← Chapters

အခန်း (၁၀၃၆)

Vol. 71 Ch. 1036

အခန်း (၁၀၃၆)

Vol. 71 Ch. 1036

စကားအနည်းငယ်ပြောပြီးနောက် ချင်းယင်သည် နောက်လိုက်နှစ်ယောက်အား ပျံသန်းရေးလှေကို စစ်ဆေးရန် ညွှန်ကြားလိုက်ပြီး ထပ်မံ၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သူတို့ အလုပ်ရှုပ်နေချိန်တွင် ရီဖုန်းကမူ ပျင်းရိနေသည်။

သူသည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင်ထားကာ လဲလျောင်းရင်း သူ၏မျက်လုံးထောင့်စွန်းမှတဆင့် သူတို့ကို အကဲခတ်နေသည်။

ဤဂြိုဟ်သားသုံးယောက်သည် တစ်ယောက်တစ်မျိုးစီ အလုပ်ရှုပ်နေကြပြီး သူတို့အားလုံးသည် တည်ကြည်လေးနက်သော အမူအရာများဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်နေကြ၏။ သူတို့သည် နတ်ဆိုးမျိုးနွယ်ကို လျှော့မတွက်ရဲကြသည့်ပုံ ပေါက်နေသည်။

ဤကဲ့သို့ သတိထားခြင်းသည် မမှားသော်လည်း ရီဖုန်း ပို၍ကြည့်မိလေလေ ပို၍ဇဝေဇဝါ ဖြစ်လာလေလေပင်။

ဤထိပ်သီးကျင့်ကြံသူသုံးယောက်သည် နတ်ဆိုးမျိုးနွယ်ကို အလွန်သတိထားနေကြ၏။ သဘောတရားအရ တွေးတောကြည့်လျှင် နတ်ဆိုးမျိုးနွယ်သည် မယုံကြည်နိုင်လောက်အောင် သန်မာအားကောင်းသင့်သည်။ သို့ရာတွင် သူ တွေ့ရသည့် နတ်ဆိုးများအားလုံးသည် မည်သည်ကြောင့် ပွယောင်းယောင်းဖြစ်ပြီး အားနည်းနေကြသနည်း။ သူ တိုက်ခိုက်တိုင်း သခွားသီးလှီးသကဲ့သို့ ထိုနတ်ဆိုးများကို လွယ်လင့်တကူ ခုတ်ပိုင်း၍ ရနေသည်။

ဖြစ်နိုင်သည်မှာ စွမ်းအားကြီးသော နတ်ဆိုးများကို ဂြိုဟ်သားတွေသာ တွေ့ကြပြီး သူကမူ အားနည်းသော ကောင်များဖြင့်သာ တွေ့နေရသလော....

ထိုသို့မဟုတ်လျှင်...

သူသည် ဤထိပ်သီးကျင့်ကြံသူသုံးယောက်ထက် ပို၍သန်မာနေခြင်း ဖြစ်သလော....

ထိုအတွေး ဝင်ရောက်လာသည်နှင့် ရီဖုန်းသည် ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး သူ၏မျက်နှာအမူအယာသည် ရှုပ်ထွေးသွားပေ၏။

ထိုသို့အမှန်တကယ်ဖြစ်နေခဲ့လျှင် သူ ဝမ်းသာရမည်လော စိတ်ပူရမည်လောကို မသိတော့ချေ။

အချိန်ကြာမြင့်စွာ ရှုပ်ထွေးသော အတွေးများဖြင့် တွေးတောပြီးနောက် ရီဖုန်း၏မျက်လုံးအကြည့်သည် တဖြည်းဖြည်း အဝေးသို့ ရောက်သွားပြီး နေရာမှာပင် တောင့်တင်းစွာ ထိုင်နေမိသည်။

