← Chapters

အခန်း (၁၉၃)

Vol. 17 Ch. 193

အခန်း (၁၉၃)

Vol. 17 Ch. 193

ထိုအချိန်တွင် ချိုင်ယွီရှင်းသည် အရှေ့မြောက်ဘက်ရှိ ငါးနိုင်ငံလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်လေသည်။

သူမသည် ထိုငါးနိုင်ငံရှိ အဝါရောင်ကောင်းကင်ဂိုဏ်း၏ တပည့်များကို နှိမ်နင်းခဲ့ရုံသာမက၊ ၎င်းတို့၏ ရတနာပစ္စည်း များစွာကိုလည်း သိမ်းယူခဲ့သည်။ ချိုင်ယွီရှင်းသည် ဤတိုက်ပွဲရလဒ်အပေါ် အလွန်ကျေနပ်အားရနေပြီး "ညီမတို့ရေ ငါတို့တွေ အောင်ပွဲခံနိုင်ခဲ့ပြီ။ အခုတော့ နန်းတော်ကို ပြန်ရမည့်အချိန်ပဲ၊ ပြန်ရောက်ရင် အားလုံးကို ဆုလာဘ်တွေ အများကြီး ပေးသနားဖို့ အရှင်မင်းကြီးထံ ငါတင်ပြပေးမယ်" ဟု ကြွေးကြော်လိုက်သည်။

"ဟုတ်ကဲ့ပါ စစ်သူကြီး" ဟု လူတိုင်းက ပျော်ရွှင်စွာ ပြိုင်တူ ထူးလိုက်ကြသည်။

တစ်ပတ်ခန့်အကြာတွင် သူတို့သည် နန်းတော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ချိုင်ယွီရှင်းက တိုက်ပွဲအသေးစိတ်ကို နန်းတွင်း၌ အစီရင်ခံသည်။

လင်းပိုင်ဖန်သည် တိုက်ပွဲအခြေအနေများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နေခဲ့သူဖြစ်ရာ သူက ပြုံးလျက် "ဗိုလ်ချုပ်ကြီးချိုင်နဲ့ မဟာရှရဲ့ ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တော်တို့၊ မောင်မင်းတို့အားလုံး ပင်ပန်းသွားကြပြီ။ ဗိုလ်ချုပ်ကြီးချိုင်.. ငါကိုယ်တော်ရဲ့ အမိန့်ကို ခံယူစေ။ ပြီးခဲ့တဲ့ရက်တွေအတွင်း ဆက်တိုက် အောင်ပွဲဆင်နိုင်ခဲ့တဲ့အတွက် အခု အားလုံးကို တစ်ခါတည်း ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်မယ်။ မောင်မင်းကို ဖုန်းဝူ မြို့စားဘွဲ့ကို အပ်နှင်းလိုက်တဲ့အပြင် ငွေတေး တစ်သောင်းကိုလည်း ဆုလာဘ်အဖြစ် ပေးသနားတော်မူတယ်" ဟု မိန့်ကြားလိုက်သည်။

"ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ချိုင်ယွီရှင်းသည် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ ဤဆုလာဘ်က သူမ၏နှလုံးသားကို အမှန်တကယ် ထိမှန်စေခဲ့သည်။ သူမသည် မြို့စားဘွဲ့ကို ပထမဆုံး ရရှိသည့် အမျိုးသမီးဗိုလ်ချုပ်ဖြစ်ကြောင်း သိသင့်ပေသည်။ ဤသတင်းသည် လူတိုင်းကို အံ့အားသင့်သွားစေမည်မှာ အသေအချာပင်။

"ဖီးနစ်တပ်ဖွဲ့ ရဲ့ အဖွဲ့ဝင်တိုင်းဟာ ယောကျ်ားသားတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အမျိုးသမီးတွေပဲ။ မောင်မင်းတို့က စစ်သည်တွေဖြစ်ပေမဲ့လည်း ငါကိုယ်တော်ကပဲ အစဉ်အလာသစ်တစ်ခုကို သတ်မှတ်ပေးမယ်။ မောင်မင်းတို့ကို နဝမအဆင့် အရာရှိတွေရဲ့ ခံစားခွင့်အတိုင်း စစ်လစာပေးမယ်။ ဒါ့အပြင်ကိုမှ တစ်ယောက်ချင်းစီကို ဆုလာဘ်အဖြစ် နောက်ထပ် ငွေတေး ၁၀၀ စီ ပေးမယ်"

