လေ့လာရေးကျောင်းသားများကို ကြိုဆိုခြင်း
Vol. 13 Ch. 126
ဆရာ့ဇနီး၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် သူမ၏ မိတ်ဆွေများက ဝိုင်းဝန်းမှတ်ချက်ပေးကြသဖြင့် အလွန်ပင် စည်ကားနေတော့သည်။
"ဘယ်တုန်းက တပည့်အသစ်ရသွားတာလဲ.. အပြင်ထုတ်မပြဘဲနဲ့တော့ သိပ်မတရားဘူးနော်"
"ဟုတ်ပါ့... ကြည့်ရတာ လူတောင် မပြသေးဘူး"
ဆရာ့ဇနီးကလည်း ရွှင်မြူးစွာဖြင့် ပြန်လည် စာပြန်နေသည်။
"လူကြီးမင်းပိုင် ရဲ့ နောက်ဆုံးပိတ် တပည့်လေးဆိုတော့လည်း ငါ့ရဲ့ တပည့်လေးလို့ပဲ ပြောရမှာပေါ့"
"ဝိုး... လူကြီးမင်းပိုင်မှာ တပည့်တွေ အများကြီးပဲ ဘုန်းကြီးကျောင်းတစ်ခုလိုတောင် စည်နေပြီလား"
"ဒီပုဝါလေးက သိပ်လှတာပဲ ငါကတော့ နင်တပည့်မလေးတစ်ယောက် ရထားတာလို့ပဲ ထင်နေတာ"
ဆရာ့ဇနီးကိုယ်တိုင်မှာလည်း ပညာတတ်မိသားစုမှ ဆင်းသက်လာသူဖြစ်ရာ တပည့်မွေးခြင်းမှာ သူမတို့အတွက် ထူးဆန်းသောအရာမဟုတ်ပေ။
"ဒီတစ်ခါတော့ တကယ်ပဲ တပည့်မလေး ရထားတာ အရမ်းချောတဲ့ မိန်းကလေးလေးလေနောက်ကျရင် မိတ်ဆက်ပေးမယ်"
သူမသည် မင်ယွဲ့ အား စိတ်အနှောင့်အယှက် ဖြစ်မည်စိုး၍သာ သူမ၏ ပုံကို ပရိုဖိုင်တွင် မတင်ထားခြင်းဖြစ်သည်။
ထိုအကြောင်းကို မင်ယွဲ့ ကမူ မသိဘဲ အိမ်သို့သာ ပြန်လာခဲ့သည်။
"ယွမ်ပေါ့... ယုံကြည်စိတ်ချရတဲ့ ပရဟိတအဖွဲ့အစည်းတွေ ရှိလားဆိုတာ စစ်ဆေးပေးပါဦး"
အိမ်သို့ရောက်သည်နှင့် ယွမ်ပေါ့ က မျက်နှာပြင်တစ်ခုပေါ်တွင် အဖွဲ့အစည်းများစွာကို ဖော်ပြပေးလိုက်သည်။
"ယွဲ့ယွဲ့... ဒီတစ်ခုကတော့ မရဘူး အဖွဲ့အစည်းက အကျင့်ပျက်ခြစားနေတာ လှူဒါန်းငွေတွေက လိုအပ်တဲ့သူတွေဆီ တကယ်မရောက်ဘူး"
"ဒါကလည်း မရဘူး အတွင်းပိုင်းမှာ မသန့်ရှင်းဘူး။ ငွေအဝင်အထွက်တွေက ပွင့်လင်းမြင်သာမှု မရှိဘူး"
ယွမ်ပေါ့ က တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြနေသည်။ မင်ယွဲ့ က သက်ပြင်းချရင်း ကြားဖြတ်မေးလိုက်သည်။
"ဒါဆို... တကယ့်ကို မှန်မှန်ကန်ကန် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းရော မရှိဘူးလား"
သူမသည် ထိုကဲ့သို့ ငွေကြေးအလွဲသုံးစားလုပ်နေသော အဖွဲ့အစည်းများကို မြင်ရသောအခါ သူမ၏ငွေများကို သူတို့လက်ထဲသို့ မိုက်မိုက်မဲမဲ ထည့်မပေးနိုင်ဟု ဆုံးဖြတ်လိုက်သည်။
"ငါ ကိုယ်ပိုင် ပရဟိတဖောင်ဒေးရှင်းတစ်ခု ထောင်ချင်တယ်"
မင်ယွဲ့ က ခိုင်မာစွာ ဆိုလိုက်သည်။
ပါမောက္ခရန် တစ်ခါက ပြောဖူးသည်မှာ
"ထူးချွန်သော လုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းကို ကောင်းမွန်စွာ လုပ်ဆောင်ရုံသာမက လူမှုရေးဆိုင်ရာ တာဝန်သိစိတ်လည်း ရှိရမည်" ဟူ၍ဖြစ်သည်။
