တပည့်လက်ခံခြင်း
Vol. 12 Ch. 111
"သူက ဘယ်တက္ကသိုလ်ကလဲ ငါ အခုချက်ချင်းပဲ သူ့အတွက် နေရာတစ်ခု ပေးလိုက်မယ် ဒီနှစ် ဒုတိယနှစ်ဝက်အတွက် ဂီတအဖွဲ့ဝင်အဆင့် သတ်မှတ်ချက်စစ်ဆေးမှုကိုပါ သူ့ကို တိုက်ရိုက် ကိုင်တွယ်ခိုင်းလိုက်တော့မယ်"
မစ္စတာပိုင်က အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ ဤမျှ ငယ်ရွယ်သော ကလေးငယ်တစ်ဦးက ဤကဲ့သို့ စွမ်းဆောင်နိုင်သည်ဆိုပါက အံ့မခန်း ပါရမီရှင်တစ်ဦး ဖြစ်ရပေမည်။
မင်ယွဲ့က ယခုအခါ အသက် ၂၃ နှစ် ရှိနေပြီဖြစ်သော်လည်း ဂီတလောကတွင် ကျင်လည်နေကြသူများအတွက်မူ သူမက နုနယ်ပျိုမြစ်သော ပျိုးပင်လေးတစ်ပင်သာ ဖြစ်သေးသည်။
၎င်းတို့သည် ဂီတကို တစ်သက်တာလုံး သင်ယူရမည့် ဘာသာရပ်တစ်ခုအဖြစ် မှတ်ယူထားကြပြီး သေသည့်တိုင်အောင် လေ့လာနေကြသူများ ဖြစ်ကာ သူတို့၏အမြင်တွင် မင်ယွဲ့က မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာခါစ တောက်ပလန်းဆန်းသော နေဝန်းအသစ်တစ်ခုကဲ့သို့ပင်။
"ဟားဟား... ယန်ကျင်းတက္ကသိုလ်ကလေ"
ဝူရှောင်က ဤအကြောင်းကို ပြောလိုက်စဉ်မှာပင် အားရပါးရ ပြုံးလိုက်မိသည်။
ပိုင်ကျင်းကလည်း နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်၏။ မင်ယွဲ့က သူတို့အတွက် အံ့ဩစရာများကို တစ်ခုပြီးတစ်ခု ယူဆောင်လာပေးနေခဲ့လေသည်။
"ဘာ... ဘယ်လိုပြောလိုက်တာလဲ"
မစ္စတာပိုင်၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ အတိုင်းသား မြင်တွေ့လိုက်ရသဖြင့် ဝူရှောင်နှင့် ပိုင်ကျင်းတို့နှစ်ဦးမှာ ကျေနပ်သွားကြသည်။
နောက်ဆုံးတော့ မင်ယွဲ့ကြောင့် သူတို့နှစ်ယောက်တည်း အုတ်အော်သောင်းနင်း ဖြစ်နေရခြင်း မဟုတ်တော့ပေ။
"ဟုတ်တယ် အန်ကယ်... ယန်ကျင်းတက္ကသိုလ်ကတင် မကဘူး၊ သူက ဘဏ္ဍာရေးမေဂျာက ကျောင်းသူဗျ"
ဝူရှောင်က တစ်ဖက်မှ စိတ်လှုပ်ရှားလွန်း၍ ဂနာမငြိမ်ဖြစ်နေသော လူကြီးကို ဂရုမစိုက်နိုင်ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
မစ္စတာပိုင်မှာမူ ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး ဧည့်ခန်းအတွင်း ဟိုဟိုဒီဒီ လျှောက်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နေရသည်။
"ရှင် ဘာတွေဖြစ်နေတာလဲ"
သူမ၏ခင်ပွန်းသည် ပုံမှန်မဟုတ်ဘဲ ဖြစ်ပျက်
နေသည်ကို မြင်သောအခါ ပိုင်
