← Chapters

အခန်း (၁၀၃၇)

Vol. 71 Ch. 1037

အခန်း (၁၀၃၇)

Vol. 71 Ch. 1037

"ဟူး....."

လန်ရှင်းမှ လူငယ်သည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး လုံးလုံးလျားလျား အံ့အားသင့်သွားသည်။ သူ၏ဘဝတလျှောက်လုံးတွင် ဤကဲ့သို့အရာမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး မကြားဖူးခဲ့ချေ။

သူ၏ရှေ့ရှိ နတ်ဆိုးအလောင်းသည် အသက်မဲ့နေပြီဖြစ်သော်လည်း ကျန်ရှိနေသော အရှိန်အဝါသည် မယုံကြည်နိုင်လောက်အောင် သန်မာနေဆဲဖြစ်ကာ သေချာပေါက် သာမန်အဆင့်မဟုတ်ပေ။ အကယ်၍ သူသာ ဤနတ်ဆိုးနှင့် ကြုံတွေ့ခဲ့ရပါက အချီပေါင်းများစွာ တိုက်ခိုက်ရပေလိမ့်မည်။

ထိုမျှထိ စွမ်းအားကြီးမားသော နတ်ဆိုးတစ်ကောင်ကို ဤမျှထိ လွယ်ကူစွာ သတ်ဖြတ်ပြီး စွန့်ပစ်ထားသည်ကို သူ မယုံကြည်နိုင်ဖြစ်နေသည်။

ဤသည်မှာ ကြက်ကလေးတစ်ကောင်ကို သတ်လိုက်သည်ထက်ပင် ပို၍လွယ်ကူနေပုံရသည်။

ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပေ၏။

ထိုအရိပ်မည်းကြီးသည် မည်သူ ဖြစ်သနည်း....

ရှေးဟောင်းအစစ်အမှန်နဂါး ဖြစ်နေသလော.....

လူငယ်လေး၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများထဲရှိ ကြီးမားသော ပုံရိပ်ကို သတိကြီးစွာထား၍ စိုက်ကြည့်နေမိသည်။

ချင်းယင်နှင့်လူလတ်ပိုင်းကြီးတို့သည် အနည်းငယ် တည်ငြိမ်နေသော်လည်း တည်ကြည်လေးနက်သော အမူအယာများ ရှိနေကြသည်။ သူတို့သည် သူတို့၏လက်သီးများကို အင်္ကျီလက်များအတွင်း၌ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပြီး သူတို့၏ခန္ဓာကိုယ်များသည် ဖိအားများဖြင့် လွှမ်းခြုံခံထားရပေ၏။

နောက်ဆုံးတွင် ကျယ်လောင်သော တုန်ခါသံကြီးတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဘုန်း"

ထိုအသံသည် ယခုချိန်၌ ပို၍ပီပြင်ရှင်းလင်းလာပြီး မြေပြင်၏တုန်ခါမှုသည် သူတို့၏ခြေဖဝါးများမှတဆင့် ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။

မိုးကောင်းကင်ယံပေါ်ရှိ ကြီးမားသော ပုံရိပ်ကြီးသည် ထပ်မံ၍ လူးလွန့်လိုက်ရာ နောက်ထပ် နတ်ဆိုးအလောင်းကြီးတစ်လောင်း အဝေးသို့ လွင့်စင်သွားသည်။

ထိုကြီးမားသော ပုံရိပ်ကြီး လှုပ်ရှားလိုက်သည်နှင့် ပို၍ကြီးမားသော အရိပ်မည်းကြီးတစ်ခုသည် မူလနေရာဖြစ်သော အနက်ရောင်မြူခိုးများထဲမှ စတင်ထွက်ပေါ်လာသည်။ ထိုအရာသည် မိုးထိအောင် မြင့်မားသော တောင်တန်းကြီးတစ်ခုအလား မိုးကောင်းကင်ယံကို ဖုံးလွှမ်းသွားပေ၏။

ထို ပုံရိပ်ယောင်ကို မြင်လိုက်ရုံဖြင့် သူတို့သုံးယောက်သား ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

မကြုံစဖူး ဖိနှိပ်ချုပ်ကိုင်နိုင်မှုတစ်ရပ်က သူတို့ကို လွှမ်းမိုးသွားပြီး သူတို့၏စိတ်များကို အဆုံးစွန်ဆုံးထိ မွန်းကြပ်သွားစေသည်။

"ဘုန်း....."

