ပိုင်းဖြတ်လိုက်ရုံပေါ့
Vol. 21 Ch. 204
“ရှောက်ယန်ဂိုဏ်းက ဘာဖြစ်နေတာလဲ။ ဓားကျောင်းတော်ရဲ့ တာအိုစုံစမ်းရေးစင်မြင့်ကို သိမ်းပိုက်ထားတယ်ပေါ့။ ချင်းရွှမ်း... သူတို့ကို သွားပြီးတော့ ဖယ်ခိုင်းလိုက်။”
တိမ်တိုက်များ ဖုံးလွှမ်းထားသော ကျောင်းဆောင်တစ်ခုတွင် ထိုင်နေသော ချင်းယွန်ဘိုးဘေး၏ အသံက ငြင်းဆန်မရသော အရှိန်အဝါများ ပြည့်နှက်နေ၏။ သူ၏ ပုံမှန် အသံသြသြကြီးနှင့် မတူဘဲ ယနေ့တွင်တော့ ဆွဲဆောင်မှုရှိသည့် ရင့်ကျက်သော အမျိုးသမီးတစ်ယောက်၏ အသံမျိုး ထွက်ပေါ်နေသည်။
“အမေ အဲ... ဘိုးဘေး... ဒါက စင်မြင့်တစ်ခုပဲလေ။ သူတို့ယူချင် ယူပါစေပေါ့။ ကျွန်တော်တို့ ဂိုဏ်းက ဓားကျောင်းတော်နဲ့တောင် အဆင်ပြေတာ မဟုတ်ဘူး။ ဘာလို့ သူတို့အတွက် ကြားဝင် ပေးနေရမှာလဲ။” တာအိုပညာရှင် ချင်းရွှမ်းက ကြောင်တောင်တောင်ဖြင့် လက်ယှက်ရင်း ပြောလိုက်သည်။ “နောက်ပြီးတော့ ရှောက်ယန်ဂိုဏ်းချုပ်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီလေ။ သူတို့ကို ကျွန်တော်တို့ဘက် ဆွဲဆောင်ထားတာက ပိုမကောင်းဘူးလား။”
“မင်း သွားမှာလား... မသွားဘူးလား။”
ကျောင်းဆောင်ထဲမှ ပြင်းထန်သော ဖိအားလှိုင်းတစ်ခု စီးထွက်လာခဲ့သည်။
တာအိုပညာရှင် ချင်းရွှမ်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။
သူ ချင်းယွန်ဘိုးဘေး၏ အမိန့်ကို နာခံရန် ပြင်လိုက်စဉ်မှာပင် ဝေးလံသော မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခု တိုးဝင်လာခဲ့သည်။
ကောင်းကင်ယံ တစ်ခုလုံး ရုတ်ခြည်း မှောင်အတိ ကျသွား၏။ လူအုပ်ကြီး မော့ကြည့်လိုက်ရာ နေမင်းကြီးကိုပင် ဖုံးကွယ်ထားနိုင်သော ဧရာမ စစ်ရထားလုံးကြီး တစ်စီးကို မြင်လိုက်ရသည်။ ထိုရထားလုံးက တာအိုစုံစမ်းရေးစင်မြင့်များ ရှိသည့် လွင့်မျောနေသော တောင်ထွတ်များထက်ပင် ပို၍ ကြီးမားနေ၏။ အရွယ်ရောက်ပြီးသား ရေနဂါးကြီး ၉ကောင်က ရထားလုံး၏ အရှေ့တွင် ချည်နှောင်ခံထားရပြီး လှုပ်ရှားမှုတိုင်းက သူတို့၏ သံကြိုးသံများကို ကောင်းကင်ယံတွင် ဆူညံနေစေသည်။
“ဒါ... ဒါ ဘယ်ဂိုဏ်းရဲ့ မိုးပျံလှေလဲ။”
“ဟိုအလံကို ကြည့်လိုက်။ ဟမ်.. အဲဒါ ဓားကျောင်းတော်ပဲ...”
“ဓားကျောင်းတော်က ဆင်းရဲတယ် မဟုတ်လား။ ဘယ်ကနေ ဒီလောက်ကြီးတဲ့ မိုးပျံခံတပ်ကြီး ရလာတာလဲ။ နဂါး၉ကောင်တောင် ပါသေးတယ်။ မိစ္ဆာမျိုးနွယ်တွေ ဒါကို မြင်ရင် ဒေါသ ထွက်ကုန်တော့မှာပဲ။”
လူအုပ်ကြီးတစ်ခုလုံးက ခမ်းနားထည်ဝါလှသော နဂါး၉ကောင် ဧကရာဇ်ရထားလုံးကို ပါးစပ် အဟောင်းသားနှင့် ငေးကြည့်နေကြ၏။
ဧရာမ ယာဉ်ပျံကြီးက ချင်းယွန်ဂိုဏ်းနဲ့ ရှောက်ယန်ဂိုဏ်းတို့၏ တောင်ထွတ် နှစ်ခုကြားတွင် ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း...
ဧရာမ ကြေးနီတိုင်ကြီး ၉တိုင်က ရထားလုံးပေါ်မှ ပြုတ်ကျလာပြီး အောက်မှ တောင်တန်းများထဲ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွား၏။ ရေနဂါး ၉ကောင်က ထိုတိုင်များကို ပတ်ခွေလိုက်ပြီး မိုးပျံခံတပ်ကြီးကို အခိုင်အမာ တည်ငြိမ်စေလိုက်သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လျို့ဝှက်နယ်မြေ၏ တံခါးဝမှာ ခဏတာ တိတ်ဆိတ် သွားတော့သည်။
ကျင့်ကြံသူအားလုံး အံ့အားသင့်ပြီး ကြောင်အမ်းအမ်း ဖြစ်နေကြ၏။
“ဘယ်သူ ပြောတာလဲ။ ဓားကျောင်းတော်က မွဲပြာကျနေပြီဆိုတာ ဘယ်သူ ပြောတာလဲ။”
“ငါ... ငါလည်း မသိဘူး...”
