အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
အပိုင်း ( 400 )
ဘက်ပေါင်းစုံ လှုပ်ခတ်ခြင်း၊ ဘိုးဘေးနဂါး ဂူသင်္ချိုင်း !!
ဝရုန်းးးး !!
အဝေးရှိ ကောင်းကင်ယံမှ တုန်ခါမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကြီးမားသော သားရဲအရိပ်များသည် ဘက်ပေါင်းစုံမှ ပေါ်ထွက်လာခဲ့သည်။
၎င်းတို့နှင့်အတူ အားကောင်းသော အငွေ့အသက်များပါ ပျံ့လွင့်လာခဲ့သည်။
၎င်းတို့မှာ လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်း၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည့် နတ်သားရဲများဖြစ်ပြီး၊ ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် ဖိနှိပ်မှုအား တည်ရှိမှုကို အကဲခတ်ကြည့်ရခြင်းဖြင့် ၎င်းတို့က အစစ်အမှန် နတ်သားရဲများဖြစ်သည်ဟု လှစ်ဟပြသနေခဲ့သည်။
“ လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်း !!! “
“ တကယ့် ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုပဲ၊ ဒီအရှိန်အဝါက တစ်ခြားဂူဗိမာန်တွေနဲ့ ယှဥ်လိုက်ရင် တော်တော်ကြီးကို သာနေတယ် “
နတ်သားရဲများသည် အရှေ့ဘက်ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းကို လောဘတကြီး စိုက်ကြည့်နေကြသည်။
ခရမ်းရောင် ချိုင့်ဝှမ်းအတွင်းရှိ နဂါးသားရဲကြီး၏ စိတ်နှလုံးသားမှာလည်း အနည်းငယ် လှိုင်းထန်သွားခဲ့သည်၊ သူသည် ဤမျှများပြားသော အစစ်အမှန် သားရဲများကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
၎င်းသည် လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်းအတွင်းရှိ အကျိုးအမြတ်များက အမှန်တကယ် ထူးခြားနေသည်ဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။
ဝေါင်းးး !!!
ထိုအချိန်၌ ကောင်းကင်ယံတွင် ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထူထဲသော တိမ်စိုင်များအတွင်းတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ နဂါးလက်သည်းကြီးသည် အဆိုပါ တိမ်ထုထဲမှ ပြေးထွက်လာခဲ့သည်၊ လက်သည်းများကြားတွင် အေးစက်စက် ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။
ထို့နောက်တွင် မီတာရာနှင့်ချီ၍ ရှည်လျားသည့် ကြီးမားသော ရွှေနဂါးကြီးတစ်ကောင် ပေါ်လာခဲ့ပြီး၊ ၎င်းသည် အားကောင်းသော နဂါးတန်ခိုးကို ထုတ်လွှင့်ကာ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
“ အဲ့တာက လက်သည်းငါးခု ရွှေနဂါး မျိုးနွယ်စုရဲ့ အောင်းဖီပဲ “
နတ်သားရဲများ၏ အမူအရာများ လေးနက်သွားပြီး၊ တစ်ကောင်ပြီးတစ်ကောင် နောက်ဆုတ်သွားကြသည်။
အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများ ကြားမှာပင် အဆင့်အတန်း ကွာဟချက်များ ရှိနေခဲ့သည်။
လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုသည် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများ၏ အလယ်အလတ် အထက်တန်းစားအဆင့်တွင် ရပ်တည်နေလျက်ရှိကာ၊ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေတွင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားခဲ့သည်။
အောင်းဖီသည် လေထဲသို့ ပျံတက်လာကာ နဂါးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် နဂါးလှံကို ကိုင်ဆောင်ထားသော လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် သူရဲကောင်းတစ်ဦးသဖွယ် ဖြစ်နေခဲ့သည်။
၎င်းမှာ အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများ၏ ထူးခြားသော စွမ်းရည်ဖြစ်ပြီး၊ ၎င်းတို့သည် စတုတ္ထအဆင့်မှာပင် လူအသွင်ပြောင်းလဲနိုင်ကြသည်။
လူသားအဖြစ် ပြောင်းလဲရခြင်းမှာ ရှေးဟောင်းဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။
“ ခရီးးးးးး ~~~ “
ဖီးနစ်ငှက်အော်သံ ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် အနီရောင်သမ်းနေသည့် ရွှေရောင်နတ်ဖီးနစ်တစ်ကောင် ပေါ်ထွက်လာခဲ့သည်၊ မီတာ ဒါဇင်နှင့်ချီ၍ ရှည်လျားသော တောင်ပံများ လှုပ်ခါသည့် အချိန်တိုင်းတွင် လေထုနှင့် တိမ်သားတိမ်စိုင်တို့ လွင့်ထွက်သွားကြသည်။
သူမသည် မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး၊ သူမ၏နောက်ကျောဘက်တွင် နီရဲရဲ တောင်ပံ တစ်စုံရှိနေခဲ့ကာ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
မကြာခင်မှာ တစ်ခြားသော အစွမ်းထက် နတ်သားရဲများ ဆင်းသက်ရောက်ရှိလာခဲ့သည်၊ သူတို့အားလုံးသည် အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများ ဖြစ်သည်။
ထိုလူများကြားတွင် ခေါင်းကိုးလုံးခြသေ့်ဖြစ်သည့် လူစီလည်း ရှိနေခဲ့သည်။
နှင်းကဲ့သို့ ဖြူစင်သော အသားအရည်နှင့် နီရဲရဲ ဂါဝန်ကို ဝတ်ဆင်ထားသော ကျင်းလွမ်မှ ချိုသာစွာ ပြောလာခဲ့သည် “သတင်းတွေက တကယ်ကို မှန်နေတာပဲ၊ ရှေးခေတ်က လက်သည်းရှစ်ခု ရွှေနဂါးရဲ့ ဂူသင်္ချိုင်းက ဒီနေရာမှာ တကယ်ကြီး ရှိနေတယ် “
