← Chapters

အခန်း (၁၀၃၅)

Vol. 71 Ch. 1035

အခန်း (၁၀၃၅)

Vol. 71 Ch. 1035

ရီဖုန်း၏မေးခွန်းကြောင့် ချင်းယင် အံ့အားသင့်သွားသည်။

သူ၏ မျှော်လင့်တကြီးဖြစ်နေသော အကြည့်ကို မြင်တွေ့ချိန်တွင် သူမသည်လအမှန်တရားကို ခန့်မှန်းမိလေ၏။

ရီဖုန်းသည် ခြေလှမ်းတစ်ဝက် သူတော်စင်အဆင့်သာရှိပြီး သူ့ထံမှ မည်သည့်တာအိုစွမ်းအားမျှ ထွက်ပေါ်နေခြင်း မရှိချေ။ သူ၏ပါရမီသည် အလွန်ကန့်သတ်ချက်ရှိပြီး ဤဘဝတသက်တာ၌ ကျင့်ကြံဆင့် ထပ်မံ၍မြင့်တက်ရန် ခက်ခဲပေလိမ့်မည်။ လန်ရှင်းနယ်မြေ၏ စွမ်းအားအကြောင်းကို ကြားသိလိုက်ချိန်၌ သူ အားကျသွားသည်မှာ သဘာဝကျသည်။

လူသားဟူသရွေ့ မြင့်မားသောနေရာသို့ ရောက်လိုကြသည်မှာ ထူးဆန်းခြင်းမရှိပေ။

အချိန်တခဏကြာမျှ တွေးတောပြီးနောက် ချင်းယင်သည် သူ့ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။

"ကျွန်မတို့က လန်ရှင်းကို ပို့ပြီး လေ့ကျင့်ပေးဖို့ ပါရမီရှင်တွေကို ရွေးချယ်ဖို့ စီစဥ်ထားတာတော့ အမှန်ပဲ...အမှန်အတိုင်း ပြောရရင် ရှင်က သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး"

"ဒါပေမဲ့ ရှင်က ကျွန်မတို့ရဲ့ တာဝန်ပြီးမြောက်အောင် ကူညီပေးမယ်ဆိုရင် ပြီးတော့ လမ်းပြအဖြစ် တာဝန်ကျေမယ်ဆိုရင် အဲ့ဒါက အကျိုးဆောင်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်.... အဲ့ဒီအချိန်ကျရင် ကျွန်မက ရှင့်အတွက် နေရာတစ်နေရာ ပေးကောင်းပေးနိုင်လိမ့်မယ်"

ရီဖုန်း စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော အဘိုးအိုက ရုတ်တရက် အော်ဟစ်သတိပေးသည်။

"မကောင်းတော့ဘူး...ရှေ့မှာ နတ်ဆိုးမျိုးနွယ်ရဲ့ အရိပ်အယောင်တွေ ရှိနေတယ်"

ထိုစကားကို ကြားသည်နှင့် မိန်းကလေးချင်းယင်က အဝေးသို့ လှမ်းကြည့်လိုက်ရာ အနက်ရောင်မြူခိုးများကြားတွင် ရွေ့လျားနေသော ဧရာမအရိပ်မည်းကြီးများကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။ ချင်းယင်သည် သူမ၏နတ်ဘုရားစိတ်အာရုံကို တတ်နိုင်သမျှ ဖြန့်ကျက်လိုက်ရာ စွမ်းအားကြီးသော အရှိန်အဝါတချို့ကိုလည်း အာရုံခံမိလေ၏။

သူမသည် မတ်တတ်ထရပ်ပြီး သူမ၏ခန္ဓာကိုယ်ကိုညွတ်ကိုင်းကာ ရီဖုန်းအား ပြောဆိုလိုက်သည်။

"ရှင် သိသင့်တာတွေ သိပြီးပြီဆိုတော့ ဒီခရီးစဉ်က အရမ်းအရေးကြီးတယ် ...အခု နတ်ဆိုးမျိုးနွယ်တွေကို တွေ့ပြီဆိုတော့ ကျွန်မတို့ သွားသတ်လိုက်မယ်... ရှင်က ပျံသန်းရေးလှေကို စောင့်ကြပ်ပေးပါ"

ထိုသို့ပြောပြီးသည်နှင့် အလင်းတန်းသုံးတန်းသည် အနက်ရောင်မြူခိုးများကြားသို့ ပျံသန်းသွားကြပြီး ရီဖုန်းကမူ ကြောင်ငေးကြည့်ပြီး ကျန်နေရစ်ခဲ့ရသည်။

မိန်းကလေးချင်းယင်နှင့် တခြားနှစ်ယောက်သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။ ဆယ်ငါးမိခန့်ကြာအောင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ပြီးနောက် သူတို့သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း ပျံသန်းရေးလှေပေါ်သို့ ပြန်ရောက်လာကြ၏။

