← Chapters

အံ့မခန်းသူဌေးမ

Vol. 11 Ch. 103

အံ့မခန်းသူဌေးမ

Vol. 11 Ch. 103

မင်ယွဲ့နှင့် ကျန်းမင်းတို့ တွေ့ဆုံကြသောအခါ ကျန်းမင်းသည် ပွင့်လင်းရွှင်ပျပြီး သဘောထားကြီးသူတစ်ဦးဖြစ်ကြောင်း မင်ယွဲ့ ခံစားမိသည်။

ကျန်းမင်းကလည်း မင်ယွဲ့အား ပါရမီထူးချွန်သော်လည်း မာနထောင်လွှားခြင်းမရှိဘဲ ကြင်နာတတ်သည့် မိန်းကလေးတစ်ဦးအဖြစ် မှတ်ချက်ပြုမိသည်။

ဟူကျင်း၏ မိတ်ဆက်ပေးမှုဖြင့် ဆုံတွေ့ကြခြင်း ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ စိတ်ချင်းအလွန်နီးစပ်သွားကြပြီး စကားလက်ဆုံမှာ အလွန်ပင် ချောမွေ့နေခဲ့သည်။

နောက်ဆုံးတွင် မင်ယွဲ့က ကျန်းမင်းအတွက် သီချင်းတစ်ပုဒ် သီးသန့်ရေးသားပေးရန် သဘောတူလိုက်သည်။

ထိုသီချင်းကို ကျန်းမင်း၏ ဖျော်ဖြေပွဲတွင် ပထမဆုံးအကြိမ် သီဆိုထုတ်လွှင့်မည်ဖြစ်ပြီး အယ်လ်ဘမ်အသစ်တွင်လည်း ထည့်သွင်းသွားမည်ဖြစ်သည်။

မင်ယွဲ့ ပြန်ရန် ထလိုက်သောအခါ သူမရှေ့မှ ကော်ဖီနံ့ကို တရှုံ့ရှုံ့နမ်းနေသည့် ပန်ဒါပေါက်လေးကို မေ့တော့မလို ဖြစ်သွားသည်။

"မကျန်းမင်း... အရင်သွားနှင့်ပါ၊ ကျွန်မ ဒီမှာ ခဏလောက် နားဦးမယ်"

မင်ယွဲ့သည် သက်ပြင်းတစ်ချက်ချကာ ပြန်

ထိုင်လိုက်ရသည်။

"ကဲ... တော်ပြီ၊ အိမ်ပြန်ကြရအောင်"

မင်ယွဲ့က စားပွဲကို အသာခေါက်ကာ ယွမ်ပေါ့ကို သတိပေးလိုက်သည်။

ပန်ဒါပေါက်လေးက လက်နှစ်ဖက်ကို ခါးထောက်ကာ ရန်တွေ့လိုသော အမူအရာဖြင့် သူမကို လှည့်ကြည့်သည်။ ထိုအမွေးပွမျက်နှာလေးပေါ်မှ မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များကို မင်ယွဲ့ မြင်နေရသကဲ့သို့ ခံစားနေရ၏။ အစားမစားရသဖြင့် ဝမ်းနည်းနေသော စိတ်အာရုံမှာ သူမ၏ စိတ်ထဲသို့ပင် ကူးစက်လာသည်။

"ငါ ပြန်သွားပြီး ပိုက်ဆံအမြန်ရှာမယ်၊ ဒါမှ နင့်ကို အဆင့်မြှင့်တင်ပေးနိုင်မှာပေါ့"

မင်ယွဲ့၏ ကတိစကားကြောင့် ယွမ်ပေါ့သည် မကျေမချမ်းဖြင့်ပင် နောက်မှ လိုက်လာခဲ့သည်။

မင်ယွဲ့သည် ပြောသည့်အတိုင်းပင် စတော့ရှယ်ယာဈေးကွက်ကို လေ့လာရင်း ငွေရှာခြင်းကို တစ်ပြိုင်တည်း လုပ်ဆောင်လေတော့သည်။

