ဖြစ်နိုင်ရဲ့လား
Vol. 11 Ch. 109
"ကျွန်မက ဘာလို့ အကိုတို့ကို လိမ်ရမှာလဲ၊ ကျွန်မက ဘဏ္ဍာရေးအထူးပြု ပထမနှစ် မဟာတန်းကျောင်းသူပါ"
မင်ယွဲ့၏ စကားကြောင့် သူတို့နှစ်ဦး ကိုယ့်မျက်လုံးကိုယ်ပင် အယုံအကြည်မရှိ ဖြစ်သွားကြသည်။
သူမသည် ဂီတအဓိကကျောင်းသူ မဟုတ်ရုံမျှမက၊ ထိုမျှ အဆင့်မြင့်သော ပညာရပ်ကို ဆည်းပူးနေသည့် ဘွဲ့လွန်ကျောင်းသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့မိပေ။
"အကယ်၍ မင်းသာ ဂီတအသင်းကို ဝင်ချင်တယ်ဆိုရင် ဘယ်အချိန်မဆို ငါ့ဆီ လာခဲ့လို့ရပါတယ်"
ပိုင်ကျင်းက လေးလေးနက်နက် ကမ်းလှမ်းလိုက်သည်။ ပိုင်ကျင်း၏ ဖခင်သည် ဂီတအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်ရာ မင်ယွဲ့သာ ဆန္ဒရှိပါက အသင်းဝင်စစ်ဆေးမှုတွင် နေရာတစ်ခု ရရှိရန်မှာ သူတို့အတွက် ခဲယဉ်းသောအလုပ် မဟုတ်ပေ။
"ကောင်းပါပြီ၊ ကျွန်မ စဉ်းစားကြည့်ပါ့မယ်၊ ကျေးဇူးတင်ပါတယ်"
ထိုစဉ် ဝူရှောင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏နဖူးကို လက်ဝါးဖြင့် ခပ်ပြင်းပြင်း ရိုက်လိုက်သည်။
"ဟာ... ငါ သတိထားမိပြီ ပြီးခဲ့တဲ့ အခေါက်က 'ကောင်းကင်ဘုံသို့ ပူဇော်ခြင်း' ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းတေးကို ရေးခဲ့တာ မင်းမလား"
သူ့ရည်းစားနှင့် ထိုဇာတ်လမ်းတွဲ ကြည့်စဉ်ကပင် သူ့ရည်းစားက ထိုသီချင်းကို အလွန်အမင်း ချီးကျူးခဲ့ခြင်းဖြစ်သည်။
ဂီတသမားတစ်ဦး၏ စူးစမ်းလိုစိတ်ဖြင့် ထိုစဉ်ကပင် ဝူရှောင် တစ်ခေါက်တည်း နားထောင်လိုက်ရုံနှင့်ပင် စွဲလန်းသွားခဲ့သည်။ နှမြောတသဖြစ်မှု၊ ထူးခြားဆန်းကြယ်မှု၊ ငြိမ်းချမ်းမှုနှင့် စိတ်လှုပ်ရှားတက်ကြွမှုတို့ ရောယှက်နေသော ထိုဂီတသံစဉ်သည် လူ့နှလုံးသားကို ခံစားချက်မျိုးစုံဖြင့် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သည်။
"ဘယ်သီချင်းကို ပြောတာလဲ"
ပိုင်ကျင်းတစ်ယောက်သာ အခြေအနေကို နားမလည်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
"မင်းကတော့ ရှေးခေတ်က လူကျနေတာပဲ၊ ဒရမ်မာတွေလည်း လုံးဝမကြည့်ဘူး"
ဟု ဝူရှောင်က ပြစ်တင်ဝေဖန်လိုက်သည်။
"ဟူကျင်း ဆိုခဲ့တဲ့ 'ကွယ်လွန်သူ' ဆိုတဲ့ သီချင်းကိုတော့ မင်းသိမှာပေါ့"
ထိုသီချင်းကိုတော့ ပိုင်ကျင်း သိပါသည်။
သို့သော် ထိုစဉ်က ဂီတလောကကို လှုပ်ခတ်သွားစေသည့် 'မင်ယွဲ့' နှင့် ယခုရှေ့တွင် ရောက်နေသည့် 'မင်ယွဲ့' သည် တစ်ဦးတည်းဖြစ်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြ။
