၁၀၀% လုံခြုံရေး အညွှန်းကိန်း
Vol. 21 Ch. 207
လီချင်းရန် အရန်လျို့ဝှက်နယ်မြေထဲ လှမ်းဝင်သွားသည်ကို ချန်ဟွိုက်အန် ငေးကြည့်နေမိသည်။
၎င်းမှာ တကယ့်ကို ထူးဆန်းသော ခံစားချက်ပင်။
သမီးဖြစ်သူကို ကျောင်းပို့လိုက်ရသော ဖခင်တစ်ယောက်၏ ခံစားချက်မျိုး။
သူ၏ဆရာ တစ်ယောက်အနေဖြင့် သူ့ကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကြီးပြင်း လာစေချင်သည်။ မိမိ၏ အကာအကွယ်အောက်မှာပင် အမြဲမနေဘဲ လောကကြီးကို ကိုယ်တိုင် အတွေ့အကြုံ ယူစေချင်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ စိုးရိမ်နေမိပြန်သည်။
သူက လုံးဝ အကာအကွယ်မဲ့နေခြင်းမျိုး မဟုတ်သော်လည်း (ဓားကျောင်းတော်က သူ၏ လုံခြုံရေး ကွန်ရက်ပင်။ သူကိုယ်တိုင်လည်း ထိုကွန်ရက်ကို အစွမ်းကုန် အားဖြည့် ပေးထားပြီးသားပင်) သူကိုယ်တိုင် မဖြေရှင်းနိုင်သော အခြေအနေမျိုးနှင့် ကြုံလာရမည်ကို သူ တွေးပူနေမိခြင်း ဖြစ်သည်။
ထိုကဲ့သို့ ရှေ့နောက်မညီသော အတွေးများက သူ့ကို နှိပ်စက်နေ၏။
“ဘိုးဘေး၊ နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။ အဓိကလျို့ဝှက်နယ်မြေထဲကို ခဏလောက် သွားမလေ့လာချင်ဘူးလား။”
စုချီနျန်က ပြုံးစိစိနှင့် သူ့နားကို ကပ်လာသည်။
ချန်ဟွိုက်အန်က ထိုလူ ကြံစည်နေသည့်အရာကို ချက်ချင်း ရိပ်မိလိုက်၏။
ထိုလူက သူ့ကို အဖွဲ့လိုက်ခေါ်သွားပြီး အားကိုးချင်နေခြင်းပင်။
ချန်ဟွိုက်အန်၏ အစွမ်းမှာ အံ့မခန်းဖြစ်ကြောင်း သူသိထားရာ သူသာ အဓိကလျို့ဝှက်နယ်မြေထဲ ဝင်လိုက်သည်နှင့် ဓားကျောင်းတော်အတွက် မရှုံးနိမ့်နိုင်သော အကာအကွယ်တစ်ခု ရလိုက်သလို ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ကျုံးကျိုးလျို့ဝှက်နယ်မြေက ကစားကွင်း မဟုတ်ပေ။
အရန်လျို့ဝှက်နယ်မြေက အဓိကနယ်မြေထက် အရင် ပိတ်မည် ဖြစ်သည်။
ထို့ပြင် ဂိမ်း၏ အဓိကဇာတ်လမ်းမှ တတိယမြောက် ကောင်းကင်နက္ခတ်တွင် လျို့ဝှက်နယ်မြေ ပိတ်ချိန်၌ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သေသေချာချာ ဖော်ပြထား၏။
၎င်းမှာ ချင်းရန် အသက်ရှင်လျက် ဘေးကင်းကင်းနှင့် ပြန်ထွက်လာနိုင်လျှင်ပင် အန္တရာယ်နှင့် ကြုံရနိုင်သေးသည်ဟု ဆိုလိုပေသည်။
ထို့ကြောင့် သူ ဝင်သွား၍ မဖြစ်ပေ။