ပျံသန်းရေးလှေသည် အဆုံးမဲ့ကျယ်ဝန်းသော အနက်ရောင်နယ်မြေကို ဖြတ်သန်းပြီး ယခင်အတိုင်း ဆက်လက်၍ ရွေ့လျားနေသည်။

သို့ရာတွင် အချိန်ကောင်းများသည် ကြာရှည်မခံချေ။

ပျံသန်းရေးလှေ ထွက်ခွာလာသည်မှာ နေ့ဝက်သာ ရှိသေးသော်လည်း ထပ်မံ၍ ယာယီအနားယူလိုက်ရသည်။ ရီဖုန်းက လှေကို ဆက်လက်၍ စောင့်ကြပ်ပေးရန်နှင့် လန်ရှင်းသို့ သွားမည့်အကြောင်း မေးမြန်းရန် ကြံစည်ထားသည်။

သို့ရာတွင် မိန်းကလေးချင်းယင်က တည်ငြိမ်သောလေသံဖြင့် ဟန့်တားလေသည်။

"ရှင် ခဏနားလိုက်ပါ.... ဒီတစ်ခေါက်က တခြားလူတစ်ယောက် စောင့်လိမ့်မယ်"

သူမသည် စကားပြောရင်း လူငယ်ထိပ်သီးကျင့်ကြံသူဘက်သို့ အကြည့်ရောက်သွားလေသည်။

ထိုလူငယ်သည်လည်း အလွန် စိတ်အားထက်သန်နေပြီး ဦးညွှတ်အရိုအသေပြုကာ သူ၏ဆန္ဒအလျောက် တာဝန်ယူပေးမည်ဟု ကမ်းလှမ်းလိုက်သည်။

ထို့နောက် ရီဖုန်းလည်း စကားဝင်မပြောတော့ချေ။ နတ်ဆိုးများကို သတ်ဖြတ်ခြင်းသည် သူ၏အတွေ့အကြုံရမှတ်ကို တိုးစေသော်လည်း သေလမ်းသို့ သွားရမည့် လမ်းခရီးကို ပို၍ခက်ခဲစေသည်။

ထို့ကြောင့် ဤကိစ္စမျိုးကို အတင်းအကြပ် လုပ်ယူ၍မရနိုင်ချေ။ သူသည် နတ်ဆိုးများရှိနေလျှင် သတ်ဖြတ်ရမည်ဖြစ်ပြီး မရှိလျှင်လည်း လိုက်လံရှာဖွေနေမည် မဟုတ်ပေ။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ရီဖုန်းထံမှ ဟောက်သံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

မကြာမီမှာပင် အော်သံတစ်သံကို သူ ကြားလိုက်ရသည်။

သူသည် ဝေဝါးနေသော အိပ်ချင်မူးတူး မျက်လုံးများဖြင့် ကြည့်လိုက်ရာ လူငယ်သည် တည်ကြည်လေးနက်သော အမူအယာဖြင့် တခြားလူနှစ်ဦးကို နှိုးနေသည်အား မြင်တွေ့လိုက်ရသည်။ ထိုလူသုံးဦးသည် တည်ကြည်လေးနက်သော မျက်နှာအမူအယာများဖြင့် ပျံသန်းရေးလှေပေါ်မှ ဆင်းကာ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲကြတော့သည်။ သူတို့သည် မည်သည့်အရာကို တွေ့လိုက်ရကြောင်း သူ မသိသော်လည်း မကြာမီမှာပင် ပြန်ရောက်လာကြသည်။

ဤသည်က အဆင့်နိမ့် နတ်ဆိုးသားရဲတချို့ ဖြစ်ပုံရသည်။

ထိုဂြိုဟ်သားသုံးယောက် ပင်ပန်းနေမည်မနေမည်ကိုမူ သူ စိတ်မပူချေ။ သို့ရာတွင် သူ အိပ်ကောင်းနေချိန်တွင် အနှိုးခံရခြင်းက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာပင်။

ဤလူငယ်ထိပ်သီးကျင့်ကြံသူသည် အလွန်သတိကြီးပေ၏။ နတ်ဆိုးတစ်ကောင်တွေ့တိုင်း သူ ပျာပျာသလဲ ဖြစ်နေတတ်သည်။ ဤလူငယ်သည် ခဲမှန်ထားသော စာသူငယ်တစ်ကောင်အလား အလွန်အမင်း စိတ်လှုပ်ရှားနေလေရာ ဤသို့သောပုံစံဖြင့် သူ မည်သို့ အိပ်စက်နိုင်မည်နည်း။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ရီဖုန်းက ထိုလူငယ်ကို ပြောဆိုလိုက်သည်။

