လူဟောင်းနှင့် ပြန်လည်ဆုံတွေ့ခြင်း
Vol. 6 Ch. 55
ဤသည်မှာ ထိုအဖိုးအိုအတွက် ပထမဆုံးအကြိမ် ကျူးလွန်ခြင်းမဟုတ်ပေ။ ပြီးခဲ့သည့်အပတ်ကပင် လူစည်ကားလှသော ရုံးတက်ချိန်၌ ဘတ်စ်ကားတစ်စီးကို အလားတူပင် တားဆီးခဲ့သေးသည်။
ထိုစဉ်က ကားပေါ်ပါလာသမျှ လူတိုင်းက သူ့ကို ကျိန်ဆဲနေကြသော်လည်း နောက်ဆုံးတွင်တော့ အရှုပ်အရှင်းမဖြစ်လိုကြသဖြင့် ငွေပေးကာ
အေးအေးဆေးဆေး ဖြေရှင်းခဲ့ကြသည်။
နောက်ဆုံးတစ်ခေါက်ဆိုလျှင် သူ့ကို ငွေအကြွေ ၂၀ စီ ပေးခဲ့ရာမှ စုစုပေါင်း ငွေရာဂဏန်းအထိ အမြတ်ထွက်ခဲ့ဖူးသည်။
အလုပ်နောက်ကျပါက ဒဏ်ကြေးအဖြတ်ခံရမည့် ဝန်ထမ်းများအတွက် ၂၀ ဆိုသည်မှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ မဟုတ်ပါလား။
ယနေ့တွင်မူ မင်ယွဲ့သည် အလျင်လိုနေသော အစားအသောက်ပို့ဆောင်သူ တစ်ဦးဖြစ်သည်ကို မြင်သောအခါ အဖိုးအိုက ငွေ ၂၀၀ တောင်းရန် ကြံစည်ထားသည်။
အခြေအနေမဟန်လျှင် ၁၀၀ ဖြင့် အလျှော့ပေးမည်ဟု တွေးထားသော်လည်း ယခုကဲ့သို့ မာကျောသော ပြိုင်ဘက်နှင့် တိုးလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။
"ဒီဘက်ခေတ် လူငယ်တွေဟာ လူကြီးမိဘကိုလည်း ရိုသေမှုမရှိ၊ လူငယ်တွေကိုလည်း ငဲ့ညှာမှုမရှိ၊ ကြင်နာတရားကင်းမဲ့ပြီး ကိုယ်လုပ်တဲ့ အမှားအတွက်လည်း တာဝန်မယူတတ်ကြဘူး"
အကြံအစည် ပျက်တော့မည်ကို သိလိုက်ရသောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဖိုးအိုမှာ တုန်တုန်ရင်ရင် ဖြစ်နေဟန်များ ပျောက်ကွယ်သွားပြီး ရုတ်ချည်းပင် ထရပ်
လိုက်တော့သည်။
မင်ယွဲ့က ရဲခေါ်မည်ဟု အတည်ပေါက် ပြောနေသည်ကို မြင်သောအခါ ငွေညှစ်သမား အဖိုးအိုမှာ ပျာပျာသလဲ ဖြစ်သွားပြီး သူ၏လက်ကိုင်တုတ်ကိုပင် မယူတော့ဘဲ ထွက်ပြေးရန် ပြင်ဆင်လေတော့သည်။
"ဟေ့... မသွားနဲ့လေ။ ရဲတွေ ခုတင်ပဲ ရောက်တော့မယ်။ ဟောဒီမှာ ကြည့်ကြပါဦးရှင်... လူလိမ်က ထွက်ပြေးဖို့ ကြံနေပြီ"
မင်ယွဲ့က အားရပါးရ အော်ဟစ်လိုက်သည်။ သူမသည် ယခုအချိန်တွင် ဘာကိုမျှ ဂရုမစိုက်ဘဲ စိတ်ကိုလုံး၀ လွှတ်ပေးထားသည့်နှယ်ပင်။
ဤကဲ့သို့ စိတ်ဓာတ်မကောင်းသူနှင့် တွေ့လျှင် ကိုယ်က ပို၍ မာကျောပြရမည်ဟု သူမ ခံယူထားသည်။
"မပြေးနဲ့!"