ကြီးမားသော အသံကြီးသည် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည်။ သူတို့၏ ခြေထောက်အောက်ရှိ မြေကြီးသည် ရေလှိုင်းများကဲ့သို့ လှုပ်ခါနေသည်ဟု ခံစားမိပေ၏။

သူတို့ရှေ့ရှိ အနက်ရောင်မြူခိုးများထဲမှ ကျွန်းတစ်ကျွန်းမျှ အရွယ်အစားရှိသော ကြီးမားသည့် သတ္တဝါကြီးတစ်ကောင်သည် လျှောက်လှမ်းထွက်လာပြီး သူတို့၏မြင်ကွင်းထဲသို့ အပြည့်အဝ ဝင်ရောက်လာသည်။

ကောင်းကင်နဂါးတစ်ကောင်ကဲ့သို့ ပျံဝဲနေသော ထိုအရိပ်မည်းကြီးက အမှန်အားဖြင့် လျှာတစ်ချောင်း ဖြစ်နေသလော....

ဤသည်မှာ ပေထောင်နှင့်ချီ၍ ရှည်လျားသော လျှာတစ်ချောင်းပင်။

ယခုအချိန်တွင် ထိုလျှာကြီးသည် နတ်ဆိုးတစ်ကောင်ကို ရစ်ပတ်ထားပြီး မိုးကောင်းကင်ကို ဖုံးလွှမ်းထားသော ပါးစပ်ပေါက်ကြီးထဲသို့ ပို့ဆောင်လိုက်သည်။

"ဂျွတ်....."

ကျောချမ်းဖွယ်ကောင်းသော အသံတစ်သံ ပဲ့တင်ထပ်သွားပြီး ပေပေါင်းများစွာ မြင့်မားသော နတ်ဆိုးသည် တစ်ကောင်လုံး ဝါးမျိုခြင်းခံလိုက်ရသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ထိုနတ်ဆိုးကို ပါးစပ်ပေါက်ကြီးထဲမှ ပြန်ထွေးထုတ်လိုက်၏။

ကြေမွှနေသော အလောင်းကြီးနှင့် ခြေလက်များသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာပြီး နောက်ထပ် တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ ထိုနတ်ဆိုးသည် ကြီးမားသော အရွယ်အစား ရှိသော်လည်း ထိုကြီးမားသော အရိပ်ကြီး၏ ရှေ့တွင် အလွန်သေးငယ်နေပြီး သွားကြားညပ်ရုံလောက်ပင် မရှိချေ။

ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသဖြင့် လူလတ်ပိုင်းကြီး အလွန်ထိတ်လန့်သွားသည်။

လူငယ်၏မျက်နှာသည်လည်း ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူက တုန်ရီနေသောအသံဖြင့် အသံပေးပို့လိုက်သည်။

"အဲ့ဒီအရိပ်မည်းကြီးက.... ဖား....ဖားပြုတ်ကြီးလား"

မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော ချင်းယင်၏မျက်နှာသည်ပင် သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏နူးညံ့သော လက်များကို အင်္ကျီလက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားလေ၏။

ထိုကောင်းကင်ဖုံးလွှမ်းဖားပြုတ်ကြီး၏ ရှေ့တွင် နတ်ဆိုးများပင်လျှင် အလွန်သေးငယ်နေသည်။ သူတို့သုံးယောက်၏ပုံရိပ်များသည် ထိုဖားပြုတ်ကြီး၏ရှေ့တွင် သဲမှုန်များသာ ဖြစ်ပြီး သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့်ထိတ်လန့်တုန်လှုပ်မှုများက အပြည့်အဝ နေရာယူထားသည်။

ချင်းယင်သည် ကြောင်ငေးကြည့်နေပြီး သူမ၏ အရှိန်အဝါကို အနည်းငယ်မျှပင် ထုတ်ဖော်ပြသရဲခြင်း မရှိချေ။

သူတို့သုံးယောက်သား ကျောက်တုံးကြီးတစ်တုံး၏အနောက်တွင် ပုန်းအောင်းရင်း မော့ကြည့်နေကြသည်။

ကြောက်မက်ဖွယ် ဖားပြုတ်ကြီးသည် ရှေ့သို့ ဆက်လက်၍ ရွေ့လျားနေပြီး မြေပြင်ကို တုန်ခါသွားစေသော နောက်ထပ်ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်သည်။

"ဘုန်း..."