တစ်ခြားလူများမှာလည်း စိတ်အားထက်သန်နေသော အကြည့်များဖြင့် ငေးကြည့်နေခဲ့သည်။
ရှေးခေတ်ကာလသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော အချိန်ကာလတစ်ခုဖြစ်သည်။
သူတို့ကဲ့သို့သော အစစ်အမှန် နတ်သားရဲများကပင် သူတို့၏ ကိုယ်ပိုင်ထူးခြားမှု ဝိသေဿလက္ခဏာရပ်များကို မသိကြပေ။
သူတို့သည် ရှေးယခင်ခေတ်က ကြယ်ပြာဂြိုဟ်တွင် နဝမအဆင့်အထက်မှ ပညာရှင်တစ်ချို့ ရှိကြောင်းကိုသာ သိထားကြသည်။
မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေတွင် ရှေးခေတ်ကာလနှင့် သက်ဆိုင်သည့် အရာအားလုံးမှာ တန်ဖိုးဖြတ်၍ မရနိုင်လောက်အောင် အဖိုးတန်နေခဲ့သည်။
အကယ်၍ ဤနေရာကို အဆင့်မြင့် သားရဲကြီးက မသိမ်းယူထားဘူးဆိုပါက ဤနေရာတွင် နဝမအဆင့် နတ်သားရဲများ ဝိုင်းနေမည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။
“ လမ်းဖယ်ကြ !! “
အောင်းဖီမှ အေးစက်စွာ စကားပြောကာ အရှေ့သို့ တစ်ဦးတည်း လျှောက်လှမ်းလာခဲ့သည်။ မကျေမနပ် ဖြစ်သွားကြသော်လည်း အားလုံးသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
လက်သည်းငါးခု ရွှေနဂါးသည် အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများကြားမှာပင် ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ကျင်းလွမ်ကပင် သူ့ကို မစော်ကား၊ မဆန့်ကျင်ချင်ပေ။
“ ဒီလူက တကယ်ကြီးကို မောက်မာကြီးစိုးတာပဲ “ နဂါးသားရဲကြီးမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ တိတ်တဆိတ် ညီးညူနေတော့သည်။
အကြောင်းမသိတဲ့ လူတစ်ယောက်ယောက်ကသာ ဒါကို မြင်သွားမယ်ဆိုရင် အဲ့ဟာက မင်းဘိုးအေရဲ့ သင်္ချိုင်းလို့ ထင်သွားပါဦးမယ်ကွာ။
ထိုအချိန်တွင် အောင်းဖီသည် ရှေးဟောင်းဂူသင်္ချိုင်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားပြီး၊ သူ၏မျက်လုံးများမှာလည်း တလက်လက် တောက်ပနေလျက်ရှိပြီး၊ အထဲသို့ ပြေးဝင်လုမတတ်ဖြစ်နေခဲ့သည်။
“ ဝရောင်းးးးးးး !!! “
ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သော အသံတစ်သံသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့သည်။
ဧရာမ မီးချီလင်တစ်ကောင်သည် အဝေးမှ ပြေးလာနေခဲ့သည်၊ ၎င်း၏ ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကိုပင် လှုပ်ခါသွားစေခဲ့သည်။
အံ့ဩဖွယ်ကောင်းသည့်အရာမှာ အဆိုပါ မီးချီလင်သည် ရှေးဟောင်း ရွှေရောင်ရထားလုံးတစ်စီးကို ဆွဲလာခြင်းဖြစ်ပြီး၊ ၎င်းသည် ဤဘက်သို့ တဟုန်ထိုးပြေးဝင်လာခဲ့သည်။
အစစ်အမှန် နတ်သားရဲတစ်ကောင်ဖြစ်သည့် မီးချီလင်သည် ရထားလုံးဆွဲသည့် အလုပ်ကို လုပ်ကိုင်နေရသည်။
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်၊ အထဲမှာ ရှိနေတာက ဘယ်သူလဲဟ? မီးချီလင်ကိုတောင် ရထားလုံး ဆွဲခိုင်းနေရဲတယ်ပေါ့??
ရှေးဟောင်းရထားလုံးသည် လေထုထဲတွင် ရပ်တန့်သွားပြီး၊ ၎င်း၏တံခါးသည် ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့ကာ ရှေးဟောင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ပုံရိပ်၏ နဖူးပေါ်တွင် တလက်လက်တောက်ပနေသည့် ရွှေရောင်ဦးချိုတစ်ချောင်းရှိနေခဲ့ပြီး၊ မျက်လုံးတို့မှာလည်း ကြယ်များကဲ့သို့ ဖြစ်နေခဲ့ကာ၊ အကန့်အသတ်မရှိသည့် ပုန်ကန်မှုနှင့် မာန်မာနတို့ကို ထုတ်လွှင့်၍ လေထဲတွင် လမ်းလျှောက်နေခဲ့သည်။
“လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုရဲ့ သူတော်စင် အမွေခံ၊ အောင်းချန်ရှန်းပဲ !!! “
အားလုံး၏ မျက်နှာများပေါ်တွင် နှလုံးသားထဲမှ ထွက်ပေါ်လာသည့် လေးစားမှု အရိပ်အငွေ့များ တည်ရှိလာခဲ့သည်။
လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုသည် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများ၏ အထွတ်အထိပ်နေရာတွင် နှစ်ပေါင်း သန်းနှင့်ချီသည့်တိုင်အောင် ကျဆုံးသွားခြင်းမရှိဘဲ အခိုင်အမာရပ်တည်နေသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။
ဤမျိုးဆက်၏ သူတော်စင် အမွေခံ အောင်းချန်ရှန်းမှာလည်း ပြိုင်ဘက်ကင်းသည့် တည်ရှိမှုတစ်ခုဖြစ်သည်။
လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုက ၎င်းနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက အမည်သာ ကွာခြားရုံပေါ်နေခဲ့သော်လည်း၊ ၎င်းတို့သည် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ အရှေ့တွင် အမှိုက်တစ်စမျှသာ ဖြစ်နေခဲ့သည်။
“ နောက်ဆုတ် “
အောင်းချန်ရှန်းသည် အောင်းဖီကို ကြည့်လာခဲ့သည်၊ သူ၏အသံသည် ကျောက်စိမ်းကဲ့သို့ နူးညံ့နေခဲ့သည်၊ သို့သော် သူသည် အောင်းဖီရှိရာဘက်သို့ အသာအယာ လက်ဝေ့ယမ်းလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အောင်းဖီသည် တောင်တန်းတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ခံစားသွားရကာ၊ အနောက်သို့ တဟုန်ထိုး လွင့်ထွက်သွားခဲ့သည်။
