← Chapters

ပူးပေါင်းစစ်ဆင်ရေး

Vol. 21 Ch. 209

ပူးပေါင်းစစ်ဆင်ရေး

Vol. 21 Ch. 209

ရှေးဟောင်းဂိုဏ်းပျက်ကြီးက ထူထပ်လှသော မိစ္ဆာစွမ်းအင်များနှင့် ဖုံးလွှမ်းနေ၏။

အကာအကွယ်အခင်းအကျင်း အရှေ့တွင် ရပ်နေသော စုန့်ချီယွဲ့၏ အေးစက်သော အကြည့်များက အတွင်းထဲ လွင့်မျောနေသော ရှေးဟောင်းကျင့်ကြံသူ အလောင်းကောင်များဆီ စွဲမြဲနေသည်။

“နတ်မိမယ်မလေး... ဓားကျောင်းတော်က တပည့်တွေ ရောက်လာပါပြီ။”

စုန့်ချီယွဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြောလိုက်သည်။ “ကောင်းပြီ... စကြတာပေါ့။”

“တခြားဂိုဏ်းက တပည့်တွေကို မစောင့်တော့ဘူးလား။”

“မလိုတော့ဘူး။ ဒီလောက်ဆိုရင် လုံလောက်ပြီ။”

ထိုအချိန်မှာပင် ယောင်ချီမြင့်မြတ်နယ်မြေ၏ တပည့်သုံးယောက်အနောက်မှ ကွင်းပြင်ထဲ ကျင့်ကြံသူများ ပြည့်နှက်နေပြီ ဖြစ်သည်။ ချင်းယွန်ဂိုဏ်း၊ လင်းရှီးတောင်ကြား၊ အဂ္ဂိရတ်ဂိုဏ်း၊ ဓားသွားဂိုဏ်း နဲ့ ဇန်ဂိုဏ်းတို့လို ဂိုဏ်းကြီးများမှ တပည့်များအားလုံး စုစည်းမိနေကြပြီး စုစုပေါင်း လူဦးရေ တစ်ထောင်ကျော် ရှိနေသည်။

ယခင်က ထိုတပည့်များမှာ အရန်လျို့ဝှက်နယ်မြေထဲ ရောက်သည်နှင့် အခွင့်အရေးတွေအတွက် တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် တိုက်ခိုက်ကြသော ပြိုင်ဘက်များ ဖြစ်ခဲ့သော်လည်း ယနေ့တွင်တော့ သူတို့က တစ်ဖက်တည်း ရပ်တည်နေပြီး ထူးဆန်းစွာ သဟဇာတ ဖြစ်နေသော မြင်ကွင်းတစ်ခုကို ဖန်တီးထားကြ၏။

ဓားကျောင်းတော်တပည့်များလည်း ထိုအထဲတွင် ပါဝင်ပြီး ချင်းယွန်ဂိုဏ်းအဖွဲ့၏ ဘေးနားမှာပင် နေရာယူထားကြသည်။

လုချန်ထျန်းက ဓားကျောင်းတော်တပည့်များအကြား လီချင်းရန်ကို လိုက်ရှာကြည့်သော်လည်း မတွေ့ပေ။ သူ မျက်မှောင်ကြုတ်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ တွမ်ဖုန်းဆီ လှမ်းလျှောက် သွားလိုက်သည်။

“တာအိုမိတ်ဆွေ... လီချင်းရန်က ခင်ဗျားတို့ ဓားကျောင်းတော်ရဲ့ တပည့် မဟုတ်လား။ သူ ဘာလို့ ခင်ဗျားတို့အဖွဲ့နဲ့အတူ မပါလာတာလဲ။”

လုချန်ထျန်း၏ ခါးတွင် ချိတ်ထားသော ချင်းယွန်ဂိုဏ်း အမှတ်အသားကို မြင်လိုက်ရသည်နှင့် တွမ်ဖုန်း၏မျက်နှာ ပျက်သွားသည်။ သူက လုချန်ထျန်းကို စူးစိုက်ကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မင်းနဲ့ မဆိုင်ဘူး...”

လုချန်ထျန်း ခဏတာ မှင်သက်ပြီး ဒေါသများ ထွက်လာသည်။ သူက ထိုဒေါသကို အနိုင်နိုင် ထိန်းချုပ်ပြီး လက်ယှက်ကာ အတုအယောင် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ကျွန်တော်က လုချန်ထျန်းပါ။ လီချင်းရန် တစ်ချိန်က အားအကျဆုံး စီနီယာအစ်ကိုပေါ့။ သူ့ကို ခင်ဗျားတို့ထဲမှာ မတွေ့လို့ စိတ်ပူလို့ မေးကြည့်တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။”

တွမ်ဖုန်း၏ မျက်တောင်များ တလှုပ်လှုပ် ဖြစ်သွားပြီး ဓားရိုးကို တင်းတင်းဆုပ်လိုက်မိသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးမှ ရှုအန်ဘက် လှည့်လိုက်၏။

“မင်းပဲ သူ့ကို ပြောပြလိုက်တော့။”

အကယ်၍ ထိုအတိုင်းသာ ဆက်သွားလျှင် တွမ်ဖုန်း၏ဒေါသက ဓားဆွဲထုတ်သည်အထိ ရောက်သွားနိုင်ကြောင်း ရှုအန် သိနေသည်။ ထို့ကြောင့် သူက ရှေ့ကို ယိမ်းထိုးထွက်လာပြီး သွားဖြူဖြူလေးများ ပေါ်အောင် ပြုံးပြလိုက်သည်။