နဂါးကိုးကောင် ဧကရာဇ်ရထားလုံးပေါ်တွင်...
ချန်ဟွိုက်အန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး မေးလိုက်သည်။ “ဂိုဏ်းချုပ်စု၊ ငါတို့ ဓားကျောင်းတော်က ဂိုဏ်းကြီးတစ်ဂိုဏ်းအနေနဲ့ ကိုယ်ပိုင်စင်မြင့် ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘယ်မှာလဲ။”
စုချီနျန်၏ မျက်နှာ တောင့်တင်းသွား၏။ သူက အတင်းအကျပ် ပြုံးလိုက်ပြီး ရှောက်ယန်ဂိုဏ်း၏ အလံများ လွင့်ထူထားသော တောင်ထွတ်တစ်ခုကို တုန်တုန်ယင်ယင်နှင့် ညွှန်ပြလိုက်သည်။ “ဟိုမှာပါ။ အဲဒါ ကျွန်တော်တို့ရဲ့ စင်မြင့်ပါ...”
“သေချာလား။” ချန်ဟွိုက်အန်က ထိုတောင်ထွတ်ကို မျက်မှောင်ကြုတ် ကြည့်လိုက်၏။
“သေချာပါတယ်... ဘိုးဘေး။”
“ဒါဆို ဘာလို့ အပေါ်မှာ လူတွေ ရှိနေတာလဲ။”
“ဘိုးဘေး၊ သူတို့က ကျွန်မတို့ စင်မြင့်ကို လုယူထားတာပါ။” ယွဲ့ချန်ချီက လီချင်းရန်၏ လက်ကို ဆွဲထားရင်း ပြဿနာရှာချင်ဇောဖြင့် လွှတ်ခနဲ ပြောချလိုက်သည်။ “သူတို့ ဓားကျောင်းတော်ကို အနိုင်ကျင့်နေတာ...”
“စိတ်ဝင်စားစရာ ကောင်းသားပဲ။” ချန်ဟွိုက်အန်က အေးစက်စွာ ရယ်လိုက်၏။
“တပည့်၊ ငါ့ကို ဓားပေး။”
လီချင်းရန်က ချက်ချင်းပင် ကြေးခွံနက်ဓားကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီး ယွဲ့ချန်ချီ အနားတွင် သွားရပ်နေလိုက်သည်။
စုချီနျန် တွန့်ဆုတ်နေမိ၏။ ချန်ဟွိုက်အန်၏ တည်ကြည်နေသော မျက်နှာကို ကြည့်ရင်း သူက ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်သည်။ “ဘိုးဘေး... ခင်ဗျား...”
“ဒီစင်မြင့်က ဓားကျောင်းတော်အတွက် သေးလွန်းပါတယ်။ ပိုင်းဖြတ်လိုက်တာပေါ့...”
ချန်ဟွိုက်အန်က လက်ကောက်ဝတ်ကို အသာအယာ လှုပ်ရှားလိုက်၏။ ကြေးခွံနက်ဓားက ဓားအိမ်ထဲမှ သုံးလက်မခန့် ထွက်ပေါ်လာပြီး ဓားသွားဆီမှ ပြင်းထန်သော တုန်ခါသံ ထွက်ပေါ်လာလေသည်။ သူ့ဆီမှ ထွက်ပေါ်လာတဲ့ ဓားအသိ ပြင်းထန်မှုကြောင့် ပတ်ဝန်းကျင်က တောင်ထွတ်များပင် အနည်းငယ် နိမ့်ဆင်းသွားသလို ခံစားလိုက်သည်။
ရွှမ်း...
ပုံသဏ္ဌာန်မဲ့ ဓားစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာ၏။
ကောင်းကင်ယံကို နတ်ဘုရားတစ်ပါးက စုတ်ချက်တစ်ခုနဲ့ ဆွဲဖြဲလိုက်သလိုပင်။
တိမ်တိုက်များ ကြောက်လန့်တကြား ဖယ်ပေးလိုက်ရပြီး နေဝင်ဆည်းဆာ အလင်းတန်း များကလည်း မီးတောက်များလို ပြန့်ကျဲကုန်သည်။
ထိုဓားစွမ်းအင်က လွင့်မျောနေသော တောင်ထွတ်ကို ထိမှန်သွားသောအခါ နားကွဲမတတ် ပေါက်ကွဲသံများ ထွက်မလာခဲ့ပေ။
မြေငလျင် လှုပ်ခတ်ခြင်းမျိုးလည်း မရှိခဲ့။
ပါးလွှာသော အလင်းတန်းတစ်ခုက တောင်၏အလယ်ဗဟိုကို ထိုးဖောက်သွားရုံသာ ရှိခဲ့သည်။
ထို့နောက် မည်သည့် သတိပေးချက်မှ မရှိဘဲ တောင်ထွတ်ကြီး တစ်ခုလုံးက အလယ်မှနေ၍ လုံးဝကို နှစ်ခြမ်း ပြတ်သွားတော့သည်။
တောင်ပေါ်တွင် ရှိနေသော ကာကွယ်ရေး အခင်းအကျင်းများ ချက်ချင်းပင် ပျက်စီးသွားပြီး နှစ်ခြမ်း ပြတ်သွားသော တောင်က အောက်မှ တောင်တန်းများဆီ ပြုတ်ကျသွားခဲ့သည်။
“ဘယ်သူ လုပ်တာလဲ...”
