← Chapters

အခန်း (၁၀၃၁)

Vol. 71 Ch. 1031

အခန်း (၁၀၃၁)

Vol. 71 Ch. 1031

ဝေ့သုန်းဟိုင်၏မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်သည် ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားပေ၏။

စီနီယာရီသည် လန်ရှင်းမှဧည့်သည်တော်သုံးဦးနှင့်အတူ လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ယခုအချိန်ဆိုလျှင် မိုင်သန်းပေါင်းများစွာ ဝေးကွာသောနေရာသို့ ရောက်ရှိနေလောက်လေပြီ။ ထိုသို့မဟုတ်ပါက သူသည် ယွင်ရှင်းနယ်မြေ၏ တခြားတစ်ဖက်ခြမ်းသို့ပင် ရောက်နေပြီးဖြစ်ပေမည်။

သို့ရာတွင် ယခုချိန်၌ သူသည် ရွာထဲတွင် ရောက်နေသလော....

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း...

ဝေ့သုန်းဟိုင်ထံတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးတစ်စုံသည် ကြေးခေါင်းလောင်းကြီးများအလား ပြူးကျယ်နေတော့သည်။

သူသည် သူ၏မျက်လုံးများကို အလျင်အမြန် ပွတ်သပ်လိုက်၏။

သူ ထပ်မံ၍ ကြည့်လိုက်ချိန်တွင် ရီဖုန်းသည် တံခါးပေါက်၏ရှေ့တွင် မတ်တတ်ရပ်နေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။

ရုတ်ချည်းဆိုသလိုပင် ဝေ့သုန်းဟိုင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။

မိုင်သန်းပေါင်းများစွာ ဝေးကွာသော အရပ်မှ ဤမျှထိ လွယ်ကူသက်သာစွာ ပြန်လာနိုင်ပြီး တည်ငြိမ်အေးဆေးသော အမူအယာရှိနေခြင်းမှာ သူသည် သူ၏စွမ်းအားအပြည့်အဝကိုပင် ထုတ်မသုံးခဲ့ကြောင်း ပြသနေခြင်းပင်။

ထိုကဲ့သို့ ကျင့်ကြံဆင့်နှင့်ကိုယ်ဖော့ပညာတို့သည် သာမန်အသိဥာဏ်ထက် ကျော်လွန်နေပြီး ကြောက်မက်ဖွယ်ကောင်းသည်။

ယွင်ရှင်းနယ်မြေ တစ်ခုလုံးတွင်ပင် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

စီနီယာရီဖုန်း၏ ကျင့်ကြံဆင့်နယ်ပယ်သည် ဖြစ်နိုင်သည်မှာ...

ဟူး....

ထိုအတွေး သူ၏ခေါင်းထဲသို့ ဝင်လာသည်နှင့် ဝေ့သုန်းဟိုင် ဆွံ့အသွားသည်။

အမှန်တကယ်သာ ထိုသို့ဖြစ်နေခဲ့လျှင်.....

စီနီယာရီဖုန်းကို သိကျွမ်းခွင့်ရခြင်းသည် ကံကောင်းခြင်းသက်သက်မျှသာ မဟုတ်တော့ဘဲ ကြီးမားသော ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုတုန်လှုပ်ဖွယ်ရာ အမှန်တရားကို ခန့်မှန်းမိလိုက်သည်နှင့် ဝေ့သုန်းဟိုင်၏ ဦးနှောက်က ဗလာဟင်းလင်း ဖြစ်သွားပြီး ခြံဝင်းထဲသို့ အသည်းအသန် ပြန်ပြေးဝင်ကာ အော်ဟစ်လိုက်တော့သည်။

"စီနီယာအစ်ကို.... စီနီယာအစ်ကို...."