“ဩော်... ဒါဆို မင်းက ငါတို့ရဲ့ ဂျူနီယာညီမလေး အရင်က အားအကျဆုံး စီနီယာအစ်ကိုပေါ့။ ခဏနေပါဦး။ စဉ်းစားကြည့်ရအောင်။ မင်းက ဟိုလူလား။ ဂျူနီယာညီမလေးက ဓားပညာ အကူအညီ လာတောင်းတုန်းက အသုံးမကျဘူးလို့ ပြောခဲ့တဲ့သူလား။ ဒါမှမဟုတ် ဂျူနီယာညီမရဲ့ ဒန်တျန်ကို လက်ဝါးတစ်ချက်နဲ့ ရိုက်ချိုးပြီး တာအိုပညာရှင် ချင်းရွှမ်းကို စိတ်ဝိညာဉ်အမြစ် ထုတ်ခိုင်းခဲ့တဲ့လူလား။”

သူ၏အသံက ကျယ်လောင်လှ၏။

ကွင်းပြင်ထဲ ရှိနေသော တပည့်တိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်ပေသည်။

လုချန်ထျန်း၏အပြုံး အေးခဲသွား၏။ သူက မျက်နှာ ဖြူဖျော့သွားပြီး တဖြည်းဖြည်း နီမြန်းလာကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

“ချင်းရန်က အဲဒီတုန်းက အမှားတစ်ခု လုပ်ခဲ့လို့ပါ။ အဲဒါကြောင့် သူက အပြစ်ပေးခံရတာ။ ဒါပေမဲ့ အဲဒီကိစ္စက ပြီးသွားတာ ကြာပါပြီ။ ဘာလို့ အခုမှ ပြန်ပြောနေရတာလဲ။”

ရှုအန်က အရက်ဘူးကို လက်ချောင်းများကြားထဲ လှည့်ပတ်၍ ဆော့ကစားရင်း လုချန်ထျန်း၏ ဓားပေါ်မှ ချင်းယွန်တံဆိပ်ကို ပျင်းရိစွာဖြင့် စိုက်ကြည့်လိုက်သည်။

“ဩော်... ဟုတ်သားပဲ။ ဟုတ်တာပေါ့။ မင်းတို့ဂိုဏ်းရဲ့ ပြိုင်ပွဲမှာ ထိခိုက်ဒဏ်ရာ မရစေရဘူး။ ဒဏ်ရာရအောင်လုပ်တဲ့သူကို သေဒဏ်ပေးရမယ်ဆိုတဲ့စည်းကမ်း ရှိတယ်လေ။ ချင်းရန်က တခြား အမျိုးသမီး တပည့်တစ်ယောက်ရဲ့ပုခုံးကို မတော်တဆ ထိခိုက်စေခဲ့တာဆိုတော့ ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုပေါ့။ သူက လိုက်လံသုတ်သင်တာကို ခံရသင့်တာပေါ့ ဟုတ်လား။”

သူက စကားလုံး တစ်လုံးချင်းစီကို ဖိပြောလိုက်၏။

နောက်ဆုံးစကားလုံး အဆုံးတွင်တော့ မြက်တောထဲမှ ပိုးကောင်လေးများပင် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။

ရုတ်တရက် ဖျောက်ခနဲ အသံနှင့်အတူ ရှုအန်က လက်ထဲမှ အရက်ဘူးကို ချေပစ်လိုက်၏။ အရက်များက လုချန်ထျန်း၏ မျက်နှာပေါ်သို့ စင်သွားလေသည်။

ယခင်က နောက်ပြောင်နေသော သူ၏အကြည့်များက အေးစက်စူးရှသော အကြည့်များ အဖြစ် ပြောင်းလဲသွား၏။ “လုချန်ထျန်း။ မင်းမှာ စိတ်ပူတယ်လို့ ပြောပိုင်ခွင့် ရှိတယ်လို့ တကယ် ထင်နေတာလား။”

လုချန်ထျန်း မျက်နှာ ပျက်သွားသော်လည်း ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

သူ အမှားလုပ်ခဲ့ကြောင်းကို သူ သိသည်။

ထိုစဉ်က သူသည် ဂျူနီယာညီမလေး မုပိုင်ရွှမ်အတွက် ကလဲ့စားချေချင်စိတ်ဖြင့် လီချင်းရန်ကို လုံးဝ မမေ့နိုင်သော သင်ခန်းစာတစ်ခု ပေးချင်ခဲ့ခြင်းပင်။

သို့သော် အခုတွင် ပြန်စဉ်းစားကြည့်လိုက်ရာ...

ဂိုဏ်းတွင်းပြိုင်ပွဲထဲ ဒဏ်ရာမရတဲ့ ပြိုင်ပွဲဆိုတာ ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ။ တကယ် မတိုက်ဘဲ အကပြသလိုပဲ လုပ်နေရမှာလား။

ထိုကဲ့သို့ကိစ္စလေးအတွက် လီချင်းရန်၏ ဒန်တျန်ကို ဖျက်ဆီးခဲ့ခြင်းမျိုး သူ မလုပ်ခဲ့သင့်ပေ။

သို့သော် ကျိုးပဲ့သွားသော ရေအိုးက ပြန်ဆက်၍ မရတော့သလိုပင်။

ထို့အပြင် သူ၏ မာနကလည်း တောင်းပန်ရန် ခွင့်မပြုပေ။

ဘေးပတ်ဝန်းကျင်မှ တပည့်များ တိုးတိုးတိုးတိုးနှင့် ဝေဖန်နေကြပြီး သူတို့၏ အကြည့်များက ဝေ့ဝဲကြည့်နေကြသည်။ လုချန်ထျန်းက ဆူးပုံပေါ် ထိုင်နေရသလို ခံစားလိုက်ရ၏။

“ဟွန့်။ စကားများနေလည်း အပိုပဲ။” သူက ရှုအန်ကို ခဏလောက် စိုက်ကြည့်ပြီးမှ ဝတ်ရုံစကို ခါကာ ထွက်ခွာသွားလိုက်သည်။