ထိုကဲ့သို့ ဖြစ်နေခြင်းမှာ မီတာတစ်ထောင်အကွာသို့ ရောက်မှသာလျှင် ရပ်တန့်သွားခဲ့ပြီး၊ သူ၏ပါးစပ်ထောင့်များမှ သွေးများ စီးကျလာခဲ့သည်။
အောင်းဖီသည် အရှေ့ဘက်ရှိ အောင်းချန်ရှန်းကို အေးစက်စွာ စိုက်ကြည့်ကာ အမူအရာ မည်းမှောင်သွားခဲ့သည်၊ သို့သော် သူသည် မည်သည့်စကားမှ ထုတ်မပြောလာခဲ့ပေ။
ချိုင့်ဝှမ်းအတွင်းရှိ နဂါးသားရဲကြီးမှာလည်း အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားကာ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
“ ဒီအောင်းချန်ရှန်းဆီမှာ ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေတာပဲ …….. “
အောင်းဖီ၏ ခွန်အားသည် မေးခွန်းထုတ်စရာမလိုပေ၊ ရှုကျိုးသည် ၎င်းကို သူ၏မျက်လုံးဖြင့် လူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးပြီဖြစ်သည်။
မွှေးဖြူသားရဲကဲ့သို့သော အစွမ်းထက် တည်ရှိမှုတစ်ခုကပင် အောင်းဖီ၏ တိုက်ကွက်တစ်ခုကို တောင့်မခံနိုင်ခဲ့ပေ။
သို့သော် အဆိုပါ အောင်းဖီသည် အောင်းချန်ရှန်း၏ အဝေးမှ ပစ်လွှတ်လိုက်သည့် လက်ဝါးချက်တစ်ခုဖြင့် ဖိနှိပ်ခံခဲ့ရသည်။
အလယ်အလတ် အထက်တန်းစားနှင့် အထွတ်အထိပ် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများကြားရှိ ကွာဟချက်မှာ သိသာထင်ရှားနေခဲ့သည်။
အောင်းချန်ရှန်းသည် အရှေ့ရှိ ခမ်းနားထည်ဝါသော ရှေးဟောင်းဂူသင်္ချိုင်းကြီးကို ကြည့်ရှုကာ စကားပြောလာခဲ့သည် “ အဲ့တာက လက်သည်းရှစ်ခု နဂါးမျိုးနွယ်စုရဲ့ ရှေးဟောင်းဂူသင်္ချိုင်းပဲ၊ ငါ့မျိုးနွယ်စုရဲ့ ခွင့်ပြုချက်မရှိဘဲ၊ ဘယ်သူမှ ဝင်လို့မရဘူး “
သူ၏ အသံမှာ နူးညံ့ငြင်သာနေသော်လည်း၊ ငြင်းပယ်၍ မရသည့် ဩဇာအာဏာများ ပါဝင်နေခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 401 )
ဘက်ပေါင်းစုံ လှုပ်ခတ်ခြင်း၊ ဘိုးဘေးနဂါး ဂူသင်္ချိုင်း !! ၂
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းမကျေမနပ်ဖြစ်သွားကြသည်၊ သို့သော် မည်သူကမှ ရှေ့တက်၍ မေးခွန်းမထုတ်ရဲကြပေ။
“ ဟားဟားဟား “
ထိုအချိန်တွင် ကျယ်လောင်သော ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ အောင်းချန်ရှန်း၊ မင်းက တကယ်ကို အရှက်မရှိဘူးပဲ “
လူတိုင်းရင်တုန်ပန်းတုန် ဖြစ်သွားကြသည်၊ ဘယ်သူက အောင်းချန်ရှန်းကို ဒီလိုပုံစံမျိုးနဲ့ စကားပြောရဲနေတာလဲ?
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ကောင်းကင်ယံတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။
ဧရာမပုံရိပ်ကြီးသည် အက်ကွဲကြောင်းထဲမှ ပေါ်ထွက်လာခဲ့သည်၊ ၎င်း၏ခန္ဓာကိုယ်သည် ဧရာမ ခွန်ပန်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေကာ၊ ကြီးမားသော အနက်ရောင် တောင်ပံကြီးနှစ်ဖက်သည် ကောင်းကင်ယံတွင် ကြီးစိုးနေသည့် တိမ်မည်းများကဲ့သို့ နေမင်းကို ဖုံးကွယ်ထားခဲ့သည်။
၎င်းသည် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုဖြစ်သည့် ခွန်ပန်ပင် ဖြစ်သည်။
ခွန်ပန်၏ မျက်လုံးများသည် တောက်လောင်နေသည့် နေမင်းများကဲ့သို့ ရွှေရောင်အလင်းတန်းတစ်ခုဖြင့် တောက်ပနေခဲ့သည်၊ ၎င်း၏ဘုန်းတန်ခိုးသည် အားလုံးကို တုန်ရင်သွားစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာသည့် အချိန်တွင် သူသည် အရပ်ရှည်ရှည် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ခရီးးးးး ~~~ “
မီတာရာနှင့်ချီ၍ ရှည်လျားသော အနီရောင်ငှက်ကြီးတစ်ကောင် ပျံသန်းလာခဲ့သည်၊ အံ့ဖွယ်ကောင်းသည့် မီးလျှံများသည် ကြီးမားသော နေမင်းကြီးတစ်ခုကဲ့သို့ ဖုံးလွှမ်းနေကာ၊ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်း၏ အပူချိန်မှာလည်း လျှင်မြန်စွာ မြင့်တက်သွားခဲ့သည်။
အစစ်အမှန် နတ်သားရဲမျိုးဆက် ရွှေကျီးကန်းပင် !!!
“ ဘုမ်းးးး !!! “
ကောင်းကင်ထက်တွင် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အရိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ကြောက်စရာကောင်းသည့် ဧရာမသားရဲကြီးတစ်ကောင်ပေါ်လာခဲ့သည်၊ ၎င်း၏ အသက်ရှူသံများသည် ကမ္ဘာ၏ ဤအစိတ်အပိုင်းကို ဝါးမြိုနေသကဲ့သို့ အလင်းရောင်ကိုပင် ပိတ်ဆို့ထားကာ၊ ၎င်းအား အရိပ်မည်းကြီးက ဝါးမြိုထားသကဲ့သို့ ဖြစ်နေပုံရသည်။
အစစ်အမှန် နတ်သားရဲမျိုးဆက် အနက်ရောင် ထောင်းထျဲ့ !!!
အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲသုံးကောင် ရုတ်တရက် ပေါ်လာခြင်းသည် တစ်ကမ္ဘာလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
ခရမ်းရောင် ချိုင့်ဝှမ်းအတွင်းတွင် ပုန်းကွယ်နေသည့် နဂါးသားရဲကြီးမှာလည်း အံ့ဩတကြီးဖြစ်သွားခဲ့သည် “ ဘာတွေ ဖြစ်နေတာလဲ? ဒီလောက်များတဲ့ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတွေက ဘာလို့ပေါ်လာရတာလဲ? “
လက်သည်းရှစ်ခု ရွှေနဂါးရဲ့ ဂူသင်္ချိုင်းက ဒီလောက်တောင် ဆွဲဆောင်မှုအားကောင်းတာလားဟ??
