← Chapters

ငါ့အမေရဲ့ မျိုးရိုးနာမည်ကို တစ်ချက်လောက် ကြည့်လိုက်ပါဦးလား

Vol. 13 Ch. 121

ငါ့အမေရဲ့ မျိုးရိုးနာမည်ကို တစ်ချက်လောက် ကြည့်လိုက်ပါဦးလား

Vol. 13 Ch. 121

သူတို့နှစ်ဦး ဂီတအသင်းခန်းမဆီသို့ အတူတူ ပြန်လာခဲ့ကြသည်။ ယွမ်ပေါ့မှာမူ ဗိုက်ကားအောင် စားသောက်ထားပြီးဖြစ်၍ မင်ယွဲ့၏ ရင်ခွင်ထဲတွင် ပျင်းရိစွာ ခွေလျက် လိုက်ပါလာ၏။

မင်ယွဲ့သည် စနစ်မှပေးသော အိမ်မွေးတိရစ္ဆာန်၏ နောက်ထပ်အားသာချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ ၎င်းမှာ အမွေးမကျွတ်ခြင်းပင်။ သူမ ဝတ်ဆင်ထားသော အနက်ရောင် သိုးမွေးကုတ်အင်္ကျီပေါ်တွင် အမွေးတစ်ပင်တစ်လေမျှပင် ကပ်ညှိနေခြင်း မရှိပေ။

မွန်းလွဲပိုင်းရောက်သောအခါ လူအတော်များများက ပိုင်ကျင်း၏ အကြောင်းကို အတော်သင့်သိရှိသွားကြပြီ ဖြစ်သည်။ အတင်းအဖျင်းသတင်းဟူသည် လေထက်ပင် မြန်ဆန်စွာ ပျံ့နှံ့တတ်သည် မဟုတ်ပါလား။

ယခုတစ်ကြိမ်တွင် မင်ယွဲ့သည် ဒုတိယအဆင့် စစ်ဆေးရေးခန်းမသို့ ဝင်ရောက်ခဲ့သည်။ မဲနှိုက်ရသည့် စနစ်မဟုတ်ဘဲ မိမိနှစ်သက်ရာ တူရိယာကို အသုံးပြု၍ ကိုယ်ပိုင်ဖန်တီးထားသော တေးသွားကို တီးခတ်ခွင့် ရရှိခြင်းဖြစ်သည်။

အနက်ရောင် ဝတ်စုံဖြင့် မိန်းကလေးမှာ ကျောပေါ်တွင် ကြီးမားသော တူရိယာတစ်ခုကို လွယ်ပိုးထားသည်။ ၎င်း၏ ပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် စောင်းတစ်မျိုး ဖြစ်ဟန်တူ၏။

သူမ၏ ပုံစံမှာ ဂိုဏ်းစတား လူသတ်သမားတစ်ဦးနှင့်ပင် ဆင်တူနေသေးသည်။

မင်ယွဲ့သည် သူမ၏ ဆရာဖြစ်သူ စိတ်ဝင်စားမှုကို ဖြည့်ဆည်းပေးရန်အတွက် 'ကူချင်း' ကို

ရွေးချယ်တီးခတ်ခဲ့သည်။ ဒုတိယစစ်ဆေးရေးခန်းမအတွင်းသို့ ဝင်ရောက်လိုက်သောအခါ စစ်ဆေးရေးမှူး သုံးဦးစလုံးကို သူမ မမှတ်မိပေ။

သို့သော် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်နှင့် ဆရာသုံးဦးမှာ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် တစ်စုံတစ်ခုကို ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ယှက်သန်းနေ၏။

မင်ယွဲ့မှာ ထိုအကြည့်များ၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ယဉ်ကျေးပျူငှာစွာဖြင့်ပင် စတင်တီးခတ်လိုက်သည်။

အစပိုင်းတွင် ဒိုင်လူကြီးသုံးဦးမှာ ထူးခြားမှုကို မခံစားရသေးပေ။ သို့သော် ခဏအကြာတွင် တစ်ဦးက ရေရွတ်လိုက်သည်။

"ဒါ... ဒါက ရှေးဟောင်းတေးသံပဲ"

နားဆင်နေရင်းဖြင့် သူတို့၏ အံ့အားသင့်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။ ခေတ်သစ်ဂီတ ပုံစံများနှင့် လုံးဝကွဲထွက်နေပြီး သမိုင်းကြောင်း၏ ခိုင်မာလေးနက်သော အငွေ့အသက်များ လွှမ်းခြုံနေသည်။ ထို့အပြင် ဤတေးသွားသည် သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားခြင်းမရှိသော ရှေးဟောင်းတေးဂီတတစ်ခု ဖြစ်နေခြင်းပင်။