ကျင်း၏အမေက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
"မင်းသားကို ဖုန်းဆက်စမ်းပါဦး"
ဟု မစ္စတာပိုင်က အမိန့်ပေးသလို ပြောလိုက်
သည်။
"ကျွန်မသားက ရှင့်သားမဟုတ်လို့လား"
ပိုင်ကျင်း၏မိခင်က တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ့ခင်ပွန်းအလိုကျ သူ၏သားအား ဖုန်းခေါ်လိုက်သည်။
ဝူရှောင်က ဖုန်းအဆက်အသွယ် ရသွားပြီးနောက် ပါးနပ်စွာဖြင့် ဆက်ပြောလိုက်သည် -
"ဆရာကြီး... သူ သီချင်းဖန်တီးမှုမှာ တူရိယာ ဘယ်နှမျိုး သုံးထားလဲဆိုတာကိုရော ဆရာကြီး ခွဲခြားနိုင်ရဲ့လား"
"ဒီကောင်လေး... မင်းကို ဘယ်သူသင်ပေးခဲ့တာလဲဆိုတာ မင်းမေ့နေပြီ ထင်တယ်"
မစ္စတာပိုင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"တူရိယာသံတွေက ထပ်တလဲလဲ ပေါ်နေပြီး နည်းနည်းရှုပ်ထွေးနေပေမဲ့ ငါကတော့ တူရိယာ ၆ မျိုးလုံးကို တိတိကျကျ ခွဲခြားနိုင်ပါတယ်ဒါပေမဲ့... အဲ့ဒီကလေးရဲ့ ရှေးဟောင်းတူရိယာတွေအပေါ် ကျွမ်းကျင်မှုနဲ့ တီးခတ်ပုံ အဆင့်အတန်းကတော့ တကယ်ကို မြင့်မားလွန်းတယ်"
သူက ချီးကျူးစကားများကို မရပ်မနား ပြောဆိုနေမိသည်။
ဂီတအသင်း၏ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်ပါလျက်နှင့် ဤကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသော ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဘာမျှမသိရှိခဲ့ရခြင်းအတွက် မိမိကိုယ်ကိုယ်ပင် ရှက်မိသလို ဖြစ်နေသည်။
"ဒါနဲ့ ဆရာကြီး... နောက်ထပ် ဗုံးတစ်လုံး ရှိသေးတယ် အဲ့ဒီ သီချင်းဖန်တီးမှုကို အဲ့ဒီသူငယ်ချင်းက လုပ်ခဲ့တာတင် မဟုတ်ဘူး၊ တူရိယာ ၆ မျိုးလုံးကိုလည်း သူကိုယ်တိုင်ပဲ တီးခတ်ခဲ့တာ"
ဝူရှောင်က လူကြီး၏ နှလုံးခုန်နှုန်းကို ဂရုမစိုက်ဘဲ အံ့အားသင့်ဖွယ် သတင်းစကားများကို တရပ်စပ် ပြောချလိုက်သည်။
"ဝူရှောင်... မင်းကတော့ကွာ ပြောစရာရှိတာကို တစ်ခါတည်း အကုန်ပြောလို့ မရဘူးလား"
မစ္စတာပိုင်က လုံးဝကို အံ့ဩမှင်သက်သွားရသည်။
ရှေးဟောင်းရိုးရာ တူရိယာ ၆ မျိုးလုံးကို ဤမျှ လှပပြောင်မြောက်စွာ တီးခတ်နိုင်သည်ဆိုခြင်းမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခဲယဉ်းလှသည်။ ဤကဲ့သို့သော လူမျိုး တကယ်ပဲ ရှိနိုင်ပါ့မလား သူ မခန့်မှန်းနိုင်တော့ပေ။
