← Chapters

ငါ့သားရဲသန္ဓေတည်သစ်စေ့ကို စိုက်ရမယ်

Vol. 2 Ch. 119

ငါ့သားရဲသန္ဓေတည်သစ်စေ့ကို စိုက်ရမယ်

Vol. 2 Ch. 119

အနည်းငယ်မျှတိတ်ဆိတ်သွားပြီးနောက် သူကဆုံးဖြတ်ချက်ချလိုက်လေသည်။ " ငါမြောက်ခြမ်းကိုလာတာ လေ့လာဖို့ကွ။ သိုသိုသိပ်သိပ်နေမှရမယ်။"

ထိုသို့ဆုံးဖြတ်ကာ သူက စွန်းဝမ်သူ့ကိုပေးသွားသည့် ကျောက်စိမ်းပေလွှာထဲသို့ စိတ်စွမ်းအင်အချို့ ထည့်သွင်းလိုက်သည်။ ခဏအတွင်းပင် သူ၏အတွေးထဲတွင် အရေအတွက်အားဖြင့် တစ်ထောင်လောက်ရှိသော တောက်ပသည့်အလင်းတန်းများပေါ်ထွက်လာသည်။ ထိုအလင်းတန်းများမှာ ထိုနေရာတွင်ရ်ှိသည့် သားရဲတစ်ကောင်ချင်းစီတိုင်းကို ဖော်ပြနေခြင်းဖြစ်သည်။

" အဲ့တာဆို ငါက ဒီသားရဲတွေကို ထိန်းသိမ်းပေးရမှာပေါ့...." မကြာမီ သူ၏မျက်လုံးများမှာ စတင်တောက်ပလာတော့သည်။ သူ၏ ဝိညာဥ်သတ္တဝါအတွဲငါးတွဲနှင့် ပတ်သတ်သော အသိညာဏ်ကြောင့်လား မြောက်ဘက်ခြမ်းမှ လက်ရွေးစင်များနှင့် တိုက်ခိုက်ခဲ့ရသော ပြိုင်ပွဲများကြောင့်လားတော့မသိ။ သူက ဤနေရာရှိသားရဲများကို အလွန်စိတ်ဝင်စားနေလေသည်။

ကောင်းကင်ပြာကြီးမှာ ညနေခင်းရောက်ပြီဖြစ်၍ ပယင်းယောင်သို့ပြောင်းလဲသွားပြီ ဖြစ်ရာ သူက အပြင်ဘက်သို့ပြေးထွက်သွားလိုက်သည်။ တောထဲမှ သားရဲများ၏ အော်ဟစ်သံများကို ကြားနေရပေသည်။ နွေဦးရာသီရောက်နေသည်ဖြစ်၍ အရာရာတိုင်းမှာ အားအင်အပြည့်နှင့် နိုးနိုးကြားကြား ဖြစ်နေလေသည်။ လေညင်းလေးတစ်ခု တိုက်ခတ်သွားပြီး သူနှင့်အတူ ပန်းမွှေးရနံ့များကိုပါ တစ်ပါတည်း ခေါ်ဆောင်လာလေသည်။ ကျောက်စိမ်းပေလွှာကို အသုံးပြုကာ ပိုင်ရှောင်ချန်းက တောထဲသို့ဝင်၍ သားရဲများကို ဝင်ရောက်စူးစမ်းနေတော့သည်။

“ စိန်မျက်ခုံး သားရဲဟ။"

“ ရေပွားနဂါး ပါလား။ သူတို့ရဲ့ ကလီစာတွေကို အဆင့်လေးစိတ်စွမ်းအင်ဆေးတွေရဲ့ အခြေခံအဖြစ်သုံးလို့ရတယ်ကွ။"

"အဲ့ကောင်က.... တိမ်မြူ မြွေပါလားဟ။ အဲ့ကောင်တွေက သွက်ရုံတင်မကဘူး သူတို့ရဲ့ အမွေးတွေကို မှော်ကာကွယ်ရေးပစ္စည်းတွေအဖြစ် ပြောင်းလဲနိုင်တယ်။" ဘေးဘီဝဲယာသို့ကြည့်လေလေ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားလာလေလေဖြစ်သည်။ ဝိညာဥ်သတ္တဝါ အတွဲငါးတွဲထဲတွင်သာ လေ့လာခဲ့ရသော တိရစ္ဆာန်များကို ပြင်ပလောကတွင် သူမြင်ခွင့်ရနေပြီဖြစ်သည်။ ရုပ်ပုံထဲကနှင့်ယှဥ်လိုက်ပါက အပြင်ဘက်တွင် မြင်ရသည်မှာ လုံးဝတခြားဆီပင်။ သူ၏ ဝိညာဥ်အတွဲငါးတွဲနှင့်ပတ်သတ်သော ကျွမ်းကျင်မှုမှာ ပိုပို၍ပင် တိုးပွားလာလေသည်။