သူ လီချင်းရန်အကြောင်း မေးမိသည်ကို နောင်တရသွား၏။

အကယ်၍ ယောင်ချီနတ်မိမယ်မလေးသာ ထိုနေရာတွင် မရှိနေခဲ့လျှင် သူ ထိုနေရာမှာပင် စာရင်းရှင်းချင်နေသည်။

သို့သော် သူ ဒီလျို့ဝှက်နယ်မြေထဲ ဝင်လာသော တကယ့်ရည်မှန်းချက်ကို မမေ့ပေ။ ၎င်းမှာ အစွမ်းပြပြီး မြင့်မြတ်နယ်မြေမှ အကြီးအကဲများ၏ အာရုံစိုက်မှုကို ခံရရန်ပင်။

အကယ်၍ သူသာ မြင့်မြတ်နယ်မြေတစ်ခုထဲ ဝင်ခွင့်ရလျှင် သူ၏ ဒန်တျန် ပြဿနာကို ထိုမှဆရာသခင်များ အလွယ်တကူ ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

“စီနီယာအစ်ကို... လီချင်းရန်ကော။” လုချန်ထျန်း ပြန်ရောက်လာသည်နှင့် ကျန်းဟန်ရှောင်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

အနားရှိ ရှောင်ယိဖုန်းနှင့် ယွင်ကျိမိုတို့ကလည်း နားစွင့်နေကြ၏။

လုချန်ထျန်း၏မျက်နှာက ပိုပြီးပင် ပျက်သွားခဲ့သည်။ သူက ကျန်းဟန်ရှောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“လမ်းတစ်လျှောက်လုံး “လီချင်းရန်..လီချင်းရန်”နဲ့ပဲ ဖြစ်နေတာ။ မင်းက ဘာဖြစ်နေတာလဲ။ ပြောစမ်းပါဦး။ မင်းရဲ့ ဂျူနီယာညီမက မုပိုင်ရွှမ်လား... လီချင်းရန်လား။”

“ဟေ့... ငါက မေးကြည့်တာပါ၊ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။” ကျန်းဟန်ရှောင်က မျက်မှောင်ကြုတ်လိုက်၏။

မုပိုင်ရွှမ်က လုချန်ထျန်းကို သဘောကျနေကြောင်း လူတိုင်း သိသည်။ သူတို့ အများစုက မုပိုင်ရွှမ်ကို လိုက်ရန် မျှော်လင့်ချက် လက်လွှတ်လိုက်ကြပြီ ဖြစ်သည်။

အခုတော့ လီချင်းရန်အကြောင်းတောင် မေးခွင့်မရှိတော့ဘူးလား။

လုချန်ထျန်းက ဘယ်လောက်တောင် အလိုရမ္မက် ကြီးနေတာလဲ...

“သူကို ဓားကျောင်းတော်က တစ်နေရာရာမှာ ပစ်ထားခဲ့တာ နေမှာပေါ့။” လုချန်ထျန်းက မျက်လုံး မှိတ်လိုက်သည်။ “လီချင်းရန်က ပါရမီလည်း မကောင်းဘူး။ စိတ်ထားလည်း သိမ်ဖျင်းတယ်။ မနာလိုစိတ်လည်း အရမ်းကြီးတယ်။ သူရဲ့ စရိုက်က ပုပ်စပ်နေတာ။ ဓားကျောင်းတော်က အမှိုက်ပုံ မဟုတ်ဘူး။ ငါတို့ ချင်းယွန်ဂိုဏ်းတောင် သူ့ကို အလိုမရှိဘူးဆိုရင် သူတို့ကလည်း သူ့ကို ပစ်ထုတ်လိုက်တာက သဘာဝပဲ မဟုတ်လား။”

ကျန်းဟန်ရှောင်က ဓားကျောင်းတော် လီချင်းရန်ကို မည်သည့်နေရာ ထားခဲ့ကြောင်း သိရလျှင် လူကောင်းယောင်ဆောင်ပြီး သွားရှာချင်နေခြင်း ဖြစ်သည်။

သို့သော် သူ မလှုပ်ရှားခင်မှာပင် ယောင်ချီနတ်မိမယ်မလေးက စကားပြောလာ၏။

“တာအိုမိတ်ဆွေတို့... ကျွန်မတို့ကို ကူညီဖို့ လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ စုန့်ချီယွဲ့က အမြဲတမ်း ကတိတည်တဲ့သူပါ။ မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပြီးတော့ မိစ္ဆာ အကြွင်းအကျန်တွေကို နှိမ်နင်းပြီးတာနဲ့ ရှင်တို့ တစ်ယောက်ချင်းစီက ရတနာ တစ်ခုစီကို ရွေးနိုင်ပါတယ်။ အကယ်၍ စိတ်တိုင်းမကျရင် ကျွန်မဆီက တခြားတစ်ခုခု တောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ လာမယ့်တိုက်ပွဲမှာ လူတိုင်း အစွမ်းကုန် ကြိုးစားပေးဖို့ တောင်းဆိုချင်ပါတယ်...”

“နတ်မိမယ်စုန့်က အပျက်အစီးရဲ့ အကာအကွယ်ကို ဖွင့်ပေးပါ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်...” တစ်ယောက်က ချက်ချင်း အော်ပြောလိုက်သည်။

“ဟုတ်တယ်။ ယောင်ချီနတ်မိမယ်မလေးက အကူအညီတောင်းတာပဲ။ ဆုလာဘ်မရှိရင်တောင် ကျွန်တော်တို့ မီးထဲရေထဲ ဆင်းဖို့ ဝန်မလေးပါဘူး...”

“ဟားဟားဟား... ကောင်းလိုက်တဲ့ စကားပဲ။ ညီအစ်ကိုလီ...”

