← Chapters

သူဌေးမလေးရဲ့ အရှိန်အဝါနဲ့ ပြတ်သားမှု

Vol. 13 Ch. 122

သူဌေးမလေးရဲ့ အရှိန်အဝါနဲ့ ပြတ်သားမှု

Vol. 13 Ch. 122

ကံဆိုးစွာပင် ထိုအမျိုးသမီးသည် မိမိကိုယ်မိမိ မှားယွင်းနေသည်ကို အသိအမှတ်မပြုသည့်အပြင် နောင်တတရားကင်းမဲ့စွာဖြင့် ဆက်လက်ပြောဆိုနေလေသည်။

"မျက်နှာလိုမျက်နှာရ လုပ်ချင်တာဆိုလည်း အတည်ပြောလိုက်ပါတော့.. သူက ဒုဥက္ကဋ္ဌနဲ့ ပတ်သက်မှုရှိနေလို့ပဲ မင်းက သူ့ရှေ့မှာ ဖားနေတာမလား အဆက်အသွယ်နဲ့ ဝင်လာတာကိုပဲ မွန်မြတ်လှချည်ရဲ့ဆိုပြီး လာဟောပြောမနေနဲ့"

ထိုအမျိုးသမီးသည် မေးကို အသာမော့ကာ အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သူမ၏ စိတ်ထဲတွင် မင်ယွဲ့ ဆိုသည်မှာ ဂီတပါရမီ လုံးဝမရှိဘဲ အလှအပလေးတစ်ခုကို အရင်းပြုကာ အဆက်အသွယ်ဖြင့် တိုးဝင်လာသည့် အသုံးမကျသူတစ်ဦးဟုသာ တစ်ထစ်ချ မှတ်ယူထားပုံရသည်။

"မင်း... မင်းကတော့..."

သူမ၏စကားကြောင့် ထိုအမျိုးသားမှာ ဒေါသချောင်းချောင်းထွက်ကာ လက်များပင် တုန်ယင်လာရသည်။

အဖြူကို အမည်းလုပ်ကာ ကောလာဟလများကို မရှက်မကြောက် ထုတ်ဖော်ပြောဆိုနေသည့် ထိုကဲ့သို့သောသူမျိုး ရှိနိုင်ပါသေးလားဟု သူတွေးတောနေမိသည်။

ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း ထိုအမျိုးသမီးအား ရိုင်းစိုင်းကာ သရော်စာသန်သူတစ်ဦးအဖြစ် သတ်မှတ်ပြီး ငြင်းခုံမနေတော့ဘဲ လျစ်လျူရှုထားလိုက်ကြသည်။

သူမကမူ မိမိကိုယ်မိမိ မှန်ကန်နေသည်ဟု ထင်မှတ်ကာ အနိုင်ရသူတစ်ဦးကဲ့သို့ မာန်တက်နေဆဲပင်။ သို့သော်လည်း စစ်ဆေးရေးအခန်းထဲမှ ပြန်ထွက်လာချိန်တွင်မူ သူမ၏မျက်နှာမှာ ညိုမည်းနေပြီး စိတ်အခြေအနေ မကောင်းလှပေ။

စစ်ဆေးမှုရလဒ်မှာ သူမ မျှော်လင့်သလို ဖြစ်မလာခဲ့သည်မှာ သိသာလှသည်။ အခန်းပြင်တွင် စောင့်ဆိုင်းနေသူများသည်လည်း သူမ၏ မကျေမနပ်ဖြစ်နေသော ရုပ်အမူအရာကို မြင်ရသောအခါ တစ်စုံတစ်ယောက်ကို ရန်ရှာလာမည်စိုး၍ အဝေးသို့ ရှောင်ဖယ်သွားကြလေသည်။

မင်ယွဲ့ ကမူ ထိုအဖြစ်အပျက်များကို ဂရုမထားဘဲ ဘေးထိုင်ခုံတွင် ယွမ်ပေါ့ ကို တင်ဆောင်ကာ သူမဘာသာ ကားမောင်း၍ အိမ်သို့ ပြန်လာခဲ့သည်။

ပိုင်ကျင်းက မင်ယွဲ့ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ပြန်မသွားသေးဘဲ ဖခင်ဖြစ်သူ၏ ရုံးခန်းသို့ ဦးတည်လိုက်သည်။

ယခုအချိန်တွင် လူကြီးများမှာ စစ်ဆေးရေး အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်နေကြသဖြင့် ရုံးခန်းထဲတွင် မည်သူမျှ မရှိချေ။

သူသည် စာအုပ်စင်ပေါ်မှ တေးမှတ်တမ်းအချို့ကို ယူ၍ အာရုံစိုက်ဖတ်ရှုနေစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