ဘဝအကြောင်းကို သူ အတွေးလွန်နေချိန်တွင် ဖားပြုတ်တစ်ကောင်သည် သူ၏အနောက်ဘက် တစ်နေရာမှ ရုတ်တရက် ခုန်ထွက်လာပြီး ပျံသန်းရေးလှေပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေသည်။ ထိုဖားပြုတ်၏ သေးငယ်သော အရွယ်အစားကြောင့် မည်သူမျှ သတိမထားမိကြချေ။

သူသည် အနည်းငယ် ခုန်ပေါက်ပြီးနောက် ပျံသန်းရေးလှေပေါ်မှ ခုန်ဆင်းကာ ပျောက်ကွယ်သွားတော့သည်။

"ထွက်ခွာမယ်...."

ချင်းယင်၏အသံသည် ပြတ်သားမှုနှင့်အတူ ထွက်ပေါ်လာပြီး ကြားလိုက်ရသူများကို ယုံကြည်မှုများ တိုးပွားစေသည်။

နောက်လိုက်နှစ်ဦးသည် နေရာယူလိုက်ကြပြီး ပျံသန်းရေးလှေသည် နောက်တစ်ကြိမ် အရှိန်ဖြင့် ပြန်လည်၍ ထွက်ခွာလာသည်။

ပျံသန်းရေးလှေသည် ထူထပ်သော အနက်ရောင်မြူခိုးများကြားမှ တဟုန်ထိုး ပြေးထွက်သွားပြီး ဖျော့တော့တော့ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေပေ၏။

လမ်းခရီးတလျှောက်လုံးတွင် ထိုလူသုံးဦးသည် အလွန်သတိရှိနေကြပြီး ယခင်ကထက် ပို၍ သတိထားနေကြသည်။

သို့ရာတွင် ထူးဆန်းသည်မှာ...

သူတို့ နာရီပေါင်းများစွာ ခရီးနှင်လာသော်လည်း နတ်ဆိုးတစ်ကောင်ကိုမျှ မတွေ့ရခြင်းပင်။ ခရီးစဉ်တစ်ခုလုံးသည် ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပြီး အမှန်တကယ်ကို ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသည်။

ချင်းယင်နှင့်လူလတ်ပိုင်းကြီးတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နှစ်ဦးလုံး၏ မျက်လုံးများတွင် သံသယများ ရှိနေကြ၏။

လူငယ်လေးသည် ပျံသန်းရေးလှေ၏ နောက်ပိုင်းမှ လျှောက်လာပြီး အံ့အားသင့်မှုနှင့် သံသယများ ရောထွေးနေသော အမူအရာဖြင့် ဦးညွှတ်အရိုအသေလိုက်သည်။

"အရှင်မ....."

"ကျွန်တော် ရိုင်းတယ်ဆိုရင် ခွင့်လွှတ်ပေးပါ..... ဒါပေမဲ့ ကျွန်တော်တို့တွေက နတ်ဆိုးတစ်ကောင်မှ မတွေ့ရတာ တော်တော်ကြာနေပြီဆိုတော့ ဒါက အရမ်းထူးဆန်းနေတယ်..."

လူလတ်ပိုင်းကြီးကလည်း အချိန်ကိုက် ဝင်ပြောလိုက်ပြီး သူ၏မျက်နှာအမူအယာမှာ အနည်းငယ် တည်ကြည်လေးနက်နေသည်။

"အရှင်မ...."

"ကျွန်တော် ပြောရဲတယ်....ဒီကိစ္စမှာ တကယ်ပဲ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေနိုင်တယ်....ဒါက နတ်ဆိုးတွေရဲ့ ထောင်ချောက် ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိတယ်"

လူလတ်ပိုင်းကြီးနှင့်လူငယ်လေး၏ စကားများကြောင့် ချင်းယင်၏ ကြည်လင်သောမျက်လုံးများ တည်ကြည်လေးနက်သွားသည်။

သူမ၏စိတ်ထဲရှိ စိုးရိမ်ပူပန်မှုသည် ဤစကားများကြောင့် ပို၍ကြီးထွားလာသော်လည်း သူမ ထိတ်လန့်မနေဘဲ ဖိအားတချို့ကိုသာ ခံစားနေရသည်။

သူမသည် ခေါင်းညိတ်ပြပြီး တိုးညှင်းစွာ အမိန့်ပေးလိုက်၏။

"ပျံသန်းရေးလှေကို ရပ်လိုက်တော့...."

