မင်ယွဲ့ဟု ခေါ်တွင်သော ထိုမိန်းကလေး
Vol. 12 Ch. 119
ယွမ်ပေါ့သည် သူ၏ ဖူးဖူးလုံးလုံးလေးဖြစ်နေသော ဦးခေါင်းလုံးလုံးလေးကို အပြင်သို့ ပြူထွက်လိုက်ရာ ဝိုင်းစက်နက်မှောင်နေသော မျက်ဝန်းလေးများက ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်။
"အမလေး... အသက်ရှိတာကြီးပဲ၊ သူ လှုပ်နေတယ်ဟေ့"
မိန်းကလေးအများစုမှာ ချစ်စရာကောင်းသော အရာများကို မြင်လျှင် မခုခံနိုင်ကြပေ။ စောစောက ပိုင်ကျင်း၏ ရုပ်ရည်ကို ချီးမွမ်းနေကြသော မိန်းကလေးမှာပင် ယခုအခါ ပိုင်ကျင်းကို မေ့သွားပြီး ထိုအမွေးပွပွ သတ္တဝါလေးကိုသာ အာရုံရောက်နေတော့သည်။
"တွေ့လိုက်တယ်မလား... ငါတော့ ရင်ခုန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် ဆိတ်ကြည့်ချင်တယ်"
မင်ယွဲ့သည် ထိုဘက်မှ ဆူညံသံများကြောင့် ခေါင်းမော့ကြည့်လိုက်သည်။
သူမက တစ်စုံတစ်ဦးကို အာရုံစိုက်ကြည့်လိုက်လျှင် သူမ၏ မျက်ဝန်းများမှာ ဆောင်းဦးပေါက် ရေကန်ပြင်ကဲ့သို့ ကြည်လင်နက်ရှိုင်းလှပြီး မြင်သူတိုင်းကို ရုန်းမထွက်နိုင်သော ဆွဲဆောင်မှုဖြင့် ဖမ်းစားထားတတ်သည်။
"ချောမောတဲ့ အမျိုးသား၊ လှပတဲ့ အမျိုးသမီးနဲ့ ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေး... ကြည့်ရတာ တကယ့်ကို လိုက်ဖက်လွန်းလို့ ငါတော့ သူတို့ကို အတွဲ တွဲမိပြီ”
"နင်ကတော့ အချစ်မျက်စိကွယ်နေပြီလား သူတို့က မောင်နှမတွေလည်း ဖြစ်နိုင်တာပဲ"
"အေးလေ... နင်ကတော့ အချစ်ခံစားချက် မရှိလို့ အပျိုကြီး ဖြစ်နေတာပေါ့"
ထိုသို့ ပြောဆိုရင်း မိန်းကလေးနှစ်ဦးမှာ အချင်းချင်း အငြင်းပွားနေကြတော့သည်။
ယွမ်ပေါ့မှာမူ မိန်းကလေးများ၏ အတွေးအခေါ်ကို နားမလည်နိုင်ပေ။
အဘယ်ကြောင့် ဤမျှ အသေးအဖွဲကိစ္စဖြင့် အငြင်းပွားနိုင်ကြသနည်း။
"နင်ကတော့ တကယ့်ကို အရှုပ်ထုပ်လေးပဲ၊ လူတွေကြားထဲ သွားရှုပ်နေပြန်ပြီ"
ပိုင်ကျင်းက ရယ်မောရင်း သူ၏ စန္ဒရားတီးခတ်ရသော လက်ချောင်းများဖြင့် ယွမ်ပေါ့၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးသည်။
ယွမ်ပေါ့မှာမူ လူအများ၏ စကားဝိုင်းကို နားမထောင်ချင်တော့သဖြင့် ဖင်ကလေးလွှဲကာ ပိုင်ကျင်းကို ကျောခိုင်းလိုက်ပြီး လက်ကလေးနှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ အိပ်စက်ရန် ပြင်တော့သည်။
"နံပါတ်စဉ်တွေ စတင်ထုတ်ယူလို့ ရပါပြီ"
ဝန်ထမ်းများ ထွက်လာသည်နှင့် ဆူညံသံများ တိတ်ဆိတ်သွားသည်။ မင်ယွဲ့သည် နံပါတ် (၉) အကဲဖြတ်ခန်းမတွင် စစ်ဆေးခံရန် အလှည့်ကျခဲ့သည်။ ပိုင်ကျင်းမှာ ယွမ်ပေါ့ကို ပွေ့ချီကာ ထောင့်တစ်နေရာတွင် ရပ်စောင့်နေသည်။ မင်ယွဲ့က သူ့ကို လက်လှမ်းပြ နှုတ်ဆက်ကာ ခန်းမအတွင်းသို့ ဝင်ခဲ့သည်။