သူမသည် ဈေးအနိမ့်ဆုံးအချိန်တွင် ဝယ်ယူပြီး အမြင့်ဆုံးအချိန်တွင် ပြန်လည်ရောင်းချကာ အမြတ်ငွေများကို တစ်စစ တိုးပွားအောင် လုပ်ဆောင်ခဲ့သည်။

သူမ၏ စွမ်းဆောင်ချက်ကြောင့် စတော့လောကတွင် မင်ယွဲ့ဟူသောအမည်မှာ ဟိုးဟိုးကျော်သွားသော်လည်း ယွမ်ပေါ့၏ နည်းပညာအကူအညီဖြင့် မည်သူမျှ သူမ၏ နောက်ကြောင်းကို လိုက်၍မရခဲ့ချေ။

တစ်ဖက်တွင်လည်း "စစ်သည်တော်ဝိညာဉ်" ဇာတ်ကား၏ ပရိုမိုးရှင်း ဗီဒီယိုမှာ တရားဝင်ထွက်ရှိလာပြီး ဖျော်ဖြေရေးလောကတွင် အကြီးအကျယ် ပေါက်သွားခဲ့သည်။ ဒါရိုက်တာဆန်း၏ ဩဇာတိက္ကမကြောင့် ပလက်ဖောင်းအသီးသီးမှ ၎င်းဗီဒီယိုကို ဝိုင်းဝန်းဖြန့်ချိပေးကြသည်။

"ဒါရိုက်တာဆန်း... ဒါက အကိုရဲ့ ပထမဆုံး မျိုးချစ်စိတ်ဓာတ်အခြေခံ ဇာတ်ကားနော် အခုကားနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်လဲဗျ”

သတင်းထောက်၏ အမေးကို ဒါရိုက်တာဆန်းက ပြုံးလျက် ပြန်ဖြေသည်။

"ကျွန်တော် ပြောနိုင်တာကတော့... အမျိုးသားရေး စိတ်ဓာတ်ဆိုတာ ဘယ်တော့မှ ငြိမ်းသတ်လို့ မရဘူးဆိုတာပါပဲ"

ဗီဒီယိုအတွင်း ပါဝင်သော ရုပ်ထွက်နှင့် တည်းဖြတ်မှုများမှာ အလွန်ပင် စနစ်ကျသဖြင့် ကြည့်ရှုသူများက ချီးကျူးမဆုံး ဖြစ်နေကြသည်။ ဗီဒီယို၏ အဆုံးတွင် "ယွဲ့ဟွာနည်းပညာ" ဟူသော အမည်ကို တွေ့ရှိကြရာ အားလုံးက ထိုကုမ္ပဏီကို စတင်သတိပြုမိလာကြသည်။

ဒါရိုက်တာဆန်းက ယွဲ့ဟွာနည်းပညာ၏ စွမ်းဆောင်ရည်ကို လူသိရှင်ကြား ချီးကျူးပြောဆိုလိုက်ရာ ဒုံလင်းနည်းပညာမှာ လူအများ၏ ကဲ့ရဲ့ခြင်းကို ခံလိုက်ရသည်။

ဒုံလင်းနည်းပညာသည် ယခင်က ကုမ္ပဏီငယ်လေးများ၏ ရလဒ်များကို လုယူခဲ့သည့် သတင်းဆိုးများ ရှိခဲ့ဖူးရာ ယခုအခါတွင် ဒါရိုက်တာဆန်းက ကုမ္ပဏီငယ်တစ်ခုဖြစ်သော ယွဲ့ဟွာကို ရွေးချယ်လိုက်ခြင်းက ဒုံလင်းအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့သည်။