နာမည်ချင်း တူနိုင်သော်လည်း ယခုကဲ့သို့ ပါရမီထူးခြားလှသော မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ရခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်တော့ပေ။
မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသော မျက်လုံးနှစ်စုံကြောင့် မင်ယွဲ့ အနည်းငယ် စိတ်
လှုပ်ရှားသွားကာ အမှန်အတိုင်း ဝန်ခံလိုက်သည်။
"ဟုတ်ပါတယ်၊ အဲဒါ ကျွန်မ ရေးခဲ့တာပါ"
မင်ယွဲ့၏ အဖြေစကားအဆုံးတွင် ဝူရှောင် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိသည်။ သူမကို ဂီတလောကသို့ စတင်ခြေလှမ်းပြင်နေသည့် လူသစ်လေးဟု ထင်မှတ်ခဲ့သော်လည်း အမှန်စင်စစ်တွင်မူ သူမသည် လူမသိသူမသိ ကျော်ကြားပြီးသား ပါရမီရှင်တစ်ဦး ဖြစ်နေလေပြီ။
သီချင်းသည် အလွန်အောင်မြင်ခဲ့ပြီး အဆိုတော် ဟူကျင်း၏ နာမည်ကျော်ကြားမှုကို မြှင့်တင်ပေးခဲ့သော်လည်း၊ နောက်ကွယ်မှ တေးရေးဆရာမ မင်ယွဲ့မှာမူ တိတ်ဆိတ်စွာပင် ပျောက်ကွယ်နေခဲ့သည်။ လူအများစုမှာ သီချင်းကိုသာ စွဲလန်းကြပြီး ဖန်တီးသူကိုမူ သတိမမူမိကြပေ။
"မင်းက တကယ့်ကို... အံ့အားသင့်စရာကောင်းတဲ့သူပဲ"
ဟု ပိုင်ကျင်းက တအံ့တဩ ဆိုသည်။
"ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေလို့ပဲ ဂီတဘက်မှာ အသံတိတ်နေတာလား”
ဝူရှောင်က သူမအတွက် အဆင်ပြေစေမည့် အကြောင်းပြချက်ကို ရှာပေးလိုက်သည်။
ပေကျင်းတက္ကသိုလ်ကဲ့သို့ ထိပ်တန်းကျောင်းမှ ဂုဏ်ထူးဆောင်ကျောင်းသူတစ်ဦးအတွက် ပညာရေးကို အာရုံစိုက်နေရသဖြင့် ဂီတလောကထဲသို့ အချိန်ပြည့် မဝင်ရောက်နိုင်ခြင်းမှာ သဘာဝကျလှသည်။ သို့သော် သူမ၏ စန္ဒရားတီးခတ်မှုနှင့် တေးဆိုတေးရေး ပါရမီမှာမူ မနာလိုစရာကောင်းလောက်အောင် ပြည့်စုံလွန်းလှသည်။
"ဒါနဲ့... ဒီနေ့ ဂီတတိုက်ကို ဘာကိစ္စနဲ့ လာခဲ့တာလဲ"
"ကျွန်မမှာ သီချင်းတစ်ပုဒ်ရှိတယ်၊ အဲဒါကို တေးသံစဉ်အစီအစဉ် လုပ်ဖို့ လိုနေတာ ဒါပေမဲ့ ကျွန်မမှာ တူရိယာတွေ မစုံလို့၊ ဒီဆိုင်က အကြီးဆုံးဆိုတော့ လာကြည့်တာပါ"
ပိုင်ကျင်းက သူမ၏ စကားကို ကြားသည်နှင့် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"မင်းရဲ့ သီချင်းအသစ်ကို ငါတို့ ကြည့်လို့ရမလား"
လက်ဖက်ရည်များ အေးစက်သွားသော်လည်း သူတို့ ဂရုမစိုက်နိုင်တော့ပေ။
မင်ယွဲ့က သူမ၏ အိတ်ကပ်ထဲမှ တွန့်ကြေနေသော စာရွက်အချို့ကို ထုတ်ပေးလိုက်သည်။
စာရွက်များမှာ နွမ်းဖတ်နေသော်လည်း ထိုပေါ်တွင် ရေးခြစ်ထားသော ဂီတသင်္ကေတများမှာမူ တန်ဖိုးဖြတ်မရနိုင်သော ရတနာများကဲ့သို့ပင်။