"စီနီယာရီ....စီနီယာရီ ပြန်ရောက်လာပြီ.... ကျွန်တော် တကယ် မြင်ခဲ့တာ"

သူ၏ကျင့်ကြံဆင့် များစွာတိုးတက်လာပြီး အဆင့်မြင့်သူတော်စင်တစ်ပါး ဖြစ်လာခဲ့သော်လည်း ဝေ့သုန်းဟိုင်သည် သူ၏ဂုဏ်ပုဒ်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူသည် ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်အလား ခြံဝင်းထဲသို့ တိုးဝင်ကာ စကားကိုပင် ရှေ့နောက်မညီအောင် အော်ဟစ်နေသည်။

ကံကောင်းစွာဖြင့် ကျူးဝူရသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာကာ အနားယူနေချိန်ဖြစ်နေသည်။ ထိုသို့မဟုတ်ပါက ထိုအော်ဟစ်သံကြောင့် ကျင့်ကြံခြင်းလမ်းစဉ်များ လွဲချော်ကာ ဒုက္ခရောက်သွားနိုင်သည်။

ရုတ်တရက် ဆူညံသံကို ကြားလိုက်ရသဖြင့် သူ အပြင်သို့ထွက်ကြည့်လိုက်ရာ သူ၏ဂျူနီယာညီလေးသည် အလွန်အံ့အားသင့်ထိတ်လန့်နေပုံ ပေါက်နေပြီး သူတော်စင်တစ်ပါး၏ အမူအယာလုံးဝမရှိဘဲ စကားများကို ဗလုံးဗထွေးဖြင့် ပေါက်ကရများ ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။

ကျူးဝူရသည် ပို၍ကြည့်မိလေလေ ပို၍စိတ်ပျက်လေလေဖြစ်ကာ မျက်နှာထားတင်းတင်းဖြင့် ဆူပူကြိမ်းမောင်းလိုက်တော့သည်။

"ပေါက်ကရတွေ"

"မင်းကို ငါ ဘယ်နှခါ ပြောရမလဲ....မင်းရဲ့ကျင့်ကြံဆင့်က အများကြီး တိုးတက်လာပြီဆိုတော့ မင်းရဲ့အမူအယာနဲ့ တည်ငြိမ်မှုကလည်း တိုးတက်လာသင့်တယ်....ဒါက ဘယ်လိုအပြုအမူမျိုးကို လုပ်နေတာလဲ.... ကိစ္စသေးသေးလေးကို ပုံကြီးချဲ့နေတယ်"

သူ၏စီနီယာအစ်ကိုက သူ့ကို မယုံကြည်သည်အား မြင်တွေ့ချိန်၌ ဝေ့သုန်းဟိုင်သည် အလွန်စိုးရိမ်မိသဖြင့် မျက်ရည်များပင် ဝဲလာသည်။

"စီနီယာအစ်ကို"

"ကျွန်တော်....ကျွန်တော်က စီနီယာရီဖုန်းကို တကယ်ကြီး မြင်ခဲ့တာ....သူက အခု ဖုနန်ထျန်းရဲ့ တံခါးရှေ့တည့်တည့်မှာ ရှိနေတာ.... မယုံရင် ကျွန်တော်နဲ့အတူတူ လိုက်ပြီး အရိုအသေပြုပါလား"

ကျူးဝူရသည် သံသယဝင်နေသော်လည်း ဝေ့သုန်းဟိုင်၏စိုးရိမ်ပူပန်မှုကို ကြည့်ပြီး သဘောတူလိုက်သည်။

"ကောင်းပြီလေ..ငါ မင်းနဲ့အတူ လိုက်ကြည့်ပေးမယ်"

ထိုအဘိုးအိုနှစ်ဦးသည် ခြံဝင်းတံခါးမှ အလျင်အမြန်ထွက်ခွာပြီး ဖုနန်ထျန်း၏ ခြံဝင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။

ထိုအချိန်မှာပင် အလင်းတန်းတစ်တန်းသည် ရွာထဲမှနေ၍ ဝှစ်ခနဲ ပျံသန်းထွက်ခွာသွားသည်။

အဘိုးအိုနှစ်ဦး အလျင်အမြန် ရောက်ရှိလာကြသော်လည်း တံခါးဝသို့ရောက်ချိန်၌ အရာအားလုံးက ပုံမှန်အတိုင်းသာ ရှိနေသည်။