ခြောက်မီတာခန့်မြင့်သော မျောက်ကြီးတစ်ကောင်၊ ပတ်ဝန်းကျင်အတိုင်း လိုက်၍အရောင်ပြောင်းနိုင်သည့် ဝက်ဝံတစ်ကောင်၊ အတောင်ပံပေါက်နေသော ကြောက်မက်ဖွယ်ကျားတစ်ကောင် နှင့် သူ့ရှေ့တွင်ဖြတ်ပြေးသွားသော မီတာသုံးဆယ်ရှည်သည့် ပင်ဂွင်း တစ်ကောင်ကိုပင် သူမြင်ခဲ့ရလေသည်။

ထိုသားရဲများမှာ အရိုင်းသဘာဝရှိသဖြင့် သူ့ကို ရန်လိုသောအမူအရာဖြင့်သာ ဆက်ဆံကြလေသည်။ သို့သော်လည်း သူ၏ကျောက်စိမ်းပေလွှာမှ ထွက်နေသော အခိုးအငွေ့ကို အာရုံခံမိကြသောအခါ သူ့ကို ဂရုပင်မစိုက်ကြတော့ချေ။

ပိုင်ရှောင်ချန်းကမူ ထိုသားရဲအားလုံးကို စိတ်လှုပ်တရှား ပတ်ကြည့်နေတော့သည်။ မကြာမီတွင် မည်မျှပင်ကြမ်းတမ်းသော သားရဲဖြစ်ပါစေ ကျောက်စိမ်းပေလွှာသည် ထိုတိရစ္ဆာန်များက သူ့ကိုဂရုမစိုက်အောင် လုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအခါ သူက ထိုသားရဲများကို စ၍ချဥ်းကပ်လေတော့သည်။ သို့သော်လည်း သူနီးလာသောအခါ သားရဲများက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လည်တုံ့ပြန်ကြလေသည်။

အနည်းငယ်တွေးတောပြီးသောအခါ သူက အလျင်မလိုရန် ဆုံးဖြတ်လိုက်သည်။ ညရောက်လာသောအခါ သူက ဂုဏ်ထူးဆောင်အစောင့်အရှောက် အဆောက်အဦသို့ ပြန်သွားတော့သည်။

နောက်နေ့ အရုဏ်ဦးတွင် သူက စောစော ထလိုက်သည်။ ထို့နောက် ကျောက်စိမ်းပေလွှာကို လမ်းညွှန်တစ်ခုအဖြစ်သုံးကာ တောထဲတွင် ဟိုဟိုသည်သည် ပျံဝဲကာ တိရစ္ဆာန်များကို လေ့လာကြည့်ရှုနေတော့သည်။ အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး မကြာမီတွင် မြောက်ပိုင်းတွင် ပိုင်ရှောင်ချန်း ရောက်နေသည်မှာ လဝက်တိတိ ပြည့်သွားတော့သည်။

ထိုအတောအတွင်းတွင် သူက သားရဲမွေးမြူရေးခြံအနီးမှ တစ်ခါမျှ မထွက်ခွာပဲနေသဖြင့် အခြား ဂိုဏ်းသားများမှာ သူ့ကို ဘယ်လောက်ပင်ရှာချင်ပါသော်ငြားလည်း ရှာမရဖြစ်နေတော့သည်။

ထိုလဝက်မှာ ပိုင်ရှောင်ချန်းအတွက် ကျေနပ်ဖွယ်အချိန်များ ဖြစ်နေလေသည်။နေ့စဥ်နေ့တိုင်း သူက စိတ်လှုပ်တရှားဖြင့် ဝိညာဥ်သတ္တဝါအတွဲငါးတွဲထဲတွင်ပါသော တိရစ္ဆာန်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာနေခဲ့သည်။ သူ့ဆေးဖော်စပ်ရာတွင် လစ်ဟင်းနေသော အချက်များကိုပါ သူက သဘောပေါက် နားလည်လာလေတော့သည်။