ပေတစ်ထောင်ခန့်ရှည်လျားသော လျှာကြီးသည် မြေပြင်ကို ရစ်ပတ်လိုက်ရာ နတ်ဆိုးအမြောက်အများ ပါသွားပြီး သူတို့အားလုံးကို ကြီးမားသော ပါးစပ်ပေါက်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ကောင်းကင်နှင့်မြေပြင်အနှံ့အပြား၌ ကျောချမ်းဖွယ် ဝါးစားသံကြီးဖြင့် ပဲ့တင်ထပ်သွားတော့သည်။

"ဂျွတ်...ဂျွတ်..."

ပြတ်တောက်နေသော ခြေလက်များနှင့် လက်မောင်းများသည် ကြီးမားသော ပါးစပ်ပေါက်ထဲမှ ပြန်ထွက်လာပြီး ကြယ်ပျံများကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ဒါက...

ဒါက...

လူငယ်သည် ဆွံ့အနေပြီး သူ၏ခြေထောက်များပင် ပျော့ခွေစပြုနေလေပြီ။

သူ၏ဘဝတွင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ စိတ်ကူးမယဉ်ရဲခဲ့ချေ။ နတ်ဆိုးများသည် အောက်တန်းအကျဆုံး အစားအစာများအလား လွယ်လင့်တကူ သတ်ဖြတ်ခြင်းခံနေရပြီး စိတ်ကြိုက်စားသုံးခြင်း ခံနေရသည်။

ဖားပြုတ်ကြီး၏ ပြုမူနေပုံမှာ ဖရဲစေ့ ဝါးနေသကဲ့သို့ လွယ်ကူသက်သာနေသည်။

ဤသည်မှာ မည်သည့် သတ္တဝါဆိုးကြီးမျိုးဖြစ်သနည်း....

လူလတ်ပိုင်းကြီးသည် အတွေ့အကြုံပိုများသော်လည်း လူငယ်လေးထက် သိပ်မသာချေ။

ဆက်တိုက်ဖြစ်ပေါ်နေသော တုန်ခါမှုများကို ခံစားရင်း သူ၏ရှုံတွနေသောမျက်နှာတွင် သွေးဆုတ်ဖြူရော်နေလေပြီ။

"ဒါက ဘယ်လိုနတ်ဆိုးမျိုးမလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ"

လူငယ်၏အသံပေးပို့မှု ထွက်ပေါ်လာပြီး ကြောက်ရွံ့မှုများသာ ပြည့်နှက်နေသည်။

"ဘုန်း...."

ကောင်းကင်ဖုံးလွှမ်း ဖားပြုတ်ကြီးသည် ရှေ့သို့ ဆက်လက်ရွေ့လျားနေပြီး တုန်ခါမှုများကြောင့် သူတို့၏ခြေထောက်များ ထုံကျင်နေလေပြီ။

တချိန်တည်းမှာပင် သူတို့၏နှလုံးသားများ လည်ချောင်းဝသို့ ရောက်လာမတတ် ဖြစ်နေပေ၏။

ချင်းယင်က နတ်ဆိုးအလောင်းကြီး၏နံဘေးတွင် ပုန်းအောင်းရင်း ကောင်းကင်ထိအောင် မြင့်မားသော ကြောက်မက်ဖွယ် အရိပ်ကြီးကို မော့ကြည့်လိုက်မိသည်။ သူမသည် သူမကိုယ်သူမ အဆုံးမဲ့သေးငယ်သည်ဟု ခံစားလိုက်ရပြီး သူမ၏လက်ကို ဆုပ်ထားလွန်းသဖြင့် လက်ဆစ်များပင် ဖြူဖျော့နေလေပြီ။

ဤကဲ့သို့ နတ်ဆိုးသားရဲမျိုးသည် သူတို့သုံးယောက် သွားရောက်နှောင့်ယှက်နိုင်သည့် အရာမျိုး လုံးလုံးလျားလျား မဟုတ်ချေ။