လူတစ်ယောက်ကိုမျှ မတွေ့ရသည့်အပြင် ခြံဝန်းတံခါးမကြီးသည်လည်း တင်းကျပ်စွာ ပိတ်ထားပေ၏။

ကျူးဝူရ၏မျက်နှာသည် ပို၍မည်းမှောင်သွားပြီး ဝေ့သုန်းဟိုင်ကိုလှည့်ကြည့်ကာ မေးခွန်းထုတ်လိုက်တော့သည်။

"သူ ဘယ်မှာလဲ"

"စီနီယာရီ ပြန်ရောက်နေပြီဆို...ဘာလို့ ဒီမှာ ဘယ်သူမှ မရှိတာလဲ"

ဝေ့သုန်းဟိုင်သည် ကြောင်အမ်းအမ်းဖြစ်သွားပြီး ဟိုဟိုဒီဒီ အကြိမ်ကြိမ် ပြန်ကြည့်ကာ ပတ်ဝန်းကျင်ကို ထပ်ခါတလဲလဲ ရှာဖွေလိုက်သည်။ သို့ရာတွင် သူသည် မည်သူ့ကိုမျှ မတွေ့ရချေ။ အမှန်တကယ်ကို မည်သူမျှ ပြန်မလာခဲ့သည့်အလားပင်။

သို့ရာတွင် သူ အစောပိုင်းက မြင်ခဲ့သည်ကို ပြန်လည်အမှတ်ရသွားပြီး အခိုင်အမာ ပြောဆိုလိုက်သည်။

"ဒါက....."

"ဒါပေမဲ့ ကျွန်တော် ခုဏက စီနီယာရီဖုန်းကို တကယ်ကြီး မြင်ခဲ့တာ...သူ သူက ဒီနေရာမှာ မတ်တတ်ရပ်နေခဲ့တယ်"

ထိုသို့ပြောဆိုရင်း ဝေ့သုန်းဟိုင်သည် တံခါးဝသို့ လျှောက်လမ်းသွားပြီး မြေပြင်ကိုပင် လက်ညှိုးထိုးပြလေသည်။

သူ၏ပုံစံသည် တည်ကြည်လေးနက်နေပြီး နစ်နာနေပုံနှင့်မကျေမနပ်ဖြစ်နေပုံ ပေါက်နေသဖြင့် အမှန်တရား ဖြစ်နေသယောင် ထင်ရလေ၏။

သူ၏ဂျူနီယာညီလေးက စိုးရိမ်တကြီး ကာကွယ်ပြောဆိုနေသည်ကို ကြည့်ရင်း ကျူးဝူရက သက်ပြင်းချလိုက်မိတော့သည်။

"ဟူး"

"ဂျူနီယာညီလေး...မင်းက ရိုးသားပြီးတော့ စီနီယာရီကို စိတ်နှလုံးသားအပြည့်နဲ့ ကျေးဇူးဆပ်ချင်တယ်ဆိုတာ ငါ သိတယ်.....ဒါပေမဲ့ အရင်က လူတွေအများကြီးရှိနေပြီးတော့ လန်ရှင်းကဧည့်သည်တွေလည်း ရှိနေတော့ စီနီယာရီဖုန်းရဲ့ ကိစ္စတွေကို ငါတို့ ပေါ့ပေါ့ဆဆ ထုတ်ပြောလို့ မရခဲ့ဘူး....ငါတို့က သိုသိုသိပ်သိပ်နဲ့ပဲ ကျေးဇူးဆပ်နိုင်ခဲ့ကြတယ်"

"ဒီရက်ပိုင်းမှာ မင်း စိတ်တွေအရမ်းလှုပ်ရှားနေပြီးတော့ စီနီယာရီကို မြင်တယ်လို့ ထင်နေတာပဲ ဖြစ်မှာပါ.... ဒါက အာရုံမှားတာပဲ"