" အရင်တုံးက ငါက အပင်နဲ့အသီးအရွက်တွေကိုပဲ အာရုံစိုက်နေတာကိုး။ ဝိညာဥ်သတ္တဝါတစ်ကောင်ရဲ့ ပစ္စည်းတွေကို သုံးဖို့ စဥ်းတောင်မစဥ်းစားမိဘူး။ အဲ့ပစ္စည်းတွေကို ထည့်ရင် ဆေးပုံစံတွေကို အမျိုးမျိုး ထပ်ပြီးပြောင်းလို့ရနိုင်တာပဲကွ။ အဲ့တာကိုမှ အပြန်အလှန် ကြီးထွားစေခြင်းနဲ့ ဖိနှိပ်ခြင်း အတတ်နဲ့သာပေါင်းလိုက်လို့ကတော့ ငါ့ရဲ့ဆေးဖော်စပ်တဲ့ ပညာက အရင်ကထက် အများကြီးကောင်းလာတော့မှာပဲ " ထိုသို့တွေးတောကာ တောတစ်ခွင်တွင် သူက စိတ်လှုပ်ရှားစွာပျံသန်းနေရင်း ကျားပျံတစ်ကောင် မြေကြီးပေါ်တွင် ဟောဟဲစိုက်ကာ လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ ၎င်း၏ခြေတစ်ချောင်းမှာ အမဲလိုက်စဥ်တုံးက ဒဏ်ရာရထားဟန်တူပြီး သွေးများယိုနေလေသည်။

ပိုင်ရှောင်ချန်းက ထိုကျားအနားကို ပြေးသွားသောအခါ ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက သူ့လက်ကို ထိုကျား၏ ကျောပေါ်သို့တင်လိုက်ကာ ၎င်းလှုပ်ရှားချင်လျှင်တောင်မှ လှုပ်မရအောင် လုပ်လိုက်လေသည်။ သူ၏ အပြင်အားမှာ ထိုကျားပျံနှင့်ယှဥ်လျှင်ပင် ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားလှသည် မဟုတ်ပါလော။

" မလှုပ်နဲ့။ ငါမင်းကို ဒဏ်ရာကုပေးမယ်။" ပိုင်ရှောင်ချန်းက ဒဏ်ရာကို အလျင်အမြန် သန့်စင်ကာ ဆေးမှုန့်အနည်းငယ် လိမ်းပေးလိုက်လေသည်။ အဆုံးတွင် သူက ကျားကို လွှတ်ပေးလိုက်လေသည်။

ထိုအခါ ၎င်းက လေထဲသို့ ပျံတက်ကာ ပိုင်ရှောင်ချန်းကို ကြည့်၍ ဟိန်းဟောက်လိုက်သည်။ ခဏကြာသောအခါ ၎င်းက ဒဏ်ရာရနေသောခြေထောက်ကို အံ့အားသင့်စွာ ကြည့်လိုက်တော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းကို နောက်ဆုံးတစ်ခေါက်ထပ်ကြည့်ပြီးနောက် အဝေးသို့ ပျံထွက်သွားတော့သည်။

ပိုင်ရှောင်ချန်းကမူပြုံးကာ ထိုကျားပျံ ထွက်သွားသည်ကို ကြည့်နေတော့သည်။

သားရဲများကို လေ့လာကြည့်ရှုပြီးနောက် သူက သူ၏နေအိမ်သို့ ပြန်သွားလေသည်။ အထက် ကောင်းကင်ယံမှာ မည်းမှောင်စပြုလာပြီဖြစ်သည်။ သူက မတ်တတ်ရပ်ကာ သူ၏ထည့်စရာအိတ်ထဲမှ သစ်သားသေတ္တာတစ်လုံးကို ထုတ်လိုက်လေသည်။

ထိုသေတ္တာကို ဖွင့်ပြီး နှလုံးခုန်သံတစ်ခုအလား ခုန်လားနေသော အသက်ဓာတ်များနှင့် တဒုတ်ဒုတ်ခုန်နေသည့် လက်သီးဆုပ်အရွယ် အစေ့တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအစေ့အထဲတွင် တွန့်လိမ်တွန့်လိမ်ဖြစ်နေသော အရာတစ်ခုကိုပင် မြင်နိုင်ပေသည်။

" သားရဲသန္ဓေတည်သစ်စေ့..." သူက တောက်ပနေသော မျက်လုံးအစုံဖြင့် ရေရွတ်လိုက်လေသည်။ ထိုသစ်စေ့ကို လောချိန်မျိုးနွယ်စု သစ္စာဖောက်တုံးက သူရရှိခဲ့ခြင်းဖြစ်သည်။ လောချိန်မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်၏ ထည့်စရာအိတ်ထဲမှ ထိုသစ်စေ့ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ထိုသစ်စေ့မှာ ဒဏ္ဍာရီလာပစ္စည်းတစ်ခု ဖြစ်လေသည်။

ထိုပုန်ကန်မှုပြီးသည့် နောက်နှစ်များတွင် ပိုင်ရှောင်ချန်းမှာ ထိုသစ်စေ့နှင့်ပတ်သတ်၍ စူးစမ်းလေ့လာမှုအချို့လုပ်ခဲ့ပြီး ဝိညာဥ်သတ္တဝါအတွဲငါးတွဲမှနေ၍ သားရဲတစ်ကောင်သို့မဟုတ် တစ်ကောင်ထက်ပိုသောသားရဲများဆီမှ အနှစ်သာရများကို ထိုသစ်စေ့က စုပ်ယူနိုင်ပါက ထိုသားရဲများ၏ သားဆက်တစ်ကောင်ကို မွေးဖွားနိုင်မည်ဖြစ်ကြောင်း သိရှိခဲ့လေသည်။

