မှင်သက်ဖွယ်ရာ
Vol. 9 Ch. 81
“ရုတ်တရက်ကြီး ပိုက်ဆံတွေရှိလာပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာ... ငါကတော့ တကယ့်ကို အသုံးမကျတဲ့လူပဲ”
“ဘလော့ဂါလေးရေ... အဲဒီပိုက်ဆံတွေ ကျွန်တော့်ကိုသာပေးလိုက်ပါလား၊ ကျွန်တော်ပဲ ကူသုံးပေးပါ့မယ်”
“ဟိုးအပေါ်ကလူ... စောက်တလွဲတွေ လျှောက်မပြောနဲ့။ ဒီပိုစတာပိုင်ရှင်က ငါ့ယောက်ျားဟ၊ သူက ငါ့အတွက်ပဲ ပိုက်ဆံသုံးမှာ”
......
မင်ယွဲ့သည် ထိုကွန်ရက်အသုံးပြုသူလေးများမှာ တကယ့်ကို ချစ်စရာကောင်းသည်ဟု တွေးမိလိုက်သည်။
#ငါက မိန်းကလေးပါနော်#
သူမက ခပ်ပေါ့ပေါ့ပါးပါးပင် နောက်ထပ် စာတစ်ကြောင်း ရေးတင်လိုက်ပြန်သည်။
“အားးး— ဒါဆို ပိုတောင်မိုက်သေးတယ်၊ လိင်တူချင်းဆိုတော့ ချစ်မိဖို့ ပိုလွယ်တာပေါ့”
“ငါ့မိန်းမလေးက သိပ်ချစ်ဖို့ကောင်းတာပဲ၊ သူက ချောမောလှပတဲ့ အစ်မကြီးတွေကို သဘောကျတာလား”
“ကြွယ်ဝချမ်းသာတဲ့ အမျိုးသမီးကြီးရှင့်... အိမ်ဖော် လိုအပ်ပါသလားရှင့်... အင်္ဂလိပ်စာ အဓိကနဲ့ ဘွဲ့ရထားတာမို့ ကိုယ်ရေးကိုယ်တာလက်ထောက်၊ ကလေးတွေအတွက် ကျူရှင်ဆရာ၊ နောက်ပိုင်း မြေးလေးတွေအတွက်ပါ ကလေးထိန်း လုပ်ပေးနိုင်ပါတယ်။ အဓိကကတော့ တစ်သက်လုံး သစ္စာရှိရှိ အလုပ်အကျွေးပြုမှာပါ”
“ဟိုးအပေါ်ကလူ... မင်းမှာ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် မရှိတော့ဘူးလား? သိက္ခာထက် ပိုက်ဆံကို ပိုမက်တာလား? ကောင်းပြီလေ... ပိုက်ဆံနဲ့ယှဉ်ရင် သိက္ခာဆိုတာ ဘာမှမဟုတ်ပါဘူး။ အမေရိကန်ပြန် မဟုတ်ပေမဲ့ ၁.၈ မီတာအရပ်နဲ့ ကြွက်သားအဖုအထစ်တွေရှိတဲ့ မဟာဘွဲ့ရ အစေခံလေး ရောက်ပါပြီခင်ဗျာ”
“အပေါ်ကလူတွေကတော့ လွန်လာပြီ။ ဒီလို ငတုံးလေးတွေ ဝင်ရှုပ်ဖို့ မလိုပါဘူး။ ကျွန်တော်က ရှန်းတုန်းက ၁.၉ မီတာအရပ်နဲ့ လိမ္မာယဉ်ကျေးတဲ့ ခွေးပေါက်လေးပါခင်ဗျာ”
......
