← Chapters

အခန်း (၁၀၃၂)

Vol. 71 Ch. 1032

အခန်း (၁၀၃၂)

Vol. 71 Ch. 1032

ရီဖုန်းသည် ခြေသံလုံလုံဖြင့် ပျံသန်းရေးလှေပေါ်သို့ တက်လာကာ ပုံမှန်အတိုင်း နေလိုက်သည်။

သူတို့သုံးဦးသည် ဗုဒ္ဓများ ဖြစ်သွားကြသည့်အလား ကျင့်ကြံနေကြဆဲဖြစ်သည်ကို ကြည့်ရင်း သူတို့၏တည်ငြိမ်အေးဆေးမှုအပေါ် သူ သဘောကျနေမိသည်။

သူ အပါးခိုရန် အခွင့်အရေးရနေသရွေ့ သူတို့ ကျင့်ကြံနေသည်ဖြစ်စေ တခြားမည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သူ ဂရုမစိုက်ချေ။

ရီဖုန်း၏နှုတ်ခမ်းဖျားတွင် လက်ဖက်ရည်နံ့ သင်းပျံ့နေဆဲဖြစ်ပြီး သူ သည်လည်း ပတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင်နေရန် ဆုံးဖြတ်လိုက်၏။ သူသည် ပျံသန်းရေးလှေပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လိုက်ပြီး ထိပ်သီးကျင့်ကြံသူများ၏ ဟန်ပန်ကို အတုယူလိုက်သည်။

ပျံသန်းရေးလှေသည် တဖန်ပြန်၍ အရှိန်မြှင့်တင်လိုက်ပြီး မကြာမီမှာပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပိန်းပိတ်အောင် မှောင်မိုက်သွားတော့သည်။

အချိန်နှစ်ရက်တာ ကုန်ဆုံးသွားပေ၏။

ပျံသန်းရေးလှေသည် ရပ်တန့်ခြင်းမရှိဘဲ အနက်ရောင်နယ်မြေထဲတွင် ခရီးအကွာအဝေး မည်မျှရောက်ရှိနေပြီမှန်း မသိနိုင်အောင် ရှေ့ဆက်သွားနေသည်။

ဤမှိုင်းညို့ပြီး မှောင်မိုက်နေသော နယ်မြေသည် အဆုံးအစမဲ့ပုံရသည်။ သူတို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ လေထဲရှိ အနက်ရောင်မြူခိုးများ ပို၍ထူထပ်သိပ်သည်းလာကာ မီတာတစ်ရာကျော်အကွာကို မြင်တွေ့နိုင်ရန်ပင် မဖြစ်နိုင်တော့ချေ။

သူတော်စင်တစ်ပါးပင်လျှင် ရှေ့လမ်းခရီးကို မြင်တွေ့နိုင်မည် မဟုတ်ချေ။

ဤနေရာတွင် သာမန်သက်ရှိသတ္တဝါများကို မမြင်တွေ့ရသည့်အပြင် စိမ်းလန်းစိုပြေမှု အရိပ်အယောင်မျှပင် မရှိချေ။ သူ၏နားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လေအေးများ ဖြတ်သန်းတိုက်ခတ်သံသာ ကြားနေရသည်။ ဤသည်မှာ အဆုံးမဲ့ညတစ်ညကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသော အနက်ရောင်နယ်မြေပင်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ခြောက်ကပ်နေပြီး မြူခိုးများက မင်ရည်ကဲ့သို့ မည်းနက်နေသည်။

သူတို့ မြင်တွေ့နိုင်သည့် တစ်ခုတည်းသောအရာမှာ ခွန်ပန်ငှက်ကြီးများ ပျံဝဲနေသည့်အလား သို့မဟုတ် သရဲတစ္ဆေများ ရိပ်ခနဲ ဖြတ်သန်းသွားသည့်အလား ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများကြားတွင် ပြေးလွှားနေသော မှုန်ဝါးဝါး အရိပ်မည်းကြီးများသာ ဖြစ်သည်။ ထိုအရာများ၏ပုံသဏ္ဍာန်ကို ခွဲခြားရန်ခက်ခဲကာ အမည်မသိ ကြောက်ရွံ့မှုတစ်ရပ်က ပတ်ဝန်းကျင်တွင် မျောလွင့်နေသည်။

