← Chapters

အခန်း (၁၀၃၉)

Vol. 71 Ch. 1039

အခန်း (၁၀၃၉)

Vol. 71 Ch. 1039

"ဘုန်း...."

ပိတ်ခါနီးဆဲဆဲဖြစ်နေသော ကြယ်တာရာတံခါးပေါက်သည် အဝေးမှ ထိုးနှက်လိုက်သော လက်သီးတစ်ချက်ကြောင့် ပြင်းထန်စွာ တုန်ခါသွားသည်။

ကြီးမားသော တံခါးပေါက်ကြီးကို လွှမ်းခြုံထားသည့် မှုန်ဝါးဝါးပုံရိပ်ယောင်များသည် စတင်ပျက်ပြယ်သွားပြီး ရိုက်ခတ်ခံရမှုအောက်တွင် တုန်ခါနေသော ရှေးဟောင်းတံခါးပေါက်ကြီး ထွက်ပေါ်လာသည်။

တံခါးပေါက်အတွင်းမှ ပုံရိပ်ယောင်ထံမှ ထိတ်လန့်တကြား အော်ဟစ်နေသော အသံကြီး ထွက်ပေါ်လာပေ၏။

"ထိန်းထား ထိန်းထားကြစမ်း....မင်းတို့ သေချာပေါက် ထိန်းထားရမယ်"

အရိုးလမ်းမကြီး၏ရှေ့ဆုံးရှိ နတ်ဆိုးအယောက်တစ်ရာသည် သူတို့၏နတ်ဆိုးစွမ်းအားများကို တံခါးပေါက်ထဲသို့ လောင်းထည့်လိုက်ကြ၏။ သူတို့သည် ယိမ်းယိုင်နေသော ကြယ်တာရာတံခါးပေါက်ကို တည်ငြိမ်စေရန် ထိန်းချုပ်ပြီး လက်သီး၏စွမ်းအားကို ခုခံနေကြသည်။

နောက်ထပ် လက်သီးတစ်ချက် ထပ်မံ၍ ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးများအားလုံး၏ မျက်နှာများသည် နီမြန်းသွားပြီး ချွေးများ ဒလဟော စီးကျလာသည်။

"ခရက်...."

ကြီးမားသော ဦးခေါင်းခွံကြီး ကွဲအက်သွားပြီး ကြယ်တာရာတံခါးပေါက်သည် ပြိုကျလုနီးပါး ဖြစ်သွားပေ၏။

သောင်းနှင့်ချီသော နတ်ဆိုးများသည် လောကကြီးပျက်သုဥ်းမည့် ဘေးကပ်ဆိုးကြီး ရောက်လာသည်ကို မြင်လိုက်ရသည့်အလား သူတို့၏မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ သူတို့အားလုံး ဖရိုဖရဲဖြစ်သွားကာ အော်ဟစ်သံများနှင့် တောင်းပန်သံများက လေထုထဲတွင် ပြည့်နှက်သွားသည်။

"ရပ်ပါ ရပ်ပါတော့...."

"ငါတို့ကို ထပ်မရိုက်ပါနဲ့တော့....တောင်းပန်ပါတယ်"

"ဒီသောက်ကျိုးနည်း လူသားက ငါတို့အမျိုးတွေကို ဖမ်းနေတာ လနဲ့ချီနေပြီ.... သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ... ငါတို့ ဘာလုပ်ကြမလဲ"

"ပြီးပြီ...အကုန်ပြီးသွားပြီ"

တံခါးပေါက်၏အပြင်ဘက်တွင် နတ်ဆိုးများ အော်ဟစ်ညည်းတွားနေကြပြီး အတွင်းဘက်တွင်ရှိနေသော နတ်ဆိုးခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်နေပေ၏။

ကြယ်တာရာတံခါးပေါက်ကတဆင့် သူ၏ပုံရိပ် တုန်ခါနေသည်ကို နတ်ဆိုးများအားလုံး မြင်တွေ့နေရသည်။

တုန်ခါနေသော တံခါးပေါက်မှတဆင့် ထိပ်ပြောင်လူသားကို ချောင်းကြည့်ရင်း နတ်ဆိုးခေါင်းဆောင်က အံ့တင်းတင်းကြိတ်လိုက်မိသည်။