ယခုအချိန်တွင် ချင်းယင်ထံ၌ ကြောက်ရွံ့မှုများ လွှမ်းမိုးနေရုံသာမက သူမ၏မျက်လုံးများတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။ သူမသည် နတ်ဆိုးအလောင်းကြီး၏အနောက်တွင် မလှုပ်မယှက် ပုန်းအောင်းနေပေ၏။

ဤကဲ့သို့ နတ်ဆိုးသားရဲကြီးမျိုး ရှိနေကြောင်းသာ ကြိုသိခဲ့လျှင် သူမ မည်သို့မျှ လာရောက်စုံစမ်းမိမည် မဟုတ်ချေ။

လန်ရှင်း၏ ဂုဏ်ယူရသော ပါရမီရှင်မလေးသည် ယခုအချိန်၌ လုံးလုံးလျားလျား တောင့်တင်းနေလေပြီ။

သူမ၏စိတ်များ မွန်းကြပ်နေချိန်တွင် ကြောက်မက်ဖွယ် ဖားပြုတ်ကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး လေထဲရှိ လျှာကြီးသည်လည်း တစ်စုံတစ်ခုကို ရှာတွေ့လိုက်သည့်အလား မလှုပ်ရှားတော့ချေ။

ဒိန်း...

ဤအချိန်အခိုက်အတန့်တွင် သူတို့သုံးဦးလုံး၏ နှလုံးသားများ လည်ချောင်းဝသို့ ရောက်ရှိလာတော့သည်။

ဝေါ.....

အနက်ရောင် တိမ်တိုက်များထဲသို့ ရောက်ရှိနေသော ပုံရိပ်ကြီးသည် စတင်၍လှည့်ပတ်လာပြီး ပြင်းထန်သော လေပြင်းများကို ပတ်ဝန်းကျင်အနှံ့အပြား၌ တိုက်ခတ်သွားစေသည်။

ထို့နောက် ဖားပြုတ်ကြီးသည် လမင်းအရွယ်အစားရှိသော မျက်လုံးကြီးများဖြင့် သူတို့ကို အမှန်တကယ် ငုံ့ကြည့်လိုက်၏။

ထိုဖားပြုတ်၏မျက်လုံးကြီးများသည် လုံးဝ ဂရုမစိုက်သောဟန်ဖြင့် မျက်ခွံများကို တွဲလောင်းချထားပြီး အရေးမပါသော ပုရွက်ဆိတ်များကို မြင်လိုက်ရသည့်အလား သူတို့အပေါ် မည်သည့် စိတ်ဝင်စားမှုမျှ မရှိချေ။

သို့သော် ချင်းယင်နှင့် တခြားလူနှစ်ဦး၏ မျက်လုံးများတွင်မူ ထိုဖားပြုတ်ကြီးသည် အဆုံးစွန်ဆုံးထိ ကြောက်မက်ဖွယ် ကောင်းနေသည်။

ဖားပြုတ်၏ ကြီးမားသော မျက်လုံးများထဲတွင် အလောင်းတောင်များနှင့် သွေးပင်လယ်ကြီးများ ရှိနေသယောင် ထင်ရပေ၏။ ဤသည်ကြောင့် ဆောင်းရာသီ ရောက်ရှိလာသည့်အလား သူတို့သုံးဦးလုံး၏ ခန္ဓာကိုယ်များကို အေးစက်သွားစေကာ ပတ်ဝန်းကျင်ရှိလေထုပင် လုံးလုံးလျားလျား တောင့်တင်းအေးခဲသွားသကဲ့သို့ ဖြစ်နေသည်။

အကြည့်တစ်ချက်တည်းဖြင့် ချင်းယင်၏ လှပသော မျက်နှာလေးသည် ရေခဲကဲ့သို့ အေးစက်တင်းမာသွားပြီး သူမ၏နူးညံ့သော ခန္ဓာကိုယ်လေးတွင် ချွေးစေးများဖြင့် ရွှဲနစ်သွားသည်။

"သွားကြစို့..."