နောက်ဆုံးတွင် ပျံသန်းရေးလှေသည် လေထုထဲတွင် ရပ်တန့်သွားပေ၏။

လန်ရှင်းမှ ဧည့်သည်တော် သုံးဦးသည်လည်း လက်ဟန်များ ပြုလုပ်လိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်များကို ပါးလွှာသော အလင်းကွင်းတစ်ခုကဲ့သို့ ဖျော့တော့သော အလင်းလွှာတစ်လွှာက လွှမ်းခြုံသွားသည်။ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများကို သူတို့ထံမှ သီးခြားခွဲထုတ်လိုက်၏။

ခေါင်းဆောင်အမျိုးသမီး၏အမူအယာသည် ပုံမှန်မဟုတ်ဘဲ တည်ကြည်လေးနက်နေပြီး သူမ၏ ကြည်လင်သော မျက်လုံးများကို ဖွင့်ကာ ပြောဆိုလိုက်သည်။

"ဒီနေရာက အနက်ရောင်မြူခိုးတွေက အရမ်းထူထပ်သိပ်သည်းလွန်းတယ်....ကျွန်မတို့ အသက်ရှူချိန်နည်းနည်းလောက် နားကြမယ်"

"ဒီနေရာပတ်ဝန်းကျင် ဖိအားက တော်တော်များတယ်.... ပျံသန်းရေးလှေ ဆက်သွားဖို့အတွက် စွမ်းအင်တွေ အများကြီး ကုန်ခမ်းနေပြီ.... ရှေ့ဆက်မသွားခင် ကျွန်မတို့ အနားယူရမယ်..... ပြီးတော့ ကျွန်မတို့ရဲ့ စွမ်းအားကုန်ဆုံးမှုကလည်း မနည်းဘူး..ကျွန်မတို့ရဲ့စွမ်းအားကို ချွေတာဖို့ ဟင်းလင်းပြင်အဆင့်ကို ဝင်ရောက်ကြမယ်"

သူမ ပြောဆိုပြီးသည်နှင့် လက်ဝဲဘက်ရှိ လူငယ်လေးထံတွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ဟင်းလင်းပြင်အဆင့်လား"

"သခင်မ....ကျွန်တော်တို့က အဲ့ဒီအခြေအနေကို ယာယီဝင်ရောက်လိုက်ရင် ခွန်အားကို ချွေတာနိုင်မှာမှန်ပေမဲ့.... အဲ့ဒါက သေချင်ယောင်ဆောင်လိုက်သလို ဖြစ်ပြီးတော့ ကျွန်တော်တို့ကို လုံးဝ အကာအကွယ်မဲ့ ဖြစ်သွားစေလိမ့်မယ်"

ခေါင်းဆောင်အမျိုးသမီးက စကားပြန်ပြောရန် သူမ၏အချိန်ကို မဖြုန်းတီးနိုင်သည့်အလား တုံ့ပြန်ခြင်းမရှိချေ။

ထိုအခြေအနေကို မြင်တွေ့သဖြင့် ညာဘက်ရှိ သက်လတ်ပိုင်းအမျိုးသားက တည်ကြည်လေးနက်စွာ ဝင်ရောက်ပြောဆိုသည်။

"အမှန်ပဲ"

"နောက်ဆုံးနည်းလမ်းအနေနဲ့မှ စွမ်းအားချွေတာဖို့အတွက် ဟင်းလင်းပြင်အဆင့်ကို ဝင်သင့်တာပါ.... ဒါပေမဲ့ ကျွန်တော်တို့က ဒီအနက်ရောင်နယ်မြေထဲမှာ ရောက်နေပြီးတော့ အနက်ရောင်မြူခိုးရဲ့ သက်ရောက်မှုတွေကို ရှောင်လွှဲဖို့ စွမ်းအားတွေကို အဆက်မပြတ် သုံးစွဲနေရတယ်..... ဒီအတိုင်းဆက်သွားရင် စွမ်းအားကုန်ဆုံးမှုက အရမ်းများသွားလိမ့်မယ်"