ဖီးနစ်တပ်ဖွဲ့မှ ကိုယ်စားလှယ်များသည် ဝမ်းသာအားရဖြင့် "ရက်ရောတဲ့ ဆုလာဘ်တွေအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ဟု ဆိုလိုက်ကြသည်။ နဝမအဆင့် အရာရှိများကဲ့သို့ လစာရရှိခြင်းကြောင့် သူတို့သည် တစ်နှစ်လျှင် ငွေတေး ၃၀ ကျော် ရရှိမည်ဖြစ်ရာ၊ ၎င်းမှာ တစ်နှစ်လျှင် ဘိလပ်မြေအိမ်တစ်လုံးစီ ဝယ်နိုင်သည့် ပမာဏနှင့် ညီမျှသည်။ ဤခံစားခွင့်မှာ စစ်သည်တော်များအတွက် အလွန်ပင် ရက်ရောလှသည်။ ထို့အပြင် တစ်ဦးလျှင် ငွေတေး ၁၀၀ ရရှိမည် ဆိုတာဟာလည်း အလွန်များပြားသော ပမာဏပင် ဖြစ်သည်။

အခြားတပ်ဖွဲ့များကိုလည်း သူတို့၏ အားထုတ်မှုအတွက် တစ်ဦးလျှင် ငွေ ၃ တေးစီ ဆုချခဲ့သည်။ ထို့နောက် လင်းပိုင်ဖန်သည် အခြားသော ထူးချွန်သော အရာရှိများစွာကိုလည်း ဆုလာဘ်များ ဆက်လက်ပေးအပ်ခဲ့ရာ ငွေတေး ၅ သိန်းကျော်မှာ ခဏချင်းပင် ကုန်စင်သွားလေသည်။

လူတိုင်း အလွန်ပျော်ရွှင်သွားကြပြီး "ဒီလိုရက်ရောတဲ့ ဧကရာဇ်မင်းလက်အောက်မှာ အလုပ်လုပ်ရတာ တန်ဖိုးရှိတယ်" ဟု ကိုယ့်ဘာကိုယ် တွေးမိကြသည်။

အဝါရောင်ကောင်းကင်ဂိုဏ်းကို အနိုင်ယူပြီးနောက် မဟာရှနိုင်ငံတော်သည် ငြိမ်းချမ်းသောကာလသို့ ရောက်ရှိလာခဲ့သည်။ တိုးပွားလာသော သယံဇာတနှင့် လူဦးရေများကို မိမိတို့၏ အင်အားအဖြစ် ပြောင်းလဲရန် အချိန်ယူ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သည်။

သို့သော် အိမ်နီးချင်း မဟာကျူး နှင့် မဟာရှီ နိုင်ငံတို့၏ အခြေအနေမှာမူ မကောင်းလှပေ။ ကောင်းကင်စစ်သူကြီး နှင့် မြေပြင်စစ်သူကြီးတို့သည် ၎င်းတို့၏ ဌာနချုပ်ကို ထိုနိုင်ငံကြီးနှစ်ခုသို့ ပြောင်းရွှေ့လိုက်ကတည်းက အဝါရောင်ကောင်းကင်ဂိုဏ်း၏ အင်အားမှာ တောမီးကဲ့သို့ ပြန့်နှံ့လာခဲ့သည်။

မဟာရှီနှင့် မဟာကျူး နိုင်ငံတို့သည် အဆက်မပြတ် ဒုက္ခရောက်နေကြသည်။ အဝါရောင်ကောင်းကင်ဂိုဏ်း ဝင်များကို မည်သို့ပင် နှိမ်နင်းပါစေ ၎င်းတို့မှာ မသေနိုင်သကဲ့သို့ ဖြစ်နေပြီး၊ တစ်ဖွဲ့ကို သတ်လိုက်တိုင်း နောက်ထပ်တစ်ဖွဲ့ ပေါ်လာပြန်သည်။ နောက်ဆုံးတွင် သူတို့သည် မဟာရှနိုင်ငံထံမှ အကူအညီတောင်းရန် သံတမန်များကို စေလွှတ်ခဲ့ရသည်။

