ကျုံးကျိုးလျို့ဝှက်နယ်မြေ
Vol. 21 Ch. 203
“ဂျူနီယာညီမလေးက ဒီနေ့ ပိုပြီးတော့တောင် လှနေပါလား...”
“ပြောမနေနဲ့တော့။ တကယ် ပြောမနေနဲ့တော့။ အရင်ကတည်းက ရှုမငြီးနိုင်စရာ ကောင်းပြီးသား ဆိုပေမဲ့ ဒီနေ့တော့ သူက တကယ့်ကို...”
“ငါ သိပြီ။ အဲဒီထူးဆန်းတဲ့ ပိုးသားခြေအိတ်ရှည်တွေကြောင့်ပဲ။ ဘယ်လိုပြောရမလဲဆို...”
တပည့်နှစ်ယောက် စကားလုံးရှာမရဖြစ်နေစဉ် တတိယမြောက် အသံတစ်ခု လွင့်ပျံ့လာသည်။ ထိုအသံတွင် အရက်မူးနေသောဟန်နှင့် ကဗျာဆန်သော အလှတရားများ ပါဝင်နေ၏။
“နူးညံ့တဲ့တိမ်တိုက်တွေက သူရဲ့ ခြေကျင်းဝတ်ကို ပွတ်သပ်နေပြီး ကြာပန်းလို ခြေလှမ်းတိုင်းမှာ လင်းလက်တဲ့ မြူခိုးတွေ ကျန်ရစ်ခဲ့တယ်။ ကျောက်စိမ်းလို အလှတရားက ဆီးနှင်းတွေကိုတောင် အရှက်ရစေပြီးတော့ နွေဦးရဲ့နွေးထွေးမှုက ပန်းချီကားချပ်ကို ခြယ်သနေသလိုပဲ။”
လူအုပ်ကြီး လှည့်ကြည့်လိုက်ရာ ခါးတွင် အရက်ဘူးများ ချိတ်ထားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ခြေလှမ်း မလှမ်းရသေးခင်မှာပင် လမ်းလျှောက်ပုံက အရက်မူးပြီး ယိမ်းထိုးနေသော အလှတရားမျိုး ရှိနေ၏။
၇လှမ်း အတွင်းမှာပင် သူက နောက်ထပ် ကဗျာတစ်ပုဒ် ရွတ်ဆိုလိုက်ပြန်သည်။
“ပိုးသားက ကျောက်စိမ်းခြေလှမ်းကို ပတ်နွယ်လို့ သူ့ရဲ့နောက်မှာ မြူခိုးတွေ ဝေဆာနေတယ်။ လမင်းရဲ့ အဆီအနှစ်တွေ ခဲသွားသလား၊ နှင်းစက်တွေ သူ့ခြေဖျားကို လာနမ်းလေသလား။ ဒီလောကမှာ အလှတရား ကင်းမဲ့နေတယ်လို့ ဘယ်သူက ဆိုရဲတာလဲ။ တိမ်တိုက်စလေးက နတ်သမီးလေးရဲ့ မျက်နှာကို ဖုံးကွယ်ထားသလိုပဲ...”
“ဟားဟားဟား။ ကောင်းတယ်။ တကယ်ကို ကောင်းတယ်...”
“ဪ... လက်စသတ်တော့ စီနီယာအစ်ကို ရှုအန်ကိုး...”
“စီနီယာအစ်ကို ရှုအန် ကဗျာပြန်ရွတ်နေပြီ။ မြန်မြန်လုပ်။ တစ်ယောက်ယောက် သူ့ပါးစပ်ကို ပိတ်လိုက်ကြ...”