"ဒီအနက်ရောင်မြူခိုးတွေက တကယ့်ကို ထူးဆန်းတယ်....ကျွန်တော်တောင် ရတနာတွေနဲ့ စွမ်းအားတွေကို ပြန်ဖြည့်တင်းလို့ မရဘူး... ဒီနယ်မြေရဲ့စည်းမျဉ်းတွေက ဖိနှိပ်ထားပုံရတယ်.... တစ်ခုတည်းသော ရွေးချယ်စရာကတော့ စွမ်းအားကို တတ်နိုင်သမျှ ချွေတာဖို့ပဲ"

"နောက်ပိုင်း ဘာတွေကြုံတွေ့ရမလဲဆိုတာ မသိနိုင်ဘူး... ဒါကြောင့် ကျွန်တော်တို့က ပေါ့ဆလို့မရဘူး....သခင်မရဲ့ စကားတွေ အမှန်ပဲ...ယာယီအနားယူဖို့အတွက် ကျွန်တော်တို့က စွမ်းအားတွေကိုချွေတာဖို့ ဟင်းလင်းပြင်အဆင့်ထဲ ဝင်ရောက်ရလိမ့်မယ်"

ဤမျှထိ တည်ကြည်လေးနက်သော စကားများကို ကြားလိုက်ရသဖြင့် လူငယ်လေးသည် ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့ပြီး သူ၏နားထင်တွင် ချွေးစများ သီးလာသည်။

ဤအနက်ရောင်မြူခိုးများသည် အမှန်တကယ်ကို ထူးဆန်းပြီး သတိထားရန် လုံးလုံးလျားလျား လိုအပ်ပေ၏။

သို့သော် ဤအမည်မသိနေရာတွင် ဟင်းလင်းပြင်အဆင့်ထဲသို့ ဝင်ရောက်ရမည်ကို တွေးမိကာ လူငယ်လေးသည် စိုးရိမ်ပူပန်နေမိဆဲပင်။

"သခင်မပြောတာ အမှန်ပဲ...."

"ဒါပေမဲ့ ကျွန်တော်တို့က ဟင်းလင်းပြင်အဆင့်ထဲ ဝင်နေတုန်းမှာ နတ်ဆိုးသားရဲတစ်ကောင် ထွက်ပေါ်လာခဲ့ရင် ကျွန်တော်တို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး.... ပျံသန်းရေးလှေသာ ပျက်စီးသွားရင် ကျွန်တော်တို့က လန်ရှင်းနယ်မြေကို ဘယ်တော့မှ ပြန်နိုင်တော့မှာ မဟုတ်ဘူး"

ဤစကားများသည် နောက်ဆုံးတွင် အနည်းငယ် အရေးပါသွားပုံရပြီး ခေါင်းဆောင်အမျိုးသမီးက နံဘေးတစ်ဖက်သို့ စောင်းငဲ့၍ ကြည့်လိုက်သည်။

"ကျွန်မတို့ သုံးယောက်က အလှည့်ကျပဲ နားလို့ရမယ်....တစ်ယောက်ကတော့ ဟင်းလင်းပြင်အဆင့်ထဲ မဝင်ဘဲနဲ့ စောင့်ကြပ်ပြီး ကူညီပေးဖို့ အသင့်ရှိနေရမယ်...ဒါကြောင့် အဲ့ဒီလူက စွမ်းအားချွေတာလို့ ရမှာမဟုတ်ဘူး"

အမျိုးသားနှစ်ဦးသည် တိတ်ဆိတ်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် ပြည့်နှက်နေသည်။

သူတို့ နှစ်ယောက်လုံးသည် ရှေ့ထွက်ပြီး စောင့်ကြပ်ရမည့် ကြီးလေးသောတာဝန်ကို ယူရန် ရည်ရွယ်ထားပုံရသည်။ ထိုကြောင့် အခြေအနေသည် ရန်သူတော်ကြီး ရောက်လာတော့မည့်အလား တည်ကြည်လေးနက်သွားတော့သည်။

ရီဖုန်းသည် အရာအားလုံးကို ကြားသိနေရသော်လည်း သူသည် လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေပြီး ထိုလေးနက်သော အခြေအနေထဲသို့ စီးမျော၍ မဝင်နိုင်ဖြစ်နေသည်။