တောင်ဘက်ခြမ်းတွင် ရှိခဲ့စဥ်က ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်ပိုင်သားရဲတစ်ကောင်ရရှိရန် တွေးတောခဲ့ဖူးသော်လည်း လိုအပ်ချက်များစွာ ရှိခဲ့လေသည်။ သို့သော် ယခုတွင် မြောက်ခြမ်းသို့ရောက်လာပြီဖြစ်သဖြင့် သူ့တွင် မျှော်လင့်ချက်များ ရှိလာပြီ ဖြစ်သည်။

" သားရဲသန္ဓေတည်သစ်စေ့က သားရဲပေါက်စလေးတစ်ကောင်ကို မွေးဖွားပေးနိုင်တယ်ကွ။ ဒါပေမဲ့ ငါလို ဂုဏ်ထူးဆောင်ဂိုဏ်းသားနဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေး ဆိုတဲ့ဘွဲ့ပိုင်ရှင်အတွက်ဆိုရင် ပုံမှန် သားရဲတစ်ကောင်ဆို ဘယ်သင့်တော်ပါ့မလဲ။ ဒီသားရဲသန္ဓေတည်သစ်စေ့ကို သေချာဂရုစိုက်ဖို့လိုတယ်။ အဲ့သစ်စေ့ကနေ အပင်ပေါက်ပြီးရင် စွမ်းအားအကြီးဆုံး သားရဲတွေဆီက အဆီအနှစ်တွေလိုက်စုမယ်။ အဲ့တာဆို သားရဲတွေအကုန်လုံးရဲ့ စွမ်းအားအကြီးဆုံးအရာတွေပိုင်တဲ့ သားရဲတစ်ကောင်ကို မွေးထုတ်ပေးနိုင်မှာပဲ။ အဲ့သားရဲက ရှေးခေတ်တွေတုံးက မရှိခဲ့ဖူးတဲ့ အနာဂတ်မှာလည်း ဘယ်သူမှ ထပ်မမြင်နိုင်မယ့် အဆုံးမဲ့ သားရဲဖြစ်စေရမယ်ကွ။" တောက်ပနေသော မျက်လုံးများဖြင့် သူက စိတ်တက်ကြွစွာ ရေရွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ထိုသစ်သားသေတ္တာကို ဂုဏ်ထူးစောင်အစောင့်အရှောက်အဆောက်အဦ၏ နောက်ဘက် မြေကွက်လပ်သို့ ယူသွားလေသည်။

ထိုနေရာတွင် ယခင်ကထဲက စိတ်စွမ်းအင်အပင်များစိုက်ပျိုးနိုင်သည့် ဥယျာဥ်ငယ်လေးတစ်ခုကို တည်ဆောက်ထားပြီးဖြစ်သည်။ ထို့အပြင် ၎င်းမှာ ဂုဏ်ထူးဆောင်အစောင့်အရှောက် အဆောက်အဦ၏ အကာအကွယ် မန္တန်အစီအရင် အောက်တွင်ရှိလေသည်။ သူက စိတ်ချရအောင် မြေဆီလွှာကို စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း သုံးဆင့်ပင် လုပ်ထားသည်။

သူက သားရဲသန္ဓေတည်သစ်စေ့ကို မြေကြီးထဲတွင် ဂရုတစိုက် မြှုပ်လိုက်ပြီးနောက် မျက်လုံးများမှာ မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပလာတော့သည်။

" ဝိညာဥ်သတ္တဝါအတွဲငါးတွဲမှာပါတဲ့ အချက်အလက်တွေအရ သားရဲသန္ဓေတည်သစ်စေ့ ပေါက်လာဖို့ သိပ်ကြာမှာမဟုတ်ဘူး။" သူက ညရောက်လာသည်အထိ ဥယျာဥ်ထဲတွင်နေကာ သစ်စေ့စိုက်ခဲ့သောနေရာကို ကြည့်နေလေသည်။ မှောင်လာသောအခါမှ သူကထွက်ခွာသွားလေသည်။ အနည်းငယ်ကြာသောအခါ သူက ပြန်ရောက်လာပြန်သည်။ မန္တန်အစီအရင်၏ အကာအကွယ်များ အစီအစဥ်တကျဖြစ်နေကြောင်း သေချာမှသာ သူက အတွင်းသို့ ပြန်ဝင်သွားတော့သည်။