သို့ရာတွင် နဂါးသားရဲကြီးကို စိတ်မသက်မသာ အဖြစ်စေဆုံးအရာမှာ အဆိုပါ အစစ်အမှန် နတ်သားရဲများ၏ အရှိန်အဝါများက သူ့အား ကြောက်ရွံ့မှုကို ခံစားသွားရစေခြင်းပင် ဖြစ်သည်။
၎င်းသည် ဤနေရာတွင် ဆက်နေနေပါက အန္တရာယ်ဖြစ်ပေါ်လာနိုင်စေသကဲ့သို့ သူ့အား ချက်ချင်းထွက်သွားရန် နှိုးဆော်ပေးနေခဲ့သည်။
သို့သော် ၎င်းမှာ အတွေးတစ်ခုမျှသာဖြစ်ပြီး၊ သူသည် အမှန်တကယ်ထွက်သွားမည် မဟုတ်ပေ။
လက်ရှိအခြေအနေများအရ အဆိုပါ ဂူသင်္ချိုင်းထဲတွင် ထူးခြားသော အရာတစ်ခုခု အမှန်တကယ် ရှိနေနိုင်သည်။
…
ထိုအချိန်တွင် ခွန်ပန်မှ စကားပြောလာခဲ့သည် “ အောင်းချန်ရှန်း၊ မင်းက တစ်ခြားလူတွေကို အရူးလုပ်လို့ရပင်မဲ့ ငါတို့ကိုတော့ မရဘူး။ ဒါက လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်းမဟုတ်ဘဲ၊ ဘိုးဘေးနဂါးရဲ့ ဂူသင်္ချိုင်းဆိုတာကို ငါတို့ သိခဲ့ပြီးပြီ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဤနေရာတစ်ခုလုံး အုံ့အောသောင်းနင်း ဖြစ်သွားတော့သည်။
အောင်းဖီနှင့် ကျင်းလွမ်တို့၏ အမူအရာများပင် ပြောင်းလဲသွားခဲ့သည်။
“ ဘိုးဘေးနဂါး ဂူသင်္ချိုင်းလား? “
“ ဘယ်လိုလုပ် ဒီလောက် မြင့်မြတ်တဲ့ ဂူသင်္ချိုင်းဖြစ်နေရတာလဲ? အဲ့တာက အမှန်ပဲလား? “
“ တကယ်လို့ ဒီသတင်းသာ မှန်နေမယ်ဆိုရင်၊ ဒါက တော်တော်လေးကို အရေးကြီးသွားပြီ “
ဘိုးဘေးနဂါး ဂူသင်္ချိုင်းဆိုသည်မှာ ၎င်း၏အမည်အတိုင်းပင် ဘိုးဘေးနဂါးနှင့် ဆက်စပ်နေလျက်ရှိသည်။
ဘိုးဘေးနဂါးက သမိုင်းတွင် ပျောက်ဆုံးနေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး၊ ဘိုးဘေးနဂါးသည် နဂါးမျိုးနွယ်စု အကုန်လုံး၏ ဘိုးဘေးဖြစ်ကာ၊ အစွမ်းအထက်ဆုံး တည်ရှိမှုတစ်ခုဖြစ်သည်။
၎င်းနှင့် ယှဥ်လိုက်မည်ဆိုပါက လက်သည်းရှစ်ခု ရွှေနဂါးမှာ ကလေးသာသာမျှသာ ဖြစ်သည်။
အနက်ရောင်ထောင်းထျဲ့သည် ခြောက်ခြားဖွယ်ကောင်းအောင် ရယ်မောလာခဲ့သည် “ အောင်းချန်ရှန်း၊ မင်းတို့ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက ဒီကိစ္စကို သိထားတာ တော်တော်ကြာနေပြီ၊ ဒါပင်မဲ့ မင်းတို့မျိုးနွယ်စုရဲ့ ရှေးဟောင်းဂူသင်္ချိုင်းဖြစ်တယ်ဆိုပြီးတော့ တမင်သက်သက် သတင်းဖြန့်ခဲ့တယ်၊ မင်းတို့က ဒီဟာကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေကြတာလား? “
အောင်းချန်ရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ လေးလေးနက်နက် ပြောလာခဲ့သည် “ မင်းတို့က ဘာပေါက်ကရေ လျှောက်ပြောနေတာလဲ? ဘိုးဘေးနဂါးရဲ့ ဂူသင်္ချိုင်းဆိုတာက ရှိလို့လား? “
“ ဟန်ဆောင်နေတုန်းပဲလား? “
အနက်ရောင်ထောင်းထျဲ့မှာ အေးစက်စွာ နှာမှုတ်လာခဲ့သည်၊ ၎င်း၏ အရှိန်အဝါသည် အမှောင်ထုနှင့်အတူ ပေါ်ထွက်လာခဲ့သည် “ ငါက ငါ့မျိုးနွယ်စုရဲ့ ဘိုးဘေးဆီကနေ တိုက်ရိုက်အမိန့်ရခဲ့တယ် “
ထိုစကားနှင့်အတူ သူသည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ဝုန်းးးးးး !!!
အားကောင်းသော ဖိနှိပ်မှုအားတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် အမှောင်ထုမှာ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အားလုံး၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာများ ဖြစ်တည်လာခဲ့သည်၊ ၎င်းမှာ ထောင်းထျဲ့ဘိုးဘေး၏ နည်လမ်းတစ်ခုဖြစ်သည်။ အရှိန်အဝါ ထုတ်လွှတ်လိုက်ရုံဖြင့် နေ့အချိန်ကို ညအချိန်အဖြစ် ပြောင်းလဲသွားစေနိုင်သည်။
တစ်ချိန်တည်းမှာပင် အောင်းချန်ရှန်းမှာလည်း ဤကိစ္စကို ဖုံးကွယ်ထား၍ မရတော့ဘူးဆိုသည်ကို သိသွားခဲ့သည်။
သူသည် အေးစက်စွာ စကားပြောလာခဲ့သည် “ အဲ့လိုဖြစ်လာပြီဆိုတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲ မူတည်တယ် “
“ ကောင်းတယ် !!! “
ထောင်းထျဲ့နှင့် ရွှေကျီးကန်းတို့သည် မည်သို့မျှ မကန့်ကွက်ခဲ့ပေ။
ထိုအချိန်တွင် အောင်းဖီသည် ရုတ်တရက် ရှေ့တက်ကာ စကားဝင်ပြောလာခဲ့သည် “ လေးစားရပါသော လူကြီးမင်းတို့၊ ဘိုးဘေးနဂါး ဂူသင်္ချိုင်းထဲမှာက ဖုံးကွယ်ထားတဲ့ စက်ယန္တရားတွေနဲ့ ထောက်ချောက်တွေ ရှိနေမှာပါ၊ ဒီအတိုင်း ဝင်သွားရင် အန္တာရာယ်ရှိပါတယ်၊ ကင်းထောက်လွှတ်ဖို့အတွက် သွေးနှောကောင်တွေကို ဘာလို့အရင်မဖမ်းလိုက်ရတာလဲဗျ? “
“ အို့ “ ခွန်ပန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်လေး မင်းပြောတာက အဓိပ္ပါယ်ရှိတယ်၊ ဒါပင်မဲ့ ဒီလိုဝေးလံခေါင်သီတဲ့ နေရာတစ်ခုမှာ သွေးနှောကောင်တွေကို ဘယ်နေရာမှာ သွားရှာရမှာလဲ? “
မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေသည် အလွန်ကြီးမားကျယ်ဝန်းလှပြီး၊ ဤနေရာတွင် ရှိနေသည့် သွေးနှောသားရဲ အရေအတွက်မှာ အလွန်နည်းပါးလွန်းနေခဲ့သည်၊ ယခုလက်ရှိ အချိန်တွင် ၎င်းတို့ကို ရှာဖွေရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