ထိုထိပ်ပြောင်မိစ္ဆာသည် ယုတ္တိမရှိလောက်အောင် သန်မာလွန်းပေ၏။

သူ့ထံတွင် တုံ့ပြန်တိုက်ခိုက်ရန် သတ္တိမရှိသည့်အပြင် အခွင့်အရေးလည်း အနည်းငယ်မျှ မရှိပေ။

ထို့ထက်ပို၍ဆိုးရွားသည်မှာ ဤခွေးကောင်သည် သူတို့ကို ချေမှုန်းရုံသာမက နတ်ဆိုးများကိုလည်း ဆက်တိုက်ပြန်ပေးဆွဲနေခြင်းပင်။ သူသည် နတ်ဆိုးတချို့ကို သတ်ဖြတ်ပြီး ပစ္စည်းများအဖြစ် ယူဆောင်သွားကာ တချို့နတ်ဆိုးများမှာမူ အစအနမကျန် ပျောက်ကွယ်သွားသည်။

ကြားရသလောက်ဆိုလျှင် သူတို့ကို လုပ်သားများအဖြစ် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဤသည်မှာ ပုံမှန်ကျူးကျော်မှုတစ်ခုအဖြစ် စတင်ခဲ့ခြင်းပင်။ အားနည်းသော ယွင်ရှင်းနယ်မြေသည် နတ်ဆိုးများအတွက် လွယ်ကူသောသားကောင် ဖြစ်သင့်ပေ၏။

သို့ရာတွင် ထိပ်ပြောင်မိစ္ဆာတစ်ကောင် ထွက်ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်ကာ တံခါးလာခေါက်ပြီး ဓားပြများထက်ပင် ဆိုးရွားစွာ အနိုင်ကျင့်လိမ့်မည်ဟု မည်သူက တွေးထင်ထားမည်နည်း။

မည်သူက မည်သူ့ကို ကျူးကျော်နေခြင်း ဖြစ်သနည်း....

စွမ်းအားကြီးသော နတ်ဆိုးမျိုးနွယ်စုက ဤအဆင့်ထိ အနိုင်ကျင့်ခံနေရသည်မှာ သည်းမခံနိုင်ဖွယ်ရာပင်။

"ဂျွတ်..."

နတ်ဆိုးခေါင်းဆောင်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသမီးများက သူ၏မျက်လုံးထဲတွင် တောက်လောင်နေသည်။

သို့သော် ထိုပြောင်လက်နေသော ဦးခေါင်းခွံကို ရင်ဆိုင်ရချိန်၌ သူ၏ဒေါသကို မြိုသိပ်လိုက်ရပြီး ကူကယ်ရာမဲ့နေသည်။

ဤထိပ်ပြောင်မိစ္ဆာ၏စွမ်းအားသည် သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် မည်သည့်လှုပ်ရှားမှုမဆို ကိုယ့်သေတွင်း ကိုယ်တူးရာ ရောက်ပေလိမ့်မည်။

သောက်ကျိုးနည်း....

တကယ့်ကို သောက်ကျိုးနည်းကိစ္စပင်။

သက်တောင့်သက်သာရှိသော တံခါးစောင့်ရာထူးသည် ဤဓားပြကြောင့် ပျက်စီးသွားခဲ့လေပြီ။

နတ်ဆိုးဗိုလ်ချုပ်သာ ဤနေရာတွင် ရှိနေလျှင် လူသားတစ်ယောက်က မည်သည်ကြောင့် ထင်ရာစိုင်း၍ သောင်းကျန်းနိုင်မည်နည်း။

သို့သော် မည်သည့်အရှင်သခင်မျှ ဤနေရာသို့ ရောက်မလာသေးပေ။ သူသည် တံခါးစောင့်တစ်ယောက်သာဖြစ်ပြီး ဤဓားပြကို မပြစ်မှားရဲသဖြင့် ကြယ်တာရာတံခါးပေါက် မပျက်စီးအောင်သာ ကြိုးစား၍ ထိန်းသိမ်းနေရသည်။

အကယ်၍ ထိပ်ပြောင်မိစ္ဆာသာ ချိုးဖျက်ဝင်ရောက်လာခဲ့လျှင် ကူးပြောင်းရေးဝင်္ကပါ ရောက်လာမည့် နတ်ဆိုးများအားလုံး အသတ်ခံရမည်ဖြစ်ပြီး သူ တာဝန်ယူရပေလိမ့်မည်။

နတ်ဆိုးခေါင်းဆောင်၏ ကျောပြင်တွင် ချွေးစေးများ ရွှဲနစ်နေသည်။

"ဘုန်း...."