သူမ၏ ကံကောင်းမှုကြောင့် အလှည့်မှာ စောစောစီးစီး ရောက်ရှိလာသည်။ အခန်း (၉) တွင် တီးခတ်ရမည့် တူရိယာမှာ 'ကုချင်’ ဖြစ်သည်။
စင်စစ်တွင် အခန်းတိုင်း၌ တရုတ်ရိုးရာ တူရိယာတစ်ခုနှင့် အနောက်တိုင်း တူရိယာတစ်ခုစီ ထားရှိသဖြင့် တူညီသော သီချင်းရွေးချယ်မိသူများမှာ တစ်ခန်းတည်းတွင် ဆုံတွေ့ကြရသည်။
မင်ယွဲ့ တံခါးဖွင့်ဝင်လိုက်ချိန်တွင် အနည်းငယ် အံ့သြသွားသည်။ သူမ၏ ဆရာဖြစ်သူ မစ္စတာပိုင်မှာ ထိုအခန်းတွင် ဒိုင်အဖြစ် ရှိနေသောကြောင့် ဖြစ်သည်။ ဆရာသည် 'စောင်း’ တီးခတ်ရာတွင် ကျော်ကြားသူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ကုချင် အကဲဖြတ်သူအဖြစ် ပါဝင်နေခြင်းမှာ ထူးခြားလှသည်။
ဒုတိယဥက္ကဋ္ဌ ပိုင်သည် တည်ကြည်သော မျက်နှာထားရှိသော်လည်း ဘေးလူများ မမြင်ကွယ်ရာတွင် မိမိ၏ တပည့်လေးကို ကြည့်ကာ သာယာသော အပြုံးလေးတစ်ခု ပြလိုက်သည်။
"စတင်နိုင်ပါပြီ"
အလယ်မှ ထိုင်နေသော ဒိုင်က ပြောကြားလိုက်ရာ မင်ယွဲ့သည် ကုချင် ရှေ့ရှိ ခုံတွင် ထိုင်လိုက်ပြီး တရုတ်ရိုးရာ အလေးပြုဟန်ဖြင့် ဦးညွှတ်လိုက်
သည်။
သံစဉ်အစမှာ နူးညံ့လှသော်လည်း တဖြည်းဖြည်းနှင့် နက်ရှိုင်းသော ခံစားချက်များ ပါဝင်လာသည်။ မင်ယွဲ့၏ လက်ချောင်းများမှာ ကြိုးများပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေသည်။
သံစဉ်များမှာ ဆောင်းရာသီတွင် ဆီးနှင်းများ ပြင်းထန်စွာ ကျဆင်းနေသကဲ့သို့လည်းကောင်း၊ ဝေးကွာသော အရပ်မှ လူတစ်ဦး ချဉ်းကပ်လာသကဲ့သို့လည်းကောင်း အစရှိသော ပုံရိပ်
ယောင်များကို ဖန်တီးပေးနေသည်။
သံစဉ်၏ အနိမ့်အမြင့် အတက်အကျများက ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသည့်အလား... လရောင်အောက်တွင် စောင်းကြိုးများကို တီးခတ်ရင်း မိမိ၏ ကံကြမ္မာဆိုးကို ပြန်လည်ပြောပြနေသော အမျိုးသားတစ်ဦး၏ အသံနှယ် ခံစားရစေသည်။
သီချင်းပြီးဆုံးသွားချိန်တွင် မင်ယွဲ့က သူမ၏ လက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဒုတိယဥက္ကဋ္ဌ ပိုင်မှာမူ တည်ငြိမ်နေသော်လည်း ကျန်ဒိုင်နှစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်
ရပ်မိသွားကြသည်။
"မင်းကို ဘယ်သူထောက်ခံပေးလိုက်တာလဲ ဒီတစ်ခေါက်တော့ တကယ့်ကို ရတနာတစ်ပါးကို တွေ့တာပဲ"
အလယ်မှ ဆရာကြီးမှာ ကုချင် ကို အဓိကထား လေ့လာသူဖြစ်သဖြင့် မင်ယွဲ့၏ လက်စွမ်းကို ချက်ချင်းပင် စွဲလန်းသွားသည်။
သူသည် သူမကို မိမိ၏ တပည့်အဖြစ် ခေါ်ယူရန်ပင် စိတ်အားထက်သန်နေပြီး သူ၏ ဘွဲ့ထူးဂုဏ်ထူးများကို တစ်သီတစ်တန်းကြီး ပြောပြနေတော့သည်။
"ဆရာကြီးရှင့်... အားနာပါတယ် ကျွန်မမှာ ဆရာရှိပြီးသားပါ"
မင်ယွဲ့က ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