မည်သည့်အရာ ဖြစ်လာဖြစ်လာ ရင်ဆိုင်နိုင်ရန်အတွက် သူက အပြင်မှာသာ နေခဲ့ပြီး ပြင်ဆင်ထားရပေမည်။
“ငါ မသွားတော့ဘူး။ ကျုံးကျိုးလျို့ဝှက်နယ်မြေကို ငါ အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးသားပဲ။ အထဲမှာ ငါ့ကို စိတ်ဝင်စားစေမယ့်အရာ ဘာမှ မရှိတော့ဘူး။ မင်းတို့ပဲ သွားကြတော့။”
စုချီနျန်က အနည်းငယ် စိတ်ပျက်သွားသော ပုံစံမျိုးပင်။
အကယ်၍ ဘိုးဘေးသာ သူတို့နှင့်အတူ ပါလာလျှင် မြင့်မြတ်နယ်မြေမှ အဘိုးကြီး သုံးယောက်နှင့်သာ မဆုံသရွေ့ ဓားကျောင်းတော်ဟာ အဓိကလျို့ဝှက်နယ်မြေ တစ်ခုလုံးကို စိုးမိုးထားနိုင်ပေမည်။
“ဒါဆို... ဘိုးဘေး၊ အကောင်းဆုံးရတနာတွေက ဘယ်နားမှာ ရှိနိုင်မလဲ။” သူက အနည်းဆုံး သတင်းအချက်အလက်လေးများ ရမလားဟူ၍ ထပ်မေးလိုက်ပြန်သည်။
ချန်ဟွိုက်အန် ခဏ တိတ်သွားပြီး မျက်တောင်များ တလှုပ်လှုပ် ဖြစ်သွား၏။
လခွမ်းတဲ့မှ...
ယခုတလော မေးခွန်းများ တသီတတန်းကြီး မေးနေသော လူများကို သူ အတော်လေး စိတ်မရှည် ဖြစ်လာနေခဲ့သည်။
“အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်ကကွ။ ငါ မင်းကို ပြောပြလည်း ဘာထူးမှာလဲ။ အဲဒီ ရတနာတွေက မင်း လာယူမှာကို စောင့်ပြီး နေရာဟောင်းမှာပဲ နှစ်တစ်ရာလုံးလုံး ထိုင်စောင့် နေမယ်လို့ တကယ် ထင်နေတာလား။”
သူက မျက်လုံးကို လှန်ပြလိုက်ပြီး ထို့နောက်တွင် မျက်လုံးကို လုံးဝ မှိတ်လိုက်ကာ ကျင့်ကြံခြင်း အခြေအနေထဲ ဝင်ရောက်လိုက်ုသည်။ သူ၏ပုံစံက “ငါ့ကိုလာမရှုပ်နဲ့တော့” ဟူ၍ အော်ဟစ် နေသလိုပင်။
စုချီနျန်က အားနာသလို ရယ်လိုက်မိသည်။
မှန်ပေသည်... သူ ဝန်ခံရပေမည်။ ထိုမေးခွန်းက အနည်းငယ် ထုံအရာ ကျသွား၏။
“ကောင်းပါပြီ။ ဘိုးဘေး။ ကျွန်တော်တို့ အရင် ဝင်နှင့်လိုက်ပါ့မယ်။”
အခြားသော အကြီးအကဲများကို အချက်ပြပြီးနောက် စုချီနျန်နှင့်အဖွဲ့က ဓားပျံများပေါ် တက်ကာ အဓိကလျို့ဝှက်နယ်မြေဆီသို့ ဦးတည်၍ ထွက်ခွာသွားကြတော့သည်။
သူတို့ ထွက်သွားတော့မှသာ ချန်ဟွိုက်အန် သက်ပြင်းချနိုင်တော့၏။ ပြီးမှ နဂါးပလ္လင်ပေါ် သက်သောင့်သက်သာ ဖြစ်မည့် ပုံစံမျိုး ပြောင်းထိုင်လိုက်သည်။
“နောက်ဆုံးတော့ အေးအေးဆေးဆေး နေလို့ရသွားပြီ။”
ဂိုဏ်းကြီးအများစုက ထိပ်သီးပုဂ္ဂိုလ်များကို လျို့ဝှက်နယ်မြေထဲ ပို့ပြီးကြပြီ ဖြစ်သည်။