နောက်ထပ် လက်သီးတစ်ချက် ကျရောက်လာသည်နှင့်အတူ ကြယ်တာရာတံခါးပေါက် ယိမ်းယိုင်သွားသည်။

ရှေ့ဆုံးရှိ နတ်ဆိုးအယောက်တစ်ရာသည် စွမ်းအားများ ကုန်ခမ်းလုနီးပါးဖြစ်နေပြီး သူတို့၏မျက်နှာများ ဖြူဖျော့နေပေ၏။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပြိုလဲကျနေကာ ဆက်လက်၍ ထိန်းမထားနိုင်တော့ချေ။

ကပ်ဘေးဆိုက်တော့မည်ကို မြင်လိုက်ရသဖြင့် နတ်ဆိုးခေါင်းဆောင်က အော်ဟစ်လိုက်သည်။

"ရပ်.... ရပ်လိုက်.... အခုချက်ချင်း ရပ်လိုက်တော့...."

"ငါတို့ စကားပြောကြရအောင်... လူသားတွေရဲ့ ပုံစံအတိုင်း ညှိနှိုင်းကြတာပေါ့... ငါ မင်းကို နတ်ဆိုးအကောင်တစ်ရာ ပေးမယ်....ရပ်လိုက်ပါတော့"

ပိုင်ချီယုသည် သူ၏ငါးသေမျက်လုံးများကို လှန်ကြည့်လိုက်ပြီး သူ၏ခေါင်းကို တိမ်းစောင်းကာ လက်သီးကို ဖြေလျှော့လိုက်သည်။

"ကောင်းပြီ"

နတ်ဆိုးခေါင်းဆောင်သည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား သက်ပြင်းချလိုက်၏။

"ဟူး"

သူသည် တခြားအရာများကို လျစ်လျူရှုပြီး အံ့တင်းတင်းကြိတ်ကာ တံခါးဝရှိ နတ်ဆိုးများကို အမိန့်ပေးလိုက်သည်။

"ငါတို့အမျိုးတွေထဲက အကောင်တစ်ရာ ရွေးပြီး သူ့ကို ပေးလိုက်ကြစမ်း"

နတ်ဆိုးခေါင်းဆောင်သည် အံ့ကြိတ်ပြီး ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် နတ်ဆိုးတိုင်း၏ရင်ထဲတွင် သွေးများ ယိုစီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။

နတ်ဆိုးများသည် မျိုးပွားနှုန်းမြန်သော်လည်း ကြယ်နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်သော အင်အားရှိလာအောင် ပျိုးထောင်ရန်အတွက် အရင်းအမြစ်များစွာ ကုန်ကျပေ၏။ ထို့ကြောင့် နတ်ဆိုးအကောင်တစ်ရာ ဆုံးရှုံးရခြင်းသည် သူတို့အတွက် နာကျင်ဖွယ်ရာပင်။

ကိုယ့်လူကိုယ် ပြန်အပ်ရခြင်းသည် အရှက်ရစရာ ကောငိးသော်လည်း အခြေအနေအရ ခေါင်းငုံ့ခံရုံသာ ရှိတော့သည်။

အချိန်တခဏအကြာတွင် အားနည်းသော နတ်ဆိုးတစ်ရာကို ဖက်ထုပ်များကဲ့သို့ ကြိုးတုပ်ပြီး ပို့ပေးလိုက်သည်။ သွေးရောင်လွှမ်းသော အရိုးလမ်းမကြီးသည် ညသန်းခေါင်ကဲ့သို့ တိတ်ဆိတ်သွားပြီး မွန်းကြပ်ဖွယ်ကောင်းသော အရှက်တရားသည် လေထုထဲတွင် လေးလံစွာ တည်ရှိနေသည်။

