← Chapters

အခန်း (၁၉၉)

Vol. 17 Ch. 199

အခန်း (၁၉၉)

Vol. 17 Ch. 199

နောက်တစ်နေ့တွင် နေအတော်မြင့်လာမှသာ သူမသည် နုံးချိစွာဖြင့် နိုးလာတော့သည်။

"သခင်မလေး... မနေ့ညက တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲ။ နေက ဖင်ကိုတောင် လာထိုးနေပြီ၊ အခုထိ မထသေးဘူး" ဟု ဟန်ချူးချူးက ဆိုလိုက်သည်။

ကိုယ်ရံတော်အစေခံမလေးက သမ်းဝေရင်း "မနေ့ညက အရက်တွေ အများကြီးသောက်မိလို့ထင်တယ်၊ ဒါကြောင့် နည်းနည်းပိုအိပ်ပျော်သွားတာ"

"ဟုတ်မှာပါ၊ သခင်မလေး... မနက်စာ အဆင်သင့်ဖြစ်ပြီ၊ အတူတူစားရအောင်"

"ကောင်းပြီ၊ မျက်နှာသစ်ပြီးရင် စားကြတာပေါ့"

ခဏအကြာတွင် အမျိုးသမီးနှစ်ဦး မနက်စာ စတင် စားလိုက်ကြသည်။

ထိုစဉ် ဟန်ချူးချူးက "ဒါနဲ့ သခင်မလေး... ကျွန်မတို့ ပြန်ကြတော့မှာလား" ဟု မေးလိုက်သည်။

ပေါက်စီစားနေရင်း ကိုယ်ရံတော်အစေခံမလေးက ခေါင်းခါပြကာ "မလောပါနဲ့အုံး။ ကိုးယောက်မြောက်မင်းသားက ဒီမှာပဲ ရှိနေသေးတာ မဟုတ်လား။ သူ့ကို ရိုက်နှက်ဖို့ အခွင့်အရေးတွေ ထပ်ရှာရဦးမယ်။ သူနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းတဲ့အထိ တစ်ရက်ခြားတစ်ခါလောက် ရိုက်ပေးသင့်တယ်" ဟု ပြောလိုက်သည်။

ဟန်ချူးချူးက သနားစိတ်ဝင်သွားပြီး "ဒါပေမဲ့ သူက အိပ်ရာထဲ လဲနေပြီလေ"

"မရဘူး၊ ငါတို့ ဒါကို လုပ်ကိုလုပ်ရမယ်"

ကိုယ်ရံတော်အစေခံမလေးက အံကြိတ်ကာ ပြောလိုက်သည် "သူ့ကို စေ့စပ်ကြောင်းလမ်းမှု ဖျက်ခိုင်းအောင် ဖိအားမပေးခဲ့ရင် ငါ့ရဲ့အိမ်ထောင်ရေးက ဘာဖြစ်သွားမလဲ။ ငါမချစ်တဲ့လူနဲ့ လက်ထပ်ပြီး သေတာထက်ဆိုးတဲ့ ဘဝမျိုးကို နင်တကယ်ပဲ မြင်ချင်နေတာလား"

ဟန်ချူးချူးက ခေါင်းကို အားပါးတရ ညိတ်လိုက်ပြီး "သခင်မလေး စိတ်ချပါ၊ သခင်မလေးရဲ့ ပျော်ရွှင်မှုအတွက် ကျွန်မ ဘယ်တော့မှ ညှာတာမှာ မဟုတ်ဘူး"

"ကောင်းပြီ။ ဒီကိစ္စကို နင့်လက်ထဲပဲ အပ်ခဲ့မယ်၊ ငါကတော့ သွားပျော်ပါးလိုက်ဦးမယ်"

"သခင်မလေး... ဘယ်သူနဲ့ သွားတွေ့မလို့လဲ"

"ဟို ငတုံးဧကရာဇ်လေးနဲ့ သွားတွေ့မလို့လေ၊ ဟဲဟဲ.."

