← Chapters

အခန်း (၁၉၄)

Vol. 17 Ch. 194

အခန်း (၁၉၄)

Vol. 17 Ch. 194

သူတို့ကို မိမိတို့နိုင်ငံသို့ ပြန်လည်ယူဆောင်လာပြီးနောက်၊ ၎င်းတို့ကို အသုံးပြုရမည့်အချိန်သို့ သဘာဝကျစွာ ရောက်ရှိလာတော့သည်။

မဟာရှီနိုင်ငံတွင် မဟာရှီဧကရာဇ်သည် မိမိရှေ့ရှိ စည်ကြီး ၅ လုံးကို အံ့အားသင့်စွာ ကြည့်ရှုရင်း "ဒါတွေက အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ ပြုစားမှုတွေကို ချေဖျက်ပေးနိုင်တဲ့ စည်တွေလား။ ကြည့်ရတာ သာမန်ပါပဲလား" ဟု ဆိုလိုက်သည်။

"အရှင်မင်းကြီး၊ ဒါတွေက တကယ့်အစစ်အမှန်တွေပါ"

မဟာရှီနိုင်ငံမှ သံတမန်တစ်ဦးက ဂုဏ်ယူစွာဖြင့် "အစကတော့ ကျွန်တော်မျိုးတို့က မဟာရှ ဧကရာဇ်ဆီကနေ နတ်စည်တွေကို ငှားချင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့က စည်တွေပျက်နေတယ်ဆိုပြီး လိမ်ညာခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်မျိုးတို့က သူတို့ကို မယုံကြည်ဘဲ နည်းလမ်းအချို့ကို သုံးပြီး စုံစမ်းကြည့်တော့မှ စည်တွေကို နန်းတော်ထဲမှာ ဝှက်ထားမှန်း သိခဲ့ရတာပါ။ အဲဒီနောက် တခြားနည်းလမ်းတွေ သုံးပြီးတော့ ခိုးယူခဲ့တာပါ။ စုစုပေါင်း စည်ကြီး ၁၀ လုံးရှိတာကို ၅ လုံးကိုတော့ မဟာကျူးက ယူသွားပါတယ်"

မဟာရှီဧကရာဇ်က ဝမ်းသာအားရဖြင့် "ကောင်းပြီ။ တကယ်လို့ ဒီစည်တွေကသာ အံ့ဖွယ်စွမ်းပကားတွေ တကယ်ရှိမယ်ဆိုရင် မင်းတို့ဟာ ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုခဲ့တာပဲ။ အခု အဝါရောင်ကောင်းကင်ဂိုဏ်းဝင်တွေက ငါ့ရဲ့ မဟာရှီနိုင်ငံမှာ ပရမ်းပတာတွေ လုပ်နေကြပြီ၊ ဒီစည်တွေကို ဘာလို့ အမြန်အသုံးမပြုသေးတာလဲ"

"မှန်လှပါ၊ အရှင်မင်းကြီး"

သူတို့သည် မြို့တော်၏ မြို့ရိုးပေါ်သို့ ရောက်ရှိလာကြသည်။ မြို့ရိုးအောက်တွင် အဝါရောင်ကောင်းကင်ဂိုဏ်းဝင် အပေါင်းအဖော်များစွာတို့သည် မြို့တော်ကို ဝိုင်းရံပိတ်ဆို့ထားကြသည်။

မဟာရှီဧကရာဇ်က ခေါင်းညိတ်ပြလိုက်ရာ သံတမန်သည် မဟာရှထံမှ ခိုးယူလာသော စည်ကြီးတစ်လုံးကို ထုတ်ယူကာ ပြင်းထန်စွာ တီးခတ်လေတော့သည်။ စည်သံပျံ့လွင့်သွားသည်နှင့် မြို့ရိုးအောက်ရှိ လူအုပ်ကြီးသည် တဖြည်းဖြည်း မေ့လဲသွားကြသည်။

မဟာရှီဧကရာဇ်က ကျေနပ်စွာ ရယ်မောရင်း "ဒီစည်က တကယ်ထိရောက်တာပဲ။ စည်တီးလိုက်တာနဲ့ အောက်ကလူတွေ အားလုံး မေ့လဲကုန်ပြီ။ ဒါပေမဲ့ အနည်းငယ်လောက် တီးရုံနဲ့ လုံလောက်ပါ့မလား။ ငါကိုယ်တော်တော့ နည်းနည်းတော့ စိုးရိမ်မိတယ်"