နတ်ဆိုးမျိုးနွယ်စု၏ မကြာသေးမီက စစ်ဆင်ရေးများ စတင်ကတည်းက သူတို့သည် ဤမျှ အရှက်ရစေသော ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။

သောင်းနှင့်ချီသော နတ်ဆိုးများသည် ထိုအရှက်တရားမှ မသက်သာသေးမီမှာပင် နောက်ထပ် ရိုက်ခတ်မှုတစ်ခုက ပဲ့တင်ထပ်သွားပြီး ကြယ်တာရာတံခါးပေါက် ထပ်မံ၍ တုန်ခါသွားပြန်သည်။

နတ်ဆိုးများသည် ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ ထိပ်ပြောင်မိစ္ဆာ၏လက်သီးသည် လေထဲတွင် ရှိနေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

ဤခွေးသူခိုးသည် နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်သလော....

ဒေါသကြောင့် သူတို့၏မျက်လုံးများသည် သွေးရောင်လွှမ်းသွားပြီး နတ်ဆိုးအရှိန်အဝါများ လှိုင်းထလာသော်လည်း ပေါက်ကွဲဝံ့ခြင်း မရှိကြချေ။

နတ်ဆိုးခေါင်းဆောင်သည် ဒေါသတကြီးဖြင့် တံခါးပေါက်မှတဆင့် ဆဲဆိုလိုက်သည်။

"သောက်ကျိုးနည်းကွာ...."

"မင်း...မင်းက ဂုဏ်သိက္ခာမရှိဘဲ တိုက်ခိုက်တာပဲ...ငါတို့ ညှိနှိုင်းပြီးတော့ အပေးအယူလုပ်ဖို့ သဘောတူထားပြီးပြီလေ.... မင်းရဲ့ ကတိစကားက ဘယ်ရောက်သွားတာလဲ"

ပိုင်ချီယု၏ ပြောင်လက်နေသော ခေါင်းသည် တိမ်းစောင်းသွားပြီး ခံစားချက်မရှိသော မျက်နှာဖြင့် လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်၏။

"တစ်ခါတိုက်ရင် အကောင်တစ်ရာ"

"စုစုပေါင်း အကြိမ်တစ်ရာ"

နတ်ဆိုးများသည် ကြက်သေသေသွားကြပြီး သောင်းနှင့်ချီသော ကြီးမားသည့် ပုံရိပ်များသည် ဒေါသကြောင့် တုန်ရီလာကြ၏။

နတ်ဆိုးခေါင်းဆောင်ထံမှ ဆဲရေးတိုင်းထွာမှုများ ပွင့်အံ့ထွက်လာပြီး အရိုးလက်ချောင်းဖြင့် တံခါးပေါက်၏အပြင်ဘက်သို့ ညွှန်ပြလိုက်သည်။

"မင်း.....မင်းက ငါတို့နတ်ဆိုးမျိုးနွယ်စုကို သောက်ရမ်းအနိုင်ကျင့်လွန်းနေပြီ"

တခြားနတ်ဆိုးများထံသို့လည်း ဒေါသများကူးစက်သွားပြီး သောင်းနှင့်ချီသော ကြီးမားသည့် ပုံရိပ်များသည် ဒေါသူပုန်ထနေကြတော့သည်။

မိုးထိအောင် မြင့်မားသောဒေါသများ လှိုင်းထလာပြီး နတ်ဆိုးခေါင်းဆောင်သည် လုံးလုံးလျားလျား ဒေါသူပုန်ထသွားလေပြီ။

သူသည် ကြယ်တာရာတံခါးပေါက်ထဲမှ ထွက်လာကာ သူ၏ တွန့်လိမ်နေသော ပုံရိပ်သည် နတ်ဆိုးများအားလုံး၏ရှေ့တွင် ထွက်ပေါ်လာသည်။ သူသည် သူ၏လက်ကို ရှေ့သို့ညွှန်ပြလိုက်ပြီး သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဆူပွက်နေပေ၏။

"နတ်ဆိုးတွေအားလုံး....ငါ့ရဲ့အမိန့်ကို နာခံကြစမ်း....."

