← Chapters

သတင်းပို့ခြင်း

Vol. 7 Ch. 66

သတင်းပို့ခြင်း

Vol. 7 Ch. 66

ပင်လယ်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်လာပြီးနောက် များမကြာမီမှာပင် သူတို့နှစ်ဦး ပင်လယ်စာစားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့ကြသည်။ ပင်လယ်နှင့်နီးသည့် အရပ်ဖြစ်သဖြင့် လတ်ဆတ်သော ရေထွက်ပစ္စည်းများမှာ အလျှံပယ်ပင်။

စားသောက်ဆိုင်အတွင်း၌လည်း လူစည်ကားလျက်ရှိရာ သူတို့နှစ်ဦးမှာ သင့်တော်ရာ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။

"မမလေးတို့ ဘာသုံးဆောင်မလဲခင်ဗျာ"

စားပွဲထိုးလေးက မီနူးကတ်ကို ကိုင်ဆောင်ကာ ရောက်ရှိလာသည်။ မင်ယွဲ့က ထိုကတ်ကို ဝမ်ကျန်းထံ တိုက်ရိုက်ကမ်းပေးလိုက်ပြီး -

"နင် ကြိုက်တာမှာဟာ၊ ငါ ကျွေးမယ်”

ဟု ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

ဝမ်ကျန်းကို အားမနာရန်လည်း လက်ဟန်ခြေဟန်ဖြင့် ဆိုသေးသည်။ တစ်ချိန်က သူတို့နှစ်ဦး အခြေအတင် ဖြစ်ခဲ့ဖူးသော်လည်း ဝမ်ကျန်းအတွက် ယွမ်သောင်းချီတန်သည့် ဝတ်စုံကိုပင် လက်ဆောင်ဝယ်ပေးခဲ့ဖူးသည့် မင်ယွဲ့အဖို့ ယခုကဲ့သို့ ထမင်းတစ်နပ် ကျွေးမွေးခြင်းမှာ ဝန်မလေးပေ။

အမှန်စင်စစ် မင်ယွဲ့ ဘွဲ့ရခါစ အခက်အခဲကြုံနေရစဉ်က ဝမ်ကျန်း၏ အိမ်၌ ရက်အနည်းငယ်ကြာ တည်းခိုခဲ့ဖူးသည်။ အားနာစိတ်ကြောင့် အပြင်ထွက်နေခဲ့သော်လည်း မည်သူက မိမိအပေါ် စစ်မှန်သော စေတနာထားခဲ့သည်ကို မင်ယွဲ့ ကောင်းစွာ သိရှိနားလည်ထားသည်။

"ဂဏန်းစပ်ချက်ရယ်၊ ငရုတ်ကောင်းဖြူး ပုစွန်ထုပ်ကြော်ရယ်... ယွဲ့ယွဲ့၊ နင်ရော ဘာစားချင်သေးလဲ"

ဝမ်ကျန်းက သူမအကြိုက် ဟင်းလျာနှစ်မျိုးကို မှာယူပြီးနောက် မင်ယွဲ့ထံ မီနူးပြန်ပေးသည်။

မင်ယွဲ့ကလည်း ကမာကင်၊ ငါးမန်းတောင်

ဟင်းရည်နှင့် ကြက်သွန်ဖြူနံ့သင်းသည့် ပုစွန်

အကြီး အမျိုးအစား ဟင်းပွဲ တို့ကို ထပ်မံဖြည့်စွက်ကာ စားပွဲထိုးထံ မှာယူလိုက်သည်။

ပင်လယ်လေညင်း တဖြူးဖြူးအောက်တွင် ပင်လယ်စာနှင့် ဘီယာမှာ လိုက်ဖက်လှသော်လည်း မင်ယွဲ့မှာ ကားမောင်းရမည်ဖြစ်သဖြင့် အရက်သေစာကို ရှောင်ကြဉ်ကာ ကိုလာနှင့် သစ်သီးဖျော်ရည်ကိုသာ မှာယူလိုက်ကြသည်။

"အရသာကတော့ ရှယ်ပဲ!"

