← Chapters

လမ်းခုလတ်မှ အတုအယောင် မတော်တဆမှု

Vol. 6 Ch. 54

လမ်းခုလတ်မှ အတုအယောင် မတော်တဆမှု

Vol. 6 Ch. 54

"အော်... ကျွန်မကက အဲ့ဒီက ဝန်ထမ်းတစ်ယောက်ပါပဲအကို”

မင်ယွဲ့ ၏ စကားကြောင့် ထိုလူငယ်မှာ အံ့အားသင့်သွားရသည်။

"ကျေးဇူးတင်ပါတယ်.. တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ"

ထိုသူသည် ဝမ်းသာအားရ ကျေးဇူးတင်စကားဆိုရင်း အစားအသောက်များကို လှမ်းယူကာ အလုပ်နားနေခန်းသို့ အပြေးအလွှား သွားတော့သည်။ သူ၏ အလုပ်ပြီးစီးရမည့် အချိန်သတ်မှတ်ချက်မှာ အလွန်နီးကပ်နေပြီ မဟုတ်ပါလား။

နောက်ထပ် ပို့ဆောင်ရမည့် အော်ဒါမှာ (၉) ထပ်မြောက်သို့ ဖြစ်ရာ မင်ယွဲ့ က ကျွမ်းကျင်စွာပင် သွားရောက် ပို့ဆောင်

ပေးလိုက်သည်။

တံခါးဖွင့်လာသော မိန်းကလေးမှာ အလွန်ချစ်စရာကောင်းပြီး မင်ယွဲ့ ကို မြင်သည်နှင့် အံ့ဩတကြီး ရေရွတ်လေသည်။

"အမက ဒီမှာ အလုပ်လုပ်တာလား၊ ဘယ်ကုမ္ပဏီမှာလဲဟင်"

"ယွဲ့ဟွာ နည်းပညာမှာပါ"

မင်ယွဲ့ က ပြုံး၍ ဖြေလိုက်သည်။

မျက်နှာဝိုင်းဝိုင်းလေးဖြင့် ထိုမိန်းကလေးမှာ အတော်ပင် ချစ်စရာကောင်းလှသည်။

"အလုပ်ဆင်းနေရင်းနဲ့ အစားအသောက် လိုက်ပို့ဖို့ အချိန်ဘယ်လိုရတာလဲဟင်။ အချိန်ပိုင်းအလုပ် လုပ်နေတာလား။ ပင်ပန်းနေမှာပဲနော်"

ထိုမိန်းကလေးသည် အိမ်တွင် အလိုလိုက်ခံထားရသည့် ပုံစံမျိုးဖြစ်သော်လည်း သူတစ်ပါးအပေါ် စာနာတတ်သော နှလုံးသားရှိပုံရသည်။ သူမက အထဲသို့ အပြေးအလွှား ဝင်သွားပြီးနောက် ပန်းသီးတစ်လုံးနှင့် အအေးတစ်ဗူးကို ကိုင်လျက် ပြန်ထွက်လာသည်။

"ရော့.. ဒါလေး ယူထားပါဦး အမရယ်"

မင်ယွဲ့ က "အမ” ဟု အခေါ်ခံရခြင်းကြောင့် သူမအား ငြင်းဆန်ခြင်း မပြုတော့ပေ။ အမှန်စင်စစ် သူတို့နှစ်ဦးမှာ ရွယ်တူလောက်ပင် ဖြစ်နိုင်သော်လည်း ထိုမိန်းကလေး၏ မျက်နှာဝိုင်းဝိုင်းလေးကြောင့် ပို၍ နုပျိုနေခြင်းဖြစ်သည်။

"ကျေးဇူးပါပဲ"

မင်ယွဲ့ က လက်ဆောင်ကို လက်ခံလိုက်သောအခါ ထိုမိန်းကလေးမှာ ပို၍ပင် ပြုံးပျော်သွားတော့သည်။

"ကျွန်မတို့ ဖုန်းနံပါတ်ချင်း လဲထားရအောင်လေ။ ကျွန်မနာမည်က ဖန်းထုံ ပါ။ နောက်မှ အတူတူ လျှောက်လည်ကြတာပေါ့"

သူမ၏ WeChat QR ကုဒ်ကို ထုတ်ပြလာသဖြင့် မင်ယွဲ့ က စကင်န်ဖတ်လိုက်ပြီး သူတို့နှစ်ဦး သူငယ်ချင်း ဖြစ်သွားကြသည်။