"ညီအစ်ကို...ကျွန်တော် စောင့်ပေးပါရစေ... နတ်ဆိုးတွေရှိရင် ကျွန်တော်က ခင်ဗျားတို့ကို လှမ်းခေါ်လိုက်မယ်"

လူငယ်က ရီဖုန်းကို တစ်ချက်ကြည့်ပြီး တဲ့တိုးငြင်းဆန်သည်။

"မလိုပါဘူး"

"ငါတို့က အနက်ရောင်နယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို ရောက်နေပြီ....နည်းနည်းလေးမှ ပေါ့ဆလို့ မရဘူး...တစ်ခုခုဖြစ်ရင် ချက်ချင်း တုံ့ပြန်ရမယ်"

သူ၏စကားများသည် ယဉ်ကျေးသော်လည်း လက်တွေ့တွင်မူ ရီဖုန်းကို မယုံကြည်ခြင်းပင်။ ထိုစကားလုံးများ၏နောက်ကွယ်တွင် 'မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်းတယ်' ဟူသော အဓိပ္ပါယ်မျိုး သက်ရောက်နေသည်။

ရီဖုန်းက သူ၏နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး တုံ့ပြန်ပြောဆိုခြင်း မပြုတော့ချေ။

ပျံသန်းရေးလှေသည် ရပ်လိုက်သွားလိုက်ဖြင့် သုံးယောက်သား အလှည့်ကျ စောင့်ကြပ်နေကြ၏။

မိန်းကလေးချင်းယင် လှေကို စောင့်နေချိန်မှလွဲ၍ ရီဖုန်း အကြိမ်ကြိမ် အနှိုးခံရသည်။ သူသည် အိပ်၍မရတော့အပြင် ပျင်းလည်းပျင်းနေလေပြီ။ နောက်ဆုံးတွင် တတိယအကြိမ်မြောက် ရပ်နားပြီးနောက် သူ မနေနိုင်တော့ဘဲ ပြောဆိုလိုက်သည်။

"ကျွန်တော် စောင့်ပေးရမလား"

ထိုစကား ထွက်လာသည်နှင့် အမျိုးသားနှစ်ယောက်က အဓိပ္ပါယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်ကြသည်။

သူတို့၏အမူအယာများသည် ရှုပ်ထွေးနေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အဆင့်ထိ မရောက်သေးသော်လည်း ထူးဆန်းနေသည်။ သူတို့၏ အမူအယာသည် "မင်းက အရမ်းနုသေးတယ်" ဟု ပြောနေသည့်အလားပင်။

ဆန့်ကျင်ဘက်အနေဖြင့် မိန်းကလေးချင်းယင်၏စကားများသည် ပို၍နားဝင်ချိုပေ၏။

"အလှည့်ကျ စောင့်ကြတာပေါ့... အခုတလောမှာ ထွက်ပေါ်လာတဲ့ နတ်ဆိုးသားရဲတွေက ပိုပိုပြီး စွမ်းအားကြီးလာတယ်.... ရှင်လည်း နားဖို့ လိုတယ်....နောက်ကျရင် ကြယ်တာရာတံခါးပေါက်ကို ဖြေရှင်းဖို့ အနက်ရောင်နယ်မြေထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ဝင်တဲ့အချိန်မှာ ရှင်တစ်ယောက်တည်း ပျံသန်းရေးလှေကို စောင့်ကြည့်ပေးဖို့ လိုလိမ့်မယ်"

သူမ၏စကားများသည် အမြဲတစေ ပွင့်လင်းသော်လည်း ပို၍လက်ခံချင်ဖွယ် ကောင်းသည်။

အနည်းဆုံးအနေဖြင့် ထိုထူးဆန်းသော အကြည့်များထက် ပို၍သက်တောင့်သက်သာရှိသည်။

ရီဖုန်းက လက်ကာပြပြီး သဘောတူလိုက်ရတော့သည်။

"ကောင်းပြီလေ"

ဤတစ်ကြိမ်တွင်မူ လူလတ်ပိုင်းကြီး၏အလှည့်ပင်။

မကြာခဏအနားယူခြင်းက ရီဖုန်းကို ဆက်လက်၍ ဒုက္ခပေးနေသည်။

မကြာမီမှာပင် လူလတ်ပိုင်းကြီးက အော်ဟစ်လိုက်ပြီး သုံးယောက်သား အရပ်မျက်နှာအနှံ့အပြားသို့ ပြေးထွက်သွားကြသည်။ သူတို့သည် အချိန်တခဏကြာ တိုက်ခိုက်ကြပြီးနောက် ပြန်လာကြ၏။ မိန်းကလေးချင်းယင်သည် အနည်းငယ် ပင်ပန်းနေပုံရပြီး လူလတ်ပိုင်းကြီးနှင့်လူငယ်သည်လည်း မောဟိုက်နေကြသည်။