"ရှောင်ကျင်း ရှိနေတာလား"

ဒုဥက္ကဋ္ဌ ပိုင် က တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီးနောက်တွင် ဥက္ကဋ္ဌ၊ ဆရာမ စုချီ နှင့် အခြားသူများလည်း ပါဝင်လာကြသည်။ ယနေ့အတွက် အကဲဖြတ်စစ်ဆေးမှုများ ပြီးဆုံးသွားပြီဖြစ်ပုံရသည်။

"ဟေ့ လူကြီးမင်းပိုင်... မင်းရဲ့ တပည့်လေးကတော့ တကယ့်ကို ထူးခြားတာပဲဗျာ"

"ဟုတ်ပါရဲ့... ဘယ်တုန်းက ဒီလောက်တော်တဲ့ တပည့်ကို ခိုးမွေးထားတာလဲ"

"ဘာလဲ... မင်းတို့က မင်းတို့ရဲ့ တူမလေးအတွက် လက်ဆောင်ပေးချင်လို့လား"

ပိုင်ကျင်းကမူ ဖခင်ဖြစ်သူသည် လူကြီးများကို လက်ဆောင်တောင်းရန် ထပ်မံ၍ လှည့်ကွက်သုံးနေပြန်ပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။

"အဖေ... ဒါက ညီမလေးက အဖေ့ကိုပေးဖို့ ကျွန်တော့်ကို ပေးခဲ့တဲ့ တေးမှတ်တမ်းပါ"

ပိုင်ကျင်း သည် မင်ယွဲ့ ပေးခဲ့သော စာရွက်များကို ထုတ်ပေးလိုက်သည်။

"မြန်မြန်... ငါ့ကို ပေးစမ်း"

ဆရာမ စုချီ က စိတ်လှုပ်ရှားစွာဖြင့် အနားသို့ အပြေးအလွှား ရောက်လာသည်။

ပိုင်ကျင်း သည် သူတို့၏ တက်ကြွလွန်းသော အရှိန်အဝါကို မယှဉ်နိုင်သဖြင့် အသာအယာပင် ဘေးသို့ ရှောင်ပေးလိုက်ရသည်။

"ဥက္ကဋ္ဌကြီး... ဒါဟာ ဂန္ထဝင်မြောက်တဲ့ လက်ရာတစ်ခုဖြစ်ပြီးတော့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲတောင် ထည့်သွင်းသင့်

တယ်လို့ ကျွန်မ ထင်တယ်"

ဆရာမ စုချီ သည် တေးမှတ်တမ်းကို ဖတ်ရှုပြီးနောက် အံ့ဩမှင်သက်စွာဖြင့် ဥက္ကဋ္ဌထံ ကမ်းပေးလိုက်သည်။

အစောပိုင်းက မင်ယွဲ့ အကြောင်း ကြားသိရစဉ်က သာမန်လူထက် ပါရမီရှိရုံမျှသာဟု ထင်မှတ်ခဲ့သော်လည်း ယခုကဲ့သို့ ရှေးဟောင်းတေးသွားများကိုပါ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ဒီမှတ်တမ်းက အပြည့်အစုံပဲ... တခြားတွေ့ဖူးတဲ့ မပြည့်စုံတဲ့ ဗားရှင်းတွေနဲ့ မတူဘူး"

သူတို့သည် မကြာခဏဆိုသလို ရှေးဟောင်းတေးသွား အပိုင်းအစများကိုသာ တွေ့ရလေ့ရှိပြီး ဖြည့်စွက်ရန် ခက်ခဲလှသဖြင့် ယခုကဲ့သို့ ပြည့်စုံသော မှတ်တမ်းကို တွေ့ရခြင်းမှာ ဝမ်းသာစရာပင်။

"ဒါနဲ့... ညီမလေးက ကျွန်တော့်ဆီကို ဒီသီချင်းရဲ့ နောက်ခံသမိုင်းနဲ့ အဓိပ္ပာယ်ကိုပါ ပို့ပေးထားသေးတယ်"

ဟု ပိုင်ကျင်း က ပြောရင်း ဖုန်းကို ဖွင့်လိုက်သည်။

"ငါ့ဆီကို မြန်မြန် ပို့ပေးလိုက်စမ်း"

မစ္စတာ ပိုင် က စိတ်လှုပ်ရှားစွာ ပြောသည်။

သူသည် တပည့်လေးအား ယနေ့စစ်ဆေးမှုတွင် မျက်နှာပွင့်စေရန်သာ ရည်ရွယ်ခဲ့သော်လည်း ထိုမိန်းကလေးက သူ့ကို ဤမျှကြီးမားသော အံ့အားသင့်စရာမျိုး ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူတို့တစ်သိုက် အားတက်သရော ဆွေးနွေးနေကြသည်ကို ကြည့်ရင်း ပိုင်ကျင်း တစ်ယောက်တည်း တိတ်ဆိတ်စွာပင် ထွက်လာခဲ့တော့သည်။