ဂီတကို လေ့လာရန် အချိန်ရှိခဲ့လျှင်ပင် ငယ်စဉ်ကတည်းက အိမ်ထဲ၌သာ အောင်းကာ ထင်ရှားကျော်ကြားသော ဆရာကြီးများ၏ အနီးကပ် လမ်းညွှန်မှုကို ခံယူခဲ့ရပေမည်။
ဤမျှ ထူးချွန်သော တပည့်တစ်ဦးဖြစ်လာရန် မတူညီသော ဘာသာရပ်အလိုက် ကျွမ်းကျင်သော ဆရာပေါင်းများစွာ၏ သွန်သင်မှုကို လိုအပ်မည် မဟုတ်ပါလား။
သူသည် သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ပေ။ ဤကလေးမလေး၏ ဆရာမှာ မည်သူဖြစ်မည်နည်းဟုလည်း တွေးတောနေမိသည်။ ဂီတပညာကို လေ့လာလိုက်စားခြင်းမှာ ငွေကုန်ကြေးကျ များလှသော်လည်း တရုတ်ရိုးရာ တူရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရန်မှာ ငွေကြေးထက် အစဉ်အလာအရ လက်ဆင့်ကမ်း အမွေပေးမှုက ပို၍အရေးကြီးသည်။
မိမိ၏ နှစ်ပေါင်းများစွာ စုဆောင်းလာသော ပညာရပ်များကို မည်သူက အလွယ်တကူ လက်ဆင့်ကမ်းလိုပါမည်နည်း။ ထို့အပြင် ဤပညာရပ်များက နေ့ချင်းညချင်း တတ်မြောက်နိုင်သည်မဟုတ်ဘဲ အချိန်ကာလ တစ်ခုအထိ စိတ်ရှည်လက်ရှည် လေ့ကျင့်ယူရခြင်း ဖြစ်သည်။
"ကဲ... အန်ကယ်ရေ အဲ့ဒီသူမရဲ့ နာမည်က 'မင်ယွဲ့' တဲ့ သူက ယန်ကျင်းတက္ကသိုလ်က ဘဏ္ဍာရေးမေဂျာ ပထမနှစ် မဟာတန်းကျောင်းသူပါ သူက ရိုးရာတူရိယာတင် မကဘူး၊ အနောက်တိုင်း တူရိယာတွေကိုပါ ကျွမ်းကျင်တာ တကယ့်ကို ဘက်စုံတော်တဲ့လူပေါ့ သူ့ဆရာက ဘယ်သူလဲဆိုတာတော့ မသိရသေးဘူး ကဲ သတင်းပို့တာ ပြီးပါပြီ"
ဝူရှောင်က စကားကို နိဂုံးချုပ်လိုက်သည်။
မစ္စတာပိုင်၏ မင်ယွဲ့အပေါ် စူးစမ်းလိုစိတ်မှာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ယခုအချိန်သည် ညဉ့်နက်သန်းခေါင် ဖြစ်နေခြင်းကိုသာ သူ စိတ်ပျက်မိသည်။ မဟုတ်လျှင် ပိုင်ကျင်းကို အခုချက်ချင်းပင် ချိန်းဆိုမှု ပြုလုပ်ခိုင်းမိမည်မှာ သေချာသည်။
"သားလေးဝူ မင်း ဦးလေးအတွက် တွေ့ဆုံဖို့ ချိန်းပေးပါမနက်ဖြန်ကျရင် ဂီတအသင်းထဲ ဝင်ဖို့ လျှောက်လွှာပုံစံကို ကိုယ်တိုင် သွားပေးမယ်"
ဟု မစ္စတာပိုင်ဖြစ်သူက ပြောလိုက်သည်။
ဖုန်းချပြီးနောက် ပိုင်ကျင်း၏မိခင်က ညဉ့်နက်သန်းခေါင်တွင် ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားနေသော သူမ၏ခင်ပွန်းကို ကြည့်ကာ အံ့ဩတကြီး မေးလိုက်သည် -
"ရှင် ဘာတွေဖြစ်နေတာလဲ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"