လင်းပိုင်ဖန်က အခက်တွေ့နေဟန်ဖြင့် "မောင်မင်းတို့ရဲ့ အခက်အခဲကို ငါကိုယ်တော် သိပါတယ်။ ဒါပေမဲ့ ငါတို့လည်း အခုလေးတင် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲထားရလို့ အကျအဆုံးတွေက များပြားခဲ့တယ်။ တကယ်ကို ကူညီနိုင်စွမ်း မရှိသေးဘူး။ ဒါကြောင့် မောင်မင်းတို့ နိုင်ငံတော်ကိုပဲ ပြန်ကြပါတော့" ဟု ဆိုလိုက်သည်။

သံတမန်နှစ်ဦးမှာ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။ "တိုက်ပွဲကြီး ဆင်နွှဲပြီး အကျအဆုံးများတယ်လို့ ပြောရဲသေးတယ်"

"မျက်လုံးအပြူးသားနဲ့ လိမ်နေတာပဲ။ မင်းတို့တပ်တွေက စည်ကိုတီးလိုက်တာနဲ့တင် လက်ဖျားနဲ့တောင် ထိစရာမလိုဘဲ စစ်ပွဲက ပြီးသွားတာလေ။ အခုမှ လာပြီး အကျအဆုံးများတယ်တောင် ပြောနေသေးတယ်။ ပိုက်ဆံအိတ် ဖောင်းသွားတာကိုလည်း ငါတို့သိပြီးပြီ။ ရွှေ၊ ငွေ၊ ရတနာတွေ တင်ဆောင်လာတဲ့ လှည်းတွေဆိုတာက တန်းစီနေတာပဲ"

"မဟာရှနိုင်ငံရဲ့ အခြေအနေကို ကျွန်တော်မျိုးတို့လည်း သိပါတယ်" ဟု မဟာရှီသံတမန်က မျက်နှာသေဖြင့် လိမ်ညာပြောဆိုလိုက်သည်။ "မဟာရှနိုင်ငံ ခံစားလိုက်ရတဲ့ ဆုံးရှုံးမှုတွေအတွက် ကျွန်တော်မျိုးတို့ အထူးပင် စာနာမိပါတယ်။ ဒါကြောင့် စစ်ကူမလွှတ်နိုင်တာကို နားလည်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးဆီမှာရှိတဲ့ မှော်အတတ်တွေကို ဖြိုခွင်းနိုင်တဲ့ စည်ကြီးကိုပဲ ခေတ္တငှားရမ်းပေးဖို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် မဟာရှီနိုင်ငံက ထာဝရ ကျေးဇူးတင်နေမှာပါ"

"ဟုတ်ပါတယ်။ စည်ကြီးတစ်လုံးပေးတာနဲ့တင် လုံလောက်နေပါပြီ" ဟု မဟာကျူးသံတမန်ကလည်း ဖြည့်စွက်ပြောလိုက်သည်။

အဝါရောင်ကောင်းကင်ဂိုဏ်းကို မဟာရှနိုင်ငံက အပြတ်အသတ် အနိုင်ရခဲ့ခြင်းမှာ စည်ကြီးတစ်လုံးကြောင့် ဖြစ်သည်ကို သူတို့ စုံစမ်းသိရှိထားပြီးသား ဖြစ်သည်။ ထိုစည်ကို တီးခတ်လိုက်သည်နှင့် ဂိုဏ်းဝင်များသည် သတိပြန်ဝင်လာကြသည်။ ထိုသို့ဆိုလျှင် အဝါရောင်ကောင်းကင်ဂိုဏ်း၏ ခြိမ်းခြောက်မှုမှာ အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။

"မောင်မင်းတို့ပြောနေတာ အဲဒီစည်ကြီးအကြောင်းလား။ တကယ်ကို ကံမကောင်းတာပဲ"

လင်းပိုင်ဖန်က သက်ပြင်းချရင်း "အဲဒီစည်က ပြန်လာတဲ့လမ်းမှာ ပျက်စီးသွားပြီ။ အခု သုံးလို့မရတော့ဘူး။ ဒါကြောင့် မကူညီနိုင်တာကို စိတ်မကောင်းပါဘူး" ဟု ဆိုလိုက်သည်။

"ဘာ…! ပျက်သွားပြီ ဟုတ်လား"

"သုံးလို့မရတော့ဘူးလား"

သံတမန်နှစ်ဦးမှာ ထိတ်လန့်သွားကြသည်။

လင်းပိုင်ဖန်က တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "မဟာရှဧကရာဇ်ခင်ဗျာ… အဲဒီစည်က တကယ်ပဲ ပျက်သွားတာလား" ဟု မဟာကျူးသံတမန်က ထပ်မံမေးမြန်းလိုက်သည်။

