ရိုးလ်ရွိုက်စ် ဆုလာဘ်
Vol. 6 Ch. 60
ငွေကြေး အထောက်အပံ့ ရရှိပြီးနောက် ဝေကွမ်သည် ချက်ခြင်းပင် ဆေးရုံသို့ အပြေးအလွှား သွားခဲ့သည်။ ကံကောင်းထောက်မစွာပင် သူ၏ ဇနီးသည်မှာ သားဖြစ်သူ၏ အနားတွင်သာ တစ်ချိန်လုံး ရှိနေသဖြင့် ခင်ပွန်းသည်၏ အသက်ဘေးနှင့် နီးကပ်ခဲ့သော ဆုံးဖြတ်ချက်ကို မသိရှိခဲ့ပေ။
ဝေကွမ် အခန်းထဲသို့ ဝင်လာစဉ် ကုတင်ခေါင်းရင်း၌ မှီ၍ ခေတ္တ အနားယူနေသော ဇနီးသည်မှာ မျက်လုံးများ ပွင့်လာသည်။
"ပြန်လာပြီလား... ဒီနေ့ အခြေအနေ ဘယ်လိုလဲဟင်။"
မထွက်ခွာမီက ဝေကွမ်သည် သူငယ်ချင်းတစ်ဦးထံမှ ငွေသွားချေးမည်ဟု ပြောဆိုခဲ့ဖူးသဖြင့် သူမက မျှော်လင့်တကြီး မေးလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် သူမသည် မိသားစု၏ အခြေအနေမှာ လမ်းဆုံးသို့ ရောက်နေပြီဖြစ်ကြောင်း ကောင်းစွာ သိရှိထားပြီးသားပင်။ ခင်ပွန်းဖြစ်သူ ကားထဲတွင် တိတ်တဆိတ် ငိုကြွေးနေသည်ကိုပင် သူမ မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူမ လုပ်နိုင်သည်မှာ ဘာမှမသိသလို ဟန်ဆောင်ကာ "အားလုံး အဆင်ပြေသွားမှာပါ" ဟု မိမိကိုယ်
ကိုယ် အားပေးနေရုံသာ ရှိတော့သည်။
"မိန်းမ... တို့မှာ ပိုက်ဆံရပြီ၊ တို့တွေ လွတ်မြောက်ပြီ။"
ဝေကွမ်၏ အသံမှာ ဝမ်းသာအားရမှုကြောင့် တုန်ရင်နေသည်။ သူသည် စီးပွားရေးလောက၏ တည်ငြိမ်မှုများကို ခဏတာ မေ့လျော့လျက် ကလေးတစ်ယောက်လို ပျော်ရွှင်နေမိသည်။
"ဘာပြောလိုက်တာလဲ..." ဇနီးသည်မှာ နားမကြားရသလို ဖြစ်သွားသည်။
"ငါတို့သားလေး အသက်ချမ်းသာရာ ရပြီ၊ ရှုယွဲ့လေး လွတ်မြောက်ပြီလို့ ပြောတာ။"
သားဖြစ်သူ၏ လက်ကလေးကို ဆုပ်ကိုင်ရင်း သူမ၏ စိတ်ဓာတ် ကာရံထားမှုများ ချက်ချင်း ပြိုလဲကာ ကြာရှည်စွာ ဖိနှိပ်ထားရသော တင်းမာမှုများမှာ မျက်ရည်အဖြစ် အရှိန်အဟုန်
ဖြင့် စီးဆင်းလာတော့သည်။
"မေမေ..." ဝေရှုယွဲ့လေးသည် မိခင်၏ လက်ဆုပ်ကိုင်မှုကို ခံစားမိကာ နိုးလာသည်။ "မေမေ ဘာလို့ ငိုနေတာလဲ။ သားက မေမေ့ကို စိတ်ဆိုးအောင် လုပ်မိလို့လား။"