ယခု အပြင်တွင် ကျန်နေသူများမှာ အထဲဝင်ရန် ပါရမီ မမီသေးသော တပည့်လေးများကို စောင့်ရှောက်ပေးမည့် အကြီးအကဲအချို့နှင့် ဂိုဏ်းချုပ်အချို့သော ရှိနေတော့သည်။
ဓားကျောင်းတော်ကတော့ ခြွင်းချက်ပင်။ သူကလွဲလျှင် တစ်ဂိုဏ်းလုံး အထဲဝင်သွားကြ၏။
ကြေးနီတံခါးကြီး နှစ်ခုလုံး အပြည့်အဝ ပွင့်သွားသည်နှင့်အမျှ လေလွင့်ကျင့်ကြံသူများသည် ကျိုင်းကောင်အုပ်ကြီးလိုမျိုး တံခါးဝများဆီ အလုအယက် ပျံသန်း၍ ဝင်ရောက်သွားကြသည်။
“ကျင့်ကြံခြင်းလောကမှာ လူမစည်ဘူးလို့ ပြောကြတယ်။ ဒါကို ကြည့်ဦး။ လူတွေ အများကြီးပဲ။ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ရတာက တကယ့်ကို မကုန်နိုင်တဲ့ ပျော်စရာပဲ။”
ချန်ဟွိုက်အန် ရေရွတ်လိုက်ရင်း သက်ပြင်းချလိုက်မိစဉ်မှာပင် ရုတ်တရက် သူ့မျက်လုံးများ ကျဉ်းမြောင်းသွား၏။
သူ မတ်မတ်ထိုင်လိုက်ပြီး အောက်ဘက်ကို သေချာ စိုက်ကြည့်လိုက်သည်။
ပျံသန်းနေသော ကျင့်ကြံသူများ အကြားတွင် မိစ္ဆာချီစွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့သည်။
သွေးရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက လူအုပ်ကြားမှ အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်လာပြီး အရန်လျို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားလေသည်။
မီတာ တစ်ထောင်ခန့် အကွာအဝေးတွင် ရှိနေသော်လည်း ချန်ဟွိုက်အန်က ထိုသူထံမှ ထွက်ပေါ်နေသော အေးစက်ထက်မြက်သည့် ဓားအရှိန်အဝါကို ခံစားမိနေ၏။
သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဖြစ်သော်လည်း ဓားအသုံးပြုသူ ဖြစ်သည်။
သူ၏ ကျင့်ကြံမှုအဆင့်က ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်းသာ ရှိနေသေးရာ သိပ်ပြီး အထင်ကြီးစရာတော့ မဟုတ်။
သို့သော် သူ၏ ဓားအသိ နားလည်မှုက မြင့်မြတ်နယ်မြေမှ ပါရမီရှင်များဟု အမည်ခံထားသော သူများနှင့်ပင် အေးအေးဆေးဆေး ယှဉ်နိုင်၏။
“ရွှေရောင်အနှစ်သာရအဆင့်လား...”
ချန်ဟွိုက်အန် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဓားကျောင်းတော် တပည့်တွေ ရှိနေတာဆိုတော့ အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူက ချင်းရန် အတွက် သိပ်ပြီးတော့ ခြိမ်းခြောက်မှု မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့...”
