အခန်း (၁၅၅)
Vol. 15 Ch. 155
📝အပိုင်း - ၁၅၅
ဘာသာပြန် - Na Gar🐉
"ဟင်း..."
သခင်ကြီး ဟောက်သည် မျက်လုံးကို အပေါ်လှန်ပြလိုက်ပြီးမှ မတ်တပ်ရပ်ကာ ဂါရဝပြုလိုက်သည်။
"ဖေးလေး ပါလား... အားနာနေစရာမလိုပါဘူး ထိုင်ပါ"
ဆွန်ဒူရှန်ကပေါ့ပေါ့ပါးပါးပင် ထိုင်ချလိုက်သည်။
မြို့စားဖေးထျန်းနန် ကိုယ်တိုင် လက်ဖက်ရည်ကို ငှဲ့ပေးနေသည်။ သူသည် လက်ဖက်ရည်ခွက်ကို ကြည့်ရင်း ဆွန်ဒူရှန်က မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းလည်း စစ်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်လို့ ကြားတယ်"
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး ဘုရင်ခံရဲ့ ရှေ့မှောက်မှာ ကျွန်တော်မျိုးက ဘယ်လိုလုပ် စစ်နတ်ဘုရား လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ရဲပါ့မလဲ"
ဖေးထျန်းနန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည် "တွက်ကြည့်မယ်ဆိုရင် ကျွန်တော်မျိုးက ဘုရင်ခံရဲ့ မြေးတပည့် အဆင့်လောက်ပဲ ရှိတာပါ..."
ထိုအချိန်က စစ်ရေးဝန်ကြီးချန် သည် ဆွန်ဒူရှန်၏ လမ်းညွှန်မှုကြောင့် စစ်နတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"တော်တော့... ငါ အဲဒီလောက် ဂုဏ်ပြုတာတွေကို မခံယူနိုင်ဘူး"
ဆွန်ဒူရှန်က လက်ဖက်ရည်ကို သောက်လိုက်ရင်း... "ကဲ... ပြိုင်ပွဲကို စခိုင်းလိုက်တော့"
...
"ရောက်လာတဲ့သူက တကယ်ပဲ သူဖြစ်နေတာလား..."
ဘေးဘက် ထောင့်စွန်းတစ်ခုတွင် ဖန်ချင်းယွမ် သည် သူ၏လက်ထဲမှ စာလိပ်ကို ဘေးချလိုက်သည်။ ကြီးကြပ်ရေးမှူး ဆိုသည်မှာ ယာယီခန့်အပ်ထားခြင်းဖြစ်ပြီး ယခင်က မည်သူမျှ မသိရှိခဲ့ကြပေ။
"ဒီလူကို တစ်ခါမှ မမြင်ဖူးဘူး"
ဆွန်ပုချီ က တိုးတိုးလေး ပြောသည် "ဒါပေမဲ့ သူ့ရဲ့ အရမ်းကို အိန္ဒြေပျက်နေတဲ့ ပုံစံကို ကြည့်ရတာ လျိုကျုံးရှန် လောက်တောင် မစွမ်းဘူး ထင်တယ်။ နာမည်ကျော်တာကပဲ ကြောက်စရာကောင်းနေတာ"
"မင်းထင်သလို မရိုးရှင်းဘူး ဒီလူက နာမည်ကြီး ပြုံးနေတဲ့ကျားပဲ"
ဖန်ချင်းယွမ်က ရှင်းပြသည် "တစ်ခါတလေ ရှေ့တိုးဖို့အတွက် နောက်ဆုတ်တတ်တဲ့လူတွေက ကိုင်တွယ်ရ အခက်ဆုံးပဲ နားလည်လား"
"ဘယ်လိုလဲ... တစ်ခုခု ရှာတွေ့ပြီလား"
ဆွန်ပုချီက မြေပြင်ပေါ်ရှိ စာအုပ်ပုံကြီးကို ကြည့်ကာ မေးလိုက်သည် "နဂါးကိုးပါးခန္ဓာ နဲ့ စစ်နတ်ဘူရား ဖြစ်ခဲ့တဲ့သူ ရှိလား"
"အခုထိတော့ မတွေ့သေးဘူး ဒါပေမဲ့ မင်းရဲ့ အမရဲ့ မီးလျှံကြာပန်း သိုင်းခန္ဓာ နဲ့ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ငါးရာက စစ်နတ်ဘုရား တစ်ယောက် ပေါ်ထွက်ခဲ့ဖူးတယ်"
ဖန်ချင်းယွမ်က စာအုပ်ကို ပြန်ဖွင့်လိုက်သည် "ငါ ထပ်ရှာကြည့်လိုက်ဦးမယ်"
...