သူမသည် အချိန်တဏမျှပင် မတုံ့ဆိုင်းရဲဘဲ အံ့တင်းတင်းကြိတ်ကာ လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။

သူတို့သုံးဦးသည် ချက်ချင်းဆိုသလိုပင် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားကြသည်။

လေဟာနယ်ထဲမှ ပြန်ထွက်လာချိန်တွင် သူတို့သုံးယောက်သား ပျံသန်းရေးလှေပေါ်သို့ လဲကျသွားကြသည်။

ချင်းယင်သည် အသက်လုရှူနေရပြီး သူမ၏ ကြည်လင်သော မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

နောက်လိုက်နှစ်ဦးဆိုလျှင် ပါးစပ်ဟ၍ အသက်ပြင်းပြင်းရှိုက်ရင်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြ၏။ သူတို့၏ကျောပြင်များတွင် ချွေးစေးများ ဖုံးလွှမ်းနေကာ နှလုံးခုန်သံများသည် ကြမ်းပြင်မှတဆင့် ပဲ့တင်ထပ်နေသည့်အလားပင်။

သူတို့သုံးယောက်သားသည် ရုတ်တရက် ထွက်ပေါ်လာပြီး မာရသွန်ဆယ်ပွဲလောက် ပြေးလာရသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့်..

ရီဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မတ်တတ်ရပ်ကာ သံသယဖြင့် မေးမြန်းလိုက်သည်။

"ဘာဖြစ်တာလဲ.... စွမ်းအားကြီးတဲ့ နတ်ဆိုးတွေနဲ့ တကယ်ကြီး တွေ့ခဲ့တာလား"

သို့ရာတွင် သူတို့သည် သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုထားပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ ပျံသန်းရေးလှေကို မောင်းနှင်လိုက်ကြသည်။

ပျံသန်းရေးလှေသည် ချက်ချင်းဆိုသလိုပင် အရှိန်ဖြင့် ထွက်ခွာသွားပြီး တခြားဘက်သို့ တဟုန်ထိုးပြေးသွားကာ အချိန်တခဏမျှပင် မရပ်နားဘဲ အနားယူရန်ပင် စိတ်မကူးတော့ချေ။

သူတို့ထံတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အမူအယာများ ရှိနေပေ၏။

အချိန်မည်မျှထိကြာအောင် မောင်းနှင်ခဲ့မှန်း သူတို့ မသိတော့ပေ။

အနက်ရောင်မြူခိုးများသည် သန်းခေါင်ယံကဲ့သို့ တိတ်ဆိတ်နေဆဲဖြစ်ပြီး ပျံသန်းရေးလှေ၏ နောက်ပိုင်းကို စိုက်ကြည့်နေသော သူတို့သုံးဦးသည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချလိုက်နိုင်တော့သည်။

"ဟူး..."

နောက်လိုက်နှစ်ဦးသည် ကြမ်းပြင်ပေါ်သို့ ထပ်မံ၍ လဲကျသွားပြီး အလွန်အမင်း စိတ်မွန်းကြပ်ခဲ့ရသဖြင့် အားကုန်နေပုံ ပေါ်သည်။ ချင်းယင်သည် အနည်းငယ် သက်သာသော်လည်း ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်လာသူတစ်ဦးကဲ့သို့ ဖြစ်နေပြီး ဖြည်းညှင်းစွာ ထိုင်ချလိုက်ကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရီဖုန်းသည် သူတို့ကို ကြည့်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် အနားသို့ လျှောက်လှမ်းသွားသည်။

"ဘာဖြစ်တာလဲ လမ်းမှားသွားလို့လား"

ချင်းယင်သည် အသံကြားသဖြင့် မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။

"ကျွန်မတို့က ရှေ့လမ်းကို ရှောင်ကွင်းသွားရမယ် အနက်ရောင်နယ်မြေရဲ့ အတွင်းပိုင်းကိုသွားဖို့ တခြားလမ်းကို ရှာရလိမ့်မယ်"

မိန်းကလေးချင်းယင်၏ တင်းမာခက်ထန်သော အမူအယာကို တစ်ချက်ကြည့်ပြီးနောက် ရီဖုန်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။

"လမ်းလွှဲကသွားရင် အချိန်မကုန်ဘူးလား"

လူငယ်လေးသည် အသံကြားသဖြင့် ရှေ့သို့လျှောက်လှမ်းလာပြီး စိတ်တိုတိုဖြင့် ခွန်းတုံ့ပြန်သည်။