"မဟုတ်ဘူး သားလေး... မေမေ ပျော်လို့ ငိုတာပါ။" သူမသည် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီးမှ ခင်ပွန်းသည်ကို လှည့်မေးသည်။ "ဘယ်သူက ချေးပေးတာလဲ၊ ဟောင်းစွန်းလား၊ လီလေးလား။"
ဝေကွမ်၏ မျက်လုံးများ မှေးစပြုသွားသည်။ သူ ဒုက္ခရောက်နေချိန်တွင် ထိုသူငယ်ချင်းများမှာ ဖုန်းတောင် မကိုင်ကြတော့ပေ။
"ဘယ်သူလဲဆိုတာ မိန်းမ မသိပါဘူး။ သူက ရင်းနှီးမြှုပ်နှံသူတစ်ယောက်ပဲ။ သူ ဘယ်လောက် ရင်းနှီးမြှုပ်နှံပေးတယ် ထင်လဲ... သန်း ၅၀ တိတိပဲ၊ တစ်ကြိမ်တည်းနဲ့ ထုတ်ပေးလိုက်တာ။" ဝေကွမ်က ဆက်ပြောသည်။ "ပြီးတော့ အဲဒီ မမလေးက တို့မိသားစု အခြေအနေကို သိတော့ ငါ့ကို ကိုယ်ပိုင်ချေးငွေအနေနဲ့ နောက်ထပ် ၁၀ သန်း ထပ်ထုတ်ပေးလိုက်သေးတယ်။"
ထိုစကားကြောင့် ဇနီးသည်မှာ တစ်ဖန် ငိုကြွေးပြန်သည်။ ဝေကွမ်သည် ဇနီးနှင့် သားကို ရင်ခွင်ထဲသို့ ထည့်ကာ ပွေ့ဖက်လိုက်သည်။ ယခုအချိန်မှာတော့ သူ၏ စိတ်အစဉ်မှာ အေးချမ်းလှသော ပင်လယ်ပြင်ကဲ့သို့ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
"အဲဒီ မမလေးက တကယ့်ကို ကြင်နာတတ်တဲ့ နတ်သမီးလေးပဲ ဖြစ်ရမယ်။ နောင်တစ်ချိန်ကျရင် တို့တွေ သူ့ကျေးဇူးကို သေချာ ပြန်ဆပ်ရမယ်နော်။"
【 ဒေါင်... အိမ်ရှင်သည် ဝေကွမ်ကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြင့် အနာဂတ် စီးပွားရေး အင်ပါယာအတွက် အစွမ်းထက်သော ဗိုလ်ချုပ်တစ်ဦးကို ရရှိခဲ့သည်။ အတတ်ပညာ +3၊ လက်ရှိအတတ်ပညာအမှတ် : 45။ အသက်တစ်ချောင်းကို ကယ်တင်ခဲ့သော ကောင်းမှုကုသိုလ်ကြောင့် စနစ်မှ ကျပန်းပိုင်ဆိုင်မှု ဆုလာဘ်တစ်ခု ထုတ်ပေးပါမည်။ 】
မင်ယွဲ့သည် ဆိုဖာပေါ်တွင် ချက်ချင်း ထထိုင်လိုက်သည်။ "ယွမ်ပေါ့ရေ... နင်ကတော့ တကယ့်ကို လူသားထုရဲ့ အလင်းရောင်ပဲ။"
【 ဒေါင်... ချမ်းသားခြင်းစနစ် မှ သင့်အား ရိုးလ်ရွိုက်စ်ဘုတ်တေးအမျိုးအစား ကားတစ်စီး ဆုလာဘ်အဖြစ် ချီးမြှင့်
လိုက်ပါသည်။ 】
မင်ယွဲ့သည် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ "ယွမ်ပေါ့... နင်ကတော့ ငါ့ရဲ့ ကျေးဇူးရှင်ကြီးပါပဲ။"