ကိုယ်ရံတော်အစေခံမလေးသည် ပေါက်စီအချို့နှင့် ပဲနို့တစ်ခွက်ကို အစားအသောက်ဘူးထဲ ထည့်ကာ နန်းတော်ထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားပြီး လင်းပိုင်ဖန် ရှိရာ စာကြည့်ဆောင်သို့ ရောက်ရှိလာခဲ့သည်။

လင်းပိုင်ဖန်က အလွန်ဝမ်းသာသွားပြီး- "ချန်းကျင်၊ မင်း လာတယ်ပေါ့"

"အရှင်မင်းကြီး... မနေ့ညက အရှင်မူးနေတာမို့လို့ ဒီမိန်းကလေးက အရှင်မင်းကြီးရဲ့ ဝမ်းဗိုက်ကို သက်တောင့်သက်သာဖြစ်အောင် ပေါက်စီနဲ့ ပဲနို့ အထူးယူလာပေးတာပါ" ဟု ကိုယ်ရံတော်အစေခံမလေးက လှပသော အပြုံးဖြင့် အနားသို့ တိုးလာရင်း ပြောလိုက်သည်။

"ချန်းကျင်၊ မင်း တကယ့်ကို စိတ်ထားကောင်းတာပဲ" လင်းပိုင်ဖန်က အစားအသောက်ဘူးကို ဖွင့်ကာ အားပါးတရ စားတော့သည်။

"အရသာက ဘယ်လိုလဲ" ဟု သူမက မေးလိုက်သည်။

"တကယ်ကို အရသာရှိတယ်၊ ချန်းကျင်၊ ဒါကို မင်းကိုယ်တိုင် လုပ်ခဲ့တာလား" ဟု လင်းပိုင်ဖန်က စားရင်းမေးလိုက်သည်။

ကိုယ်ရံတော်အစေခံမလေးက အနည်းငယ် အားနာသွားသော်လည်း "ဟုတ်ကဲ့၊ ကျွန်မ လုပ်တာပါ" ဟု ဖြေလိုက်သည်။

"မင်းရဲ့ လက်ရာက တော်တော်လေး တိုးတက်လာပြီပဲ၊ ငါကိုယ်တော် အရမ်းသဘောကျတယ်" ဟု လင်းပိုင်ဖန်က ပြုံးရင်း ဆိုလိုက်သည်။

"အရှင်မင်းကြီး ကြိုက်တယ်ဆိုရင် အများကြီး ထပ်စားပါ" ဟု ကိုယ်ရံတော်အစေခံမလေး ပျော်သွားသည်။

လက်တစ်ဖက်ကို စားပွဲပေါ်ထောက်ပြီး မေးလေးတင်ကာ သူမယူလာပေးသည့် မနက်စာကို လင်းပိုင်ဖန် စားနေသည်ကို ကြည့်နေခဲ့သည်။ သူမ၏ ရင်ထဲတွင် ဖော်မပြနိုင်သော ပျော်ရွှင်မှုလေးများ လှိုက်တက်လာကာ မပြုံးဘဲ မနေနိုင်တော့ပေ။

"ကြည့်ပဲ မနေနဲ့ဦး၊ မင်းလည်း နည်းနည်းစားဦး" ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။

"ကျွန်မ စားပြီးပါပြီ အရှင်မင်းကြီး။ အရှင်ပဲ သုံးဆောင်ပါ"

"ကောင်းပြီ၊ တကယ် အရသာရှိလိုက်တာ"

ထိုစဉ် ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦးသည် နန်းတွင်းအစေခံများစွာ ခြံရံကာ ဖြည်းညှင်းစွာ ဝင်လာပြီး " အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" ဟု အခစားဝင်လိုက်သည်။

ထိုလှပသော အမျိုးသမီးကို မြင်လိုက်ရသောအခါ ကိုယ်ရံတော်အစေခံမလေးမှာ မနာလိုစိတ် ဖြစ်သွားပြီး "သူက ဘယ်သူလဲ" ဟု မေးလိုက်သည်။

လင်းပိုင်ဖန်က ပြုံးကာ "ချန်းကျင်၊ မင်းကို မိတ်ဆက်ပေးပါရစေ။ ဒီအမျိုးသမီး နာမည်က ဝမ်ရှန်ကျန်း တဲ့၊ သူမက ငါကိုယ်တော်ရဲ့ မိဖုရားပဲ" ဟု ပြောလိုက်သည်။

