အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အပိုင်း ( 403 )
စိတ်ညစ်နေသော အောင်းဖီ ၂
“ ဘုမ်းးးး !!! “
အောင်းဖီ၏ ခန္ဓာကိုယ်ထဲမှ ပို၍ အားကောင်းသော နတ်ဆိုးစွမ်းအင် လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ကာ လက်ဝါးရိုက်ချက်တစ်ခုကို ထပ်မံ၍ ထုတ်လွှတ်လာပြန်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် တောင်နွားရိုင်းအဖြစ် ရုပ်ဖျက်ထားသည့် နဂါးသားရဲကြီးမှာ မအောင့်ထားနိုင်တော့ဘဲ ဟိန်းဟောက်လာခဲ့သည် “ ငါ့ရဲ့ တောင်နွားရိုင်းမျိုးနွယ်စုက အဆင့်မြင့် သွေးမျိုးဆက်ပဲ ပိုင်ဆိုင်ထားပင်မဲ့၊ ဒီလိုအရှက်ခွဲမှုမျိုးကို သည်းခံနေမှာ မဟုတ်ဘူး “
ထိုစကားနှင့်အတူ သူ၏ခန္ဓာကိုယ်ထဲမှ အားကောင်းသော နတ်ဆိုးစွမ်းအင်များ ပေါ်ထွက်လာခဲ့ပြီး၊ သူ့ခေါင်းပေါ်ရှိ ချိုနှစ်ချောင်းသည် လေတိုက်တိုင်း ကြီးမားလာတော့သည်။
သူ၏ ခန္ဓာပေါ်တွင် သွေးစီးကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ နွားဦးချိုများမှာလည်း အပေါ်သို့ ထောင်တက်လာခဲ့သည်။
“ ဝုန်းးးးး !!! “
လက်ဝါးရိုက်နှင့် ဦးချိုများ တိုက်မိသွားပြန်သည်။
ကမ္ဘာမြေလှုပ်ခါသွားစေသည့် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့ပြီး မီတာ ၁၀၀၀အတွင်းရှိ မြေပြင်သည် ချက်ချင်းပေါက်ထွက်သွားကာ၊ လမ်းပေါ်တွင် ရှိနေသည့် မီတာ ၁၀၀မြင့်မားသော တောင်ကုန်းမှာလည်း နေရာမှာပင် ပေါက်ကွဲထွက်သွားခဲ့သည်။
ကောင်းကင်ယံရှိ တိမ်သားတိမ်စိုင်များပင် ပြန့်ကျဲသွားကာ အပြာရောင် ကောင်းကင်ပြင်သာ ပေါ်ထွက်လာခဲ့သည်။
ကျင်းလွမ်၏ မျက်လုံးများပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ အဲ့ဒီနွားရိုင်းက သူ့အသက်အတွက် တကယ်ကြီး တိုက်ခိုက်နေတာပဲ “
အဆင့်မြင့် နတ်သားရဲက အစစ်အမှန် နတ်သားရဲများကို ဤမျှအတိုင်းအတာအထိ တိုက်ခိုက်နေခဲ့ခြင်းမှာ ရူးသွပ်ခြင်းမှလွဲ၍ မည်သည့်အရာဖြစ်နေလိမ့်မည်နည်း?
ကွင်းပြင်ထဲ၌ ထူထဲသော မီးခိုးငွေ့များ ပျံ့လွင့်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ခွန်ပန်၊ ရွှေကျီးကန်းနှင့် တစ်ခြားလူများကပင် သိလိုစိတ်များဖြင့် စောင့်ကြည့်လာကြသည်။
သူတို့သည် ဤပြင်းထန်သော တိုက်ကွက်ဖလှယ်မှုကြောင့် နွားရိုင်းကြီးက မည်ကဲ့သို့ ဖြစ်သွားမလဲဆိုသည်ကို သိချင်နေကြသည်။
မီးခိုးငွေ့များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး၊ သွေးစွန်းနေသည့် ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ အသက်ရှင်နေသေးတာလား? “
“ ဒီနွားရိုင်းရဲ့ စွမ်းအားက အစစ်အမှန် နတ်သားရဲတစ်ချို့ရဲ့စွမ်းအားနား ကပ်နေတဲ့ပုံပဲ “
( အစစ်အမှန် နတ်သားရဲတစ်ချို့ရဲ့ စွမ်းအားလောက်နီးနီး ဖြစ်နေတာပေါ့၊ နီးရုံနီးတာပါ မမှီသေးဘူး၊ အဲ့လိုအခြေအနေမျိုးပါ )
တော်တော်များများသည် အံ့ဩတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အောင်းဖီက အစစ်အမှန် နတ်သားရဲများကြားမှာပင် အဆင့်မြင့်သည့် ပါရမီရှင်တစ်ဦးဖြစ်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
အောင်းဖီ၏ တိုက်ကွက်နှစ်ခုကို တောင့်ခံနိုင်ခဲ့ခြင်းကပင် ပြိုင်ဘက်၏ ထူးခြားမှုကို ပြသရာရောက်နေခဲ့ပြီဖြစ်သည်။
သို့သော် နဂါးသားရဲကြီးက စိတ်ထဲတွင် ကူရာကယ်ရာမဲ့နေပြီဆိုသည်ကိုတော့ သူတို့ မသိကြပေ။
“ တကယ်လို့ ကြိုသိခဲ့မယ်ဆိုရင်၊ တောင်နွားရိုင်းအဖြစ် ပြောင်းမှာ မဟုတ်ဘူးကွာ “
အမှန်တိုင်းပြောရမည်ဆိုပါက တစ်ခြားသော ရွေးချယ်စရာလည်း မရှိပေ၊ နတ်သားရဲမျိုးနွယ်စု အရေအတွက်မှာ သေးငယ်နေခဲ့ပြီး၊ အားလုံးသည် တစ်ဦးကို တစ်ဦးကို မှတ်မိနေကြသည်။
အကယ်၍ ရှုကျိုးကသာ အစစ်အမှန် နတ်သားရဲတစ်ကောင် ဖြစ်လာမည်ဆိုပါက သူ့အား လျင်မြန်စွာ မှတ်မိသွားကြမည် ဖြစ်သည်။
သို့သော် တောင်နွားရိုင်းမျိုးနွယ်စုကမူ အရေအတွက် အတော်အတန်များသောကြောင့် အားနည်းချက်များကို သတိပြုမိသွားမည် မဟုတ်ပေ။
တောင်နွားရိုင်းအဖြစ် အသွင်ယူထားခြင်းသည် သူ၏လှုပ်ရှားမှုနှင့် လှုပ်နိုင်စွမ်းများကို ကန့်သတ်ထားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းက အဆင့်မြင့် နတ်သားရဲတစ်ကောင်မျှသာ ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် အဆင့်မြင့် နတ်သားရဲအဖြစ်ဖြင့် အစစ်အမှန် နတ်သားရဲတစ်ကောင်ကို လူရှေ့တွင် အနိုင်ယူလိုက်၍ မရပေ။
ထိုကဲ့သို့သာ လုပ်လိုက်မည်ဆိုပါက သူနှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေပြီဆိုသည်ကို အရူးကပင် သိသွားမည် ဖြစ်သည်။
ထို့ကြောင့် နဂါးသားရဲကြီးသည် ဒဏ်ရာအပြင်းအထန် ရရှိသွားဟန်ဖြင့် သေမင်းကို စိန်ခေါ်နေသကဲ့သို့ ဖြစ်နေသည့် အမူအရာမျိုးကို ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် နဂါးသားရဲကြီးသည် အောင်းဖီကို ကြည့်ကာ ဝမ်းနည်းကြေကွဲနေသည့် လေသံမျိုးဖြင့် ပြောဆိုလိုက်သည် “ ဘာတွေ ကျန်သေးလဲ? အကုန်ထုတ်လာခဲ့လိုက် !!! တကယ်လို့ ဒီနေ့မှာ ဒီနွားအိုကြီး သေသွားရမယ်ဆိုရင်တောင်မှ ငါ့တောင်နွားရိုင်း မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်သွားမယ် “
“ ယောကျာ်းတစ်ယောက်ကို သတ်လို့ရပင်မဲ့ စော်ကားလို့မရဘူး “
ထိုစကားလုံးသည် ယခုလက်ရှိ ရှိနေကြသော လူအကုန်လုံးကို လေးစားမှုစိတ်များ ခံစားသွားရစေခဲ့သည်။
တောင်နွားရိုင်းသည် အဆင့်မြင့် နတ်သားရဲတစ်ကောင်မျှဖြစ်သော်လည်း သေခြင်းတရားကို မကြောက်မရွံ့ တိုက်ခိုက်နေခဲ့သည်၊ ၎င်းသည် သားရဲတော်တော်များများ၏ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့သည်။
အောင်းဖီ၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည်။
ထိုအချိန်တွင် သူသည် သူ၏ကိုယ်ပိုင်စွမ်းရည်ကိုပင် သံသယဝင်သွားခဲ့သည်၊ ငါတွက်တာမှားသွားတာလား?