"သွေးယဇ်ပူဇော်ခြင်း မဟာဝင်္ကပါကို တည်ဆောက်ပြီးတော့ ဒီခွေးသူခိုးကို နေရာမှာတင် ကွပ်မျက်လိုက်ကြစမ်း...."

နတ်ဆိုးခေါင်းဆောင်၏လက်ညှိုးသည် ပတ်ဝန်းကျင်ကို ပြိုင်ဘက်ကင်းစွာ လွှမ်းမိုးထားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။ ဤသည်ကြောင့် အနက်ရောင်မြူခိုးများကို လှိုင်းထသွားစေကာ ကောင်းကင်ကြီးတစ်ခုလုံကို သတ်ဖြတ်လိုစိတ်ဖြင့် စွန်းထင်းသွားသကဲ့သို့ ဖြစ်သွားပြီး ကြောက်မက်ဖွယ် အေးစက်မှုကို ပြန့်ပွားသွားစေသည်။

သို့ရာတွင် နတ်ဆိုးခေါင်းဆောင်၏ရင်ထဲတွင် နှလုံးသွေးများ ယိုစီးကျနေပြီဖြစ်ကာ နတ်ဆိုးများ၏ အံ့အားသင့်တုန်လှုပ်နေသော မျက်နှာထားများကို ဂရုမစိုက်နိုင်တော့ချေ။

ဤ သွေးယဇ်ပူဇော်ခြင်း မဟာဝင်္ကပါသည် လူသားများ၏သွေးအဆီအနှစ် သန်းတစ်ရာခန့် ကုန်ကျမည်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။ ဤသည်မှာ ယွင်ရှင်းနယ်မြေပေါ်တွင် သူတို့ စုဆောင်းထားသော သိုလှောင်မှုအားလုံးနီးပါးဖြစ်ကာ ထိုသွေးများကိုသာ နေရာတကျ အသုံးပြုပါက နတ်ဆိုးစစ်သည် တစ်သန်းကို မွေးထုတ်နိုင်သည်။

နတ်ဆိုးစစ်သည်များသည် လူသားများ၏ တာအိုသက်သေပြုခြင်းအဆင့်နှင့်သာ ညီမျှပြီး ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအား မဟုတ်သော်လည်း အကောင်ရေတစ်သန်းဆိုသည်မှာ လျှော့တွက်၍မရသော အင်အားတစ်ရပ်ပင်။ ထို့ပြင် ထိုနတ်ဆိုးစစ်သည်များဖြင့် နောက်ထပ် သွေးအဆီအနှစ်များကို ရိတ်သိမ်းနိုင်စွမ်း ရှိပေ၏။

နတ်ဆိုးစစ်သည်တစ်သန်း မွေးဖွားနိုင်မည့် အစီအစဥ်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ပျောက်ကွယ်သွားတော့ပေမည်။

ဤအကြောင်းကို တွေးလိုက်မိရုံဖြင့် နတ်ဆိုးခေါင်းဆောင်၏စိတ်နှလုံးသား နာကျင်သွားသည်။

သို့ရာတွင် ထိုသောက်ကျိုးနည်း ထိပ်ပြောင်ခေါင်းကို ကြည့်ရင်း သူ ဒေါသထွက်လွန်းသဖြင့် သူ၏ မျက်စိ နား နှာခေါင်း ပါးစပ်ပေါက်ဟူသည့် ဒွာရခုနစ်ပေါက်လုံးမှ မီးခိုးထွက်မတတ် ဖြစ်နေပြီး သူ့ထံတွင် တခြားရွေးချယ်စရာ မရှိတော့ပေ။

ဤ သွေးယဇ်ပူဇော်ခြင်း မဟာဝင်္ကပါကို မဖြစ်မနေ အသုံးပြုရတော့ပေမည်။

ကြယ်တာရာတံခါးပေါက် တစ်ခုခုဖြစ်သွားလျှင် သူ ထိုပြစ်ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ ဤထိပ်ပြောင်မိစ္ဆာကို ဆက်လက်၍ ထင်ရာစိုင်းခွင့်ပြုထားပါက တံခါးပွင့်သွားချိန်တွင် ပို၍ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။