"ငါတို့သုံးယောက်က ပတ်ဝန်းကျင်ကို ကင်းထောက်ကြမယ်.... ပြီးမှ ဆုံးဖြတ်ချက်ချမယ်"

သူမ၏သတိထားသည့် နည်းဗျူဟာသည် နောက်လိုက်နှစ်ဦး၏ သဘောတူညီမှုကို ရရှိသွားပြီး တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။

"အမိန့်ကို နာခံပါ့မယ်"

ထို့နောက် သူတို့သုံးဦးသည် ပတ်ဝန်းကျင်ကို ကင်းထောက်ရန် ပျံသန်းရေးလှေပေါ်မှ ဆင်းသွားကြသည်။

မြေပြင်ပေါ်သို့ ရောက်ရှိကာ အချိန်ကြာမြင့်စွာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ထူးဆန်းသော မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။

ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများကြားတွင် နတ်ဆိုးအလောင်း ရာနှင့်ချီ၍ လဲကျနေပြီး မြူခိုးများ ဖုံးလွှမ်းနေသည်။ ဤနတ်ဆိုးများသည် အသက်မဲ့နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သဖြင့် အသားစအပုံကြီးမှလွဲ၍ မည်သည့်အရာမျှ မရှိတော့ချေ။

နေရာအနှံ့ ပြန့်ကျဲနေသော ကြီးမားသည့် နတ်ဆိုးအလောင်းများကို ကြည့်ရင်း လူငယ်လေး၏မျက်နှာတွင် အံ့အားသင့်မှုနှင့် သံသယများ ထင်ဟပ်လာသည်။

"ဒီနေရာမှာ နတ်ဆိုးသားရဲအလောင်းတွေ အများကြီးပါလား....တစ်ယောက်ယောက်က ကျွန်တော်တို့မရောက်ခင် ဒီနေရာကို ဖြတ်သွားခဲ့တာများလား"

ချင်းယင်သည် တုံ့ပြန်အဖြေမပေးဘဲ သူမ၏ ကြည်လင်သော မျက်လုံးများက အနီးဆုံးရှိ ပေပေါင်းများစွာ ရှည်လျားသော ကြီးမားသည့် နတ်ဆိုးအလောင်းဆီသို့ ကျရောက်သွားသည်။

သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ချဥ်းကပ်သွားလိုက်၏။

သူမ သေချာစွာ စစ်ဆေးကြည့်လိုက်ရာ ကြီးမားသော နတ်ဆိုးအလောင်း၏ ခန္ဓာကိုယ်အနှံ့ရှိ ထူးဆန်းသော ဒဏ်ရာများဆီသို့ သူမ၏ အကြည့် ကျရောက်သွားသည်။

လူလတ်ပိုင်းကြီးက အနောက်မှ ကပ်လိုက်လာပြီး ပတ်ဝန်းကျင်ရှိ ကြီးမားသော နတ်ဆိုးအလောင်းများကို စစ်ဆေးကြည့်လိုက်သည်။

အသက်ရှူချိန်အနည်းငယ်အတွင်း သူတို့နှစ်ဦးလုံး၏မျက်လုံးများတွင် ထိတ်လန့်မှုများ တပြိုင်နက်တည်းနီးပါး ထင်ဟပ်လာသည်။

"ဒါက လူသားတွေရဲ့လက်ချက် လုံးဝမဟုတ်ဘူး"

"အရှင်မ ပြောတာ မှန်ပါတယ်..... ဒီဒဏ်ရာတွေက ဓားကြောင့်ဖြစ်တာ မဟုတ်ဘူး"