အကယ်၍ ဤတေးသွားကို ခေတ်သစ်လူသားတစ်ဦးက ဖန်တီးခဲ့ခြင်းဖြစ်ပါက ထိုသူမှာ ပါရမီထူးချွန်လွန်းသူ ဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူတို့အားလုံး တညီတညွတ်တည်း ငြိမ်သက်သွားကြပြီး တေးသွားအဆုံးတွင် စစ်ဆေးရေးမှူး သုံးဦးစလုံးက ကျေနပ်အားရစွာဖြင့်လက်ခုပ်တီး၍ ချီးကျူးလိုက်ကြသည်။

မင်ယွဲ့ စစ်ဆေးမှု ခံယူနေစဉ်အတွင်း ပိုင်ကျင်းက ဂရုချက် ထဲတွင် မိုဟန်ကျီအကြောင်း စတင်စုံစမ်းလေသည်။

(လူပုလေးငါးယောက်နှင့် မင်းသမီးလေး)

ပိုင်ကျင်း - "မိုဟန်ကျီကို သိကြလား”

ဝူရှောင်က ချက်ချင်းဆိုသလို ပထမဆုံး ပြန်စာပို့လာသည်။

ဝူရှောင် - "ငါက သူ့ကိုသိပြီး သူက ငါ့ကိုမသိတာမျိုးလား”

ပိုင်ကျင်း - "မဟုတ်ဘူး... အင်တာနက်မှာ ရှာလို့ရတဲ့ အချက်အလက်မျိုးကို မေးတာ”

ချန်ကျွင်း - "သူ့အကြောင်း ဘာလို့မေးတာလဲ သူက စီးပွားရေးသမားလေ၊ ငါတို့နဲ့ ဘာမှမပတ်သက်ပါဘူး”

ပိုင်ကျင်း - "သူက ဒီနေ့ ငါနဲ့ ငါ့ညီမလေးကို ထမင်းကျွေးလို့”

ပိုင်ကျင်း၏ စကားကြောင့် တစ်ဂိုဏ်းတည်းသား အားလုံး အံ့အားသင့်သွားကြသည်။

ဝူရှောင် - "တကယ်လား... မင်းက တော်တော်

ဩဇာရှိတာပဲ၊ သူက... မင်းရဲ့ ဖန်များ ဖြစ်နေတာလား”

ချန်ကျွင်းက ပို၍ ပါးနပ်သည်။ အကယ်၍ ပိုင်ကျင်းကြောင့်သာဆိုလျှင် အရင်ကတည်းက အဆက်အသွယ် ရှိနေသင့်သည်။ ယခုကမူ ညီမလေး ရောက်လာမှ ဖြစ်ပျက်လာခြင်းပင်ဖြစ်သည်။

ချန်ကျွင်း - "မိုဟန်ကျီက ယောက်ျားချင်း ကြိုက်တာလို့ ကြားဖူးတယ်၊ ညီမလေးနဲ့ ဘယ်လိုလုပ် ပတ်သက်ကုန်တာလဲ”

ဝူရှောင် - "မဖြစ်နိုင်တာ ငါကြားတာတော့ မိုဟန်ကျီက ပန်းသေပန်းညှိုးရောဂါ ရှိနေလို့ အခုထိ တစ်ယောက်တည်း ဖြစ်နေတာတဲ့”

ဂီတပညာရှင်များ ဖြစ်သော်လည်း လူသားများပင် ဖြစ်သဖြင့် ထင်ပေါ်ကျော်ကြားသူတို့၏ အချစ်ရေးကို စပ်စုချင်ကြသည်မှာ ဓမ္မတာပင်။

ဟယ်ဝမ် - "မိုဟန်ကျီရဲ့ လိင်စိတ်က ပုံမှန်ပါပဲ သူက သင့်တော်တဲ့ လက်တွဲဖော် မတွေ့သေးလို့ မတွဲတာ သူက တာဝန်ယူမှုရှိတဲ့သူ၊ အချစ်ရေးမှာလည်း အလေးအနက်ထားမယ့်သူမျိုးပါ”

စီနီယာအစ်ကိုကြီး ရုတ်တရက် ပေါ်လာသော်လည်း သူ၏ လေသံမှာ တစ်မျိုး ဖြစ်နေသည်။

ပိုင်ကျင်း - "မင်းက ဘယ်လိုလုပ် အဲ့လောက်တောင် သိနေတာလဲ”

