← Chapters

နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အခြေအနေ

Vol. 11 Ch. 101

နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အခြေအနေ

Vol. 11 Ch. 101

"မိုဟန်ကျီ... ဘာစားချင်လဲဟင် ယန်ကျင်းတက္ကသိုလ်နားမှာ ဆိုင်သစ်လေးတစ်ဆိုင် ဖွင့်ထားတယ်၊ အတော်လေးလည်း ကောင်းတယ်လို့ ကြားတယ်"

မင်ယွဲ့က အကြံပြုသလို မေးလိုက်သည်။

"ကျွန်တော်ကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်"

သူတို့နှစ်ဦး သီးသန့်စားသောက်ခန်းထဲသို့ ဝင်ခဲ့ကြသည်။ ညစာစားချိန်ဖြစ်သဖြင့် မှာထားသော ဟင်းလျာများ ရောက်လာရန် အနည်းငယ် စောင့်ဆိုင်းနေရ၏။

ထိုစဉ် ယွမ်ပေါ့က ရုတ်တရက် ပေါ်လာပြန်သည်။ ၎င်းသည် ပုံတူကူးယူခြင်း စွမ်းရည်ကို တတ်မြောက်ပြီးကတည်းက စိတ်ထင်တိုင်း ပေါ်လိုက် ပျောက်လိုက် လုပ်နေခြင်းဖြစ်သည်။

အကယ်၍ မင်ယွဲ့သာ စိတ်ဓာတ်မခိုင်မာပါက လူစိမ်းတစ်ယောက်ရှေ့တွင် ဤထူးဆန်းသော မြင်ကွင်းကြောင့် ဟန်ပျက်သွားလောက်ပြီ ဖြစ်သည်။

ယွမ်ပေါ့က ပုံတူကူးယူထားသော ခန္ဓာကိုယ်လေးဖြင့် မင်ယွဲ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ရှေ့မှ မွှေးကြိုင်လှသော ဟင်းပွဲများကို နှာခေါင်းတရှုံ့ရှုံ့ လုပ်နေလေသည်။

"ယွဲ့ယွဲ့... ငါလည်း စားချင်တယ်"

မင်ယွဲ့သည် ၎င်းကို ကောက်ချီချင်သော်လည်း လက်ရှိတွင် ကိုယ်ကလွဲ၍ အခြားသူများ မမြင်နိုင်၊ မထိတွေ့နိုင်သေးသည်ကို သတိရသွားသည်။

"နင့်မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အစစ်အမှန် ရှိလာတဲ့အခါ ငါကိုယ်တိုင် ချက်ကျွေးမယ်လေ"

မင်ယွဲ့၏ ဟင်းချက်စွမ်းရည်မှာ ကျွမ်းကျင်သူအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ယွမ်ပေါ့မှာ တံတွေးပင် မျိုချလိုက်မိသည်။

ထိုစဉ် မွှေးကြိုင်လှသော စွပ်ပြုတ်တစ်ပန်းကန်မှာ သူမရှေ့သို့ ရောက်လာသည်။ သွယ်လျသန်မာသော လက်ချောင်းလေးများကို မော့ကြည့်လိုက်ရာ သူမ မျှော်လင့်ထားသည့်အတိုင်းပင် ခန့်ညားသော မျက်နှာပိုင်ရှင် မိုဟန်ကျီကို တွေ့လိုက်ရ၏။

"ကျေးဇူးတင်ပါတယ် မိုဟန်ကျီ"

မင်ယွဲ့က မျက်ခုံးလေးပင့်ကာ ပြောလိုက်သည်။

"ရပါတယ်"

မင်ယွဲ့၏ ကွေးညွတ်သော မျက်ခုံးအစုံနှင့် ဝင်းလက်သော မျက်ဝန်းလေးများသည် လခြမ်းကွေးလေးနှင့် တူလှသဖြင့် သူမ၏ အမည်ဖြစ်သော "လဝင်း" ဟူသည့် အဓိပ္ပာယ်နှင့် အလွန်ပင် လိုက်ဖက်လှသည်ဟု မိုဟန်ကျီ တွေးမိသည်။

လူတစ်ယောက်သည် ရာထူးဂုဏ်ရှိန် ကြီးမားလေလေ၊ အခြားသူများအပေါ် ဆက်ဆံရာတွင် ပိုမိုယဉ်ကျေးသိမ်မွေ့လေလေ ဖြစ်ကြောင်း မင်ယွဲ့ ခံစားမိသည်။

ဥပမာအားဖြင့် ရှေ့မှ မိုဟန်ကျီသည် သူနှင့် ဆုံတွေ့ခဲ့သမျှ အကြိမ်တိုင်းတွင် အမြဲပင် စနစ်တကျရှိပြီး လူကြီးလူကောင်းဆန်လွန်းသည်။

အကယ်၍ လက်ထောက်လင်သာ အနားမှာ ရှိနေပါက သူ၏သူဌေးသည် စီးပွားဖက်များအပေါ်တွင်သာ ယဉ်ကျေးခြင်းဖြစ်ပြီး၊ သမားရိုးကျ လူကြီးလူကောင်းမျိုး မဟုတ်ကြောင်း သက်သေပြလိမ့်မည်ဖြစ်သည်။