"ခင်ဗျားတို့ အဆင်ပြေရဲ့လား"

သူတို့၏အခြေအနေကို မြင်တွေ့ပြီးနောက် ရီဖုန်းက ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။

"ကျွန်မတို့ အဆင်ပြေပါတယ်...ဒီတစ်ခါ ထွက်ပေါ်လာတဲ့ နတ်ဆိုးသားရဲတွေက နည်းနည်းအစွမ်းထက်တယ်... ဒါပေမဲ့ ဘာမှ မဖြစ်ပါဘူး"

မိန်းကလေးချင်းယင်က တည်ငြိမ်စွာ ပြောဆိုသည်။

သို့သော် သူမနောက်မှ နှစ်ယောက်မှာမူ ရုန်းကန်နေရပြီး ဝင်ရောက်၍ ညည်းညူကြသည်။

"ဟူး..."

"လွန်ခဲ့တဲ့ရက်တွေမှာ ထွက်ပေါ်လာတဲ့ နတ်ဆိုးတွေက ပိုပိုပြီးသန်မာလာတယ်.... ပြီးတော့ အရေအတွက်လည်း များလာတယ်.... ဒီခရီးစဉ်က တကယ့်ကို အန္တရာယ်များတာပဲ"

"ဟုတ်တယ် ကံကောင်းလို့ အကြီးအကဲနဲ့ ကျွန်တော်တို့ အလှည့်ကျ စောင့်နေကြလို့သာပဲ.... တကယ်လို့ သူသာဆိုရင် သူ့ရဲ့ ခြေလှမ်းတစ်ဝက်သူတော်စင် ကျင့်ကြံဆင့်လောက်နဲ့ ဝင်ရောက်လာတဲ့ နတ်ဆိုးတွေကိုတောင် အာရုံခံမိမှာ မဟုတ်ဘူး.... အဲ့ဒါဆိုရင် အန္တရာယ် ရှိနိုင်တယ်"

ထိုလူသုံးယောက်သည် အနားယူရန် ထိုင်လိုက်ကြပြီး အနည်းငယ် ပင်ပန်းနေပုံရကာ အခြေအနေသည် အနည်းငယ် တည်ကြည်လေးနက်နေပေ၏။

အချိန်တခဏကြာ ကျင့်ကြံပြီးနောက် ပြန်လည်သက်သာလာချိန်၌ ထိုလူနှစ်ယောက်သည် အလှည့်ကျ စောင့်ကြပ်ရန် တပြိုင်နက်တည်းနီးပါး တောင်းဆိုကြသည်။

"လူအိုကြီး.. ဒီတစ်ကြိမ်မှာ ကျွန်တော့်ကို စောင့်ကြပ်ခိုင်းပါ"

"သခင်မလေး....ဒီလူအိုကြီးရဲ့ ကျင့်ကြံဆင့်က နိမ့်ပါးပါတယ်.....နောက်ကျရင် ကြယ်တာရာတံခါးပေါက်ကို ဖြေရှင်းတဲ့အခါ သခင်မလေးရဲ့ အကူအညီကို လိုအပ်ပါလိမ့်မယ်....ဒီတစ်ကြိမ်တော့ ငါ့ကို တာဝန်ယူပြီး စောင့်ရှောက်ခွင့်ပြုပါ"

မိန်းကလေးချင်းယင်က မျက်လုံးဖွင့်ကြည့်ပြီး ကန့်ကွက်လိုက်၏။

"မဖြစ်ဘူး...."

"ရှင်တို့နှစ်ယောက်က အရင်တိုက်ခိုက်မှု နှစ်ကြိမ်မှာ စွမ်းအင်တွေ အများကြီး ကုန်ဆုံးထားတယ်.... ဒီအနက်ရောင်နယ်မြေက အရမ်းထူးဆန်းတယ်.... ရှင်တို့ရဲ့ စွမ်းအားတွေကို ထိန်းသိမ်းထားရမယ်...ကျွန်မပဲ လုပ်လိုက်မယ်"

ထိုသုံးယောက်သည် အဆုံးမရှိ ငြင်းခုံနေကြပြီး အကျပ်အတည်းကာလတွင် သူတို့၏ ဖြောင့်မတ်မှန်ကန်မှုကို ပြသနေကြသည်။

ရီဖုန်းကမူ သူတို့၏ ယခင်စကားများကို ပြန်လည်ကြားယောင်နေပြီး သူ၏မျက်လုံးများ တောက်ပနေသည်။

'နတ်ဆိုးတွေက ပိုပိုပြီး သန်မာလာတယ်တဲ့လား'

ထိုသုံးယောက်၏ အငြင်းပွားနေသော ရပ်တည်ချက်ကို ကြည့်ခြင်းဖြင့် ဤကိစ္စသည် အမှန်ဖြစ်ပုံရသည်။