ဘေးပတ်ဝန်းကျင်မှ လူငယ်များကလည်း ထွက်ပြေးမည့်လမ်းကို ဝိုင်းအုံပိတ်ဆို့လိုက်ကြသည်။ အဖိုးအိုသည် ရဲများမရောက်မီ အလျင်အမြန် ထွက်ပြေးလိုသဖြင့် လူအုပ်ထဲမှ လူငယ်တစ်ဦးကို တွန်းဖယ်လိုက်ရာ ထိုကောင်လေးမှာ ယိုင်လဲသွားခဲ့သည်။
ထိုအခါ ကောင်လေးမှာ ဒေါသထွက်သွားပြီး အဘိုးကြီးအား လမ်းမဖယ်ပေးတော့ဘဲ တားဆီးလေတော့သည်။
အဖိုးအိုမှာလည်း အကြပ်ရိုက်သွားကာ ဒေါသတကြီးဖြင့် စတင်သောင်းကျန်းလေသည်။
"အီးဟီး... ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြပြီ"
အဖိုးအိုက မြေပြင်ပေါ် ထိုင်ချရန် ပြင်ဆင်ရင်း လူများကို ခြောက်လှန့်ရန် အော်ဟစ်လိုက်သည်။
သို့သော် ယနေ့ခေတ် လူငယ်များ၏ တုံ့ပြန်မှုမှာ သူထင်ထားသည်ထက် ပို၍ လျင်မြန်နေခဲ့သည်။
"လူကြီးကို ရိုက်တယ်လား။ မတော်တဆဖြစ်အောင် တမင်လုပ်ပြီး ငွေညှစ်နေကြပြီးမှ ငါ့ကိုတော့ လူကြီးမိဘကို ရိုသေမှုမရှိတဲ့ လူငယ်တွေ တဲ့လား။ ဘယ်လိုများ ဆက်ရှင်သန်ရမလဲ"
ထိုကောင်လေးမှာ အဖိုးအိုထက်ပင် အလျင်အမြန် မြေပြင်ပေါ် ထိုင်ချလိုက်ပြီး အသံကုန် အော်ဟစ်ငိုယိုပြလေတော့သည်။
ဘေးမှ ကြည့်နေသူများမှာ ရယ်မောကုန်ကြသည်။ အဖိုးအိုမှာမူ ထွက်ပြေးရန် လမ်းမရှိတော့ဘဲ ကောင်လေး၏ သရုပ်ဆောင်ချက်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
"မတရားလိုက်တာ။ လူဆိုးတွေကြ သက်ရှည်နေကြတယ်။ ဒီအစ်မလေးကို ဝိုင်းအနိုင်ကျင့်နေကြတာ ဘုရားမသိ၊ တရားမသိပါလား"
မင်ယွဲ့ပင် အံ့အားသင့်သွားရသည်။
'ဒီခေတ်ကလေးတွေက ဒီလောက်တောင် လက်စွမ်းထက်ကြတာလား' ဟု တွေးတောမိသည်။
"ဒီအဘိုးကြီးက ကိုယ်ကျင့်တရားမရှိဘူး။ သူများကို ဒုက္ခပေးပြီးမှ အခု ထွက်ပြေးဖို့ ကြံနေတာ"
ကောင်လေးမှာ မြေပြင်ပေါ် ထိုင်ရင်း ပေါင်ကိုတဖျတ်ဖျတ်ရိုက်ကာ အားပါးတရ သရုပ်ဆောင်နေဆဲပင်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဤဆန်းကြယ်လှသော မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်သွားရသည်။
အရပ်ရှည်ရှည် ဗလကောင်းကောင်း ကောင်လေးတစ်ယောက် မြေပြင်ပေါ်တွင် အသံကုန်အော်ငိုနေသော်လည်း မျက်ရည်တစ်စက်မျှ ကျမနေသည်က အများအမြင်တွင် ဟာသဖြစ်နေပေသည်။
ရဲတပ်ဖွဲ့ဝင်များ အနီးသို့ ရောက်လာသည်ကိုပင် သတိမထားမိဘဲ ကောင်လေးမှာ ဆက်လက် သရုပ်ဆောင်နေဆဲ ဖြစ်သည်။