ရွှေကျီးကန်းမှ စကားပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ ငါ့ဆီမှာ ရွှေကျီးကန်း နတ်မျက်လုံး ရှိတယ်၊ အဲ့တာက မိုင် ၁၀၀၀အထိ မြင်နိုင်တယ် “
ရွှေကျီးကန်းမျိုးနွယ်စု၏ မွေးရာပါ နတ်စွမ်းရည်ဖြစ်သော ရွှေကျီးကန်း နတ်မျက်လုံးထံတွင် x-ray အမြင်အာရုံ၏ စွမ်းအား ရှိနေခဲ့ပြီး၊ သွေးနှောသားရဲများကို မြင်နေနိုင်ခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ခွန်ပန်၏ အမူအရာမှာ ဝင်းလက်သွားခဲ့သည် “ ဒါဆိုရင်လည်း မင်းကိုပဲ ဒုက္ခပေးရတော့မယ် “
ရွှေကျီးကန်းမှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ လျှို့ဝှက်နည်းစနစ်တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်သည်။
“ ဇွီ !!! “
ရွှေကျီးကန်း၏ နဖူးတွင် ထောင်လိုက်မျက်လုံးတစ်လုံး ပွင့်ဟလာခဲ့သည်၊ ၎င်း၏ မျက်လုံးများသည် နေလုံးကဲ့သို့ ရဲရဲတောက် နီရဲနေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော လှိုင်းလုံးတစ်ခုသည် ရွှေကျီးကန်းကို ဗဟိုပြုကာ ဘက်ပေါင်းစုံသို့ လျင်မြန်စွာ ပျံ့လွင့်သွားတော့သည်။
လှိုင်းလုံး ထုတ်လွှင့်လာသည်နှင့်တစ်ပြိုင်နက် ဤဟင်းလင်းပြင်၏ အပူချိန်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
အားလုံးသည် ထိုလှိုင်းလုံး၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရကာ သူတို့၏လျှို့ဝှက်ချက်များ အဖော်ခံလိုက်ရသကဲ့သို့ ခံစားသွားကြရသည်။
၎င်းသည် ရွှေကျီးကန်း နတ်စွမ်းရည်၏ စွမ်းအားကို ပြသနေခဲ့သည်။ တိုက်ပွဲအတွင်း၌ ၎င်းသည် ပြိုင်ဘက်၏ အားနည်းချက်ကို ဖော်ထုတ်နိုင်ပြီး၊ ထို့နောက်တွင် အသက်အန္တရာယ်ရှိသည်အထိ တိုက်ခိုက်နိုင်ပေသည်။
အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများထံတွင် သူတို့၏ ကိုယ်ပိုင် နည်းစနစ်နှင့် စွမ်းရည်များ ရှိနေကြသည်။
အောင်းချန်ရှန်း၊ ခွန်ပန်နှင့် တစ်ခြားလူများသည် မျက်မှောင်ကြုတ်သွားကာ၊ လက်ဝေ့ယမ်း၍ အဆိုပါ ရောင်ခြည်လှိုင်းကို တားဆီးလိုက်သည်။
ကျင်းလွမ်၊ အောင်းဖီနှင့် တစ်ခြားသော အလယ်အလတ် အထက်တန်းစားအဆင့် နတ်သားရဲတို့မှာလည်း သူတို့၏ နည်းစနစ်များကို အသုံးပြုကာ ၎င်းကို ခုခံကာကွယ်လိုက်သည်။
သို့သော် တစ်ခြားမျိုးနွယ်စုများကမူ ထိုမျှလောက် ကံမကောင်းကြပေ၊ သူတို့သည် ထိုကဲ့သို့သော ရောင်ခြည်မျိုးကို မခုခံနိုင်ကြဘဲ လုံးဝအဖုံးလွှမ်းခံလိုက်ရသည်။
ထိုစဥ်
ခရမ်းရောင် ချိုင့်ဝှမ်းအတွင်းရှိ အထွတ်အထိပ် နဂါးသားရဲကြီးမှာလည်း သူ၏ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ထားခဲ့သည်၊ သို့သော် စိုးရိမ်စိတ် အနည်းငယ် ဝင်နေလျက်ရှိသည်။
သူသည် ယခုလက်ရှိအချိန်တွင် ကိုယ့်ကိုကိုယ် မထုတ်ဖော်မပြသချင်သေးပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် အဆိုပါ ရောင်ခြည်လှိုင်းသည် ချိုင့်ဝှမ်းထဲတွင် အနည်းငယ်မျှ တန့်သွားခဲ့ပြီး၊ ထို့နောက်တွင် လျှင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။
အောင်းချန်ရှန်းသည် ရွှေကျီးကန်းကို ကြည့်လာခဲ့သည် “ ဘယ်လိုလဲ? “
ရွှေကျီးကန်းမှ ပြန်ပြောလိုက်သည် “ တစ်ဒါဇင်ကျော်ကျော်လောက် ရှာတွေ့တယ်၊ ဒါပင်မဲ့ ………. “
“ ဘာဖြစ်လို့လဲ? “
“ ဘာမှ မဟုတ်ပါဘူး၊ ငါအာရုံခံတာ မှားသွားတာ “ ရွှေကျီးကန်းသည် ခရမ်းရောင်ချိုင့်ဝှမ်းရှိရာဘက်သို့ ငေးကြည့်လာခဲ့သည်။
သူသည် ထိုနေရာနှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု အလိုလိုခံစားနေခဲ့ရသည်၊ သို့သော် ဂရုတစိုက် လေ့လာစူးစမ်းခဲ့ပြီးသည့်နောက်တွင်မူ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
သူ့ဘေးနားရှိ လက်သည်းငါးခု ရွှေနဂါး အောင်းဖီ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ဆရာ၊ ကျွန်တော်သွားကြည့်လိုက်မယ် “
ထို့နောက်တွင် သူသည် ချိုင့်ဝှမ်းဆီသို့ ပျံသန်းလာခဲ့သည်။
“ ချီးပဲ !!! “
ချိုင့်ဝှမ်းအတွင်းရှိ နဂါးသားရဲကြီးသည် တိတ်တဆိတ် ကျိန်ဆဲနေတော့သည်၊ အကယ်၍ အောင်းဖီကသာ အနီးကပ် စူးစမ်းလေ့လာမည်ဆိုပါက သူ့အား ရှာတွေ့သွားနိုင်လေသည်။
သူသည် သူ၏အရှိန်အဝါကိုသာ ဖုံးကွယ်ထားခြင်းဖြစ်ပြီး၊ အပြည့်အဝ ပျောက်ကွယ်နေခြင်း မဟုတ်ပေ။
၎င်းကို တွေးမိသွားသောအခါတွင် နဂါးသားရဲကြီးသည် သူ၏ပုံစံကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး၊ အငွေ့အသက်နှင့် ပုံပန်းသွင်ပြင်တို့ကို လျင်မြန်စွာ ချိန်ညှိုနေတော့သည်။
အောင်းဖီသည် ချိုင့်ဝှမ်းအတွင်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