"ငါတို့ တကယ့်ကို အလားအလာရှိတဲ့ ပါရမီရှင်
တစ်ယောက်ကို တွေ့ပြီဟ"
မစ္စတာပိုင်က ပြုံးပျော်လျက် ပြန်ပြော၏။
"ရှင်... တပည့်လက်ခံဖို့ စဉ်းစားနေတာလား"
ပိုင်ကျင်း၏မိခင်က သူမခင်ပွန်း၏ အကျင့်ကို ကောင်းကောင်းသိသည်။
သူသည် တော်သူ၊ တတ်သူကို မြင်လျှင် တပည့်အဖြစ် မွေးမြူလိုစိတ် ပြင်းပြသူ ဖြစ်သည်။
ဝူရှောင်ဆိုလျှင်လည်း သူတို့အိမ်နီးချင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ပိုင်ကျင်းနှင့်အတူ ကစားဖော်ကစားဖက် ဖြစ်ခဲ့သည်။
ပိုင်ကျင်း ပီယာနိုလေ့ကျင့်သည့်အခါတိုင်း ဝူရှောင်က အနားတွင် လိုက်ပါကူညီပေးလေ့ရှိသည်။
အစက ဝူရှောင်မှာ ဂီတတွင် ဤမျှ ပါရမီပါမည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ မစ္စတာပိုင်က ဝူရှောင်၏ ပါရမီကို တွေ့ရှိသွားပြီးနောက် သူ၏မိဘများထံ သုံးကြိမ်တိုင်တိုင် သွားရောက်ကာ ထိုကလေးက နောင်တစ်ချိန်တွင် ဂီတလောက၌ အောင်မြင်ကျော်ကြားမည့်သူ ဖြစ်ကြောင်း ထပ်ခါတလဲလဲ အာမခံခဲ့သည်။ ဝူရှောင်၏ မိဘများကလည်း သူတို့သားလေး ဝါသနာပါသည်ကို မြင်သောကြောင့် သဘောတူခဲ့ကြသည်။
ထို့နောက်တွင်မှ မစ္စတာပိုင်က ဝူရှောင်ကို တပည့်အဖြစ် လက်ခံကာ တစ်ပြိုင်နက်တည်း တပည့်နှစ်ဦးကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
‘ဒီတစ်ခါရောဘယ်သူ့ကလေးကို မျက်စိကျနေပြန်ပီလဲ” ညဉ့်နက်သန်းခေါင်တွင် ဂနာမငြိမ်ဖြစ်နေပုံမှာ ထိုကလေးက ဝူရှောင်ထက်ပင် ပို၍ ပါရမီပါပုံရသည်။
"ဒီတစ်ခါတော့ ငါ တပည့်လက်ခံနိုင်မယ် မထင်ဘူး သူက တကယ့်ကို ထူးချွန်လွန်းတယ် အဲ့ဒီကလေးမှာ ဆရာရှိပြီးသား ဖြစ်နေဖို့ များတယ်"
သူမ၏ ဂီတအနုပညာ အောင်မြင်မှုများက မိမိထက်ပင် သာလွန်ကောင်း သာလွန်နေလိမ့်မည်။ သို့မဟုတ်လျှင်လည်း လောကီနယ်ပယ်မှ ဝေးရာတွင် အခြေချနေထိုင်သော ပညာရှင်တစ်ဦး၏ လက်ထွက် ဖြစ်နိုင်သည်။
"ဟယ်... ရှင် ဒီလို နှိမ့်ချပြောတာမျိုး မြင်ရခဲလိုက်တာ အရင်ကဆိုရင် ရှင်က ဒီလောက်အထိ ယုံကြည်မှု မနည်းပါဘူး ကြည့်ရတာ အဲ့ဒီကလေးက တကယ်ပဲ ထူးခြားနေပုံပဲ"
ပိုင်ကျင်း၏မိခင်က ရယ်မောကာ ပြောလိုက်သည်။
သူမခင်ပွန်း ဤမျှအရှုံးပေးသလို ဖြစ်နေသည်ကို မြင်ရသည်မှာ သူမအတွက်တော့ ထူးဆန်းနေသည်။
"မနောက်စမ်းပါနဲ့ ငါ့မှာသာ အဲ့ဒီလို ထူးချွန်တဲ့ တပည့်မျိုး ရှိရင် အိပ်မက်ထဲမှာတောင် ရယ်နေမိမှာ"