"ဒါဆို... အရှင်မင်းကြီးရဲ့ ကြင်ယာတော်ပေါ့" ဟု ကိုယ်ရံတော်အစေခံမလေးက အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သော်လည်း သူမ၏ အသံထဲတွင် စိတ်ပျက်မှုတစ်စွန်းစ ကပ်ပါနေသည်။

သူမ ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း စိတ်မကောင်းဖြစ်မိခြင်းကိုတော့ မတားဆီးနိုင်ပေ။ သူက ဧကရာဇ်မင်းကြီး တစ်ပါးဖြစ်လေတော့ ကြင်ယာတော်တွေ ရှိတာက သဘာဝပဲဟု သူမ စိတ်ထဲတွင် ပြန်လည်ဖြေသိမ့်လိုက်သည်။ "ဘယ်ဧကရာဇ်ကမှ မိဖုရားဆောင်တွေ၊ နန်းဆောင်တွေ အများကြီး မရှိဘဲ နေမှာလဲ"

"ကြင်ယာတော်၊ ဒါက—"

"အရှင်မင်းကြီး... မိတ်ဆက်ပေးနေဖို့ မလိုပါဘူး၊ ဒါက ကျောက်ချန်းကျင် မဟုတ်လား" ဟု ကြင်ယာတော်က မေးလိုက်သည်။

ကိုယ်ရံတော်အစေခံမလေး အံ့အားသင့်သွားပြီး "ရှင်၊ ကျွန်မကို သိလို့လား" ဟု မေးလိုက်သည်။

ကြင်ယာတော်က ပြုံးလျက် "သိတာပေါ့။ အရှင်မင်းကြီးက ကျွန်မရှေ့မှာ ညီမလေးအကြောင်း မကြာခဏ ပြောလေ့ရှိတယ်၊ ညီမလေးကို ကြင်ယာတော်အဖြစ် သိမ်းပိုက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောတယ်လေ" ဟု ဖြေလိုက်သည်။

ကိုယ်ရံတော်အစေခံမလေး၏ နှလုံးသားမှာ ပျော်ရွှင်မှုဖြင့် ခုန်လာခဲ့ပြီး "အရှင်မင်းကြီးက တကယ်ပဲ အဲဒီလို ပြောတာလား" ဟု မေးလိုက်သည်။

"မမက ညီမလေးကို ဘာလို့ လိမ်ရမှာလဲ" ဟု ကြင်ယာတော်က ပြုံးကာ အနားသို့ တိုးလာရင်း ပြောလိုက်သည်။ "ညီမလေး အချိန်ရလား၊ မမနဲ့အတူ နန်းတော်ထဲ လမ်းလျှောက်ရင်း နန်းတော်အခြေအနေတွေနဲ့ ရင်းနှီးအောင် လမ်းလျှောက်ကြရအောင်"

ကိုယ်ရံတော်အစေခံမလေးမှာ ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည် "ဟုတ်ကဲ့"

လင်းပိုင်ဖန်ကလည်း "ကောင်းပြီ။ မင်းတို့ အရင်သွားနှင့်ကြ၊ ငါကိုယ်တော် ဒီက အလုပ်တွေပြီးရင် လိုက်လာခဲ့မယ်" ဟု ဆိုသည်။

"ဒါဆိုရင် အရှင်မင်းကြီး... ကျွန်မတို့ကို ခွင့်ပြုပါဦး"

ကြင်ယာတော်သည် ကိုယ်ရံတော်အစေခံမလေးကို ခေါ်ဆောင်ကာ ထွက်ခွာသွားပြီး နန်းတော်အတွင်း လှည့်လည်ကြည့်ရှုစေကာ ရှုခင်းများကို မိတ်ဆက်ပေးနေသည်။

တစ်ပတ်ပတ်ပြီးနောက် ကြင်ယာတော်က "ညီမလေး... နန်းတော်ရဲ့ အခြေအနေကတော့ အကြမ်းဖျင်း ဒီလောက်ပါပဲ။ မရှင်းလင်းတာရှိရင် မမဆီ လာမေးနိုင်တယ်" ဟု ပြောလိုက်သည်။