မဲနှိုက်ခြင်း ပြီးဆုံးသွားခဲ့ပြီ။
သိုင်းပညာပြိုင်ပွဲတွင် စုစုပေါင်း ငါးချီ ပါဝင်သည်။
ပထမအချီတွင် ချန်ဆန်းရှီ ၏ ပြိုင်ဘက်မှာ ယုံကျိုးပြည်နယ် စစ်ဘက်
မိသားစုမှ အရာရှိတစ်ဦး၏ သားဖြစ်သည်။ သူသည် အတွင်းအားသန့်စင်ခြင်း ကို ရောက်ရှိထားသော်လည်း နှစ်ချီမျှပင် မခံဘဲ စင်ပေါ်က ပြုတ်ကျသွားခဲ့သည်။
မြို့ရိုးပေါ်မှ ကြည့်နေသော သူ၏ဖခင်မှာ မျက်မှောင်ကို ကြုတ်၍ ကြည့်နေတော့သည်။
ဒုတိယအချီတွင် ချန်ဆန်းရှီသည် ယန်ကျိုးပြည်နယ်မှ ဂိုဏ်းတပည့်တစ်ဦးနှင့် ရင်ဆိုင်ရသည်။ သူသည်လည်း အတွင်းအားသန့်စင်ခြင်း မှာပင် ဖြစ်သည်။ ခုနစ်ချီ တိုက်ခိုက်ပြီးနောက် ချန်ဆန်းရှီ အနိုင်ရခဲ့သည်။
တကယ်လို့သာ ပိုယန်မြို့က အတွင်းအားသန့်စင်ခြင်းအဆင့် အသေးစား အောင်မြင်မှု့ ရှိတဲ့သူဆိုရင် သုံးချီထက် ပိုခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနှစ် ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှုမှာ ပါဝင်တဲ့သူတွေက ပါရမီရှင်တွေချည်းပဲဆိုတော့ လွယ်တော့မလွယ်ဘူး။
ဒါပေမဲ့ ဖိအားတော့ သိပ်မရှိပါဘူး။
အဓိကအချက်က သူတို့က လူသတ်ဖို့ လာတာမဟုတ်ဘူး။
ပြိုင်ပွဲစည်းမျဉ်းအရ မတော်တဆ သေဆုံးမှုအတွက် တာဝန်ယူစရာ မလိုသော်လည်း ပါဝင်သူအများစုမှာ အချင်းချင်း ရန်ငြိုးကြီးကြီးမားမား မရှိကြပေ။ တိုက်ပွဲက အလွန်အမင်း ခက်ခဲမနေလျှင် သူတို့သည် လက်သီးဆုပ် ချိန်ဆကြပြီး အသက်အန္တရာယ်ဖြစ်အောင် မလုပ်ကြပေ။
ချန်ဆန်းရှီ လည်း ထိုနည်းတူပင်...