"အရှင်မင်းကြီး စိတ်ချလက်ချသာ နေပါ"

မဟာရှီသံတမန်က ပြုံးလျက် "ဒီစည်က ဒီလိုပါပဲ။ အကြိမ်အနည်းငယ် တီးခတ်ရုံနဲ့တင် အဝါရောင်ကောင်းကင်ဂိုဏ်းဝင်တွေကို နိုးထလာစေနိုင်ပါတယ်။ မူလက မဟာရှဟာ ဒီစည်ကို အားကိုးပြီး အခက်အခဲတွေကို ကျော်ဖြတ်ကာ အဝါရောင်ကောင်းကင်ဂိုဏ်းကို နှိမ်နင်းခဲ့တာပါ။ ဒီစည်ရှိရင် ကျွန်တော်မျိုးတို့ အဝါရောင်ကောင်းကင်ရဲ့ ဘေးအန္တရာယ်ကို သေချာပေါက် ဖြေရှင်းနိုင်ပါလိမ့်မယ်"

မဟာရှီဧကရာဇ်သည် ပို၍ပင် ပျော်ရွှင်သွားပြီး "ကောင်းပြီ။ စည်တွေကို ဘာလို့ အမြန် ခွဲဝေပေးလိုက်တော့" ဟု အမိန့်ပေးလိုက်သည်။

ထို့ကြောင့် စည်ကြီး ၅ လုံးအနက် ၁ လုံးကို မြို့တော်တွင် ထားရှိပြီး ကျန် ၄ လုံးကို စစ်မျက်နှာ ၄ ခုရှိ တပ်မတော်များထံသို့ ခွဲဝေပေးပို့လိုက်သည်။ လမ်းတစ်လျှောက်တွင်လည်း စည်ကို တီးခတ်ပြီး စိတ်ညှို့ခံထားရသော သာမန်ပြည်သူများကို နိုးထစေရန် ညွှန်ကြားခဲ့သည်။

ဤစည်များသည် အံ့ဖွယ်အကျိုးသက်ရောက်မှု ရှိသည်။ စည်သံကြားရသည်နှင့် အဝါရောင်ကောင်းကင် ဂိုဏ်းသားအားလုံး မေ့လဲကုန်ကြသည်။ ထို့ကြောင့်ပင် မဟာရှီဧကရာဇ်သည် အရာရှိများနှင့်အတူ အောင်ပွဲခံရန်ပင် စတင်ပြင်ဆင်နေပြီဖြစ်သည်။

သို့သော်လည်း သူတို့မသိသည်မှာ ထိုအဝါရောင်ကောင်းကင်ဂိုဏ်းသားများ ပြန်လည်နိုးထလာသောအခါ သူတို့၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

"အို အထက်က အဝါရောင်ကောင်းကင်ကြီး၊ အကျွန်ုပ်တို့ကို အောင်ပွဲများ ပေးသနားတော်မူပါ"

"အဝါရောင်ကောင်းကင်ရဲ့ စောင့်ရှောက်မှုအောက်မှာပဲ ငြိမ်းချမ်းတဲ့နေ့ရက်တွေကို ဖော်ဆောင်နိုင်မယ်"

"အပြာရောင် ကောင်းကင်က သေဆုံးသွားပြီ၊ အဝါရောင်ကောင်းကင်က မကြာခင် ထွန်းတောက်တော့မည်"

သူတို့သည် အနီးရှိ လက်နက်များကို ဆွဲကိုင်ကာ ခံစစ်များကို ဆက်လက်တိုက်ခိုက်ပြီး လုယက်ဖျက်ဆီးခဲ့ကြသည်။ သူတို့သည် ပို၍ပင် ကြမ်းတမ်းလာပြီး သေခြင်းတရားကို မကြောက်မရွံ့ ရင်ဆိုင်လာကြသည်။ သို့သော်လည်း မဟာရှီနိုင်ငံက သူတို့အပေါ် ပြုစားထားမှုများ ပျောက်ကွယ်သွားပြီဟု ယုံကြည်ကာ အကာအကွယ်များကို လျှော့ချထားခဲ့သည်။ သတိမမူမိသော အချိန်တွင် စစ်တပ်သည် သူတို့၏ ထိုးစစ်ဆင်မှုကြောင့် ဖရိုဖရဲ ဖြစ်သွားရသည်။