ဟယ်ဝမ် - "မင်းတို့တွေ ငါ့အမေရဲ့ မျိုးရိုးနာမည်ကို တစ်ချက်လောက် စဉ်းစားကြည့်ကြပါဦး ပြီးတော့ ဝူရှောင်နဲ့ ချန်ကျွင်း... မင်းတို့တွေ သတင်းအမှားတွေ ထပ်ဖြန့်နေရင် မိုဟန်ကျီကို တိုက်ရိုက်ပြောပြီး အရေးယူခိုင်းလိုက်မယ်”

ဝူရှောင် - "စီနီယာကြီး... အပြင်လူဘက်က ရပ်တည်ပြီး ကိုယ့်မိသားစုကို သစ္စာဖောက်တာပဲကျွန်တော် ဒါကို လက်မခံဘူး”

ဟယ်ဝမ် - "လက်မခံရင်လည်း မင်းဘာသာမင်းပဲ သိမ်းထားလိုက်တော့”

ချန်ကျွင်း - "ဝူရှောင်... မင်း အူကြောင်ကြောင် လုပ်မနေနဲ့။ စီနီယာကြီး အမေရဲ့ မျိုးရိုးက 'မို' လေ စီနီယာကြီးက ဘယ်သူနဲ့ ပိုနီးစပ်မလဲဆိုတာ မင်းဦးနှောက်လေးနဲ့ စဉ်းစားကြည့်စမ်းပါ”

ပိုင်ကျင်းမှာ မိုဟန်ကျီအကြောင်း စုံစမ်းရင်းမှ စီနီယာအစ်ကိုကြီးနှင့် မိုဟန်ကျီတို့၏ ပတ်သက်မှုကို မမျှော်လင့်ဘဲ သိလိုက်ရသည်။ စီနီယာကြီးမှာ ချမ်းသာသော မိသားစုမှ လာသည်ဟု သိထားသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မစ္စ မင်... ဒီတေးသွားကို ဘယ်သူ ရေးစပ်ခဲ့တာလဲဆိုတာ မေးပါရစေ”

စစ်ဆေးရေးခန်းမအတွင်းရှိ ဒိုင်လူကြီးများက မင်ယွဲ့ကို မျှော်လင့်တကြီး ကြည့်နေကြသည်။

အမှန်စင်စစ် ဤတေးသွားမှာ သမိုင်း လှိုင်းတံပိုးအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ မင်ယွဲ့က သူမကိုယ်တိုင် ရေးစပ်သည်ဟု ပြောလျှင်ပင် မည်သူမျှ သိနိုင်မည်မဟုတ်ပေ။ သို့သော် သူမ ထိုသို့ မလုပ်လိုပါ။ ဂီတဖန်တီးသူများ၏ အမည်နာမကို ထိန်းသိမ်းပေးလိုသော ဆန္ဒရှိနေသည်။

"ဒါကို စာအုပ်တစ်အုပ်ထဲမှာ တွေ့ခဲ့တာပါ တန်မင်းဆက်က 'ရှန်ယွန်း' လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦး ရေးစပ်ခဲ့တာဖြစ်ပြီး 'နွေဦး အေးမြခြင်း’ လို့ခေါ်ပါတယ်ရှင့်”

စစ်ဆေးရေးမှူးများမှာ အံ့အားသင့်လွန်း၍ မတ်တတ်ရပ်မိသွားကြသည်။

ဤသည်မှာ ဂီတမှတ်တမ်းများတွင် မပါဝင်သေးသော ရှေးဟောင်းရတနာတစ်ခုပင်။

"အဲ့ဒီစာအုပ်က ဘယ်မှာလဲဆိုတာ မေးလို့ရမလား”

သူတို့က စိတ်လှုပ်ရှားစွာ မေးမြန်းကြသည်။

"ကျွန်မလည်း အဲ့ဒီစာအုပ်အကြောင်း အများကြီး မသိပါဘူး၊ ကြာလှပြီမို့လို့ပါ ဒါပေမဲ့ လိုအပ်မယ်ဆိုရင်တော့ တေးမှတ်စုတွေကို ကျွန်မ ပြန်ကူးပေးနိုင်ပါတယ်”

မင်ယွဲ့သည် ဂီတလောက တိုးတက်ရန်အတွက် မိမိအတတ်ပညာကို စွဲကိုင်မထားဘဲ ဝေမျှလိုသည့် စိတ်ထားရှိသည်။ ဂီတဆိုသည်မှာလည်း တရုတ်တိုင်းရင်းဆေးပညာကဲ့သို့ပင် လက်ဆင့်ကမ်းရန် ခက်ခဲလာပါက တဖြည်းဖြည်း ကွယ်ပျောက်သွားနိုင်သည် မဟုတ်ပါလား။