ကွန်ရက်အသုံးပြုသူများ၏ စကားဝိုင်းမှာ တဖြည်းဖြည်း လမ်းကြောင်းလွဲလာသည်ကို မင်ယွဲ့ သတိပြုမိသော်လည်း သူမမှာ ကြည့်ရင်းနှင့်ပင် အတော်လေး ပျော်ရွှင်နေမိသည်။
“ဒီဘလော့ဂါက အိပ်မက်ယောင်နေတာနေမှာပါ၊ ချမ်းသာတဲ့ အမျိုးသမီးဟန်ဆောင်နေတာ ဖြစ်မယ်။ အွန်လိုင်းပေါ်မှာဆို လူတိုင်းက သူဌေးကြီးတွေချည်းပဲ မဟုတ်လား”
အပျင်းပြေ စကားပြောနေသူများရှိသလို၊ အမြင်ကတ်ပုဒ်မနှင့် ရန်စချင်သူများလည်း ရှိစမြဲပင်။ ဤသို့ အနှောင့်အယှက်ပေးသူမှာ အခုမှ ရောက်လာသည့် လူတစ်ယောက်တော့ မဟုတ်သည်မှာ သေချာသည်။
#စိတ်မကောင်းပါဘူး... ငါက တကယ် ချမ်းသာတဲ့ အမျိုးသမီးဖြစ်နေလို့ပါ#
မင်ယွဲ့က သူမ၏ ယုဖုတော်ဝင်စံအိမ်တော် ၏ အိမ်ခြံမြေပိုင်ဆိုင်မှုလက်မှတ်၊ ဆိုင်ခန်းပိုင်ဆိုင်မှုလက်မှတ်နှင့် ဥယျာဉ်ခြံဗီလာ လက်မှတ်တို့ကို ထုတ်ယူကာ ဓာတ်ပုံများ ဆက်တိုက်ရိုက်လိုက်သည်။ ဟိုက်ဖုအဆောက်အဦ၏ ပိုင်ဆိုင်မှုလက်မှတ်ကိုမူ ထုတ်ပြရန်ပင် သူမ ပျင်းရိနေမိသည်။
“ဝါး— မင်း ပြောတာ မှားသွားပြီပေါ့၊ တုံ့ပြန်မှုက တကယ့်ကို လေဆင်နှာမောင်းလို မြန်လွန်းတယ်”
ထိုနှာခေါင်းသွေးမထွက်ရုံတမယ် ဖြစ်နေသည့် အမျိုးသားကမူ ဇွဲမလျှော့သေးဘဲ ဆက်ပြောပြန်သည်။
“ဒါတွေက အင်တာနက်ပေါ်က ခိုးယူထားတဲ့ ပုံတွေလား ဘယ်သူသိမှာလဲ”
“ဟမ်...” မင်ယွဲ့ တကယ်ကို စိတ်ဝင်စားသွားပြီဖြစ်သည်။
သူမက ပိုက်ဆံအိတ်ထဲမှ အနက်ရောင်ကတ်ကို ထုတ်ယူကာ ဓာတ်ပုံရိုက်ပြီး တင်လိုက်ပြန်သည်။
#နောက်ထပ် ဘာများ ပြောချင်သေးလဲ#
“ဝါး~ သူဌေးမလေးရေ... ပိုစ့်တွေ အများကြီး ထပ်တင်ပေးပါ၊ ကျွန်တော် ကြည့်ရတာ သိပ်
သဘောကျလို့ပါ”
“ကျွန်တော်က တောသားလေးမို့ အခုလို မြင်ရတာကိုပဲ အားရနေပါပြီ”
အဆောက်အဦးတစ်ခုမှ ဘယ်ဆီသို့ ယိမ်းထိုးနေမှန်းမသိတော့သည့် ကွန်ရက်စာမျက်နှာကို ကြည့်ကာ မင်ယွဲ့ တစ်ယောက် အူလှိုက်သည်းလှိုက် ရယ်မောမိတော့သည်။
ထိုအမျိုးသားမှာမူ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေရသော်လည်း ဆက်လက်၍ ပတ်ချွဲနှပ်ချွဲ လုပ်နေဆဲပင်။
“ဒါတွေက အစစ်လား အတုလား ဘယ်သူသိမှာလဲ.. ပိုက်ဆံကိုပဲ ရူးသွပ်နေတဲ့လူတစ်စုက
အလကားနေရင်း လျှောက်မြှောက်ပင့်နေကြတာ”
မင်ယွဲ့သည် အစက အပျော်သဘောဖြင့်သာ ကြည့်နေသော်လည်း ယခုမူ တကယ်ပင် ရယ်လည်းရယ်ချင်၊ စိတ်လည်း အနည်းငယ် တိုလာရသည်။
သူမသည် လက်ပ်တော့ကို ဖွင့်လိုက်ပြီးနောက် အနက်ရောင်ကတ်၊ လက်ကောက်ဝတ်မှနာရီနှင့် ပြိုင်ကားသော့တို့ကို ထုတ်လိုက်သည်။
ကွန်ပျူတာကို ဖွင့်ကာ စခရင်ပေါ်ရှိ အချိန်နှင့် အတူတူ ဓာတ်ပုံရိုက်၍ တင်လိုက်သည်။
#အွန်လိုင်းပေါ်က ဒီစံပြပုဂ္ဂိုလ်ကြီးအတွက် ဘာများ ထပ်ပြောဖို့ လိုသေးလဲ#
“ဘုရားရေ... ရိုးလ်ရွိုက်စ် ပါလား၊ ငါ ဘာတွေကို မြင်နေရတာလဲ?”