လူငယ်သည် ထိုစကားများကို ကြားလိုက်ရသည်နှင့် ပို၍ပင် အံ့အားသင့်သွားပြီး သူသည်လည်း စူးစမ်းလိုစိတ်ဖြင့် စတင်၍ စစ်ဆေးကြည့်လိုက်၏။

သူ အနီးကပ် လေ့လာကြည့်ပြီးနောက် သူသည်လည်း ကြက်သေသေသွားတော့သည်။

နတ်ဆိုးအလောင်းများအားလုံးနီးပါးတွင် အလွန်အမင်း ပုံမှန်မဟုတ်သော ဒဏ်ရာများ ရှိနေပြီး သူတို့၏အသားစများသည် လွှသွားပုံစံကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ဓားချက်များကြောင့် ပြတ်ရှသွားခြင်းနှင့် လုံးဝ မတူဘဲ ကြမ်းတမ်းသော အင်အားသက်သက်ဖြင့် စုတ်ဖြဲခံထားရသည်နှင့် ပို၍တူညီနေပေ၏။

ဤနတ်ဆိုးအလောင်းများကို အကြမ်းဖျင်း ကြည့်လိုက်ရုံဖြင့် ကျောချမ်းသွားစေသည်။

အချိန်ကြာမြင့်စွာ အသေးစိတ် ကြည့်ရှုပြီးနောက် ထိုဒဏ်ရာများမှတဆင့် ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုမြင်ကွင်းကို စိတ်ကူးကြည့်နိုင်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နတ်ဆိုးသားရဲတချို့၏အလောင်းများသည် နှစ်ခြမ်းကွဲနေပြီး တချို့မှာမူ ခေါင်းလောက်သာ ကျန်တော့သည်။ မည်သည့်အလောင်းမျှ အကောင်းပကတိ မရှိဘဲ ကျိုးပဲ့နေသော ခြေလက်များကို နေရာတိုင်းတွင် တွေ့မြင်နေရသည်။

သူတို့ ကြည့်လေလေ ပို၍ထိတ်လန့်လာလေလေဖြစ်ပြီး လေထုထဲတွင် စူးရှသော အနံ့ဆိုးကြီးက ပို၍ပြင်းထန်လာပေ၏။

လူငယ်၏နားထင်တွင် ချွေးစများ သီးလာပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

"ဒါ.....ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"နတ်ဆိုးမျိုးနွယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တွေက မယုံနိုင်လောက်အောင် သန်မာပြီးတော့ သာမန်လက်နက်တွေထက်တောင် သာလွန်နေတာကို အရှင်လတ်လတ် စုတ်ဖြဲခံထားရတယ်..... ပြီးတော့ နတ်ဆိုးတွေ ရာနဲ့ချီပြီးတော့ ဒီလိုပုံစံနဲ့ သေဆုံးနေကြတယ်....ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်နိုင်မှာလဲ"

ချင်းယင်၏ လှပသော မျက်နှာလေးသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ထိုကြောက်မက်ဖွယ်ကောင်းသော အလောင်းပင်လယ်ကြီးကို သတိထား၍ ကြည့်ရှုနေသည်။

ကံမကောင်းစွာဖြင့် အချိန်ကြာမြင့်စွာ ကြည့်ရှုသော်လည်း နောက်ထပ် မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် သူတို့ ပြန်လာရုံသာ တတ်နိုင်တော့သည်။

ပျံသန်းရေးလှေပေါ်သို့ ပြန်ရောက်ချိန်၌ သူတို့သည် ဆက်လက်၍ ထွက်ခွာလာကြပြီး သူတို့သုံးဦးလုံး၏မျက်နှာများ ပို၍တင်းမာလာကာ အခြေအနေသည် အလွန်တည်ကြည်လေးနက်နေပေ၏။ သူတို့တွင် စွမ်းအားကြီးသော ကျင့်ကြံဆင့်များ ရှိသော်လည်း အမည်မသိ ကြောက်ရွံ့မှုတစ်ခုထဲသို့ စတင်၍ နစ်မြုပ်နေကြလေပြီ။