ထိုညတွင် သူက ကောင်းကောင်းအိပ်မပျော်နိုင်ပဲ သစ်စေ့စိုက်ထားသော နေရာသို့ ခဏခဏသွား၍ ကြည့်ကြည့်နေမိတော့သည်။

နောက်လဝက်ကြာမှသာ သူ၏ စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်ကြီးနေမှုများကို ထိန်းချုပ်နိုင်လိုက်ကာ သားရဲများကို သေသေချာချာပြန်၍ လေ့လာကြည့်ရှုနိုင်လေသည်။ ထိုအရာများမှလွဲ၍ သူက နေ့စဥ်အလုပ်များကိုလုပ်ကာ ဂိုဏ်းစည်းကမ်းများကိုသာ လေ့လာနေတော့သည်။

တစ်ခါတစ်ရံတွင်မူမြောက်ခြမ်းဂိုဏ်းသားများက သားရဲမွေးမြူရေးခြံသို့ ရောက်ရောက်လာကြသည်။ သူတို့က ကျောက်တိုင်တွင် စွမ်းဆောင်မှုရမှတ် အချိို့ပေးကာ သားရဲများကို လာကြည့်ပြီး ကိုယ်ပိုင်သားရဲများအဖြစ် ပေါင်းစည်းနိုင်ရန် လာရောက်ကြခြင်းဖြစ်သည်။

သို့သော်လည်း ပိုင်ရှောင်ချန်းကမူ နောက်ဘက်ရှိ မြေကွက်လပ်ကိုမူ မည်သူ့ကိုမှ အဝင်မခံပေ။ သူက မန္တန်အစီအရင်၏ အချို့နေရာများကိုပင် အနည်းငယ် ပြောင်းလဲမှုများလုပ်ကာ ဥယျာဥ်ထဲကို မည်သူမှခြေဝင်မနင်းစေရန် ပြုလုပ်ထားလေသည်။

နှစ်ဝက်ဆိုသည့်အချိန်မှာ အေးအေးလူလူပင် ကုန်ဆုံးသွားလေသည်။

ထိုအတောအတွင်းတွင် ပိုင်ရှောင်ချန်းက သားရဲမွေးမြူရေးခြံ အပြင်ဘက်သို့ တစ်လှမ်းမှ မထွက်ပေ။ သူကတောထဲတွင် တစ်နေကုန်နေကာ သားရဲများကို အဖော်ပြုနေလေသည်။ အချို့သားရဲများ၏ ဒဏ်ရာများကို ကုသပေးကာ သူတို့၏ချီနှင့်သွေးကို ကျန်းကျန်းမာမာလည်ပတ်စေနိုင်မည့် ရိုးရှင်းသောဆေးလုံးများကိုပင် ဖန်တီးပေးထါးလေသည်။

ပိုင်ရှောင်ချန်း၏ မပြတ်လပ်သော ဂရုစိုက်မှုများနှင့် ဆေးလုံးများကြောင့် သားရဲများမှာ မကြာမီ သူ့ကို ခင်မင်သွားကြတော့သည်။ သူတို့က ပိုင်ရှောင်ချန်းကို ပို၍လက်ခံလာသောအခါ ချဥ်းကပ်ရသည်မှာပိုလွယ်လာပြီး အသေးစိတ်လေ့လာခွင့်များ ရလေသည်။ သူက မည်သည့်သားရဲနှင့်မှ မချိတ်ဆက်သော်လည်း သူတို့မှာ ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်သားရဲများအလား ဖြစ်လာပြီး သူပြောသမျှ စကားအားလုံးကို နားထောင်လာလေသည်။

တစ်ရက်တွင် သူက တောထဲတွင် လမ်းလျှောက်နေရင်း ဂုဏ်ထူးဆောင်အစောင့်အရှောက် အဆောက်အဦ၏ အပြင်ဘက်ရှိ ကျောက်တိုင်ကြီးဆီသို့ မြောက်ခြမ်းဂိုဏ်းသားသုံးယောက် ချဥ်းကပ်လာသည်။ သားရဲကာကွယ်စောင့်ရှောက်ရေးရုံး အတွင်းတွင် သုံးရက်တာ နေထိုင်ခွင့်ကို ဝယ်ယူပြီးနောက် သူတို့က တောထဲသို့ ဝင်လာလေသည်။

သူတို့ထဲက တစ်ယောက်မှာ ပိုင်ရှောင်ချန်းကို လွန်ခဲ့သောနှစ်ဝက်ခန့်က တာဝန်လွှဲပေးခဲ့သည့် ဂုဏ်ထူးဆောင်အစောင့်ဟောင်း ဖြစ်သည့် အတွင်းစည်းဂိုဏ်းသား စွန်းဝမ်ဖြစ်သည်။

