← Chapters

အခန်း (၁၀၄၀)

Vol. 71 Ch. 1040

အခန်း (၁၀၄၀)

Vol. 71 Ch. 1040

ပျံသန်းရေးလှေသည် နောက်ဆုံးတွင် လေထဲ၌ ရပ်တန့်သွားပြီး အနားယူရန် ဖိအားပေးခံလိုက်ရသည်။

ဤတစ်ကြိမ်တွင် ရီဖုန်း စောင့်ကြပ်ရမည့်အလှည့်ပင်။

ချင်းယင်နှင့်တခြားလူနှစ်ဦး အိပ်ပျော်သွားသည်နှင့် သူ အလျင်အမြန် ထမင်းစားလိုက်ပြီး ပျံသန်းရေးလှေပေါ်သို့ ပြန်တက်လိုက်သည်။ ထို့နောက် သူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မီတာလေးဆယ်ရှည်သည့် ဓားရှည်ကြီးကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး လှေ၏ရှေ့ဆုံးတွင် မတ်တတ်ရပ်လိုက်၏။

သူ၏မျက်လုံးများတွင် ကြယ်ရောင်များ ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိသော်လည်း ရီဖုန်း၏ စိတ်အားထက်သန်မှု လျော့နည်းမသွားပေ။ သူသည် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် စူးစမ်းစစ်ဆေးနေပြီး အနည်းငယ်မျှသော အနှောင့်အယှက်ကိုပင် အလွတ်မခံလိုချေ။

အစောပိုင်းက လူသုံးယောက်၏ စကားများကို ပြန်လည်သတိရရင်း ရီဖုန်းက မျှော်လင့်ချက်ဖြင့် လေချဥ်တက်လိုက်၏။

"ဂေ့..."

"အစာကြေအောင် လှုပ်ရှားမှု နည်းနည်းလုပ်ဖို့လိုမယ် ထင်တယ်....သူတို့ပြောတဲ့ လောကကြီးကို တုန်လှုပ်စေတဲ့ ဖားပြုတ်ကြီးနဲ့ တွေ့ရင် အကောင်းဆုံးပဲ....အဲ့ဒီဖားပြုတ်ရဲ့လက်ချက်နဲ့ ငါ သေရရင် အကောင်းဆုံးပေါ့....တကယ်လို့ ငါ မသေရင်တောင် အဲ့ဒီဖားပြုတ်ကို ခုတ်ပိုင်းလိုက်ရင် သေချာပေါက် အတွေ့အကြုံရမှတ်တွေအများကြီး ရနိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါ့အတွက် အကျိုးရှိတာပါပဲ"

"ဟီး ဟီး.."

စွမ်းအားကြီးသော နတ်ဆိုးသားရဲများအကြောင်း တွေးမိရင်း ရီဖုန်း၏ မျက်လုံးများတွင် ပို၍ကြီးမားသော မျှော်လင့်ချက်များ ထင်ဟပ်လာသည်။

လက်ဝဲဘက်ရှိ အနက်ရောင်မြူခိုးများထဲတွင် ဖားပြုတ်ကြီးသည် မိုးထိအောင် မြင့်မားသော ဧရာမသတ္တဝါကြီးကဲ့သို့ ဖြစ်နေကာ အဆုံးမဲ့သော အစာအိမ် ရှိနေသည့်အလား သူ၏ဗိုက်ကို အဆက်မပြတ် ဖြည့်တင်းနေဆဲပင်။ နောက်ထပ် နတ်ဆိုးအလောင်းပုံကြီးတစ်ခုက သူ၏ကြီးမားသော ပါးစပ်ပေါက်ထဲသို့ ရောက်ရှိသွားသည်။

ရုတ်တရက်...

ဖားပြုတ်ကြီး၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး မရပ်မနား ချောင်းဆိုးတော့သည်။ ဤသည်မှာ သူ လည်ချောင်းနင်သွားခြင်းပင်။

"အဟွတ်....အဟွတ်..."