အနက်ရောင်မြူခိုးများသည် ငြိမ်သက်နေဆဲဖြစ်သော်လည်း ဤသည်က သူတို့၏ နှလုံးခုန်သံများကို မြန်ဆန်စေသည်။

သူတို့သည် ရှေ့ဆက်တိုးပြီး မကြာမီမှာပင် ထပ်ခါတလဲလဲ စစ်ဆေးကြည့်ရာ ထိုကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းများကို အဆက်မပြတ် တွေ့ရှိနေရသည်။ နတ်ဆိုးအလောင်းများသည် နေရာတိုင်းတွင် ရှိနေပြီး ထိုအရာများ၏ ကြောက်မက်ဖွယ် ပုံပန်းသဏ္ဍာန်များက လူများကို ရင်တုန်စေသည်။

ထိုလူသုံးဦးသည် ပျံသန်းရေးလှေ၏အရှေ့ပိုင်းတွင် မတ်တတ်ရပ်နေကြပြီး သူတို့အားလုံး၏ မျက်နှာအမူအယာများ အနည်းငယ် ပျက်ယွင်းနေကြ၏။

ချင်းယင်ထံတွင် ယခင်က သူမ၏ ပြတ်သားသော ယုံကြည်ချက်များ ပျောက်ဆုံးသွားပြီး သူမ၏ ကြည်လင်သော မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

"တကယ်တော့ ဘာတွေ ဖြစ်ခဲ့တာလဲ..."

"နတ်ဆိုးတွေ အချင်းချင်း ပြန်သတ်နေကြတာများလား"

လူငယ်သည် လက်လွတ်စပယ် စကားဝင်မပြောရဲတော့ချေ။ လူလတ်ပိုင်းကြီးကသာ သူမ၏စကားကို ဦးညွှတ်၍ တုံ့ပြန်လိုက်သည်။

"အရှင်မ ပြောတာ မှန်ပါတယ်...."

"ဒါပေမဲ့... နတ်ဆိုးတွေက နယ်မြေအတွက် အချင်းချင်း တိုက်ခိုက်ကြတာ မှန်ပေမဲ့ ဒီလောက်ကြီးမားတဲ့ အတိုင်းအတာနဲ့ ပြည်တွင်းစစ် ဖြစ်တာမျိုး ကျွန်တော် တစ်ခါမှ မကြားဖူးဘူး.... နတ်ဆိုးထောင်နဲ့ချီပြီး သေဆုံးနေတာက ပြည်တွင်းစစ်တစ်ခုတည်းနဲ့ ရှင်းပြလို့မရနိုင်မှာကို ကျွန်တော် စိုးရိမ်မိတယ်"

ချင်းယင်သည် ထိုစကားများကို ကြားချိန်၌ အလွန်တည်ကြည်လေးနက်သွားသည်။ ဤနေရာတွင် အလွန်တိတ်ဆိတ်သော အနက်ရောင်မြူခိုးများ ဝိုင်းရံထားသဖြင့် သူမ၏ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရသည်။

သူမသည် ဤကိစ္စကို တွေးတောလေလေ ပို၍ဇဝေဇဝါ ဖြစ်လေလေပင်။ သူမ၏ ဘဝတလျှောက်လုံးတွင် ဤမျှထိ ထူးဆန်းသော ကိစ္စမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။

ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလောင်းပင်လယ်ကြီး၏ အလယ်တွင် ရောက်ရှိနေရုံဖြင့် သူမသည် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား အငွေ့အသက်ကို ခံစားနေရသည်။ သူမတို့ကိုယ်တိုင်ပင်လျှင် နတ်ဆိုးများကို သတ်ဖြတ်ရန် ထိုမျှထိ သန့်စင်သော စွမ်းအားမျိုးကို မပိုင်ဆိုင်ကြချေ။

ဤအဆုံးမဲ့ အနက်ရောင်မြူခိုးများထဲတွင် မည်ကဲ့သို့ ကြောက်မက်ဖွယ် နတ်ဆိုးများ ပုန်းအောင်းနေသေးသနည်း....