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက တစ်ဖက်လူထံတွင် ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိနေမည် မဟုတ်ပေ။
ထိုအချိန်တွင် အောင်းချန်ရှန်းမှ စကားဝင်ပြောလာခဲ့သည် “ အချိန်ဖြုန်းနေတာ တော်လိုက်တော့၊ ဂူသင်္ချိုင်းထဲ ဝင်ကြမယ် “
ရွှေကျီးကန်း၊ ခွန်ပန်နှင့် တစ်ခြားလူများမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကြသည်၊ သူတို့သည် အချိန်ဆက်မဖြုန်းချင်ကြတော့ပေ။
သူတို့သည် အစောပိုင်းအချိန်များအတွင်းက ဖမ်းဆီးထားသည့် သွေးနှောသားရဲအကုန်လုံးကို ရှေးဟောင်းဂူသင်္ချိုင်းထဲသို့ ပစ်ထည့်လိုက်ပြီး၊ ထို့နောက်တွင် သူတို့ပါ ပြေးဝင်သွားကြသည်။
( အောင်းဖီက ရှုကျိုးဆီကို ပြေးလာတုန်းက၊ တစ်ခြားလူက ရွှေကျီးကန်းရှာတွေ့ထားတဲ့ သွေးနှောကောင်တွေကို သွားဖမ်းထားတာပါ )
သိပ်မကြာခင် အချိန်မှာပင် အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲအကုန်လုံးသည် ဂူသင်္ချိုင်းထဲသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် ကျင်းလွမ်နှင့် တစ်ခြားသော အဆင့်မြင့် နတ်သားရဲတို့၏ အလှည့်သို့ ရောက်လာခဲ့ပြီး၊ တစ်ဦးပြီးတစ်ဦး ဝင်သွားကြသည်။
အောင်းဖီမှာလည်း ဤကိစ္စကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ ဂူသင်္ချိုင်းထဲသို့ ဝင်သွားရန် ပြင်လိုက်သည်၊ သို့သော် ထိုအချိန်တွင် နဂါးသားရဲကြီးမှ ရုတ်တရက် အော်ပြောလာခဲ့သည် “ အောင်းဖီ !! ငါတို့တိုက်ပွဲက မပြီးသေးဘူး !!! “
ထိုစကားနှင့်အတူ သူသည် အောင်းဖီထံသို့ ပြေးဝင်လာတော့သည်။
အောင်းဖီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ဘေးတစ်ဖက်သို့ ရှောင်ရှား၍ အေးစက်စွာ ပြောလာခဲ့သည် “ တောင်နွားကောင် !!! မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ? “
နဂါးသားရဲကြီးမှ အေးစက်စွာ ပြန်ပြောလိုက်သည် “ မင်းက ငါ့ရဲ့ တောင်နွားရိုင်းမျိုးနွယ်စုကို အကြောင်းမဲ့ စော်ကားခဲ့တာ၊ အဲ့အတွက် ဖြေရှင်းချက် တောင်းနေတာပဲ “
“ မင်းရူးနေလား? “
အောင်းဖီ၏ အမူအရာမှာ ရုပ်ဆိုးသွားတော့သည်၊ အဆင့်မြင့် နတ်သားရဲကောင်လေးကများ၊ ငါ့ရဲ့ တိုက်ကွက်နှစ်ကွက်၊ သုံးကွက်လောက်ကို တောင့််ခံနိုင်တာနဲ့ အစစ်အမှန် နတ်သားရဲတွေကို တိုက်ခိုက်နိုင်ပြီလို့ တကယ်ကြီး ထင်နေတာလား?
သာမန်အခြေအနေများအောက်တွင်သာဆိုပါက သူသည် ထိုကောင့်အား ရက်စက်ကြမ်းတမ်းသော သင်ခန်းစာတစ်ခုကို စိတ်အားထက်သန်စွာဖြင့် သင်ပြပေးမည် ဖြစ်သည်။
သို့သော် ယခုတွင်ကား အကယ်၍ သူကသာ ဂူသင်္ချိုင်းထဲသို့ မြန်မြန်ဆန်ဆန် မဝင်သွားဘူးဆိုပါက အကျိုးအမြတ်များကို တစ်ခြားလူများက ရိတ်သိမ်းသွားမည် ဖြစ်သည်။
အောင်းဖီသည် နဂါးသားရဲကြီးကို အာရုံစိုက်မနေတော့ဘဲ၊ ရှေးဟောင်းဂူသင်္ချိုင်းဘက်သို့သာ လျှောက်လှမ်းသွားတော့သည်။
“ ဝုန်းးးး !!! “
သို့သော် ထိုအချိန်တွင် နွားရိုင်းကြီးမှ လက်ဝှေ့ထိုးနေသကဲ့သို့ ခွာဖြင့် တိုက်ခိုက်လာခဲ့သည်။
ဘုတ်ဟူသောအသံနှင့်အတူ ၎င်းသည် အောင်းဖီ၏ မျက်နှာကို ထိမှန်သွားခဲ့သည်။
သတိလျော့နေသော အောင်းဖီသည် လေထဲတွင် လည်ထွက်ကာ ဇောက်ထိုးဖြစ်သွားခဲ့သည်။
“ သေချင်နေတာပဲ !!! “
အောင်းဖီသည် နွားရိုင်းကြီးကို ဒေါသတကြီး ပြန်လှည့်ကြည့်လာခဲ့သည်။ သူသည် ထိုငတုံးက အမှန်တကယ် လှုပ်ရှားလာရဲမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သေမှာကို မကြောက်ဘူးလားဟ??
“ မင်းက တိုက်ခိုက်ချင်တယ်ဆိုတော့လည်း မင်းကို ခရီးဆုံးထိ ပို့ပေးရတာပေါ့ “
ထိုအချိန်တွင် အောင်းဖီ၏ စိတ်ထဲတွင် ဒေါသများဖြင့် ကြီးစိုးနေပြီဖြစ်ကာ၊ မည်သည့်အရာကိုမှ ဂရုစိုက်မနေတော့ပေ၊ နွားကြီးက ပြဿနာလာရှာနေသောကြောင့် သူသည် သနားညှာတာနေတော့မည် မဟုတ်ပေ။
“ ဖပ် !!! “
ရွှေရောင်လှံရှည်တစ်လက်သည် အောင်းဖီ၏ လက်ထဲတွင် ပေါ်လာခဲ့သည်၊ ရွှေရောင်ရောင်ခြည်များဖြင့် တောက်နေလျက်ရှိကာ၊ နဂါးခုနစ်ကောင်ကဲ့သို့ ဖြစ်နေသည့် အငွေ့အသက်များ ဝိုင်းရံနေကာ အစစ်အမှန် နဂါး၏ ဘုန်းတန်ခိုးကို ထုတ်လွှင့်နေခဲ့သည်။
အောင်းဖီမှ လှံရှည်ကို ဆွဲထုတ်လိုက်သည့်အချိန်တွင် သူ၏အရှိန်အဝါမှာလည်း မြင့်တက်လာခဲ့သည်။
ထို့နောက်တွင် သူသည် နဂါးလှံရှည်ကို ဝေ့ယမ်းကာ ကျယ်လောင်စွာ ဟိန်းဟောက်၍ နွားရိုင်းကြီးဆီသို့ ပြေးတက်လာခဲ့သည်။
“ မူးးး ~~ “
နွားရိုင်းကြီးမှ တွန်မြည်လာခဲ့ရာ၊ နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်ထက်သို့ ထောင်တက်သွားကာ၊ ဓားရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး၊ အောင်းဖီကို ခုတ်ပိုင်းလာတော့သည်။
ခွမ်းးး !!