ပြိုကျနေသော အပျက်အစီးများ အကြားမှ ရှောက်ယန်ဂိုဏ်း တပည့်များသည် အသက်လုပြီး ထွက်ပြေးနေကြရသည်။ ဟိန်းဟောက်သံတစ်ခုကလည်း အပျက်အစီးများကြားမှ ထွက်ပေါ် လာခဲ့လေသည်။
အလတ်တန်းစား ကျင့်ကြံသူ တစ်ယောက်က ကိုယ်ထဲမှ ချီစွမ်းအင် မီးတောက်များ ထွက်ပေါ်ရင်း ရှေ့ကို တိုးဝင်လာခဲ့သည်။ သူ့ရဲ့ ခေါင်းပေါင်းကလည်း အပိုင်းပိုင်း ပြတ်နေရာ ဆံပင်များ ဖားလျားကျနေပြီး ကြည့်ရသည်ကို အမှန်တကယ်ပင် သနားစရ ကောင်းနေ၏။
“ငါ လုပ်တာ။”
ချန်ဟွိုက်အန်က ရှောက်ယန်ဂိုဏ်းချုပ်ကို အေးစက်စွာ ကြည့်လိုက်ပြီး လက်မကို ဓားရိုးပေါ် တင်ထားလိုက်သည်။
“ဒီတောင်ထွတ်က ဓားကျောင်းတော် ပိုင်တာ။ ငါ့ရဲ့ စင်မြင့်ကို ငါ ပိုင်းဖြတ်တာ မင်းနဲ့ ဘာဆိုင်လဲ။ ခုနက တိုက်ကွက်က မင်းရဲ့ တပည့်တွေကို အသက်ချမ်းသာပေးခဲ့တာ။ ဒါပေမဲ့ ငါ ဓားကို ဓားအိမ် အထဲကနေ အပြည့်အဝ ဆွဲထုတ်လိုက်ရင်တော့ ဘာမှ အာမခံနိုင်မှာ မဟုတ်ဘူး။”
“မင်း...” ရှောက်ယန်ဂိုဏ်းချုပ် ကျန်းထင်ဟိုင်က မှားနေမှန်း သိသော်လည်း သူ၏မာန်မာနက ပူလောင်နေ၏။ သို့သော် ချန်ဟွိုက်အန်ကလည်း သူ့လိုအခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်း ဖြစ်နေသည်ကို မြင်လိုက်ရသော် သူ အနည်းငယ် ယုံကြည်မှု ရှိသွားခဲ့သည်။ “မင်းတို့ဂိုဏ်းက တစ်နေကုန် ပေါ်မလာလို့ ငါတို့ ခဏ သုံးထားတာပဲလေ။ ဘာကိစ္စ ဒီလိုဖြစ်သွားရတာလဲ။ ပြန်လိုချင်ရင် ပြောလို့ရတာပဲကို ဘာလို့ ဖျက်ဆီးပစ်ရတာလဲ...”
“ကျွန်မတို့ စင်မြင့်ကို ခိုးသုံးပြီးတော့ ဆင်ခြေပေးနေတယ်ပေါ့... အရှက်မရှိလိုက်တာ... ဘိုးဘေး၊ သူ့ကို သတ်ပစ်လိုက်...”
ယွဲ့ချန်ချီက နောက်မှ မီးလောင်ရာလေပင့် လုပ်လိုက်၏။
“ရိုင်းစိုင်းတဲ့ ကောင်မလေး၊ ပါးစပ်ပိတ်ထားစမ်း...”
ကျန်းထင်ဟိုင်က အစွမ်းထက်သော နည်းဗျူဟာတစ်ခုကို အသုံးချပြီး မီးတောက်များ ပါဝင်သော ဧရာမ လက်ဖဝါးကြီးတစ်ခုကို ယွဲ့ချန်ချီဆီ ပစ်လွှတ်လိုက်သည်။
သူ ယွဲ့ချန်ချီကို သတ်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။ ဒဏ်ရာရရုံလောက်သာ ပြုလုပ်ပြီး အခြေအနေကို ထိန်းညှိရန် ကြိုးစားနေခြင်းပင်။ ထိုအခါမှ နှစ်ဖက်လုံး အပေးအယူ လုပ်၍ရမည် ဖြစ်သည်။
ဓားကျောင်းတော်က လွန်ခဲ့သောနှစ်များတွင် အေးအေးဆေးဆေး နေခဲ့ပြီး တခြားဂိုဏ်းများနှင့် ပြဿနာ မတက်အောင် ရှောင်ရှားခဲ့သည်။ သူတို့၏ တစ်ခုတည်းသော အစွမ်းပြမှုက တာအိုစုံစမ်းရေးစင်မြင့်ပြိုင်ပွဲတွင်သာ ရှိခဲ့ပြီး ထိုစဉ်က တကယ့် အဖြစ်အပျက်ကို လင်းရှီးတောင်ကြားကသာ သိသည်။ တချို့ဂိုဏ်းများက ထိုကိစ္စအတွက် ချင်းယွန်ဂိုဏ်းကိုသာ အပြစ်တင်ပြီး မကျေနပ်ချက်များကို မျိုသိပ်ထားကြ၏။
မကြာသေးခင်က မိစ္ဆာနှိမ်နင်းရေးတိုက်ပွဲတုန်းကလည်း သူသည် ကျင့်ကြံနေရာ အခြေအနေ အရပ်ရပ်ကို မသိခဲ့ပေ။
ကျန်းထင်ဟိုင်၏ အမြင်တွင်တော့ ဓားကျောင်းတော်က အင်အားချည့်နဲ့နေပြီ ဖြစ်သည်။
ထို့ပြင် ယခု သူက အခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီဖြစ်ရာ သူ့ကိုယ်သူ ပြိုင်စံရှားဟု အထင်ရောက်နေ၏။