သူ၏အကြည့်က မြင့်မြတ်နယ်မြေသုံးခု၏ လွင့်မျောနေသော စင်မြင့်များဆီ ရောက်သွား၏။
သာမန်ဂိုဏ်းများနှင့် မတူဘဲ မြင့်မြတ်နယ်မြေများမှာ နက်ရှိုင်းပြီး ခန့်မှန်းရခက်ခဲသော အခြေခံအုတ်မြစ်များ ရှိကြသည်။
သူတို့၏ တပည့်အများအပြား လျို့ဝှက်နယ်မြေထဲ ရောက်နေကြသော်လည်း အပြင်တွင် အစွမ်းထက်သော ကျင့်ကြံသူ အများအပြား ကျန်နေသေးသည်။
သူတို့၏ တည်ရှိမှုကို အာရုံခံကြည့်ရုံနှင့်ပင် မြင့်မြတ်နယ်မြေ တစ်ခုစီတွင် အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့်လောက်နှင့် ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက်လောက် ရှိနေကြောင်း သူ သိနိုင်သည်။
ထိုသို့ဆိုသည့်တိုင်...
သူတို့က ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်း မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ယောက် အရန်လျို့ဝှက်နယ်မြေထဲ အေးအေးဆေးဆေး ဝင်သွားတာကို လွှတ်ထားကြသည်လား။
အဓိပ္ပာယ်မရှိတာပဲ။
အဲဒီလူက အန္တရာယ်မပေးနိုင်လောက်အောင် အားနည်းတယ်ထင်လို့ လျစ်လျူရှုထားတာလား။
ဒါမှမဟုတ် တမင်တကာ မျက်ကွယ်ပြုထားတာလား။
ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။
သူ အတွေးလွန်နေခြင်းလည်း ဖြစ်နိုင်၏။
လျို့ဝှက်နယ်မြေ အပြည့်အဝ ပွင့်သွားပြီဖြစ်ရာ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများကလည်း စကားပြောနေ၍ သို့မဟုတ် ကျင့်ကြံနေ၍ မည်သူဝင်သွားကြောင်းကို လိုက်ကြည့်မနေခြင်းလည်း ဖြစ်နိုင်ပေသည်။
သမီးကို အလွန်ပင် ကာကွယ်ချင်သော အဖေတစ်ယောက်လို ဖြစ်နေသော သူကသာ တွေးပူနေခြင်း ဖြစ်ပေလိမ့်မည်။
သူ မသိလိုက်သည်မှာ သူကိုယ်တိုင် အဓိကလျို့ဝှက်နယ်မြေထဲ မဝင်ရန် ဆုံးဖြတ်လိုက်သော အခိုက်အတန့်မှာပင်...
လီချင်းရန်၏ အဓိကဇာတ်လမ်း အသက်ရှင်နှုန်းက ၉၉.၉၉၉%မှ ၁၀၀%အထိ ခုန်တက်၍ သွားခဲ့ခြင်းပင်။
ကျုံးကျိုးလျို့ဝှက်နယ်မြေအတွင်းတွင်...
ကောင်းကင်ယံက ဇောက်ထိုးဆွဲထားသော ကွဲအက်နေသည့် ဖန်ကမ္ဘာကြီး တစ်ခုနှင့် တူနေသည်။
ပျက်စီးနေသော လွင့်မျောနေသည့် ကျွန်းစုများ။ အနက်ရောင် သံကျောက်တုံး မြေကြောများ။
အစိပ်စိပ်အမွှာမွှာ ကွဲအက်နေသော ကြေးမုံရေကန်တစ်ခု ရှိနေပြီး ထိုမှန်ကွဲစ သုံးထောင်စီတွင် မတူညီသော ရာသီဥတုများကို ပြသနေ၏။