သူသည် ပြိုင်ဘက်ကို စင်ပေါ်က ပြုတ်ကျအောင်သာ အမြဲ ကြိုးစားသည်။ မဟုတ်လျှင် သူ၏ အစွမ်းကုန် အသုံးပြုပါက ငါးချီအတွင်း တိုက်ပွဲကို အဆုံးသတ်နိုင်မည် ဖြစ်သည်။
ဒုတိယအချီ ပြီးဆုံးချိန်တွင် ပါဝင်သူ ထက်ဝက်ခန့် ပြုတ်သွားပြီ ဖြစ်သည်။
ကျန်ရှိနေသူ အများစုမှာ ကိုယ်တွင်းအဂ်ါသန့်စင်ခြင်း ထက် မြင့်မားသူများ ဖြစ်ကြသည်။ ပိုင်ထင်းကျီ တစ်ဦးတည်းသာ ခြွင်းချက် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ရက်ကမှ အတွင်းအားသန့်စင်ခြင်းအဆင့်ကျွမ်းကျင်
မှု့ သို့ တက်လှမ်းနိုင်ခဲ့ပြီး အသေးစားအောင်မြင်မှု့ရှိသော ဂိုဏ်းတပည့်တစ်ဦးကို အနိုင်ရခဲ့သည်။ အနိုင်ရရန် အချီတစ်ရာနီးပါး ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသော်လည်း အနိုင်က အနိုင်ပင် ဖြစ်သည်။ နောက်ဆုံးတွင် နှစ်ဦးလုံး အားကုန်နေချိန်၌ ဝရဇိန်ခန္ဓာ ရှိသူကသာ ခံနိုင်ရည် ပိုရှိသဖြင့် အနိုင်ရသွားခြင်း ဖြစ်သည်။
ယန်ချန်းချင်း ကတော့ ကံဆိုးလှသည်။ ဒုတိယအချီမှာတင် လုရှူဟွာ နှင့် တိုးခဲ့သည်။ အများက မျှော်လင့်ထားကြသော ဤ ချီလင်သားတော် မှာ ပြင်းထန်သော တိုက်ပွဲအပြီးတွင် စောစောစီးစီး ပြုတ်သွားခဲ့ရသည်။
ထို့နောက် နှစ်နာရီကြာ အနားယူချိန် ပေးသည်။
မွန်းတည့်ချိန် ကျော်လွန်သည်နှင့် တတိယအချီ စတင်သည်။
ချန်ဆန်းရှီ သည် လွယ်လွယ်ကူကူပင် ထပ်မံ အနိုင်ရရှိခဲ့သည်။
သူ၏ ပြိုင်ဘက်မှာ ငါးချီအပြီးတွင် အရှုံးပေးသွားသဖြင့် သူလည်း ဆက်ပြီး ဖိအားမပေးတော့ပေ။
သို့သော် တခြားသူများမှာမူ ထိုသို့ မလွယ်ကူပေ။
ယန်ကျိုးပြည်နယ်မှ ရှဲ့စူးရှု နှင့် ထုံရွှမ်ဓားဂိုဏ်းမှ လုရှူဟွာ တို့ ရင်ဆိုင်ရသည်။
နှစ်ဦးလုံးမှာ အတွင်းအားသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့်နှင့် မွေးရာပါ သိုင်းသူတော်စင်ခန္ဓာ များ ပိုင်ဆိုင်ထားကြသဖြင့် တိုက်ပွဲမှာ အလွန် ပြင်းထန်လှသည်။ ဓားချက်ချင်း ဖလှယ်ပြီးနောက် လုရှူဟွာ မှာ ခက်ခဲစွာဖြင့် အနိုင်ရသွားခဲ့သည်။
ဒါက နောက်ပိုင်း အချီတွေမှာ သူ ပိုပြီး ပင်ပန်းရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပင်။
ပိုင်ထင်းကျိီလည်း ဆက်မတက်နိုင်တော့ဘဲ တတိယအချီမှာတင် ရှုံးနိမ့်သွားခဲ့သည်။
"အစ်ကိုကြီး ဝမ်... ကျွန်တော်တို့ အချီနှစ်ဆယ်လောက် လက်ရည်စမ်းကြရအောင်။ အဲဒီနောက်တော့ ကျွန်တော့်အဖေကို ပြန်အစီရင်ခံလို့ရအောင် ကျွန်တော် အရှုံးပေးပါ့မယ် ဘယ်လိုလဲ"
ထန်ရင်ခက ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
သူသည် သူ၏ဖခင်က အတွေ့အကြုံရအောင် အတင်းအကျပ် လွှတ်လိုက်သဖြင့်သာ လာခဲ့ခြင်းဖြစ်သည်။ သူ၏ အရည်အချင်းမှာ ဤမျှအထိ ရောက်လာသည်မှာပင် တော်တော်လေး ဟုတ်နေပြီဟု သူသိသည်။