မြို့တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်ကာ နေရာအနှံ့ မီးခိုးများ အူထွက်နေတော့သည်။ သတင်းကို ရရှိခဲ့သောအခါ မဟာရှီဧကရာဇ်သည် အလွန်အမင်း ဒေါသထွက်သွားသည်။ "ဘာတွေဖြစ်နေတာလဲ။ စည်တီးလိုက်ရင် သူတို့ သတိပြန်ဝင်လာမယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ အခုထိ ဒီလိုဖြစ်နေရတာလဲ"

မဟာရှီသံတမန်သည် ချွေးများ စို့လျက် "အရှင်မင်းကြီး၊ သူတို့ကို စိတ်ညှို့ထားတာ အရမ်းနက်ရှိုင်းနေတဲ့ အတွက် လုံးဝ သတိမရသေးတာ ဖြစ်နိုင်ပါတယ်။ စည်ကို ဆက်တီးနေမယ်ဆိုရင် သူတို့ နိုးထလာကောင်း နိုးထလာနိုင်ပါတယ်"

မဟာရှီဧကရာဇ်က "ဒါဆို ဘာကို စောင့်နေတာလဲ။ အခုချက်ချင်း သွားလုပ်စမ်း" ဟု အော်ဟစ်လိုက်သည်။

ခဏအကြာတွင် သူတို့သည် စည်ကြီးကို သယ်ဆောင်လာပြီး အစွမ်းကုန် တီးခတ်ကြပြန်သည်။ သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ စည်သံကြားရသောအခါ အဝါရောင်ကောင်းကင်ဂိုဏ်းသားများသည် မေ့လဲ မသွားသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားလာကာ စည်တီးသည့် ဘက်သို့ ဦးတည်ကာ ထိုးစစ်ဆင်လာကြသည်။

"အပြာရောင် ကောင်းကင်က သေဆုံးသွားပြီ၊ အဝါရောင်ကောင်းကင်က မကြာခင် ထွန်းတောက်တော့မည်"

"အဝါရောင်ကောင်းကင်နတ်ဘုရားကို ဆန့်ကျင်တဲ့သူတွေဟာ သူပုန်တွေပဲ၊ သူတို့ကို သတ်ပစ်ကြ"

"သတ်ကြ။ သစ္စာဖောက်သူခိုးတွေက ဒီမှာရှိတယ်"

မဟာရှီဧကရာဇ်သည် ဒေါသတကြီး အော်လိုက်ကာ- " ချီးလိုပဲ… တကယ်ကို စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

တစ်ချိန်တည်းမှာပင် မဟာရှီနိုင်ငံတစ်ဝှမ်း ပျံ့နှံ့နေသော အဝါရောင်ကောင်းကင်ဂိုဏ်းသားများသည်လည်း သတိဝင်လာကာ ဆက်လက်လုယက် သတ်ဖြတ်ပြီး အလွန်အမင်း ရက်စက်စွာ သိမ်းပိုက်ခဲ့ကြသည်။ မဟာရှီစစ်သားများသည် သတိမထားမိဘဲ တိုက်ခိုက်ခံလိုက်ရသဖြင့် အကျအဆုံး များပြားခဲ့သည်။ ရလဒ်အနေဖြင့် မဟာရှီနိုင်ငံသည် ယခင်ကထက် ပို၍ပင် ရှုပ်ထွေးသွားခဲ့တော့သည်။

မဟာကျူးနိုင်ငံတွင်လည်း အခြေအနေမှာ ထိုနည်းအတိုင်းပင်။ ဤအချိန်တွင် သူတို့သည် မဟာရှ၏ လှည့်ဖြားမှုကို ခံလိုက်ရပြီဖြစ်ကြောင်းကို အဘယ်ကြောင့် မသိဘဲ နေပါတော့မည်နည်း။ သူတို့သည် မိမိတို့၏ စိတ်ထဲတွင် လင်းပိုင်ဖန်ကို အကြိမ်ပေါင်း သောင်းချီ၍ ကျိန်ဆဲနေကြသည်။