သို့သော် သူက အဓိက အမှားနှစ်ခုကို လုပ်မိသွားခဲ့သည်။
ပထမတစ်ခုက ဓားကျောင်းတော်သည့် သူတို့လူကိုထိလျှင် လုံးဝ ခွင့်မလွှတ်ခြင်းပင်။
ဒုတိယတစ်ခုမှာ သူက ချန်ဟွိုက်အန်ကို အလွန် လျှော့တွက်မိခဲ့ခြင်းပင်။
သူ တိုက်ခိုက်လိုက်သော အခိုက်အတန့်မှာပင် စုချီနျန်နှင့် ဓားကျောင်းတော် အကြီးအကဲများက ဓားရိုးများကို လှမ်းဆုပ်ကိုင်လိုက်ကြသည်။
သို့သော် ချန်ဟွိုက်အန်က ပိုမြန်၏။
အေးစက်သော အလင်းတန်းတစ်ခုက ဆည်းဆာအလင်းကို ဖြတ်ကျော်သွားခဲ့သည်။
သူ ရပ်နေသော နေရာတွင် အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့၏။
လေထဲတွင် တုန်ခါသံ ၇ချက် ဆက်တိုက် ထွက်ပေါ်လာပြီး တစ်ချက်ချင်းစီက တစ္ဆေ တစ်ကောင်လို ဓားတိုက်ကွက်များပင်။
ပိုင်းဖြတ်၊ ထိုးနှက်၊ ခုတ်ပိုင်း... ဓားသွားတိုင်းက မြူခိုးများလို လင်းလက်နေသော အရိပ်များကို ချန်ရစ်ထားခဲ့သည်။
ချန်ဟွိုက်အန် ပြန်ပေါ်လာသော အခါတွင်တော့ ကျန်ရှိနေသော ဓားချီများက ပိုးချည်မျှင်များလို လေထဲတွင် ဝဲနေတော့သည်။
မီးတောက်လက်ဖဝါးကြီး ချက်ချင်း ပျက်စီးသွား၏။ ဓားချီက ဆက်သွားနေပြီး ကျန်းထင်ဟိုင်၏ ညာဘက်ပခုံးကို ဖြတ်တောက်ကာ သူ၏ ‘ထျန်းကျုံး’နှင့် ‘ကျန့်ကျင်း’ သွေးကြောမှတ်များကိုပါ ဖျက်ဆီးပစ်လိုက်သည်။ သူ၏ ကာကွယ်ရေး စွမ်းအင်များ ချက်ချင်း ပွင့်ထွက်သွားတော့၏။
ရွှမ်း...
လေထဲတွင် သွေးမြူခိုးများ ပြန့်ကျဲသွားခဲ့သည်။
သူ၏ ပြတ်တောက်သွားသော လက်မောင်းက ကြမ်းပြင်ပေါ် မကျခင်မှာပင် အသား နုတ်နုတ်စင်းသလို အစိပ်စိပ်အမွှာမွှာ ဖြစ်သွား၏။ ကျန်းထင်ဟိုင်က သူ တိုက်ခိုက်နေသော အရှိန်အတိုင်း တောင့်တောင့်ကြီး ရပ်နေမိသည်။
“အား...”
သူက နောက်ကို ယိုင်သွားပြီး ဗလာကျင်းနေသော ပခုံးကို ဆုပ်ကိုင်ရင်း နာကျင်စွာဖြင့် မျက်နှာ ပျက်သွားခဲ့သည်။
သူက ချန်ဟွိုက်အန်ကို မယုံနိုင်စရာဘဲ ကြည့်နေမိ၏။
“မင်း... မင်းက ဓားကို ဓားအိမ်ထဲကနေတောင် မထုတ်သေးဘူး။”
သူ၏ စကားလုံးများက လည်ချောင်းထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ချန်ဟွိုက်အန်က ဓားအိမ်ထဲ ရှိနေဆဲဖြစ်သော နှင်းငွေ့ပျံနေသည့် ဓားသွားကို လက်ချောင်းနှင့် အသာအယာ ပွတ်လိုက်၏။
ကျန်းထင်ဟိုင်၏လက်ကို ဖြတ်တောက်လိုက်သော ဓားချက်မှာ...
တိုက်ခိုက်မှုမှ စိမ့်ထွက်လာသော ဓားအရှိန်အဝါ သက်သက်ပင်။
နေဝင်ဆည်းဆာ အလင်းက တိုက်ပွဲမြေပြင်ကို လွှမ်းမိုးသွားသော အခါတွင်တော့...
ကြည့်နေသူများ အားလုံး သတိထားမိလိုက်သည်က အောက်ဘက်ရှိ ချိုင့်ဝှမ်းကြီးတွင် မီတာတစ်ရာလောက် ရှည်သော ဧရာမဓားရာတစ်ခု ထင်ကျန်နေခဲ့ခြင်းပင်။
ထိုဓားရာ၏ အနားသတ်များက မှန်တစ်ချပ်လို ချောမွတ်နေ၏။
“ငါတို့ ဓားကျောင်းတော်က လူတစ်ယောက်က စကားအမှားပြောရင်တောင် အဲဒါ ငါတို့တွေ ဆုံးမရမယ့် ကိစ္စပဲ။”
ချန်ဟွိုက်အန်၏ အေးစက်သော အကြည့်က ကျန်းထင်ဟိုင်ဆီ စိုက်ဝင်နေ၏။
“ခုနက တိုက်ကွက်ကို လှိုင်းကိုခွင်းတဲ့လေကြမ်းလို့ ခေါ်တယ်။”
“တကယ်လို့ ဒီဓား ဓားအိမ်ထဲက ထွက်လာရင် ဘာဖြစ်မလဲဆိုတာ မသိချင်ဘူးဆိုရင်တော့...”
“ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ပျောက်သွားဖို့ အကြံပေးချင်တယ်။”
ချန်ဟွိုက်အန်၏ ဆက်တိုက်ဆိုသလို ထိုးနှက်ချက်၂ချက်က ကျန်းထင်ဟိုင်ကိုသာ ကြောက်လန့် သွားစေခြင်း မဟုတ်ပေ။
ပွဲကြည့်ရန် စုဝေးနေကြသော ပတ်ဝန်းကျင်မှ ဂိုဏ်းအသီးသီးလည်း တုန်လှုပ်သွားကြသည်။
လင်းရှီးတောင်ကြား၊ အဂ္ဂိရတ်ဂိုဏ်းနှင့် ဇန်ဂိုဏ်းလိုမျိုး မိစ္ဆာနှိမ်နင်းရေးတွင် ပါဝင်ခဲ့သော ဂိုဏ်းများအတွက်တော့ ထိုအရာက သိပ်ပြီး အံ့သြစရာ မဟုတ်ပေ။ ဓားကျောင်းတော်သို့ ပြန်ရောက်ရှိလာသော ဘိုးဘေးကြီးက အနှိုင်းမဲ့အစွမ်းထက်သူ တစ်ယောက် ဖြစ်ကြောင်း သတင်းများကို သူတို့ ကြားထားပြီးသားပင်။
သူ၏ တကယ့်ကျင့်ကြံမှုအဆင့်က အငြင်းပွားစရာ ဖြစ်နေဆဲ ဖြစ်သည်။
တချို့က ပေါင်းစည်းခြင်းအဆင့်ဟု ပြောကြသလို၊ တချို့က ပေါင်းစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်း၊ တချို့က ဟင်းလင်းပြင်ထွင်းဖောက်အဆင့်အထိဟူ၍ သံသယရှိနေကြသည်။ သို့သော် တစ်ခုတော့ သေချာ၏။ ဒီဓားကျောင်းတော်ဘိုးဘေးက ပေါင်းစည်းခြင်းအဆင့်ထက် နိမ့်ကျလိမ့်မည်ဟု မည်သူမှ မယုံကြပေ။
မည်သို့ပင် ဆိုစေကာမူ ယခု ထိုနေရာတွင် ရပ်နေသည်က သူ၏ ကိုယ်ပွားသက်သက်သာ ရှိနေသေးခြင်းပင်။
အကယ်၍ သူသာ အစွမ်းအစ အပြည့်အဝကို ထုတ်ပြမည် ဆိုလျှင်တော့ စိတ်အခြေအနေ အပေါ်တွင်သာ လုံးဝ မူတည်ပေလိမ့်မည်။
“ဘိုးဘေး၊ ဓားကျောင်းတော်က နည်းနည်းတော့ ရိုင်းစိုင်းလွန်းမနေဘူးလား။ ရှောက်ယန်ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းပဲလေ၊ ဒါကို မျက်နှာ နည်းနည်းတောင် မထောက်ဘူး။ တာအိုစုံစမ်းရေး စင်မြင့်လေး တစ်ခုအတွက်နဲ့...”
တာအိုပညာရှင် ချင်းရွှမ်း၏ စကားလုံးများက လေထဲမှာပင် ရပ်တန့်သွား၏။
အကြောင်းမှာ သူ့အမေက ဓားကျောင်းတော်၏ စစ်ရထားလုံးဆီ စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၍ပင်။
တိမ်တိုက်လွှာများ အကြားမှ သူ၏ မျှော်လင့်တောင့်တနေသော အကြည့်များက ကျောက်ဆောင် ထဲမှ အထင်းသား ပေါ်လွင်နေသည်။
ချင်းရွှမ်း၏ နှလုံးသားထဲ မကောင်းတဲ့ အငွေ့အသက်တစ်ခု တိုးဝင်လာခဲ့၏။
မကြာသေးခင်က ဘိုးဘေး၏ ထူးဆန်းသော အမူအရာများကို ပြန်တွေးကြည့်ရင်း...
အဓိပ္ပာယ်မရှိသော ကောက်ချက်တစ်ခုကို ရောက်ရှိသွားခဲ့သည်။
ငါ့အမေက ဓားကျောင်းတော်ဘိုးဘေးကို စိတ်ဝင်စားနေတာလား...
“ချင်းရွှမ်း၊ ခုနက မင်း ဘာပြောလိုက်တာလဲ။”
တာအိုပညာရှင် ချင်းရွှမ်းက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး သူ့အမေကို တစ်ချက် ကြည့်ကာ အတင်းအကျပ် ပြောလိုက်ရသည်။ “ဘာ... ဘာမှမဟုတ်ပါဘူး။ ဓားကျောင်းတော်ရဲ့ စင်မြင့်ကို ခိုးယူထားတဲ့ ရှောက်ယန်ဂိုဏ်းက တကယ့်ကို အရှက်မရှိတာပဲလို့ ပြောနေတာပါ။”
“မှန်တယ်။” ရုံချင်းယွန်က အေးစက်စွာ နှာမှုတ်လိုက်သည်။ “ဒီနေ့ကစပြီး ငါတို့ဂိုဏ်းက သူတို့ကို ဘယ်ဆေးလုံး၊ ဘယ်မှော်ပစ္စည်းမှ မရောင်းနဲ့တော့။ ချင်းယွန်ဂိုဏ်းသား ဘယ်သူမှ ရှောက်ယန်ဂိုဏ်းနဲ့ ပတ်သက်ခွင့်မရှိဘူး။ အမိန့်မနာခံတဲ့သူ ရှိရင် ဂိုဏ်းက ထုတ်ပစ်မယ်...”
တာအိုပညာရှင် ချင်းရွှမ်း- “...”
သွားပြီ။ ဒါက အတည်ပြုလိုက်တာပဲ။ အမေ စွဲလန်းသွားပြီ။
သူက မကျေနပ်မှုများ၊ အားကိုးရာမဲ့မှုများနှင့်အတူ ချန်ဟွိုက်အန်၏ ကျောပြင်ကို ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
သူ့အမေက ဓားကျောင်းတော်အပေါ် အဘယ်ကြောင့် အမူအရာများ ပြောင်းလဲသွားရကြောင်း ဆိုသည်ကို အကြောင်းပြချက် အမျိုးမျိုး တွေးခဲ့ဖူးသည်။ သို့သော် သူ၏ အိပ်မက်ထဲမှာပင်... သူ့မိသားစု အခိုးခံရလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။
ထိုအတောအတွင်း ချင်းယွန်ဂိုဏ်း မိုးပျံလှေပေါ်တွင်...
