ ထို့ပြင် အထပ်ပေါင်း ၃၀ ရှိသော အဆောက်အဦကို လှေကားဖြင့် တက်ရန် ပြောဆိုနေခြင်းမှာ အဓိပ္ပာယ်မဲ့လွန်းလှသည်။
ဤမိန်းမကြီးသည် နောင်တွင် အစားအသောက် မှာယူတော့မည့် လူမဟုတ်တာသေချာရဲ့လား ဟု စဉ်းစားနေမိသည်။
"တော်ပါတော့ အမရယ်၊ သူလည်း လုပ်ငန်းသဘောအရ လာတာပဲ၊ မိန်းကလေးချင်း ကိုယ်ချင်းစာပါဦး" ဘေးမှ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက ဝင်ရောက်ဖျန်ဖြေပေးသည်။
"ဟွန့်.. ဆင်းရဲသားတွေများ" အားပေးကူညီမည့်သူ ရှိနေသည်ကို မြင်သောအခါ ထိုအမျိုးသမီးသည် အနည်းငယ် လျော့ကျသွားသော်လည်း မျက်စောင်းထိုး၍ နှာခေါင်းရှုံ့လိုက်သေးသည်။
ဓာတ်လှေကား တံခါးပွင့်သွားသည်နှင့် မင်ယွဲ့ က အရင်ဆုံး ထွက်လိုက်ပြီးနောက် နောက်လှည့်ကာ တစ်ခွန်းသာ ပြောလိုက်သည်။
"အမကြီးရှင့်.. ကျွန်မကတော့ ဆင်းရဲချင် ဆင်းရဲပါလိမ့်မယ်၊ ဒါပေမဲ့ အမကြီးရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို အရုပ်ဆိုးလွန်းတယ်"
ဘယ်သူမှ တုံ့ပြန်ချိန်မရခင်မှာပင် မင်ယွဲ့ က ပြောပြီးပြီးခြင်း ကျော့ရှင်းစွာ လှည့်ထွက်သွားတော့သည်။
ထိုအမျိုးသမီးမှာ ဒေါသကြောင့် အသက်ရှူမှားမလိုဖြစ်ကာ ကျန်ရစ်ခဲ့ရပြီး ကျန်ရှိနေသောသူများမှာလည်း သူမနှင့် အတူမနေလိုသဖြင့် အမြန်ပင် ထွက်ခွာသွားကြသည်။
မင်ယွဲ့ က အလုပ်ပြီးမြောက်၍ ကားထဲသို့ ပြန်ဝင်လိုက်သည်။ လမ်းဘေးတွင် ရှိနေသူအချို့က ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩနေကြ၏။
"ဟေ့.. ကြည့်စမ်း၊ ပစ္စည်းပို့ သမားက သိန်းထောင်ချီတန်တဲ့ ကားကြီးစီးပြီး အစားအသောက် လိုက်ပို့နေတာကွ"
"အဲ့ဒါ မိန်းကလေးဗျ၊ မျက်စိမပါဘူးလား"
"သိန်းထောင်ချီတန်တဲ့ ကားစီးနိုင်မှတော့ သူ့အိမ်က သိန်းသောင်းချီ တန်မှာပေါ့"
ဓာတ်လှေကားထဲမှ စောစောက အမျိုးသမီးသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အရှက်ရလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမကို သိသူ တစ်ယောက်မှ ရှိမနေပေ။
တီ.. တီ.. ဖုန်းထဲမှ ပို့ဆောင်သူ အက်ပလီကေးရှင်းက ကြယ်ငါးပွင့် အဆင့်သတ်မှတ်ချက် ရရှိကြောင်း အကြောင်းကြားစာ ပေးပို့လာသည်။
"ငါ့ရဲ့ ဝန်ဆောင်မှုက ကောင်းလို့နေမှာပါ" မင်ယွဲ့ က ဤအလုပ် အသေးစားလေးအတွင်းမှ အောင်မြင်မှု အရသာအသေးစားလေးကို ခံစားလိုက်ရပြီး စိတ်ကျေနပ်သွားမိသည်။