“ရှုအန်... မင်းက ငါတို့ ဂျူနီယာညီမလေးအကြောင်း လျှောက်ပြောရဲတယ်ပေါ့။”
ရက်စက်မှုတောင်ထွတ်၏ အကြီးဆုံးတပည့်ဖြစ်သူ တွမ်ဖုန်း၏ အေးစက်သောအသံ ထွက်ပေါ် လာခဲ့သည်။
“မဟုတ်ရပါဘူး၊ မဟုတ်ရပါဘူး။” ရှုအန်က သူ့အရက်ဘူးကို မကာ ခေါင်းခါရင်း အားရပါးရ ရယ်မောလိုက်သည်။ “အလှတရားဆိုတာ တန်ဖိုးထားတဲ့သူတွေအတွက် ပွင့်လန်းတာပဲလေ။ ငါတို့ကတော့ ကုန်ဆုံးသွားမယ့် အချိန်မြစ်ထဲက ပရိသတ်တွေ သက်သက်ပါပဲ။ ပရိသတ်တွေ ဖြစ်နေမှတော့ ငါတို့ ဘာလို့ အမွှမ်းမတင်ရမှာလဲ။”
“ကျွတ်... သူ ဘာတွေ လျှောက်ပြောနေတာလဲ။” တွမ်ဖုန်းက သူ့နားထင်များ တဒိတ်ဒိတ် ခုန်လာသည်ကို ခံစားလိုက်ရပြီး ရှုအန်နှင့် ဝေးရာကို နှစ်လှမ်းလောက် ဆုတ်လိုက်၏။ သူက ဓားသမားတစ်ယောက်ဖြစ်ပြီး သတ်ဖြတ်ရန်သာ သိသော လူကြမ်းတစ်ယောက်ပင်။ ကဗျာတွေ၊ အလှတရားတွေ ခံစားဖို့လား။ တော်ပါပြီ။ သူက လက်ထဲမှ ဓားကိုသာ ဖက်ထားချင်၏။
“ဂျူနီယာညီမလေးက တန်ဖိုးထားရတဲ့သူ တစ်ယောက်အတွက် ပြင်ဆင်တာဆိုရင်...”
တိမ်တိုက်ပန်းချီကားများ ထိုးထားသော အပြာရောင်ဝတ်ရုံထဲမှ အသံတစ်ခု ထွက်လာသည်။ ထိုလူက ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားပြီး သူ့လက်ချောင်းများက နဂါးပုံဖော်ထားသော ဓားရိုးပေါ် အသာအယာ တင်ထား၏။ သူ့ရုပ်ရည်က သာမန်သာ ဖြစ်သော်လည်း သူ၏ တည်ငြိမ်သော အမူအရာနှင့် သိန်းငှက်လို ထက်မြက်သော မျက်လုံးများကတော့ လျှော့တွက်၍ မရနိုင်ကြောင်းကို သက်သေပြနေပေသည်။
“ဒါဆို ပြောစမ်းပါဦး။ ရှုအန်။ ဘယ်သူက သူ့ရဲ့ စိတ်ကို ရယူနိုင်ခဲ့တာလဲ။”
ရှုအန်က ၎င်းမှာ ထောင်ချောက်မှန်း သိသိကြီးနှင့် ခနဲ့တဲ့တဲ့ ပြုံးပြီး ပြန်ဖြေလိုက်သည်။ “စီနီယာအစ်ကို ကျန့်ဟယ်... ခင်ဗျားရဲ့ လျို့ဝှက်ဓားဓာတ်လုံးတွေကို တန်ဖိုးဖြတ်ခိုင်းဖို့ ရှာနေတဲ့ သူက အဲဒီလူပဲပေါ့။”
လူအုပ်ကြီးကြားထဲမှာ ရယ်သံများ ပွင့်ထွက်သွားခဲ့သည်။
လူတိုင်းက နဂါး၉ကောင် ဧကရာဇ်ရထားလုံး အရှေ့ဆုံးဆီကို လှည့်ကြည့်လိုက်ကြ၏။
