ခင်ဗျားကိုတွေ့ပြီ
Vol. 21 Ch. 210
စုဝေးရောက်ရှိနေသော ကျင့်ကြံသူများမှာ မူလကတည်းက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများဆိုရင် အမြင်မကြည်ကြသူများ ဖြစ်လေသည်။
ယခုတော့ ထိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူများက လျို့ဝှက်နယ်မြေအနီးတွင် မကောင်းသော ရည်ရွယ်ချက်များနှင့် အခင်းအကျင်းတစ်ခုကို အထင်အရှား ခင်းကျင်းထားရာ သူတို့၏ဒေါသကို ပိုပြီးပင် မီးလောင်ရာလေပင့် ဖြစ်သွားစေသည်။ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ဂါထာမန္တန်တွေကို ထုတ်ဖော်ပြီး အခင်းအကျင်းကို မနားတမ်း ဗုံးကြဲတိုက်ခိုက်ကြတော့သည်။
ချန်ဟွိုက်အန်က မိစ္ဆာအခင်းအကျင်းကို မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။
သူတို့တွေ တစ်ခုခု မကောင်းကြံစည်နေတာဆိုရင် ပိုပြီး လျို့ဝှက်ထားသင့်တာ မဟုတ်ဘူးလား။
အခုတော့ ဒီလောက်ကြီးမားတဲ့ အခင်းအကျင်းကြီးကို ဖြောင့်မှန်တဲ့ ကျင့်ကြံသူတွေအားလုံး မြင်သာအောင် ဗြောင်ကြီးပြထားတယ်။ ဒါ တမင်သက်သက် လုပ်တာလား... ဒါမှမဟုတ် ပေါ့ဆတာလား...
“ကောင်းကင်ဘုံနက္ခတ်၊ ဒီအခင်းအကျင်းကို ဘယ်သူခင်းကျင်းထားတာလဲ ငါ့ကို ပြောပြ။”
[ တွက်ချက်နေသည်... ကျရှုံးပါသည်။ ပစ်မှတ်က တာအိုရတနာတစ်ခု၏ အကာအကွယ် အောက်တွင် ရှိနေသည်။ ကစားသူ၏ ကံတရားဆုံးရှုံးမှုအထပ် မြင့်မားလွန်းနေသည်... ]
ချင်းယွန်ဘုံ၏ ကောင်းကင်ယံတွင် နိမိတ်မကောင်းသော တိမ်တိုက်များ လိပ်တက်လာ၏။
ချန်ဟွိုက်အန်က ပထမဆုံးအကြိမ်အဖြစ် သူကိုယ်တိုင်၏ နက္ခတ်တွက်ချက်မှု ဖိအားအောက် ရပ်နေရသလို ခံစားလိုက်ရသည်။
တောင်တန်းများနှင့်ကောင်းကင် ထိစပ်နေသော နယ်နိမိတ်တွင် အနက်ရောင်တိမ်တိုက် ဝဲဂယက်တစ်ခု ပေါ်လာခဲ့သည်။ ထိုအထဲမှ ရွှေရောင်ဒေါင်လိုက် မျက်လုံးသူငယ်အိမ်တစ်ခုက ထွက်ပေါ်လာပြီး တောင်တန်းတစ်သောင်းရဲ့ တစ်နေရာကို အာရုံစိုက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကျင့်ကြံသူများက ကောင်းကင်ယံတွင် ထိုကဲ့သို့ ထူးဆန်းသော အပြောင်းအလဲကို သတိထားမိသော်လည်း နက္ခတ်တွက်ချက်ခြင်း နိမိတ်များ ရုတ်တရက် ပေါ်လာတတ်သည်ကို နေသားကျနေကြပြီဖြစ်ရာ ကောင်းကင်ကို တစ်ချက်သာ မော့ကြည့်ပြီး မိစ္ဆာအခင်းအကျင်းကို ဆက်လက် တိုက်ခိုက်နေကြတော့သည်။
ချန်ဟွိုက်အန်၏ မျက်လုံးတွေက လမ်းပျောက်နေသော သိုးတစ်ကောင်ကို တွေ့လိုက်ရသည့် ငတ်မွတ်နေသော ဝံပုလွေတစ်ကောင်လို တောက်ပသွား၏။
တာအိုရတနာနဲ့ နောက်တစ်ကြိမ် ထပ်ပြီးတော့ ကာကွယ်ထားပြန်ပြီလား။
ဟိုတစ်ခါ ကျိတုန်းကို ကူညီခဲ့တဲ့ အဘွားကြီးပဲ ဖြစ်ရမယ်...