ဤသည်က အခွင့်ကောင်းဖြစ်သဖြင့် သူကိုယ်တိုင် စမ်းကြည့်ရပေမည်။

အမှန်အားဖြင့် သူ သေသွားလျှင်လည်း အကောင်းဆုံးပင်။ အလွန်ဆုံးအနေဖြင့် သူ မသေခင် သူတို့ဆီ အသံသတင်းစကားတစ်ခု ပေးပို့လိုက်ပေမည်။ သူ မသေလျှင်လည်း မည်သည့်အရာကိုမျှ မဆုံးရှုံးနိုင်သည့်အပြင် အတွေ့အကြုံရမှတ်များ ပိုရလာပေမည်။

သူ စဉ်းစားလေလေ ပို၍စိတ်အားထက်သန်လာလေပင်။ ထိုလူသုံးယောက် ငြင်းခုံနေသည်ကို မြင်ရသည်မှာ ဤတစ်ကြိမ် ထွက်ပေါ်လာမည့် နတ်ဆိုးများသည် မယုံနိုင်လောက်အောင် သန်မာလိမ့်မည်ဟု ရီဖုန်းကို သွယ်ဝိုက်ပြောပြနေသည့်အလားပင်။

ရီဖုန်းသည် သူ၏ပေါင်ကို ပြင်းပြင်းရိုက်ပုတ်ပြီး ကျယ်လောင်စွာ အော်ဟစ်၍ ပြောဆိုလိုက်သည်။

"အားလုံး ငြင်းမနေကြနဲ့တော့...."

"ဒီတစ်ခေါက်က ကျွန်တော့်ရဲ့အလှည့်ပဲ....ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ပေးလုပ်ရမယ်"

သူ၏စကားသံများ ပဲ့တင်ထပ်သွားပြီး သုံးယောက်သား ကြောင်အသွားကြသည်။

သာမန် ခြေလှမ်းတစ်ဝက် သူတော်စင်တစ်ယောက်သည် ဤမျှထိ ပြတ်သားမှုမျိုးဖြင့် ပြောဆိုလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

အမျိုးသားနှစ်ယောက်က သူ့ကို လေးစားမှုအသစ်ဖြင့် ကြည့်လိုက်ကြသည်။

မိန်းကလေးချင်းယင်၏မျက်လုံးများထဲတွင်လည်း အံ့အားသင့်မှုများ ပေါ်လာပြီး သူ့ကို တိတ်တဆိတ် အကဲခတ်နေပေ၏။

"ရှင် သေချာလို့လား..."

သူမ၏စကား မဆုံးခင်မှာပင် ရီဖုန်း၏ ခိုင်မာပြတ်သားသောအသံ ထွက်ပေါ်လာသည်။

"ကျွန်တော် သေချာတယ်"

"ဒါဆိုရင်... ကောင်းပြီလေ"

သူမ နောက်လိုက်နှစ်ယောက်၏ အလွန်အမင်း မောပန်းနွမ်းနယ်မှုနှင့် မျှော်လင့်မထားသော ဆိုးရွားသည့် အခြေအနေကို ထည့်သွင်းစဉ်းစားပြီးနောက် သူမသည် အချိန်ကြာမြင့်စွာ တွေဝေတုံ့ဆိုင်းနေပြီးမှ သဘောတူလိုက်၏။

"ဒါပေမဲ့ ရှင် သတိထားအုံး....ဒါက အနက်ရောင်နယ်မြေရဲ့အတွင်းပိုင်းကို ရောက်နေပြီ....အချိန်တိုင်းမှာ သတိရှိရမယ်....ကိစ္စတိုင်းမှာ သတိထားဖို့ ကြိုးစားပါ"

သူမ စကားပြောဆိုနေစဉ်မှာပင် သူ့ကို အကြိမ်ကြိမ် အလေးထား၍ သတိပေးနေသည်။

"မှတ်ထားပါ... ရှင့်ရဲ့ ဘေးကင်းရေးကို ဦးစားပေးရမယ်... တစ်ခုခုဖြစ်ရင် ကျွန်မဆီကို ချက်ချင်းသတင်းပို့ပါ....."