'ဘာကြောင့် ပျံသန်းရေးလှေက အကြောင်းအရင်းမရှိဘဲနဲ့ ထပ်ရပ်သွားရတာလဲ.... ဒါက တတိယအကြိမ် ရှိပြီ'

'ဒီအနက်ရောင်နယ်မြေက တကယ်ပဲ အဲ့ဒီလောက်တောင် ပုံကြီးချဲ့ဖို့ လိုလို့လား'

'စွမ်းအားဆုံးရှုံးမှုတွေ မရပ်မနား ဖြစ်နေပြီးတော့ ပြန်ပြီးဖြည့်တင်းဖို့ နည်းလမ်းမရှိဘူး.... ဟုတ်လား.....သက်ရောက်မှုက တကယ်ပဲ အဲ့ဒီလောက်ထိ ကြီးမားနေတာလား'

ရီဖုန်းထံတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ သူ တိတ်တဆိတ် အာရုံခံကြည့်လိုက်သော်လည်း မည်သည့်ထူးခြားချက်ကိုမျှ မတွေ့ရှိချေ။

ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ထပ်မံ၍ အာရုံခံကြည့်သော်လည်း အနက်ရောင်မြူခိုးများထံမှ မည်သည့်ဖိအားကိုမျှ သူ မခံစားရပေ။

အဆိုးဆုံးဆိုလျှင် မြင်ကွင်းသည် အနည်းငယ် ဝေဝါးနေရုံသာ ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ဤသည်မှာ သူ၏ ယခင်ဘဝမှ မီးခိုးမြူများလောက်ပင် မဆိုးရွားချေ။

ထို့ပြင် သူတို့သည် ကြီးမားသော စွမ်းအင်ဆုံးရှုံးမှုအကြောင်း ပြောနေကြ၏။

သူကမူရှင်းရှင်းလင်းလင်းပင် အားအင်များပြည့်ဝနေပြီး အိပ်ငိုက်ချင်စိတ်ပင် အနည်းငယ်မျှ မရှိချေ။ သူသည် လမ်းတလျှောက်လုံး ကျင့်ကြံလိုက် အိပ်လိုက် လုပ်နေခဲ့သဖြင့် သူစားထားသော အစားအစာများပင် သိပ်မကြေညက်သေးပေ။ သူ၏အစာအိမ်ပင် ကျုံ့သွားသယောင် ထင်ရသည်။

ဤစွမ်းအင်ဆုံးရှုံးမှုသည် မည်သို့ ဖြစ်လာသနည်း.....

သူတို့၏ တည်ကြည်လေးနက်သော ကိုယ်နေဟန်ထားများကို ကြည့်ရင်း ရီဖုန်းသည် လုံးလုံးလျားလျား ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။

သူတို့ပြောသည်မှာ အမှန်လည်း ဖြစ်ကောင်းဖြစ်ပေမည်။ မည်သို့ပင်ဆိုစေကာမူ ဤလူများတွင် နောက်ခံများ ဗဟုသုတများ ရှိကြသည်။ သူတို့သည် အချက်အလက်များကို ပုံကြီးချဲ့၍ ပြောဆိုရန် အကြောင်းမရှိချေ။ အကယ်၍ တစ်စုံတစ်ခုမှားယွင်းနေသည်မှာ အမှန်ဆိုလျှင် သူ ဤအနက်ရောင်နယ်မြေထဲတွင် ပျော်ပျော်ကြီး သေဆုံးပေးလိုက်ချင်သည်။

စွမ်းအားချွေတာသည့် ကိစ္စနှင့်ပတ်သက်၍မူ သူ လုံးလုံးလျားလျား မလုပ်နိုင်သည့်အပြင် လိုအပ်ခြင်းလည်း မရှိချေ။

အမှန်အတိုင်းပြောရလျှင် ရီဖုန်းသည် ချက်ချင်းဆိုသလိုပင် စွမ်းအားကုန်ခမ်းသွားပြီး သေဆုံးသွားလိုသည်။

အချိန်တခဏမျှ တွေးတောပြီးနောက် လူနှစ်ယောက်သည် စကားတစ်ခွန်းမျှ မပြောဘဲ တစ်ယောက်ကိုတစ်ယောက် ကြာမြင့်စွာ စိုက်ကြည့်နေကြသည်ကို မြင်သဖြင့် ရီဖုန်းက သူတို့ကို ကြည့်ပြီး ပြောဆိုလိုက်သည်။

"ကျွန်တော် စောင့်ပေးရင်ရော ဘယ်လိုလဲ....."