ကျိန်ဆဲခံနေရသော လင်းပိုင်ဖန်မှာမူ အခြေအနေအရပ်ရပ်ကို အေးအေးဆေးဆေး စောင့်ကြည့်ရင်း သက်သောင့်သက်သာဖြင့် နေထိုင်နေလေသည်။ သို့သော် ထိုအချိန်တွင် မဟာလီမင်းဆက်၏ ကိုးယောက်မြောက်မင်းသား လီထျန်းချုံးသည် မမျှော်လင့်ဘဲ ရောက်ရှိလာသည်။

လင်းပိုင်ဖန်က ဒေါသတကြီးဖြင့် "မင်း ဘာလို့ တစ်ခါပြန်လာတာလဲ။ မင်းရဲ့ ခိုးချင်ဝှက်ချင်တဲ့စိတ်က မကုန်သေးဘူးလား။ ငါပြောမယ်၊ မင်းရဲ့ ဆရာတူအစ်မ ယွီရှင်းက ငါ့လူပဲ။ အသက်ရှင်ရင်လည်း ငါ့လူ၊ သေရင်လည်း ငါပိုင်တဲ့ သရဲပဲ။ ဒါကြောင့် အဲဒီစိတ်ကူးကို လက်လျှော့လိုက်တော့"

ကိုးယောက်မြောက်မင်းသားက ခါးသီးသော အပြုံးဖြင့် "ဆရာတူအစ်မနဲ့ ပတ်သက်လို့တော့ ငါ လက်လျှော့လိုက်တာ ကြာပါပြီ"

"ဒါဆို မင်း ဒီကို ဘာလာလုပ်တာလဲ" လင်းပိုင်ဖန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။

"ငါ ဒီကိုလာတာက အတင်းအကျပ် စီစဉ်ထားတဲ့ အိမ်ထောင်ရေးကနေ ထွက်ပြေးလာတာပဲ"

"အိမ်ထောင်ရေးကနေ ထွက်ပြေးလာတာ" လင်းပိုင်ဖန် မျက်လုံးပြူးသွားသည်။

"ဟုတ်တယ်၊ အိမ်ထောင်ရေးကနေ ထွက်ပြေးလာတာ။ ငါ ပြန်ရောက်သွားတော့ ခမည်းတော်က ငါ တစ်ယောက်တည်း ဖြစ်နေတာကို မြင်ပြီး အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးခဲ့တယ်။ သတို့သမီးလောင်းက ကောင်းကင်အဆင့်တစ်ယောက်ရဲ့ အဖိုးတန်သမီး ဟန်ချူချူတဲ့။ သူက သူ့အဖေ အသက်ကြီးမှရတဲ့ သမီးမို့လို့ အလွန်အလိုလိုက်ခံရတယ်။ ဒါကြောင့် သူမနဲ့ လက်ထပ်ရင် အဲဒီကောင်းကင်အဆင့် သိုင်းပညာရှင်ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်နိုင်မယ်လို့ ခမည်းတော်က မျှော်လင့်နေတာ"

"ဒါ သတင်းကောင်းပဲလေ၊ ဂုဏ်ယူပါတယ်" လင်းပိုင်ဖန်က အားရပါးရ ရယ်မောလိုက်သည်။

"ဘာကို သတင်းကောင်းလဲ" နဝမမင်းသားက စိတ်တိုတိုဖြင့် ဆိုလိုက်သည်။ "အဲဒီမိန်းမ ဘယ်လောက် ရုပ်ဆိုးလဲဆိုတာ မင်း မသိပါဘူး။ သူက အရပ်ရှည်ရှည် ဗလတောင့်တောင့်၊ အသားအရေက ကြမ်းတမ်းပြီး ယောက်ျားတစ်ယောက်ထက်တောင် ပိုပြီး ယောက်ျားဆန်သေးတယ်။ ကြားတာတော့ ပေါင် ၁၀၀၀ ကျော်လောက်တောင် လေးသတဲ့"

"အဲဒါ ပိုကောင်းတာပေါ့" လင်းပိုင်ဖန်က ရယ်မောကာ ဆိုလိုက်သည်။ "မင်းက လူတစ်ယောက်စာ တင်တောင်းလိုက်ရပေမဲ့ တကယ့်တကယ်ကျတော့ လူ ၁၀ ယောက်နဲ့ လက်ထပ်ရသလို ဖြစ်နေတာပဲ၊ ဘယ်လောက်တောင် တွက်ခြေကိုက်လဲ"