"ဘယ်သူလဲ ငါ သိရမလား ဒီလောက် ထူးချွန်တဲ့ တပည့်ကို ပြိုးထောင်ပေးနိုင်တဲ့ ဆရာဆိုတာ နာမည်ကျော်တစ်ယောက်ပဲ ဖြစ်ရမယ်"
ထိုအခါမှ ဒုတိယဥက္ကဋ္ဌ ပိုင်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး -
"အရင်ဆုံး အမှတ်ပေးကြပါဦး" ဟု ဆိုလိုက်
သည်။
ဒိုင်နှစ်ဦးလုံးမှာ စိတ်ကို ထိန်းကာ ပြန်ထိုင်
လိုက်ကြပြီး မင်ယွဲ့ကို အမှတ်ပေးကြသည်။
၎င်းတို့နှစ်ဦးစလုံးက သူမကို အဆင့်မြင့်အဖွဲ့ဝင် များထဲမှ အမြင့်ဆုံးအဆင့် ၄ ကို ပေးရန် သဘောတူကြသည်။
"မင်ယွဲ့က ဒီလောက် ထူးချွန်နေတာကို ဒုဥက္ကဋ္ဌက ဘာလို့ ဒီလောက် တင်းကြပ်နေရတာလဲ”
ဒုဥက္ကဋ္ဌ ပိုင်က တိတ်ဆိတ်နေသဖြင့် ကျန်ဒိုင်များက သူမကို မနှစ်သက်ဟု ထင်မှတ်ကာ မင်ယွဲ့ဘက်မှ ကာကွယ်ပြောဆိုကြသည်။
"ကဲပါ... ငါ ဘာမှမပြောရသေးဘူး၊ မင်းတို့က ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"
ဒုဥက္ကဋ္ဌ ပိုင်သည် ရှေ့သို့ တိုးလာပြီး မင်ယွဲ့၏ ပခုံးကို အသာအယာ ပုတ်လိုက်သည်။
"ကောင်းတယ်... ဆက်ကြိုးစားပါ"
"ကျေးဇူးတင်ပါတယ် ဆရာ"
မင်ယွဲ့က ဦးညွှတ်၍ ပြောလိုက်သောအခါ ကျန်
ဒိုင်များမှာ အံ့အားသင့်သွားကြသည်။
"ဥက္ကဋ္ဌ... ဒါ ဘယ်လိုဖြစ်တာလဲ”
"ယွဲ့ယွဲ့... ဒီမှာရှိတဲ့ ဆရာကြီးတွေကို နှုတ်ဆက်လိုက်ဦး"
ဒုဥက္ကဋ္ဌ ပိုင်သည် ယနေ့မှသာ မိမိ၏ ဘဝတွင် အဂုဏ်ယူရဆုံး အချိန်ဖြစ်ကြောင်း ဝန်ခံလိုက်သည်။ သူသည် ဒုဥက္ကဋ္ဌ ဖြစ်စဉ်ကထက်ပင် ပို၍ ပျော်ရွှင်နေမိသည်။
"မင်္ဂလာပါ ဆရာကြီးတို့ရှင့် ကျွန်မနာမည် မင်ယွဲ့ပါ၊ ယွဲ့ယွဲ့လို့ပဲ ခေါ်နိုင်ပါတယ်"
မင်ယွဲ့က ပြုံးလျက် နှုတ်ဆက်သည်။
ဆရာကြီးစုန့်ကမူ ဒုဥက္ကဋ္ဌ ပိုင်ကို မနာလိုဖြစ်သွားကာ "အဘိုးကြီးပိုင်" ဟုပင် ရင်းနှီးစွာ အော်ဟစ်တော့သည်။
"နေဦး... မင်ယွဲ့ဆိုတဲ့ နာမည်က ရင်းနှီးနေသလိုပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ 'လွတ်လပ်ခြင်းတေး' ကို ရေးတဲ့ တေးရေးဆရာမ မဟုတ်လား”
ဒိုင်လူကြီး ဆရာကြီးစုန့်က ရုတ်တရက် သတိရသွားသည်။
သူသည် အင်တာနက် သိပ်မသုံးသော်လည်း သူ၏ မြေးမလေးက ကျန်းမင်း၏ သီချင်းကို ဖွင့်ပြသဖြင့် နားထောင်ခဲ့ဖူးသည်။ ထိုသီချင်းသည် ခေတ်ပေါ်တေးဂီတအပေါ် ထားရှိသော သူ၏ အမြင်ကို လုံးဝ ပြောင်းလဲစေခဲ့သည်။
သီချင်းအတွင်း၌ တူရိယာပေါင်းစုံကို ကျွမ်းကျင်စွာ ပေါင်းစပ်ထားမှု၊ စာသားများတွင် တရုတ်ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ အကိုးအကားများ ပါဝင်မှုတို့က ထိုတေးရေးဆရာမမှာ သာမန်လူတစ်ဦး မဟုတ်ကြောင်း ပြသနေသည်။ ယနေ့ သူမကို အကဲဖြတ်ပွဲတွင် လူကိုယ်တိုင် တွေ့လိုက်ရသောအခါ ဆရာကြီးစုန့်မှာ အံ့သြချီးကျူး၍ မဆုံးတော့ပေ။