သူ၏ ကံတရားဆုံးရှုံးမှုကြောင့် ထိုသူ၏ တည်နေရာနှင့် အချက်အလက် အတိအကျကို မသိနိုင်သော်လည်း ဗေဒင်တွက်ချက်မှုကြောင့် ဖြစ်လာသော တုန်ခါမှုများကတော့ ငြင်းမရပေ။
သူ၏ လက်ရှိကိုယ်ပွားက ချင်းယွန်ဘုံထဲ ရောက်နေပြီဖြစ်ရာ ထိုခြေရာနောက်ကို တည့်တည့် လိုက်သွား၍ ရနိုင်ပြီ ဖြစ်သည်။
ထိုသို့တွေးပြီးသည်နှင့် ချန်ဟွိုက်အန်က ရွှေရောင် မျက်လုံးသူငယ်အိမ် ပျောက်သွားသော ဘက်ကို ချက်ချင်း ပျံသန်းသွားတော့၏။
ကျင့်ကြံသူ အများအပြား အခင်းအကျင်းကို တိုက်ခိုက်နေကြပြီး ၎င်းကလည်း ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။ သူရှိနေခြင်း၊ မရှိနေခြင်းက သိပ်ပြီး ထူးခြားမည် မဟုတ်တော့ပေ။
ချင်းယွန်ဘိုးဘေးက သူ ချစ်မြတ်နိုးရသူနှင့်အတူ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများကို တိုက်ခိုက် နေရသော ပျော်ရွှင်မှုထဲတွင် နစ်မျောနေဆဲပင်။
ဒီလို တောက်ပပြီး ဂုဏ်ယူစရာကောင်းတဲ့ နေ့မျိုးမှာ မိစ္ဆာအခင်းအကျင်းကို အတူတူ ဖျက်ဆီး ရတာထက် ပိုပြီးတော့ စိတ်ကူးယဉ်ဆန်တာ ဘာရှိဦးမှာလဲ။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ဟွိုက်အန်က ဓားပျံစီးပြီး ထွက်ခွာသွားသည်ကို သူ မြင်လိုက်ရသည်။
“တာအိုမိတ်ဆွေချန် ဘယ်ကို သွားမလို့လဲ။”
ရုံချင်းယွန် အမှီလိုက်ရန် အမြန် ကြိုးစားသော်လည်း အားကောင်းသော စွမ်းအားတစ်ခုက သူ့ကို နောက်ပြန် တွန်းထုတ်လိုက်၏။ ထိုစွမ်းအားက ပေါင်းစည်းခြင်းအဆင့် ရှိနေသော သူကပင် မတွန်းလှန်နိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။
“မင်းနဲ့ မဆိုင်တဲ့ကိစ္စပဲ...” ချန်ဟွိုက်အန် အော်ပြောလိုက်ပြီး အဝေးကို ပျောက်ကွယ်သွား၏။
“အာ.. လူကို ငြင်းလွှတ်လိုက်တဲ့ ပုံစံလေးကတောင် အရမ်းကို အာဏာပါပြီး ဆွဲဆောင်မှု ရှိနေတာ။ တကယ်ပါပဲ...” ချင်းယွန်ဘိုးဘေးက နီမြန်းနေသော ပါးပြင်လေးများကို အုပ်ထားပြီး အချစ်မူးနေသောပုံစံနှင့် ခြေထောက်လေးများကို လိမ်နေမိသည်။
ထို့နောက် မိစ္ဆာအခင်းအကျင်းဘက်ကို ပြန်လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် လူသတ်ချင်သော အရိပ်အယောင်များ တောက်ပလာခဲ့သည်။
“တာအိုမိတ်ဆွေချန်က အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြေရှင်းဖို့ ရှိနေတာ ဖြစ်မှာပါ။ သူ ‘မင်းနဲ့ မဆိုင်ဘူး’လို့ ပြောလိုက်တာက တကယ်တော့ ငါ့ကို အာရုံမပျံ့လွင့်အောင် တားလိုက်တာပဲ။ ဟွန့်... ဒီအခင်းအကျင်းကြီးသာ မရှိရင် ငါလည်း သူ့နောက်ကို လိုက်သွားလို့ ရမှာ...”