ထိုနေရာတွင် လူတစ်ယောက် ရပ်နေသည်။ သူက အရပ်ရှည်ပြီး သွယ်လျသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည့် အမည်းရောင် တိုက်ပွဲဝတ်ရုံကို ဝတ်ထား၏။ သူ့ဆီမှ ပြင်းထန်သော ဓားစွမ်းအင်များ စီးထွက်နေပြီး လွင့်မျောနေသော တိမ်တိုက်များကို ပိုင်းဖြတ်နေသည်။ သူ၏ ရှည်လျားသော ငွေရောင်ဆံနွယ်များက ရေတံခွန်လို ဝဲကျနေပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ သူ၏ မယိုင်မလဲ တည့်တည့်ရပ်နေတဲ့ အနေအထားက ကောင်းကင်ကို ထိုးဖောက် နိုင်လောက်သည်အထိ ထက်မြက်သော ဓားအသိကို ထုတ်ဖော်နေလေသည်။
ဓားကျောင်းတော်၏ ဘိုးဘေး ချန်ဟွိုက်အန်ပင်။
ဓားကျောင်းတော် တပည့်များအတွက်တော့ ၎င်းက မြင်နေကျ မြင်ကွင်းတစ်ခု ဖြစ်သည်။
ဂိုဏ်းထဲမှ ချစ်စဖွယ်ကောင်းတဲ့ ဂျူနီယာညီမလေးအပေါ် စိတ်ဝင်စားသူ မရှိသည်တော့ မဟုတ်။
သို့သော် ဘိုးဘေးအပေါ်ထားသော လီချင်းရန်၏ အကြည့်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အဖြေက ပေါ်နေလေပြီ။ ကြွေကျသော ပန်းပွင့်လေးများက ရေစုန်ဆီကို မျှော်လင့်နေသော်လည်း ရေအလျဉ်ကတော့ အဆုံးမရှိသော ပင်လယ်ကြီးဆီသို့သာ စီးဆင်းသွားသလိုပင်။
သူတို့ လုပ်နိုင်သည်က တိတ်တဆိတ် ဆုတောင်းပေးရင်း လေ့ကျင့်မှုတွင်သာ အာရုံစိုက်ရန် ဖြစ်သည်။
“မင်းတို့ ဘာတွေ ပြောနေကြတာလဲ။ လျို့ဝှက်နယ်မြေကို ရောက်တော့မယ်။ အမူအရာတွေ ထိန်းကြစမ်း...”
စုချီနျန် မျက်နှာပျက်ပျက်နှင့် လျှောက်လာပြီး တောင်ထွတ်အသီးသီးမှ တိုက်ရိုက်တပည့်များကို တစ်ယောက်တစ်ချက် လိုက်ကန်တော့သည်။
ဓားကျောင်းတော် တပည့်များလည်း ချက်ချင်း စကားစဖြတ်လိုက်ကြပြီး သက်ဆိုင်ရာ နေရာများတွင် တိတ်ဆိတ်စွာ ပြန်ရပ်လိုက်ကြ၏။
စီနီယာအစ်မ ယွဲ့ချန်ချီ တစ်ယောက်သာ စုချီနျန်ကို ဂရုမစိုက်ဘဲ နေနိုင်လေသည်။ သူက စည်းကမ်းများကို ဂရုမစိုက်သလို၊ လီချင်းရန်နှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူပြီး ရထားလုံး၏ အရှေ့ဘက်မှ သီးသန့်အခန်းထဲ လီချင်းရန်နှင့်အတူ ဖက်ရှင်အကြောင်း ဆက်ပြီး ဆွေးနွေး နေလေသည်။
သူလည်း ပိုးသားခြေအိတ်ရှည်များကို သဘောကျသွား၏။ သို့သော် သူက အမည်းရောင်ကို ပိုကြိုက်သည်။
ကျုံးကျိုး လျို့ဝှက်နယ်မြေ....