ဓားရှည်နှင့် နဂါးလှံတို့ တိုက်မိသွားကာ မီးပွားများ ပေါ်ထွက်လာခဲ့သည်။
“ ဒါ …. ဒါက လူသားတွေရဲ့ တိုက်ခိုက်ရေး နည်းစနစ်လား? “
အောင်းဖီ၏ အမူအရာ ပြောင်းလဲသွားတော့သည်။
သူသည် ထူးဆန်းသော အမူအရာဖြင့် နွားရိုင်းကြီးတစ်ဖြစ်လဲ နဂါးသားရဲကြီးကို စိုက်ကြည့်လာခဲ့သည် “ ထူးခြားတဲ့နွားကောင်ပဲ၊ လူသားတွေရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို တကယ်ကြီး သိနေတယ်၊ ဒါက ငါ့နဲ့တိုက်ဖို့အတွက် မင်းရဲ့ ဝှက်ဖဲလား? “
“ တကယ်လို့ အဲ့တာက အကုန်ပဲဆိုရင် မင်းသေလို့ရပြီ “
အောင်းဖီ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အစစ်အမှန် နတ်သားရဲနှင့် အလယ်အလတ် အထက်တန်းစားအဆင့် သားရဲမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ အဆင့်မြင့် နတ်သားရဲတစ်ကောင်ကို ဤမျှခက်ခက်ခဲခဲ ကိုင်တွယ်နေရသည်မှာ သူ့ကို စော်ကြားလိုက်ခြင်းဖြစ်သည်။
“ သတ် !!! “
သူဟိန်းဟောက်လိုက်ရာ နဂါးလှံလည်း လှုပ်ခါလာခဲ့သည်။
နဂါးခုနစ်ကဲ့သို့ ဖြစ်နေသည့် အငွေ့များက ဟိန်းဟောက်လာကြပြီး၊ နဂါးလှံနှင့် လျင်မြန်စွာ ပေါင်းစည်းသွားကာ ရုတ်တရက် တောက်ပလာပြီး၊ အားကောင်းသော ဖိနှိပ်မှု အရှိန်အဝါတစ်ခုကို ဖြန့်ကျက်လာခဲ့သည်။
အဆိုပါ ဖိအားအောက်၌ ဤနေရာတွင် ကြာကြာဆက်နေနေသည့် သားရဲတစ်ချို့ကပင် ကြောက်လန့်တကြားဖြစ်သွားကြသည်။
အားနည်းသော အကောင်းများသည် တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲပြိုသွားကာ ဦးညွှတ်အရိုအသေ ပြုမိသွားကြသည်။
၎င်းမှာ နဂါး ဘုန်းတန်ခိုးပင် ဖြစ်သည် !!
( တကယ့်နဂါးတွေပဲ ပိုင်ဆိုင်တဲ့ အငွေ့အသက် ဒါမှမဟုတ် စွမ်းအား/စွမ်းအင်တစ်မျိုးပါ )
“ သွား !! “
အောင်းဖီသည် လက်မောင်းကို လွှဲရမ်း၍ နဂါးလှံအား သေမင်း၏ အပြီးသတ်အမိန့်သကဲ့သို့ နဂါးသားရဲကြီးထံသို့ ပစ်လွှတ်လာခဲ့သည်၊ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်လုံးတွင် သာမန်မျက်လုံးများဖြင့် မြင်နိုင်သည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခဲ့သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးကို ပဥ္စမအဆင့်သားရဲများကပင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ ဟင်းလင်းပြင် ဒိုင်းကာ !! “
နဂါးသားရဲကြီးကမူ အေးဆေးတည်ငြိမ်နေစဲသာဖြစ်သည်၊ သူ၏အရှေ့ဘက်တွင် ဟင်းလင်းပြင် စွမ်းအင်များ လျင်မြန်စွာ စုစည်းလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ခိုင်မာတောင့်တင်းသည့် ဟင်းလင်းပြင် နံရံတစ်ခုအဖြစ် ဖွဲ့တည်လာခဲ့သည်။
ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုနှင့် ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင် ဟင်းလင်းပြင်နှင့် အင်မော်တယ် စွမ်းရည်တို့မှာ အံ့ဖွယ်ကောင်းလောက်သည်အထိ တိုးတက်လာခဲ့သည်။
ယခင်က သူ၏ ဟင်းလင်းပြင် ဒိုင်းကာသည် ၅စင်တီမီတာမျှသာ ထူထဲခဲ့သည်။
ယခုတွင်ကား ၁၀စင်တီမီတာအထိ ကြီးမားလာနေခဲ့ပြီဖြစ်သည်။
၎င်းက နှစ်မျှသာ ကွာခြားနေပုံရသော်လည်း အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းသည် အဆပေါင်းများစွာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
“ ဗွီ !!! “
နဂါးလှံသည် ဟင်းလင်းပြင် ဒိုင်းကာကို ပြင်းထန်စွာ ဝင်ဆောင့်လာတော့သည်၊ သို့သော် ၎င်းသည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။
နဂါးသားရဲကြီး၏ အေးစက်စက် အကြည့်တစ်ခုဖြင့် သူ့ရှေ့ရှိ ဟင်းလင်းပြင်းစွမ်းအင်များကို ထပ်မံ၍ စုစည်းလိုက်ရာ မီတာ ရာနှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင် ဖြတ်တောက်ခြင်း !!
ဟင်းလင်းပြင် အက်ကွဲကြောင်းသည် နဂါးလှံကို ကျော်ဖြတ်လာခဲ့သည်။
“ ဟင်းလင်းပြင် စွမ်းရည်လား? “
အောင်းဖီ၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး၊ နဂါးလှံကို အလျင်စလို ပြန်ရုတ်လိုက်သည်။
သို့သော် ဟင်းလင်းပြင် ဖြတ်တောက်ခြင်း၏ အမြန်နှုန်းသည် သူ့ထပ်ပို၍ မြန်ဆန်နေခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လှံ၏ထိပ်ဖျားပိုင်းကို ဖုံးလွှမ်းလာခဲ့သည်။
ခရက် !!!
ငြင်သာသော ထိတွေ့မှုနှင့်အတူ လှံ၏ ထိပ်ဖျားပိုင်း ကျိုးပဲ့ပျက်စီးသွားကာ လှံနှင့် ကွဲထွက်သွားတော့သည်။
“ ဖူးးး ~~~ “
အောင်းဖီသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရသည်။ အသက်လက်နက်သည် အသုံးပြုသူနှင့် အလွန်အားကောင်းသော ချိတ်ဆက်မှုရှိနေခဲ့ပြီး၊ လက်နက်က ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် အသုံးပြုသူမှာလည်း ပြင်းထန်သော တန်ပြန်သက်ရောက်မှုများကို ခံစားရလိမ့်မည် ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် အောင်းဖီသည် အံ့ဩတကြီးဖြစ်နေသည့် မျက်လုံးများဖြင့် တောင်နွားရိုင်းကြီးကို စိုက်ကြည့်လာခဲ့သည်။
တောင်နွားရိုင်းက ဘယ်အချိန်ကစပြီးတော့ ဟင်းလင်းပြင် စွမ်းရည်ကို နားလည်သွားရတာလဲဟ?