မကြာမီမှာပင် ဒုတိယမြောက် အမှာစာကို ပို့ဆောင်ရန် ထွက်ခွာခဲ့သည်။
"လုံခြုံရေးအခန်း တံခါးနားမှာပဲ ထားခဲ့လိုက်ပါ၊ တံခါးခေါက်ဖို့ မလိုဘူး" ဟု မှာယူသူက စာပို့ထားသည်။
မင်ယွဲ့ က နားလည်ကြောင်း ပြန်ပြောရင်း "ဖုန်းလေးတောင် ဆက်ပေးဖို့ မလိုဘူးလား" ဟု ပြန်မေးလိုက်သည်။
တစ်ဖက်ကလည်း "ဟားဟား.. အဆင်ပြေသလိုသာ လုပ်ပါ" ဟု ချက်ချင်း ပြန်ဖြေသည်။
တစ်ဖက်မှ လူမှာ ချစ်စရာကောင်းသော မိန်းကလေးတစ်ဦး ဖြစ်မည်ဟု သူမ ခန့်မှန်းမိသည်။
"ဒါဆိုရင်တော့ ကျွန်မ တိတ်တိတ်လေးပဲ လာခဲ့မယ်နော်"
"မရဘူးလေ.. ဓာတ်ပုံလေးတော့ ရိုက်ပို့ခဲ့ဦး၊ အခု အိမ်မှာ မရှိလို့ နောက်မှ လာယူမလို့"
မင်ယွဲ့ သဘောကျသွားပြီး "ကောင်းပြီလေ၊ ဒါဆိုရင်တော့ အကြံကောင်းပဲ" ဟု ဆိုကာ အစားအသောက်ကို တံခါးရှေ့တွင် ချထားခဲ့ပြီး ဓာတ်ပုံရိုက်ကာ ပို့ပေးလိုက်သည်။
တစ်နေကုန် အစားအသောက် ပို့ဆောင်ရခြင်းမှာ အချိန်နှင့် အပြိုင် လုနေရသဖြင့် အတော်ပင် ပင်ပန်းလှသည်။ ကံကောင်းထောက်မစွာဖြင့် သူမ ကားစီးနိုင်ပြီး အဲကွန်းဖွင့်ထားနိုင်သဖြင့်သာ ခံသာခြင်း ဖြစ်သည်။ ဇူလိုင်လ၏ အပူရှိန်အောက်တွင် လျှပ်စစ်စကူတာများဖြင့် အသည်းအသန် မောင်းနှင်နေကြသော အခြားပို့ဆောင်သူများကို ကြည့်ရင်း သူမ ရင်ထဲ၌ စာနာစိတ်များ ဖြစ်ပေါ်မိသည်။
လူတိုင်းသည် ကိုယ့်ဝမ်းစာအတွက် ကိုယ်စီ ရုန်းကန်နေကြရသည် မဟုတ်ပါလား။
ထိုစဉ် ဝမ်ကျန်း ထံမှ မက်ဆေ့ချ် ရောက်လာသည်။
"ယွဲ့ယွဲ့.. နင် ဘာလုပ်နေတာလဲ"
ဝမ်ကျန်း သည် ရုံးခန်းဆိုဖာပေါ်တွင် ထိုင်ကာ ကျန်ဟင် အလုပ်လုပ်နေသည်ကို ကြည့်ရင်း ခိုးကြောင်ခိုးဝှက် စာပို့နေခြင်းဖြစ်သည်။
"အစားအသောက် လိုက်ပို့နေတာ"
"ဟယ်.. ငါ့ကို လာမခြောက်နဲ့နော်၊ နင်လို အလှလေးက ဘာလို့ ပစ္စည်းတွေလိုက်ပို့ရမှာလဲ"
မင်ယွဲ့ ကတော့ မျက်လုံးကိုသာ လှန်ပြချင်စိတ် ပေါက်သွားပြီး ဘာမှ ပြန်မပြောတော့ပေ။
"ဟားဟား.. နင်က ဘဝအတွေ့အကြုံသစ် သွားရှာပြန်ပြီပေါ့။ ကောင်းပြီလေ၊ ဒါဆို ငါလည်း နင့်ကို အလုပ်ဖြစ်အောင် ကူညီတဲ့အနေနဲ့ တစ်ခုခု မှာလိုက်မယ်၊ နင်ပဲ လာပို့ပေးတော့"
မင်ယွဲ့ မှာ သူမ၏ ကလေးဆန်သော သူငယ်ချင်းကို ကြည့်ကာ သက်ပြင်းသာ ချနိုင်တော့သည်။ ကျန်ဟင် ကမူ ဆိုဖာပေါ်တွင် တစ်ခစ်ခစ်ဖြင့် ရယ်မောနေသော အမျိုးသမီးကို ကြည့်ကာ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ထင်ဟပ်သွားသည်။