သို့သော်လည်း မင်ယွဲ့ အချိန်ကို စစ်ဆေးလိုက်သောအခါ နောက်ဆုံးအော်ဒါမှာ အချိန်ကျော်လွန်တော့မည်ကို တွေ့လိုက်ရသဖြင့် အမြန်ပင် နှုတ်ဆက်လိုက်ရသည်။

"အမ သွားတော့မယ်နော်"

မင်ယွဲ့က လက်ပြနှုတ်ဆက်ကာ (၈) ထပ်သို့ သွားရန် ဓာတ်လှေကားအတွင်း ဝင်လိုက်ပြီး ဖုန်းထဲ၌ အစားအသောက် ပို့ဆောင်ပြီးကြောင်းဖုန်းကခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။

ဝမ်ကျန်း သည် ဖုန်းအက်ပလီကေးရှင်းမှတစ်ဆင့် ပို့ဆောင်သူ၏ အခြေအနေကို စောင့်ကြည့်နေခဲ့ရာ မင်ယွဲ့ သည် ဟိုက်ဖုအဆောက်အဦ အတွင်းသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ကုမ္ပဏီသို့ ရောက်မလာသေးသဖြင့် စိတ်ပူနေခဲ့ခြင်းဖြစ်သည်။

"ယွဲ့ယွဲ့ ရောက်လာပြီထင်တယ်"

ဖုန်းထဲတွင် အော်ဒါပြီးဆုံးကြောင်း ပြသလာသည်နှင့်အတူ တံခါးပွင့်လာပြီး မင်ယွဲ့ ဝင်လာခဲ့သည်။

"နင့်ကို အမှတ်လျှော့ပစ်ဦးမယ်။ အချိန်မီ မရောက်ဘူးလေ"

ဝမ်ကျန်း က ရယ်ကျဲကျဲဖြင့် ဟန်ဆောင်မာန်မဲလိုက်သည်။

"နင် လိုက်ပို့ကြည့်လေ"

မင်ယွဲ့ က ဂရုမစိုက်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဟွန့်.. နင်ကတော့ တကယ့်ကို ပျင်းစရာကောင်းတာပဲ။ အခု ငါက နင့်ရဲ့ အဖိုးတန် ကာစတန်မာနော်။ စားပွဲပြင်ပေးပြီး တူတွေပါ ထုတ်ပေးစမ်းပါဦး"

ဝမ်ကျန်း က မောက်မာသော လေသံဖြင့် ခိုင်းစေလိုက်သည်။ ကျန်ဟင် သည် သူတို့နှစ်ဦး၏ ဆူဆူညံညံ ကျီစယ်မှုကို ကြည့်ရင်း ပြုံးလိုက်ကာ အလုပ်များကို ခေတ္တရပ်နား၍ အနားသို့ ရောက်လာသည်။

"ကဲ.. တော်ကြပါတော့"

သူသည် ထမင်းဘူးများကို ဖွင့်ပေးလိုက်သည်။ ဝမ်ကျန်း မှာထားသော ဟင်းလေးမျိုးမှာ သူတို့ သုံးယောက်သား စားရန် လုံလောက်လှသည်။

"နင်က ဘာလို့ အစားအသောက် လိုက်ပို့နေတာလဲ။ ကုမ္ပဏီမှာ အလုပ်မရှိလောက်အောင် အားနေလို့လား" ကျန်ဟင် က တူများကို ပြင်ပေးရင်း မေးလိုက်သည်။

"ရှင်ရှိနေရင် ကုမ္ပဏီက အေးဆေးပါပဲ၊ ကျွန်မက အလကားလူပါ" မင်ယွဲ့ က လက်ကာပြရင်း ဆိုသည်။

ကျန်ဟင် ၏ နားထင်ကြောများပင် တဆတ်ဆတ် တုန်သွားရသည်။ ဤကဲ့သို့ ကုမ္ပဏီအလုပ်ကို လုံးဝပစ်ထားသည့် အလုပ်ရှင်မျိုးနှင့် တွေ့ရသည်မှာ သူ့အတွက် အတော်ပင် ပြောရခက်လှသည်။ သို့သော်လည်း ရရှိမည့် အကျိုးအမြတ်ကို ထောက်ထားကာ သူသာ ပို၍ ကြိုးစားရပေတော့မည်။

"အဖိုးတန် ကာစတန်မာလေးရှင့်.. ကြယ်ငါးပွင့်လေး ပေးပါဦးနော်"

မင်ယွဲ့ သည် ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီချလိုက်

ရင်း ပြောလိုက်သည်။

"စုတောင်းလေ"