အခြားသူ၏ နွေးထွေးဖော်ရွေသော အမူအရာကြောင့် ကိုယ်ရံတော်အစေခံမလေးမှာ အားနာမိသွားပြီး "မမ... ကျွန်မက မမနဲ့ အမျိုးသားတစ်ယောက်တည်းကို လုဖို့ ရောက်နေတာလေ။ မမ မနာလို မဖြစ်ဘူးလား" ဟု မေးလိုက်သည်။

ကြင်ယာတော်က သက်ပြင်းချကာ "အမှန်အတိုင်းပြောရရင် စိတ်ထဲမှာတော့ အနည်းငယ် မနာလိုဖြစ်မိတာပေါ့။ ဒါပေမဲ့ သူက ဧကရာဇ်တစ်ပါးလေ၊ ဘယ်ဧကရာဇ်မှာကော အမျိုးသမီး တစ်ယောက်တည်း ရှိမှာလဲ။ သူကိုယ်တိုင်က ဆန္ဒရှိရင်တောင်မှ နန်းတွင်းအမတ်တွေက သဘောတူမှာ မဟုတ်ဘူး" ဟု ဖြေသည်။

"ဟုတ်သားပဲ" ဟု ကိုယ်ရံတော်အစေခံမလေး ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဒါကြောင့် မမက အကြာကြီးကတည်းက စိတ်ကို ပြင်ဆင်ထားပြီးသားပါ။ အရှင်မင်းကြီးရဲ့ ဘေးမှာ အမြဲတမ်း နေခွင့်ရနေတာနဲ့တင် မမ ကျေနပ်နေပါပြီ၊ ဘာမှ ထပ်မတောင်းဆိုချင်တော့ပါဘူး" ဟု ဆိုလိုက်သည်။

"မမက အရင်က သာမန် အမျိုးသမီးတစ်ယောက်ပဲလို့ ကြားတယ်" ဟု ကိုယ်ရံတော်အစေခံမလေးက စပ်စုမိလိုက်သည်။

ကြင်ယာတော်က ခေါင်းညိတ်ကာ- "ဟုတ်တယ်၊ မမက သာမန်အမျိုးသမီး တစ်ယောက်ပါပဲ။ လူတွေကတော့ မမကို ဘေးအန္တရာယ်တွေ သယ်ဆောင်လာသူ၊ ကံကြမ္မာဆိုးကြယ်လို့တောင် ခေါ်ကြပြီး ဒုက္ခတွေနဲ့ ပြည့်နှက်မယ့် ဘဝလို့ ပြောကြတယ်။ အရှင်မင်းကြီးနဲ့ တွေ့မှသာ မမရဲ့ ကံကြမ္မာတွေ ပြောင်းလဲသွားပြီး အိမ်တစ်အိမ်ရဲ့ နွေးထွေးမှုကို ခံစားခဲ့ရတာ။ ဒါကြောင့် အရှင်မင်းကြီးနဲ့ ကုန်ဆုံးရတဲ့ နေ့ရက်တွေကို မမက အထူးတန်ဖိုးထားတယ်"

"အရှင်မင်းကြီးက မမအပေါ် ကောင်းရဲ့လား" ဟု မေးလိုက်သည်။

ကြင်ယာတော်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာပြီး- "အပြင်မှာတော့ သူ့ရဲ့ နာမည်က သိပ်မကောင်းပေမဲ့ မမအပေါ်တော့ အလွန်ကောင်းပါတယ်။ မမရဲ့ ကျန်းမာရေးကို အမြဲဂရုစိုက်တယ်၊ အလုပ်အရမ်းများနေရင်တောင် မမနဲ့ ကုန်ဆုံးဖို့ အချိန်ပေးတတ်တယ်။ သူက ကောင်းကင်ဘုံက မမအတွက် ပေးသနားလိုက်တဲ့ ပြီးပြည့်စုံတဲ့ အမျိုးသားပဲ"

"သူက တကယ်ပဲ အဲဒီလောက်တောင် ကောင်းတာလား" ကိုယ်ရံတော်အစေခံမလေးမှာ မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။ ‘ငါသာ သူ့ကို လက်ထပ်လိုက်ရင် ငါလည်း အရမ်းပျော်ရမှာလား။ အရမ်းကြီးလည်း စိတ်ကူးမယဉ်စမ်းနဲ့’