စုန့်ချီယွဲ့ နှုတ်ခမ်းများက အနည်းငယ် ပြုံးယောင်သန်းသွားပြီး စုဝေးနေသော ကျင့်ကြံသူများကို ဦးညွှတ်လိုက်သည်။

ထိုကဲ့သို့ သေးငယ်သော အပြုအမူလေးကပင် ကျင့်ကြံသူ အများအပြားကို အမြတ်တနိုး ငေးမော သွားစေသည်။

“လူတိုင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက်နဲ့ မိစ္ဆာအကြွင်းအကျန်တွေ ထွက်ပြေးပြီးတော့ လျို့ဝှက်နယ်မြေထဲက တခြားကျင့်ကြံသူတွေကို အန္တရာယ်မပြုနိုင်အောင် အကာအကွယ်ကို မဖျက်ခင်မှာ အရင်ဆုံး ပြင်ဆင်မှုတချို့ လုပ်ရပါမယ်။”

သူက အပျက်အစီး၏ အကာအကွယ်အခင်းအကျင်း အထက်ကို မော့ကြည့်လိုက်၏။

“တာအိုမိတ်ဆွေချင်။ ဆရာတော် ဟွေ့ခုန်း။ နောက်တစ်ပိုင်းကတော့ ရှင်တို့ အပေါ်မှာပဲ မူတည်ပါတယ်။”

သူ ကြည့်နေသောဘက်ကို လိုက်ကြည့်လိုက်ရာ အပျက်အစီးဝင်ပေါက်မှ မြင့်မားလှသော ကျောက်တိုင်ကြီးတွေပေါ် ထိုင်နေသော ပုံရိပ်နှစ်ခုကို လူအုပ်ကြီးက တွေ့လိုက်ရ၏။

ဘယ်ဘက်တွင်တော့ လက်အုပ်ချီထားသော ဆရာတော် ဟွေ့ခုန်း ဖြစ်သည်။

ညာဘက်တွင်တော့ ယပ်တောင်ကိုင်ထားပြီး တည်ကြည်သော မျက်နှာထားရှိသည့် ကျန့်ဝူ မြင့်မြတ်နယ်မြေမှ ချင်းလော်ဖုန်း ဖြစ်သည်။

“အော်မီတော်ဖော်...”

ဆရာတော်ဟွေ့ခုန်းက အရင်ဆုံး လှုပ်ရှားလိုက်သည်။

သူက လက်အုပ်ချီလိုက်ရာ လက်ကောက်ဝတ်မှ ပုတီးစေ့များ မြေပြင်ပေါ်ကို ကျလာပြီး ရွှေရောင်ကြာပန်းများအဖြစ် ပြောင်းလဲသွား၏။ နဖူးပေါ်တွင်တော့ သက္ကတကျမ်းစာများက အနီရောင် တောက်ပလာသည်။

သူ့ခြေထောက်မှ ကျောက်ပြားများ အပေါ်မှာ ရွှေရောင်ပုံစံကွက်များ ထွက်ပေါ်လာပြီး ပြင်းထန်တဲ့လေကြောင့် သူ၏သင်္ကန်းမှာ တဖျပ်ဖျပ် လွင့်နေ၏။ သူ့နောက်မှ ဝရဇိန် တောင်ဝှေးမှာ လင်းလက်နေသော တိုင်ပေါင်း ရှစ်ဆယ့်တစ်တိုင်အဖြစ် ကွဲထွက်သွားပြီး အပျက်အစီးဝင်ပေါက်နှင့် စုဝေးနေသော တပည့်များကို ပတ်လိုက်၏။

တိုင်တစ်တိုင်ချင်းစီတွင် ပြာလွင်သော မီးတောက်များ တောက်လောင်လာပြီး ဖန်သားလို ကြည်လင်တောက်ပသော အကာအကွယ် အမိုးခုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“ဆရာတော်ဟွေ့ခုန်းက အစောင့်အရှောက်အခင်းအကျင်းကို ဖြန့်ကျက်လိုက်ပါပြီ။ အဲဒီက ဗုဒ္ဓအလင်းတောင်က မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပေးသလို မိစ္ဆာအကြွင်းအကျန်တွေရဲ့ အစွမ်းကိုလည်း နှိမ်နင်းပေးပါလိမ့်မယ်။” စုန့်ချီယွဲ့က ရှင်းပြသည်။

၎င်းကို ကြားလိုက်ရသောအခါ စိုးရိမ်နေကြသော တပည့်များ အနည်းငယ် စိတ်အေးသွား ကြလေသည်။

အခင်းအကျင်းက လျင်မြန်စွာပင် ပြီးမြောက်သွား၏။

နောက်ဆုံးတွင်တော့ ချင်းလော်ဖုန်းက တရားထိုင်ရာနေရာမှ ထရပ်ပြီး ကျောက်တိုင်ပေါ်မှ ဆင်းလာသည်။ သူက ကျောမှ ဓားသေတ္တာကို ချလိုက်ပြီး စူးရှသော အကြည့်များနှင့်အတူ မြေကြီးထဲကို ထိုးစိုက်လိုက်၏။

“တာအိုမိတ်ဆွေချင်က နောက်တန်းကနေ စောင့်ကြပ်ပေးမှာပါ။ တကယ်လို့ မိစ္ဆာအကြွင်းအကျန် တစ်ခုခုက ဆရာတော်ဟွေ့ခုန်းရဲ့ စက်ကွင်းကို ဖောက်ထွက်လာရင် သူက ဖြေရှင်းပေးပါလိမ့်မယ်။” စုန့်ချီယွဲ့က ပြုံးရင်း ကြေညာလိုက်သည်။

လူအုပ်ကြားထဲ ပုန်းကွယ်နေသော မိုရှုမိန်က ခေါင်းကို ငုံ့ထားပြီး ကိုယ်ထဲမှ မိစ္ဆာစွမ်းအင်များကို အတင်းအကျပ် နှိမ်နင်းထားရ၏။

အခင်းအကျင်းတစ်ခုနှင့် နောက်တန်းစောင့်ကြပ်သူ တစ်ယောက်...