ဝမ်ကျန်းက စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ အားရပါးရ စားသောက်တော့သည်။ မင်ယွဲ့ကလည်း ရှေ့ရှိ ပုစွန်ကြီးကို အခွံနွှာကာ မြည်းစမ်းကြည့်လိုက်သည်။ ပုစွန်သားမှာ ကျစ်လျစ်ပြီး အလွန်လတ်ဆတ်ကြောင်း သိသာလှသည်။ ကြက်သွန်ဖြူနံ့က ပါးစပ်အတွင်း သင်းပျံ့သွားသော်လည်း ဟင်းခတ်အမွှေးအကြိုင် အလွန်အကျွံ သုံးထားသဖြင့် ပုစွန်၏ မူလချိုမြိန်မှုကို အနည်းငယ် ဖုံးလွှမ်းသွားသည်ဟု သူမ ခံစားရသည်။

ယခုအခါ မင်ယွဲ့၏ ဟင်းချက်ကျွမ်းကျင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ လျှာပေါ် တင်လိုက်ရုံနှင့် အစားအစာ၏ အားနည်းချက်ကို ချက်ချင်း ဝေဖန်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

စားသောက်ပြီးနောက် ငွေရှင်းသည့်အခါတွင်မူ ဝမ်ကျန်းက မင်ယွဲ့ထက် လက်ဦးကာ ကုဒ်ကို စကင်ဖတ်ပြီး ငွေပေးချေလိုက်သည်။

"ယွဲ့ယွဲ့... နင် ချမ်းသာတာ ငါသိပါတယ်။ ဒါပေမဲ့ ငါက အမြဲတမ်း အခွင့်အရေးယူနေလို့ မဖြစ်ဘူးလေ။ ဒီလောက် ထမင်းတစ်နပ်တော့ ငါ တတ်နိုင်ပါသေးတယ်"

မင်ယွဲ့က ပြုံးလျက်ပင် လက်ခံလိုက်သည်။

ယွမ် (၁၂၀၀) ကျသင့်သည့် ထိုငွေပမာဏမှာ ဝမ်ကျန်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်ကြောင်း သူမ သိသည်။ သူငယ်ချင်းဖြစ်သူကို ပိုမိုကောင်းမွန်သော လူနေမှုဘဝ ရစေချင်သော်လည်း တစ်ဖက်လူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မထိခိုက်စေလိုသည့် စေတနာဖြင့် မင်ယွဲ့က ဝမ်ကျန်းဝယ်ကျွေးတာကို လက်ခံလိုက်ခြင်းဖြစ်သည်။

ထိုညတွင် ဝမ်ကျန်းမှာ မင်ယွဲ့၏ အိမ်မှာအိပ်စက်အနားယူခဲ့သည်။ မင်ယွဲ့ နိုးလာချိန်တွင် ဝမ်ကျန်းမှာ အလုပ်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

တီ... တီ...

စားပွဲပေါ်ရှိ ဖုန်းမြည်သံကြောင့် မင်ယွဲ့ ကိုင်

လိုက်ရာ ဝေကွမ် ဆီမှ ဖြစ်သည်။

"မစ္စမင်... အခု ကုမ္ပဏီက အခြေအနေ တည်ငြိမ်သွားပါပြီ။ သစ္စာမရှိတဲ့ ဝန်ထမ်းတွေကိုလည်း အရေးယူပြီးပြီဆိုတော့ အရာအားလုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ"

ဝေကွမ်အုပ်စု ပြန်လည် ဦးမော့လာခြင်းမှာ စီးပွားရေးလောကအတွက် အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခုပင်။ ယခင်က ဝေကွမ်မှာ ဒေဝါလီခံရလုနီးပါးဖြစ်ပြီး တိုက်ပေါ်မှ ခုန်ချရန်အထိ ကြံစည်ခဲ့ဖူးသော်လည်း ယခုအခါ နတ်ကောင်းမသဖြင့် 'နတ်သမီး ရင်းနှီးမြှုပ်နှံသူ'တစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်