ဤသည်က သွေးအဆီအနှစ် သန်းတစ်ရာထက်ပင် များစွာပို၍ ကျော်လွန်သွားနိုင်ပေ၏။

သူ တွေဝေတုံ့ဆိုင်းနေလျှင် ဖရိုဖရဲဖြစ်လာနိုင်သဖြင့် ဆုံးဖြတ်ပြီးနောက် ချက်ချင်းလှုပ်ရှားရပေမည်။

နတ်ဆိုးခေါင်းဆောင်၏မျက်လုံးအကြည့်သည် တင်းမာခက်ထန်သွားပြီး ပြင်းထန်သောအမိန့်ကို ထုတ်ပြန်လိုက်သည်။

"ဝင်္ကပါကို ဖွဲ့စည်းကြစမ်း... အခုချက်ချင်း လှုပ်ရှားကြတော့...."

သူ၏အသံကို ကြားလိုက်ရသည်နှင့် နတ်ဆိုးများ၏မျက်လုံးများ တည်ကြည်လေးနက်သွားပြီးနောက် သူတို့အားလုံးတွင် ပြင်းထန်သော ဆုံးဖြတ်ချက်များ ပေါက်ဖွားလာသည်။

ကြီးမားသော ပုံရိပ်များသည် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး နတ်ဆိုးစွမ်းအားနှင့် သွေးအဆီအနှစ်များသည် လေထဲတွင် ယှက်နွယ်သွားပေ၏။ ထို့နောက် အနက်ရောင်ကန့်လန့်ကာအတွင်းတွင် သွေးရောင်ပိုက်ကွန်တစ်ခုကို ရက်လုပ်သည့်အလား နှိုင်းယှဉ်မရနိုင်အောင် ရှုပ်ထွေးသော သင်္ကေတပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

အသက်ရှူချိန်အနည်းငယ်အတွင်း ထိုကြောက်မက်ဖွယ်ကောင်းသော သွေးရောင်သည် လောကကြီးကို လွှမ်းခြုံထားသော ကြီးမားသည့် ပိုက်ကွန်ကြီးတစ်ခုအလား ပျံ့နှံ့သွားသည်။

သွေးရောင်အလင်းတန်းများ နေရာတိုင်းတွင် ထင်ဟပ်နေပြီး မွန်းကြပ်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေပြင်ကို လွှမ်းမိုးသွားပေ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားနှင့်အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် နတ်ဆိုးများပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ နတ်ဆိုးခေါင်းဆောင် တစ်ဦးတည်းသာလျှင် သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ဖြတ်ပြေးသွားပြီး ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဟား ဟား ဟား"

"ဒီ သွေးယဇ်ပူဇော်ခြင်း မဟာဝင်္ကပါက အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းဝင်္ကပဲ...ဒါကို တစ်ကြိမ်ဖြန့်ကျက်လိုက်တာနဲ့ ဘယ်သူမှ အသက်မရှင်နိုင်ဘူး... ဒီနေ့ မင်းက ငါတို့နတ်ဆိုးမျိုးနွယ်စုကို အရှက်ခွဲခဲ့တဲ့အတွက် တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"

ယခင်က သူ မွန်းကြပ်နေခဲ့သလောက် ယခုချိန်၌ နတ်ဆိုးခေါင်းဆောင်သည် ပျော်ရွှင်စွာအော်ဟစ်၍ ရယ်မောနေပေ၏။

နတ်ဆိုးများအားလုံး ထိပ်ပြောင်မိစ္ဆာကို စူးစိုက်၍ ကြည့်နေကြပြီး တစ်ကောင်ချင်းစီတွင် နတ်ဆိုးအရှိန်အဝါများ တလိမ့်လိမ့်ထနေသည်။ သူတို့၏မျက်လုံးများထဲမှ သွေးရောင်လွှမ်းသော အမုန်းတရားများသည် ခုန်ထွက်လုနီးပါး ဖြစ်နေပေ၏။

ပိုင်ချီယုသည် ထိုအသံကြားသဖြင့် မော့ကြည့်လိုက်သော်လည်း လုံးလုံးလျားလျား တည်ငြိမ်နေပုံရသည်။

မည်သည့် မဟာဝင်္ကပါကိုမျှ ဂရုမစိုက်ဘဲ သူသည် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားကာ အဝေးသို့ ငေးမောကြည့်ရင်း ရေရွတ်လိုက်သည်။

"အမ်...."

