မင်းမှာ ခန္ဓာကိုယ်ရှိလား
Vol. 8 Ch. 78
"မင်း အဲဒီလိုတွေးတာ မှန်တယ် ယွဲ့ယွဲ့။ အနာဂတ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာမယ့်သူက ပိုက်ဆံကလွဲလို့ ဘာမှမသိတဲ့ သူဌေးတစ်ယောက် မဖြစ်သင့်ဘူးလေ။ တို့ရဲ့ အဓိကရည်ရွယ်ချက်က မင်းရဲ့ အလှအပဆိုင်ရာ ခံစားမှု၊ တန်ဖိုးထားမှုနဲ့ ဖန်တီးနိုင်စွမ်းတွေကို ပျိုးထောင်ပေးပြီး အနုပညာပိုင်းဆိုင်ရာ ယဉ်ကျေးမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့ပဲ။"
စနစ်ကပေးတဲ့ ဆုလာဘ်တွေထဲမှာ အပိုအလုပ်ဆိုတာ တစ်ခုမှမရှိကြောင်း မင်ယွဲ့ ကောင်းကောင်းနားလည်သည်။
"ခဏလေး... အရင်တုန်းက မိတ်ကပ်သင်တန်းနဲ့ ဟင်းချက်သင်တန်းတွေကျတော့ ဘာအလုပ်မှ လုပ်စရာမလိုဘဲ အခမဲ့ကြည့်လို့ရခဲ့တာ ဘာလို့လဲ။"
မင်ယွဲ့ တစ်ယောက် စနစ်ရဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားသလို ခံစားလိုက်ရသည်။
"ယွဲ့ယွဲ့... ငါ့ရဲ့ ယွမ်ပေါ့ဆိုတာ ဒီကောင်းကင်နဲ့ မြေကြီးကြားမှာ တစ်ဦးတည်းသော ထူးခြားသူပါ၊ ငါ့ရဲ့ဆုလာဘ်က ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်မှာလဲ။ ကဲ... 'လူကြီးလူကောင်းတို့ တတ်အပ်သော အနုပညာခြောက်ပါး' ထဲက ဂီတအခန်းကို စတင်လေ့လာကြမလား။"
ယွမ်ပေါ့က စိတ်လှုပ်ရှားတက်ကြွစွာ ပြောဆိုပြီးနောက် မင်ယွဲ့ကို အမြန်သဘောတူရန် တိုက်တွန်းနေတော့သည်။
"စတင်လေ့လာမယ်။"
မင်ယွဲ့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသလို ခံစားလိုက်ရပြီး အမည်မသိ အချက်အလက်ထုထည်ကြီးတစ်ခုက အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။ အသိပညာဗဟုသုတများက သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားသည့် နည်းလမ်းမျိုးဖြင့် ဦးနှောက်အတွင်း စီးဝင်လာခြင်းဖြစ်သည်။
"အား..."
သူမ ခေါင်းကို အုပ်ထားလိုက်မိသည်။ ပြင်းထန်လှသော နာကျင်မှုနှင့်အတူ နားထဲတွင် တစီစီအသံများ မြည်ဟည်းလာပြီး အသိပညာ အစိတ်အပိုင်းများစွာက သူမ၏ စိတ်အာရုံကို ဖုံးလွှမ်းသွားခဲ့သည်။ အချိန်အတော်ကြာမှသာ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းနိုင်
တော့သည်။
"ယွမ်ပေါ့... နောက်တစ်ခါ အလစ်အငိုက် တိုက်ခိုက်တော့မယ်ဆိုရင် အနည်းဆုံးတော့ ကြိုပြောဦးလေ။ ငါ့ခေါင်း ပေါက်ထွက်တော့မလို့ပဲ။"
မင်ယွဲ့ နားထင်ကို နှိပ်နယ်ရင်း ငြီးတွားလိုက်
သည်။
ခုနက ခံစားလိုက်ရသည့် နာကျင်မှုကြောင့် သူမ၏ မျက်လုံးများပင် သွေးကြောမျှင်များ ထင်ဟပ်ကာ နီမြန်းနေသည်။ သူမ စိတ်ထဲတွင် ဗလာကျင်းသွားပြီး နားထဲတွင်လည်း အူဝေနေကာ သူမ၏ အဘွားကိုပင် မြင်ယောင်သွားမိသည်။