“ဒါတွေအားလုံးက နင်တို့ကြောင့်...”
ဘေးနားက ကျင့်ကြံသူများ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ရုံချင်းယွန်က သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ရတနာ ဆယ်ခုထက်မကကို ဆွဲထုတ်လိုက်ပြီး အမှိုက်များလိုပင် အခင်းအကျင်းဆီ ပစ်ပေါက်ကာ အကုန်လုံးကို တစ်ပြိုင်နက်တည်း ဖောက်ခွဲပစ်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
ပြင်းထန်သော ပေါက်ကွဲမှုများကြောင့် မိစ္ဆာအခင်းအကျင်း ပြိုလဲမှုက ပိုမြန်ဆန်သွားခဲ့သည်။
အဖိုးတန် ဝိညာဉ်ရတနာများကို ဗုံးလိုမျိုး အတင့်ရဲရဲ အသုံးပြုနေသည်ကို မြင်လိုက်ရသော ဘေးနားမှ ကျင့်ကြံသူများက ကြောက်လည်းကြောက်၊ နှမြောလည်း နှမြော ဖြစ်ကုန်ကြသည်။
“ချင်းယွန်ဘိုးဘေးက ထင်ထားတဲ့အတိုင်းပဲ။ သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို တကယ် မုန်းတီးတာပဲ...”
“ဒါပေမဲ့... အဲဒါက နည်းနည်းတော့ ဖြုန်းတီးရာ မကျနေဘူးလား...”
ကျင့်ကြံသူများ တီးတိုးပြောနေစဉ်မှာပင် ရုံချင်းယွန်သည် နောက်ထပ် ဝိညာဉ်ရတနာ ဆယ်ခုကျော်ကို ထုတ်ပြီး ပစ်ထည့်လိုက်ပြန်သည်။
“ဘိုးဘေးချင်းယွန်၊ တော်ပါတော့... အဲဒါတွေက ဝိညာဉ်ရတနာတွေလေ။ တကယ် မလိုဘူးဆိုရင် ကျွန်တော့်ကို ပေးပါလား။ ကျွန်တော် ခင်ဗျားအတွက် အခင်းအကျင်းကို ဖျက်ဆီးပေးပါ့မယ်...”
ကျန့်ဝူနတ်ဘုရားနယ်မြေမှ ပေါင်းစည်းခြင်းအဆင့် အကြီးအကဲတစ်ယောက်က ၎င်းကို မြင်ပြီး မုတ်ဆိတ်မွေးများ တုန်ခါသွားသည်။ သူက လက်အောက်ငယ်သားများဘက်ကို လှည့်ပြီး မေးလိုက်၏။ “အဲဒါ ဘယ်သူလဲ။”
“ချင်းယွန်ဂိုဏ်းရဲ့ ဘိုးဘေးပါ။”
“ဩော်... သိပြီ...” ကျန့်ဝူအကြီးအကဲက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး အထင်ကြီး လေးစားသော ပုံစံဖြင့် လက်ယှက်ကာ အရိုအသေ ပေးလိုက်သည်။ “ချင်းယွန်ဂိုဏ်းက ချင်းယွန်ဘုံမှာ အခြေခံအခိုင်မာဆုံးနဲ့ မကောင်းမှုကို မုန်းတီးတဲ့နေရာမှာ အပြတ်သားဆုံး ဂိုဏ်းလို့ ကြားဖူးခဲ့တာ ကြာပြီ။ အခု ကိုယ်တိုင်မြင်ရတော့မှ အမှန်ပဲလို့ ယုံတော့တယ်။ တာအိုမိတ်ဆွေကျန်းသာ အဓိကလျို့ဝှက်နယ်မြေကနေ ပြန်လာရင် ငါ ချင်းယွန်ဂိုဏ်းအတွက် ကောင်းသတင်း ပြောပေးရမယ်...”