နှင်းဖုံးလွှမ်းနေသော ကျွန်းများ၊ ထူထပ်သော တောအုပ်များ၊ အဆုံးမရှိသော သဲကန္တာရများနှင့် ချော်ရည်များ ထွက်နေသော မီးတောင်ချောက်ကြီးများပင် ရှိနေသည်။
ရှေးဟောင်း ကျောက်စာတိုင်များကလည်း အချိန်၏ တိုက်စားမှုကို ခံထားရပြီး ၎င်းတို့၏ မျက်နှာပြင်များမှ ကမ္ဘာဦးစာပေ မြူခိုးများ ထွက်ပေါ်နေ၏။
မီတာ ၁၀၀ခန့် အကွာတွင်တော့ မင်ရောင် ထင်းရှူးတောအုပ်ကြီးက ရွှေရောင်သဲများအဖြစ် ပြိုကွဲပြီး လေပြင်းများနှင့်အတူ လွင့်ပါသွားခဲ့သည်။
ဧရာမသတ္တဝါကြီးများကလည်း တစ္ဆေငါးများလို ဟင်းလင်းပြင် အက်ကွဲကြောင်းများကြားတွင် ကူးခတ်နေကြပြီး အမြီးများက ဝေးလံသော နှစ်မွှာစန္ဒာကန်ဆီသို့ မီးတောက်လမ်းကြောင်းများ ချန်ထားရစ်ခဲ့လေသည်။
ဓားကျောင်းတော် တပည့်များ ရောက်ရှိလာသည်နှင့် တပြိုင်နက် ယွဲ့ချန်ချီက လူစုရန် ချက်ချင်း အချက်ပြလိုက်၏။
နှစ်မွှာစန္ဒာကန်က လျို့ဝှက်နယ်မြေထဲ နာမည်ကြီး မှတ်တိုင်တစ်ခု ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ဓားကျောင်းတော် တပည့်များက ထိုနေရာတွင် အရင်ဆုံး လူစုလေ့ရှိသည်။
လူစုပြီးသည်နှင့် ယွဲ့ချန်ချီ၊ ရှုအန်၊ တွမ်ဖုန်းနဲ့ အခြားသော အမာခံတပည့်များက လူစာရင်း စစ်လိုက်ကြသည်။
မည်သူမှ မကျန်ခဲ့ကြောင်း အတည်ပြုပြီးနောက် ယွဲ့ချန်ချီက လီချင်းရန်ကို ဘေးနားသို့ ဆွဲခေါ်လိုက်၏။
ကျောက်စင်မြင့်တစ်ခုပေါ် တက်လိုက်ပြီး သူ၏ ရွှမ်ဝူဓားကို ဝုန်းခနဲ မြည်အောင် စိုက်ချလိုက်ကာ အမိန့်ပေးလိုက်သည်။
“အရင်အတိုင်းပဲ ငါးယောက်တစ်ဖွဲ့ ခွဲမယ်။ ကိုယ့်ရဲ့ တောင်ထွတ်အလိုက် သတ်မှတ်ထားတဲ့ အရင်းအမြစ်စာရင်းအတိုင်း ရှာကြ။ တကယ်လို့ ရှေးဟောင်း အပျက်အစီးတွေ တွေ့ရင် လုံးဝ လိုအပ်တာကလွဲပြီး တိုက်ခိုက်တာကို ရှောင်ကြ။ အရင်းအမြစ် ရှာဖို့က ဒုတိယ ဦးစားပေးပဲ။ ငါတို့ရဲ့ ပထမ ဦးစားပေးက လူတိုင်း အိမ်ကို အသက်ရှင်လျက် ပြန်ရောက်ဖို့ပဲ...”
“ဟုတ်ကဲ့ပါ။ စီနီယာအစ်မ...”
တပည့်များက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
ယွဲ့ချန်ချီက လီချင်းရန်ဘက် လှည့်ပြီး ပြုံးလိုက်၏။
“လာ... ဂျူနီယာညီမလေး။ ငါတို့ ဆေးဘုရင်တောင်ကြား အပျက်အစီးတွေဆီ တန်းသွားကြမယ်။ ငါ အဲဒီနေရာကို သိတယ်။ ကျန်တဲ့လူတွေက ဂိုဏ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းကြလိမ့်မယ်။”
“စီနီယာအစ်မ... ကျွန်မ တစ်ယောက်တည်း သွားလို့ ရပါတယ်။ အစ်မက ပိုအစွမ်းထက်တော့ အစ်မက ဒီမှာပဲ နေ...”