"ကောင်းပြီ... ကောင်းပြီ... ဒါဆိုရင် ဂီတအသင်းကိုယ်စား ကျေးဇူးတင်ပါတယ်”

သူတို့က အားရဝမ်းသာ ဖြစ်နေကြရင်း တစ်ဦးကိုတစ်ဦး တိုးတိုးလေး ပြောလိုက်ကြသည်။

"ဒီလောက် ချစ်စရာကောင်းတဲ့ မိန်းကလေးက ဘယ်လိုလုပ်ပြီး လူကြီးမင်းပိုင်နဲ့ သွားတွေ့တာပါလိမ့်”

မင်ယွဲ့မှာ ရယ်လည်းရယ်ချင်၊ စိတ်လည်းတိုချင် ဖြစ်သွားရသည်။ အစောပိုင်းက သူမအမည်ကို ကြားသောအခါ ဒိုင်လူကြီးများ၏ ထူးဆန်းသော တုံ့ပြန်မှုမှာ သူမ၏ ဆရာနှင့် ပတ်သက်နေခြင်းကြောင့် ဖြစ်ဟန်တူ၏။

"မင်းရဲ့ စွမ်းဆောင်ရည်အတွက် အဆင့် (၃) သတ်မှတ်ပေးလိုက်ပါတယ်။ မင်းရဲ့ ဂီတခရီးလမ်းမှာ ပိုမိုတိုးတက်အောင်မြင်ပြီး မူလရည်မှန်းချက်အတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”

"ကျေးဇူးတင်ပါတယ် ဆရာတို့ 'နွေဦး အေးမြခြင်း’ ရဲ့ တေးမှတ်စုနဲ့ ရေးစပ်သူ အချက်အလက်တွေကို ကျွန်မရဲ့ ဆရာကတစ်ဆင့် ပေးပို့ပေးပါ့မယ်”

မင်ယွဲ့သည် ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်ပြီးနောက် သူမ၏ ကူချင်းကို ပိုက်ကာ ထွက်ခွာလာခဲ့သည်။

အပြင်ဘက်တွင်မူ လူအများက မင်ယွဲ့၏ လှပသော ကိုယ်ဟန်နှင့် ကူချင်းကို ပိုက်လျက် လျှောက်လှမ်းလာပုံကို ငေးမောနေကြသည်။

သူမ၏ အမူအရာမှာ ပညာတတ်ဆန်ပြီး မြင့်မြတ်သော အငွေ့အသက်များ လွှမ်းခြုံနေ၏။

"သူ အောင်မြင်ပါ့မလား ဘယ်အဆင့် ရမလဲ သိချင်လိုက်တာ”

တစ်စုံတစ်ဦးက မေးလိုက်သည်။

"ရုပ်ကလေးရှိရုံနဲ့ ကူချင်းကို ဟန်လုပ်ကိုင်ထားတာပဲ ဖြစ်မှာပါ မင်းတို့က တကယ်ပဲ ယုံနေကြတာလား အခြေခံအသင်းဝင် စစ်ဆေးမှုကိုတောင် အောင်ပါ့မလား သံသယရှိမိတယ်”

မနာလိုဝန်တိုစိတ်ဖြင့် ပြောဆိုနေသော မိန်းကလေးမှာ မူလက ချစ်စရာကောင်းသော်လည်း ယခုမူ သူမ၏ ရုပ်ဆင်းသွင်ပြင်မှာ ရုပ်ဆိုးအကျည်းတန်နေသကဲ့သို့ ခံစားရသည်။

"သူ့ကို လာကြိုတဲ့ ကောင်လေးက ဘယ်သူလဲ သိလား ဒုတိယဥက္ကဋ္ဌ ပိုင်ရဲ့ သားလေ နိုင်ငံတကာလှည့်လည် ဖျော်ဖြေနေတဲ့ လူငယ်ပါရမီရှင်။ အဆင့်အတန်းတူမှ ပေါင်းတာလေ၊ သူနဲ့ အတူရှိနေတဲ့သူက ဘယ်လိုလုပ်ပြီး ဂီတပါရမီရှင် မဟုတ်ဘဲ နေမှာလဲ”

မင်ယွဲ့ဘက်မှ ခုခံကာကွယ်ပေးသူများလည်း ရှိနေသည်။ အမှန်တရားကို မသိဘဲ တစ်ပါးသူကို ပုတ်ခတ်ပြောဆိုခြင်းကို မနှစ်မြို့သူများက ပြန်လည် တုံ့ပြန်လိုက်ကြခြင်း ဖြစ်ပေသည်။

All Chapters