“ လက်သည်းငါးခု ရွှေနဂါးလို့တော့ ပြောတာပဲ၊ ထင်သလောက်လည်း မဟုတ်ပါဘူးကွာ “
နဂါးသားရဲကြီးသည် အူလှိုက်သည်းလှိုက် ရယ်မောကာ အလွန်စိတ်ကျေနပ်သွားခဲ့သည်၊ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲ မရှိဘူးဆိုပါက သူသည် သူ၏ခွန်အားကို အင်ပြည့်အားပြည့် ထုတ်သုံးနိုင်လေသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ၏အရှိန်အဝါကို ထပ်မံ၍ ဖုံးကွယ်မနေတော့ဘဲ၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ထုတ်လွှတ်ကာ အောင်းဖီဆီသို့ ပြေးဝင်လာတော့လေသည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 404 )
အစစ်အမှန် နတ်သားရဲကို သတ်ဖြတ်ခြင်း
“ ဂျိန်းးးးးးးး !!! “
နဂါးသားရဲကြီးမှ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးစွမ်းအင်များသည် မိုးကြိုးများ ပစ်လွှတ်နေသကဲ့သို့ ကောင်းကင်ထက်သို့ တက်လှမ်းလာခဲ့သည်။
ဤတစ်ကြိမ်ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် နဂါးသားရဲကြီး၏ သွေးမျိုးဆက် နိုးထခြင်းသည် သူ၏ တိုက်ခိုက်မှု၊ ခုခံကာကွယ်မှုနှင့် မြန်နှုန်းအစရှိသည့် နယ်ပယ်များကို သိသိသာသာ တိုးတက်သွားစေခဲ့သည်။
ထို့အပြင် ၎င်းသည် မီးပြင်းဖို၏ နှလုံးသားနှင့် ပေါင်းစပ်နိုင်ခဲ့ကာ၊ ၎င်း၏ နှလုံးမှာ ကမ္ဘာ့မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားပြီး၊ အဆုံးမဲ့ ချီ-သွေးစွမ်းအင်များ ထုတ်လွှတ်နေနိုင်ပြီဖြစ်သည်။
လုံးဝပေါက်ထွက်လာခဲ့သည့် အချိန်တွင် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
အဆိုပါ ဖိအားသည် ပတ်ဝန်းကျင်ရှိ တစ်ချို့သော အစစ်အမှန် နတ်သားရဲများကိုပင် ကြောက်လန့်တကြားဖြစ်သွားစေခဲ့သည်။
နဂါးသားရဲကြီးသည် အလွန်တရာ မြန်ဆန်သည့် အမြန်နှုန်းဖြင့် ရွေ့လျားလာခဲ့ကာ လက်သီးတစ်လုံးကို ပစ်သွင်းလာခဲ့သည်၊ တစ်ချိန်တည်းမှာပင် များပြားလှသော နတ်ဆိုးစွမ်းအင်များသည် ကြီးမားသော လက်သီးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လက်သည်းငါးခု ရွှေနဂါးထံသို့ တိုးဝင်လာခဲ့သည်။
မည်သည့်နည်းစနစ်မှ ပါဝင်မနေဘဲ၊ ရိုးရှင်းကာ တိုက်ရိုက်ဆန်သည့် လက်သီးချက်ပင် ဖြစ်သည်။
သို့သော် ၎င်း၏စွမ်းအားသည် ယခင်က ကောင်းကင်ဖြိုခွင်းဆေဘာထပ် ဆယ်ဆသာလွန်နေခဲ့သည်။
“ ဝှစ် !!! “
အသက်လက်နက်ကို ဆုံးရှုံးခဲ့ရသော်လည်း အောင်းဖီသည် သတိတကြီးရှိနေစဲဖြစ်ပြီး၊ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။
ထိုစဥ် ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးမားထွားလာခဲ့ကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီတာရာနှင့်ချီ၍ရှည်လျားသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယခင်က တိုက်ပွဲတွင် သူသည် လူသားပုံစံဖြင့်သာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။
လူသားပုံစံမှာ တိုက်ခိုက်ရေးအတွက် အဆင်ပြေလှသော်လည်း၊ လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ စွမ်းအားကိုမူ အပြည့်အဝ မထုတ်လွှတ်နိုင်ခဲ့ပေ။
ယခုတွင် အောင်းဖီမှာ သူ၏မူလပုံစံကို ပြန်ပြောင်းလိုက်ပြီဖြစ်သောကြောင့် သူ၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေးစွမ်းအားကို ပြသနိုင်ပြီဖြစ်သည်။
“ ဝေါင်းးးးး !!! “
သူသည် ဟိန်းဟောက်၍ ကြောက်မက်ဖွယ်ကောင်းသည့် နဂါးဘုန်းတန်ခိုးကို ထုတ်လွှတ်လာခဲ့သည်၊ ထို့နောက်တွင် လက်သည်းများဖြင့် နဂါးသားရဲကြီးကို ကုတ်ဆွဲလာခဲ့သည်။
နဂါးလက်သည်းနှင့် လက်သီးတို့ တိုက်မိသွားကာ၊ တစ်ခုကိုတစ်ခု လျင်မြန်စွာ တိုက်စားနေကြတော့သည်။
နဂါးကြီး၏ လက်သီးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
“ ဒီကောင်က …….. တောင်နွားရိုင်း မဟုတ်တာ သေချာတယ် “
အောင်းဖီ၏ အမူအရာသည် အလွန်တရာ မှုန်မှိုင်းသွားခဲ့သည် “ တောင်နွားရိုင်းမျိုးနွယ်စုထဲက ထိပ်တန်းပါရမီရှင်တွေကတောင် ငါ့မူလကိုယ်ရဲ့ တိုက်ခိုက်မှုကို မခံနိုင်ဘူး၊ မင်းက ဘာကောင်ကြီးပဲဖြစ်နေပါစေ၊ မင်းရဲ့ တကယ့်မျက်နှာကို ပြဖို့ ငြင်းနေတာကြောင့် ဒီမှာပဲ သေလိုက်တော့ “
အောင်းဖီမှ ဟိန်းဟောက်လာခဲ့ရာ မီးလျှံတစ်ခုသည် သူ၏ဝမ်းဗိုက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
အဆိုပါ မီးလျှံသည် ဝမ်းဗိုက်မှတစ်ဆင့် သူ၏လည်ချောင်းဆီသို့ မြင့်တက်လာခဲ့ပြီး၊ တောက်ပသော အလင်းတန်းတစ်ခုနှင့်အတူ ရုတ်တရက် ပေါက်ထွက်လာခဲ့ကာ၊ ထို့နောက်တွင် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် မီးတိုင်လုံးကြီးတစ်ခုအဖြစ် သူ၏ပါးစပ်ထဲမှ ပေါ်ထွက်လာခဲ့သည်။