ဤအခွင့်အရေးကို အသုံးချကာ ယွဲ့ဟွာနည်းပညာသည် အလုပ်အပ်နှံမှု အမြောက်အမြားကို လက်ခံရရှိခဲ့သည်။ မင်ယွဲ့သည် ယွမ်ပေါ့ကိုသာ အားကိုးမနေဘဲ ကုမ္ပဏီ၏ ဝန်ထမ်းများကိုလည်း လေ့ကျင့်ပေးရန် ဆုံးဖြတ်လိုက်သည်။

"သူတို့ကိစ္စတွေကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား။ အခုလို နာမည်ရဖို့က မလွယ်ဘူးနော်"

ယွမ်ပေါ့၏ အမေးကို မင်ယွဲ့က အပြုံးဖြင့် ပြန်ဖြေသည်။

"ငါ့မှာ စောင့်ကြည့်ပေးမယ့်သူ ရှိတာပဲ"

မင်ယွဲ့ ဆိုလိုသည်မှာ ယွမ်ပေါ့ပင် ဖြစ်သည်။

ဝန်ထမ်းများ တည်းဖြတ်ပြီးသော အလုပ်များကို ယွမ်ပေါ့က စစ်ဆေးပေးပြီး မပြည့်စုံပါက ပြန်လည်ပြင်ဆင်ခိုင်းသည်။

ဝန်ထမ်းများမှာ ဖောက်သည်များထက်ပင် ပိုမိုတင်းကျပ်သော ကုမ္ပဏီအထက်လူကြီးများကြောင့် အလွန်ပင် ဖိအားများနေခဲ့သည်။ သို့သော် ထိုဖိအားများကပင် သူတို့၏ စွမ်းဆောင်ရည်ကို တိုးတက်လာစေခဲ့သည်။

"ဒီတစ်ခါတော့ အောင်မြင်တယ်လို့ ပြောလို့ရပြီ"

ယွမ်ပေါ့၏ ခွင့်ပြုချက် ရလာသောအခါမှ မင်ယွဲ့က ကျန်ဟင်ကို ဖုန်းဆက်လိုက်သည်။

"ကျန်ဟင်... ဖောက်သည်နဲ့ တွေ့ဖို့ စီစဉ်

လိုက်တော့ အလုပ်ပြီးရင် ဝန်ထမ်းတွေကို ဘောနပ်စ် ပေးဖို့ မမေ့နဲ့ဦး"

ကျန်ဟင်သည် တည်းဖြတ်ရေးအဖွဲ့ဆီသို့ သွားကာ သူဌေးမလေး၏ သတင်းစကားကို ပါးလိုက်သည်။ မျက်ကွင်းညိုနေသော်လည်း တက်ကြွနေကြသော ဝန်ထမ်းများကို ကြည့်ကာ သူ အံ့ဩမိသည်။

"အားလုံးပဲ နားထောင်ကြပါ အထက်က အခုတင်ပြတဲ့ အလုပ်ကို ကျေနပ်သွားပြီဖောက်သည်နဲ့ တွေ့ဖို့ စီစဉ်လို့ရပြီ"

ဝမ်ကျန်းက ဖိုင်တွဲများကို ကိုင်ကာ ရုံးခန်းထဲသို့ ဝင်လာပြီး အားပေးစကား ပြောလိုက်သည်။

ဝန်ထမ်းများမှာ သူတို့၏ ကြိုးစားမှု အသိအမှတ်ပြုခံရသဖြင့် ဝမ်းသာနေကြသည်။ သူတို့သည် ယွဲ့ဟွာနည်းပညာ၏ နောက်ကွယ်တွင် အားကိုးထိုက်သော ကျွမ်းကျင်သူကြီးတစ်ဦး ရှိနေကြောင်း ခံစားမိနေကြပြီး၊ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် အလုပ်လုပ်ရခြင်းမှာ ပင်ပန်းသော်လည်း ပျော်ရွှင်စရာကောင်းလှသည်ဟု တွေးမိနေကြလေတော့သည်။

All Chapters