ကိုးယောက်မြောက်မင်းသားမှာ ဒေါသထွက်လာကာ "သွားစမ်းပါ၊ မင်းပါးစပ်က ဘယ်တော့မှ ကောင်းတဲ့စကား ထွက်မလာဘူး။ တကယ်လို့ အဲ့နေရာမှာ မင်းသာဆိုရင် လက်ခံမှာလား"

လင်းပိုင်ဖန်က သက်ပြင်းချလိုက်ကာ- "ဒီလို ကံကောင်းခြင်းမျိုးက ငါနဲ့မတန်ပါဘူး၊ မင်းနဲ့ပဲ သင့်တော်ပါတယ်"

"ဒါကြောင့်လည်း သူမလက်ကနေ လွတ်အောင် ငါ ဒီကို ပြေးလာတာပေါ့" ဟု ကိုးယောက်မြောက်မင်းသားက ခါးသီးစွာ ပြောလိုက်သည်။

လင်းပိုင်ဖန် အံ့ဩသွားပြီး- "ဒါက နည်းနည်းတော့ မလွန်ဘူးလား။ လက်မထပ်ချင်ရင်တောင် ဒီလောက်အထိ ပြေးစရာ မလိုပါဘူး"

"မပြေးလို့ ဖြစ်မလား။ မင်း မသိပါဘူး၊ အဲဒီမိန်းကလေးက အင်အားသုံးရတာကို အရမ်းဝါသနာပါတာ။ ငါ သူမနဲ့ ၃ ခါပဲ တွေ့ဖူးသေးတယ်၊ တွေ့တိုင်း သူမက ငါ့ကို ရိုက်နက်နေတာကို။ မပြေးရင် ငါ သေလိမ့်မယ်" ကိုးယောက်မြောက်မင်းသားက တုန်တုန်ရင်ရင်ဖြင့် ပြောပြလိုက်သည်။

"သူမက တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းတာလား"

ထိုစဉ် မြို့ပြင်မှ ရဲတင်းသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာလေသည်။ "ကိုးယောက်မြောက်မင်းသား၊ ရှင့်ကို မြို့ထဲဝင်သွားတာ ကျွန်မသိတယ်။ မပုန်းနဲ့တော့၊ ရှင် မလွတ်ပါဘူး။ လိမ္မာပါးနပ်စွာနဲ့ပဲ ထွက်လာပြီး ကျွန်မရဲ့ လင်ယောက်ျားသာ လုပ်စမ်းပါ၊ ဟားဟား…"

ကိုးယောက်မြောက်မင်းသား၏ မျက်နှာ ပျက်သွားပြီး- "သေပြီဟ၊ သူမ တကယ်နောက်က လိုက်လာတာပဲ၊ တစ္ဆေတစ်ကောင်လိုပဲ။ ငါ ပုန်းစရာ နေရာတစ်ခု ရှာရမယ်။ တကယ်လို့ ခင်ဗျား သူမနဲ့ တွေ့ရင် ကျွန်တော် ဒီမှာမရှိဘူးလို့ ပြောပေးပါ"

လင်းပိုင်ဖန်က "ဟိုဘက်က နန်းဆောင်ထဲမှာ သွားပုန်းလိုက်၊ ငါ ကူညီပေးမယ်" ဟု အဆောတလျင် ပြောလိုက်သည်။ ကိုးယောက်မြောက်မင်းသားက ကျေးဇူးတင်စကားဆိုကာ နန်းဆောင်ထဲသို့ လျှပ်တစ်ပြက် ပြေးဝင်သွားသည်။

ခဏအကြာတွင် ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းပြီး နံရံများကို ကျော်တက်ကာ အမိုးများပေါ်မှ ခုန်ဆင်းနိုင်သည့် အမျိုးသမီးတစ်ဦး နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ လင်းပိုင်ဖန်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် အံ့အားသင့်သွားရသည်။ သူကိုယ်တိုင်မှာ မပုသော်လည်း သူမနှင့် ယှဉ်လိုက်လျှင် ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။

ထိုအမျိုးသမီးသည် ခါးထောက်ရပ်ကာ လင်းပိုင်ဖန်ကို ငုံ့ကြည့်လျက် "ကိုးယောက်မြောက်မင်းသား ဘယ်မှာလဲ။ သူ ဒီကို လာတာ ကျွန်မ တွေ့လိုက်တယ်" ဟု မေးမြန်းလိုက်သည်။