ရီဖုန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

သူ၏စိတ်ဓာတ်တက်ကြွနေသော အခြေအနေက တခြားနှစ်ယောက်ကို လေးစားမှုဖြင့် ကြည့်စေခဲ့ပြီး ယခင်က ဆက်ဆံပုံအတွက် အနည်းငယ်ပင် အားနာစိတ် ဖြစ်သွားစေသည်။

လူငယ်သည် မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ပြီး ယခင်အမူအယာ ပြောင်းလဲသွားသည်။

"အစ်ကိုရီရဲ့ ဖြောင့်မတ်မှုကို ကျွန်တော်ရဲ့စိတ်ထဲမှာ မှတ်သားထားပါ့မယ်"

လူလတ်ပိုင်းကြီးကလည်း ရီဖုန်း၏အနားသို့ ကပ်လာပြီး ရင်းနှီးသော အမူအယာဖြင့် ဆုံးမစကား ပြောဆိုသည်။

"လူငယ်လေး.... ဒီလိုသစ္စာတရားမျိုး ရှိတဲ့လူက ရှားပါးတယ်....ဒီလူအိုကြီးက အတိုင်းအဆမရှိ ကျေးဇူးတင်မိတယ်....ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု တစ်ခုခုရှိရင် ငါတို့ကို သတင်းပို့ဖို့ သတိရပါ.... အရှင်မ ပြောသလိုပဲ မင်းရဲ့ ဘေးကင်းရေးကို ဦးစားပေးရမယ်"

"မင်း မှတ်ထားရမှာက လှေပေါ်ကနေ လွယ်လွယ်ကူကူ ဆင်းမသွားနဲ့....ပြီးတော့ နတ်ဆိုးသားရဲတွေနဲ့ တစ်ယောက်တည်း ဘယ်တော့မှ မတိုက်ခိုက်ပါနဲ့"

သူ ဆုံးမစကား ပြောရင်း ရီဖုန်း၏ပခုံးကို ဖွဖွလေး ပုတ်လိုက်၏။

ထိုလူလတ်ပိုင်းကြီး၏သဘောထား ပြောင်းလဲသွားရုံသာမက သုံးနှုန်းသည့် အခေါ်အဝေါ်လည်း ပို၍ရင်းနှီးလာခဲ့သည်။

ရီဖုန်းကလည်း အခြေအနေနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် သဘောတူလိုက်သည်။

"စိတ်မပူပါနဲ့...."

ပြောဆိုဆုံးမမှုများနှင့် သတိပေးချက် အမျိုးမျိုးအတွက်ကမူ...

သူ၏ ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားမှ ထွက်သွားလေသည်။

ထိုလူသုံးယောက် အနားယူကာ သူတို့၏အရှိန်အဝါများကို လုံးဝဖုံးကွယ်လိုက်ပြီးနောက်...

ရီဖုန်းသည် နောက်ဆုံးတွင် မျှော်လင့်ချက်များပြည့်နှက်နေသော အပြုံးဖြင့် သူ၏ဓားကြီးကို တိတ်တဆိတ် ဆွဲထုတ်လိုက်လေသည်။

သူသည် ပျံသန်းရေးလှေ၏ရှေ့ဆုံးတွင် မတ်တတ်ရပ်ပြီး အောက်ဘက်ရှိ အရိပ်မည်းကြီးများကို တိတ်တဆိတ် စောင့်ကြည့်လိုက်၏။

ထို့နောက် ရီဖုန်းသည် စိတ်မရှည်စွာဖြင့် အနက်ရောင်မြူခိုးထဲသို့ ခုန်ဆင်းလိုက်ပြီး ပြင်းထန်သော တိုက်ပွဲကို ချက်ချင်းဆင်နွှဲလိုက်တော့သည်။ ကံမကောင်းစွာဖြင့် မည်သည့် စွမ်းအားကြီး နတ်ဆိုးသားရဲနှင့်မျှ မတွေ့ရဘဲ အားနည်းသည့် ပွယောင်းယောင်းအကောင်တစ်သိုက်နှင့်သာ တွေ့လိုက်ရသည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်မပြည့်မီမှာပင် ထိတ်လန့်တကြား ထွက်ပြေးနေသော နတ်ဆိုးသားရဲအနည်းငယ်သာ ကျန်ရစ်တော့ပေ၏။

ရီဖုန်း၏နဖူးပေါ်တွင် အမည်းရောင်အစင်းကြောင်းများ ပေါ်လာပြီး သူ၏မျက်လုံးထဲရှိ ဒေါသအရိပ်အယောင်များ ပို၍ပြင်းထန်လာသည်။

'ဒါတွေက ဘာတွေလဲ....ပြောတော့ စွမ်းအားကြီးတဲ့ နတ်ဆိုးသားရဲတွေဆို....'

သူသည် ဓားကြီးကို ဝှေ့ယမ်းပြီး နတ်ဆိုးသားရဲများကို သတ်ဖြတ်လိုက်ရာ အတွေ့အကြုံရမှတ်အနည်းငယ် မြင့်တက်လာသည်။

သူ၏နံဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများကို ပြန်ကြည့်လိုက်ရာ မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ဘဲ ယခင်ကထက်ပင် ပို၍တိတ်ဆိတ်နေသည်။ ခြိမ်းခြောက်မှုကို မဆိုထားနှင့် သရဲတစ္ဆေတစ်ကောင်ကိုပင် မမြင်ရတော့ချေ။