“အနက်ရောင်ကတ်တွေကလည်း အစစ်တွေပဲ။ ငါတို့တော့ တကယ့် သူဌေးကြီးတစ်ယောက်နဲ့ တိုးပြီဟ”
“အစ်မကြီး... ကျွန်တော့်ကို လုပ်ကျွေးပြုစုခွင့်ပေးပါ”
အစက နောက်ပြောင်နေကြသော်လည်း ယခုမူ လူတိုင်းမှာ အံ့အားသင့်ကာ အလေးအနက် ဖြစ်သွားကြပြီဖြစ်သည်။
မင်ယွဲ့ဟန်ဆောင်ထားသည်ဟု စွပ်စွဲခဲ့သူမှာမူ နောက်ထပ် မည်သည့်လှုပ်ရှားမှုမှ မပြုရဲတော့ပေ။ သို့သော်လည်း လူများက သူ့ကို Tag တွဲကာ ထင်မြင်ချက်ပေးရန် ဝိုင်းဝန်း တောင်းဆိုနေကြဆဲဖြစ်သည်။
သူ ဘာပြောနိုင်တော့မည်နည်း။ တကယ့် ကျောက်နံရံကြီးကိုမှ ပြေးတိုက်မိမှန်း သူ သိသွားပြီဖြစ်သည်။
မင်ယွဲ့သည် အွန်လိုင်းပေါ်တွင် စိတ်ကျေနပ်စရာ အဖြေများ ထပ်မတွေ့တော့သဖြင့် အော့ဖ်လိုင်းလုပ်လိုက်တော့သည်။
ထားလိုက်ပါတော့လေ... ခဏလောက် မှေးလိုက်ဦးမှ။
နောက်တစ်နေ့တွင် မင်ယွဲ့က သင်ယူမှုအခန်းသို့ မသွားဘဲ ကိုယ်ကာယလေ့ကျင့်ရန် အားကစားခန်းမသို့ ထွက်လာခဲ့သည်။
သူမ မကြာသေးမီက စာသင်ကြားမှုများတွင် အလွန်အမင်း အာရုံစိုက်နေခဲ့သဖြင့် ကိုယ်လက်လှုပ်ရှားမှုနှင့် အနည်းငယ် ဝေးကွာနေခဲ့သည်။
“မမင်... ရောက်လာပြီလားရှင့်”
သူမ ဝင်လာသည်နှင့် အားကစားခန်းမ၏ ဧည့်ကြိုဝန်ထမ်းက ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများမှာမူ ယခုလေးတင် ဝင်လာသည့် သန့်ရှင်းစင်ကြယ်ကာ လှပလွန်းသော အမျိုးသမီးကို ကြည့်ပြီး အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။
ဒီအားကစားခန်းမမှာ ဒီလောက်လှတဲ့ မိန်းကလေး ဘယ်တုန်းက ရှိနေတာလဲ… မင်ယွဲ့က ဧည့်ကြိုဝန်ထမ်းကို အပြုံးဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
“နည်းပြ ရွှီကို ခေါ်ပေးရမလားရှင့်၊ ဒါမှမဟုတ် အရင်အတိုင်းပဲ ကိုယ်တိုင် လေ့ကျင့်မလား…”
မင်ယွဲ့၏ ပရီမီယံအဖွဲ့ဝင်ကတ်တွင် တစ်ဦးချင်းသင်ကြားပေးမည့် နည်းပြနှင့် သီးသန့်လေ့ကျင့်ခန်းမများ ပါဝင်သည်။ သို့သော်လည်း အစပိုင်း လေ့ကျင့်မှုများပြီးနောက် မင်ယွဲ့မှာ နည်းပြ မလိုအပ်တော့ပေ။
“မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်... ကျွန်မ ဘာသာပဲ လုပ်လိုက်ပါ့မယ်”
မင်ယွဲ့က ပြုံးလျက် မည်သည့် သီးသန့်လေ့ကျင့်ခန်းမ အားနေသနည်းဟု မေးမြန်းလိုက်သည်။
ဝန်ထမ်းတစ်ဦးက သူမကို အခန်းဆီသို့ လိုက်လံပို့ဆောင်ပေးသည်။
“အစ်မ... ခုနက ဖြတ်သွားတဲ့သူကလည်း ဒီက အဖွဲ့ဝင်ပဲလား?”