လင်းပိုင်ဖန်က မော့ကြည့်ပြီး "သူက သူဒီမှာ မရှိဘူးလို့ ပြောသွားတယ်"

"အော်" ထိုအမျိုးသမီးက မျက်မှောင်ကြုတ်လျက် "သူ ဒီမှာ မရှိရင် တခြား ဘယ်နေရာမှာ ရှိနိုင်ဦးမလဲ"

လင်းပိုင်ဖန်က ချက်ချင်း ခေါင်းခါပြကာ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး- "ငါ့ကို မမေးနဲ့။ ငါမသိဘူး၊ ဒါပေမဲ့ သူ ဟိုနန်းဆောင်ထဲမှာတော့ သေချာပေါက် မရှိဘူး"

အမျိုးသမီး၏ အကြည့်သည် ထိုနန်းဆောင်ဆီသို့ စူးရှစွာ ရောက်သွားပြီးနောက် "ကျေးဇူးပဲ" ဟုပြောကာ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ ခဏအကြာတွင် နန်းဆောင်အတွင်းမှ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ "လင်းပိုင်ဖန်…. မင်း ငါ့ကို ညာတယ်"

ကိုးယောက်မြောက်မင်းသားသည် ယခုတစ်ကြိမ်တွင် မပြေးနိုင်တော့ဘဲ အရိုက်ခံလိုက်ရသဖြင့် ဒဏ်ရာများကိုသာ ကုသနေရတော့သည်။

လင်းပိုင်ဖန်က သနားသလို ကြည့်ရင်း "သူက မင်းရဲ့ သတို့သားလောင်းပဲလေ၊ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား"

ဟန်ချူချူက သူမ၏လက်များကို ခါထုတ်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့်- "စိတ်မပူပါနဲ့၊ ကျွန်မမှာ အတိုင်းအတာ ရှိပါတယ်။ သူက အပြင်းအထန် ဒဏ်ရာရသလို ထင်ရပေမဲ့ အပေါ်ယံ ဒဏ်ရာလေးတွေတင်ပါပဲ။ ရက်အနည်းငယ် နားလိုက်ရင် ပျောက်သွားမှာပါ။ ကဲ ကျွန်မ ပြန်တော့မယ်၊ နောက်ရက်အနည်းငယ်နေရင် သူ့ကို ပြန်လာကြည့်မယ်"

စကားဆုံးသည်နှင့် သူမသည် အလျင်အမြန် ပြေးထွက်သွားသည်။

လင်းပိုင်ဖန်သည် စိတ်ပျက်အားငယ်နေသော ကိုးယောက်မြောက်မင်းသားကို ကြည့်ကာ "စိတ်မပျက်ပါနဲ့။ စကားပုံရှိသားပဲ၊ ‘ရိုက်နှက်တာက သံယောဇဉ်၊ ဆဲတာက အချစ်တဲ့’။ အချစ်တွေ အရမ်းများလာရင် ခြေထောက်နဲ့တောင် ကန်တတ်သေးတယ်။ ကြည့်စမ်း သူမ မင်းကို ဘယ်လောက်ချစ်လဲဆိုတာ၊ မင်းကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် မင်းကို ဒုက္ခိတဖြစ်လုနီးပါးအထိတောင် ရိုက်လိုက်တာ"

"အဓိပ္ပာယ်မရှိတာတွေ" ကိုးယောက်မြောက်မင်းသားမှာ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး "အခုတော့ ငါ ဘာလို့ ပြေးရလဲဆိုတာ မင်း မြင်ပြီမလား။ မပြေးရင် ငါ တကယ် အသက်ရှင်မှာ မဟုတ်တော့ဘူး"

"ထူးဆန်းတာက သူက မင်းရဲ့ သတို့သမီးလောင်းပဲလေ၊ ဘာလို့ တွေ့တိုင်း ရိုက်နေရတာလဲ" လင်းပိုင်ဖန် ဇဝေဇဝါ ဖြစ်နေသည်။