မကြာခင်မှာပင် သူသည် အထွတ်အထိပ် နဂါးသားရဲကြီး ရှိနေသည့် နေရာသို့ ရောက်လာခဲ့ကာ၊ မြေပြင်ပေါ်တွင် လှဲလျောင်းပုန်းကွယ်နေသည့် သားရဲကြီးတစ်ကောင်ကို မြင်တွေ့သွားခဲ့သည်။
“ ထစမ်း !!! “ အောင်းဖီမှ ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။
သားရဲကြီးထံမှ မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။
၎င်းကို မြင်လိုက်ရသောအခါတွင် အောင်းဖီသည် ချက်ချင်းရှေ့တက်လာခဲ့ပြီး၊ အင်အားသုံးရန် ပြင်ဆင်လိုက်သည်။
“ ဘုမ်းးးး !!! “
ရုတ်တရက်ဆိုသလိုပင် ကြီးမားသော သားရဲကြီးသည် ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်၊ ၎င်း၏ပုံရိပ်သည် တောင်တစ်လုံးကဲ့သို့ ဖြစ်နေကာ၊ ၎င်း၏ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်းရှိနေပြီး၊ အရေပြားမှာလည်း ခရမ်းရွှေရောင် တောက်ပနေခဲ့ကာ၊ ခမ်းနားခြင်း၊ ကြီးစိုးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
“ တောင်နွားရိုင်းလား? “
အောင်းဖီသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ သူသည် အဆင့်မြင့် နတ်သားရဲဖြစ်သည့် တောင်နွားရိုင်းကို မြင်တွေ့ခဲ့ရသည်။
“ ဝှစ် !! “
ထိုအချိန်တွင် ရွှေကျီးကန်း၊ ခွန်ပန်၊ နှင့် တစ်ခြားလူများလည်း ပျံသန်းရောက်ရှိလာခဲ့သည်။
“ ဘာတွေဖြစ်နေတာလဲ? “
ရွှေကျီးကန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ ဤနွားရိုင်းအိုကြီးသည် သူ၏ ရွှေကျီးကန်း နတ်မျက်လုံးကို ရှောင်လွှားနိုင်ခဲ့သည်၊ ၎င်းမှာ သာမန်ဖြစ်ရပ်တစ်ခု မဟုတ်ပေ။
“ မူးးးးး ~~~ “
အထွတ်အထိပ် နဂါးသားရဲကြီးမှ အသွင်ပြောင်းထားသော တောင်နွားရိုင်းသည် မကျေမနပ်ဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည် “ ငါအိပ်ကောင်းနေတာကို၊ ဘာလို့ လာနှောင့်ယှက်နေကြတာလဲ? “
အားလုံးသည် အကြည့်များ ဖလှယ်နေကြတော့သည်၊ သူတို့သည် ၎င်းက အဆင့်မြင့် နတ်သားရဲ တောင်နွားရိုင်းဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အစစ်အမှန် နတ်သားရဲများကဲ့သို့ ကြောက်မက်ဖွယ်မကောင်းသော်လည်း၊ ၎င်းအား အမြှောက်စာအဖြစ် ပေါ့ပေါ့တန်တန် အသုံးပြု၍ မရပေ။
ခွန်ပန်မှ ရွှေကျီးကန်းကို စကားပြောလာခဲ့သည် “ သွေးနှောကောင် မဟုတ်ဘူးဆိုတော့၊ ဒီမှာ ဆက်နေစရာ မလိုတော့ဘူး “
ဤအချိန်၌ ဘိုးဘေးနဂါး ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ခြင်းကသာလျှင် အရေးအကြီးဆုံး ကိစ္စတစ်ခုဖြစ်သည်။
ရွှေကျီးကန်း၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ သူသည် ဤနွားရိုင်း၏ လျှို့ဝှက်ချက်များကို သိချင်နေလျက်ရှိသည်၊ သို့သော် အဆုံးတွင် ခေါင်းငြိမ့်ပြလာခဲ့သည်။
သို့ရာတွင် ထိုအချိန်၌ အောင်းဖီမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ နေကြပါဦး၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ် “
ခွန်ပန်၏မျက်ခုံးများ အနည်းငယ် ပင့်တက်သွားခဲ့သည် “ ဘာမှားနေတာလဲ? “
အောင်းဖီသည် တောင်နွားရိုင်းကို စိုက်ကြည့်၍ ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ ဒီအငွေ့အသက်ကို ရင်းနှီးနေတယ်လို့ ခံစားနေရတယ်၊ ….. ဒီကောင်က ရုပ်ဖျက်ထားတဲ့ သွေးနှောကောင်ပဲ ဖြစ်ရမယ် “
လူတိုင်းအံ့ဩတုန်လှုပ်သွားကြသည်။
တောင်နွားရိုင်းကြီးမှာလည်း အန္တရာယ် အငွေ့အသက်များ စွန်းထင်းနေသည့် မျက်လုံးများဖြင့် အောင်းဖီကို စိုက်ကြည့်လာခဲ့သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 402 )
စိတ်ညစ်နေသော အောင်းဖီ
လူအုပ်ကြီးသည် အောင်းဖီ၏ စကားလုံးများကို ကြားလိုက်ရသောအခါတွင် အနည်းငယ် အံ့ဩသွားခဲ့သည်။
ယနေ့ခေတ်တွင် အဆင့်မြင့် နတ်သားရဲက သွေးနှောသားရဲအဖြစ် ရုပ်ဖျက်ထားသည်မှာ မထူးဆန်းလှသော အရာဖြစ်ပြီး၊ သွေးနှောသားရဲက အဆင့်မြင့် နတ်သားရဲအဖြစ် ရုပ်ဖျက်ထားခြင်းကမူ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးသော ကိစ္စတစ်ခုဖြစ်သည်။
သွေးနှောသားရဲများ၏ အရှိန်အဝါများက အတော်လေး သိသာထင်ရှားလှသည်။
သားရဲမျိုးနွယ်စု၏ တစ်ခြားသော အဖွဲ့ဝင်များသည် တစ်ချက်မျှ လှမ်းကြည့်ရုံဖြင့် အဆင့်နိမ့် သွေးမျိုးဆက်များကို အနံ့ခံနိုင်ပေသည်။
သို့သော် သူတို့အရှေ့ရှိ တောင်နွားရိုင်းကြီးသည် အဆင့်မြင့် နတ်သားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခဲ့သည်။
တောင်နွားရိုင်းကြီးသည် အောင်းဖီကို အေးအေးလူလူ စိုက်ကြည့်၍ စကားပြောလာခဲ့သည် “ မိတ်ဆွေ၊ စကားလုံးတွေကို မဆင်မခြင် မပြောသင့်ဘူး။ ငါ၊ နွားအိုကြီးက စစ်မှန်ပြီး သန့်စင်တဲ့ အဆင့်မြင့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာ။ ဘာတွေကို အခြေခံပြီးတော့ ငါက သွေးနှောကောင်ဖြစ်တယ်လို့ ပြောနေရတာလဲ? “