"ယွဲ့ယွဲ့... တောင်းပန်ပါတယ်၊ မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ငါ သိမ်သိမ်မွေ့မွေ့လေး မြှင့်တင်ပေးဖို့ ကြိုးစားခဲ့တာပါ၊ ဒါပေမဲ့ မင်း ဒီလောက်တောင် ခံနိုင်ရည်မရှိဘူးလို့ မထင်ထားမိဘူး။"
မင်ယွဲ့ ဘာမှ ပြန်မပြောနိုင်တော့ပေ။ 'ထားလိုက်ပါတော့လေ၊ ဒါတွေက ဗဟုသုတတွေပဲဟာ၊ ငါ့ခေါင်းထဲ ရောက်လာတာတွေက အဓိပ္ပာယ်မရှိတဲ့ အမှိုက်တွေမဟုတ်ရင် တော်ပြီ' ဟုသာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။
"ယွမ်ပေါ့... ဒါက မင်းပြောတဲ့ လေ့လာသင်ယူခြင်းဆိုတာလား။"
မင်ယွဲ့က တစ်ဦးချင်း သင်ကြားပြသမှုမဟုတ်လျှင်ဗီဒီယိုနှင့် သင်ယူရခြင်းမျိုးဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"အိမ်ရှင်... ဒါက အဆင့်အမြင့်ဆုံး သင်ယူမှုနည်းလမ်းဖြစ်တဲ့ 'ရုတ်တရက် အလင်းပွင့်ခြင်း' ပဲ။
အခု မင်းရဲ့ စိတ်ထဲမှာ အသိပညာစီးကြောင်းတွေက ရုန်းရင်းဆန်ခတ် ဖြစ်နေတာ။ အချိန်ရရင် အဲဒါတွေကို ပြန်ပြီး စနစ်တကျ စီစဉ်ရမယ်။ မင်းရဲ့ ဦးနှောက်ထဲကို အတင်းလောင်းထည့်ပေးလိုက်ပေမဲ့ အဲဒါကို ကိုယ်တိုင် ပြန်လည်သုံးသပ်ပြီး စုပ်ယူဖို့ လိုအပ်သေးတယ်။ မဟုတ်ရင်တော့ အဲဒီ အသိပညာစီးကြောင်းထဲကနေ မင်းလိုချင်တာကို ထုတ်ယူဖို့ အရမ်းနှေးကွေးနေလိမ့်မယ်။"
သူမ နားလည်သွားပြီဖြစ်သည်။ အသိပညာများ ဦးနှောက်ထဲ ရောက်နေပြီဆိုသော်ငြား အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် ကြိုးစားအားထုတ်ကာ လေ့လာဆင်ခြင်ရန် လိုအပ်သေးခြင်းပင်။
"တစ်ဦးချင်း သင်ကြားပေးမယ့် ရွေးချယ်စရာရော မရှိဘူးလား။"
မင်ယွဲ့က ဤအချက်ကို ပို၍ စိတ်ဝင်စားနေသည်။
"နောင်မှာ စနစ်က ချီးမြှင့်တဲ့ ကျွမ်းကျင်မှုတွေကိုပဲ တစ်ဦးချင်း သင်ကြားပြသပေးမှာပါ။"
မင်ယွဲ့လည်း ဝမ်းမနည်းမိပါ။ ယွမ်ပေါ့သည် သူမကို အဆက်အသွယ်ကောင်းများ ရရှိအောင် ကူညီပေးခဲ့သလို စီးပွားရေး၊ ဘဏ္ဍာရေး၊ မိတ်ကပ်အလှပြင်ခြင်းနှင့် အစားအစာဆိုင်ရာ ကျွမ်းကျင်မှုများစွာကိုလည်း လေ့လာခွင့်ပေးခဲ့ပြီးဖြစ်သည်။ ယခုအခြေအနေကပင် သူမအတွက် လုံလောက်နေပြီဖြစ်သည်။
သူမသည် ဘာသာရပ်တစ်ခုချင်းစီကို စနစ်တကျ လေ့လာနေပြီး အနာဂတ်တွင် ယခုကဲ့သို့ ကြိုးစားခဲ့သည့် မိမိကိုယ်ကိုယ် ပြန်လည်ကျေးဇူးတင်ရလိမ့်မည်ဟု ယုံကြည်ထားသည်။
နောက်ပိုင်းကာလများတွင် မင်ယွဲ့သည် ကျောင်းတက်ခြင်းနှင့် ဓာတ်ခွဲခန်းတွင် ပါမောက္ခနောက် လိုက်ခြင်းမှလွဲ၍ ကျန်အချိန်များကို 'ပကတိယောင်ပြ လေ့လာရေးခန်းမ' ထဲမှာပဲ ကုန်ဆုံးစေခဲ့သည်။ ယခုဆိုလျှင် သူမသည် ထိုအခန်းထဲ၌ပင် အိပ်စက်အနားယူနေပြီ ဖြစ်သည်။