မိုးခြိမ်းသံကဲ့သို့သော ချောင်းဆိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်သွားစေသည်။

မရေမတွက်နိုင်သော နတ်ဆိုးအလောင်း အပိုင်းအစများသည် လွင့်စင်သွားပြီး အသွေးအသားများ နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားသည်။

ဧရာမဖားပြုတ်ကြီးသည် လည်ချောင်းနင်လွန်းသဖြင့် မျက်ရည်များပင် ထွက်ကျလာလုနီးပါး ဖြစ်နေသော်လည်း ဂရုမစိုက်နိုင်ချေ။ ထိတ်လန့်မှုသည် သူ၏မျက်လုံးများမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မိုးထိအောင် မြင့်မားသော ဧရာမပုံရိပ်ကြီးသည် အဆကုဋေပေါင်းများစွာ ကျုံ့ဝင်သွားပြီး ခြေမအရွယ်အစားလောက်သာ ရှိတော့သည်။

ထိုသို့ ဖြစ်သွားသော်လည်း ဖားပြုတ်ကြီးသည် ကြောက်ရွံ့သော မျက်နှာထားဖြင့် မရပ်မနား ချောင်းဆိုးနေဆဲဖြစ်ပေ၏။ သူသည် စူထွက်နေသော ဗိုက်ကို ရှေ့ခြေထောက်များဖြင့် ပြင်းပြင်းထန်ထန် ပုတ်နေကာ ဗိုက်ချပ်သွားစေလိုသည့်အလားပင်။

"အဟွတ်...အဟွတ်..."

"ငါ ဗိုက်ဝပြီ....ငါ ဗိုက်ဝပြီ...အိုး ဘုရားရေ... ငါ့ရဲ့အသက်က အရေးကြီးတယ်.... ငါ တကယ်ကို ထပ်မစားနိုင်တော့ဘူး"

ဖားပြုတ်လေးသည် ရိုက်ပုတ်လိုက်၍ ဗိုက်ချပ်သွားပြီးနောက် ပျံသန်းရေးလှေရှိရာသို့ ရူးသွပ်စွာ ခုန်ပေါက်သွားပြီး အနက်ရောင်မြူခိုးများထဲသို့ ချက်ချင်းပျောက်ကွယ်သွားသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်...

ဖားပြုတ်လေးသည် ပျံသန်းရေးလှေသို့ ရောက်ရှိသွားလေပြီ။ ရီဖုန်းသည် လှေဦးပိုင်းတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး မည်သည့်ပုံမှန်မဟုတ်သော အရာမျိုးမျှ မရှိသည်ကို မြင်လိုက်ရချိန်တွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဖားပြုတ်လေးသည် မျက်နှာပေါ်ရှိ ချွေးစများကို ရှေ့ခြေထောက်များဖြင့် ဂရုတစိုက် သုတ်လိုက်ပြီး အလင်းတန်းတစ်တန်းအဖြစ် တိတ်တဆိတ် ပြောင်းလဲကာ သိုလှောင်လက်စွပ်ထဲသို့ တိုးဝင်သွားသည်။

ရီဖုန်းသည် မည်သည့်အရာကိုမျှ သတိမထားမိချေ။ သူသည် မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ်သို့ စူးစိုက်၍ ကြည့်နေဆဲပင်။

ထိုနေရာတွင် အနက်ရောင်မြူခိုးများ တလိမ့်လိမ့်ထနေပြီး ကြီးမားသော ပုံရိပ်အမြောက်အများ ပြေးလွှားနေကြသည်။

ကံမကောင်းစွာဖြင့် သူသည် မည်သည့် ဧရာမဖားပြုတ်ကြီးကိုမျှ မတွေ့ရဘဲ သူ့အား အတွေ့အကြုံရမှတ်ပေးမည့် ကလေးတစ်သိုက်ကိုသာ တွေ့လိုက်ရသည်။

ခြင်ခြေထောက်မျှဖြစ်လျှင်ပင် အသားဖြစ်သဖြင့် ရီဖုန်းသည် ဇီဇာကြောင်မနေတော့ချေ။ သူသည် ဓားကြီးကို ဝှေ့ယမ်းလိုက်ပြီး စတင်၍ရိတ်သိမ်းတော့ရာ သူ၏အတွေ့အကြုံရမှတ်များ မြင့်တက်လာသည်။

သူသည် ထမင်းစားကာ လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျံသန်းရေးလှေပေါ်သို့ ပြန်လာပြီး အိပ်ရေးပြန်ဝအောင်အိပ်ရန် ဟန်ပြင်လိုက်၏။

ထိုအချိန်မှာပင် လန်ရှင်းမှလူသုံးဦး ဖြည်းညင်းစွာ နိုးလာကြသည်။

ချင်းယင်နှင့်နောက်လိုက်နှစ်ဦးသည် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် အခြေအနေကို မေးမြန်းရန် ရောက်လာကြသည်။

"ဘယ်လိုလဲ....ထူးခြားမှု ရှိလား...."