အဖိုးအိုမှာမူ လူအုပ်ကြားတွင် ပိတ်မိနေပြီး မင်ယွဲ့မှာတော့ ဆိုင်ကယ်လေးပေါ်တွင် ထိုင်ကာ ကြည့်နေသည်။
"ဆရာ... ဆရာတို့ကို တိုင်ကြားထားတာက ကျွန်မပါရှင့်”
မင်ယွဲ့က လက်လေးမြှောက်ကာ နှုတ်ဆက်
လိုက်သည်။
ရဲများက အခြေအနေကို စစ်ဆေးမေးမြန်းပြီးနောက် ထိုအဖိုးအိုအား ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။ မှတ်တမ်းများအရ သူက ထိုသို့အကြိမ်ကြိမ် ကျူးလွန်ဖူးသူဖြစ်သဖြင့် ဆယ်ရက်ကျော်ခန့် ထိန်းသိမ်းကာ ပညာပေးရန် ဆုံးဖြတ်လိုက်ကြသည်။
"မောင်ရင်လည်း နောက်တစ်ခါ အဲဒီလိုမျိုး မလုပ်နဲ့ဦးနော်"
ရဲအရာရှိက မြေပြင်ပေါ်မှ ထလာသော ကောင်လေးကို အနည်းငယ် ဆုံးမစကား ပြောလိုက်သည်။
ကောင်လေးကမူ ဂရုမစိုက်ဟန်ဖြင့် သူ့ဘောင်းဘီမှ ဖုန်များကို ခါထုတ်ရင်း "ဟုတ်ကဲ့ပါ ဆရာ" ဟု ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
မင်ယွဲ့သည် ထိုဖြစ်စဉ် ဗီဒီယိုမှတ်တမ်းကို ဖြတ်တောက်ကာ အစားအသောက် မှာယူသူ၏ Group ထဲသို့ ပေးပို့လိုက်သည်။
"ပစ္စည်းပို့တဲ့အစ်မလေးက လှလည်းလှ၊ စိတ်ထားလည်း ကောင်းတာပဲ။ ဒီလို လူလိမ်တွေကို အမြစ်ပြတ်အောင် လုပ်ပစ်ရမယ်"
အများပြည်သူတို့မှာ ထိုကဲ့သို့ စိတ်လှုပ်ရှားဖွယ် ကိစ္စရပ်များကို စိတ်ဝင်တစား ကြည့်ရှုအားပေးကြစမြဲပင်။
မင်ယွဲ့က အစားအသောက်မှာသူအား လျော်ကြေးပေးရန် ကမ်းလှမ်းသော်လည်း သူက ငြင်းပယ်ခဲ့သည်။
ထို့ကြောင့် မင်ယွဲ့သည် သူမ၏ ပို့ဆောင်ရေးသေတ္တာထဲမှ အစားအသောက်နှင့် အချိုရည်များကို ထိုကောင်လေးအား လက်ဆောင်ပေးလိုက်
သည်။
"ဒီမှာ မောင်လေး ဒါလေးသုံးဆောင်ပါလား အစ်မ ကျွေးပါရစေ"
ကောင်လေးက မင်ယွဲ့ကမ်းပေးသည်ကို မြင်သောအခါ စောစောက ပါးနပ်လှသော ပုံစံများ ပျောက်ကွယ်သွားပြီး ရိုးသားဖြူစင်သော အပြုံးဖြင့် "ကျေးဇူးပါ အစ်မ" ဟု ဆိုကာ လက်ခံလိုက်သည်။ မင်ယွဲ့သည် ပြုံးရွှင်စွာဖြင့် ထိုနေရာမှ ထွက်ခွာခဲ့သည်။
အလှတရားနှင့် ဗဟုသုတများ ပြည့်နှက်နေသော နေ့တစ်နေ့ပင် ဖြစ်ပါတော့သည်။
မင်ယွဲ့ ထွက်ခွာသွားပြီးနောက် ဇိမ်ခံကားတစ်စီး ထိုနေရာမှ မောင်းထွက်သွားသည်။
"သူဌေး... မမကြီးက သူဌေးအတွက် အစီအစဉ်ဆွဲထားတဲ့ ကြင်ဖတ်တွေ့ဆုံပွဲ ကို ဒီနေ့မွန်းလွဲပိုင်းမှာ သွားတွေ့စေချင်နေပါတယ်"