သူမသည် ထိုကားအမျိုးအစားကို မမြင်ဖူးသော်လည်း ရိုးလ်ရွိုက်စ် အမှတ်တံဆိပ်ဆိုလျှင် အနည်းဆုံး ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိမည်ကို သိထားသည်။ သို့သော် ယွမ်ပေါ့ကမူ သူမ၏ အတွေးကို နှာခေါင်းရှုံ့လိုက်သည်။
【 ယွဲ့ယွဲ့... နင့်ရဲ့ စိတ်ကူးစိတ်သန်းက တကယ်ကို ကျဉ်းမြောင်းလွန်းတာပဲ။ ‘ဘုတ်တေးအမျိုးအစား' ဆိုတာ တစ်ကမ္ဘာလုံးမှာ အနည်းငယ်ပဲ ထုတ်လုပ်တာ။ တန်ဖိုးက ယွမ် သန်း ၁၈၀ ရှိတယ်။ နင်က သန်းဂဏန်းလောက်ပဲ စိတ်ကူးရဲတာလား။ ငါ့ကို ကြည့်စမ်း... ငါက အကြီးကြီး အိပ်မက်မက်ရဲတယ်! 】
ယွမ် သန်း ၁၈၀ တန်တဲ့ ကားတစ်စီး။ မင်ယွဲ့သည် ထိုတန်ဖိုးကို ကြားလိုက်ရသောအခါ အသက်ရှူပင် ရပ်သွားမတတ် ခံစားလိုက်ရသည်။ "ယွမ်ပေါ့... ငါ တကယ် ချစ်တယ်နော်။ ငါ့ရဲ့ ကယ်တင်ရှင်၊ ငါ့ရဲ့ မင်းသားလေး...!"
【 ဒါဆိုရင်တော့ ငါ့ကို 'ဖေဖေ' လို့ပဲ ခေါ်တော့မှာလား ဟမ်။ 】
ယွမ်ပေါ့၏ မာန်တက်နေသော အသံလေးကြောင့် မင်ယွဲ့ ရယ်မောလိုက်မိသည်။ "ဟားဟား... ယွမ်ပေါ့၊ နင်က ယောကျ်ားလေးလား မိန်းကလေးလားတောင် ငါမသိဘဲနဲ့။ ဒါပေမဲ့ နင့်ကို ငါ့ရဲ့ ဖေဖေအဖြစ် သတ်မှတ်လိုက်ပါပြီ။"
【 ဟွန့်...!!! 】
ယွမ်ပေါ့က စိတ်ကောက်ကာ ပျောက်ကွယ်သွားသဖြင့် မင်ယွဲ့က အချိန်အတော်ကြာ ချော့မြူနေရတော့သည်။ ထိုစဉ်မှာပင် ဖုန်းမြည်လာ၏။
"မင်္ဂလာပါ... မမလေးမင်ရှင့်။ မမလေး သီးသန့် အော်ဒါမှာထားတဲ့ ကားလေး ပြီးစီးသွားပါပြီ။ ဘယ်အချိန်လောက် လာယူမလဲရှင့်၊ ဒါမှမဟုတ် ကျွန်မတို့ဘက်က အိမ်အထိ လာပို့ပေးရမလား။"
"အိမ်အထိပဲ လာပို့ပေးလိုက်ပါတော့။ ကျွန်မ အခု အိမ်ရာမှာ ရှိနေပါတယ်။"
မင်ယွဲ့သည် ကျောင်းမဖွင့်သေးသဖြင့် ယုဖု အိမ်ရာ၌သာ နေထိုင်နေခြင်း ဖြစ်သည်။ မနက်ဖြန်တွင် အဖိုးတန်လှသော စူပါကားကြီး ရောက်ရှိလာတော့မည်ဖြစ်ရာ သူမသည် စိတ်လှုပ်ရှားမှုများနှင့်အတူ ညဘက်တွင် အိပ်မက်လှလှလေးများ မက်ရန် ပြင်ဆင်လိုက်တော့သည်။