ကိုးယောက်မြောက်မင်းသား၏ အကြည့်များက ဝေးလွင့်သွားပြီး- "သူမ ပြောဖူးတာကတော့ သူမ အိပ်မက်ထဲက ခင်ပွန်းလောင်းဟာ တစ်နေ့မှာ ရောင်စုံတိမ်တိုက်တွေကို စီးပြီး သူမကို လာလက်ထပ်မယ့် သူရဲကောင်းတစ်ယောက်တဲ့။ ဒါပေမဲ့ ငါ့ပုံစံက အားနည်းနေတာကို မြင်တော့ သူမက စိတ်ပျက်သွားပြီး တွေ့တိုင်း ငါ့ကို လေ့ကျင့်ပေးနေတာပဲ။ ဒါပေမဲ့ သူမက ချီဖွဲ့တည်ခြင်းအဆင့် တစ်ယောက်လေ ၊ ငါက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ အဟွတ် အဟွတ်.."

"ဩော် ထူးချွန်လွန်းတာကလည်း အပြစ်တစ်ခုပဲကိုး" လင်းပိုင်ဖန်က သက်ပြင်းချလိုက်သည်။

ကိုးယောက်မြောက်မင်းသား၏ နှုတ်ခမ်းထောင့်မှာ တွန့်သွားပြီး- "အဲဒီလို လှောင်ပြောင်တဲ့ စကားတွေကို ရပ်လို့မရဘူးလား"

"ဒါဆို မင်းက အိမ်ထောင်ရေးကနေ ထွက်ပြေးဖို့ ရွေးချယ်လိုက်တာပေါ့" လင်းပိုင်ဖန်က မေးလိုက်သည်။

ကိုးယောက်မြောက်မင်းသားက ခါးသီးစွာ ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ငါ တခြားဘာလုပ်နိုင်ဦးမှာလဲ။ ခမည်းတော်ရော အဲဒီ ကောင်းကင်အဆင့် သိုင်းပညာရှင်ရော ဒီအိမ်ထောင်ရေးကို သဘောတူနေကြတာ။ ငါ့မှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး၊ ဒါကြောင့် ထွက်ပြေးရတာပဲ။ တော်ဝင်မိသားစုဝင် ဖြစ်ရတာက ကိုယ့်ကံကြမ္မာကိုယ် မဖန်တီးနိုင်တာပဲ"

"သနားစရာ ကောင်လေးပဲ" လင်းပိုင်ဖန်က ကိုယ်ချင်းစာကြောင်း ဖော်ပြလိုက်လေသည်။

ထိုစဉ် ကိုးယောက်မြောက်မင်းသားသည် အားယူ၍ မတ်တတ်ရပ်လိုက်သည်။ "လင်းပိုင်ဖန်၊ ဒီအိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ သူမကို နားချပေးလို့ ရမလား"

လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ကာ "ငါ ဘယ်လို နားချရမလဲ။ မင်းရဲ့ ခမည်းတော်ရော၊ ဟို သိုင်းပညာရှင်ရောက သဘောတူနေတာပဲကို၊ မင်း ကံကြမ္မာကိုပဲ လက်ခံလိုက်ပါတော့"

ကိုးယောက်မြောက်မင်းသားသည် လင်းပိုင်ဖန်၏ အနားတွင်ရှိသော အမျိုးသမီးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

"ဆရာတူအစ်မ"

ချိုင်ယွီရှင်းသည်လည်း စိတ်မကောင်းဖြစ်သွားရသည်။ "အရှင်မင်းကြီး၊ အရှင်မှာ လှည့်ကွက်တွေ အများကြီး ရှိတာပဲကို၊ ကျွန်မရဲ့ ဆရာတူမောင်လေးကို ကူညီပေးပါဦး။ ဒီလို ကျားမလို မိန်းမမျိုးနဲ့ လက်ထပ်လိုက်ရင် သူတစ်သက်လုံး ပျော်ရမှာ မဟုတ်ဘူး"

ကိုးယောက်မြောက်မင်းသား၏ မျက်လုံးများ တောက်ပသွားပြီး- "ကျေးဇူးတင်ပါတယ်၊ ဆရာတူအစ်မ"

လင်းပိုင်ဖန်က မချိုမချဥ် အပြုံးဖြင့် "ဒါက ခက်ခဲတဲ့ အလုပ်ပဲ။ ငါ အစွမ်းကုန် ကြိုးစားကြည့်ပေးမယ်လို့ပဲ ပြောနိုင်မယ်"

All Chapters