တောင်တန်းပေါင်းတစ်သိန်းကြား ကြီးမားသော ကြေးနီတံခါးကြီး နှစ်ချပ်က ကောင်းကင်ယံမှာ မြင့်မားစွာ တည်ရှိနေ၏။
ထိုပတ်ဝန်းကျင်တွင် လွင့်မျောနေသော တောင်ထွတ်များ ရှိနေပြီး ထိုနေရာအပေါ်တွင် ရှေးဟောင်းဂိုဏ်းများ တည်ဆောက်ထားသော တာအိုစုံစမ်းရေးစင်မြင့်များ ရှိနေသည်။
မွန်းတည့်ချိန်တွင်တော့ တိမ်တိုက်ပင်လယ်ကြီးက ဆူပွက်နေသော ရေများလို ရုတ်တရက် လှုပ်ခတ်လာ၏။ လွင့်မျောနေသော တောင်ထိပ် ၁၂ခုလုံး ပြိုင်တူ တုန်ခါသွားပြီး မျက်နှာပြင်မှ ရွှေပြာရောင် ကျောက်တုံးများက ရွှေရောင်ဖုန်မှုန့်များလို လွင့်စင်ကျလာခဲ့သည်။
ကြေးနီတံခါးကြီး နှစ်ချပ်ဆီမှ အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး တံခါးကြားတွင် ဝဲကယက် မြူခိုးများ စတင်ဖြစ်ပေါ်လာ၏။ တံခါးပေါ် ထွင်းထုထားသော ရှေးမှော်စာများကလည်း ကူးခတ်နေသော ငါးလေးများလို ရွေ့လျားနေကြလေသည်။
လျို့ဝှက်နယ်မြေ၏ တံခါးဝတွင်တော့ ခေါင်း၉လုံးပါသော အမည်းရောင် မြွေနဂါး ရုပ်ထုကြီးက ကြောက်စရာကောင်းအောင် ပတ်ခွေနေ၏။ ၎င်း၏ ကြေးခွံကြားမှ ချီစွမ်းအင်များ စိမ့်ထွက်လာပြီး ကောင်းကင်တွင် မိုင်ပေါင်းတစ်ရာ ကျယ်ဝန်းသော ဝဲကယက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
“လျို့ဝှက်နယ်မြေတံခါး ပွင့်တော့မယ်...”
“ဒီတစ်ခါ ကျုံးကျိုးလျို့ဝှက်နယ်မြေက အဓိကနဲ့ အရန်နယ်မြေ နှစ်ခုလုံး ပြိုင်တူပွင့်တာဆိုတော့ တကယ့်ကို အံ့မခန်း မြင်ကွင်းပဲ...”
“ဒါပေါ့။ ဂိုဏ်းပေါင်း ၁၈ဂိုဏ်း ပါဝင်နေတာ။ လေလွင့်ကျင့်ကြံသူတွေကို ထည့်မတွက် သေးဘူးနော်။ အဲဒီထဲမှာ တကယ့် အစွမ်းထက်တဲ့သူတွေလည်း ပါလာလိမ့်မယ်။ ဒီတစ်ခါ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်မှာပဲ။”
အဝေးမှ လေလွင့် ကျင့်ကြံသူများသည် ဂိုဏ်းအသီးသီး၏ မိုးပျံလှေများ လွင့်မျောနေသော တောင်ထွတ်များအပေါ် ဆင်းသက်ပြီး သတ်မှတ်နေရာ ယူနေသည်ကို ကြည့်နေကြ၏။
ချင်းယွန်ဂိုဏ်း၏ မိုးပျံလှေက အကြီးဆုံးပင်။ ချင်းယွန်ဘိုးဘေးက နေဝင်ဆည်းဆာ တိမ်တိုက် တစ်ခုကို ဖြတ်ယူပြီး ထိုလှေအဖြစ် သန့်စင်ခဲ့သည်ဟု သတင်းကြီးသည်။ အဝေးမှ ကြည့်လျှင် ကောင်းကင်မှ ဆင်းသက်လာသော တိမ်တိုက်ကြီးတစ်ခုနှင့် တူနေ၏။