မင်ယွဲ့က သူမ၏ နက်မှောင်သော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးမှာ အလွန်ပင် တောက်ပစင်ကြယ်လှသည်။

"အာ.. မပြုံးနဲ့လေ၊ အလှနဲ့ လာပြီး လာဘ်ထိုးလို့ မရဘူးနော်"

"အော်.. ဒါနဲ့ LV က အိတ်အသစ်တစ်လုံး ထွက်တယ်လို့ ကြားတယ်။ တစ်ယောက်ယောက်ကို မွေးနေ့လက်ဆောင် ပေးမလို့ပဲ၊ အခုတော့ မလိုတော့ဘူး ထင်တယ်"

မင်ယွဲ့ က ဆံပင်ကို သပ်လိုက်ရင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြန်သည်။

"အမ.. မဟုတ်တာ.. အမကြီးရယ်။ လိုတယ်.. ကျွန်မ အရမ်းကို လိုအပ်နေတာပါ"

မင်ယွဲ့ က မျက်ခုံးလေး ပင့်လိုက်ပြီး—

"စုတောင်းလေ" ဟု မင်ယွဲ့က အစောက၀မ်ကျန်း ပြောခဲ့သည့် စကားအတိုင်း ပြန်လည် တုံ့ပြန်လိုက်သည်။

"တောင်းပန်ပါတယ်.. ချစ်လှစွာသော ယွဲ့ယွဲ့ ရယ်။ ငါတို့က ညီအစ်မတွေလိုပဲဟာကို၊ အခုချက်ချင်း ကြယ်ငါးပွင့် ပေးလိုက်ပါ့မယ်"

လူတော်ဆိုသည်မှာ အခြေအနေအရ ပျော့ပျောင်းတတ်ရမည် မဟုတ်ပါလား။ LV အိတ်တစ်လုံးအတွက်ဆိုလျှင် ဝမ်ကျန်း ကဲ့သို့ မိန်းကလေးမှာ ချက်ချင်းပင် ဒူးထောက်ရန် အသင့်ရှိနေသည်။ သူမက အလွန်ပင် လျင်မြန်စွာဖြင့် မှတ်ချက်တစ်ခုကို ရေးသားလိုက်သည်။

"ဝန်ထမ်းက ဝတ်စားဆင်ယင်မှု သေသပ်တယ်၊ စိတ်ထားကောင်းပြီး စကားပြောတာလည်း ချိုသာတယ်။ ပို့ဆောင်ပေးတဲ့ မိန်းကလေးက အရမ်းလှသလို စိတ်ထားကလည်း ဖြူစင်တောက်ပနေတာပဲ။ ဆက်ပြီး ကြိုးစားပါဦး!!! (စကားလုံးပေါင်း ၃၀၀ ကို ချန်လှပ်ထားသည်)"

မင်ယွဲ့ မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပြီး— "နင်က စိတ်မပါဘူးပဲ၊ ဘာလို့ စကားလုံး ၃၀၀ တောင် ချန်ထားရတာလဲ" ဟု မေးလိုက်

သည်။

"ငါက စိတ်မပါရမှာလား" ဝမ်ကျန်း က မျက်လုံးလေး အဝိုင်းသားဖြင့် ပြန်ပြောသည်။

မင်ယွဲ့ လည်း ဆက်၍ မစနောက်တော့ဘဲ— "ကဲပါ.. ဒီတစ်ပတ် ပိတ်ရက်ကျရင် ဈေးဝယ်ထွက်ကြတာပေါ့" ဟု ဆိုလိုက်သည်။

အစားအသောက် စားသောက်ပြီးနောက် မင်ယွဲ့က သူမ၏ ပို့ဆောင်ရေးအလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ အိမ်သို့ ပြန်ရောက်သောအခါ အလွန်ပင် ပင်ပန်းနေသဖြင့် ရေချိုးပြီး ချက်ချင်း အိပ်ပျော်သွားတော့သည်။

【တင်း — အတွေ့အကြုံ +2, စွမ်းရည်: 42 (100)】

အိပ်ပျော်နေစဉ်မှာပင် သူမ၏ အသက်မွေးဝမ်းကြောင်း အမှတ်မှာ ၂ မှတ် တိုးလာခဲ့သည်။

နောက်တစ်နေ့တွင် မင်ယွဲ့ မှာယူထားသော လျှပ်စစ်စကူတာ ရောက်ရှိလာသဖြင့် ၎င်းကို စီး၍ အစားအသောက် လိုက်ပို့ခဲ့သည်။ လမ်းတစ်ခုအရောက်တွင် တောင်ဝှေးတစ်ချောင်းဖြင့် တုန်တုန်ချိချိ လျှောက်လှမ်းနေသော အဘိုးအိုတစ်ဦးကို တွေ့ရသဖြင့် မင်ယွဲ့ က စကူတာကို ရပ်၍ လမ်းဦးစားပေးလိုက်သည်။ သို့သော် ထိုအဘိုးအိုက သူမ၏ စကူတာရှေ့သို့ ရောက်သည်နှင့် မြေပြင်ပေါ်သို့ တုန်တုန်ရင်ရင်ဖြင့် လဲချလိုက်လေတော့သည်။