ရီဖုန်းက လက်ကာပြလိုက်သည်။

ချင်းယင်နှင့်လူအိုကြီးတို့သည် ခေါင်းညိတ်လိုက်ကြ၏။

လူငယ်လေးကမူ နှုတ်ခမ်းမဲ့လိုက်သည်။

"ဘေးကင်းပြန်ပြီလား.... မင်းရဲ့ကံက တကယ်ကောင်းတာပဲ"

ရီဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ ထုတ်မပြောသော်လည်း သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ရှင်းလင်းစွာ သိရှိနေသည်။

သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက သူ၏စွမ်းအားသည် ဤလူသုံးဦးထက် အနည်းငယ်ပို၍ သာလွန်နေပေမည်။ အခြေအနေ မသိရသေးသော လောကကြီးကို တုန်လှုပ်စေသည့် ဧရာမဖားပြုတ်ကြီးမှလွဲ၍ သာမန်နတ်ဆိုးများသည် သူ့အတွက် ပြိုင်ဘက် မဟုတ်ပေ။

ထိုအချိန်မှာပင် အတွေးတစ်ခုက သူ၏ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

'ဖားပြုတ်...'

'ဒီသတ္တဝါအကြောင်း ပြောရရင် သူ့မှာလည်း တစ်ကောင်ရှိနေတာပဲ'

'ဒီဖားပြုတ်က သေးငယ်ပြီး ထုံထိုင်းပုံပေါက်နေပေမဲ့ ဘာပဲပြောပြော စနစ်က ပေးထားတဲ့ ပစ္စည်းပဲလေ'

မန်မန်ကဲ့သို့ပင် သူ မတွေ့ရှိသေးသော ထူးခြားမှု သို့မဟုတ် အထူးလုပ်ဆောင်ချက်တစ်ခု ရှိနေနိုင်သလော....

ထိုအရာကို တွေးမိပြီး ရီဖုန်း၏ မျက်လုံးများတွင် ဉာဏ်အလင်းပွင့်မှုများ ဖြတ်ပြေးသွားသည်။

သူသည် လဲလျောင်းနေရာမှ ထထိုင်လိုက်ပြီး လက်စွပ်ထဲမှ ဖားပြုတ်လေးကို ဆင့်ခေါ်ကာ သူ၏လက်ပေါ်တွင် တင်လိုက်၏။ သူသည် တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ဖားပြုတ်လေးကို သေချာစွာ စစ်ဆေးကြည့်ရှုရင်း ဖြစ်နိုင်ချေရှိသော သဲလွန်စများကို ရှာဖွေနေသည်။

သူသည် ဖားပြုတ်၏ ခြေထောက်လေးချောင်းကို ကိုင်တွယ်ကြည့်ကာ မျက်ခွံများကို လှန်ကြည့်လိုက်သည်။ သူသည် ဖားပြုတ်၏ပါးစပ်သေးသေးလေးကိုပင် ဖြဲကြည့်လိုက်၏။

သူသည် သံသယဖြစ်ဖွယ် အသေးစိတ်အချက်အလက် တစ်ခုတစ်လေကိုမျှ အလွတ်မခံချေ။

ယခုအချိန်တွင် သူသည် ရှားလော့ဟုန်းနှင့် တူညီသော ရီဟုန်း ဖြစ်နေလေပြီ။

သူ၏ ရုတ်တရက် တည်ကြည်လေးနက်သွားသော အမူအယာသည် ချင်းယင်၏စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။

သူမ၏ ကြည်လင်သော မျက်လုံးများ တိတ်တဆိတ် ကျရောက်လာပြီး ရီဖုန်း၏လက်ထဲမှ ဖားပြုတ်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။

"ဖားပြုတ်....ဖားပြုတ်...."

သူမထံမှ ထိတ်လန့်မှုများ ပြည့်နှက်နေသော တိုးညှင်းသည့် တုန်ရီစွာပြောဆိုလိုက်သံ ထွက်ပေါ်လာသည်။

ရီဖုန်းက အသံကြားသဖြင့် မော့ကြည့်လိုက်ရာ မိန်းကလေး၏မျက်နှာအမူအယာ အကြီးအကျယ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် သူမတို့၏ယခင်က ပြောဆိုခဲ့မှုများကို ပြန်သတိရသွားကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရင်း သူမကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။

"မိန်းကလေးချင်းယင်....ဒါက ခင်ဗျားတို့တွေ့ခဲ့တဲ့ နတ်ဆိုးသားရဲ မဟုတ်ပါဘူး.... ဒါက ကျွန်တော်ရဲ့အိမ်မွေးသားရဲပါ"