လင်းရှီးတောင်ကြား၏ ပန်းပေါင်းတစ်ရာဝိညာဉ်လှေကတော့ ငှက်ပြာများနှင့် လိပ်ပြာလေးများ ဝန်းရံထားပြီး ဖြတ်သွားလေရာတိုင်း မွှေးရနံ့များ ကျန်ရစ်ခဲ့သောကြောင့် အလွယ်တကူ မှတ်မိနိုင်ပေသည်။
အဂ္ဂိရတ်ဂိုဏ်းကတော့ ထုံးစံအတိုင်း ရှေးဟောင်း ဆေးချက်ဖိုပုံစံလှေနဲ့ ရောက်လာခဲ့လေသည်။ ထိုလှေက အတော်လေး အိုဟောင်းနေကာ အပေါ်တွင် ရေညှိများပင် တက်နေလေပြီ။
ဝိညာဉ်သားရဲဂိုဏ်းက ခန့်မှန်းရ ခက်သည်။ ယခုနှစ်တွင် သူတို့က အဖြူရောင်ကြေးခွံပါသော ဧရာမမြွေဟောက်ကို စီးလာကြ၏။ လွန်ခဲ့သောနှစ်က ဧရာမမီးဝက်ကို စီးလာခဲ့ခြင်း ဖြစ်သည်။ ထိုဝက်ကြီး၏ ချော်ရည်များ ဖုံးနေသော အမွေးတွေသည် ခြေလှမ်းတိုင်းတွင် မြေကြီးကို အက်ကွဲစေခဲ့သည်။
“နေပါဦး။ ဟိုဟာက ဓားကျောင်းတော်ရဲ့ စင်မြင့် မဟုတ်လား။ ဘာလို့ ရှောက်ယန်ဂိုဏ်းက လူတွေ အပေါ်ကို ရောက်နေတာလဲ။”
ကျင့်ကြံသူ တစ်ယောက်က လွင့်မျောနေသော အသေးဆုံးတောင်ထွတ်ကို လက်ညှိုးထိုးရင်း တအံ့တသြ မေးလိုက်သည်။
“ရှောက်ယန်ဂိုဏ်းက ဒီ၂နှစ်အတွင်းမှာ တော်တော် နာမည်ကြီးလာတာ။ သူတို့မှာ အသက်၃၀ မပြည့်ခင်မှာပဲ ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်တဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်။ ပြီးတော့ သူတို့ ဂိုဏ်းချုပ် ကျန်းထင်ဟိုင်ကလည်း အခြေတည်ဝိညာဉ်အဆင့် ပြည့်စုံခြင်းကို ရောက်နေပြီ။ သူသာ ဒီလျို့ဝှက်နယ်မြေထဲမှာ အခွင့်အရေး ရခဲ့ရင်တော့ ပေါင်းစည်းခြင်းအဆင့်ကိုတောင် တက်သွားနိုင်တယ်...”
“စဉ်းစားကြည့်ရင်တော့ ဓားကျောင်းတော်က နှစ်တိုင်း အရင်ဆုံး ရောက်တတ်တာ။ သူတို့ရဲ့ ဓားပျံတွေက အမြန်ဆုံးပဲလေ။ ပြီးတော့ အကောင်းဆုံး နေရာကိုလည်း အမြဲ ရယူနိုင်ကြတယ်။ ဒါပေမဲ့ ဒီနှစ် ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ။”
“ကျွတ်... သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းသွားပြီလေ။”
“ကျဆင်းသွားတယ် ဟုတ်လား။ ဒါပေမဲ့ ငါ ကြားတာတော့ ဓားကျောင်းတော်က ဂိုဏ်းတွေထဲမှာ ပုန်းနေတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို ပထမဆုံး ဖော်ထုတ်နိုင်ခဲ့ပြီးတော့ မဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး နောက်ကွယ်က မိစ္ဆာကောင်ကြီးကိုတောင် သတ်နိုင်ခဲ့တယ် ဆိုလား...”
“ဒါတွေက အပြောတွေပါကွာ။ မင်း မြင်ခဲ့လို့လား။”
ချင်းယွန်ဂိုဏ်းရဲ့ တာအိုစုံစမ်းရေးစင်မြင့်ပေါ်တွင်...