ယာဉ်မောင်းအဖြစ် တာဝန်ယူထားသော လက်ထောက်ဖြစ်သူက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ ကားနောက်ခန်းတွင် ထိုင်နေသော အမျိုးသားက သူ့ကို မော့ကြည့်လိုက်သည်။
သူ၏ မျက်ခုံးအစုံမှာ ဓားကဲ့သို့ ထက်မြက်ပြီး မျက်ဝန်းများမှာလည်း ထူးခြားသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။
"သူဌေး... သွားတာ မသွားတာကတော့ သူဌေးသဘောပါ။ ကျွန်တော်က မမကြီးရဲ့ စကားကို ပါးရတာပါ"
လက်ထောက်လင်း အတွက် အထူးလက်ထောက် လုပ်ရသည်မှာ ခက်ခဲလှသော်လည်း လစာကောင်းသဖြင့် သည်းခံနေရခြင်းဖြစ်သည်။
မိုဟန်ကျီ သည် သူ၏ဒူးကို လက်ချောင်းများဖြင့် ခပ်ဖွဖွပုတ်နေရင်း စောစောက အစားအသောက်ပို့သူ မိန်းကလေးကို စိတ်ထဲတွင် မြင်ယောင်နေမိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရဲများ စစ်ဆေးနေစဉ်အတွင်း သူမ၏အမည်ကို သူ ကြားလိုက်မိသည်။ မင်ယွဲ့... 'တိမ်တိုက်ကြားက လင်းလက်နေတဲ့ လမင်း' ဟု အဓိပ္ပာယ်ရသည့် လှပသော အမည်လေးပင်။
"သူဌေး?!"
မိုဟန်ကျီက ဘာမှပြန်မပြောသဖြင့် လက်ထောက်လင်းက သတိပေးလိုက်ရသည်။
"အလုပ်များနေတယ်လို့ပဲ ပြန်ပြောလိုက်ပါ"
ဟုတ်ပေသည်။ သူဌေးမှာ အလုပ်ကြိုးစားလွန်းသူဖြစ်ရာ ချိန်းတွေ့ရန်ပင် အချိန်မရှိသူ ဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားပါက ကုမ္ပဏီရှိ လူတိုင်း သူဌေးကိုရော၊ သူ့ကိုပါ တရားစွဲကြတော့မည်။
မင်ယွဲ့က သူမ၏ လျှပ်စစ်ဆိုင်ကယ်လေးဖြင့် မြို့ထဲသို့ ဆက်လက် မောင်းနှင်လာခဲ့သည်။ ယခုတစ်ခေါက် မှာယူသူမှာ ယန်ကျင်းတက္ကသိုလ် အနီးရှိ လူနေအိမ်ရာတစ်ခု ဖြစ်သည်။
"ဟဲလို... ပါဆယ်ရောက်ပါပြီ"
မင်ယွဲ့ တံခါးခေါက်လိုက်သောအခါ တံခါးလာဖွင့်သူမှာ သူမနှင့် မစိမ်းလှသော ကျိုးရှီယန် နှင့် ကျူးစုစု တို့ ဖြစ်နေသည်။
"ဟော... ဒါ နာမည်ကြီး မင်ယွဲ့ မဟုတ်လား။ နင်က အစားအသောက် လိုက်ပို့နေတာလား"
ကျူးစုစုက လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။ မင်ယွဲ့ကမူ သူမကို ဂရုမစိုက်ဘဲ အစားအသောက်ကိုသာ ကမ်းပေးလိုက်သည်။ သို့သော် ကျူးစုစုက လက်ကို နောက်ပစ်ထားပြီး လက်မခံဘဲ နေလေသည်။
"နင် ငါ့ကို ကောင်းကောင်းမွန်မွန် တောင်းပန်မှဖြစ်မယ်။ မဟုတ်ရင် Rating လျှော့ပစ်မှာ။ Rating လျှော့ခံရရင် ပိုက်ဆံအဖြတ်ခံရတယ်ဆို"
သူမ၏ ရုပ်ဆိုးလှသော အမူအရာမှာ တကယ်ပင် စက်ဆုပ်ဖွယ် ကောင်းလှသည်။