မိန်းကလေးတစ်ဦးက အနားသို့ တိုးလာပြီး မေး
လိုက်သည်။
ဧည့်ကြိုဝန်ထမ်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည်ဖြေကြားသည်မှာ-
“ဟုတ်ပါတယ်ရှင့်၊ သူက ဒီကို လာနေတာ ကြာပါပြီ။ ဒါပေမဲ့ မကြာသေးခင်က သူ အလုပ်နည်းနည်းရှုပ်နေပုံရလို့ မတွေ့ဖြစ်တာပါ။ သူက ဒီက VIP အဖွဲ့ဝင်တစ်ယောက်ပေါ့”
“သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ်ကို အချိုးအစားကျတာပဲ။ တစ်ချက်ပြုံးလိုက်ရင် မြို့တစ်မြို့ကို ပြိုလဲစေနိုင်ပြီး နန်းတော်ထဲက အလှနတ်သမီးတွေကိုတောင် အရောင်မှိန်သွားစေနိုင်တယ်ဆိုတာ အခုမှပဲ ယုံတော့တယ်”
“ဟုတ်ပ... ဒါတွေက ချဲ့ကားပြောထားတာလို့ အရင်က ထင်ခဲ့တာ။ အခုတော့ မိန်းကလေးအချင်းချင်းတောင် မျက်တောင်မခတ်တမ်း ငေးနေမိပြီ။ အမျိုးသားတွေ ချောတဲ့မိန်းကလေးတွေကို သဘောကျတာ မဆန်းပါဘူး၊ ငါတောင် သဘောကျမိတာပဲ”
“သူ့ဆီကရတဲ့ ရနံ့လေးက သစ်ခွပန်းလို သင်းပျံ့နေပြီး သူ့ရဲ့ အလှကတော့ ပန်းတစ်ပွင့်လို နူးညံ့သိမ်မွေ့လွန်းတယ်။ တကယ်ကို ရင်သပ်ရှုမောစရာပါပဲ”
“ငါကတော့ သူတို့နဲ့မတူဘူး။ ငါ့မိသားစုက ရုတ်တရက် ချမ်းသာလာတဲ့သူတွေဆိုတော့ ‘ဝါး... သိပ်လှတဲ့ မိန်းကလေးပဲ’ လို့ပဲ ပြောတတ်တယ်”
ဧည့်ကြိုဝန်ထမ်းသည် လူတိုင်းက မင်ယွဲ့ကို ချီးမွမ်းနေကြသည်ကို နားထောင်ရင်း သူတို့အားကစားခန်းမတွင် အလှဆုံးအမျိုးသမီး ရှိနေသည်ကို လူတိုင်း သိစေချင်သည့်အလား ကျောကို မတ်နေအောင် ပြင်လိုက်သည်။
ဟဲဟဲ... မမင်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံရှိတာကိုတော့ ဘယ်သူ့ကိုမှ အသိပေးလို့ မဖြစ်ဘူး။ သူက အခြားသူတွေလို မအူမနပ် မဟုတ်ပေ။ အသိပေးလိုက်ရင် အခြားသူတွေလည်း လိုက်တောင်းနေကြမှာကိုသိသည်။
သူမက ထိုလှပသောအမျိုးသမီးနှင့် ဓာတ်ပုံတွဲရိုက်ခွင့်ရသည့် ပထမဆုံးနှင့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်ချင်နေသည်။
တွေးရင်းနှင့်ပင် သူမ ရင်ထဲ၌ ကြည်နူးမှုများ လွှမ်းမိုးနေတော့သည်။
ဤအားကစားခန်းမမှာ သီးသန့်ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူမှာလည်း ယနေ့တွင် လာရောက်စစ်ဆေးနေခိုက် ဖြစ်ပျက်သမျှကို မြင်တွေ့သွားခဲ့သည်။
“အဲဒီလူကလည်း ငါတို့ ကျောင်းသားထဲကပဲလား?”