“ ဘုမ်းးးးး !!! “
မီးတိုင်လုံးကြီး ပစ်ခွင်းလာသည်နှင့် တစ်ပြိုင်နက် ၎င်း၏လမ်းကြောင်းပေါ်တွင် ရှိနေသည့် နတ်သားရဲတစ်ကောင်သည် မီးအတွင်းသို့ ကျရောက်သွားကာ အော်ဟစ်ရန်ပင် အခွင့်အရေး မရဘဲ၊ ချက်ချင်း အရည်ပျော်သွားခဲ့သည်။
“ မကောင်းတော့ဘူး၊ မြန်မြန်ရှောင်ကြ “
“ အဲ့တာက အောင်းဖီရဲ့ နတ်စွမ်းရည်၊ ကောင်းကင်ဘုံ နဂါးမီးတောက်ပဲ !!! “
“ ဒီလိုစွမ်းအားမျိုးက အဆင့်၅သားရဲတွေနဲ့တောင် ယှဥ်နေနိုင်မှာကို ငါကြောက်မိတယ် “
ပတ်ပတ်လည်ရှိ ပွဲကြည့်ပရိတ်သတ်များသည် အထိတ်ထလန့် ဖြစ်သွားသည့် အမူအရာများနှင့်အတူ လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။
ထိုအချိန်တွင် မီးတိုင်လုံးကြီးသည် နဂါးသားရဲကြီးဆီသို့ တိုက်ရိုက်တိုးဝင်လာခဲ့သည်။
အထွတ်အထိပ် နဂါးသားရဲတစ်ဖြတ်လဲ တောင်နွားရိုင်းသားရဲကြီးကမူ တည်ငြိမ်နေစဲသာဖြစ်ပြီး၊ ဟင်းလင်းပြင်နံရံပေါင်းများစွာ ဆင့်ခေါ်လိုက်သည်။
“ ထပ် ထပ် ထပ် “
မီးတိုင်လုံးမှ နံရံများကို ထိမှန်သွားရာ၊ ပေါက်ကွဲသံများ ပေါ်ထွက်လာစေခဲ့ကာ ၎င်းတို့ကို တစ်လွှာချင်း ပြိုကွဲပျက်စီးသွားစေခဲ့သည်။
“ ငါ့ရဲ့ ကောင်းကင်ဘုံ နဂါးမီးတောက်က မင်းရဲ့ ဟင်းလင်းပြင် နံရံတွေကို မကြောက်ဘူး “
အောင်းဖီမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်၊ အဆိုပါ နတ်စွမ်းရည်သည် ပဥ္စမအဆင့် နယ်ပယ်ထဲသို့ပင် ဝင်ရောက်နေပြီ ဖြစ်သောကြောင့် ဟင်းလင်းပြင်ကို လှုပ်ခါစေနိုင်ပေသည်။
ဟင်းလင်းပြင် ဒိုင်းကာကို ဖြိုခွင်းရခြင်းမှာ သူ့အတွက် အလွန်လွယ်ကူလွန်းနေခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ မီးလျှံများ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ ပိုမိုထူထဲ အားကောင်းသည့် မီးတိုင်လုံးတစ်ခုကို ရုတ်တရက် ပစ်လွှတ်ကာ နဂါးသားရဲကြီးကို ထပ်မံ၍ တိုက်ခိုက်လာခဲ့သည်။
“ ဟမ့် “
နတ်နဂါးသားရဲကြီးမှ အေးစက်စွာ နှာမှုတ်လာခဲ့သည်၊ သို့သော် သူ၏အမူအရာသည် အေးအေးဆေးဆေးဖြစ်နေစဲပင်။
ထို့နောက်၌ သူ၏ခန္ဓာကိုယ်ပေါ်တွင် မိုးပြာရောင် ပုံစံကွက်များ ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်ဘုံ နဂါး ပြောင်းလဲမှုငါးသွယ်၊ ပထမ ပြောင်းလဲခြင်း၊ မိုးပြာရောင် နဂါး ပြောင်းလဲမှုကိုးသွယ် !!!
“ ဒီတစ်ခါ ဆင့်ကဲပြောင်းလဲမှု ပြီးတဲ့နောက်မှာ ငါ့ရဲ့ မိုးပြာနဂါး ပြောင်းလဲမှုကိုးသွယ်ကလည်း အတော်လေး အဆင့်တက်လာတဲ့ပုံပဲ “
အစက ၎င်းသည် ၃၀%အထိသာ အသွင်းပြောင်းနိုင်ခဲ့သည်၊ သို့သော် ယခုတွင်ကား ၅၀% အထိ ပြောင်းလဲနေနိုင်ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မိုးပြာရောင် ပုံစံကွက်များ ပိုမိုပေါ်ထွက်လာခဲ့သည်၊ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုမှာလည်း ကောင်းကင်ထက်သို့ လျှင်မြန်စွာ ပစ်ခွင်းလာခဲ့သည်။
“ သူ့ဆီမှာ ဝှက်ဖဲရှိနေသေးတာလား? “
အောင်းဖီ၏ အမူအရာ ပြောင်းလဲသွားကာ အံတကြိတ်ကြိတ် ဖြစ်သွားတော့သည် “ ဒီကောင်က ဘယ်သူလဲဟ? “
“ သတ် !!! “
နဂါးသားရဲကြီးသည် လက်သီးဖြင့်သာ ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
“ ဝုန်းးးးးး !!! “
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် နဂါးမီးတောက် တိုင်လုံးသည် နေရာမှာပင် ပေါက်ကွဲသွားခဲ့သည်။
၎င်းတို့သည် ကောင်းကင်ထက်သို့ ပျံတက်ကာ အလင်းမှုန်လေးများအဖြစ် ပြောင်းလဲလွင့်ပျယ်သွားခဲ့သည်။
“ ဖူးးး “
အောင်းဖီသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရကာ၊ သူ၏ အသက်ရှူသံကပင် အားလျော့သွားခဲ့သည်။ ကောင်းကင်ဘုံ နဂါးမီးတောက်သည် သူ၏ အုတ်မြစ်နဲ့ ချိတ်ဆက်ထားသောကြောင့် ထိုမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။
သို့သော် နတ်စွမ်းရည်မှာ ဖြိုခွင်းခံလိုက်ရသောကြောင့် သူ၏အုတ်မြစ်မှာလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်သွားခဲ့သည်။
နှစ်ကြိမ်တိတိ ဒဏ်ရာအပြင်းအထန် ရရှိသွားသောကြောင့် အောင်းဖီ၏ အသားအရည်ကပင် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် ပတ်ဝန်းကျင်ရှိ နတ်သားရဲများသည် ရုတ်တရုတ်သဲသဲ ဖြစ်သွားကြသည်။
အစစ်အမှန် နတ်သားရဲမျိုးနွယ်စုတစ်ခုဖြစ်သော လက်သည်းငါးခု နဂါးမျိုးနွယ်စု၏ ပါရမီရှင်တစ်ဦးသည် အဆင့်မြင့် နတ်သားရဲတစ်ကောင်၏ ဖိနှိပ်မှုကို ခံနေရသည် !!!