အောင်းဖီမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ လွန်ခဲ့တဲ့ တစ်လတုန်းက ငါက မွှေးဖြူမြင်းကို ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်ခဲ့တယ်၊ နောက်တော့ အဲ့ကောင်ကို သွေးနှောသားရဲကောင်တစ်ကောင်က ကယ်သွားတယ်။ အဲ့ကောင်ရဲ့ အငွေ့အသက်နဲ့ မင်းနဲ့က အတူတူပဲ “
တောင်နွားရိုင်းကြီးမှာ အူလှိုက်သည်းလှိုက် ရယ်မော၍ ပြောလာခဲ့သည် “ ဆိုတော့ သွေးနှောကောင်က အဆင့်မြင့် နတ်သားရဲအဖြစ် ရုပ်ဖျက်နိုင်မယ်လို့ မင်းထင်နေတယ်ပေါ့၊ နတ်သားရဲရဲ့ ပုံစံမျိုးကိုတောင် ပြောင်းလဲနိုင်တယ်ပေါ့?? သောက်ပေါက်ကရတွေ !!! “
“ မင်းက အဲ့တာကို ဘယ်လိုလုပ်လိုက်လဲဆိုတာကို ငါမသိဘူး “
အောင်းဖီမှ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ ဒါပင်မဲ့ ငါ့ရဲ့အာရုံခံမှုက ဘယ်တုန်းကမှ မမှားခဲ့ဘူး …….. တောင်နွားရိုင်းမျိုးနွယ်စုတွေထဲမှာ ကျောရိုးအောက်မှာ လုပ်ထားခဲ့တဲ့ ထူးခြားတဲ့ အမှတ်အသားတစ်ခု ရှိတယ်။ တကယ်လို့ မင်းက တကယ့်နွားရိုင်းမျိုးနွယ်စုဝင် ဖြစ်နေတယ်ဆိုရင်၊ အဲ့တာကို ပြပါ “
“ အထူးအမှတ်အသားလား? “
နဂါးသားရဲကြီးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ သူသည် ထိုကိစ္စကို အမှန်တကယ် မသိခဲ့ပေ။
သားရဲတစ်သောင်းတုပခြင်းသည် တစ်ခြားမျိုးနွယ်စုများ၏ ရုပ်သွင်လက္ခဏာများကို တုပနိုင်သည်၊ သို့သော် သူက ၎င်းတို့ကို မြင်တွေ့ထားဖူးမှသာလျှင် ပြောင်းလဲနိုင်ပေသည်၊ ထိုကဲ့သို့သော အတွင်းပိုင်း ကိစ္စများကမူ ရှင်းရှင်းလင်းလင်း မသိရပေ။
သူ၏တုံ့ဆိုင်းမှုကို မြင်တွေ့လိုက်ရသောအခါတွင် အောင်းဖီမှ ချက်ချင်း လှောင်ပြောင်လာခဲ့သည် “ ဘာလဲ? ပြဖို့ ကြောက်နေတာလား? ”
“ ဒီကောင်က ငါ့ကို တမင်သက်သက် ပြဿနာရှာနေတာပဲ “ နဂါးသားရဲကြီးသည် စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေခဲ့သည်၊ သို့သော် သူ၏အမူအရာကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။
သူသည် အောင်းဖီက အစောပိုင်း အချိန်များအတွင်းက လူရှေ့တွင် အရှက်ရခဲ့သောကြောင့် အဆိုပါ ဒေါသအား သူ့ကို အသုံးချ၍ ဖြေဖျောက်ချင်နေသည်ဟု မှန်းဆမိနေခဲ့သည်။
သို့ရာတွင် သူ့ကို ပစ်မှတ်ထားလာခြင်းမှာ အမှားတစ်ခုသာ ဖြစ်သည်။
နဂါးသားရဲကြီး၏ မျက်လုံးများ အေးစက်သွားခဲ့သည် “ ဘာလို့ ငါက မင်းတို့ကို ပြသင့်တာလဲ? အဲ့တာက ငါ့မျိုးနွယ်စုရဲ့ အသက်အမှတ်အသားလေ၊ သေခြင်းရှင်ခြင်း ကိစ္စမဟုတ်ဘဲ၊ ပေါ့ပေါ့တန်တန် ပြလို့မရဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အောင်းဖီမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ တကယ်လို့ သက်သေမပြရဲဘူးဆိုရင်၊ မင်းက သွေးနှောကောင်ဖြစ်တယ်လို့ ဆိုလိုနေတာပဲ “
ထိုအချိန်တွင် အောင်းချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ စကားပြောလာခဲ့သည် “ ဒီကောင်က ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စိတ်ပူနေစရာ လိုလို့လား? မြန်မြန်လုပ်ပြီး ဂူသင်္ချိုင်းထဲ ဝင်ကြမယ် “
လူအုပ်ကြီးသည် တိတ်တဆိတ် ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူတို့သည် အောင်းဖီက ဤနွားရိုင်းကြီးအား မည်သည့်အတွက် ပစ်မှတ်ထားနေရလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်သွားကြသည်။
သူတို့သည် သွေးနှောသားရဲတစ်ဒါဇင်ကျော် ဖမ်းမိခဲ့ပြီးပြီဖြစ်သောကြောင့် ဤတစ်ကောင်ကို လက်လွှတ်လိုက်ရခြင်းမှာ အရေးကြီးနေမည် မဟုတ်ပေ။
အောင်းဖီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ အကြောင်းပြချက်အများစုသည် ဒေါသကို ဖြေဖျောက်ချင်သောကြောင့် ဖြစ်သည်။ အရေးအကြီးအဆုံး အရာကမူ ရှေးဟောင်းဂူသင်္ချိုင်းအတွင်းတွင် ရတနာများ ရှာဖွေရန်အတွက် သွေးနှောသားရဲများကို အမှန်တကယ် လိုအပ်သောကြောင့် ဖြစ်သည်။
မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေထဲကို မဝင်ခင် အချိန်များကတည်းက လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုသည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းအကြောင်း သိထားခဲ့ပြီးပြီဖြစ်သည်။
အကြောင်းအရင်းမှာ ရှေးခတ်ကတည်းက လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ဘိုးဘေးများနှင့် ဘိုးဘေးနဂါးကြားတွင် အဆက်အသွယ်များ ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။
ထို့ကြောင့် လက်သည်းငါးခု ရွှေနဂါးသည် ရှေးဟောင်းဂူသင်္ချိုင်းအတွင်းရှိ တစ်ချို့သော အစီအစဥ်များကို ကြိုတင်သိရှိထားခဲ့ပြီး၊ အတားအဆီးများကို ကျော်လွှား၍ ဒဏ္ဍာရီလာ ရတနာကို သိမ်းပိုက်ရန်အတွက် နည်းစနစ်တစ်ခု တီထွင်ထားကြသည်။