ဤမျှလောက် ရှက်ရွံ့ခြင်းကင်းမဲ့သောသူမျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

"အဘိုး.. လမ်းဖယ်ပေးပါဦး၊ ကျွန်မ အလျင်လိုနေလို့ပါ"

မင်ယွဲ့က အော်ဒါအချိန်ကို စစ်ဆေးလိုက်ရာ အချိန်မီ ပို့ဆောင်နိုင်ရန် အမြန်သွားရမည်

ဖြစ်ကြောင်း သိလိုက်ရသည်။

"နှစ်ရာပေး၊ မပေးရင် မထဘူး"

အဘိုးအိုက ခေါင်းကို အနည်းငယ်မော့၍ သူ၏ မှုန်ဝါးသော မျက်ဝန်းများဖြင့် မင်ယွဲ့ ကို စိုက်ကြည့်ကာ ဆိုသည်။ ဇူလိုင်လ၏ ပြင်းထန်သော အပူရှိန်အောက်တွင် အဝါရောင် ဦးထုပ်ဆောင်းထားသော မင်ယွဲ့ မှာ ချွေးများဖြင့် ရွှဲနစ်နေရှာသည်။

"အဘိုးရယ်.. ကျွန်မက အစားအသောက် လိုက်ပို့တဲ့သူပါ၊ ကျွန်မမှာ ပိုက်ဆံမရှိပါဘူး"

သူမသည် စိတ်ရှည်လက်ရှည်ဖြင့် အကျိုးအကြောင်း ရှင်းပြသော်လည်း တစ်ဖက်လူမှာ မသိကျိုးကျွံပြုကာ မျက်နှာပြောင်တိုက်နေမြဲပင်။

"ငါ ဂရုမစိုက်ဘူး၊ ပိုက်ဆံမရရင် မထဘူး"

အစပိုင်းတွင် မင်ယွဲ့ အလွန် စိုးရိမ်ခဲ့သော်လည်း အော်ဒါအချိန် ကျော်လွန်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါတွင်မူ သူမ လုံးဝ မစိုးရိမ်တော့ပေ။

သူမသည် ဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်လိုက်ပြီး ပို့ဆောင်သူများ၊ ဆိုင်ရှင်များနှင့် Customer များရှိရာ Group ထဲသို့ ပို့လိုက်သည်။

"စိတ်မကောင်းပါဘူးရှင်.. ကျွန်မ လမ်းမှာ ငွေညှစ်ခံနေရလို့ ဆိုင်ကို မလာနိုင်တော့ပါဘူး။

အစားအသောက်ဖိုးကို ကျွန်မ ပြန်လျော်ပေးပါ့မယ်” ဟု စာတိုတစ်စောင်ကို ပစ္စည်းမှာယူတဲ့သူကို ဖုန်းတွင် တပ်တွဲ၍ ပို့လိုက်သည်။

"ဟေ့ လူလေး.. ငါ မဆာသေးပါဘူး။ ဖုန်းကင်မရာ ဖွင့်ထားစမ်းပါဦး၊ ငွေညှစ်ဖို့အတွက် အခင်းဖြစ်ပွားဟန်ဆောင်တာမျိုး ငါ တစ်ခါမှ မမြင်ဖူးလို့ @ပို့သူ”

"ကျွန်မက မိန်းကလေးပါရှင်၊ ကျေးဇူးတင်ပါတယ် @မှာယူသူ”

ထို Customer မှာလည်း အလျင်မလိုသည့်အပြင် ဗီဒီယိုရိုက်ပြရန်ပင် တောင်းဆိုလာသေးသည်။

မင်ယွဲ့ လည်း ဘာမှ ထပ်မပြောတော့ဘဲ ဖုန်းကို စကူတာရှေ့တွင် ချိတ်လိုက်ပြီး ကင်မရာ ဖွင့်ထားလိုက်သည်။