လင်းပိုင်ဖန်က "ဧကရာဇ်တစ်ပါးဟာ လိမ်ညာပြောဆိုလေ့ မရှိဘူး။ မောင်မင်းတို့ကို ဘာလို့ လိမ်ညာရမှာလဲ" ဟု တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်လေသည်။

သံတမန်နှစ်ဦးမှာ မျက်တောင်တခတ်ခတ် ဖြစ်သွားကြသည်။ ပျက်သွားပြီတဲ့လား။ ဖြစ်နိုင်ပါ့မလား။ ဒီလောက် တန်ဖိုးရှိတဲ့စည်ကို ဘယ်သူကများ ဖျက်ဆီးရက်မှာလဲ။ သူတို့သည် လင်းပိုင်ဖန်၏ ရိုးသားဖြူစင်ဟန်ရှိသော မျက်နှာကို ကြည့်ပြီး သူ အမှန်အတိုင်း ပြောနေခြင်း မဟုတ်ဟု ခံစားနေရသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ကာပြလိုက်ကာ- "ကဲ တခြားကိစ္စမရှိရင် သွားနိုင်ပြီ။ ငါကိုယ်တော် အနားယူဖို့ လိုတယ်" ဟု ဆိုကာ မောင်းထုတ်လိုက်သည်။

သံတမန်နှစ်ဦးသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာရင်း လမ်းမှာ စကားပြောကြသည်။

"အဲဒီစည်ပျက်သွားပြီဆိုတာ မင်းယုံလား"

"ဘယ်ယုံမလဲ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ရဲ့ ပါးစပ်က ဘယ်တော့မှ အမှန်ထွက်တာ မဟုတ်ဘူး။ သူက လုံးဝကို ကောက်ကျစ်စဥ်းလဲလွန်းတယ် ။ သူ့ရဲ့ အကျင့်စာရိတ္တက ပုပ်သိုးနေတာ။ နှလုံးသားတင် မဟုတ်ဘူး၊ သူ့ဆီက ထွက်တဲ့သွေးတောင် အမည်းရောင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အခု ဘာဆက်လုပ်ကြမလဲ၊ စည်မပါရင် ငါတို့ တာဝန်မကျေရာ ကျလိမ့်မယ်"

"ခိုးခိုင်းလိုက်ရင်ရော"

"အကြံကောင်းပဲ အဲဒီအတိုင်း လုပ်ကြစို့"

ထို့ကြောင့် သူတို့သည် ငွေအမြောက်အမြားသုံးကာ အဆင့်မြင့်အရာရှိများကို လာဘ်ထိုးပြီး စည်ကြီး ထားရှိရာနေရာကို စုံစမ်းခဲ့သည်။ ထို့နောက် ကျွမ်းကျင်သူများကို စေလွှတ်ကာ စည်ကို ခိုးယူခိုင်းလိုက်သည်။

ထိုသူများသည် နန်းတော်ထဲသို့ ခိုးဝင်ပြီး စည်များသိမ်းဆည်းရာနေရာသို့ ရောက်သောအခါ စည်ကြီး ၁၀ လုံး ရှိနေသည်ကို တွေ့လိုက်ရပြီး မှင်သက်သွားကြသည်။

"ဟေ့… ဒီမှာ စည်ကြီး ၁၀ လုံးတောင် ရှိတာပဲ"

"ဘယ်ဟာက အစစ်လဲ"

"ငါ ကြည့်ရတာတော့ အားလုံးက တူတူပဲ။ အားလုံး အစစ်တွေဖြစ်ရမယ်။ မဟာရှက စည် ၁၀ လုံးတောင် ရှိနေတာတောင် ငါတို့ကို တစ်လုံးတောင် မငှားဘူး၊ တကယ်ကို ကောက်ကျစ်တာပဲ"

"အားလုံးကို ခိုးသွားကြစို့။ မဟာရှအတွက် တစ်လုံးမှ မချန်ထားနဲ့အဂတိလိုက်စားနေတာပဲလေ။

"ဟီးဟီး…. အကြံကောင်းပဲ"

ထိုသို့ဖြင့် သူတို့သည် စည်ကြီး ၁၀ လုံးလုံးကို ခိုးယူကာ တိတ်တဆိတ် ထွက်ခွာသွားကြလေတော့သည်။

All Chapters