အခန်း (၁၀၃၃)
Vol. 71 Ch. 1033
သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်၍လျှောက်ကြည့်နေသော်လည်း မည်သည့်နတ်ဆိုးမျှ ပေါ်မလာချေ။
ထိုလူသုံးယောက်သည် မျက်လုံးများကို စုံမှိတ်ထားပြီး အိပ်ပျော်နေသည့်အလား မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ ငြိမ်သက်နေကြသည်။
မည်သူမျှ သူ့ကို စောင့်ကြည့်မနေသည်အား မြင်လိုက်ရသဖြင့် ရီဖုန်းသည် ပေါ်ပေါ်တင်တင် အပါးခိုလိုက်ပြီး ပျံသန်းရေးလှေ၏ရှေ့ပိုင်းသို့ လျှောက်လှမ်းသွားလိုက်၏။ သူသည် သူ့အား အတွေ့အကြုံရမှတ်များပေးမည့် ကလေးလေးများ ထွက်ပေါ်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလိုက်သည်။
သို့ရာတွင် သူ ထွက်သွားသည်နှင့် ထိုသုံးဦးလုံး အာရုံခံမိသွားသည်။
လန်ရှင်းမှလာသော ဧည့်သည်တော်များသည် ဟင်းလင်းပြင်အခြေအနေသို့ ဝင်ရောက်နေကြသော်လည်း သူတို့ထံတွင် အာရုံခံနိုင်စွမ်းတချို့ကျန်ရှိနေဆဲပင်။ သူတို့သည် ဆယ်ပေပတ်လည်အတွင်းရှိ အရာအားလုံးကို အာရုံခံနိုင်ကာ အသံဖြင့် ဆက်သွယ်ပြောဆိုနိုင်ကြ၏။ သူတို့သည် လုံးလုံးလျားလျား သတိလစ်ဟင်းနေကြခြင်း မဟုတ်ချေ။
လူငယ်က သံသယဝင်နေသောအသံဖြင့် ပြောဆိုလိုက်ပြီး သူ၏လေသံတွင် မကျေနပ်မှု အရိပ်အယောင်များ ရောယှက်နေသည်။
"ဒီကောင်လေးရဲ့ အပြုအမူတွေက သံသယဖြစ်စရာပဲ....သူက ယုံကြည်ရမယ့်ပုံ မပေါက်ဘူး.... တကယ်လို့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေရင် ဒါမှမဟုတ် နတ်ဆိုးတွေကို မဆင်မခြင် ဆွဲဆောင်လာရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
"ကျွန်တော်ပဲ စောင့်ကြပ်လိုက်ရမလား"
လူလတ်ပိုင်းကြီးက နှစ်သိမ့်သည့်အနေဖြင့် တုံ့ပြန်ပြောဆိုသည်။
"ကိစ္စမရှိပါဘူး..... ဒီလောက်ထိ ကျင့်ကြံဆင့်နိမ့်တဲ့ ဂျူနီယာလေးတစ်ယောက်က စိတ်ပူနေရလောက်တဲ့အထိ တန်ဖိုးမရှိပါဘူး"
ဤစကားများသည် ပို၍တည်ငြိမ်ပြီး သဘောထားကြီးမှုကို ပြသနေသည်။
ထိုစကားသည် ခေါင်းဆောင်အမျိုးသမီး၏ ချီးကျူးမှုကို ရရှိသွားပြီး သူမက တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။
"အမှန်ပဲ.... သူ့ရဲ့ကျင့်ကြံဆင့်က သာမန်ပါပဲ... သူ့ကို သိပ်ပြီး အာရုံစိုက်နေဖို့ မလိုပါဘူး"
"ကျွန်မက ဝင်္ကပါနှစ်ခုကို ခင်းကျင်းထားပြီးသားပါ.....တကယ်လို့ အစွမ်းထက်တဲ့ ခြိမ်းခြောက်မှုတစ်ခုခု ရှိလာရင် ဝင်္ကပါတွေက တုံ့ပြန်တိုက်ခိုက်ဖို့ အသက်ဝင်လာလိမ့်မယ်.... နတ်ဆိုးမျိုးနွယ်စုက အရှင်သခင်အဆင့်တစ်ယောက်တောင် အလွယ်တကူ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး"
"မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် ဒီဝင်္ကပါတွေက ကျွန်မကို နှိုးပါလိမ့်မယ်.... တကယ်လို့ ကျွန်မတို့သာ နတ်ဆိုးတွေရဲ့ ဝိုင်းရံတိုက်ခိုက်တာကို ခံရရင် သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆို အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ်.... နတ်ဆိုးတွေကို သွားပြီး ရန်စတာက သူ သေလမ်းသွားရှာတာနဲ့ အတူတူပဲ... သူ့ရဲ့ကျင့်ကြံဆင့်က နိမ့်ပါးပေမဲ့ သူက သေချင်နေတဲ့ လူမိုက်တစ်ယောက်ပုံစံတော့ မပေါက်ဘူး"
အမျိုးသမီး၏အသံသည် တိုးညှင်းသော်လည်း မေးခွန်းထုတ်ရန်မလိုသော ယုံကြည်မှုတစ်ခု ပါဝင်နေသည်။
သူမ၏ ပြီးပြည့်စုံသော မဟာဗျူဟာသည် တခြားလူနှစ်ဦး၏ လေးစားမှုကို ရရှိသွားစေသည်။
"သခင်မက ဉာဏ်ပညာကြီးမားပါပေတယ်"
အချိန်တခဏကြာမျှ စကားပြောဆိုပြီးနောက် သူတို့သုံးဦးသည် ဆက်လက်၍အနားယူကာ စွမ်းအားများကို ထပ်မံ၍ချွေတာလိုက်ကြသည်။
ပတ်ဝန်းကျင်သည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပေ၏။
ပျံသန်းရေးလှေသည် လေထဲတွင် ရပ်တန့်နေပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးအိမ်တစ်ခုအလား ဖျော့တော့တော့ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။
ရီဖုန်းသည် ရှေ့တွင်ရပ်ကာ အချိန်ကြာမြင့်စွာ ငေးကြည့်နေပြီးနောက် နောက်ဆုံးတွင် သူ၏မျက်လုံးထဲ၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
မြေပြင်ပေါ်ရှိ အနက်ရောင်မြူခိုးများကြားတွင် ဂဏာမငြိမ်ဖြစ်နေသော နတ်ဆိုးပုံရိပ်များ စတင်၍ထွက်ပေါ်လာသည်။ သူတို့သည် မီးရောင်ကို မြင်၍ တိုးဝင်လာသော ပိုးဖလံများအလား ပျံသန်းရေးလှေဆီသို့ တစ်ကောင်ပြီးတစ်ကောင် တိုးဝင်လာကြ၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အောက်ဘက်ရှိ မြေပြင်တွင် အရိပ်မည်းကြီးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ပခုံးကျယ်ပြီး ခါးတုတ်သော မန်ဒိုသားရဲကြီးများ ရုပ်ဆိုးအကျည်းတန်သော နတ်ဆိုးမျိုးစိတ်သစ်များ ထက်ရှသော အစွယ်များနှင့် ခြေသည်းလက်သည်းများ ပါရှိသည့် လင်းနို့ကြီးများ စသဖြင့် ရှိနေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနတ်ဆိုးများသည် အုပ်စုလိုက် ထွက်ပေါ်လာကြပြီး သူတို့၏ မကောင်းဆိုးဝါးအငွေ့အသက်များသည် ကောင်းကင်ယံကိုပင် လွှမ်းမိုးသွားတော့သည်။
ထောင်ပေါင်းများစွာသော နတ်ဆိုးများသည် ဆက်တိုက်ဝင်ရောက်လာကြပြီး မှုန်ဝါးဝါး အနက်ရောင်မြူခိုးများကြားတွင် မရေမတွက်နိုင်သော ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။ ဤသည်ကြောင့် ထိုပုံရိပ်များသည် သဲမုန်တိုင်းတစ်ခုအလား မိုးကောင်းကင်ယံကို ဖုံးကွယ်သွားကာ နက်ရှိုင်းသော အမှောင်ထုကြီးအဖြစ် ပြောင်းလဲသွားစေသည်။
ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်နေပြီး နတ်ဆိုးစွမ်းအင်များ တလိမ့်လိမ့်ထနေသည်။
ရီဖုန်း၏နေရာတွင် တခြားလူတစ်ယောက်သာ ရှိနေပါက တည်ကြည်လေးနက်သော အမူအရာဖြင့် ချွေးစေးများ ပြန်နေလောက်ပေပြီ။
ရီဖုန်းသည် ပို၍ကြည့်မိလေလေ ပို၍သဘောကျလေလေဖြစ်လာပြီး ကြယ်ရောင်ကဲ့သို့ တောက်ပသော အလင်းတန်းများက သူ၏မျက်လုံးများထဲတွင် ထွက်ပေါ်လာသည်။
"နောက်ဆုံးတော့ ရောက်လာကြပြီပဲ....ငါ့ရဲ့ ရတနာဓားကြီးက သွေးဆာနေပြီ"
သူ၏ အချစ်တော် ရတနာဓားကြီးကို ဆွဲထုတ်လိုက်ပြီးနောက် ရီဖုန်းသည် မစောင့်ဆိုင်းနိုင်တော့ဘဲ ပျံသန်းရေးလှေပေါ်မှ ခုန်ဆင်းလိုက်တော့သည်။
"ဘုန်း"
သူ၏ ခန္ဓာကိုယ်သည် အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသော မြေပြင်ပေါ်သို့ ကျရောက်သွားပြီး မြေကြီးများနှင့်ကျောက်ခဲများ လွင့်စင်သွားကာ ရိုက်ခတ်သံက ပဲ့တင်ထပ်သွားသည်။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးများသည် ကြက်သေသေသွားကြပြီး ခေါင်းလောင်းအရွယ်အစားရှိသော မျက်လုံးအမြောက်အများသည် ထိတ်လန့်တုန်လှုပ်သွားသည့်အလား ကြောင်ငေးကြည့်နေကြသည်။
ရုတ်တရက် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများအကြားမှ လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာသည်။
"ဟီး.....ဟီး...."
"သေချင်လွန်းလို့ ရှေ့ထွက်လာတဲ့ လူသားတစ်ယောက်ကို ဒီအရှင်သခင် မြင်ဖူးတာက ဒါပထမဆုံးပဲ....မင်းလည်း သေခြင်းတရားကနေ မလွတ်မြောက်နိုင်မှန်းသိလို့ အမြန်ပြန်ဝင်စားနိုင်အောင် စောစောစီးစီး သေချင်နေတာလား"
ရီဖုန်းက အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
အနက်ရောင်ပုံရိပ်တချို့ ဘေးဖယ်သွားပြီး တောင်ကြီးတစ်လုံးပမာ ဖောင်းပွနေသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဤပုံရိပ်သည် ပေပေါင်းများစွာ မြင့်မားပြီး ခန္ဓာကိုယ်မှနေ၍ အလွန်လိမ်ကောက်နေသော လက်ခုနစ်ချောင်း ရှစ်ချောင်းခန့် ထွက်ပေါ်နေသည်။ ဤသည်က စွမ်းအားကြီးသော နတ်ဆိုးတစ်ကောင် ဖြစ်မည်မှာ သေချာပေါက်ပင်။
ယခုအချိန်တွင် ထိုနတ်ဆိုးသည် လောဘတကြီးနှင့် သွေးဆာနေသော အပြုံးတစ်ခုကို ပြသနေသော်လည်း စာနာသနားသည့်ပုံစံမျိုးလည်း ရောယှက်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးအငွေ့အသက်များကို ထုတ်လွှတ်ထားပြီး အနက်ရောင်မြူခိုးများသည် သူ၏ကြီးမားသော ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်နေပေ၏။
'ဒီနတ်ဆိုးက ပုံမှန်မဟုတ်ဘူး.... သူ အတော်လေး သန်မာပါစေလို့ မျှော်လင့်ရတာပဲ'
ရီဖုန်း၏မျက်လုံးများ တောက်ပသွားပြီး တုံ့ပြန်ပြောဆိုလိုက်သည်။
"မင်း ငါ့ကို သတ်ပေးနိုင်မယ်ဆိုရင် ငါ တကယ်ကျေးဇူးတင်မှာပါ"