ဤစကားလုံးများတွင် စေတနာပါသော်လည်း ဝေ့သုန်းဟိုင်သည် ပို၍ပင်နစ်နာသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက ငတုံးငအ မဟုတ်ချေ။ စကားကို မည်သို့ပြောဆိုရမည် မည်သည့်အရာအား လုပ်ဆောင်ရမည်ကို သူ ကောင်းစွာသိရှိထားသည်။ ကျေးဇူးတရားကို သူ မည်သို့ပြန်ဆပ်ရမည်ကို လမ်းညွှန်ပြသရန်အတွက် သူ၏စီနီယာအစ်ကိုကို လိုအပ်ပါသလော။ အာရုံမှားသည်ဟု ပြောဆိုလိုက်ခြင်းက ဝေ့သုန်းဟိုင်၏မျက်နှာအိုကြီးကို နီမြန်းသွားစေသည်။

အဘိုးအိုဝေ့သည် အံ့တင်းတင်းကြိတ်ပြီး ဒေါသကို မထိန်းနိုင်တော့ဘဲ ခွန်းတုံ့ပြန်လိုက်တော့သည်။

"စီနီယာအစ်ကို"

"ခင်ဗျား ပြောနေတာက ဘယ်လိုသဘောလဲ...ကျွန်တော်ကလည်း အဆင့်မြင့် သူတော်စင်တစ်ပါးပဲလေ... ဘာလို့ ကျွန်တော့်ကို ဘာမှနားမလည်တဲ့ လူတစ်ယောက်လို မြင်နေရတာလဲ.... ကျွန်တော်က လူသစ်လေးတစ်ယောက် မဟုတ်တော့ဘူး....သူတော်စင်တစ်ပါးက ဘယ်လိုလုပ်ပြီး အာရုံမှားနိုင်မှာလဲ.....တောက်...."

ကျူးဝူရသည် ထိုတုံ့ပြန်မှုကြောင့် ကြောင်အသွားပြီးနောက် သရော်တော်တော်ပြုံးလိုက်သည်။

"ဟဲ ဟဲ..."

"မင်းက ငယ်ပါသေးတယ်....

"

"သူတော်စင်ဖြစ်တော့ရော ဘာဖြစ်လဲ.... သူတော်စင်တွေဆိုတာလည်း လူသားတွေကနေ ကျင့်ကြံလာကြတာပဲ..... စကားပုံတောင် ရှိသေးတယ်လေ.....နေ့ဘက်တွေးတာတွေ ညဘက် အိပ်မက်မက်တယ်တဲ့.... မင်း နေ့တိုင်း စီနီယာရီဖုန်းအကြောင်း တွေးနေတာကို ငါ နားလည်ပေးနိုင်တယ်..... ဒါပေမဲ့ မင်းက အရမ်းစိုးရိမ်လွန်ပြီး အာရုံမှားတာတွေ ဖြစ်လာတာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲလေ"

ဝေ့သုန်းဟိုင်သည် ထိုစကားကြောင့် ဇဝေဇဝါဖြစ်သွားပြီး မသိစိတ်ဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။

"မဖြစ်နိုင်ဘူး..... ကျွန်တော် စီနီယာရီဖုန်းကို တကယ်ကြီး မြင်ခဲ့တာ....."

သို့ရာတွင် သူ မော့ကြည့်လိုက်သောအချိန်၌ ပတ်ဝန်းကျင်တွင် မည်သူမျှ ရှိမနေတော့ချေ။

တိတ်ဆိတ်ငြိမ်သက်နေသော ရွာလေးထဲတွင် သူနှင့်သူ၏စီနီယာအစ်ကိုတို့သာ စောစောစီးစီး ပြန်ရောက်နေသကဲ့သို့ ဖြစ်နေပြီး အမှန်တရားကို ငြင်းဆန်၍ မရနိုင်ပေ။

ဝေ့သုန်းဟိုင်သည် သူ့ကိုယ်သူ သံသယဝင်လာပြီး ငေးငိုင်သွားတော့သည်။

သူ၏ဂျူနီယာညီလေးသည် ယောင်ချာချာဖြစ်နေသေးသည်ကို မြင်တွေ့မိသသဖြင့် ကျူးဝူရက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဒီရက်ပိုင်း ပုံစံတစ်မျိုး ဖြစ်နေတယ်.... ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း စီနီယာရီကို တွေ့တယ်လို့ ပြောခဲ့တယ်....သူ့အတွက် အဖိုးတန်ပစ္စည်းတွေ ချန်ထားခဲ့တုန်းကလည်း မင်းက သခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေခဲ့တယ်... မင်း ပူးကပ်ခံနေရတာလား"