"အကောင်တစ်ရာဆို လုံလောက်ပြီလား...စီနီယာအစ်မက စောစောကတည်းက ပြောသင့်တာ..."

ထိုပေါ့ပေါ့ပါးပါး စကားတစ်ခွန်း ပြောပြီးနောက် ထိပ်ပြောင်လူသားသည် လှည့်ထွက်သွားပေ၏။

ဝှစ်ခနဲ အသံနှင့်အတူ သူသည် အလင်းတန်းတစ်တန်း ဖြစ်သွားပြီး အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသော မိုးကောင်းကင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ဤနေရာတွင် ကြိုးများဖြင့် ဆွဲယူသွားခြင်းခံရသော နတ်ဆိုးတစ်သိုက်နှင့် မြေပြင်ပေါ်တွင် သူ ရောက်ရှိခဲ့ကြောင်း သက်သေပြနေသည့် နက်ရှိုင်းသော လမ်းကြောင်းကြီးတစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။

သူ... သူက ဒီအတိုင်း ထွက်သွားတာလား...

ဘာကြီးလဲ... သူက တကယ်ကြီး ထွက်သွားတာလား...

နတ်ဆိုးများသည် ဦးနှောက်ပတ်လမ်းများ ရပ်တန့်သွားသည့်အလား ကြောင်အမ်းအမ်းဖြစ်သွားကာ မတ်တတ်ရပ်နေကြသည်။

နတ်ဆိုးခေါင်းဆောင်သည် ဟန်ရေးပြခါစရှိသေးသော်လည်း သူ၏ရှေ့တွင် ရန်သူမရှိတော့သည်ကို မြင်လိုက်ရသဖြင့် ဝါဂွမ်းကို ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဒေါသကြောင့် သွေးတစ်လုတ် အန်ထွက်လာသည်။

"ဖူး...."

နတ်ဆိုးများသည် ထိတ်လန့်သွားကြပြီး သူ့ကို တွဲကူရန် ပြေးလာကြသည်။

သို့သော် နတ်ဆိုးခေါင်းဆောင်၏ ဒေါသသည် သူ၏နှလုံးသားကို တိုက်ခိုက်နေပြီဖြစ်ရာ သူ အဝေးသို့ စိုက်ကြည့်ပြီး ဆဲဆိုရုံသာ တတ်နိုင်တော့သည်။

"ခွေးကောင် ပြန်လာခဲ့....ပြန်လာခဲ့စမ်း...."

သူ့ကို စိတ်မထိန်းနိုင်ဖြစ်ရသည်ဟု အပြစ်တင်၍ မရပေ။ ဤလူယုတ်မာသည် အမှန်တကယ်ကို ဒေါသထွက်ဖွယ် ကောင်းပေ၏။

ဤသွေးယဇ်ပူဇော်ခြင်း မဟာဝင်္ကပါသည် သွေးအဆီအနှစ် သန်းတစ်ရာအပြည့်နှင့် မရေမတွက်နိုင်သော နတ်ဆိုးစွမ်းအားများကို အသုံးပြုပြီးမှ ခက်ခက်ခဲခဲ ဆင့်ခေါ်ထားရခြင်းဖြစ်ကာ ပေးဆပ်လိုက်ရသောတန်ကြေးမှာ အလွန်ကြီးမားသည်။

ထိုတန်ကြေးကြောင့် နတ်ဆိုးခေါင်းဆောင်၏ နှလုံးသားထဲတွင် သွေးများ ယိုစီးကျနေလေပြီ။

သူ့အား အဆုံးစွန်ဆုံးထိ တွန်းပို့မခံရလျှင် သူ ဘယ်တော့မှ ဤမျှထိ ရက်စက်မည် မဟုတ်ချေ။