ထိုအချိန်၌ မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
အောင်းဖီ၏ ဖြူရော်နေသော မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ မင်းက ငါ့ထောက်ချောက်ထဲကို ရောက်သွားပြီ၊ …….. အဲ့တာက ကောင်းကင်ဘုံ နဂါးမီးတောက် မဟုတ်ဘူး၊ အဆိပ်တစ်သောင်း နဂါးမီးတောက်ပဲ !!! “
“ အဲ့ဒီမီးတောက်တွေကို သေစေနိုင်တဲ့ အဆိပ်အမျိုးပေါင်း သောင်းပေါင်းများစွာနဲ့ ရောထားတာ၊ မင်းမမြင်ဖူးတဲ့ အဆိပ်တွေပါပါတယ်။ နည်းနည်းလေးထိမိလိုက်တာနဲ့ အဆိပ်တစ်သောင်း အရိုးတိုက်စားမှုကို ခံရလိမ့်မယ် “
သူသည် နဂါးသားရဲကြီး၏ လက်သီးကို ကြည့်ကာ အေးစက်စွာ ပြုံးနေတော့လေသည်။
ပြိုင်ဘက်သည် အစောပိုင်း အချိန်များအတွင်းက သူ၏မီးတိုင်လုံးကို ထိတွေ့ခဲ့သောကြောင့် ယခုတွင် အဆိပ်တစ်သောင်း အရိုးတိုက်စားခြင်းကို သေချာပေါက် ခံနေရမည် ဖြစ်သည်။
ထိုအချိန်တွင် နဂါးသားရဲကြီးမှ သူ၏ ကိုယ်ပိုင်ခြေလက်များကို ကြည့်လိုက်ရာ၊ ၎င်းတို့က အမှန်တကယ် ဆွေးမြေ့ပုပ်သိုးသွားသည်ကို မြင်တွေ့သွားခဲ့သည်။
“ မင်းးးး ……. “
သူ၏ အမူအရာ ပြောင်းလဲသွားပြီး၊ အသက်ရှူသံမှာလည်း ရုတ်တရက် အားပျော့သွားကာ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။
“ ထွက်ပြေးချင်နေတာလား? နောက်ကျသွားပြီ !!! “
အောင်းဖီမှ လှောင်ပြောင်ပြောဆို၍ သူ၏လက်ကို ဝေ့ယမ်းလာခဲ့ရာ၊ နတ်ဆိုးစွမ်းအင်များသည် မီတာ ရာနှင့်ချီ၍ ကျယ်ဝန်းသော နဂါးလက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းသည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ဓမ္မပုံရိပ် နတ်စွမ်းရည် - နဂါးလက်သည်းပင် ဖြစ်သည်။
အောင်းဖီက အထွတ်အထိပ် အခြေအနေတွင် ရှိမနေခဲ့သော်လည်း၊ အဆိပ်တစ်သောင်း အရိုးတိုက်စားမှုကို ခံနေရသည့် နွားရိုင်းကြီးကို သတ်ဖြတ်ရန်မှာ အလွန်တရာ လွယ်ကူနေခဲ့သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါ၌ နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် ပြုံးယောင်သမ်းနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ ၎င်းမှာ ယခင်ကထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 405 )
အစစ်အမှန် နတ်သားရဲကို သတ်ဖြတ်ခြင်း ၂
“ ဘုမ်းးးးး !!! “
ထို့နောက် သူမှ သူ၏ ချီ-သွေးစွမ်းအားကို အကုန်အစင် အသုံးပြု၍ ထိုးချလာခဲ့ရာ၊ ၎င်းသည် သူ့ဆီသို့ ပြေးဝင်လာနေသည့် နဂါးလက်သည်းကြီးထံသို့ တဟုန်ထိုး ပြေးတက်သွားတော့သည်။
ခရက် !! နဂါးလက်သည်းကြီးသည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။
ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် နဂါးသားရဲကြီး၏ အင်မော်တယ်စွမ်းရည်နှင့် ဟင်းလင်းပြင်စွမ်းရည်နှစ်ခုစလုံးသည် ကြီးကြီးမားမား တိုးတက်အားကောင်းလာခဲ့သည်။
ပြတ်တောက်သွားသည့် ခြေလက်များကပင် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်ပေါက်လာနိုင်မည် ဖြစ်သည်။
အဆိပ်တစ်သောင်း အရိုးတိုက်စားခြင်းဆိုသည်မှာ ကုသရ ခက်ခဲသော်လည်း၊ နဂါးသားရဲကြီးအတွက် ပြဿနာကြီးတစ်ခု ဟုတ်မနေခဲ့ပေ။
ယခင်က အားနည်းသွားသည့် အသွင်အပြင်သည် သူ၏ ဟန်ဆောင်မှုသာဖြစ်သည်။
ဤလက်သည်းငါးခု ရွှေနဂါးထံတွင် နည်းစနစ်ပေါင်းများစွာ ရှိနေခဲ့သည်၊ နည်းစနစ်တစ်ခုခုကို အသုံးပြု၍ ထွက်ပြေးသွားနိုင်သောကြောင့် သူသည် ၎င်းကို ထပ်မတိုက်တော့ဘဲ တိုက်ရိုက်သာ သတ်ဖြတ်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် အောင်းဖီသည် သတိလျော့နေခဲ့သောကြောင့် အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။
“ ဝရုန်းးးး !!! “
ကြီးမားသော လက်သီးကြီးသည် လမ်းတစ်လျှောက်လုံးတွင် ရှိနေသည့် တိမ်သားတိမ်စိုင်တို့ကို လွင့်ပျယ်သွားစေကာ ကြောက်မက်ဖွယ်ကောင်းသော အားအင်တို့ဖြင့် အောင်းဖီ၏ မျက်နှာကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
ခရက် !!!
နဂါးဦးချို ကျိုးပဲ့ပျက်စီးသွားသည် !!
ထို့နောက်၌ အောင်းဖီ၏ နဂါးခေါင်းသည် အက်ကွဲသံများနှင့်အတူ ပွင့်ထွက်ကာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။
နဂါးသားရဲကြီးသည် ရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့ကာ၊ လက်သည်းငါးခု ရွှေနဂါး၏ အစွန်းနှစ်ဖက်စလုံးကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်၍ နှစ်ပိုင်းဆွဲဖြတ်လိုက်သည်။
( နဂါးခေါင်းရှိတဲ့ဘက်နဲ့ အမြှီးကို ကိုင်ပြီးတော့ နှစ်ခြမ်းခွဲလိုက်တာပါ )
“ ဇွစ် !!! “
အောင်းဖီသည် ကိုယ်နှစ်ပိုင်းပြတ်သွားခဲ့ကာ သူ၏သွေးများမှာလည်း လေထုထဲတွင် ပျံ့လွင့်သွားခဲ့သည်။
...
ဘိုးဘေးနဂါး ဂူသင်္ချိုင်း ဝင်ပေါက်တစ်ဝိုက်သည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကျန်နေခဲ့သည့် နတ်သားရဲ အကုန်လုံးမှာလည်း အံ့ဩတုန်လှုပ်သွားကြသည်။
အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲ မျိုးနွယ်စုဖြစ်သည့် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ပါရမီရှင်သည် ထိုကဲ့သို့ပင် အသတ်ခံလိုက်ရသည်။
အဆင့်မြင့် နတ်သားရဲတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည် !!!
ဒါ …. ဒါကြီးက တရားမျှတမှု ရှိရဲ့လား??
အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက ပွက်လောရိုက် ဂယက်ထသွားမည်ဖြစ်သည်။
တစ်ခဏခန့် အကြာတွင် ဤနေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့သည်။
“ အဲ့နွားက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းနေရတာလဲဟ? “
“ တောင်နွားရိုင်းမျိုးနွယ်စုက မြင့်တက်လာတော့မှာများလား? “
နတ်သားရဲ အကုန်လုံးသည် အရှေ့တွင် ရှိနေသည့် အထွတ်အထိပ် နဂါးသားရဲကြီးကို ငေးကြည့်လာကြသည်။
တစ်ချိတ်တည်းမှာပင် နဂါးသားရဲကြီးသည် လက်သည်းငါးခု ရွှေနဂါးကြီး၏ အလောင်းကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ …….. ဆင့်ကဲပြောင်းလဲမှုသာ မလုပ်ခဲ့ရဘူးဆိုရင် ငါက ဒီတိုက်ပွဲကို မနိုင်လောက်ဘူး “
အောင်းဖီ၏ အဆိပ်တစ်သောင်း နဂါးမီးတောက် နည်းစနစ်သည် သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ရလဒ်မှာ ကောင်းမွန်နေခဲ့သည်။