"မင်း စုပ်ယူထားတဲ့ မဟာတာအိုစွမ်းအားတွေမှာ ပြဿနာရှိနေပြီးတော့ ကျင့်ကြံခြင်းလမ်းစဉ်က လွဲချော်သွားတာများလား"

လက်ဆောင်ပေးပြီး တိတ်တဆိတ် ပြိုင်ဆိုင်နေသည့်ကိစ္စ ပေါ်ပေါက်တော့မည့်အခြေအနေကို မြင်လိုက်ရသဖြင့် ဝေ့သုန်းဟိုင်က အလျင်အမြန် ငြင်းခုံလိုက်တော့သည်။

"ဘယ်သူ... ဘယ်သူက ကျင့်ကြံခြင်းလမ်းစဉ်ကို လွဲချော်နေလို့လဲ"

"ခင်ဗျားကမှ ကျင့်ကြံခြင်းလမ်းစဉ် လွဲချော်နေတဲ့သူ....တောက် ...ကျွန်တော်က စီနီယာရီဖုန်းကို သတိရပြီး သူ့ရဲ့ကျေးဇူးကို အမြန်ဆုံး ပြန်ဆပ်ချင်နေရုံပဲ..ခင်ဗျားက ကျွန်တော့်ကို ဆရာလုပ်နေပေမဲ့ ခင်ဗျားလည်း စီနီယာရီအကြောင်း တွေးနေတာပဲ မဟုတ်လား"

"ကျွန်တော် မသိဘူးလို့ မထင်နဲ့.....ခင်ဗျား အရင်က နှစ်ပေါင်းများစွာ မြတ်နိုးလာတဲ့ ရတနာသေတ္တာကိုတောင် ထုတ်ထားတယ်လေ.... သူပြန်လာရင် ကျွန်တော့်ထက် သာအောင်လို့ ခင်ဗျားက လက်ဆောင်တွေ ပိုပေးဖို့ ကြံစည်နေတာမလား"

ရုတ်တရက် ညှာတာမှုမရှိသော တုံ့ပြန်မှုကြောင့် ကျူးဝူရသည်လည်း ဒေါသထွက်လာပေ၏။

"ဂျူနီယာညီလေး....မင်းက လူကြီးလူကောင်းတစ်ယောက်ကို မင်းရဲ့ သေးနုပ်တဲ့ စံနှုန်းတွေနဲ့ တိုင်းတာနေတာပဲ"

"ငါက မင်းထက်သာအောင်လုပ်ဖို့ ဘာလို့ တွေးတောနေမှာလဲ...ငါက မင်းရဲ့ စီနီယာအစ်ကိုလေ.... ငါက ဘယ်လိုလုပ်ပြီး အဲ့ဒီလိုလူမျိုး ဖြစ်ရမှာလဲ....မင်းရဲ့စကားတွေက တကယ့်ကို စိတ်ပျက်စရာကောင်းလိုက်တာ"

စကားအနည်းငယ် ပြောပြီးသည်နှင့် ထိုသွေးသောက်ညီအစ်ကိုနှစ်ယောက်သည် အဆုံးမရှိငြင်းခုံကာ ရန်ဖြစ်ကြတော့သည်။

အချိန်တခဏအတွင်းမှာပင် စီနီယာအစ်ကို ဟူသော အခေါ်အဝေါ်သည် ခွေးကောင်စုတ် ဟူ၍ ပြောင်းလဲသွားပြီး ရွာထဲတွင် ဖရိုဖရဲ ဖြစ်နေပေ၏

...

အဆုံးမဲ့ကျယ်ဝန်းသော အနက်ရောင်နယ်မြေ၌....