မင်ယွဲ့ သည် အိမ်သို့ပြန်ရောက်ပြီးနောက် နှစ်ရက်ခန့် အနားယူလိုက်သည်။ ထိုရက်များအတွင်း သူမသည် သီချင်းတစ်ပုဒ်ကို အချောသတ်နိုင်ရန် အစားမေ့အအိပ်မေ့ ကြိုးစားခဲ့ရသဖြင့် အတော်ပင် ပင်ပန်းနေခဲ့သည်။

ဝမ်ကျန်း တံခါးလာခေါက်ချိန်တွင်ပင် သူမသည် စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်သည်။

"ထိတ်လန့်စရာ သတင်းထူးရှိတယ်.. ထတော့”

ဖုန်းမြည်သံကြောင့် မင်ယွဲ့ နိုးလာရသည်။

ဖုန်းကိုင်လိုက်သည်နှင့် ဝမ်ကျန်း ၏ အသံကျယ်ကြီးကို ကြားလိုက်ရသဖြင့် ခေါင်းကိုက်သွားကာ ဖုန်းကို အဝေးသို့ ခွာထားလိုက်ရသည်။

သူမသည် စောင်ကို ဖယ်ကာ အိမ်စီးဖိနပ်လေးကို စီးလျက် တံခါးသွားဖွင့်ပေးလိုက်သည်။

"ယွဲ့ယွဲ့... နင့်သီချင်းက သီချင်းသစ်ဇယားမှာ နံပါတ် (၁) ရောက်သွားပြီဟ”

"ငါ့သီချင်းမဟုတ်ပါဘူးဟာ အဲဒါ ကျန်းမင်း ရဲ့ သီချင်းပါ"

မင်ယွဲ့ သည် အိပ်ချင်မူးတူးဖြင့် သွားတိုက်နေစဉ် ဝမ်ကျန်း က အပြင်ဘက်မှနေ၍ စိတ်လှုပ်ရှားစွာ စကားဆိုနေသည်။

"တူတူပါပဲဟာ... နင်ရေးပေးတဲ့ သီချင်းပဲလေ ဒါက နင့်ရဲ့ အရည်အချင်းကို သက်သေပြနေတာပဲ"

သီချင်းတစ်ပုဒ် ကျော်ကြားရန်အတွက် အဆိုတော်၏ အသံသာမက တေးရေးနှင့် တေးဖန်တီးသူ၏ အခန်းကဏ္ဍကလည်း အလွန်

အရေးကြီးလှသည် မဟုတ်ပါလား။

"ဒါနဲ့... ဒီလောက် စောစောစီးစီး ဘာလို့ အသံဗလံတွေ ဆူညံအောင် လုပ်နေတာလဲ"

မျက်နှာသစ်ပြီး အဝတ်အစားလဲကာ ထွက်လာသော မင်ယွဲ့ က မေးလိုက်သည်။

"ဒီနေ့ ရာသီဥတုက သိပ်သာယာတာပဲ... ဟော့ပေါ့စားဖို့ အကောင်းဆုံးပဲ လာပါ... နင့်သီချင်း ဇယားထိပ် ရောက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ငါ ဟော့ပေါ့ လိုက်ကျွေးမယ်"

မင်ယွဲ့ က သက်ပြင်းချကာ နဖူးကို အသာပွတ်လိုက်ရင်း

“နင်က ဟော့ပေါ့စားချင်လို့ ဆင်ခြေပေးနေတာမလား"

"အမလေး... ငါ့သူငယ်ချင်းလေးက ငါ့အကြောင်း အသိဆုံးပဲ ငါ ဝိတ်ချနေတာလေ... ဒါပေမဲ့ ဟော့ပေါ့ကို တအားစားချင်နေလို့ပါ"

မင်ယွဲ့ က အဝတ်လဲခန်းထဲသို့ဝင်ကာ အိတ်တစ်လုံးကို လှမ်းယူလိုက်သည်။

"ယွဲ့ယွဲ့... နင် အိတ်အသစ် ထပ်ဝယ်ပြန်ပြီလား"

နံရံတစ်ခုလုံး ပြည့်နှက်နေသော တန်ဖိုးကြီးအိတ်များကို ကြည့်ကာ ဝမ်ကျန်းက အံ့အားသင့်သွားခဲ့သည်။