အချိန်စီးဆင်းမှုနှုန်းမှာ ၁၀ ဆ ၁ ဆ (၁၀:၁) ဖြစ်သဖြင့် ပြင်ပကမ္ဘာ၏ တစ်နာရီအချိန်အတွင်းမှာပင် သူမ ကောင်းကောင်းအိပ်စက်နိုင်ပြီး ကျန်ရှိသည့်အချိန်များကို လေ့လာမှုအတွက် အသုံးချနိုင်ခဲ့သည်။
"ယွမ်ပေါ့... ငါ့အတွက် ခုတင်တစ်လုံးလောက် ဖန်တီးပေးလို့ရမလား။"
လေ့လာရေးခန်းမထဲရှိ အရာအားလုံးက စိတ်ကူးယဉ် အရာဝတ္ထုများသာ ဖြစ်သော်လည်း မင်ယွဲ့ကမူ လက်တွေ့ကဲ့သို့ပင် ထိတွေ့နိုင်စွမ်းရှိသည်။
သိပ္ပံနည်းကျ ရှင်းပြ၍မရသည့် ဤအရာများကို မင်ယွဲ့ လက်ခံထားလိုက်သည်။ 'သိပ္ပံပညာက မရှင်းပြနိုင်သေးတာပဲ ဖြစ်မှာပါ' ဟုသာ သူမ တွေးတောမိသည်။
"မင်း ပိုပြီး ကြိုးစားကြည့်ပါလား။ အခု ငါက အဆင့် (၃) ပဲ ရှိသေးတာ၊ အဆင့် (၄) ရောက်သွားရင် ငါ့ရဲ့ စွမ်းဆောင်ရည်အချို့ကို မင်းနဲ့ မျှဝေနိုင်လိမ့်မယ်။"
ယွမ်ပေါ့က တွန့်တိုနေသလိုနှင့် မင်ယွဲ့ကို ကိုယ့်အားကိုယ်ကိုးရန် ပြောနေသော်လည်း ၁.၈ မီတာရှည်သော ခုတင်တစ်လုံးက လေ့လာရေးခန်းမထဲတွင် ပေါ်လာခဲ့သည်။ ၎င်းမှာ ပန်းရောင် မင်းသမီးလေးအိပ်စက်အနားယူသည့်ကုတင်ပုံစံပင် ဖြစ်သည်။
"ကောင်းပါပြီ... ငါ အစွမ်းကုန် ကြိုးစားမှာပေါ့။"
မင်ယွဲ့က လက်နှစ်ဖက်ကို ခေါင်းခုရင်း ခုတင်ကြီးပေါ်တွင် ပက်လက်လှဲလျောင်းလိုက်သည်။
"ယွမ်ပေါ့... ဒီအခန်းထဲက အချိန်စီးဆင်းမှုနှုန်း ကွဲပြားနေတာက ငါ့ရဲ့ သက်တမ်းကို ပြောင်းလဲစေမှာလား။ ငါ အချိန်မတိုင်ခင် အိုမင်းသွားမလား။"
မင်ယွဲ့ အနည်းငယ် စိုးရိမ်သွားသည်။ ခက်ခက်ခဲခဲ တည်ဆောက်ထားရသည့် သူမ၏ စီးပွားရေးလုပ်ငန်းစုကြီးက ရက်ပိုင်းအတွင်းမှာတင် ပြိုလဲသွား၍ မဖြစ်ပေ။ ထိုသို့သာဆိုလျှင် သူမ၏ ကြိုးစားမှုများအားလုံး အလကားဖြစ်သွားပေလိမ့်မည်။
"မစိုးရိမ်ပါနဲ့ ယွဲ့ယွဲ့။ ဒီထဲမှာရှိတဲ့ သက်ရှိရုပ်အင်္ဂါတွေက အေးခဲနေတဲ့ အခြေအနေမှာ ရှိနေတာ၊ မင်းက ပိုပြီးတောင် အသက်ရှည်ဦးမှာ။"
နုပျိုစွာနှင့် အသက်ရှည်မည်ဆိုလျှင် သူမအတွက် အဆင်ပြေပါသည်။ မင်ယွဲ့သည် လေ့လာရတာ ပင်ပန်းလာသည့်အခါ မိနစ်ပိုင်းအတွင်းမှာတင် အိပ်ပျော်သွားတတ်သည်။ ယွမ်ပေါ့သည် လေ့လာရေးခန်းမအတွင်းရှိ မီးရောင်များကို မှောင်ချပေးလိုက်သည်။
စနစ်သည် ပြင်ပအချိန်နှင့် ကိုက်ညီအောင် နှိုးစက်ပေးနိုင်သဖြင့် မင်ယွဲ့သည် အခန်းထဲဝင်တိုင်း အချိန်ကို သတ်မှတ်ပြီး နှိုးစက်ပေးထားလေ့ရှိသည်။ သို့မှသာ လေ့လာမှုထဲ အာရုံရောက်နေစဉ် အချိန်ကုန်မှန်းမသိ ဖြစ်နေခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
"ငါ ပိုက်ဆံရှာချင်တယ်၊ ချမ်းသာချင်တယ်၊ လှပပြီး ပိန်သွယ်ချင်တယ်..."