ပျံသန်းရေးလှေသည် အနက်ရောင်မြူခိုးများထဲသို့ ဆက်လက်၍တိုးဝင်သွားပြီး အရှိန်အနည်းငယ်ခန့် လျော့ကျသွားသည်။

လူငယ်တစ်ဦးသည် မျက်လုံးဖွင့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် သဘောမကျသည့်အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"အဲ့ဒီကောင်လေးက ပျံသန်းရေးလှေပေါ်ကနေ တိတ်တဆိတ် ထွက်သွားတယ်..... သူက တကယ်ကို သေလမ်းရှာနေတာပဲ အရေးကြီးကိစ္စတွေ ကြန့်ကြာမသွားအောင် ကျွန်တော် သွားရှာလိုက်ရမလား"

သူ၏ရှေ့တွင် ပလ္လင်ခွေထိုင်နေသော အမျိုးသမီးက မျက်လုံးစုံမှိတ်ထားကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ကိစ္စမရှိဘူး....."

"ဒီနေရာက အနက်ရောင်မြူခိုးတွေက အရမ်းထူထပ်သိပ်သည်းတယ်.... သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် သူ ဝေးဝေးမရောက်နိုင်ဘူး"

"တကယ်လို့ သူသာ ရူးမနေဘူး သေချင်နေတာ မဟုတ်ဘူးဆိုရင် မကြာခင်မှာ သူ့အလိုလို ပြန်ရောက်လာလိမ့်မယ်"

ထိုလူငယ်က ရိုသေလေးစားစွာ ဦးညွှတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေသည်။

"သခင်မရဲ့အမြင်က တကယ့်ကို နက်နဲသိမ်မွေ့တယ်"

"ဒီနေရာက အနက်ရောင်နယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်း ဖြစ်နေပြီ.... နေရာတိုင်းမှာ ထူထပ်သိပ်သည်းတဲ့ အနက်ရောင်မြူခိုးတွေ ဝိုင်းရံထားတယ်.... ဒီနေရာမှာရှိနေတာက သိသာထင်ရှားတဲ့ သက်ရောက်မှုရှိပြီးတော့ ကျွန်တော်တောင် ဖိအားတော်တော်များများကို ခံစားနေရတယ်"

"အဲ့ဒီကောင်လေးက ခြေလှမ်းတစ်ဝက်သူတော်စင် အဆင့်ပဲရှိတာ... သူသေချာပေါက် အဝေးကြီးကို လျှောက်သွားရဲမှာ မဟုတ်ဘူး"

တခြားလူတစ်ယောက်ကလည်း ဝင်ရောက်ပြောလိုက်ပြီး သူ၏မျက်လုံးများထဲတွင် မာန်မာနများ ရှိနေသည်။

"ဟုတ်တယ်... သူသာ ငါတို့ဆီကနေ ဝေးဝေးထွက်သွားရဲရင် သူက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ.... ဒီလူရဲ့ ကျင့်ကြံဆင့်က နိမ့်ပါးပေမဲ့ သူ အဲ့ဒီလောက်တော့ မတုံးအလောက်ပါဘူး"

သူတို့သုံးဦးသည် စကားအနည်းငယ် ပြောဆိုပြီးနောက် ဆက်လက်၍ မျက်လုံးစုံမှိတ်ကာ အနားယူနေကြသည်။

မျှော်လင့်ထားသည့်အတိုင်း အသက်ရှူချိန်အနည်းငယ်အတွင်း ရီဖုန်းသည် ပျံသန်းရေးလှေ၏ အစွန်းဘက်တွင် ပြန်ပေါ်လာသည်။ အခြေအနေသည် ခန့်မှန်းထားသည့်အတိုင်းဖြစ်နေသဖြင့် ထိုလူသုံးဦးသည် သူ့ကို ဂရုစိုက်ရန် စိတ်မဝင်စားကြတော့ချေ။

သူတို့၏စိတ်ထဲတွင် ကျင့်ကြံဆင့်နိမ့်ပါးသော ရီဖုန်းသည် အာရုံစိုက်လောက်သည့် တန်ဖိုးမရှိဘဲ အရာအားလုံးက သူတို့၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟုသာ ယူဆထားကြ၏။

All Chapters