အဘိုးအိုသည် မင်ယွဲ့ က သူ့ကို ဂရုမစိုက်ဘဲ ဖုန်းနှင့်သာ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အကြောင်းမဲ့ အော်ဟစ်တော့သည်။ မကြာမီမှာပင် လူအချို့ စုရုံးရောက်ရှိလာကြသည်။

"ဘာဖြစ်တာလဲ"

"ငွေညှစ်နေတာ ထင်တယ်"

"သေချာမသိဘဲ လျှောက်မပြောပါနဲ့"

"ပစ္စည်းပို့သမားက အမြန်မောင်းလာလို့ တိုက်မိတာ ဖြစ်မှာပေါ့"

လူစုလူဝေး ရှိလာသည်နှင့်အမျှ မြေပြင်ပေါ်မှ အဘိုးအိုမှာ ပို၍ပင် သရုပ်ဆောင် ကောင်းလာတော့သည်။ သူသည် မင်ယွဲ့ ထံမှ နှစ်ရာထက်

မက တောင်းဆိုရန်ပင် ကြံစည်နေပုံရသည်။

သို့သော် မင်ယွဲ့ ကမူ အနားသို့ မကပ်ဘဲ စကူတာပေါ်တွင်သာ အေးဆေးစွာ ထိုင်နေသည်။

"အဘိုး.. အခု အပူချိန်က ၃၈ ဒီဂရီ ရှိနေပြီနော်။ မြေကြီးပူလို့ အပူလောင်နေဦးမယ်"

မင်ယွဲ့ က လက်ကိုင်ကို အသာအယာ ကိုင်ထားရင်း ဦးထုပ်ကို ဖွင့်လိုက်သည်။

"ဟယ်.. မိန်းကလေးချောချောလေးပါလား"

လူကြီးအချို့မှာ လှပသော မိန်းကလေးများအပေါ် စာနာတတ်ကြသည်ဖြစ်ရာ မင်ယွဲ့ ဘက်သို့ စတင်၍ ဘက်လိုက်လာကြသည်။

"ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ မိန်းကလေးတစ်ယောက် အလုပ်လုပ်နေတာ မလွယ်ပါဘူး။ အဘိုးကြီးကလည်း အရေမထူသင့်ဘူး"

လူအချို့က မင်ယွဲ့ ဘက်မှ ပါသော်လည်း အချို့ကမူ မကျေမနပ် ဖြစ်နေဆဲပင်။

"မိန်းကလေး မောင်းတာဆိုတော့လည်း ကျွမ်းကျင်မှု မရှိလို့ ဖြစ်မှာပါ"

မင်ယွဲ့ က ထိုစကားများကို ဂရုမစိုက်ဘဲ ကင်မရာဖြင့် အားလုံးကို မှတ်တမ်းတင်ထားရင်း အခြားဖုန်းတစ်လုံးဖြင့် ရဲစခန်းသို့ ဆက်သွယ်လိုက်

သည်။

"မင်္ဂလာပါရှင်.. နန်းလင်းလမ်းပေါ်မှာ လူတစ်ယောက် အခင်းဖြစ်ပွားဟန်ဆောင်ပြီး ငွေညှစ်နေလို့ပါ"

မြေပြင်ပေါ်တွင် လူးလှိမ့်နေသော အဘိုးအိုမှာ အပူရှိန်ကြောင့် အမှန်တကယ်ပင် ပြုတ်ခံထားရသကဲ့သို့ ခံစားနေရသဖြင့်

ကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်စဉ် မင်ယွဲ့ ရဲတိုင်နေသည်ကို ကြားလိုက်ရသည်။

"မိန်းကလေး.. ငါတို့... ငါတို့ ညှိနှိုင်းကြရအောင်လေ။ နင် ငါ့ကို တိုက်မိတာဆိုတော့ တစ်ရာပဲ ပေးလိုက်ပါ၊ ငါ ဆေးခန်းသွားပြလိုက်မယ်။ ဘယ်လိုလဲ"

"အဘိုး.. အဲ့ဒါက မကောင်းဘူး ထင်တယ်နော်"

မင်ယွဲ့ သည် အချိန်ရနေသဖြင့် ယပ်တောင်လေး တစ်ချောင်းကို ကိုင်ကာ အေးအေးလူလူပင် ခတ်နေလိုက်တော့သည်။

ပြင်းထန်သော အပူရှိန်သည် ပွဲကြည့်ပရိသတ်တို့၏ စိတ်ဝင်စားမှုကို မလျှော့ချနိုင်သကဲ့သို့ မင်ယွဲ့ ၏ တည်ငြိမ်မှုကိုလည်း မဖျက်ဆီးနိုင်ခဲ့ပေ။

All Chapters