ပိုင်ရှင်မှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်ပြီး သူ၏ လက်ပတ်နာရီမှာ မထင်မရှားသော်လည်း သန်းနှင့်ချီ တန်ဖိုးရှိလှသည်။
“မမင် ကို ပြောတာလားရှင့်၊ ဟုတ်ကဲ့၊ သူက တော်ဝင်စံအိမ်တော်မှာ နေထိုင်သူဖြစ်ပြီး ကျွန်မတို့ခန်းမရဲ့ VIP အဖွဲ့ဝင်ပါ။ သူက ဒီကို လေ့ကျင့်ခန်းလုပ်ဖို့ ခဏခဏ လာတတ်ပါတယ်”
မန်နေဂျာက ခါးကို ကိုင်းညွတ်လျက် ရှင်းပြလိုက်သည်။
ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော လူငယ်၏ မျက်ဝန်းများတွင် အရောင်တစ်မျိုး လက်သွားသည်။ အလှအပပေါင်းစုံကို မြင်တွေ့နေရသည့် သူတောင်မှ မင်ယွဲ့၏ ရုပ်ရည်နှင့် ဟန်ပန်ကို မချီးကျူးဘဲ မနေနိုင်ပေ။
အကယ်၍ သူမကိုသာ အားကစားခန်းမအတွက် ကြော်ငြာပေးဖို့ သို့မဟုတ် ပုံရိပ်မြှင့်တင်ရေး မော်ဒယ်အဖြစ် ခေါ်ယူနိုင်ခဲ့လျှင် ဤနေရာတွင် ဖောက်သည်များ ပြတ်လပ်တော့မည် မဟုတ်ပေ။
ဤအားကစားခန်းမမှာ သီးသန့်ဖြစ်သော်လည်း ယန်ကျင်းတွင် အဆက်အသွယ်များစွာ ရှိသည်။
လူငယ်၏အမည်မှာ ကျန်ကျွင်းဖြစ်ပြီး သူ၏ မိသားစုမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားသည်။
သူက ကောလိပ်တက်စဉ်ကပင် အားကစားခန်းမများကို စတင်တည်ထောင်ခဲ့နိုင်ပြီး ပေကျင်းတွင် အောင်မြင်ကျော်ကြားသော အမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့သူဖြစ်သည်။
မဟုတ်လျှင် သူတို့က ဇိမ်ခံ လူနေအိမ်ရာကြီးများ အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
မန်နေဂျာကမူ သူဌေးဖြစ်သူမှာ မင်ယွဲ့ကို သဘောကျသွားသည်ဟု ထင်မှတ်ကာ ဖားယားရန် ကြိုးစားလိုက်သည်။
“သူဌေး... အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် စီစဉ်ပေးပါ့မယ်”
ကျန်ကျွန်သ၏ မိသားစုမှာ ဖျော်ဖြေရေးလောကတွင် ကျင်လည်နေသူများဖြစ်၍ သူက အလွန်ပါးနပ်သူတစ်ဦးဖြစ်သည်။
မန်နေဂျာ ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားပြီး သူ၏ မျက်နှာမှာ ချက်ချင်းပင် တည်တန့်သွားတော့သည်။
သူ့တွင် ရည်းစားများစွာ ရှိခဲ့ဖူးသော်လည်း အားလုံးမှာ နှစ်ဦးသဘောတူ ဖြစ်ကြခြင်းဖြစ်ပြီး သူက မည်သည့်အခါမျှ မလိမ်ညာခဲ့ဖူးပေ။
ထို့ကြောင့်ပင် သူ၏ ရည်းစားဟောင်းများကြားတွင် နာမည်ကောင်းရှိပြီး သူတို့အတွက်လည်း ပိုက်ဆံ အကုန်အကျ ခံလိုစိတ် ရှိသူဖြစ်သည်။
ကျန်ကျွင်းသည် လူလေလူလွင့်တစ်ယောက် ဖြစ်နိုင်သော်လည်း မည်သည့်အခါမျှ အဓမ္မပြုကျင့်ခြင်း သို့မဟုတ် အတင်းအကျပ် ပြုလုပ်ခြင်းမျိုးကို မလုပ်ဆောင်ခဲ့ပေ။