ထိုမေးခွန်းကြောင့် သူတို့သုံးယောက်လုံး ရီဖုန်းကို လှည့်ကြည့်လာကြသည်။

ပုံမှန်အားဖြင့် အေးစက်နေသော အမျိုးသမီးပင်လျှင် သူမ၏ ကြည်လင်သော မျက်လုံးများထဲတွင် အံ့အားသင့်မှုအရိပ်အယောင် အနည်းငယ် ထင်ဟပ်လာသည်။

သူမသည် မူလကတည်းက ရီဖုန်းကို ဤတာဝန်ယူခိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရီဖုန်းက ကျင့်ကြံဆင့်အနိမ့်ဆုံးဖြစ်သော ခြေလှမ်းတစ်ဝက်သူတော်စင်မျှသာ ဖြစ်သည်။ ရှေ့ဆက်သွားခြင်းသည် သိပ်အသုံးဝင်မည်မဟုတ်သဖြင့် သူသည် သတိထားစောင့်ကြပ်ရမည့် တာဝန်ကိုယူပြီး သူတို့သုံးယောက်ကို စွမ်းအားချွေတာခွင့်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ဤသည်မှာ ကျိုးကြောင်းဆီလျော်ဆုံး တာဝန်ခွဲဝေမှုဖြစ်ပြီး အမှန်ကန်ဆုံး ရွေးချယ်မှုလည်း ဖြစ်သည်။

သူတို့သုံးယောက်အနက် မည်သည့်တစ်ယောက်မဆို ရီဖုန်းထက် အဆပေါင်းတစ်ထောင်မက သန်မာကြသည်။ ဤနယ်မြေကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရန်နှင့် ပို၍သန်မာသော စွမ်းအားကို ထိန်းသိမ်းထားရန်အတွက် ဤသည်က မေးခွန်းထုတ်ရန်မလိုသော အကောင်းဆုံးနည်းလမ်းပင်။

သို့ရာတွင် ရီဖုန်းတွင် ထိုကဲ့သို့သော အသိတရားရှိပြီး အမှန်တကယ်ကို စေတနာအလျောက် ပြောလာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

အကြောင်းပြချက်ကို နားလည်ခြင်းက တစ်ပိုင်းဖြစ်ပြီး အများအကျိုးအတွက် လိုလိုလားလား ပေးဆပ်ရဲသော သဘောထားကြီးမှု ရှိခြင်းက တစ်ပိုင်းပင်။ ဤကဲ့သို့အပြုအမူနှင့် မဟာဗျူဟာမြောက် အမြင်မျိုးသည် သာမန်လူများ ပိုင်ဆိုင်ထားသည့်အရာမျိုး မဟုတ်ချေ။

ရီဖုန်း၏ကျင့်ကြံဆင့်သည် သာမန်မျှသာဖြစ်နေသည့်တိုင် ဤကဲ့သို့ အပြုအမူနှင့် နားလည်မှုမျိုးက လူအများစုထက် သာလွန်နေပြီး အသိအမှတ်ပြုထိုက်သည်။

နူးညံ့သော အလင်းတန်းတစ်တန်းက အမျိုးသမီး၏ ကြည်လင်သော မျက်လုံးများတွင် ထင်ဟပ်လာပြီး သူမ၏လေသံ အနည်းငယ် ပျော့ပျောင်းသွားသည်။

"ဒါက အကောင်းဆုံးပဲ"

"နောက်ကျရင် ရှင်က ကျွန်မတို့ရဲ့ အကာအကွယ်ပဲ....အန္တရာယ်တစ်ခုခုရှိလာရင် ဒါမှမဟုတ် စွမ်းအားကြီးတဲ့ နတ်ဆိုးသားရဲတွေ ထွက်ပေါ်လာရင် ကျွန်မဆီကို ချက်ချင်း သတင်းပို့ဖို့ မမေ့နဲ့"