နှိုးစက်သံ မြည်လာသည်နှင့် မင်ယွဲ့ ချက်ချင်း ထထိုင်လိုက်သည်။
"ယွမ်ပေါ့... ဘာလို့ ဒီသီချင်းကို နှိုးစက်အဖြစ် ရွေးထားတာလဲ။"
"ဟွန်း... ဉာဏ်ပညာကြီးမားပြီး အစွမ်းထက်လှတဲ့ အရှင်ယွမ်ပေါ့က မင်းအတွက် ဒီသီချင်းတစ်ပုဒ်တည်းကိုပဲ နေ့တိုင်း ထပ်ခါတလဲလဲ နားထောင်ဖို့ ဆုံးဖြတ်ထားတာ။ ဒါက 'အမြန်ချမ်းသာရေးစနစ်' ရဲ့ အန္တိမပန်းတိုင်ပဲ။ ဒါကြောင့် အလေးအနက်ထားပြီး လိုက်နာစမ်းပါ။"
မင်ယွဲ့မှာ ဤအကောင်ပေါက်လေးကို ဘာမှမပြောနိုင်တော့ပေ။ သို့သော် ဤကျေးဇူးရှင်လေးမှာ သာမန်မဟုတ်သဖြင့် သူမကပဲ အလိုလိုက်ထားရတော့သည်။
"ကောင်းပါပြီ... အခုကစပြီး မနက်တိုင်း ငါပထမဆုံးပြောမယ့် စကားက 'ငါ ချမ်းသာချင်တယ်' ဆိုတာ ဖြစ်စေရမယ်။"
"ငါ့ရဲ့ ပညာရှိတဲ့ ဦးဆောင်မှုအောက်မှာ ရဲဘော်မင်ယွဲ့ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ နိုးကြားမှုက သိသိသာသာ တိုးတက်လာပြီပဲ။ ဆက်ပြီး ကြိုးစားပါဦး။"
ယွမ်ပေါ့က တစ်နေ့တစ်မျိုး မရိုးရအောင် ပုံစံပြောင်းနေတတ်ရာ မင်ယွဲ့မှာ ၎င်း မည်သည့်ရုပ်ရှင်ကားများကို ကြည့်နေသည်ကိုပင် မသိတော့ပေ။ ၎င်းသည် အင်တာနက်ထဲတွင် ရေကူးနေသလို လွတ်လပ်စွာ သွားလာနေပြီး အချိန်အတော်များများကို အွန်လိုင်းပေါ်မှာပဲ ကုန်ဆုံးနေသည့် အင်တာနက်လူမိုက်လေး တစ်ယောက်လို ဖြစ်နေသည်။
"ယွမ်ပေါ့... မင်း ဒီလိုလုပ်နေရင် မျက်မှန်တပ်ရလိမ့်မယ်နော်။ အော်... ဆောရီး၊ ငါ မေ့သွားလို့၊ မင်းက လူမှမဟုတ်တာ၊ မင်းမှာ မျက်လုံးရှိမရှိတောင် ငါမသိဘူး။"
မင်ယွဲ့က ရည်ရွယ်ချက်ရှိရှိ စနောက်လိုက်ပြီးနောက် လေ့လာရေးခန်းမထဲမှ အမြန်ထွက်ပြေး ပျောက်ကွယ်သွားခဲ့သည်။
"အား... ငါ့မှာ မျက်လုံးရှိတယ်၊ မျက်လုံးရှိတယ်ဆိုတာ! ငါ့သခင်ကို ဘယ်တော့မှ စကားပြန်မပြောတော့ဘူး။ ဝါး..."