အဆိုပါ ရတနာသည် သားရဲမျိုးနွယ်စုကို ကြီးကြီးမားမား အကျိုးပြုနိုင်ပေသည်၊ သူတို့၏ သွေးမျိုးဆက်များကို အဆင့်ကြီးတစ်ခုတိတိ မြှင့်တင်ပေးနိုင်လေသည်။
ထိုရတနာကိုသာ ရရှိခဲ့မည်ဆိုပါက လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုသည် အဆင့်မြင့်(သို့) အထွတ်အထိပ် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုအဖြစ်ပင် အဆင့်တက်နိုင်လိမ့်မည် ဖြစ်သည်။
သူတို့သည် ဤနေ့ရက်အတွက် နှစ်ပေါင်းသိန်းနှင့်ချီ၍ စောင့်နေခဲ့ပြီးပြီ ဖြစ်သည်။
“ အတားအဆီးတွေကို ကျော်ဖြတ်မဲ့ နည်းစနစ်မှာ ရုပ်ဖျက်နိုင်စွမ်းရှိတဲ့ သွေးနှောသားရဲကောင်ကို လိုအပ်တယ် “ အောင်းဖီမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည်။
၎င်း၏ ရုပ်ဖျက်နိုင်စွမ်းကြောင့် အဆိုပါ နည်းစနစ်အတွက် အသုံးပြုရန် သင့်တော်လှပေသည်။
ထို့ကြောင့်ပင် သူက လက်မလွှတ်နိုင် ဖြစ်နေရခြင်းဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် အောင်းဖီသည် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် နဂါးသားရဲကြီးကို ရုတ်တရက် စိုက်ကြည့်လာခဲ့သည်။
“ ဝှစ် !! “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ် လှုပ်ခတ်သွားပြီး၊ အရှေ့သို့ ပြေးတက်လာခဲ့ရာ၊ နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
အကယ်၍ သူကသာ ၎င်းကို ဖိနှိပ်နိုင်မည်ဆိုပါက ၎င်းက သွေးနှောသားရဲဖြစ်သည်ဟု သက်သေပြနိုင်မည်ဖြစ်သည်။
အောင်းဖီ၏ တိုက်ခိုက်မှုသည် လူတိုင်းကို အံ့ဩသွားစေခဲ့သည်၊ အားလုံးသည် ချက်ချင်း နောက်ဆုတ်သွားကြသည်။
အောင်းချန်ရှန်း၊ ခွန်ပန်နှင့် တစ်ခြားလူများသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် မည်သည့်စကားမှ မပြောလာခဲ့ပေ။
ရွှေကျီးကန်းကြီးကမူ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေလျက်ရှိသည်။
ယခင်က သူသည် ဤနွားကြီးက သူ၏ နတ်မျက်လုံးကို တားဆီးနိုင်ခဲ့သည့်အတွက် ထူးဆန်းသည်ဟု ထင်နေခဲ့သည်။
အောင်းဖီ၏ စကားများကြောင့် သူသည် ပို၍ စိတ်ဝင်စားလာခဲ့သည်။ အကယ်၍ ဤနွားရိုင်းကသာ ရုပ်ဖျက်ထားသည့် သွေးနှောသားရဲကောင်ဖြစ်နေမည်ဆိုပါက၊ ချက်ချင်း ဖိနှိပ်ခံလိုက်ရမည် ဖြစ်သည်။
ပြိုင်ဘက် ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
သူ၏ စိတ်ဝိညာဥ်စွမ်းအားသည် အလွန်တရာ အားကောင်းနေခဲ့ပြီး၊ မတိုက်ခိုက်ခင် အချိန်ကပင် ပြိုင်ဘက်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိနေခဲ့သည်။
ကောင်းကင်ထက်၌ အောင်းဖီ၏ လက်ဝါးချက်သည် မိုးကြိုးပစ်ခွင်းလာသကဲ့သို့ ဆင်းသက်လာခဲ့သည်။
ထိုလက်ဝါး မကျရောက်ခင် အချိန်မှာပင် အောက်ဘက်ရှိ မြေပြင်သည် ဘုမ်း ဘုမ်း ဘုမ်းဟူ အော်မြည်ကာ မီတာ ၇၀၀(သို့) ၈၀၀ရှိသည့် အက်ကွဲကြောင်းများ ချက်ချင်း ဖြစ်ပေါ်သွားစေခဲ့သည်။
၎င်းသည် အဆင့်မြင့် နတ်သားရဲတစ်ကောင်၏ အင်အားအပြည့် တိုက်ခိုက်မှုဖြစ်သည်။
“ ဟမ့် !! “
နဂါးသားရဲကြီးမှ အေးစက်စွာ နှာမှုတ်လာခဲ့ပြီး၊ သူ၏ ချိုများဖြင့် အဆိုပါ လက်ဝါးချက်ကို ပေးတွေ့လိုက်သည်။
“ ဝုန်းးးးး !!! “
အံ့ဖွယ်ကောင်းသည့် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ပြင်းထန်သော လေလှိုင်းလုံးများ ပျံ့လွင့်လာခဲ့သည်။
နဂါးသားရဲကြီး ခြေထောက်များအောက်ရှိ မြေပြင်သည် ချက်ချင်း ပြိုကွဲသွားပြီး၊ မီတာ ၁၀၀နက်သည့် ချိုင့်ဝှမ်းတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားကာ ပတ်ပတ်လည်ရှိ သစ်ပင်နှင့် ကျောက်တုံးများကို ပျက်စီးသွားစေခဲ့သည်။
နဂါးသားရဲကြီးသည် မလှုပ်မယှက် တည်ငြိမ်နေစဲဖြစ်ပြီး၊ ဟိန်းဟောက်လာခဲ့သည် “ အောင်းဖီ၊ ဒါက ဘာသဘောလဲ? “
အောင်းဖီ၏ မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ သူသည် ၎င်းက သူ၏ လက်ဝါးချက်ကို တောင့်ခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
တစ်ခြားသော သွေးနှောသားရဲတစ်ကောင်ကောင် ဖြစ်နေမည်ဆိုပါက မသေဘူးဆိုလျှင်တောင်မှ ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည် ဖြစ်သည်။
သို့ရာ၌ သူ၏မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အငွေ့များ လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။
ပြိုင်ဘက်က တောင်နွားရိုင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သေချာပေါက် ဖိနှိပ်ရမည် ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အောင်းဖီသည် လုံးလုံးလျားလျား မျက်နှာပျက်သွားရလိမ့်မည် ဖြစ်သည်။