သူ၏ဘေးတွင် အပြင်စည်းဂိုဏ်းသားနှစ်ယောက်ဖြစ်သော အမျိုးသားနှင့် အမျိုးသမီးတစ်ယောက် ပါလေသည်။ အမျိုးသားမှာ အရပ်ပုပြီး ကလေးငယ်တစ်ယောက်၏ မျက်နှာနှင့်ဖြစ်ကာ အမျိုးသမီးမှာ ငယ်ရွယ်ပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းကာ လှပသောမျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။

ထိုမိန်းမငယ်က ဘေးဘီဝဲယာကို စိတ်လှုပ်တရှား လှည့်ပတ်ကြည့်နေသည်။

" ကျေးဇူးပါ ဂိုဏ်းတူအစ်ကိုစွန်းရယ်။ အစ်ကိုဒီမှာရှိတယ်ဆို ညီမ ကိုယ်ပိုင်သားရဲရွေးရတာ ပိုအားရှိသွားတာပေါ့။" သူမက စွန်းဝမ်ကို လေးစားသော အမူအရာဖြင့် ကြည့်ကာ နားဝင်ချိုသော လေသံဖြင့် ပြောလိုက်လေသည်။

" ဟုတ်တယ်ဗျ။ ဂိုဏ်းတူအစ်ကိုစွန်းက အတွင်းစည်းဂိုဏ်းသားတစ်ယောက်၊ ပြီးတော့ သားရဲမွေးမြူရေးခြံမှာ ဂုဏ်ထူးဆောင်အစောင့်အဖြစ် နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့တာ။ ဒီက သားရဲတွေကို ထိန်းချုပ်တဲ့နေရမှာ သူက ကျွမ်းကျင်နေပြီလေ။ သားရဲအကုန်လုံး သူ့ကို မှတ်မိမယ်ဆိုတာ သေချာပေါက်ပြောရဲတယ်။"

" ညီလေး ညီမလေးတို့က မြှောက်နေပြန်ပြီဗျာ။" စွန်းဝမ်က ထိုသို့ဆိုသော်လည်း ကျေနပ်နေသည့် အမူအရာမှာ ပေါ်လွင်နေသည်။

" ငါ ဒီမှာရှိတဲ့ သားရဲအများကြီးကို အမိန့်ပေးနိုင်တယ်ဆိုတာတော့ မှန်တယ်။ မင်းတို့သဘောကျတဲ့ သားရဲတွေ့ရင်ပြောလေ။ အစ်ကို တစ်ခုခုကူညီပေးနိုင်လား ကြည့်ပေးမယ်။ မင်းတို့အတွက် သက်သာတာပေါ့။"

" ဒါပေမဲ့မှတ်ထားနော်။ ဒီမှာ ဒေါသအလွန်ကြီးတဲ့ သားရဲ ဆယ်ကောင်ရှိတယ်။ ဥပမာဆို ကောင်းကင်မီးလျှံ ဝက်ဝံ၊ ညမင်းသားလူဝံ၊ အနီရောင်ကျားပျံနဲ့ သူတို့ထဲက အဆိုးဆုံးဖြစ်တဲ့ ထျယ်ကျာရှန်းအကောင် တို့ပေါ့ကွာ။ တစ်ခါတစ်ခါဆို အကာအကွယ်နဲ့လာတဲ့လူတွေတောင် သေချာဂရုစိုက်ရတယ်။ ဘယ်သားရဲကိုမှရန်မစမိစေနဲ့။" သူက ထိုသို့ပြောရင်း အမျိုးသမီးဂိုဏ်းသားကိုကြည့်ကာ နှလုံးမီးအနည်းငယ်တောက်လာသော်လည်း ကျိတ်၍ပင် သက်ပြင်းချလိုက်သည်။

ဤ သားရဲမွေးမြူရေးခြံ တွင်အလုပ်ရပါက ခေါင်းပုံဖြတ်နိုင်သော အကျိုးအမြတ်များစွာရှိလေသည်။ လူတိုင်းနှင့်သင့်တော်သော သားရဲများကို ကျောက်စိမ်းပေလွှာ သုံးကာ ကူရှာဖွေပေးနိုင်ပြီး ချိတ်ဆက်သည့်နေရာတွင်ပင် လွယ်ကူစေရန် လုပ်ပေးနိုင်ပေသည်။

သူ့ဆန္ဒအတိုင်းဆိုပါက သူက ဤအလုပ်မှထွက်ခဲ့မည်မဟုတ်။ သို့သော်လည်း ဂိုဏ်းက သူ့ကိုမဖြစ်မနေပိုင်ရှောင်ချန်းကိုတာဝန်လွှဲပေးရမည်ဟု အမိန့်ပေးသဖြင့် သူ့မှာ မုန်းမုန်းတီးတီးနှင့် လွှဲပေးလိုက်ခြင်းဖြစ်သည်။ ထိုအကြောင်းများကို ပြန်တွေးရင်း သူက အခြားဂိုဏ်းသားနှစ်ယောက်ကို တောထဲသို့ ဦးဆောင်ခေါ်သွားကာ မကြာခင် သားရဲအနည်းငယ်ကို တွေ့မြင်ပြီးဖြစ်သည်။ သားရဲအများစုမှာ စွန်းဝမ်ကိုမှတ်မိကြသဖြင့် သူခေါ်လျှင် ရောက်လာကြလေသည်။