လုချန်ထျန်း၏ အကြည့်များက ဓားကျောင်းတော်ဘိုးဘေး၏ ဘေးနားမှ နတ်မိမယ်လို ပုံရိပ်လေးဆီ ရပ်တန့်နေ၏။
သူတစ်ယောက်တည်း ကြည့်နေသည် မဟုတ်ပေ။
ချီရှောင်းတောင်ထွတ်မှ တပည့်များလည်း စိုက်ကြည့်နေကြသည်။
“အဲဒါ ဂျူနီယာညီမလေး ချင်းရန်လား။” လုချန်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်မိ၏။
သူ ပြောင်းလဲသွားလေပြီ။
မည်မျှ ပြောင်းလဲသွားသလဲဆိုလျှင် သူပင် မမှတ်မိတော့ပေ။
ယခင်က စာရွက်ဟောင်းပေါ်မှ မှိန်ဖျော့နေသော ပန်းချီကားလေး တစ်ချပ်သည် ရုတ်တရက် အရောင်အသွေးတွေ စုံလင်သွားသလိုပင်။
စင်္ကြံလမ်း အဆုံးတွင် ခေါင်းငုံ့ပြီး စကတ်စလေးကို ပြင်နေတတ်သော မိန်းကလေးက...
ယခုတော့ ရွှေရောင်ခေါင်းလောင်းလေးများ ဆင်မြန်းပြီး နွေဦးလေညင်းထဲတွင် ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေသော သမင်ပျိုလေးတစ်ကောင်လို တက်ကြွနေသည်။
လီချင်းရန် ယခင်က မည်သို့ ပြုံးတတ်ကြောင်း သူ မှတ်မိသေးသည်။ သူ၏ အကြည့်များက နွေဦးပိုင်းတွင် ပါးလွှာသော ရေခဲပြင်ပေါ် တုန်ရင်နေသော လရောင်ပုံရိပ်လို အမြဲပင် တွန့်ဆုတ် နေတတ်၏။
တာအိုပညာရှင် ချင်းရွှမ်းကို လက်ဖက်ရည် တည်ခင်းသောအခါ သူက ယဉ်ကျေးပျူငှာသော အပြုံးကို အတင်း လုပ်ပြရသည်။
အကြီးအကဲများ၏ ဆူပူကြိမ်းမောင်းမှုကို ခံရသောအခါ သူက အားကိုးရာမဲ့စွာ ခေါင်းငုံ့နေရ၏။
သူ့ဆီမှ ဓားပညာ လာသင်စဉ်မှာပင် အမြဲ စိုးရိမ်ပူပန်မှုများနှင့် သတိကြီးစွာ ထားခဲ့ရသည်။
သို့သော် အခုတွင်တော့...
ဓားကျောင်းတော်ဘိုးဘေး ဘေးနားတွင် ရပ်နေသော မိန်းကလေးဟာ ညနေဆည်းဆာ အလင်းတန်းများ အကြားတွင် အသာအယာ ပြုံးနေလေသည်။
သူ၏ မျက်တောင်လေးများပင် ပျားရည်ရောင် အလင်းအောက် တောက်ပနေ၏။
သူ၏ လရောင်ရင့်ရင့် စကတ်စလေးအောက်မှ ငွေရောင်ခေါင်းလောင်းလေးများ ပါရှိသော ကြာပန်းပုံစံ ထိုးထားသည့် ဖိနပ်လေးများက ခြေလှမ်းတိုင်း မြူးတူးစွာ မြည်နေသည်။
ယခင်က အရောင်လွင့်နေသော အင်္ကျီလက်စများအောက် အမြဲ ဖုံးကွယ်ထားခဲ့သော ဖြူဖျော့ဖျော့ လက်ကောက်ဝတ်လေးမှာ...
ယခုတော့ ရွှေချည်မျှင်များနှင့် လုပ်ထားသော လက်ကောက်လေးများက ကြေးခွံနက်ဓားအိမ်ကို သုတ်ပေးနေစဉ် ဝင်းလက်နေခဲ့သည်။
သူ၏ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တွင် ချည်ထားသော အနီရောင် ပိုးကြိုးလေးများက ချစ်ခြင်းမေတ္တာကို တောင့်တသော သင်္ကေတများပင်။
သူ တကယ်ပဲ ဒါတွေကို ဆင်မြန်းလာတာလား။ ပြီးတော့ ဘယ်သူ့အတွက်လဲ။
လုချန်ထျန်း၏ အကြည့်က ချန်ဟွိုက်အန်ဆီကို ကျရောက်သွားခဲ့သည်။
အဲဒါ ဓားကျောင်းတော်ဘိုးဘေးပဲ... သူတော့ မဟုတ်နိုင်ဘူး။ ဟုတ်တယ်မလား။
သို့သော် ထိုဓားကျောင်းတော်ဘိုးဘေးက တစ်နည်းနည်းနှင့် လူငယ်တစ်ယောက်၏ ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်သည်။ သူ၏ ထက်မြက်ပြီး ခန့်ညားတဲ့ ရုပ်ရည်က ချင်းယွန်ဂိုဏ်း၏ “အချောဆုံးတပည့်” ဆိုသည့် ဂုဏ်ပုဒ်ကို ရယ်စရာတစ်ခု ဖြစ်သွားစေ၏။
၎င်းတင် မကသေးပေ။ ဓားကျောင်းတော်မှ တခြားသော ယောက်ျားလေးများဖြစ်သော ရှုအန်၊ တွမ်ဖုန်းတို့ကလည်း တစ်ယောက်တစ်မျိုးစီ ခန့်ညားနေကြလေသည်။
လုချန်ထျန်း ပိုတွေးလေလေ စိတ်များ ရှုပ်ထွေးလေလေ ဖြစ်လာ၏။
သူ့ဘေးမှ ဂျူနီယာတပည့် အချို့ကလည်း နားမလည်နိုင်စွာ တိုးတိုးလေး ပြောနေကြသည်။
ရှောင်ယိဖုန်းက ခေါင်းခါရင်း ပြောသည်။ “လီချင်းရန်က ဓားကျောင်းတော်မှာ တော်တော်လေး အဆင်ပြေပြေ နေနေရပုံပဲ။ ဓားကျောင်းတော်က ဒုက္ခရောက်နေတာလို့ ငါတို့ကို ပြောခဲ့ကြတာ မဟုတ်လား။”
“ကျွတ်... သူက အခု အပြင်အဆင်ဘက်မှာပဲ စိတ်ရောက်နေတာပါ။ ကျင့်ကြံခြင်းမှာ အာရုံ မစိုက်တော့ဘူး။” ယွင်ကျိမိုက ခါးသီးသောလေသံဖြင့် နှာခေါင်းရှုံ့ရင်း ဓားရိုးကို တင်းတင်း ဆုပ်ထားလိုက်သည်။
ကျန်းဟန်ရှောင်က မယုံနိုင်စွာဖြင့် မျက်လုံးကို ပွတ်ကြည့်နေသည်။ “သူက... သူက ဂျူနီယာညီမလေး မုပိုင်ရွှမ်ထက်တောင် ပိုလှနေသလားလို့...”