သူ၏ စကားကြောင့် အားတက်သွားသော ဘေးနားမှ ကျင့်ကြံသူများက အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ကြတော့သည်။
တချို့ဆိုလျှင် ချင်းယွန်ဘိုးဘေးကို အတုယူပြီး အပိုဖြစ်နေသော မှော်လက်နက်များကို တိုက်ပွဲထဲ ပစ်ထည့်ကာ ဖောက်ခွဲပစ်ကြ၏။
သူတို့၏ လက်နက်များက ချင်းယွန်ဘိုးဘေး၏ လက်နက်များလောက် အစွမ်းမထက်သော်လည်း အရေအတွက်နှင့် ဖိတိုက်နေကြခြင်းပင်။
မိစ္ဆာအခင်းအကျင်းကြီး ပြိုလဲမှုက ပို၍ပင် မြန်ဆန်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မိုင်ပေါင်း တစ်ထောင်လောက် အကွာတွင်..
တောင်တန်းတစ်သောင်း၏ အစွန်အဖျား၊ ထူထပ်သော တောအုပ်တစ်ခုထဲ ပုန်းအောင်းနေသော လင်းဖူက မျက်နှာပျက်နေ၏။
“ဒါက မဖြစ်နိုင်ဘူး။ အခင်းအကျင်း ပြိုလဲတာ မြန်လွန်းနေတယ်။ ဒီဂိုဏ်းသား ကျင့်ကြံသူတွေက မနှစ်ကထက် အများကြီး ပိုစွမ်းလာကြတာလား။ ဒီအတိုင်းဆိုရင်တော့ နာရီဝက်တောင် ခံမှာ မဟုတ်ဘူး...”
သူ့ဘာသာ ရေရွတ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေသလို ခံစားချက်ကြောင့် အသားများ စိမ့်တက်သွား၏။
လင်းဖူ မော့ကြည့်လိုက်ရာ ယှက်နွယ်နေတဲ့ သစ်ကိုင်းသစ်ရွက်များကြားမှ ရွှေရောင်ဒေါင်လိုက် မျက်လုံးသူငယ်အိမ်ကြီးက တစ်နယ်လုံးကို လိုက်လံစစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။
ယခုနှင့်ဆိုလျှင် ၎င်းမှာ ယနေ့အတွက် တတိယအကြိမ် ရှိနေပြီ ဖြစ်သည်။
လက်ထဲမှ အက်ကြောင်း ၇ခုခန့် ဖြစ်နေပြီဖြစ်သော တာအိုရတနာကို ကြည့်ရင်း လင်းဖူက အံကြိတ်လိုက်သည်။
“တောက်... ဟိုနက်နဲတဲ့ ဓားကျင့်ကြံသူက အရင်ကဆို တစ်နေ့မှ တစ်ခါပဲ တွက်ချက်တာလေ။ ဒီနေ့ ဘာဖြစ်နေတာလဲ။ ရူးသွားပြီလား။ သေချင်နေတာလား။ ငါ့ကို ရှာဖို့နဲ့ သုံးကြိမ်တောင် တွက်ချက်လိုက်တယ်ပေါ့။. သူ့ရဲ့ ကံတရားတွေကို အကုန်အလဟဿ ဖြုန်းပြီးတော့ ငါ့ကို အသေသတ်ဖို့ ကြံနေတာလား...”