ချင်းယင်သည် အနည်းငယ် ကြက်သေသေသွားပေ၏။

သူမ သေချာကြည့်လိုက်ချိန်တွင် ဤဖားပြုတ်သည် တစ်လက်မခန့်သာ ရှည်ပြီး သေးငယ်နူးညံ့ကာ အလွန်ကျော့ရှင်းပုံရပြီး သာမန် ဖားငယ်လေးတစ်ကောင်နှင့် ပို၍တူညီနေသည်။

ဖားပြုတ်လေးသည် ရီဖုန်း၏လက်ပေါ်တွင် မျက်ခွံများ တွဲလောင်းချလျက် ဝပ်နေပြီး ဖော်ပြ၍မရနိုင်လောက်အောင် နူးညံ့သိမ်မွေ့ပုံ ပေါက်နေသည်။ သူ၏ အရွယ်အစားနှင့် ပုံပန်းသဏ္ဍာန်သည် သူမတို့ ယခင်က တွေ့ခဲ့ရသော ဧရာမဖားပြုတ်ကြီးနှင့် အလွန်ကွာခြားနေပြီး သိသိသာသာ ပို၍ချစ်စရာကောင်းနေသည်။

သူမ အနည်းငယ် ထပ်ကြည့်ပြီးနောက် ဤဖားပြုတ်သည် ချစ်စရာပင် ကောင်းနေသယောင် ရှိပေ၏။

ချင်းယင်သည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။

ဤဖားပြုတ်လေးသည် တစ်လက်မလောက်သာရှိပြီး သေးငယ်ကာ ချစ်စရာကောင်းနေသည်။ ဤသားရဲသည် ချစ်စဖွယ်ကောင်းသော အိမ်မွေးသားရဲလေးဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤသည်မှာ မည်သည်ကြောင့် ထိုကြောက်မက်ဖွယ်ကောင်းသော ဧရာမဖားပြုတ်ကြီး ဖြစ်နိုင်မည်နည်း....

အမှန်တကယ်ကိုပင် သူမတို့သည် မြွေကိုက်ခံရဖူးလျှင် ကြိုးမြင်သည်နှင့် ကြောက်လန့်တတ်တယ်ဟူသည့် ဆိုရိုးစကားကဲ့သို့ ဖြစ်နေလေပြီ။

ထိုဧရာမဖားပြုတ်ကြီးသည် ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် သူမသည် ဖားပြုတ်သေးသေးလေးကိုပင် သတိထားနေမိခြင်း ဖြစ်သည်။

ချင်းယင်သည် အပြုံးတစ်ခုကို အတင်းအကြပ်ဆင်မြန်းပြီး ရီဖုန်း၏အနားသို့ ချဥ်းကပ်သွားကာ ပြောဆိုလိုက်သည်။

"ကျွန်မတို့ကို ကာကွယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်.... ပျံသန်းရေးလှေက ပြန်ထွက်ခွာတော့မှာဆိုတော့ ရှင်လည်း ခဏလောက် နားလိုက်ပါအုံး...."

ရီဖုန်းသည် အချိန်ကြာမြင့်စွာ စူးစမ်းလေ့လာနေသော်လည်း မည်သည့်သဲလွန်စမျှ မရချေ။ ဖားပြုတ်လေးသည် မျက်ခွံများ တွဲလောင်းချထားကာ သေလုမျောပါး ပုံစံဖြစ်နေပြီး သူ မည်သို့ပင် ကိုင်တွယ်နေပါစေ တုံ့ပြန်မှု မရှိသဖြင့် သူ အိပ်ချင်လာသည်။

သူသည် ဖားပြုတ်လေးကို အောက်သို့ချလိုက်ပြီး သမ်းဝေလိုက်၏။

"ဝါး...."

"ကောင်းပြီလေ ဒါဆို ကျွန်တော် အိပ်ရေးဝအောင် အိပ်လိုက်ဦးမယ်"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ပျံသန်းရေးလှေပေါ်တွင် လှဲချလိုက်ပြီး မျက်တောင်တစ်ခတ်စာအတွင်း အိပ်ပျော်သွားတော့သည်။

ချင်းယင်၏ မျက်လုံးများတွင် စိတ်သက်သာရာရမှုများ ထင်ဟပ်လာပြီး ရီဖုန်း၏ အပင်ပန်းခံခဲမှုအတွက် ကျေးဇူးတင်နေမိသည်။

ထို့နောက် သူမ၏ခြေရင်းရှိ ဖားပြုတ်လေးသည် ပါးများဖောင်းလိုက်ပိန်လိုက် လုပ်နေသည်ကို သတိပြုမိလိုက်သည်။ ဤအေးစက်ပြီး မာန်မာနကြီးသော ကောင်းကင်ဘုံသမီးတော်သည် မရယ်ပြုံးဘဲ မနေနိုင်တော့ဘဲ ဖားပြုတ်လေးနှင့် ဆော့ကစားချင်စိတ် ဖြစ်ပေါ်လာသည်။