မစ္စတာပိုင်က နှမြောတန်းတစွာ ပြောလိုက်ရှာသည်။
"သူက ပိုင်ကျင်းထက်တောင် ပိုတော်တာလား"
ပိုင်ကျင်း၏မိခင်လည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။
သူမ၏သားသမီးမို့ ကြွားဝါခြင်း မဟုတ်ပဲ ပိုင်ကျင်းက ရွယ်တူများထဲတွင် အထူးချွန်ဆုံး ဖြစ်သည်ကို သူမ သိထားသည်။
"ဟုတ်တယ်... ပိုင်ကျင်းထက် နည်းနည်း ပိုသာတယ် ကျွမ်းကျင်မှုပိုင်းကြောင့်တင် မကဘူး၊ သူ့ရဲ့ ဘက်စုံတော်တဲ့ နေရာမှာ သာသွားတာ ရှောင်ကျင်းရဲ့ စောင်း တီးခတ်မှုက သူ့ဆရာကိုတောင် ကျော်လွန်လုနီးပါး ဖြစ်နေပြီ ပီယာနိုမှာလည်း ဆရာကြီးအဆင့် ရှိနေတယ် ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တာတောင်မှ မင်ယွဲ့ရဲ့ ဘက်စုံတတ်မြောက်မှုနဲ့တော့ ယှဉ်လို့မရသေးဘူး"
မစ္စတာပိုင်သည် ပိုင်ကျင်းအပေါ်တွင်လည်း ကျေနပ်အားရမှု ရှိနေဆဲပင်။
"တကယ်ကို ထူးချွန်တဲ့ လူငယ်လေး ဖြစ်မှာပဲ"
ပိုင်ကျင်း၏မိခင်က သက်ပြင်းချကာ ရေရွတ်
လိုက်သည်။
သူတို့မိသားစုက ဂီတလောကမှ မဟုတ်သော်လည်း ပညာတတ်မိသားစု ဖြစ်သည့်အတွက် ထိုလူငယ်နှင့် ဆိုပါက လိုက်ဖက်ညီမည်ဟု သူမ တွေးနေမိသည်။
"သူက မိန်းကလေးဟ"
ဟု ဖခင်ဖြစ်သူက ပြောလိုက်သောအခါ ပိုင်ကျင်းမိခင်၏ မျက်လုံးများ တောက်ပသွားသည်။
"အို... အဘိုးကြီးပိုင် ရှင် ပိုပြီး ကြိုးစားကြည့်ပါလား။ ရှင့်မှာ မိန်းကလေးတပည့် တစ်ယောက်မှ မရှိသေးဘူးလေ"
သူမက တစ်သက်လုံးတွင် သမီးတစ်ယောက် မရခဲ့သည်ကို နောင်တရနေခဲ့ခြင်းဖြစ်သည်။
ခင်ပွန်းဖြစ်သူတွင် တပည့်ငါးယောက် ရှိသော်လည်း အားလုံးမှာ အမျိုးသားများသာ ဖြစ်သည်။ မိန်းကလေးငယ်လေးတစ်ဦး မိမိအနားတွင် ပျော်ပျော်ရွှင်ရွှင် ရှိနေမည်ဆိုပါက မည်မျှ ကြည်နူးစရာ ကောင်းမည်ကို သူမ စိတ်ကူးကြည့်နေမိသည်။
"ငါကရော မလိုချင်ဘဲ နေမလား သူ့မှာ ဆရာရှိ၊ မရှိ မသေချာလို့ပေါ့ ဒီလောက်တော်တဲ့သူမှာ ဆရာရှိမှာ သေချာသလောက်ပဲ အဲ့ဒါကြောင့် လျှောက်မတွေးနဲ့တော့... အိပ်တော့"
တွေးလေလေ၊ စိတ်မကောင်းဖြစ်လေလေပင်။
ဤမျှ ထူးချွန်သည့် ကျောင်းသူတစ်ဦးကို အဘယ်ကြောင့် လက်လွတ်ခဲ့ရပါသနည်း။
ထိုကလေးမလေး၏ ဆရာက ဘာတွေးနေသည်လဲ သူမစဉ်းစား တတ်တော့ပေ။ ဤမျှ ဂီတပါရမီ ထူးကဲသည့်သူကို ဘဏ္ဍာရေးမေဂျာ သင်ယူခိုင်းထားသည်မှာ နှမြောစရာ ကောင်းလှသည်။