" ဒီ ကီဝီရောင် သမင်ဆိုရင်ရော ဘယ်လိုလဲ။"

" အဲ့ တိမ်ပျံကြွက်ဆိုရင်ရော။ အဲ့ကောင်က ဒီမှာရှိတဲ့သားရဲတွေထဲမှာ ထိပ်ဆုံးခြောက်ရာအဆင့်ထဲ ဝင်တယ်နော်။ လိုချင်လား။"

" မင်းတို့နှစ်ယောက်တော့ ပွတာပဲဟေ့။ ဒီ ဓားသွားမြင်းလေးက ထိပ်ဆုံးသုံးရာအဆင့်ထဲမှာပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငါစစမြင်ချင်းတုံးကဆို သူက ဒီလောက်တောင် မကြီးသေးဘူး။"

" အီးးးး အဲ့တာကတော့ မီးလျှံကချေသည် လိပ်ပြာလေ။ ဟားဟား။ သူက ထိပ်ဆုံးသုံးရာအဆင့်ထဲပါပြီး ထင်ယောင်ထင်မှာဖြစ်စေတဲ့ မှော်အတတ် သုံးနိုင်တယ်ကွ။ ဒီကောင်ကိုလိုချင်လား။"

သူတို့က လမ်းတစ်လျှောက်လုံး စွန်းဝမ်ကို ထိုင်ကန်တော့မတတ် လေးစားနေကြတော့သည်။ ထိုအနီးတစ်ဝိုက်ရှိ သားရဲအများစုမှာ သူ့ကိုမြင်လျှင် သူနှင့်ချိတ်ဆက်ခံဖို့စောင့်နေသည့်အလား လုပ်နေသည့်အရာများကို ရပ်လိုက်ကြသည်သာ ဖြစ်သည်။ အမျိုးသားဂိုဏ်းသားမှာမူ စိတ်လှုပ်ရှားစွာနှင့် ဓားသွားမြင်းလေးကို ရွေးချယ်လိုက်သည်။ သို့သော်လည်း အမျိုးသမီးဂိုဏ်းသားကမူ တွန့်ဆုတ်တွန့်ဆုတ်လုပ်ကာ မီးလျှံကချေသည် လိပ်ပြာကို စွန့်ခွာလိုက်လေသည်။ ထို့နောက် စွန်းဝမ်ဖက်သို့လှည့်ကာ ပို၍ကောင်းသော သားရဲတစ်ကောင် ရရန် မျှော်လင့်နေတော့သည်။

" ဂိုဏ်းတူအစ်ကိုစွန်း။ ထိပ်ဆုံးနှစ်ရာအဆင့်ထဲပါတဲ့ သားရဲတွေ မရှိဘူးလားရှင့်။" သူမက အရည်လဲ့နေသော မျက်ဝန်းအစုံဖြင့် ချွဲချွဲပြစ်ပြစ် မေးလိုက်လေသည်။

" အမြင့်ကြီး သိပ်မမှန်းနဲ့ညီမရေ။ ထိပ်ဆုံးနှစ်ရာအဆင့်ထဲပါတဲ့ သားရဲတွေက ယဥ်ပါးအောင်လုပ်ဖို့ အလွန်ခက်တယ်။ အစ်ကိုဒီမှာ ဂုဏ်ထူးဆောင်အစောင့်အဖြစ် နှစ်ပေါင်းများစွာလုပ်လာတာတောင်မှ သူတို့ကို အောင်အောင်မြင်မြင် အမိန့်မပေးနိုင်ခဲ့ဘူး။ အသစ်ရောက်လာတဲ့ အစောင့်ဆို အစ်ကို့ရဲ့ သုံးပုံတစ်ပုံတောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ လောင်းရဲတယ်။ ဒီဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ချီစုစည်းမှုအဆင့်ဂိုဏ်းသားတစ်ယောက်က အဲ့လိုမျိုး သားရဲကို ယဥ်ပါးအောင် လုပ်နိုင်မှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက်လည်း ကိုယ်ထိန်းချုပ်ဖို့ကြံမဲ့ သားရဲကို သေချာရွေးကြ။ အန္တရာယ်များတယ်ကွ။ မင်းတို့...." သူ၏ စကားပင်မဆုံးသေး မိန်းမငယ်လေး၏ မျက်လုံးများမှာ ပြူးသွားပြီး အနီးအနားရှိ ကျောက်ဆောင်ဆီသို့ လက်ညိုးထိုးပြလိုက်လေသည်။