"အင်း... ပစ္စည်းအသစ်ထွက်ရင် ဆိုင်က ဖုန်းဆက်တယ်လေ နင်ကြိုက်တာရှိရင် ယူသွားလေ အဲဒီဘက်က အိတ်တွေက ငါ သိပ်မသုံးဖြစ်သေးဘူး"

"ဒါဆိုရင်တော့ ငါ အားမနာတော့ဘူးနော်"

ဝမ်ကျန်းက အနက်ရောင် လေးထောင့်အိတ်လေးတစ်လုံးကို ချက်ချင်းရွေးချယ်ကာ သူမ၏ ပစ္စည်းများကို ပြောင်းထည့်လိုက်သည်။

"ယွဲ့ယွဲ့... နင်က ငါ့အပေါ် သိပ်ကောင်းတာပဲပိုက်ဆံလည်း ချမ်းသာတယ်... နောက်ဆို ငါ ရည်းစားမရရင် ဘယ်လိုလုပ်မလဲ"

"အပိုတွေ ပြောမနေနဲ့... နင်နဲ့ ကျန်ဟင် တွဲနေကြပြီ မဟုတ်လား"

မင်ယွဲ့ က ခပ်အေးအေးပင် မေးလိုက်သည်။

"နင်... နင် ဘယ်လို သိတာလဲ"

ဝမ်ကျန်း က ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

သူတို့၏ ပတ်သက်မှုမှာ ရုတ်တရက် ဆုံးဖြတ်ချက်မျိုးဖြစ်သဖြင့် မင်ယွဲ့ ကို မပြောရသေးပေ။

"နင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကြည့်နေတဲ့ အကြည့်တွေကို ကြည့်ရုံနဲ့ သိသာနေတာပဲ ငါက မျက်စိကန်းနေတာမှ မဟုတ်တာ ကဲ... ဟော့ပေါ့ သွားစားရအောင် ငါ ထင်တာမလွဲရင် ကျန်ဟင် လည်း ရောက်နေလောက်ပြီ"

"ယွဲ့ယွဲ့က တကယ် တော်တာပဲ”

ဝမ်ကျန်း က ချွဲနွဲ့စွာ ပြောလိုက်သည်။

"ငါတို့က အဲဒီလောက်တောင် သိသာနေတာလား... ကုမ္ပဏီက ဝန်ထမ်းတွေ သိကုန်ကြပြီလား မသိဘူး"

မင်ယွဲ့ က မျက်လုံးလေး ကလန်ကလား လုပ်ပြကာ သူမကိုသာ စဉ်းစားခိုင်းလိုက်တော့သည်။

"အချစ်မှာ အပြစ်ရှိလို့လား... ဘာကို စိုးရိမ်နေတာလဲ သိရင်လည်း သိပါစေပေါ့ ငါက ကုမ္ပဏီသူဌေးပဲ... ရုံးတွင်း ချစ်သူမထားရဘူးဆိုတဲ့ စည်းကမ်းမှ မထုတ်ထားတာ"

"သူဌေးမလေးကတော့ တကယ်ကို အရှိန်အဝါရှိပြီး ပြတ်သားတာပဲ”

ဝမ်ကျန်း က မင်ယွဲ့ ၏ လက်မောင်းကို ဖက်

တွယ်ကာ ရွှင်မြူးနေလေသည်။

"ဒါကို သိရင် ပြီးတာပဲ နောက်ကျရင် ကျန်ဟင် က နင့်အပေါ် မကောင်းရင် ငါ့ကို တိုက်ရိုက်ပြောလိုက်"

ကျန်ဟင် သည် သူမ၏ ကျောင်းနေဖက်ဖြစ်သော်လည်း ဝမ်ကျန်း မှာမူ သူမ ဒုက္ခရောက်စဉ်က အကြိမ်ကြိမ် ကူညီခဲ့သည့် သူငယ်ချင်းကောင်းဖြစ်သဖြင့် ယခုအခါတွင် ဝမ်ကျန်းက သူမ၏ မိသားစုဝင်ကဲ့သို့ပင် ဖြစ်နေပေပြီ။

"ယွဲ့ယွဲ့က ငါ့အပေါ် အကောင်းဆုံးဆိုတာ ငါ သိပါတယ်"

ပျော်ရွှင်နေသော သူငယ်ချင်းဖြစ်သူကို ကြည့်ကာ မင်ယွဲ့ က ခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။

ပူပင်ကြောင့်ကြမှုကင်းသော မိန်းကလေးတစ်ယောက်သည် သူမအပေါ် ဂရုစိုက်တတ်သည့် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံသောအခါ နူးညံ့သိမ်မွေ့သော အလှတရားများ ပေါ်လွင်လာတတ်သည်မှာ အမှန်ပင်ဖြစ်တော့သည်။

All Chapters