ထိုစဉ် ကျိုးရှီယန်ကလည်း ထွက်လာပြီး "စုစု... မပြီးသေးဘူးလား" ဟု မေးရာမှ မင်ယွဲ့ကို မြင်သွားသည်။
"မင်ယွဲ့... နင် ဘာလို့ အလုပ်မရသေးတာလဲ။ ဒါကြောင့် အစားအသောက် လိုက်ပို့နေတာလား"
"အချိန်ပိုင်း လုပ်တာပါ" ဟု မင်ယွဲ့က
ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။
"နင့်မိသားစုမှာ တစ်ခုခုဖြစ်လို့လား။ ငါတို့ကတော့ ဘွဲ့လွန်တန်း အောင်သွားပြီလေ။ ဒါကြောင့် ကျောင်းနားမှာ အခန်းငှားပြီး အလုပ်လုပ်နေတာ။ စက်တင်ဘာကျရင် ကျောင်းပြန်တက်တော့မယ်" ဟု ကျိုးရှီယန်က ဝင့်ကြွားစွာ ပြောသည်။
"အင်း... ငါလည်း ဘွဲ့လွန်တက်ဖို့ အကြောင်းကြားစာ ရထားပြီးသားပါ"
"ဘာ! နင်က ဘွဲ့လွန်တက်ဦးမလို့လား။
နင် မတက်တော့ဘူးလို့ ပြောထားတယ် မဟုတ်လား"
ကျိုးရှီယန်၏ အပြုံးများ ပျောက်ကွယ်သွားသည်။
မင်ယွဲ့၏ ထူးချွန်သော အမှတ်စာရင်းများကြောင့် ပါမောက္ခက သူမအတွက် နေရာတစ်ခုကို အမြဲအသင့် ချန်ထားပေးခဲ့သည်မှာ အမှန်ပင်။
"အစားအသောက် ပို့ရတာ ပင်ပန်းမှာပဲနော်။
စုစုက နောက်နေတာပါ။ ငါတို့ Rating ကောင်းကောင်း ပေးလိုက်ပါ့မယ်" ဟု ကျိုးရှီယန်က စကားလမ်းကြောင်း လွှဲလိုက်ရသည်။
"ဟွန်း... နင်က ဘွဲ့လွန်ကျောင်းလစာအတွက် အစားအသောက် လိုက်ပို့နေတာလား။ နင့်မိသားစု အခြေအနေနဲ့ဆို အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးသင့်ပြီလေ။ နင်က ဆက်တက်နေဦးမယ်ဆိုတော့ မိဘတွေကပဲ နင့်ကို တစ်သက်လုံး ထောက်ပံ့နေရတော့မှာလား"
ကျူးစုစု၏ စကားများမှာ ဆင်းရဲသော မိသားစုမှ ကလေးများအတွက် ရင်နာစရာ ကောင်းလှသော်လည်း မင်ယွဲ့အတွက်မူ မဟုတ်ပေ။
လက်ရှိ မင်ယွဲ့တွင် ငွေကြေးချို့တဲ့မှု လုံးဝမရှိပေ။
"ငါက နင့်ပိုက်ဆံနဲ့ ကျောင်းတက်နေတာမို့လို့လား"
မင်ယွဲ့၏ ပြတ်သားသော အမေးကြောင့် ကျူးစုစု ဆွံ့အသွားရသည်။
"နင်က ကျောင်းလစာ အခမဲ့ရလို့လား။ ဒါမှမဟုတ် နင့်အမှတ်တွေက ငါ့ထက် ပိုကောင်းနေလို့လား"
မင်ယွဲ့သည် ပြောချင်ရာကို ပြောပြီးသည်နှင့် လှည့်ထွက်ခဲ့တော့သည်။
သို့သော် ခေတ္တအကြာတွင် သူမ၏ အပ်ဖ် ထဲ၌ အမှတ်လျော့သွားသည်ကို တွေ့လိုက်ရသည်။ အကြောင်းပြချက်မှာ 'ပို့ဆောင်သူ၏ အမူအရာ မယဉ်ကျေးခြင်း' ဟူ၍ ဖြစ်သည်။
ထိုအရာကို ကြည့်ရင်း မင်ယွဲ့မှာ ဒေါသထွက်
မည့်အစား ရယ်မောလိုက်ပါတော့သည်။