ရီဖုန်းက ခေါင်းညိတ်လိုက်ပြီး မတ်တတ်ထကာ ပျံသန်းရေးလှေတစ်လျှောက် လမ်းလျှောက်ရင်း သူ၏ကြွက်သားများကို ဆန့်ထုတ်လိုက်ကာ မျှော်လင့်ချက်ထားနေပုံ ပေါ်သည်။

ဤရက်များအတွင်းတွင် သူက စားလိုက်အိပ်လိုက် လုပ်နေသည်မှလွဲ၍ တခြားမည်သည့်အရာကိုမျှ မလုပ်ခဲ့ရသဖြင့် ထုံထိုင်းနေလေပြီ။

သတင်းပို့ရန် ကိစ္စကမူ...

ဤသည်က သူ မည်ကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရမည်ဆိုသည့်အပေါ် မူတည်ပေလိမ့်မည်။

သူ၏ တည်ကြည်လေးနက်သော အမူအယာကို ကြည့်ရင်း ခေါင်းဆောင်အမျိုးသမီးက စိတ်သက်သာရာရသွားသည်။

တခြားနှစ်ယောက်ကမူ သိပ်ဂရုမစိုက်ကြဘဲ ရီဖုန်း၏ကမ်းလှမ်းမှုကို ပုံမှန်ကိစ္စတစ်ခုဟုသာ သဘောထားကြသည်။ ဤသည်မှာ အားနည်းသူတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ်သိသော အသိစိတ်မျှသာဖြစ်ပြီး အခြေခံပိုင်းခြားသိမြင်မှုထက် မပိုချေ။

အကယ်၍ တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင်ပင် သခင်မနှင့်သူတို့ကသာ ကိုင်တွယ်ဖြေရှင်းရပေမည်။

ဤကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မြူခိုးများ၏ကြားထဲတွင် ရီဖုန်း၏တန်ဖိုးက ဤမျှသာဖြစ်သည်။

သူသည် ကံကောင်းထောက်မသဖြင့် သခင်မဆီမှ အနည်းငယ် နူးညံ့ပျော့ပျောင်းသော အကြည့်တစ်ချက် ရခဲ့လျှင်ပင် ဤသည်မှာ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သော တန်ဖိုးနှင့် လဲလှယ်လိုက်ရခြင်းပင်။ သို့ရာတွင် သခင်မ၏ သတိထားမိခြင်းကို ခံရသည်ကပင် သူ့ဘဝ၏ အကြီးမားဆုံး ဂုဏ်ယူစရာဖြစ်နေလေပြီ။ ဤကဲ့သို့ကိစ္စမျိုး ထပ်မံ၍ ဖြစ်လာတော့မည် မဟုတ်ချေ။

ဤကဲ့သို့ အရေးမပါသော အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကို များစွာအာရုံစိုက်ရန် မထိုက်တန်ပေ။

အမျိုးသမီးသည် ရှုပ်ထွေးသော လက်ဟန်များကို စတင်၍ ပြုလုပ်လိုက်သည်နှင့် တခြားနှစ်ဦးသည်လည်း မျက်လုံးများကို စုံမှိတ်ကာ ဟင်းလင်းပြင်အဆင့်သို့ ဝင်ရောက်သွားကြသည်။ သူတို့၏ နတ်ဘုရားစိတ်အာရုံများကိုလည်း ပြန်လည်၍ ရုတ်သိမ်းလိုက်ကြ၏။

ထိုလူသုံးယောက်၏ အရှိန်အဝါများသည် လုံးဝနီးပါး ပျောက်ကွယ်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကို အလွန်မှိန်ဖျော့သော အလင်းကွင်းတစ်ခုက လွှမ်းခြုံထားသည်။ ဤသည်ကြောင့် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများကြားတွင် သူတို့ကို သတိထားမိရန် မဖြစ်နိုင်လောက်အောင် အားနည်းပေ၏။

ပျံသန်းရေးလှေတစ်ခုလုံးတွင် ရီဖုန်းတစ်ယောက်တည်းသာ ကျင့်ကြံဆင့်စွမ်းအားမရှိသော သေမျိုးတစ်ယောက်ကဲ့သို့ တစ်ယောက်တည်း လျှောက်သွားနေတော့သည်။

All Chapters