ပိုင်ကျင်းနှင့် ဝူရှောင်တို့သည် ထိုမူကွဲစာသားများကို ကြည့်ရင်း မှင်သက်သွားကြသည်။ ဤမျှ နက်ရှိုင်းသော ခံစားချက်နှင့် အတွေးအခေါ်မျိုးသည် သာမန်ကောလိပ်ကျောင်းသူတစ်ဦးထံမှ ထွက်ပေါ်လာနိုင်သည့်အရာ မဟုတ်ပေ။
"မစ္စမင်၊ ဒါကို ဓာတ်ပုံရိုက်ထားလို့ ရမလား"
ဟု ပိုင်ကျင်းက အလေးအနက် တောင်းဆိုလာသည်။
မင်ယွဲ့က မူပိုင်ခွင့်ကို ယူပြီးသားဖြစ်၍ ဝန်မလေးဘဲ ခွင့်ပြုလိုက်သည်။
"ကျွန်တော့်မှာ ကိုယ်ပိုင် စတူဒီယိုတစ်ခုရှိတယ်၊ အဲဒီမှာ တူရိယာတွေ အစုံအလင်ရှိတယ် မင်း အသုံးပြုချင်လား”
"ဒါပေါ့"
မင်ယွဲ့ ဝမ်းသာသွားသည်။
သူမအနေဖြင့် ကိုယ်ပိုင်တူရိယာများ ဝယ်ယူရန် စီစဉ်နေသော်လည်း လတ်တလော အချိန်အကန့်အသတ်ရှိနေသဖြင့် ဤကမ်းလှမ်းချက်မှာ အလွန်ပင် အချိန်ကိုက်ဖြစ်နေသည်။
စတူဒီယိုသို့ ရောက်သောအခါ မင်ယွဲ့သည် တန်ဖိုးကြီး လက်လုပ်တူရိယာများကို တွေ့ရသဖြင့် စိတ်လှုပ်ရှားသွားသည်။
သူမ၏ စနစ်တကျ လေ့လာထားသော ဂီတဗဟုသုတများမှာ တူရိယာတစ်ခုချင်းစီကို ထိတွေ့လိုက်တိုင်း ဦးနှောက်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာလေသည်။
‘ယွဲ့ယွဲ့၊ နင် ဘယ်မှာလဲ’
သူမ၏ စိတ်ထဲမှ ယွမ်ပေါ့၏ အသံထွက်ပေါ်လာသည်။
မင်ယွဲ့သည် ထိုပန်ဒါလေးကို ကျေးဇူးတင်မိသည်။ ယွမ်ပေါ့ပေးသော အခွင့်အရေးများကြောင့်သာ သူမသည် နည်းပညာတက္ကသိုလ် သင်ခန်းစာများကိုရော၊ ဂီတဖန်တီးမှုများကိုပါ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
"ကျွန်မကို ကူညီပြီး တီးခတ်ပေးချင်ကြလား"
ဟု မင်ယွဲ့က ရုတ်တရက် မေးလိုက်သည်။
တစ်ယောက်တည်း လုပ်ရပါက အချိန်အလွန်ကြာနိုင်သဖြင့် ကျွမ်းကျင်ပညာရှင် နှစ်ဦး၏ အကူအညီကို ရယူလိုခြင်းဖြစ်သည်။
"ရတာပေါ့၊ ငါတို့ ကူညီနိုင်တာထက်ကို ပိုပါတယ်"
သူတို့နှစ်ဦးသည် ကလေးငယ်များကဲ့သို့ ပျော်ရွှင်သွားကြသည်။ မင်ယွဲ့က သူမ၏ စိတ်ကူးများကို စတင်ရှင်းပြသည်။
"တရုတ်ရိုးရာ တူရိယာအပိုင်းတွေကိုတော့ ကျွန်မ အသံသွင်းပြီးသားပါ ကွန်ပျူတာရှိရင် ကျွန်မ ဖွင့်ပြမယ်"
မင်ယွဲ့က ယူအက်စ်ဘီ ကို တပ်ဆင်လိုက်စဉ် ပိုင်ကျင်းနှင့် ဝူရှောင်တို့သည် အသက်ရှူရန်ပင် မေ့လျော့လျက် စူးစိုက်နားထောင်ရန် ပြင်ဆင်
လိုက်ကြသည်။
ကွင်(တရုတ်ရိုးရာ ကြိုးတူရိယာ) ၊ ရှောင်း(ပုလွေအမျိုးအစား)၊ ပီပါ(လက်ဆွဲကြိုးတူရိယာ) နှင့် ဂူဇင်( ကြိုးအများကြီးသည့် တူရိယာ) တို့၏ သံစဉ်များ စတင်ထွက်ပေါ်လာသောအခါ သူတို့၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများက အတိုင်းသား နေရာယူလာလေတော့သည်။