သူမက ရှင်းယောင် လုပ်ငန်းစုကဲ့သို့ ဩဇာမကြီးသေးသော်လည်း သူမ တတ်နိုင်သည့်ဘက်မှ စတင်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ဖောင်ဒေးရှင်း၏ အမည်ကို "ယွဲ့ဟွာ” ဟု အမည်ပေးလိုက်သည်။ ယွဲ့ဟွာ (လက ရှေ့တွင်ရှိသော လမ်းပြတံခါးများကို လင်းလက်စေသည်) အဓိပ္ပာယ်မှာ အလွန်ပင် ကောင်းမွန်လှသည်။
"အိမ်ရှင်... နင်တို့ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"
"တောင်ပေါ်ဒေသက ဆင်းရဲတဲ့ မိန်းကလေးငယ်တွေကို ပညာသင်ကြားနိုင်အောင် ကူညီမယ် နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှု ခံနေရတဲ့ အမျိုးသမီးတွေကို ဥပဒေကြောင်းအရရော၊ ငွေရေးကြေးရေးအရရော အကာအကွယ်ပေးမယ်"
သူမသည် တစ်နှစ်လျှင် ယွမ်သန်း (၂၀၀) ကို အိတ်စိုက်လှူဒါန်းရန် ကနဦး သတ်မှတ်လိုက်သည်။ သူမ၏ စွမ်းဆောင်ရည်နှင့် ဩဇာအာဏာ ကြီးမားလာသည်နှင့်အမျှ ပိုမိုများပြားသော လူများလည်း ပူးပေါင်းလာလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။
နောက်ရက်တွင်မူ ရန်ကျင်းတက္ကသိုလ်၌ ကျောင်းသားများကို ကြိုဆိုရမည့် တာဝန်က ရောက်ရှိလာသည်။
"မင်္ဂလာပါ... ကျွန်မကတော့ ကောင်းရှောင်း ပါ၊ ဒါကတော့ မင်ယွဲ့ ဖြစ်ပါတယ် ကျွန်မတို့က ရှေ့လာမယ့် တစ်ပတ်အတွင်းမှာ မင်းတို့ကို ကျောင်းပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီလမ်းပြပေးသွားမှာပါ"
"Hello, I am Ming Yue. She is Gao Xiao......"
ကျန်ရှိနေသော ကျောင်းသား (၁၀) ဦးမှာမူ ကြောင်အမ်းအမ်းဖြင့် ကြည့်နေရရုံသာ ရှိတော့သည်။ ကောင်းရှောင်း က တရုတ်ဘာသာဖြင့် ရှင်းပြပြီး မင်ယွဲ့ က ဘေးမှနေ၍ အင်္ဂလိပ်ဘာသာဖြင့် တိုက်ရိုက် ဘာသာပြန်ဆိုပေးနေသည်။
မင်ယွဲ့ ၏ များပြားလှသော ဝေါဟာရကြွယ်ဝမှု၊ စကားပြော ပြေပြစ်မှုနှင့် တည်ငြိမ်သော အရှိန်အဝါတို့မှာ ကျန်ရှိသော ကျောင်းသားများအတွက် တစ်သက်လုံး လေ့လာစရာ ဖြစ်နေတော့သည်။
သူတို့အားလုံးက တက္ကသိုလ်ကျောင်းသားချင်း တူသော်လည်း မင်ယွဲ့ ၏ အရည်အချင်းမှာ "တော်သည်" ဆိုသော စကားလုံးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
နိုင်ငံပေါင်း (၅) နိုင်ငံမှ လာသော ကျောင်းသားများကို တာဝန်အသီးသီး ခွဲဝေပေးလိုက်ကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ အဓိကဖြစ်သော်လည်း အချို့သော ကျောင်းသားများမှာ တရုတ်ယဉ်ကျေးမှုကို မြတ်နိုးသူများဖြစ်ကြရာ တရုတ်ဘာသာစကားကို အခြေခံအားဖြင့် နားလည်ကြသဖြင့် ဆက်သွယ်ပြောဆိုရသည်မှာ ပိုမိုလွယ်ကူသွားတော့သည်။
မင်ယွဲ့ သည် ပြုံးရွှင်သော မျက်နှာဖြင့် ဧည့်သည်တော်များကို ဆီးကြိုရင်း သူမ၏ စိတ်ထဲတွင်မူ ပရဟိတဖောင်ဒေးရှင်းအတွက် အားကောင်းသော အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် အစီအစဉ်များကိုပါ တစ်ပြိုင်နက်တည်း ကြံဆနေလေတော့သည်။