ထို့နောက်တွင် နဂါးသားရဲကြီးသည် ဤနေရာတွင် ရှိနေသည့် နတ်သားရဲများကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ ဒီကောင်တွေကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး “
သူသည် သွေးဆာနေခြင်း မဟုတ်ပေ၊ သို့သော် အကယ်၍ ဤအကောင်များကို လွှတ်ပေးလိုက်မည်ဆိုပါက ၎င်းတို့မှာ နောင်အနာဂတ်တွင် သူ့အတွက် ပြဿနာကြီးများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နဂါးသားရဲကြီး၏ ပုံရိပ်လှုပ်ခတ်သွားခဲ့ကာ သတ်ဖြတ်ပွဲကို စတင်လိုက်သည်။
…
အောင်းဖီမှတစ်ပါး ဤနေရာတွင် ကျန်နေခဲ့သည့် နတ်သားရဲများသည် အလယ်အလတ်နှင့် အဆင့်နိမ့် အစစ်အမှန် နတ်သားရဲတို့နှင့် အဆင့်မြင့် နတ်သားရဲများသာ ဖြစ်နေခဲ့သည်။
ထို့ကြောင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် မည်သည့်အခက်အခဲမှ ရှိမနေခဲ့ပေ။
သို့ရာတွင် အဆင့်နိမ့် အစစ်အမှန် နတ်သားရဲများ စုစည်းစည်းလုံးနေခြင်းသည် သူ့ကို အနည်းငယ် ပြဿနာ တွေ့သွားစေခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ ဟင်းလင်းပြင် စွမ်းရည်သည် အလွန်တရာ အားကောင်းနေခဲ့သည်။
ဟင်းလင်းပြင် ဖြတ်တောက်ခြင်းအောက်တွင် ပဥ္စမအဆင့် သားရဲမဟုတ်သရွေ့ မည်သူကမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ဟင်းလင်းပြင် ဖြတ်တောက်မှုအောက်တွင် သားရဲအားလုံးသည် ဟင်းရွက်ကန်စွမ်းရွက်များသာ ဖြစ်သွားခဲ့သည်။
( ခုတ်ထစ်ခံရတယ်လို့ ပြောချင်တာပါ )
နာရီဝက်အကြာတွင်
တိုက်ပွဲသည် လုံးဝပြီးဆုံးသွားခဲ့သည်။
နဂါးသားရဲကြီးသည် နတ်သားရဲ အလောင်းအကုန်လုံးကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲတွင် သိုလှောင်လိုက်ပြီး၊ တိုက်ပွဲကွင်းပြင်ကို ရှင်းလင်း၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
…
တစ်ခဏခန့် အကြာတွင် နဂါးသားရဲကြီးသည် လျှို့ဝှက်ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ပျံသန်းရောက်ရှိလာခဲ့သည်။
ဤနေရာသည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းနှင့် မိုင်တစ်ရာမျှသာ ကွာဝေးသောကြောင့် သူမျက်စိလျှမ်းသွားခဲ့သည့် ဖြစ်ရပ်တစ်ခုခု ရှိမရှိဆိုသည်ကို သေချာစောင့်ကြည့်စစ်ဆေးနိုင်ပေသည်။
“ ဟူးးးး !!! ဒီတစ်ခါ ရိတ်သိမ်းမှုက ငါ့အတွက် ရက်နည်းနည်းလောက်တော့ လုံလောက်မှာပါ “
နဂါးသားရဲကြီးသည် ဤတိုက်ပွဲတွင် အောင်းဖီအပြင် အလယ်အလတ်အဆင့် အစစ်အမှန် နတ်သားရဲသုံးကောင်၊ အဆင့်နိမ့် အစစ်အမှန် နတ်သားရဲ ဆယ့်နှစ်ကောင်နှင့် အဆင့်မြင့် နတ်သားရဲများစွာ ရရှိကာ၊ အကျိုးအမြတ်တော်တော်များများ ရိတ်သိမ်းနိုင်ခဲ့သည်။
အကောင်းဆုံးသော ရိတ်သိမ်းမှုမှာ အောင်းဖီပင် ဖြစ်သည်။
အလယ်အလတ်-အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ ၎င်း၏တန်ဖိုးက အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားမျိုးနွယ်စုမှ အဖွဲ့ဝင်တစ်ချို့နှင့်ပင် ယှဥ်နေနိုင်မည် ဖြစ်သည်။
အောင်းဖီ၏ တန်ဖိုးတစ်ခုတည်းကပင် ကျန်နတ်သားရဲများ အားလုံးပေါင်းစပ်ထားခြင်းထပ် တန်ဖိုးပိုရှိနေမည် ဖြစ်သည်။
“ ဒါတွေက ငါ့ကို အဆင့်၅ကို ရောက်သွားစေမလားဆိုတာကို သိချင်မိတယ် “
နဂါးသားရဲကြီးမှာ အတွေးနက်သွားခဲ့သည် “ ဒါပင်မဲ့ ဒီနေရာမှာက အဆင့်၅သားရဲတွေကို နေခွင့်မပေးတဲ့ပုံပဲ၊ အဆင့်၄ သားရဲတွေပဲ ရှိတယ်၊ ဒီနေရာတစ်ခုတည်းလား?? မျိုးနွယ်တစ်သောင်း တိုက်ပွဲနယ်မြေတစ်ခုလုံးလား ဆိုတာကတော့ မသေချာသေးဘူး “
သူသည် ဒုတိယတစ်ခု မဖြစ်သင့်ဘူးဟု ခံစားနေခဲ့ရသည်။
( နားရှုပ်သွားမှာစိုးလို့ ရှင်းပြပါမယ်၊ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေတစ်ခုလုံးမှာ အဆင့်၅သားရဲတွေကို ဝင်ခွင့်မပေးဘူးဆိုတာ မဖြစ်သင့်ဘူးလို့ ပြောတာပါ )
မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေသည် အလွန်ကြီးမားကျယ်ဝန်းနေခဲ့ပြီး၊ ကြယ်ပြာဂြိုဟ် နယ်မြေဧရိယာ၏ သုံးပုံတစ်ပုံကိုပင် နေရာယူထားခဲ့ကာ၊ သမုဒ္ဒရာများ၊ ရေခဲတောင်များနှင့် တစ်ခြားသော နယ်မြေများပင် ပါဝင်နေခဲ့သည်။
နှိုင်းယှဥ်ကြည့်လိုက်မည်ဆိုပါက လူသားတို့၏ နယ်မြေသည် ကြယ်ပြာဂြိုဟ်၏ လေးပုံတစ်ပုံမျှပင် မရှိချေ။
ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ လူသားတို့၏ ပိုင်နက်သည် ယခင်ကထပ် အဆပေါင်းများစွာ ပို၍ကြီးမားကျယ်ဝန်းနေသေးသည်။
လွန်ခဲ့သော နှစ်သုံးရာခန့်က ဗီဇပြောင်းလဲသွားခဲ့ပြီးသည့်နောက်တွင် ကြယ်ပြာဂြိုဟ်တွင် မြေအရင်းအမြစ် ရှားပါးမနေတော့ပေ။ ပညာရှင်တစ်ချို့သည် ကြယ်ပြာဂြိုဟ် ကြီးမားလာရခြင်းနောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိနေမည်ဟု ဆိုခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် ကြယ်ပြာဂြိုဟ်ကြီးထွားလာမှုက နှစ်ပေါင်းသိန်းသန်းနှင့်ချီ၍ တည်ရှိနေခဲ့သော သားရဲမျိုးနွယ်စုများ၏ တည်ရှိမှုကို မရှင်းပြနိုင်သောကြောင့်ဖြစ်သည်။
တစ်ချို့သည် ကြယ်ပြာဂြိုဟ် လုံးဝကြီးထွားလာခြင်းမရှိဘဲ၊ ယခင်ကတည်းက ဆုတ်လျော့သေးငယ်နေခဲ့ကာ ယခုမှသာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ဟု ယုံကြည်နေကြသည်။
သို့ရာတွင် အဆိုပါ အယူအဆမှာ လူသားတို့က သားရဲတို့၏ ပိုင်နက်များကို ကျူးကျော်ထားသည်ဟု အဓိပ္ပါယ်သက်ရောက်နေသောကြောင့် အာဏာပိုင်များက ၎င်းကို အသိအမှတ်မပြုခဲ့ကြပေ။
နဂါးသားရဲကြီးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ အတွေးများကို ဖျောက်ဖျက်ပစ်လိုက်သည်။
“ ဒီနေရာမှာ အဆင့်၅ကို ရောက်သွားရင်၊ ဘာတွေဖြစ်လာမလဲဆိုတာကို ငါသိချင်မိတယ် “
သူသည် တွေးတောစဥ်းစားနေတော့သည်၊ သို့သော် မကြာခင် အချိန်မှာပင် အန္တရာယ်များလွန်းသည့်အတွက် ထိုကဲ့သို့ မစွန့်စားတော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ရှေးယခင်ခေတ်များတည်းက တည်ရှိခဲ့သည့် တားမြစ်ချက်များကို ချိုးဖောက်မည်ဆိုပါက ယခုလက်ရှိသူက မယှဥ်နိုင်သေးသည့် အစွမ်းထက် တည်ရှိမှုများကို ရန်စသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။
“ အဲ့တာဆိုရင် အဆင့်၅ကို မရောက်ခင်အချိန်မှာ ဒီနေရာက ထွက်သွားမှဖြစ်မယ် “
နဂါးသားရဲကြီးသည် အရှေ့ရှိ ဘိုးဘေးနဂါး ဂူသင်္ချိုင်းကို ငေးကြည့်ကာ တွေဝေတုံ့ဆိုင်းသွားတော့သည်၊ ငါက အထဲကို တစ်ခေါက်လောက် ဝင်သွားသင့်လား?