ထမင်းစားနေစဉ်အတွင်း နှစ်ဦးသား စကားများများမပြောဖြစ်ဘဲ ဇွန်းခက်ရင်းသံ သဲ့သဲ့သာ အခန်းတွင်း ပျံ့လွင့်နေခဲ့သည်။

ယွမ်ပေါ့က အနားမှနေ၍ တမြုံ့မြုံ့ဖြင့် အသံလုပ်နေသဖြင့် မင်ယွဲ့မှာ စိတ်ပျံ့လွင့်ကာ ဘေးသို့ ခဏခဏ ငဲ့ကြည့်နေမိသည်။

မိုဟန်ကျီက မင်ယွဲ့ တစ်ခုခုကို အာရုံရောက်နေသည်ကို သတိထားမိသော်လည်း၊ သူမက ဘေးမှ ပုစွန်ကြီးများကို စားချင်သော်လည်း ပြောရန်အားနာနေသည်ဟုသာ ထင်လိုက်သည်။

သူက အင်္ကျီလက်စွပ်ကြယ်သီးများကို ဖြုတ်ကာ လက်ကို အသာလိပ်လိုက်ပြီး ပုစွန်ပန်းကန်ကို မင်ယွဲ့ရှေ့သို့ တိုက်ရိုက် တိုးပေးလိုက်သည်။

"စားလေ"

သူက အေးဆေးတည်ငြိမ်စွာ ပြောပြီးနောက် ကိုယ့်ဘာသာ ဆက်စားနေလိုက်သည်။ မင်ယွဲ့လည်း အားနာသဖြင့် ပုစွန်နှစ်ကောင်ကို မြည်းစမ်းကြည့်လိုက်သည်။ သူမက ပုစွန်စားရသည်ကို ကြိုက်သော်လည်း လူအများရှေ့တွင် ပုစွန်အခွံနွှာရသည်ကို အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်မိသည်။

ဝမ်ကျန်းနှင့်အတူ လမ်းဘေးဆိုင်တွင် ပုစွန်ထုပ်ကြီးများကို လက်ဖြင့် အားရပါးရ စားရသည်ကို ပို၍ နှစ်သက်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ ထိုသို့မလုပ်ရဲပေ။

ယွမ်ပေါ့၏ အကြည့်များက အသားဟင်းများဆီသို့သာ ရောက်နေသည်ကို မင်ယွဲ့ ရိပ်မိသွားသည်။ ပုစွန်၊ ကြက်ပေါင်နှင့် ငါးဟင်းများကိုသာ စိုက်ကြည့်နေပြီး ဟင်းသီးဟင်းရွက်များကိုမူ လှည့်ပင်မကြည့်ချေ။

"ယွမ်ပေါ့... နင်က အသားစားသတ္တဝါဖြစ်ပြီး ဘာလို့ ပန်ဒါရုပ်ကို ရွေးတာလဲ။ ကျားလေးတွေဆိုလည်း ချစ်ဖို့ကောင်းတာပဲကို"

မင်ယွဲ့က စိတ်ထဲမှ လှောင်သလိုလိုဖြင့် စလိုက်

သည်။

"ငါ့ကို လာမလိမ်နဲ့၊ ပန်ဒါက နိုင်ငံတော်အဆင့် ရတနာလေ၊ ငါလည်း နိုင်ငံတော်အဆင့် ရတနာ ဖြစ်ချင်လို့"

ထိုသို့သော ကလေးဆန်သည့် စကားကြောင့် မင်ယွဲ့မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

ညစာစားပြီးနောက် မိုဟန်ကျီက သူ၏ ကုတ်အင်္ကျီကို ဝတ်လိုက်ရင်း စားသောက်ဆိုင်မှ ထွက်ခဲ့ကြသည်။

"ကားပေါ်တက်"

သူက တည်ငြိမ်စွာ ပြောသည်။

"ရပါတယ် မိုဟန်ကျီ... ကျွန်မဘာသာ ပြန်လို့ရပါတယ်"

သူ့ကဲ့သို့ အလုပ်များသောသူက သန်းနှင့်ချီသော စက်ပစ္စည်းများ လှူဒါန်းရုံတင်မကဘဲ အချိန်များပါ ထပ်ပေးနေရသဖြင့် မင်ယွဲ့ အားနာနေမိသည်။

"ကားပေါ်တက်ပါ။ ယန်ကျင်းတက္ကသိုလ်က ပါမောက္ခရန်နဲ့ တွေ့ဖို့ရှိတယ်၊ လမ်းကြုံတာပဲ"

လက်ထောက်လင်က ကားမောင်းသူနေရာမှ စောင့်နေသည်။ မင်ယွဲ့လည်း ငြင်းမရတော့သဖြင့် ကားထဲသို့ ဝင်ထိုင်လိုက်၏။ ခရီးစဉ်မှာ မကြာလိုက်ဘဲ ကျောင်းသို့ ရောက်ရှိသွားသည်။