ယွမ်ပေါ့၏ အော်ဟစ်ငိုယိုသံများကြားမှာပင် မင်ယွဲ့က လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ရလဒ်အနေဖြင့် သူမ၏ စိတ်ထဲရှိ အသိပညာစီးကြောင်းများက ကလေးဆိုးတစ်ယောက် ဂျီကျနေသလိုမျိုး ရုန်းရင်းဆန်ခတ် ဖြစ်လာတော့သည်။
"ကဲပါ... မင်းက ဘယ်လောက်ရှိသေးလို့လဲ၊ ငါက စလိုက်တာပါ။"
မင်ယွဲ့မှာ မတတ်သာတော့ပေ။ ကိုယ်တိုင် ငိုအောင်လုပ်ထားမိသဖြင့် ကိုယ်တိုင်ပင် ပြန်ပြီး ချော့မော့ရတော့သည်။
"ဟွန့်! မချော့နဲ့တော့။"
"တို့ရဲ့ ယွမ်ပေါ့လေးက အချစ်စရာကောင်းဆုံးပါပဲ။"
မင်ယွဲ့က ဆက်ပြီး ချော့မြှူနေသည်။
"ဒါဆိုရင်... ယွမ်ပေါ့က တစ်ကမ္ဘာလုံး၊ တစ်စကြဝဠာလုံးမှာ အချစ်စရာအကောင်းဆုံး၊ အသိဉာဏ်အရှိဆုံးနဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ပြောလေ။"
ယွမ်ပေါ့က စံချိန်တင် ဂုဏ်ပုဒ်များကို တန်းစီပြီး တောင်းဆိုတော့သည်။
"ကောင်းပါပြီ... ကောင်းပါပြီ၊ ငါ့ရဲ့ ယွမ်ပေါ့လေးက တစ်ကမ္ဘာလုံး၊ တစ်စကြဝဠာလုံးမှာ အချစ်စရာအကောင်းဆုံး၊ အသိဉာဏ်အရှိဆုံးနဲ့ အချမ်းသာဆုံးပါပဲ။"
စိတ်ထဲက အကောင်ပေါက်လေး ငြိမ်ကျသွားမှသာ သူမ၏ ဦးနှောက်မှာ ပေါက်ထွက်မတတ် ခံစားနေရမှုမှ သက်သာရာရတော့သည်။
'ယွမ်ပေါ့မှာ တကယ်ပဲ ခန္ဓာကိုယ် ရှိလာနိုင်မလား'
မင်ယွဲ့က အတွေးနက်နေမိသည်။
စနစ်ကပေးတဲ့ အထူးဆုလာဘ်တွေထဲမှာ ယွမ်ပေါ့အတွက် အသုံးပြုလို့ရမယ့် အရာများ ပါလာနိုင်မည်လား။
"စနစ် အဆင့် (၄) ရောက်သွားရင် ငါ့မှာ ပကတိယောင်ပြ ခန္ဓာကိုယ် ရှိလာလိမ့်မယ်၊ အဆင့် (၅) ရောက်ရင်တော့ တကယ့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ရရှိမှာပါ။"
"မင်း အမြန်ဆုံး နေကောင်းကျန်းမာလာအောင် ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။"
မင်ယွဲ့က လေးနက်စွာ ကတိပေးလိုက်သည်။
လတ်တလောတွင် 'လူကြီးလူကောင်းတို့ တတ်အပ်သော အနုပညာခြောက်ပါး' ကို မမောနိုင်မပန်းနိုင် လေ့လာနေရသော်လည်း သူမ၏ အလှအပဆိုင်ရာ တန်ဖိုးထားနိုင်စွမ်းမှာမူ သိသိသာသာ မြင့်မားလာခဲ့သည်။
ယနေ့တွင် ပါမောက္ခရန်၏ အစည်းအဝေးတစ်ခုရှိပြီး သူမက မှတ်တမ်းတင်ရန်အတွက် လက်ထောက်အဖြစ် လိုက်ပါပေးရမည်ဖြစ်သည်။ အရင်ကဆိုလျှင် စီနီယာကျောင်းသားများ လုပ်ရသည့် အလုပ်ဖြစ်သော်လည်း ယခုအခါတွင်မူ သူမ၏ အလှည့် ရောက်ရှိလာပြီဖြစ်သည်။
သူမသည် အဝတ်ဗီရိုထဲမှ အဝတ်အစားတစ်ခုကို ရွေးချယ်ကာ ထိုအခမ်းအနားနှင့် လိုက်ဖက်ညီပြီး ပြည့်စုံလှပသည့် ပုံစံတစ်ခုကို ဖန်တီးပြင်ဆင်
လိုက်တော့သည်။