မစ္စတာပိုင်က တစ်ညလုံး ဟိုဘက်ဒီဘက် လူးလှိမ့်ကာ အိပ်မပျော်နိုင်ဘဲ သက်ပြင်းများသာ အကြိမ်ကြိမ် ချနေမိသည်။ ပိုင်ကျင်း၏မိခင်မှာမူ ထိုအခြေအနေကို ကြည့်ကာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။
"စဉ်းစားကြည့်ဦးလေ၊ အဲ့ဒီကလေးမလေးမှာ ဆရာမရှိလို့ပဲ ကိုယ့်ဘာသာကိုယ် ဘဏ္ဍာရေးမေဂျာကို ရွေးချယ်သင်ယူနေတာ ဖြစ်နိုင်မလား"
ဇနီးသည်၏ စကားကို ကြားလိုက်ရသောအခါမှ မစ္စတာပိုင်က ရုတ်တရက် ညာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရပြီး နောက်ဆုံးတွင် စိတ်အေးလက်အေး အိပ်ပျော်သွားတော့သည်။
မင်ယွဲ့မှာမူ တစ်စုံတစ်ယောက်က သူမကြောင့် အိပ်မပျော်ဖြစ်နေသည်ကို လုံးဝမသိရှိဘဲ တစ်ညလုံးကို သင်ယူရေးအခန်းထဲတွင် လေ့လာမှုများဖြင့် ကုန်ဆုံးစေခဲ့သည်။
ယွမ်ပေါ့က သူမဖန်တီးထားသော သီချင်းပုံစံကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံပေးခဲ့ပြီးနောက် မင်ယွဲ့သည် ထိုဖိုင်ကို ကျန်းမင်းထံသို့ တိုက်ရိုက် ပေးပို့လိုက်သည်။
ကျန်းမင်းသည် သန်းခေါင်ယံအချိန်တွင် မင်ယွဲ့၏ ဖိုင်ကို လက်ခံရရှိခဲ့ပြီး ချက်ချင်းပင် နိုးသွားခဲ့သည်။
"မမကျန်း... ဘာဖြစ်လို့လဲ"
လက်ထောက်ဖြစ်သူက ကျန်းမင်းကို အနီးကပ် ပြုစုစောင့်ရှောက်နိုင်ရန် သူမ၏အိမ်တွင်ပင် အတူနေထိုင်သည်။ မနက်စောစောအချိန်တွင် အပြင်ဘက်မှ ခြေသံများကို ကြားရသဖြင့် ထွက်ကြည့်ရာ ကျန်းမင်း တစ်ယောက်မအိပ်ဘဲ ထနေသည်ကို တွေ့လိုက်ရသည်။
"ညီမလေးမင်ယွဲ့က သီချင်းဖန်တီးမှုကို အပြီးသတ် ပို့လိုက်ပြီ အဲ့ဒါကြောင့် ကွန်ပျူတာ သွားရှာမလို့"
လက်ထောက်ဖြစ်သူသည် ကျန်းမင်းနှင့်အတူ အမြဲရှိနေသူ ဖြစ်သည့်အတွက် ဤကိစ္စများကို ကောင်းစွာ သိရှိထားသည်။
ထို့အပြင် မင်ယွဲ့ ပေးပို့ထားသော စာသားနှင့် သီချင်းများကို ကုမ္ပဏီ၏ ထိပ်တန်းထုတ်လုပ်သူ ကိုယ်တိုင်ကပင် ချီးကျူးထားသည် မဟုတ်ပါလား။
ဟူတို့အားလုံးက မင်ယွဲ့၏ ပါရမီကို ကောင်းကောင်း နားလည်ထားကြသည်။ ထို့ကြောင့် သန်းခေါင်ယံ မကလို့ မနက် ၄ နာရီဖြစ်ပါစေ၊ သတင်းရသည်နှင့် ချက်ချင်း ထကြည့်မိကြမည်မှာ သေချာပေါက်ပင်။
ကျန်းမင်း ဤမျှ စိတ်လှုပ်ရှားနေရခြင်းကို လက်ထောက်ဖြစ်သူက ချက်ချင်းပင် နားလည်လိုက်လေသည်။