"ငါက ပီအိုင်ပီ အဖွဲ့ဝင်နော်၊ မြန်မြန်လာပို့၊ မဟုတ်ရင် အဆင့်သတ်မှတ်ချက် အညံ့ဆုံး ပေးပစ်မှာ" ဝမ်ကျန်း က သူမ၏ ခါးထောက်နေသော ပုံစံတူ ဟာသ စတေကာ လေးကိုပါ ပို့ပြီး နောက်ပြောင်နေသေးသည်။
မင်ယွဲ့ သည် ဟိုက်ဖုအဆောက်အဦ မှ အမှာစာကို လက်ခံရရှိလိုက်သဖြင့် သွားရောက်ရန် ပြင်ဆင်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအဆောက်အဦ၌ ပို့ဆောင်ရမည့် အမှာစာ သုံးခုလုံး ရှိနေသည်။
"အမလေး.. ဟိုက်ဖုအဆောက်အဦထဲကို ပစ္စည်းပို့တဲ့ ဝတ်စုံနဲ့ ဝင်ခွင့်မပြုပါဘူး။ ဟိုဘက်က စင်ပေါ်မှာပဲ ထားခဲ့ပါ" လုံခြုံရေးဝန်ထမ်းက ဝင်ပေါက်ဘေးရှိ ပစ္စည်းတင်စင်ကို ညွှန်ပြသည်။
စီးပွားရေးလုပ်ငန်းရှင်များ အဝင်အထွက်များသော နေရာဖြစ်သဖြင့် ပို့ဆောင်သူများကို ပေးမဝင်ခြင်းမှာ ထုံးစံပင် ဖြစ်သည်။
မင်ယွဲ့ သည် သူမ၏ အဝါရောင် အပေါ်ဝတ်စုံကို ချွတ်လိုက်သောအခါ သူမ၏ အထူးဝင်ခွင့် ကတ်ပြား ပေါ်ထွက်လာသည်။
လုံခြုံရေးဝန်ထမ်းမှာ မှင်တက်သွားပြီး ချက်ချင်းပင် လမ်းဖယ်ပေးလိုက်သည်။
"ဟုတ်ကဲ့.. မမလေး၊ ကြွပါခင်ဗျာ"
မင်ယွဲ့ က ဤနေရာသို့ မကြာခဏ လားလေ့မရှိသဖြင့် ဝန်ထမ်းများ သူမကို မမှတ်မိခြင်းမှာ သဘာဝကျသည်။ ယနေ့ သူမ ဝတ်ဆင်ထားသော ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီမှာ ရုံးဝန်ထမ်းတစ်ဦးကဲ့သို့ စမတ်ကျနေသဖြင့် အဆောက်အဦအတွင်းရှိ လူများကြားတွင် လိုက်ဖက်နေသည်။
သူမက လိပ်စာအတိုင်း အထပ်ပေါ်သို့ တက်လာခဲ့သည်။
"မင်္ဂလာပါ၊ အမှာစာ ရောက်ပါပြီရှင်၊ အပြင်
ထွက်ယူပေးပါဦး"
ဖုန်းဖြေကြားလိုက်သော ကောင်လေးမှာ တိုးညင်းသော အသံဖြင့် "ခဏလေး.. ခဏလေးနော်" ဟု ဆိုကာ ဖုန်းချသွားသည်။
မင်ယွဲ့ က ကုမ္ပဏီဝင်ပေါက်တွင် ရပ်စောင့်နေလိုက်၏။
ကောင်လေးမှာ ကုမ္ပဏီထဲမှ အပြေးအလွှား ထွက်လာရင်း ဓာတ်လှေကားဆီသို့ သွားရန် ပြင်လိုက်စဉ်—
"အကိုရှု မဟုတ်လားရှင့်။ ဒါ အကိုမှာထားတဲ့အစားအသောက်ပါ"
မင်ယွဲ့ က သူ၏ ရင်ထိုးကတ်ပြားကို ကြည့်ကာ အမည်ကို ခေါ်လိုက်သည်။ ကောင်လေးမှာ အံ့အားသင့်သွားပြီး—
"နင်.. နင် ဒီအပေါ်ကို ဘယ်လိုတက်လာတာလဲ"
သူ တကယ်ကို မထင်မှတ်ထားခဲ့ပေ။ ပို့ဆောင်သူက အဆောက်အဦအောက်တွင် စောင့်နေသည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ ကုမ္ပဏီရှေ့အထိပင် ရောက်ရှိနေလေပြီ။