ရှေးဟောင်းအလောင်းကောင်များက အထဲဝင်နိုင်မနိုင် သူ မသေချာပေ။

သို့သော် တစ်ခုတော့ သေချာပေါက် သူ သိသည်။

ထိုသူများ၏ အစီအစဉ်အားလုံး မပြီးမချင်း သူ အပြင်ကို ထွက်၍ ရနိုင်မည် မဟုတ်သည်ကိုပင်။

...

လျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်...

“ကောင်းကင်နက္ခတ်နဲ့ လျို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်လို့ရမလား။”

[ တွက်ချက်နေသည်... လျို့ဝှက်နယ်မြေ၏ သီးခြား ကောင်းကင်ဥပဒေသများကြောင့် ကစားသူအနေဖြင့် အတွင်းပိုင်းအခြေအနေကို ကြည့်ရှုနိုင်ခြင်းမရှိပါ... ]

[ အကယ်၍ အတွင်းပိုင်းကို အတင်းအကျပ် ကြည့်ရှုလိုပါက သင်၏ လက်ရှိ လက်ကျန်ငွေနှင့် ကံတရားဆုံးရှုံးမှုမှာ ကုန်ကျစရိတ်ကို မတတ်နိုင်ပါ... ]

“...အေးပါ။ ထားလိုက်ပါတော့။” ချန်ဟွိုက်အန်က အရှုံးပေးသည့် အနေဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

သူ တကယ့်ကို ပျင်းရိငြီးနေခြင်းပင်။

အထဲတွင် ဖြစ်နေသည့် အရာများကို ရုပ်ရှင်ကြည့်သလိုမျိုး ကြည့်၍ ရနိုင်လျှင် မည်မျှ ကောင်းလိုက်မည်နည်း။

သူ ယခုလို အေးအေးလူလူ ရှိနေနိုင်ခြင်းမှာ အဓိကဇာတ်လမ်းအောက်မှ ချင်းရန်လေး၏ အသက်ရှင်နှုန်းက ၁၀၀%အထိ ရောက်သွား၍ ဖြစ်သည်။ ရင်ထဲမှ အလုံးကြီး ကျသွားသလိုပင်။ ယခင်က ၉၉.၉၉၉ % ကပင် သူ စိတ်မချနိုင်ခဲ့ပေ။

“ဂိမ်းထဲက ထွက်ပြီး ခဏလောက် နားလိုက်ရမလား။”

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆက်နေရန် မလိုတော့သလို သူ ခံစားလိုက်ရသည်။

မည်သို့ဆိုစေကာမူ သူ၏ကိုယ်ပွားကို အသက်သွင်းထားရခြင်းက မိနစ်တိုင်း ငွေကုန်နေသည် မဟုတ်ပါလား။

သူ့တွင် ကု‌ဋေတစ်သောင်း ရှိနေလျှင်ပင် ထိုကဲ့သို့ အရင်းအမြစ်များကို အလဟဿ မဖြုန်းတီးနိုင်ပေ။

သူ ကိုယ်ပွားကို ပြန်ရုပ်သိမ်းရန် ပြင်နေစဉ် ဝေးလံသော တောင်တန်းတစ်သောင်းဆီမှ နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုဟိန်းသံကြီးက လျို့ဝှက်နယ်မြေအပြင်ဘက် တစ်ခွင်လုံးကို တုန်ခါသွားစေပြီး စုဝေးနေသော ကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေ၏။

ချန်ဟွိုက်အန်က ပေါက်ကွဲသံ ထွက်ပေါ်လာရာကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်ရာ မိစ္ဆာစွမ်းအင် အရိပ်အယောင်တချို့ကို ခံစားမိလိုက်သည်။

ဘာတွေလဲ။

ဒီနေရာက ဖြောင့်မှန်တဲ့ဂိုဏ်းတွေက ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတာလေ။ ဘယ်သူကများ ဒီမှာ ပြဿနာလာရှာရဲတာလဲ။

သို့သော် ခဏ စဉ်းစားကြည့်လိုက်ရာ သူ နားလည်သွား၏။

ယခုအချိန်တွင် ဂိုဏ်းတိုင်း၏ အမာခံတပည့်များနှင့် ပါရမီရှင်လူငယ်များက အရန် လျို့ဝှက်နယ်မြေထဲကို ရောက်နေကြပြီ ဖြစ်သည်။

ဂိုဏ်းတိုင်း၏ အင်အားအကောင်းဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသော ဂိုဏ်းချုပ်များနှင့် အကြီးအကဲများကလည်း အဓိကလျို့ဝှက်နယ်မြေထဲ ဝင်သွားကြလေပြီ။

ယခု အပြင်တွင် ကျန်ခဲ့သူများမှာ မြင့်မြတ်နယ်မြေကြီး သုံးခုမှ လူများကို ဖယ်လိုက်လျှင် လူအို၊ လူနာနဲ့ မသန်စွမ်းများသာ ရှိတော့သည်။

အင်း... ငါ့ကိုယ်ငါတော့ ချန်ထားရမှာပေါ့။

တကယ်လို့ မိစ္ဆာဂိုဏ်းတွေက လှုပ်ရှားချင်တယ်ဆိုရင် ဂိုဏ်းကြီးတွေကို အလစ်အငိုက်ဖမ်းဖို့ အခုအချိန်က အကောင်းဆုံးပဲ။

ဒါပေမဲ့ မြင့်မြတ်နယ်မြေသုံးခုကရော ဒီအတိုင်း ငြိမ်ကြည့်နေမှာတဲ့လား။

ချန်ဟွိုက်အန်က မြင့်မြတ်နယ်မြေကြီး သုံးခု၏ စံအိမ်များဘက်ကို လှည့်ကြည့်ရင်း စိတ်ထဲမှ ခန့်မှန်းနေမိသည်။

ထိုအချိန်မှာပင်ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

မြင့်မြတ်နယ်မြေ တစ်ခုချင်းစီကနေ ကျင့်ကြံသူ တစ်ယောက်စီက လေထဲကို ပျံတက် လာကြသည်။

အားလုံးက အခြေတည်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်ကြီးများပင်။

“တောင်တန်းတစ်သောင်းမှာ မိစ္ဆာစွမ်းအင်တွေ ပြည့်နှက်နေပြီ...”