ကြင်ယာတော်က သူမ၏ အတွေးလေးတွေကို ရိပ်မိပုံရပြီး ရယ်မောလိုက်ကာ- "ချးန်ကျင်၊ စိတ်ချပါ၊ အရှင်မင်းကြီးက သူချစ်တဲ့ အမျိုးသမီးတိုင်းအပေါ် အရမ်းကောင်းပါတယ်။ ဥပမာ- သူ့ရဲ့ ငယ်ချစ်ဦး ချိုင်ယွီရှင်း ဆိုရင် သူမက စစ်ဗိုလ်ချုပ်ဖြစ်ချင်ပြီး စစ်တိုက်ချင်တာ။ အတားအဆီးတွေ ရှိနေတဲ့ကြားကပဲ အရှင်မင်းကြီးက သူမကို စစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီး စစ်တပ်ကို ဦးဆောင်စေခဲ့တယ်။ ဒါကြောင့် တော်ဝင်မိသားစုထဲ လက်ထပ်ဝင်ရင် မင်း ဘယ်တော့မှ နစ်နာမှာ မဟုတ်ပါဘူး"

ကိုယ်ရံတော်အစေခံမလေး မျက်နှာနီမြန်းသွားပြီး "ဘယ်သူက သူ့ကို လက်ထပ်မယ် ပြောလို့လဲ။ ကျွန်မ အသေအချာတောင် မစဉ်းစားရသေးဘူး" ဟု ဆိုလိုက်သည်။

ကြင်ယာတော်က သူမကို ကြည့်ရင်း တစ်ယောက်တည်း ရယ်မိသည်။ "မင်းရဲ့ နှလုံးသားက အရှင်မင်းကြီးဆီမှာ ရောက်နေပြီပဲ၊ အခုထိ ဝန်မခံသေးဘူးလား"

လင်းပိုင်ဖန် လမ်းလျှောက်လာပြီး ပြုံးလျက် "ဘာတွေ ဆွေးနွေးနေကြလို့ ဒီလောက်တောင် ပျော်နေကြတာလဲ" ဟု မေးလိုက်သည်။

ကိုယ်ရံတော်အစေခံမလေးက ခေါင်းကို အမြန်ခါလိုက်ပြီး "ဘာမှ မဟုတ်ပါဘူး၊ မိန်းကလေး အချင်းချင်း စကားပြောနေတာပါ"

"ဟုတ်လို့လား" ဟု လင်းပိုင်ဖန်က ကြင်ယာတော်ဘက် လှည့်ကြည့်လိုက်သည်။

ကြင်ယာတော်က ရယ်မောရင်း "ဟုတ်ပါတယ် အရှင်မင်းကြီး၊ အမျိုးသမီးတွေရဲ့ သီးသန့်စကားတွေပါ။ အရှင်မင်းကြီး သိစရာ မလိုပါဘူး" ဟု ဆိုသည်။

"ကောင်းပါပြီ" လင်းပိုင်ဖန်က ရယ်မောရင်း "တခြားကိစ္စ မရှိရင် ငါတို့ အတူတူ လမ်းလျှောက်ပြီး အပန်းဖြေကြမလား" ဟု မေးလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

သူတို့ သုံးဦးသည် နန်းတော်အတွင်း အေးအေးလူလူ လမ်းလျှောက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် လင်းပိုင်ဖန်က ပြက်လုံးများစွာဖြင့် အမျိုးသမီးနှစ်ဦးကို အလွန်ပျော်ရွှင်အောင် ထားပေးသည်။ ထိုအချိန်အတွင်း အမတ်များစွာက နိုင်ငံတော်အရေးများကို လာရောက်တင်ပြကြသော်လည်း လင်းပိုင်ဖန်က အားလုံးကို အေးအေးဆေးဆေးပင် ကိုင်တွယ်ဖြေရှင်းခဲ့လိုက်သည်။

လင်းပိုင်ဖန် အရာရှိတွေကို ဦးဆောင်နေပုံကို ကြည့်ပြီး ကိုယ်ရံတော်အစေခံမလေးမှာ အထင်ကြီး လေးစားစိတ်များ တိုးပွားလာခဲ့သည်။ ‘သူ့ကို လက်ထပ်ရတာလည်း သိပ်တော့ မဆိုးပါဘူး’