သူတို့သုံးဦး အတွေးလွန်နေချိန်တွင် ဝေးကွာသော အနက်ရောင်မြူခိုးများထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘုန်း...."

ထိုတုန်ခါသံသည် အလွန်ဝေးကွာသော နေရာမှ လာသကဲ့သို့ ခပ်သဲ့သဲ့ ထွက်ပေါ်လာပေ၏။

သို့ရာတွင် လုံးလုံးလျားလျား တိတ်ဆိတ်နေသော အနက်ရောင်မြူခိုးများထဲမှ ထွက်ပေါ်လာသော ဤခပ်သဲ့သဲ့အသံသည် ခေါင်းလောင်းထိုးသံကဲ့သို့ပင် ဖြစ်နေပြီး အလွန်အမင်း ရှုပ်ထွေးနေသော သူတို့၏စိတ်နှလုံးသားများကို မွန်းကြပ်သွားစေသည်။

သူတို့ထံ၌ စူးစမ်းလိုစိတ်နှင့်စိတ်မွန်းကြပ်မှုတို့ ရောထွေးနေပြီး အဝေးသို့ စူးစိုက်၍ ကြည့်လိုက်ကြသည်။

"ဘုန်း....."

နောက်ထပ် တုန်ခါသံတစ်သံ ထွက်ပေါ်လာပြီး ပျံသန်းရေးလှေ ရှေ့ဆက်တိုးလာသည်နှင့်အမျှထိုအသံသည် ပို၍ပီပြင်ရှင်းလင်းလာပေ၏။

အသံလာရာသည် သိပ်မဝေးတော့ပုံရသည်။

ချင်းယင်၏ရင်ထဲတွင် ပို၍မွန်းကြပ်လာသည်။ အနက်ရောင်မြူခိုးများကလည်း သူမအား ကြီးမားသောဖိအားကို ပေးစွမ်းနေသဖြင့် သူမက ယခင်ထက် ပို၍တည်ငြိမ်သောအသံဖြင့် အမိန့်ပေးလိုက်သည်။

"ရှေ့လမ်းခရီးကို ထပ်ပြီးကင်းထောက်ကြမယ်.... ဘာတစ်ခုကိုမှ မဆင်မခြင်မလုပ်နဲ့"

သူမ၏အနောက်မှ နောက်လိုက်နှစ်ဦးသည် တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်ကြပြီး သူတို့၏အမူအယာများသည် ဆုံးဖြတ်ချက်ချပြီးသားပုံစံဖြင့် တည်ကြည်ပြတ်သားနေသည်။

"အမိန့်ကို နာခံပါ့မယ်"

ထိုလူသုံးဦးသည် ပျံသန်းရေးလှေပေါ်မှ ထပ်မံ၍ဆင်းသက်ပြီး အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် ခြေလျင်လျှောက်ကာ ဆက်လက်ထွက်ခွာကြသည်။

သူတို့သည် သတိထား၍ စူးစမ်းလေ့လာလိုက်ကြရာ သူတို့ မြင်တွေ့ရသမျှသည် ကြီးမားသော နတ်ဆိုးအလောင်းများသာဖြစ်ပြီး ယခင်ကထက် အဆပေါင်းများစွာ ပို၍များပြားနေသည်။ သို့ရာတွင် ထိုအလောင်းများအားလုံးသည် ခြွင်းချက်မရှိ ကြေမွှပျက်စီးနေပြီး သွေးများနှင့် အသားစများ နေရာအနှံ့အပြား၌ ပြန့်ကျဲနေပေ၏။

စွမ်းအားကြီးသော နတ်ဆိုးများသည် ကျွဲနွားများကဲ့သို့ အသတ်ခံနေရသည်ဆိုခြင်းကို သူတို့ တွေးတောကြည့်နိုင်ခြင်းပင် မရှိတော့ချေ။

"ဘုန်း....."