စကားပြောလိုက်သူက ကျန့်ဝူမြင့်မြတ်နယ်မြေက ဝတ်ရုံဖြူနှင့် အဘိုးအိုတစ်ဦးပင်။ သူက ဒေါသတကြီးနှင့် လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ရှိနေသော ကျင့်ကြံသူအားလုံး ကြားအောင် အသံကို ကျယ်လောင်စွာ ထုတ်လွှင့်လိုက်၏။

“အဓိကနဲ့ အရန်လျို့ဝှက်နယ်မြေ နှစ်ခုလုံး ပွင့်နေတော့ ငါတို့ဂိုဏ်းတွေရဲ့ ကာကွယ်ရေးက အားအနည်းဆုံး အချိန်ပဲ။ မိစ္ဆာဂိုဏ်းတွေ ပြဿနာလာရှာမှာကို ဒီအဘိုးကြီး စိုးရိမ်မိတယ်။ ဒီမှာရှိနေတဲ့ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူမှန်သမျှ ငါနဲ့အတူ လာစုံစမ်းကြ... ကျန်တဲ့ လူတွေက ဒီမှာပဲနေနေ။ ငါတို့ မြင့်မြတ်နယ်မြေသုံးခုက အစွမ်းထက်တဲ့သူတွေက တပည့် အားလုံးကို ကာကွယ်ပေးဖို့ လုံလောက်ပါတယ်...”

ဂိုဏ်းကြီးများထဲမှ အများစုက တပည့်ငယ်များကို စောင့်ရှောက်ရန် အခြေတည်ဝိညာဉ်အဆင့် တစ်ယောက်၊ နှစ်ယောက်လောက်သာ ချန်ထားခဲ့ကြသည်။

အဘိုးအို၏ ခေါ်သံကို ကြားသော် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူအချို့ ချက်ချင်း တုံ့ပြန်လိုက်ကြ၏။

သို့သော် အားလုံးကတော့ မအကြပေ။ အစောင့်အရှောက် အခြေတည်ဝိညာဉ်အဆင့် တစ်ယောက်တည်းသာ ရှိသော ဂိုဏ်းများကတော့ နေရာမှ မခွာကြပေ။

ချန်ဟွိုက်အန်က ရှန့်ရွှမ်းကို အစောင့်အဖြစ် ချန်ထားခဲ့ပြီး သူကိုယ်တိုင် ဓားပျံစီးကာ လေထဲကို ပျံတက်လိုက်သည်။

ဓားကျောင်းတော် တပည့်များအားလုံး လျို့ဝှက်နယ်မြေထဲ ရောက်နေပြီ ဖြစ်ရာ သူက ထိုနေရာတွင် စောင့်နေစရာ မရှိတော့ပေ။

သွားကြည့်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

...

ချင်းယွန်ဂိုဏ်း အဖွဲ့ဘက်မှာတော့ တာအိုပညာရှင် ချင်းရွှမ်းက လိုက်သွားရန် ပြင်လိုက်စဉ်...

ဖြန်း...

ချင်းယွန်ဘိုးဘေးက သူ့ကို ယင်ကောင်တစ်ကောင်လို ရိုက်ချလိုက်၏။

“မင်းလို အခြေတည်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က ဘာသွားလုပ်မလို့လဲ။ ဒီမှာပဲနေပြီး တပည့်တွေကို စောင့်နေ။ ငါ သွားမယ်...”

အဖြေကိုပင် မစောင့်ဘဲ ချင်းယွန်ဘိုးဘေးက အရိပ်တစ်ခုလို ပျောက်ကွယ်သွားပြီး ချန်ဟွိုက်အန် သွားသော လမ်းကြောင်းအတိုင်း လိုက်သွားပါတော့သည်။

တာအိုပညာရှင် ချင်းရွှမ်းကတော့ လဲကျသွား၍ ဖြစ်ပေါ်လာသော ကျင်းကြီးထဲ ပက်လက် လန်နေရင်း ဘိုးဘေး၏ မီးတောက်ထဲ တိုးဝင်သော ပိုးဖလံလိုမျိုး ထွက်ခွာသွားခြင်းကို ငေးကြည့်နေမိသည်။

သူ အမှန်တကယ်ကို ငိုချင်သွားလေသည်။

ကျန့်ဝူမြင့်မြတ်နယ်မြေမှ အဘိုးအိုက ခဏသာ စောင့်လိုက်ရ၏။

ကျင့်ကြံသူ ၃၀ခန့် စုမိသည်နှင့် မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသော တောင်တန်းတစ်သောင်းကို ခန့်ညားထည်ဝါစွာ ဦးဆောင်ထွက်ခွာသွားတော့သည်။

“တာအိုမိတ်ဆွေ ချန်... ရှေ့က တာအိုမိတ်ဆွေချန် မဟုတ်လား။”

ချန်ဟွိုက်အန် လေထဲတွင် အေးအေးလူလူ ပျံသန်းနေရင်း နောက်မှ ချိုသာလွန်းသော အမျိုးသမီးအသံတစ်ခုက လှမ်းခေါ်လိုက်၏။