" ဂိုဏ်းတူအစ်ကိုစွန်းရေ။ မြန်မြန်။ အဲ့ဘက်ကို ကြည့်လိုက်အုံး။ ကျားပျံတစ်ကောင်ကြီး။" စွန်းဝန်က သူမနှင့်အတူရှိနေသဖြင့် စိတ်ပူစရာမလိုဟုယူဆကာ သူမကာ မန္တန်လက်ကွက်တစ်ခုကို မပြောမဆိုနှင့် ကောက်ဖော်လိုက်လေသည်။ ချက်ချင်းပင် မြောက်ခြမ်း၏ နတ်ဘုရားအစွမ်းများထွက်လာပြီး ကျားပျံဆီသို့ ပြေးသွားတော့သည်။

စွန်းဝမ်ကလှည့်ကြည့်လိုက်သောအခါ သူတို့သုံးယောက်ကို အေးစက်စက်ကြည့်နေသည့် ကျောက်ဆောင်တစ်ခုပေါ်တွင်ထိုင်နေသော အတောင်ပံနှင့် ကျားတစ်ကောင်ကို မြင်လိုက်လေသည်။

" အနီရောင်ကျားပျံပဲ။ သောက်ကျိုးနည်းပြီဟ။ အဲ့ကောင်က ပုံမှန်ဆို ဒီနေရာ မလာတတ်ပါဘူး။ ထိပ်ဆုံးဆယ်ကောင်ထဲက တစ်ကောင်ပဲသူက။" သူက မျက်လုံးပြူးကြီးများဖြင့် ကြည့်နေတုံး အမျိုးသမီးဂိုဏ်းသားက နတ်ဘုရားအစွမ်းများကို ထိုကျားအပေါ်သုံးနေသည်ကို သိလိုက်ရ၍ သူ့မှာ ရင်တုန်သွားတော့သည်။ ထို အပြင်စည်းဂိုဏ်းသားနှစ်ယောက်ကို ဆွဲရင်း သူက အရှိန်ကုန် နောက်ဆုတ်လိုက်လေသည်။ သူက သိမ်မွေ့သော သားရဲများသာရှိသည့်နေရာသို့သာ ထိုအပြင်စည်းဂိုဏ်းသားနှစ်ယောက်ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းက သားရဲများ၏ အရိုင်းသဘာဝကို မပျောက်ပျက်စေလိုသဖြင့် သားရဲမွေးမြူ ရေးခြံမှာ အလွန်အန္တရာယ်များသောနေရာတစ်ခုပင် ဖြစ်သည်။ အထူးသဖြင့် အပြင်စည်းဂိုဏ်းသားများအတွက် ပို၍ပင်ဆိုးလေသည်။ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ယောက်၏ ကြီးကြပ်မှုပါမှသာ သူတို့ဝင်ရဲကြခြင်းဖြစ်သည်။

ထိုကျားပျံမှာ ခုန်ထလိုက်ပြီး မိုးခြိမ်းသံအလား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နတ်ဆရာစွမ်းအင်များမှာ သူ့ကိုလာရိုက်ခတ်သောအခါ ထိုစွမ်းအားမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။သို့သော်လည်း ထိုကျား၏ မျက်လုံးများက နီရဲသွားပြီး ထိုသုံးယောက်အုပ်စုဆီသို့ ပြေးလိုက်လေတော့သည်။

" အခြေအနေမကောင်းတော့ဘူး " စွန်းဝမ်မှာ တုန်လှုပ်စွာဖြင့် ကျားက လေပေါ်သို့ခုတ်တက်ကာ ချီစုစည်းမှုအဆင့်ကိုးနှင့်ညီမျှသော စွမ်းအားများကို အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်လိုက်သည့် မြင်ကွင်းကို ကြည့်သာကြည့်နေနိုင်တော့သည်။ အပြင်စည်းဂိုဏ်းသားနှစ်ယောက်မှာ တုန်လှုပ်နေကြပြီး ကြောက်ရွံ့နေကာ အသားများပင်တုန်ရီနေတော့သည်။ စွန်းဝမ်က အံကြိတ်ရင်း ကျောက်စိမ်းပေလွှာ တစ်ခုကိုထုတ်ကာ အကူအညီတောင်းရန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ အံအားသင့်နေသော အသံတစ်သံ ပေါ်ထွက်လာသည်။

" အီးးးး ကျားလေးရာ….ဘာလို့ အရမ်းဆိုးနေရတာတုံး။ ငြိမ်ငြိမ်နေစမ်း ကောင်လေး။"

All Chapters