သို့သော် ထိုသားရဲလေးသည် မာနကြီးစွာ ပြုမူနေပြီး သူမ မည်သို့ပြုလုပ်ပါစေ သူမကို လျစ်လျူရှုထားသည်။

ရုတ်တရက် ဖားပြုတ်လေးသည် ပျံသန်းရေးလှေ၏ အစွန်းဘက်သို့ ခုန်ပေါက်သွားပေ၏။

ချင်းယင်သည် ကျော့ရှင်းသော ခြေလှမ်းများဖြင့် ရှေ့သို့တိုးသွားပြီး တိုးညှင်းသောအသံနှင့် အရေးတကြီး အော်ခေါ်လိုက်သည်။

"လျှောက်မပြေးနဲ့ ...အောက်မှာ အရမ်းအန္တရာယ်များတယ်"

ဖားပြုတ်သည် သူမ၏စကားကို မည်သို့ နားလည်နိုင်မည်နည်း။ ထိုသားရဲသည် ပျံသန်းရေးလှေပေါ်မှ တန်းတန်းမတ်မတ် ခုန်ဆင်းသွားပြီး ကောင်းကင်ယံရှိ ပေတစ်သောင်းအမြင့်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဤသည်မှာ ချင်းယင်ကို ထိတ်လန့်သွားစေသည်။

ရီဖုန်းသည် သူမတို့အတွက် ပေးဆပ်ထားပြီး လမ်းတလျှောက်လုံး သူမတို့ကို ဝီရိယရှိရှိ ကာကွယ်ပေးခဲ့သည်။

ထို့ပြင် သူသည် သူမတို့ကို ကာကွယ်စောင့်ကြပ်ပေးရာတွင် ယုံကြည်စိတ်ချရပေ၏။ အကယ်၍ ဤအိမ်မွေးသားရဲလေးသာ သူမ၏လက်ထဲတွင် သေသွားလျှင် ရီဖုန်းကို သူမ မည်သို့ ရှင်းပြရမည်နည်း။

ချင်းယင်သည် ပျံသန်းရေးလှေပေါ်မှ စိတ်အားထက်သန်စွာ ခုန်ဆင်းလိုက်ပြီး မြေပြင်သို့ ပြေးဆင်းသွားသည်။

မြေပြင်ပေါ်သို့ ရောက်ချိန်သို့ ဖားပြုတ်လေးသည် အသက်ရှင်နေသည်ကို သူမ မြင်တွေ့လိုက်ရသည်။ ထိုသားရဲသည် အနက်ရောင်မြူခိုးများထဲသို့ ဆက်လက်၍ ခုန်ပေါက်သွားနေသည်။

ချင်းယင် အနည်းငယ်ကြောင်အမ်းသွားပြီး ဤသားရဲလေးကြောင့် အံ့အားသင့်သွားသည်။ ဤဖားပြုတ်လေးသည် အမှန်တကယ်ကို ပုံမှန်မဟုတ်သော အိမ်မွေးသားရဲဖြစ်ကြောင်း သူမ တွေးတောမိသွားသည်။ အကယ်၍ ထိုဖားပြုတ်လေးသာ ပျောက်သွားလျှင် သူမ အမှန်တကယ်ကို ရီဖုန်းအတွက် စိတ်မကောင်းဖြစ်မိပေလိမ့်မည်။

သူမ အလျင်အမြန် လိုက်လံဖမ်းဆီးလိုက်ပြီး သူမ၏မျက်လုံးထဲရှိ အရေးတကြီးဖြစ်နေမှုများ ပို၍ပြင်းထန်လာသည်။

သို့သော် သူမ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော အချိန်မှာပင်...

ဖားပြုတ်လေးသည် သူမ၏လှုပ်ရှားမှုကို အာရုံခံမိသည့်အလား ရပ်တန့်သွားသည်။

သူ၏သေးငယ်သော ခန္ဓာကိုယ်သည် သူမဘက်သို့ ကျောပေးထားပြီး ရုတ်တရက် လူသားအသံကြီး ထွက်ပေါ်လာသည်။

"နောက်ထပ် လိုက်မလာနဲ့တော့"

ဒီဖားပြုတ်က စကားပြောတတ်တာပဲ.... ဒါက သာမန်သားရဲ မဟုတ်ဘူး....

All Chapters