“ပါးစပ်ပိတ်ထား...”
လုချန်ထျန်းက သူတို့ဘက်ကို လှည့်ပြီး စူးစူးဝါးဝါး ကြည့်လိုက်၏
“ဒီအတင်းအဖျင်းတွေ တော်တော့... သူက ချင်းယွန်ဂိုဏ်းသား မဟုတ်တော့သလို ချီရှောင်း တောင်ထွတ်က တပည့်လည်း မဟုတ်တော့ဘူး။ သူက အခု ဓားကျောင်းတော်ကပဲ...”
“ကျန်းဟန်ရှောင်။ သူ့ကို ဂျူနီယာညီမလေး ပိုင်ရွှမ်နဲ့ ယှဉ်တာက စော်ကားတာပဲ။ တကယ်လို့ ဂျူနီယာညီမလေးသာ ဒါကို ကြားရင် ဘယ်လို ခံစားရမလဲဆိုတာ မင်း တွေးမိလား။”
“စီနီယာအစ်ကို ပြောတာ မှန်ပါတယ်။” ကျန်းဟန်ရှောင်က အားနာသော အပြုံးဖြင့် နောက်ကို ဆုတ်သွားခဲ့သည်။
ယခုတလော မုပိုင်ရွှမ်က သူ့ကို အတော်လေး စိမ်းကားနေခဲ့သည်။
အစပိုင်းမှာ သူတို့က သူ့နားကို ကပ်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် လျစ်လျူရှု ခံရပြီးတဲ့နောက်တွင်တော့ သူတို့လည်း စိတ်မဝင်စားတော့ပေ။
“ဒါနဲ့ ဂျူနီယာညီမလေးက ဘယ်မှာလဲ။” ယွင်ကျိမိုက ပတ်ဝန်းကျင်ကို ရှာကြည့်သော်လည်း မုပိုင်ရွှမ်၏ အရိပ်အယောင်ကိုပင် မတွေ့ရပါဘူး။
သူက တာအိုပညာရှင် ချင်းရွှမ်းကို လှမ်းမေးလိုက်၏။
တာအိုပညာရှင် ချင်းရွှမ်းက သူ့အမေ အခိုးခံလိုက်ရသော ကိစ္စနှင့် စိတ်ညစ်နေရာ သူတို့၏ စကားများကို နားထောင်ရန် စိတ်မပါပေ။
သူက စိတ်တိုတိုနှင့် ဟောက်လိုက်သည်။ “လျို့ဝှက်နယ်မြေတံခါး ပွင့်တော့မယ်။ မဟာမြင့်မြတ်နယ်မြေ သုံးခုလည်း ပေါ်လာတော့မယ်။ မင်းတို့ကတော့ ဂျူနီယာညီမလေးဆိုတဲ့ ကိစ္စနဲ့ပဲ အချိန်ကုန်နေတုန်းလား။ ရည်မှန်းချက်လေး ဘာလေး ထားကြပါဦး...”
“မုပိုင်ရွှမ်က လူကြီးဖြစ်နေပြီ။ လမ်းပျောက်မယ့်ကလေး မဟုတ်ဘူး။ သူက လျို့ဝှက်နယ်မြေထဲ ဝင်မှာမှ မဟုတ်တာ။ တစ်နေရာရာက လူသားမြို့တော်မှာ အချိန်ဖြုန်းနေမှာပေါ့။ လျို့ဝှက် နယ်မြေထဲက ပြန်ထွက်လာမှပဲ သူ့ကို သွားရှာကြတော့။”
လုချန်ထျန်းနှင့် တခြားလူများလည်း ဆက်မပြောရဲတော့ဘဲ သူတို့၏ စိုးရိမ်ပူပန်မှုများကို မျိုသိပ်ရင်း လျို့ဝှက်နယ်မြေ ပွင့်မည်ကိုသာ စောင့်နေကြတော့သည်။
ထိုအတောအတွင်း ဓားကျောင်းတော်၏ စစ်ရထားလုံးပေါ်တွင်..
လက်တစ်ဖက် ပြတ်သွားပြီးနောက် ကျန်းထင်ဟိုင်က ဓားကျောင်းတော်ကို ထပ်ပြီး ရန်စရန် သတ္တိ မရှိတော့ပေ။
လုံးဝကို မရှိတော့။
ထိုဓားကျောင်းတော်မှ မိစ္ဆာအိုကြီးက ဓားကိုပင် အပြည့်အဝ မထုတ်သေးဘဲ သူ့လက်ကို ဖြတ်ပစ်ခဲ့ခြင်းပင်။
အကယ်၍သာ ထိုဓားကို ဆွဲထုတ်လိုက်လျှင် သူ့ကို အလယ်မှနေ၍ နှစ်ပိုင်း ပိုင်းပစ်မည် မဟုတ်ပေလား...