ထိုအသံကြောင့် သူ တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားမိသည်။

သူ၏ အတွေ့အကြုံအရ အပြင်လောကမှ တိုက်ရိုက်ထုတ်လွှင့်သော တင်ဆက်သူများသာ ထိုမျှအထိ ချွဲနွဲ့သော လေသံဖြင့် စကားပြောကြ၏။

သို့သော် ယခုနေရာက ချင်းယွန်ဘုံ ဖြစ်သည်။

ထိုလောကတွင် ထိုကဲ့သို့ စကားပြောသူကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး တဖက်လူ ကိုယ်စား သူ ရှက်လွန်း၍ သေပင်သေချင်သွားခဲ့သည်။

သူက လှည့်ကြည့်လိုက်ရာ မြင်လိုက်ရတဲ့အရာကြောင့် ပိုပြီး ကြောင်သွား၏။

သူ မသိသော အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ပင်။

သူ၏ ဝတ်ရုံနှင့်ခါးမှ တံဆိပ်ကို ကြည့်ရသည်မှာ ချင်းယွန်ဂိုဏ်းမှ ဖြစ်ပေလိမ့်မည်။

အခြေတည်ဝိညာဉ်အဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်၏။

ဒါက မဖြစ်နိုင်တာပဲ...

ချင်းယွန်ဂိုဏ်းမှာ အခြေတည်ဝိညာဉ်အဆင့်ဆိုလို့ ချင်းယွန်ဘိုးဘေး တစ်ယောက်ပဲ ရှိတာ မဟုတ်လား။

ဘာတွေ ဖြစ်ကုန်တာလဲ။

သူက ထိုမိန်းကလေးကို မျက်မှောင်ကြုတ် အာရုံစိုက်လိုက်ရာ အခြေခံအချက်အလက်များက ရှေ့မှာ ပေါ်လာခဲ့သည်။

ချင်းယွန်ဘိုးဘေး - ရုံချင်းယွန်

ကျင့်ကြံမှုအဆင့် - အခြေတည်ဝိညာဉ် အလယ်အဆင့် (အတွင်းဒဏ်ရာရှိ)

အသက် - ၁၂၇၃ နှစ်

...နေပါဦး။ အစ်မကြီး... ဘာကြီးလားဟ..

ချန်ဟွိုက်အန် ဆွံ့အသွား၏။

ဒီ... ဒီမိန်းကလေးက ချင်းယွန်ဘိုးဘေးဆိုတဲ့ အဘွားကြီးလား...

သို့သော် သူ၏ အရှေ့မှလူက အရပ် ၁.၆မီတာပင် မပြည့်သော အသားဖြူဖြူ နုနုနယ်နယ်နှင့် ချစ်စရာကောင်းသော လိုလီကျင့်ကြံသူလေး ဖြစ်နေ၏။

ချန်ဟွိုက်အန် သူ့ကို ငေးကြည့်နေသည်ကို မြင်သော် ရုံချင်းယွန်၏ ပါးပြင်လေးများ အနည်းငယ် နီမြန်းသွားပြီး ယခုလို ကြည့်နေသည်ကို စိတ်ထဲမှ တိတ်တဆိတ် သဘောကျနေသည်။

သူ၏ နုပျိုဆေးလုံး၏ အစွမ်းကို ကျေနပ်နေသလို ငယ်စဉ်က သူ၏ အလှအပကိုလည်း သူ အတော်လေး ဂုဏ်ယူနေခဲ့၏။

“တာအိုမိတ်ဆွေချန်။ အဘွား...အဟမ်း... ကျွန်မကို မှတ်မိသေးရဲ့လား။” သူက ချိုချိုသာသာလေး မေးလိုက်သည်။

ချန်ဟွိုက်အန်က သူ့ဘေးတွင် ပျံသန်းနေသော လိုလီကျင့်ကြံသူလေးကို ကြည့်ပြီး နှုတ်ခမ်းများ တုန်ရင်စွာဖြင့် ပြန်ဖြေလိုက်ရသည်။ “မင်း... မင်းက ချင်းယွန်ဘိုးဘေးလား။”

“အိုင်းရား... အဲဒီလိုကြီး မခေါ်ပါနဲ့...” ရုံချင်းယွန်က နှုတ်ခမ်းလေး စူလိုက်သည်။ “ ရုံချင်းယွန်လို့ပဲ ခေါ်ပါ...”

သူက လက်ယှက်ကာ နှုတ်ဆက်ရင်း တောက်ပပြီး ချိုမြိန်သော အပြုံးဖြင့် ပြောလိုက်သည်။

“ဟိုတစ်နေ့က ချင်းယွန်ဂိုဏ်းမှာတုန်းကတော့ အဘွားကြီးပုံစံနဲ့ နေခဲ့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် တပည့်တွေရှေ့မှာတော့ တည်ကြည်တဲ့ပုံစံမျိုး ရှိနေရမှာလေ။”

သူက တခစ်ခစ် ရယ်ရင်း မျက်တောင်လေးများ ခတ်ပြလိုက်ပြန်သည်။ “တာအိုမိတ်ဆွေချန်လည်း ကျွန်မနဲ့ အသက်တူတူလောက်ပဲဆိုတော့ နားလည်မှာပါနော်။”

“အဟားဟား... အင်း။ နားလည်ပါတယ်...”