"သွားတော့မယ်နော် မိုဟန်ကျီ... သွားပြီနော် လက်ထောက်လင်"

သူမ နှုတ်ဆက်ပြီးနောက် ကားလေး ထွက်ခွာသွားသည်။

"ပါမောက္ခနဲ့ တွေ့စရာရှိတယ်ဆိုပြီး ဘာလို့ မဝင်သွားတာလဲ"

မင်ယွဲ့က ကားလေး ဝေးရာသို့ မောင်းထွက်သွားသည်ကို ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်

နေသည်။

"နင် တစ်သက်လုံး ဆင်ဂယ်ဖြစ်နေတာ မဆန်းပါဘူး။ လမ်းကြုံတယ်ဆိုတာ နင့်ကို လိုက်ပို့ချင်လို့ ပြောတာလေ"

ယွမ်ပေါ့က အချစ်ရေးကျွမ်းကျင်သူကြီးအလား ဝင်ပြောလိုက်သည်။

"ယွမ်ပေါ့လေးက ရည်းစားရနေပြီလား။ အတော်လေး သိနေပါလား"

"ငါက ကလေးပဲ ရှိသေးတာ၊ ဘာတွေ လာပြောနေတာလဲ"

ပန်ဒါပေါက်လေးက သူ့ကိုယ်သူ ပြန်ဖက်ထားရင်း ကြောက်လန့်တကြား အော်လိုက်သည်။

"အေးပါ... နှစ်ပေါင်း တစ်ထောင်ကျော်တဲ့ ကလေးပေါ့လေ"

သူတို့နှစ်ဦး စနောက်ရင်း လမ်းလျှောက်လာခဲ့ကြသည်။ ဓာတ်ခွဲခန်းမှ စက်ပစ္စည်းများကို စစ်ဆေးပြီးနောက် မင်ယွဲ့ အိမ်သို့ ပြန်ခဲ့သည်။

သူမ၏ ဖုန်းထဲတွင် "စစ်သည်တော်ဝိညာဉ်" ဇာတ်ကားအတွက် ကြော်ငြာများဖြင့် ပြည့်နှက်နေသည်။ လူအချို့က ထောက်ခံသလို၊ အချို့ကလည်း သံသယဖြစ်နေကြသည်။ မင်ယွဲ့ကမူ ၎င်းအတွက် ယွမ် သန်း ၂၀၀ ရင်းနှီးမြှုပ်နှံထားသဖြင့် အောင်မြင်မှုကိုသာ မျှော်လင့်နေ၏။

ထိုစဉ် ဒါရိုက်တာဆန်းထံမှ ဖုန်းဝင်လာသည်။

"မမင်... ကျွန်တော်တို့ ကားက ကြော်ငြာပိုင်း ရောက်နေပြီ အခု ပရိုမိုးရှင်း ဗီဒီယို ဖန်တီးနေတယ် မင်းအနေနဲ့ တရားဝင် မိတ်ဆက်ပွဲကို လာချင်လား"

မင်ယွဲ့က တစ်ခုခုကို စဉ်းစားမိသွားပြီး ချက်ချင်း မေးလိုက်သည်။

"ဒီဗီဒီယိုအတွက် ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီ ရှာပြီးပြီလား"

ဒါရိုက်တာဆန်း၏ နာမည်ကျော်ကြားမှုကို အသုံးချကာ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် အမြတ်-အမြတ် ဖန်တီးချင်သော ရည်မှန်းချက် သူမ၌ ရှိလေသည်။

"ရှာတုန်းပဲ ကုမ္ပဏီအချို့ လုပ်ပေးတာတွေက ကျွန်တော်တို့ စိတ်တိုင်းမကျသေးဘူး"

"ဒါရိုက်တာဆန်း ကျွန်မကို ယုံကြည်မယ်ဆိုရင် တစ်ချက်လောက် စမ်းကြည့်ခွင့် ပေးမလား"

မင်ယွဲ့သည် ယွဲ့ဟွာနည်းပညာ၏ အမှတ်တံဆိပ်ကို လူသိများစေရန် ဤအခွင့်အရေးကို အသုံးချချင်နေခြင်းဖြစ်သည်။

၎င်းသည် အမှတ်တံဆိပ် တည်ဆောက်ရေးအတွက် ဖြတ်လမ်းပဲဖြစ်သည်။ ဒါရိုက်တာဆန်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူက မင်ယွဲ့ကို ယခင်က မိဘပိုက်ဆံဖြင့် ရင်းနှီးမြှုပ်နှံနေသော သူဌေးသမီးလေးဟုသာ ထင်

ထားခဲ့ခြင်းဖြစ်သည်။

"မမင်... သေချာလား"

"သေချာပါတယ် ကျွန်မ အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်"

သုံးရက်အတွင်း အပြီးသတ်ပေးရမည်ဟူသော ကတိကဝတ်ဖြင့် နှစ်ဦးသား သဘောတူညီမှု ရရှိခဲ့ကြသည်။ မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ယွဲ့ဟွာကို အမြင့်ဆုံးသို့ တွန်းတင်ရန် အားခဲထားလေတော့သည်။

All Chapters