အရှက်ရမှုကို အောင့်အည်းသည်းခံရင်း ကျန်းထင်ဟိုင်က သူ့တပည့်များကို ဦးဆောင်ပြီး တောင်တန်းများထဲကို ခိုးကြောင်ခိုးဝှက်နှင့် ထွက်ခွာသွားခဲ့သည်။
သို့သော် ဓားကျောင်းတော် စစ်ရထားလုံးဆီ ခဏခဏ လှည့်ကြည့်နေသော သူ၏ အကြည့်များက...
သူသည် ထိုအငြိုးကို လွယ်လွယ်နှင့် လက်လွှတ်မည် မဟုတ်ကြောင်း ထင်ရှားနေ၏။
...
တောင်တန်းတစ်သောင်း၏ အနက်ရှိုင်းဆုံး နေရာတစ်ခု...
ဖုံးကွယ်ထားသော အခင်းအကျင်းတစ်ခုအတွင်း၌။
မုပိုင်ရွှမ်က မိစ္ဆာအမွေခံ ကျင့်ကြံခဲ့သော ဂူအရှေ့တွင် အုတ်ဂူတိုင်တစ်ခု စိုက်ထူထား၏။
သူက ကျောက်တုံးအပျက်အစီးများ အကြားတွင် ဒူးထောက်နေပြီး သွေးရောင်လွှမ်းနေသော “မိစ္ဆာအမွေခံ၏အုတ်ဂူ” ဆိုသည့် စာတန်းကို လက်ချောင်းလေးများနှင့် ပွတ်သပ်နေမိသည်။
မျက်ရည်များက မခြောက်သေးသော သွေးစွန်းရာများ အပေါ်ကို စီးကျလာ၏။
“မိစ္ဆာဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်ထူထောင်ဖို့အတွက် သွေးဆိုတာက စစ်မြေပြင်မှာပဲ စီးဆင်းရမယ်လို့ ရှင် အမြဲ ပြောခဲ့တယ်နော်။”
အေးစက်ပြီး အနှစ်သာရမရှိသော ရယ်သံတစ်ခု သူ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာခဲ့သည်။
သူ၏ သွေးစွန်းနေသော လက်သည်းများက လက်ဖဝါးထဲကို စိုက်ဝင်နေပြီး ထွင်းထုထားသော နာမည်ပေါ်တွင် သွေးများ စိမ့်ထွက်လာ၏။
“ဒါပေမဲ့ ကျွန်မရဲ့ သွေးကတော့ ဓားကျောင်းတော် တစ်ခုလုံးကို လွှမ်းမိုးသွားစေရမယ်...”
သူ၏ အင်္ကျီလက်ထဲမှ ကျိန်စာသင့်အဆောင်က အမည်းရောင် မီးတောက်များနှင့်အတူ လောင်ကျွမ်းနေသည်။
သူ၏ ဆံနွယ်များ အကြားမှ ငွေရောင်ခေါင်းလောင်းလေးများက ငရဲကိုးထပ်မိစ္ဆာချီစွမ်းအင်များ ရစ်ပစ်နေလေသည်။
သူ၏ ဖြတ်တောက်ထားသော ဆံနွယ်စများ အုတ်ဂူပေါ် လွင့်ကျသွားသောအခါ အနောက် ဂူထဲမှ သရဲတစ္ဆေပေါင်း တစ်သောင်း၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ဖြည်းဖြည်းချင်း သူက လှည့်ကြည့်လိုက်ပြီး..
အနောက်တွင် ရပ်နေသော သီလရှင်အိုကြီးကို အရိုအသေပေးရင်း သူ ပြောလိုက်၏။
“စီနီယာ... ကျေးဇူးပြုပြီး... အစီအရင်ကို စတင်ပေးပါ။”
သီလရှင်အိုကြီး လင်းဖူက မုပိုင်ရွှမ်၏ မျက်လုံးထဲမှ ပြင်းထန်သော နာကျည်းမှုများကို စိုက်ကြည့်နေရင်း...
သူ၏ မျက်ဝန်းနက်များထဲတွင်တော့ ဖုံးကွယ်မရသော ကျေနပ်ရိပ်လေးတစ်ခု ဝင်းလက်သွား၏။
“ဒီကျင့်စဉ်ကို သုံးလိုက်ရင် မင်းရဲ့ ဝိညာဉ်ကို ငရဲကိုးထပ်ဆီ ဆက်သရမှာဆိုတာ သိတယ်မလား။ နောက်ပြန်လှည့်လို့ မရတော့ဘူး။ သေခြင်းတရားကပဲ မင်းကို စောင့်ကြိုနေလိမ့်မယ်။”
“အဲဒါတွေက အရေးမကြီးပါဘူး။”
“အမွေခံ သေသွားပြီ... ဒါကြောင့် ကျွန်မလည်း သေရမှာပဲ။”
“ကောင်းပြီလေ။” သီလရှင်အိုကြီး၏အသံက တည်ငြိမ်နေ၏။
“ဒါပေမဲ့ သေချာမှတ်ထား..”
“အဲဒီဓားကျောင်းတော်ဘိုးဘေးက တကယ့်ကို အစွမ်းထက်တဲ့ ရန်သူပဲ။ ပြီးတော့ အဲဒါက သူ့ရဲ့ ကိုယ်ပွားသက်သက်ပဲ ရှိသေးတယ်။ ငါ့အကြံကတော့ လျို့ဝှက်နယ်မြေ ပိတ်ခါနီးအချိန် ပရမ်းပတာ ဖြစ်နေတဲ့ အချိန်ကျမှ တိုက်ခိုက်တာက ပိုပြီး အခွင့်အရေး ရလိမ့်မယ်။”
“ဟုတ်ကဲ့။ ကျွန်မ မှတ်ထားပါ့မယ်။”
...