တစ်ဖက်တွင်လည်း ကိုးယောက်မြောက်မင်းသားမှာ သေတာထက်ဆိုးသော ဘဝကို ဖြတ်သန်းနေရသည်။ သူ့ခန္ဓာကိုယ် အနည်းငယ် ပြန်ကောင်းလာတိုင်း သူ၏ စေ့စပ်ထားသူ ဟန်ချူးချူးက သူ့ကို ရိုက်နှက်လေ့ရှိပြီး သူသည် အိပ်ရာပေါ်တွင်သာ ဆက်လက် လဲလျောင်းနေစေခဲ့သည်။ သူ့အနေဖြင့် ဘယ်လိုမှ နားမလည်နိုင်ခဲ့ပေ၊ သူဟာ မင်းသားတစ်ပါး ဖြစ်ပါလျက် ဘာကြောင့် ဒီလောက် ဘဝက ဆိုးနေရတာလဲ။ သူ ဒီလိုနေ့ရက်တွေကို တော်လောက်ပြီ၊ ဒီလိုမျိုး ထပ်မနေချင်တော့ဘူး။

"မဖြစ်ဘူး၊ ငါ ဒီစေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရမယ်။ အကယ်၍ ဧကရာဇ်က သဘောမတူရင် ငါ ဘုန်းကြီးဝတ်လိုက်မယ်၊ ဘယ်တော့မှ လက်မထပ်ဘူး၊ တစ်ကိုယ်တည်း အထီးကျန်စွာပဲ သေဆုံးသွားမယ်"

ထိုစဉ် ဟန်ချူးချူး ဝင်လာပြီး "ရှင် အခု ဘာပြောလိုက်တာလဲ" ဟု မေးလိုက်သည်။

ကိုးယောက်မြောက်မင်းသားက ဒေါသတကြီးဖြင့် "ငါ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်ချင်တယ်လို့ ပြောတာ။ ငါ မင်းလို မိန်းမမျိုးကို လက်မထပ်ဘူး။ အခု မင်း ပျော်ပြီလား"

"ကောင်းပြီ" ဟန်ချူးချူးက ကိုးယောက်မြောက်မင်းသားကို လက်တစ်ဖက်ဖြင့် မကာ ပခုံးကျော် ပစ်တင်လိုက်သည်။

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ကိုးယောက်မြောက်မင်းသားက နာကျင်စွာဖြင့် "ငါက စေ့စပ်ကြောင်းလမ်းမှု ဖျက်မယ်လို့ ပြောနေတာကို ဘာလို့ ငါ့ကို ရိုက်နေသေးတာလဲ" ဟု အော်လိုက်သည်။

"ဆောရီးပဲ၊ ဒါက အကျင့်ဖြစ်သွားလို့"

ကိုးယောက်မြောက်မင်းသား သွေးအန်တော့လေသည်။

နှစ်ရက်ခန့် နားပြီးနောက် သူသည် ရှမင်းနိုင်ငံမှ ထွက်ခွာသွားသည်။

မကြာမီ ဟန်ချူးချူးနှင့် သူမ၏ ကိုယ်ရံတော်အစေခံမလေးတို့ စာတစ်စောင် ရရှိခဲ့သည်။

"ကိုးယောက်မြောက်မင်းသားက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်ဖို့ ပြန်သွားပြီ။ ငါတို့ လုပ်ခဲ့တာတွေကို သိသွားတော့ ခမည်းတော်က အရမ်းဒေါသထွက်နေပြီး ငါတို့ကို အပြစ်ပေးဖို့ ပြန်လာခိုင်းနေပြီ" ဟု ကိုယ်ရံတော်အစေခံမလေးက စာကို ချလိုက်ပြီး ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

"သခင်မလေး... ဒါက သတင်းကောင်းပဲ" ဟု ဟန်ချူးချူးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"ဒါက တကယ်ပဲ သတင်းကောင်းပါပဲ၊ ဒါပေမဲ့..." ကိုယ်ရံတော်အစေခံမလေးသည် လင်းပိုင်ဖန်ကို တွေးမိကာ ရုတ်တရက် ခွဲခွာရမည်ကို တွန့်ဆုတ်နေမိတော့သည်။

All Chapters