ဤအခြေအနေတွင် သူ သေဆုံးရန်အခွင့်အရေး လုံးဝမရှိတော့ပေ။

'နတ်ဆိုးတွေ မကျန်တော့ဘူးဆိုတော့ ငါ စောင့်ကြပ်နေရတာက ဘာအဓိပ္ပါယ် ရှိတော့မှာလဲ'

ရီဖုန်း အလွန် စိတ်ပျက်သွားပြီး သူ့ကိုယ်သူ စမ်းသပ်ရန်အတွက် နတ်ဆိုးများကို ရှာလိုစိတ် မရှိတော့ချေ။

သူသည် အလွန်ပျင်းရိဖွယ်ကောင်းသည်ဟု တွေးတောမိသဖြင့် မနက်စာ အရင်ပြန်စားပြီး မျက်နှာသစ်ရန် ဆုံးဖြတ်လိုက်၏။

ထို့ကြောင့် သူသည် မန်မန် ကို ဆင့်ခေါ်လိုက်ပြီး မျက်တောင်တစ်ခတ်စာအတွင်း ရွာသို့ ပြန်ရောက်သွားသည်။

သူ ဆန်ပြုတ်အနည်းငယ် စားပြီး စိတ်ပျက်လက်ပျက်ဖြင့် အရက်နှစ်ငုံ သောက်လိုက်ကာ အစားစားချင်စိတ် လုံးဝမရှိချေ။ သူသည် မက်မွန်သီးတစ်လုံးကိုယူကာ ကိုက်လိုက်ပြီး ချက်ချင်းပင် ရှုံမဲ့နေသောအမူအယာ ဖြစ်သွားပေ၏။

"ထွီ"

"ဘာမက်မွန်သီးမို့လို့ ဒီလောက် ချဉ်ရတာလဲ"

ကံဆိုးနေချိန်၌ ရေအေးသောက်လျှင်ပင် သီးတတ်သည်ဟူသော စကားအတိုင်း အရာအားလုံး လွဲချော်နေသည်။ ရီဖုန်းသည် ညည်းညူရင်း အပြန်လမ်းခရီးအတွက် မန်မန်၏ ကျောပေါ်တွင်ထိုင်ကာ သူ တစ်ကိုက်ကိုက်ထားသော မက်မွန်သီးကို ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်သည်။

သူ ထွက်ခွာသွားသော်လည်း မက်မွန်သီးသည် ပြီးပြည့်စုံသော အကွေ့အဝိုက် ပုံစံဖြင့် ကျဆင်းသွားသည်။

"ဝုန်း..."

ဝေ့သုန်းဟိုင် ခြံဝင်းထဲတွင် ကျင့်ကြံနေစဉ်တွင် ရင်းနှီးနေသော ဆဲရေးသံကို ရုတ်တရက် ကြားလိုက်ရပြီးနောက် 'ဝုန်း' ခနဲ အသံကို ကြားလိုက်ရသည်။ ဤသည်မှာ မက်မွန်သီးတစ်ခြမ်းသည် ခြံဝန်းထဲတွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားအောင် ထုချလိုက်ခြင်းပင်။

ဤသည်က သူ နားကြားမှားခြင်း မဟုတ်သည့်အပြင် အမြင်မှားနေခြင်းလည်း မဟုတ်ချေ။

ဤတစ်ကြိမ်၌ သူ့ထံတွင် ခိုင်လုံသောသက်သေ ရှိနေလေပြီ။

"စီနီယာရီ.... စီနီယာရီက တကယ်ကြီး ပြန်လာတာပဲ"

ဝေ့သုန်းဟိုင်က မက်မွန်သီးတစ်ခြမ်းကို ကောက်ယူပြီး အိမ်ထဲသို့ ပြေးဝင်သွားသည်။ သူ၏မျက်နှာပေါ်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေမှုများ ထင်ဟပ်နေသည်။ သူသည် မက်မွန်သီးကို ကျူးဝူရ၏မျက်နှာနားသို့ ကပ်လုနီးပါး ထိုးပေးလိုက်ပြီး သူ၏မျက်လုံးများတွင် ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်း သက်သေပြလိုသည့် စွဲလမ်းမှုများဖြင့် ပြည့်နှက်နေပေ၏။

သူ မက်မွန်သီးကို ကိုင်ထားသည့် စိတ်အားထက်သန်သောပုံစံကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်ဘဲ ရူးသွပ်နေသည့် လက္ခဏာများ ပြသနေသည့်အလားပင်။

ကျူးဝူရသည် ချဉ်စုတ်နေသော မက်မွန်သီးကို ဖြည်းညှင်းစွာ တွန်းဖယ်လိုက်ပြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဤတစ်ကြိမ်တွင် သူသည် လှောင်ပြောင်ခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် ဆုံးမခြင်း မပြုတော့ချေ။ သူသည် တည်ကြည်လေးနက်သော အမူအယာကို ပြသထားပြီး ရူးသွပ်နေပုံရသော ဝေ့သုန်းဟိုင်ကို တိတ်တဆိတ် ကြည့်နေလေ၏။

"ဟူး..."

ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည့် ကျူးဝူရ၏သက်ပြင်းချသံသည် ဝေ့သုန်းဟိုင်၏ရူးသွပ်သော အော်ဟစ်သံများကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

ရီဖုန်းသည် ပျံသန်းရေးလှေသို့ ပြန်ရောက်လာပြီး ကုန်းပတ်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းရင်း သူ၏မျှော်လင့်ချက်များအားလုံး ပျောက်ဆုံးသွားခဲ့လေပြီ။

ပတ်ဝန်းကျင်နေရာတဝိုက်သည် ညဉ့်နက်သန်းခေါင်၏ တိတ်ဆိတ်မှုကဲ့သို့ ထူးဆန်းစွာ ငြိမ်သက်နေပေ၏။

အချိန်မည်မျှ ကြာသွားသည်မသိရသော်လည်း ထိုလူသုံးယောက် တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။ ပတ်ဝန်းကျင်တွင် အရာအားလုံး အဆင်ပြေနေသည်ကို မြင်တွေ့ချိန်၌ သူတို့ အံ့အားသင့်မဆုံး ဖြစ်သွားကြတော့သည်။

မိန်းကလေးချင်းယင်သည် ကောင်းကောင်းမွန်မွန် အနားယူလိုက်ရသဖြင့် သူမ၏ ကြည်လင်သောမျက်ဝန်းများတွင် မောပန်းနွမ်းနယ်မှုများ မရှိတော့ချေ။

သူတို့သုံးယောက်သား စိတ်လက်ပေါ့ပါးနေပုံရပြီး ရီဖုန်းရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။

"ထူးခြားတာ ဘာရှိလဲ"

ချင်းယင်က သူမ၏စိတ်ထဲရှိ မေးခွန်းကို အလောတကြီး မေးမြန်းလိုက်သည်။

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ရီဖုန်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်၏။

"ဘာမှ မရှိပါဘူး"

လူငယ်ကျင့်ကြံသူသည် အလွန်အံ့အားသင့်သွားပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ငါတို့က နတ်ဆိုးသားရဲတွေနဲ့ အကြိမ်ကြိမ် တွေ့ခဲ့ရတာ....သူတို့က အရမ်းအစွမ်းထက်တယ်.... မင်း ဘာမှ မတွေ့ခဲ့ဘူးလား"

သို့ရာတွင် ရီဖုန်း၏ ပျင်းရိသော အမူအယာကို ကြည့်ပြီး ညဉ့်နက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို ခံစားမိချိန်၌...

ထိုလူငယ်သည် တိတ်ဆိတ်သွားပြီး သူ့ထံ၌ သံသယများသာ ပြည့်နှက်နေတော့သည်။

လူလတ်ပိုင်းကြီးကမူ သူ၏မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။

"ဟူး....မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတာက ကျင့်ကြံဆင့်တစ်ခုတည်း မဟုတ်ဘူး..... ကံတရားဆိုတဲ့ သဘောတရားလည်း ရှိသေးတယ် ရီဖုန်းက နတ်ဆိုးသားရဲတွေရဲ့ နှောင့်ယှက်တာကို မခံရဘဲနဲ့ အေးအေးချမ်းချမ်း စောင့်ကြပ်နိုင်တာက သူ့မှာ ထူးကဲတဲ့ ကံတရားရှိလို့ ဖြစ်ရမယ်... ဒါကလည်း စွမ်းအားတစ်မျိုးပါပဲ"

"ကောင်းကင်ဘုံက သူ့ကို မျက်နှာသာပေးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

"သူ့ကို ဘာကြောင့် လမ်းပြအဖြစ် ရွေးချယ်ခဲ့လဲဆိုတာ ငါ အခုမှ နားလည်တော့တယ်.... ယွင်ရှင်း က သူတော်စင်တွေက စွမ်းအားတွေ အားနည်းကြပေမဲ့ သူတို့မှာ ထူးခြားတဲ့အပိုင်းတွေ ရှိကြတာပဲ"

သူ၏စကား အဆုံးသတ်သွားချိန်၌ လူငယ်၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ခါးသီးစွာ ရယ်မောလိုက်တော့သည်။

"အဲ့ဒီလိုကိုး"

"ဘာကြောင့် နတ်ဆိုးသတ္တဝါတွေ မရှိတာလဲလို့ ကျွန်တော် တွေးနေတာ...တကယ်တော့ ကံကောင်းခြင်းကြောင့်ကိုး....အစ်ကိုရီက တကယ့်ကို ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ရထားတာပဲ...ဟီး ဟီး..."

All Chapters