တုန်ခါသံတစ်သံသည် ရှေ့ရှိအနက်ရောင်မြူခိုးများထဲမှ ထွက်ပေါ်လာပြီး သူတို့၏ခြေထောက်အောက်ရှိ မြေပြင်သည်လည်း တုန်ခါသွားသည်။

ထိုလူသုံးဦးသည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် ဖိအားများ တိုးလာသည်။

ချင်းယင်သည် စကားမပြောတော့ဘဲ သူမ၏ အတွေးများကို တည်ကြည်လေးနက်စွာဖြင့် အသံပေးပို့လိုက်၏။

"နောက်ကျရင် အခြေအနေအရ လှုပ်ရှားကြမယ်...ငါတို့ အထူးသတိထားရမယ်"

နောက်လိုက်နှစ်ဦးသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏အသက်ရှူသံများကို သတိထား၍ ထိန်းချုပ်လိုက်ကြသည်။

ထိုတုန်ခါသံများသည် အနက်ရောင်မြူခိုးများထဲမှ ဆက်လက်၍ထွက်ပေါ်နေပြီး သေမင်းတမန် ဗုံသံကဲ့သို့ ဖြစ်နေလေရာ သူတို့သုံးဦးကို အလွန်အမင်း စူးစမ်းချင်စိတ် ဖြစ်ပေါ်စေသည်။ ထို့ပြင် ကြီးမားသော ဖိအားတစ်ရပ်သည်လည်း သူတို့၏စိတ်နှလုံးသားများကို ဖုံးလွှမ်းသွားပေ၏။

အလောင်းပင်လယ်ကြီးကို ဖြတ်ကျော်ပြီးနောက် သူတို့သည် တိတ်တဆိတ် ရွေ့လျားလာကြရာ တုန်ခါသံများ တဖြည်းဖြည်း ပို၍ပီပြင်ရှင်းလင်းလာသည်။

တောင်တစ်လုံးစာမျှ မြင့်မားသော အလောင်းပုံကြီးတစ်ခုကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သူတို့ အမှန်တရားကို မြင်တွေ့လိုက်ရသည်။

သူတို့၏ရှေ့ရှိ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများထဲတွင်...

ပေတစ်ထောင်ရှည်လျားသော အရိပ်မည်းကြီးတစ်ခုသည် လူးလွန့်နေပြီး တိမ်တိုက်များကြားတွင် ပျံသန်းနေသော နဂါးနက်ကြီးတစ်ကောင်အလား ညကောင်းကင်ယံတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။ ထိုမြင်ကွင်းသည် ချက်ချင်းဆိုသလို သူတို့၏စိတ်နှလုံးသားများထဲသို့ ကြောက်ရွံ့မှုများ ရိုက်သွင်းလိုက်သည့်အလားပင်။

ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ...

ထိုအရိပ်မည်းကြီး လူးလွန့်နေစဉ်တွင် နတ်ဆိုးအလောင်းများသည် မိုးကောင်းကင်မှ အဆက်မပြတ် ပြုတ်ကျလာခြင်းပင်။

"ဝုန်း"

ကျယ်လောင်သော အသံတစ်သံနှင့်အတူ စုတ်ပြတ်သတ်နေသော နတ်ဆိုးအလောင်းတစ်ခုသည် သူတို့သုံးဦး၏ရှေ့တည့်တည့်သို့ ပစ်ချခံလိုက်ရပြီး ပေပေါင်းများစွာနက်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

မြေသားများနှင့်ကျောက်ခဲများ လွင့်စင်သွားပြီး အသွေးအသားစများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။

All Chapters