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အဆိုပါ အတွေးကို ပယ်ဖျက်လိုက်သည်။
“ ငါက အခုအချိန်မှာ အဲ့ဒီ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲတွေကို မယှဥ်နိုင်သေးဘူး၊ ဆင့်ကဲပြောင်းလဲမှု နောက်တစ်ကြိမ် ဒါမှမဟုတ် ကောင်းကင်ဘုံ နဂါးပြောင်းလဲမှုငါးသွယ်က ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်ကို ရောက်သွားမှာကို စောင့်မှဖြစ်မယ် “
ကောင်းကင်ဘုံ နဂါးပြောင်းလဲမှုငါးသွယ်၏ တတိယအဆင့်သည် လက်သည်းရှစ်ခု ရွှေနဂါး အသွင်ပြောင်းခြင်းခြင်းဖြစ်ပြီး၊ ၎င်းသည် ဘိုးဘေးနဂါးပြီးလျှင် ဒုတိယ အားအကောင်းဆုံး သားရဲဖြစ်သည်။
ပဥ္စမအဆင့်ကမူ ဖရိုဖရဲ နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းဖြစ်ပြီး၊ ဖရိုခရဲနဂါးနတ်ဘုရားဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ တည်ရှိသည့် အရာဖြစ်ပြီး၊ တကယ့်လက်တွေ့ဘဝတွင် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ မကြားဖူးခဲ့ချေ။
“ လက်သည်းငါးခု ရွှေနဂါးဆီမှာတောင် နည်းစနစ်တွေ အများကြီးပဲ၊ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုအဖြစ် နှစ်သန်းနဲ့ချီပြီးတော့ ရပ်တည်နေနိုင်ခဲ့တဲ့ လက်သည်းရှစ်ခု ရွှေနဂါးဆိုရင်တော့ ပိုဆိုးနေလောက်တယ်၊ သူတို့က တကယ့်ဆရာကြီးတွေပဲ “
ဤအခိုက်အတန့်တွင် အထွတ်အထိပ် နဂါးသားရဲကြီးမှာလည်း အနည်းငယ် တောင့်တမိသွားခဲ့သည်။
ရှေးခေတ်က သားရဲကြီးများနှင့် ယှဥ်လိုက်မည်ဆိုပါက သူ၏စွမ်းအားမှာ အလွန်ပင် အားနည်းနေသေးသည်။
ဤမျှအတိုင်းအတာအထိ တိုးတက်လာခဲ့သော်လည်း၊ မျိုးနွယ်စုတစ်သောင်း၏ အထွတ်အထိပ်နေရာများတွင် ရပ်တည်နေသည့် အစစ်အမှန်နတ်သားရဲများနှင့် ယှဥ်လိုက်မည်ဆိုပါက သူသည် ဘာကောင်မှ မဟုတ်သေးပေ။
“ ဒါပင်မဲ့ တစ်နေ့မှာတော့ ငါကလည်း အဲ့နေရာကို ရောက်ကိုရောက်ရမယ်၊ ငါတစ်ယောက်တည်းကပဲ မျိုးနွယ်စုတစ်ခုအဖြစ် တည်ရှိနေရမယ် !!! “
နဂါးသားရဲကြီးသည် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး၊ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည့် နတ်သားရဲအလောင်းတစ်ခုကို ထုတ်ယူလိုက်သည်။
လာမည့်ရက်များအတွင်း၌ သူသည် သူ၏အဆင့်ထိုးဖောက်မှုအတွက် ဤနေရာတွင် ဆက်နေရန် စီစဥ်ထားခဲ့သည်။
ပဥ္စမအဆင့်သို့ မရောက်ခင် အချိန်တွင် သူသည် ဤနေရာတွင် သတိတကြီးဖြင့် ဆက်နေနေကာ ရှေးဟောင်း ဂူသင်္ချိုင်းထဲမှ တစ်ယောက်ယောက်ထွက်လာမည်လား(သို့) အကျိုးအမြတ်များ လုယက်နိုင်မည်လားဆိုသည်ကို စောင့်ကြည့်မည်ဖြစ်သည်။
“ ဒါပင်မဲ့ တောင်နွားရိုင်းအထောက်အထားက ဆက်သုံးနေဖို့အတွက် မသင့်တော်တော့ဘူး “
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ၏စွမ်းအားကို ဆက်၍ ဖုံးကွယ်နေရဦးမည် ဖြစ်သည်။
နဂါးသားရဲကြီးသည် နှစ်စက္ကန့်မျှ တွေးတောစဥ်းစားနေခဲ့ပြီး၊ ထို့နောက်တွင် ပြုံးစိစိ ဖြစ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ခန္ဓာကိုယ် အသွင်အပြင်သည် စတင်၍ ပြောင်းလဲသွားတော့သည်။
“ ဖောင်းး ဖောင်းးး ဖောင်းး !!! “
မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်နေသည့် အသံများသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။
သူ၏ဦးချိုများ သေးကျုံ့သွားကာ၊ သူ၏ခန္ဓာကိုယ်မှာလည်း ပိန်ပါး ရှည်လျားသွားခဲ့သည်။
တစ်ခဏ အကြာတွင် လက်သည်းငါးခုပါရှိကာ မီတာ ၁၀၀ရှည်လျားသော ရွှေနဂါးကြီးတစ်ကောင်သည် ဤနေရာတွင် လှဲလျောင်းနေခဲ့သည်။
သေချာကြည့်ရှုလိုက်မည်ဆိုပါက ၎င်းသည် ယခုလေးတင် ရှုကျိုးသတ်ခဲ့သည့် အောင်းဖီနှင့် များစွာတူညီနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
သို့သော် အားနည်းချက်များ ရှိနေသေးစဲဖြစ်ပြီး၊ နဂါးသားရဲကြီး၏သွေးမျိုးဆက်သည် အောင်းဖီကဲ့သို့ သန့်စင်မနေခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် အသက်ရှူသံ ဖုံးကွယ်ခြင်းစွမ်းရည် ရှိနေခဲ့သည်။
နဂါးသားရဲကြီးသည် အသက်ရှူသံ ဖုံးကွယ်ခြင်းနှင့် သားရဲတစ်သောင်း တုပခြင်းစွမ်းရည်များကို အသက်သွင်းကာ သူ၏အရှိန်အဝါကို လုံးဝဖျောက်ဖျက်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အစစ်အမှန် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါ ပျံ့လွင့်လာကာ တောင်တန်းနှင့် တောအုပ်များကိုပင် လှုပ်ခါသွားစေခဲ့သည်။
ဤအချိန်တွင် တစ်ခြားသော သားရဲတစ်ကောင်ကောင်ကသာ ရှိနေမည်ဆိုပါက ၎င်းသည် ရှုကျိုးအား အောင်းဖီဟု အထင်မှားသွားမည်ဖြစ်သည်။
ယခုအချိန်မှစ၍ နဂါးသားရဲကြီး၏ အသွင်အပြင်သော်လည်းကောင်း၊ အရှိန်အဝါသော်လည်းကောင်း၊ ၎င်းတို့နှစ်ခုစလုံးသည် အောင်းဖီနှင့် မည်သို့မျှ ကွာခြားမနေတော့ပေ။
“ ဒီနေ့ကစပြီးတော့ ငါက အောင်းဖီပဲ “
နဂါးသားရဲကြီးသည် အသာအယာပြုံးနေကာ သူ၏ ပုံရိပ်အသစ်နှင့် ပတ်သက်၍ အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။
ဤပုံရိပ်နှင့်ဆိုပါက သူဆက်လုပ်မည့် ကိစ္စများမှာ များစွာလွယ်ကူနေတော့မည် ဖြစ်သည်။