"မင်းက ဘာသိလို့လဲ..... ငါတို့ ခုဏက ဖားပြုတ်တစ်ကောင်နဲ့ တွေ့ခဲ့လို့ လမ်းလွှဲက သွားရလိမ့်မယ်"

ရီဖုန်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။

"ဖားပြုတ် ဟုတ်လား....အဲ့ဒါက လမ်းလွှဲကသွားတာနဲ့ ဘာဆိုင်လို့လဲ"

လူငယ်လေးသည် တွေဝေတုံ့ဆိုင်းသွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူ၏မျက်နှာ အလွန်ရှုံမဲ့သွားပြီး ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်သားကျသွားသည်။

"အဲ့ဒါက သာမန်ဖားပြုတ် မဟုတ်ဘူး...လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ အရမ်းကြီးမားတဲ့ ဖားပြုတ်ကြီးတစ်ကောင်ပဲ...."

"အဲ့ဒီလို တည်ရှိမှုမျိုးကို ငါတို့က လုံးဝရန်သွားမစသင့်ဘူး....ငါပြောရင် မင်းယုံမှာမဟုတ်ပေမဲ့ တကယ်လို့ မင်းသာ အဲ့ဒီလိုအကောင်မျိုးနဲ့ တွေ့ရင် မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး လုံးဝရှိမှာမဟုတ်ဘူး"

လူလတ်ပိုင်းကြီးကလည်း နောက်ရှိ အနက်ရောင်မြူခိုးများကို စိုးရိမ်စိတ်ဖြင့် မကြာခဏ လှည့်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသည်။

"အရှင်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့်သာပေါ့.....မဟုတ်ရင် ကျွန်တော်တို့က ဒီအနက်ရောင်နယ်မြေထဲမှာ တကယ်ကြီး သေသွားနိုင်တယ်..... နတ်ဆိုးတွေကြားမှာ ဒီလိုအကောင်မျိုး ရှိလိမ့်မယ်လို့ ကျွန်တော် လုံးဝထင်မထားခဲ့ဘူး..... ဒီခရီးက တကယ့်ကို အရမ်းအန္တရာယ်များလွန်းတယ်"

စကားအနည်းငယ် ပြောဆိုပြီးနောက် သူတို့သုံးယောက်လုံးထံ၌ တည်ကြည်လေးနက်သော အမူအယာများ ထင်ဟပ်လာကြပြီး သူတို့၏ နှလုံးသားများကို ကြီးမားသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုတစ်ရပ်က လွှမ်းခြုံသွားသည်။ သူတို့ထံတွင် အနက်ရောင်နယ်မြေထဲသို့ စတင်ဝင်ရောက်စဉ်က ယုံကြည်မှုမျိုး မရှိတော့ဘဲ ထိတ်လန့်မှုများသာ ကျန်ရှိတော့သဖြင့် ပျံသန်းရေးလှေကို အရှိန်မြှင့်၍ မောင်းနှင်လိုက်ကြတော့သည်။

ရီဖုန်းက နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ အနက်ရောင်မြူခိုးများသည် လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်တွေ့လိုက်ရသည်။

လှုပ်ရှားမှုမရှိသည်ကို ကြည့်လျှင် ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေပုံမရချေ။

သူသည် သံသယဖြစ်နေသော်လည်း ပျံသန်းရေးလှေသည် အရှိန်ဖြင့် မောင်းနှင်နေသဖြင့် သူ နှမြောတသဖြင့်သာ လိုက်ပါသွားရတော့သည်။

ပျံသန်းရေးလှေပေါ်တွင် လဲလျောင်းရင်း သူ တစ်ယောက်တည်း ရေရွတ်နေမိပြီး ထိုဖားပြုတ်ကြီး၏အကြောင်းကို သိချင်နေမိသည်။

ထိုကဲ့သို့ ဖားပြုတ်ကြီးမျိုး အမှန်တကယ်ရှိနေလျှင် အလွန်ကောင်းပေမည်။

အကယ်၍ သူသာ ထိုဖားပြုတ်ကြီးကို ရှာတွေ့ခဲ့လျှင် သူ၏သေလမ်းရှာသော အစီအစဉ် အောင်မြင်နိုင်လောက်သည်။

All Chapters