လုချန်ထျန်းက ဘေးတွင် လွင့်မျောနေသော တောင်ထိပ်ကို စိုက်ကြည့်နေ၏။
ယခင်နှစ်များတွင် ဓားကျောင်းတော်က ထိုတောင်ထွတ်ကို သိမ်းပိုက်ခဲ့သော်လည်း ယခုနှစ်တွင် ရှောက်ယန်ဂိုဏ်းက ရယူသွားခဲ့လေပြီ။
၎င်းမှာ ဓားကျောင်းတော်၏ အင်အားများ အမှန်တကယ်ပင် လျော့နည်းသွားပြီ ဆိုသည်မှာ ထင်ရှားနေ၏။
“လီချင်းရန်၊ လီချင်းရန်... ကြည့်စမ်း။ ဒါက မင်း ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပဲ။”
“ငါ ပြောသားပဲ။ ချင်းယွန်ဂိုဏ်းကနေ ထွက်ပြီး ဓားကျောင်းတော်ကို သွားတာကို... တစ်နေ့ မင်း နောင်တရလိမ့်မယ်လို့။”
ဓားကျောင်းတော် တပည့်များ၏ သနားစရာအခြေအနေကို တွေးမိရင်း လီချင်းရန်၏ စိတ်ပျက် အားငယ်နေမည့်မျက်နှာကို သူ မြင်ယောင်နေမိသည်။
သို့သော် သူကတော့ မတူပေ။
ဂျူနီယာညီမလေး မုပိုင်ရွှမ်၏ ကျေးဇူးကြောင့် သူက အကောင်းဆုံး ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်စဉ် တစ်ခုကို ရခဲ့သည်။
သူ၏ ကျင့်ကြံမှုအဆင့်က အပြည့်အဝ ပြန်မကောင်းသေးသော်လည်း တိုက်ခိုက်နိုင်စွမ်းက ယခင်အတိုင်း သန်မာနေဆဲပင်။
ထိုကျင့်စဉ်က အရင်းအမြစ်များ ရှိနေသရွေ့ အရှိန်အဟုန်နှင့် တိုးတက်နိုင်ပေသည်။ သူ၏ အဆင့်သာ ပြန်တက်လာခဲ့လျှင် ထိုပါရမီရှင်ဆိုသောကောင်များက သူ့မျက်လုံးထဲတွင် ဘာမှ မဟုတ်တော့ပေ။
လျို့ဝှက်နယ်မြေထဲတွင် ရတနာတွေ အများအပြား ရှိနေသည်။ ထိုအရာက သူ့အတွက် ရွှေရောင်အခွင့်အရေးပင်။
သူက မုပိုင်ရွှမ်ကို လှမ်းကြည့်လိုက်မိသည်။
နောက်ပိုင်းတွင် မုပိုင်ရွှမ်က စိတ်ဓာတ်ကျနေသလို ဖြစ်နေပြီး လျို့ဝှက်နယ်မြေခရီးစဉ်မှာပင် ပါဝင်ဖို့ ငြင်းဆန်နေခဲ့သည်။ သူက တော်တော်လေး စိတ်လေနေပုံရ၏။
စီနီယာအစ်ကို တစ်ယောက်အနေဖြင့် ဂရုစိုက်ပေးရန်က သူ့တာဝန်ပင်။
သို့သော် သူ လှည့်ကြည့်လိုက်သော အချိန်တွင်တော့..
မုပိုင်ရွှမ် မရှိတော့ပေ။
ဒီကလေးမလေး...
ဘယ်ကို ပြေးသွားတာလဲ။
သူ ဆက်မစဉ်းစားနိုင်ခင်မှာပင်...
“ဝုန်း...”
ကောင်းကင်တစ်ခွင် နဂါးဟိန်းသံများ ပြိုင်တူ မြည်ဟည်းသွား၏။
လုချန်ထျန်း ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်မိသည်။
မိုးကုတ်စက်ဝိုင်း အစွန်းတွင် တိမ်တိုက်များ အပြင်းအထန် ဝုန်းဒိုင်းကြဲကုန်၏။
ထိုကြားမှ ဧရာမနဂါးလက်သည်းကြီးများ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် နက်ရှိုင်းသော အက်ကွဲကြောင်း ၉ခုကို ဆွဲဖြဲလိုက်တော့သည်။
...