ချန်ဟွိုက်အန်က ထွက်ပြေးချင်စိတ်ကို မနည်း ထိန်းထားရ၏။

သူတို့ကြား အကွာအဝေးတစ်ခုရအောင် သူ ချက်ချင်းပင် အရှိန်မြှင့်လိုက်သည်။

သို့သော် သူ မည်မျှမြန်မြန် သွားသွား၊ ရုံချင်းယွန်က ကော်နှင့်ကပ်ထားသလို သူ့အနောက်မှ လိုက်လာပြီး တတွတ်တွတ်နှင့် စကားလာပြောနေတော့သည်။

ချန်ဟွိုက်အန်က သူ ပြောသော စကားများကို တစ်လုံးမှ မယုံပေ။

အသက်တစ်ထောင်ကျော် ရှိနေပြီးတော့ အခုထိ ငယ်ချင်ယောင်ဆောင်နေသေးတယ်။

အစကတည်းက လူငယ်ပုံစံနဲ့ ပေါ်လာရင်တောင် ငါ့အပေါ် ဘာစိတ်မှရှိမှာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ချင်းရန်လေးကမှ တကယ့် အစစ်အမှန်ပဲ။ လတ်လတ်ဆတ်ဆတ် နုနယ်တဲ့ မိန်းကလေး။

နုပျိုဆေးလုံးနဲ့ အတုအယောင် ပြုပြင်ထားတဲ့ အဘွားကြီးက ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။

ရုပ်ရည်ထက် သူ့ရဲ့အမူအရာက ပိုပြီးတော့ စိတ်ပျက်စရာကောင်းတယ်။

သူက လေးစားထိုက်တဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေသင့်တာကို အခုတော့ နုနယ်တဲ့ မိန်းကလေး တစ်ယောက်လို လုပ်နေတာက တကယ့်ကို အနေရခက်တာပဲ။

ဒါကိုမြင်တော့ အလှပြင်တာတွေ၊ မိတ်ကပ်တွေ အထူကြီး လိမ်းပြီးတော့ ဆယ်ကျော်သက် မိန်းကလေး ဟန်ဆောင်တဲ့ အရည်အသွေးမရှိတဲ့ ဗီဒီယိုတွေ တင်နေတဲ့ အသက်ကြီးကြီး တိုက်ရိုက် ထုတ်လွှင်သူတွေကို သွားသတိရမိတယ်။

ဒါကို ကြည့်ရတာ တကယ့်ကို စိတ်ညစ်စရာပဲ။

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေဆိုတော့ မြန်မြန် ပျံသန်းနိုင်လို့ တော်သေးတာပေါ့။

....

ခဏအကြာတွင် သူတို့က မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသော တောင်တန်းများအပေါ်ကို ရောက်ရှိသွားကြသည်။

အောက်မှ မြင်ကွင်းက တကယ့်ကို ထိတ်လန့်စရာပင်။

ထူထပ်ပြီး ဖိအားပြင်းသော မိစ္ဆာမြူခိုးများက တောအုပ်ကြီးကို လွှမ်းခြုံထား၏။

အဆိပ်မြူများက ပတ်ဝန်းကျင်မှ ကျောက်ဆောင်များကို တိုက်စားနေပြီး တောင်စောင်း တစ်လျှောက်တွင် ချော်ရည်များကဲ့သို့ ရဲရဲနီနေသော ကျောက်သားများကို မြင်နေရသည်။

အနက်ရောင် မြူခိုးများကြားထဲတွင်တော့ ကြေးနီတိုင်ပေါင်း ရာနှင့်ချီပြီး မြေအက်ကြောင်းများထဲ စိုက်ထားသည်ကို တွေ့ရသည်။ ထိုအက်ကြောင်းများ အထဲမှ သွေးရောင်မြူတိမ်တွေ ထွက်ပေါ်လာပြီး ကောင်းကင်တွင် ဇောက်ထိုးဖြစ်နေသော ဧရာမသွေးတိမ်တိုက်ကြီးအဖြစ် စုစည်းနေ၏။

ထိုသွေးတိမ်တိုက်ကြီး ဘေးထဲတွင်တော့ မရေမတွက်နိုင်သော လင်းတများက ပျော်ရွှင်စွာ အော်ဟစ်နေကြလေသည်။

မွန်းတည့်နေရောင်သည်ပင် ထိုမြူများကို ဖြတ်သွားသောအခါ ပုံပျက်သွားပြီး တစ်နယ်လုံးကို သံချေးတက်နေသော အညိုရောင် သန်းသွားစေ၏။

“တစ်ယောက်ယောက်က လျို့ဝှက်နယ်မြေပတ်ပတ်လည်မှာ အဆင့်မြင့် မိစ္ဆာအခင်းအကျင်း တစ်ခု ခင်းကျင်းထားတာပဲ...”

ဘေးနားမှ ကျင့်ကြံသူများ မျက်နှာ ပျက်သွားကြသည်။

ဒီလောက်များတဲ့ မိစ္ဆာစွမ်းအင်တွေကို ကြည့်ရရင် ဒီအခင်းအကျင်းကို ခင်းကျင်းထားတဲ့သူဟာ မကောင်းတဲ့ အကြံရှိတာ သေချာတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်က လျို့ဝှက်နယ်မြေ အပြင်ဘက်မှာရှိတဲ့ ကျင့်ကြံသူတွေ အားလုံးကို တစ်ချက်တည်းနဲ့ အပြတ်သတ်ဖို့ ဖြစ်နိုင်လောက်တယ်။

ကျန့်ဝူမြင့်မြတ်နယ်မြေမှ အဘိုးအိုက ပိုပြီး တည်ကြည်နေသည်။

သူ၏ ဝတ်ရုံအောက်တွင် လက်သီးများကို တင်းတင်းဆုပ်ထားပြီး ဒေါသကြောင့် အကြောများပင် ထောင်နေ၏။

“အားလုံးပဲ။ ဒါက အရေးကြီးတယ်...” သူ၏အသံ ဟိန်းထွက်လာသည်။ “ဒီအခင်းအကျင်းက ဘာအတွက်ပဲဖြစ်ဖြစ် ငါတို့တွေ ဒါကို ချက်ချင်း ဖျက်ဆီးရမယ်...”

...

All Chapters