“ဘာမှာနေရမှာလဲ။”
ယွဲ့ချန်ချီက မျက်လုံးလှန်ပြလိုက်ပြီး လီချင်းရန်၏ပုခုံးကို ဖက်ကာ ပြုံးစိစိနှင့် ပြောလိုက်သည်။ “နင့်ရဲ့ ရွှေရောင်အနှစ်သာရအဆင့်တောင် မရှိသေးတဲ့ ကျင့်ကြံမှုနဲ့လား။ ငါ့နားမှာပဲ ကော်နဲ့ ကပ်ထားသလို နေစမ်းပါ။”
“ကျွန်မ...”
လီချင်းရန်၏ မျက်နှာတစ်ခုလုံး နီမြန်းသွား၏။
ဘေးနားမှ တပည့်များလည်း ဝိုင်းရယ်ကြတော့သည်။
“သွားလိုက်ပါ။ ဂျူနီယာညီမလေး...” ရှုအန်က တဟားဟား ရယ်ရင်း ပြောသည်။ “ဒါမှမဟုတ် ဂျူနီယာအစ်ကိုတွမ်ရဲ့ လက်ရည်ကို မယုံလို့လား။”
သူက တွမ်ဖုန်း၏ပုခုံးကို ပုတ်လိုက်၏။
တွမ်ဖုန်း၏မျက်နှာက တည်နေသော်လည်း သူ ငြင်းမနေပေ။ သူက လီချင်းရန်ကို ခေါင်းသာ ညိတ်ပြလိုက်သည်။
“ရှုအန် ပြောတာ မှန်တယ်။ စီနီယာအစ်မယွဲ့နဲ့ဆိုရင် မင်း ဘေးကင်းမှာပါ။”
လီချင်းရန်က ကျေးဇူးတင်စကားများကို မျိုသိပ်ရင်း ခေါင်းညိတ်ပြကာ ယွဲ့ချန်ချီနောက်မှ မြောက်ဘက်ဆီသို့ လိုက်သွားပါတော့သည်။
နှစ်မွှာစန္ဒာကန်နှင့် မလှမ်းမကမ်းတွင်တော့...
မိစ္ဆာဓားကို ကိုင်ထားသော မိန်းကလေးတစ်ယောက်က အရိပ်ထဲ ဝပ်နေရင်း ဓားကျောင်းတော် တပည့်များကို မကျေမနပ် ကြည့်နေ၏။
“တောက်... ငါ အထဲရောက်လာတာတော့ ဟုတ်ပါပြီ။ ဘာလို့ ဓားကျောင်းတော် တပည့်တွေ အနားကို ရောက်လာရတာလဲ။”
သူ၏မိစ္ဆာဓား တုန်ခါသွားပြီး ထူးဆန်းစွာ ရယ်မောလိုက်သည်။
[ ဒီမှာ ဓားကျင့်ကြံသူတွေ အများကြီးပဲနော်။ သူတို့ကို အကုန်သတ်ပြီး သူတို့ရဲ့ သွေးတွေနဲ့ မင်းရဲ့ ဓားအသိကို မြှင့်တင်လိုက်ပါလား ]
“ပါးစပ်ပိတ်ထား...”
သူက ဓားကို စိုက်ချလိုက်ပြီး အပေါ်မှ နင်းထားလိုက်၏။
“ငြိမ်ငြိမ်နေနော်။ သူတို့သာ ကျွန်မကို တွေ့သွားရင် ရှင့်ကို အရင်ဆုံး လွှင့်ပစ်လိုက်မှာ။”
ဓားက တုန်သွားပြီး ငြိမ်ကျသွားလေသည်။
မိစ္ဆာလက်နက်တစ်ခုသည်ပင် ဓားကျင့်ကြံသူများ၏ လက်ထဲသို့ မရောက်ချင်ပေ။
...