"ကောင်းပြီလေ"
ဝမ်ချိုးရှီ သည် သူ၏ ဓားနှစ်စုံကို ကိုင်လျက်... "ဒါဆို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်လိုက်ကြရအောင်"
သူတို့နှစ်ဦးသည် စင်မြင့်ပေါ်တွင် ထိုစကားများကို တိုးတိုးလေး ပြောဆိုခဲ့ကြသည်။
တိုက်ပွဲ စတင်သည်။
အချီနှစ်ဆယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ထန်ရင်ခသည် ဝမ်ချိုးရှီ ၏ ပြိုင်ဘက် မဟုတ်သည်မှာ ထင်ရှားသည်။ သူ၏ အစွမ်းကုန် ထုတ်သုံးပြီးချိန်တွင် သူသည် ဓားကို ပြန်သိမ်းရန် ပြင်လိုက်သော်လည်း သူ၏ ပြိုင်ဘက်က ရပ်တန့်မည့် အရိပ်အယောင် လုံးဝ မရှိသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။
လခွဲဓားနှစ်စုံ ၏ စွမ်းအားမှာ တစ်ချက်ထက်တစ်ချက် ပိုမို ပြင်းထန်လာပြီး သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။ သူ၏ မျက်လုံးထဲတွင် ထိုဓားချက်များမှာ ဓားသွားများဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ် လေဆင်နှာမောင်းကြီးတစ်ခုအလား။
"အစ်ကိုကြီး ဝမ်... ဘာသဘောလဲ"
ထန်ရင်ခ၏ ဓားကို ဆုပ်ကိုင်ထားသော ညာလက်မှ သွေးများ တရစပ် စီးကျလာသည်။
"ကျွန်တော်တို့ သဘောတူထားတာလေ..."
"ဘယ်သူက မင်းနဲ့ သဘောတူလို့လဲ"
ဝမ်ချိုးရှီ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ရာ ပုံပျက်သွားသည် "ဒီနေ့ မင်းရဲ့ လက်တစ်ဖက်ကို ချန်မထားခဲ့ဘဲ ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့"
"ဘာဖြစ်လို့လဲ"
ထန်ရင်ခမှာ နားမလည်နိုင်ဖြစ်နေသည် "ကျွန်တော် ခင်ဗျားတို့နဲ့ မပူးပေါင်းခဲ့လို့လား..."
"မင်းက ပြောရဲသေးတယ်ပေါ့"
ဝမ်ချိုးရှီက ခြိမ်းခြောက်လိုက်သည်။ သူ၏ လက်စွပ်ပုံစံ ဓားဦးများမှာ ပိုမို တောက်ပစွာ ဝေ့ယမ်းလာသည် "မကူညီသင့်တဲ့သူကို ကူညီပြီး မပူးပေါင်းသင့်တဲ့သူဘက်က ရပ်တည်ခဲ့တာ ဘယ်သူလဲ"
မျက်စိမှိတ် အနားယူရင်း နောက်ထပ်ပွဲကို စောင့်နေသော ချန်ဆန်းရှီ သည် ဆူညံသံကြောင့် သတိပြုမိသွားကာ မျက်မှောင်ကြုတ်လိုက်သည်။ ညီအစ်ကို ထန်... မြန်မြန် အရှုံးပေးမှ ဖြစ်တော့မယ်။
"ကျွန်တော် အရှုံးပေးတယ်... အရှုံးပေးတယ်"
တန်ရင်ခ သည် အခြေအနေကို သဘောပေါက်သွားပြီး ကျန်ရှိသော အင်အားဖြင့် ခုခံရင်း အကျယ်ကြီး အော်ဟစ်လိုက်သည်။
ဤစင်မြင့်အပိုင်းကို တာဝန်ယူထားသော ဗိုလ်မှူးသည် ဆူညံသံကြားသဖြင့် စင်ပေါ်သို့ အပြေးတက်လာသည်။
ဂွပ်...
သို့သော် နောက်ဆုံးအချိန်တွင် ထန်ရင်ခမတောင့်ခံနိုင်တော့ပေ။ သူ၏ ဓားရှည်မှာ မြေပြင်သို့ လဲကျသွားပြီး ဝမ်ချိုးရှီ၏ ဓားမှာ သူ၏ ပုခုံးပေါ်သို့ ရက်စက်စွာ ကျရောက်သွားသည်။ အရေပြားကို ဖောက်ထွက်ပြီး အရိုးကိုပါ ဖြတ်တောက်သွားကာ လက်တစ်ဖက်လုံး ပြတ်တောက်သွားတော့မည့် အလားပင်။