နေသည်။

မင်ယွဲ့မှာ ထိုကုမ္ပဏီ၏ ရှယ်ယာ (၃၀) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်ရာ ဝေကွမ်က သူမအား အနာဂတ် လုပ်ငန်းစဉ်များကို အသေးစိတ် အစီရင်ခံ တင်ပြခဲ့သည်။

နေလယ်ပိုင်းတွင် မင်ယွဲ့သည် မဟာဘွဲ့ တက်ရောက်ရန်အတွက် ယန်ကျင်းတက္ကသိုလ် သို့ ရောက်ရှိလာသည်။ သူမ၏ အော်ဒီ ကားလေးကို ကျောင်းပြင်ပတွင် ရပ်ကာ ကျောင်းဝင်းအတွင်းသို့ ခြေကျင် ဝင်လာခဲ့သည်။

တက္ကသိုလ်ဝင်းအတွင်းရှိ လူငယ်ဆန်သော ပတ်ဝန်းကျင်က သူမ၏ ပထမနှစ် ကျောင်းသားဘဝကို သတိရစေသည်။ ထိုစဉ်က ရထားလက်မှတ်ခ ဈေးကြီးသဖြင့် မိဘများ မလိုက်ပါနိုင်ဘဲ အိတ်အများအပြားကို တစ်ကိုယ်တည်း သယ်ပိုးကာ ကျောင်းတက်ခဲ့ရသည့် အမှတ်တရများမှာ ယခုကဲ့သို့ လက်ဗလာဖြင့် လျှောက်လှမ်းနေသည့် အချိန်နှင့် များစွာ ခြားနားလှသည်။

"ဟယ်လို... ညီမလေးက ကျောင်းလာအပ်တာလား"

စေတနာ့ဝန်ထမ်း ကျောင်းသားလေးတစ်ဦးက မင်ယွဲ့ကို မြင်သောအခါ မျက်နှာလေး ရဲတက်သွားပြီး လာရောက် မေးမြန်းသည်။

မင်ယွဲ့က ပြုံးလျက် -

"မဟုတ်ဘူး မောင်လေး... အစ်မက ဒီမှာ အရင်ကတည်းက ကျောင်းပြီးထားတဲ့ စီနီယာပါ"

"အာ... ဟုတ်ကဲ့... ကျွန်တော်က ညီမလေး အသစ်မှတ်လို့... တောင်းပန်ပါတယ်ခင်ဗျ"

"ရပါတယ်... အစ်မက ဒီနှစ်မှာ မဟာတန်းတက်မှာပါ"

သူမ၏ နုပျိုသော ရုပ်ရည်ကြောင့် ကျောင်းသူသစ်ဟု ထင်မှတ်ခံရခြင်းကို မင်ယွဲ့က သဘောကျမိသည်။

ထိုကျောင်းသားလေးမှာ ရှက်ကိုးရှက်ကန်းဖြင့် ကျန်ရစ်ခဲ့စဉ် မင်ယွဲ့က မဟာတန်း မှတ်ပုံတင်ရာ ဌာနသို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။

မဟာတန်း မှတ်ပုံတင်သည့်နေရာသို့ ရောက်သောအခါ မင်ယွဲ့ တစ်ယောက် မမျှော်လင့်ဘဲ ကျိုးရှီယန် နှင့် ဆုံတွေ့လိုက်ရသည်။ သို့သော် ထူးခြားသည်မှာ ကျိုးရှီယန်၏ ဘေးတွင် အမြဲတစေ အရိပ်ပမာ လိုက်ပါနေတတ်သည့် ကျူးစုစု ကို မတွေ့ရခြင်းပင်။ သူတို့နှစ်ဦးစလုံး အင်တာဗျူး အောင်မြင်ခဲ့ကြသည် မဟုတ်ပါလား။

ကျူးစုစု ဘာလို့ မရှိတာလဲ... ဟု မင်ယွဲ့ စိတ်ထဲမှ သိချင်စိတ် ဖြစ်ပေါ်လာမိသည်။

All Chapters