သို့သော် ဤထိပ်ပြောင်မိစ္ဆာသည် ဤအတိုင်း ထွက်ခွာသွားသည်။ သူ့ထံ၌ သခင်တစ်ယောက်၏အမူအယာမျိုး မရှိသည့်အပြင် ပြိုင်ဘက်များအပေါ် လေးစားမှုလည်း မရှိပေ။ သွေးအဆီအနှစ် သန်းတစ်ရာဖြင့် ပေးဆပ်ထားရသော သွေးယဇ်ပူဇော်ခြင်း မဟာဝင်္ကပါသည် လေထဲသို့သာ ပစ်ခတ်လိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။

သောက်ကျိုးနည်း....

ဒီလိုဖြစ်မယ်မှန်းသာ သိရင် ဘယ်သူကများ ဒီလောက်ထိ ရက်စက်တဲ့အကွက်ကို ထုတ်သုံးမှာလဲ....

နတ်ဆိုးခေါင်းဆောင်၏မျက်နှာသည် အစိမ်းရောင် ပြောင်းသွားပြီးနောက် ခရမ်းရောင်နှင့် အနီရောင်သို့ ဆက်တိုက်ပြောင်းလဲသွားကာ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် ယိုစီးကျလာသည်။

သူ၏မျက်လုံးများ သွေးရောင်လွှမ်းနေပြီး သူ သတ်မည်ဖြတ်မည်ဟု အော်ဟစ်ကြိမ်းဝါးနေကာ ရူးသွပ်သွားရန် ဆံခြည်တစ်မျှင်စာသာ လိုအပ်တော့သည်။

နတ်ဆိုးများသည် အပိုစကားမပြောရဲကြဘဲ တိုးညှင်းစွာဖြင့် နှစ်သိမ့်စကား အနည်းငယ်သာ ပြောဆိုရဲကြသည်။

အတန်ကြာ ဖျောင်းဖျပြီးနောက် နတ်ဆိုးခေါင်းဆောင်သည် နောက်ဆုံးတွင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။ သူသည် သွေးတစ်လုတ်အန်ထုတ်ကာ သူ၏အခြေအနေ ပြန်ကောင်းလာအောင် လုပ်ဆောင်လိုက်တော့သည်။

"အဟွတ်..."

"ထားလိုက်တော့ သွေးယဇ်ပူဇော်ခြင်း မဟာဝင်္ကပါကို ဖြန့်ကျက်လိုက်တာက ကိစ္စတွေကို အပြတ်ရှင်းလိုက်တာပဲ... ဒီဝင်္ကပါက ငါတို့ကို ကာကွယ်ပေးထားတော့ အဲ့ဒီဓားပြက နောက်ထပ် လာနှောင့်ယှက်တော့မှာ မဟုတ်ဘူး... အဲ့ဒီ သွေးအဆီအနှစ် သန်းတစ်ရာက အလဟဿ ဖြစ်သွားတာ မဟုတ်ပါဘူး"

"နတ်ဆိုးဗိုလ်ချုပ်ကြီး ကူးပြောင်းရေးဝင်္ကပါကနေ ဒီကိုရောက်လာတဲ့အထိ စောင့်လိုက်ရင် ငါတို့ရဲ့ မဟာစီမံကိန်း အောင်မြင်ပြီးတော့ ယွင်ရှင်းတစ်ခုလုံး ငါတို့ရဲ့အပိုင် ဖြစ်လာမှာပါ.... ဒီပေးဆပ်မှုနည်းနည်းလောက်က ဘာမှမဟုတ်တော့ပါဘူး"

သူ၏နှုတ်မှ ထိုစကားများကို ပြောလိုက်သော်လည်း သူ မြိုချလိုက်ရသော ခါးသီးမှုများကို သူတစ်ယောက်တည်းသာ သိတော့သည်။

လူသားတွေက တကယ်ကို ယုတ်မာပြီး အရှက်မရှိတဲ့ သတ္တဝါတွေပါလား....

All Chapters