ထိုအချိန်မှာပင် လေကို ခွဲလာသော ဓားသံတစ်သံ အဝေးမှ ကြားလိုက်ရပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် နီးကပ်လာ၏။
ခြောက်ခြားစရာကောင်းသော ရယ်သံတစ်ခုနှင့် အတူပင်။
“ငှဲငှဲငှဲ... အဘွားကြီး... ခင်ဗျားကိုတွေ့ပြီ...”
ထိုအသံ ထွက်ပေါ်လာသည်နှင့် လင်းဖူ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု အပြင်းအထန် ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် လက်ဟန်တစ်ခု ပြုလုပ်ပြီး ရွှေရောင်ကြာပန်းရိပ်လေး တစ်ခုသာ ချန်ထားခဲ့ကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ဝုန်း...
ဖျက်ဆီးအား ပြင်းထန်လှတဲ့ ဓားချီတစ်ခုက မြေပြင်ပေါ်ကို စိုက်ကျလာ၏။
မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ဝါကျင်ကျင် သဲတိုင်ကြီးတစ်ခု ကောင်းကင်ယံအထိ ပွင့်ထွက် သွားခဲ့သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ သစ်ပင်များက အမှုန့်ဖြစ်သွားပြီး ပေတစ်ရာကျော် ရှည်လျားတဲ့ ဓားရာကြီးတစ်ခု မြေပြင်ပေါ် ကျန်ရစ်ခဲ့၏။
လင်းဖူက မီတာ တစ်ထောင်လောက် အကွာမှ ကျောက်ဆောင်ကမ်းပါး အစွန်းတစ်ခုတွင် ပြန်ပေါ်လာသည်။
သူက ကောင်းကင်တွင် လွင့်မျောနေသည့် တောက်ပသော နေမင်းကြီးလို စိတ်ဝိညာဉ် ချီစွမ်းအင်များ ထွက်ပေါ်နေသော ပုံရိပ်ကို တည်ကြည်သော မျက်နှာထားနှင့် ကြည့်လိုက်၏။
“မင်း ငါ့ကို ဘယ်လိုရှာတွေ့တာလဲ။”
ချန်ဟွိုက်အန် ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။
ယနေ့အတွက် စတုတ္ထအကြိမ်မြောက်အဖြစ် သူက အကန့်အသတ် တစ်သောင်းကို ကျော်လွန်ပြီး ကောင်းကင်ဘုံနက္ခတ်ကို အသက်သွင်းခဲ့၏။
သူ၏ နောက်ကွယ်မှ ရွှေရောင်ဒေါင်လိုက် မျက်လုံးသူငယ်အိမ်က တောက်ပသော အလင်းရောင်များနှင့်အတူ တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
တာအို၏ အရှိန်အဝါများ ပါဝင်နေသော အေးစက်ပြီး စိမ်းကားသော ထိုအကြည့်သည် တိမ်တိုက်များကို ဖောက်ထွက်ပြီး လင်းဖူဆီတွင်သာ စွဲမြဲနေ၏။
“ဩော်... ဒါကြောင့်ကိုး...” သူက ရေရွတ်လိုက်ပြီး နှုတ်ခမ်းကို အေးစက်စွာ တွန့်လိုက်သည်။ “မင်းက တွက်ချက်မှုရဲ့ တုန်ခါမှုတွေကနေတစ်ဆင့် ငါ့နောက်ကို လိုက်လာတာပေါ့။”
လင်းဖူက ချန်ဟွိုက်အန်ကို သေချာ စစ်ဆေးကြည့်ပြီးမှ အေးစက်စွာ ရယ်မောလိုက်၏။
“မင်းရဲ့ ဒီကိုယ်ပွားက အခြေတည်ဝိညာဉ် ပြည့်စုံခြင်းအဆင့်လေးပဲ ရှိနေတာပဲ။”
သူက လက်ကောက်ဝတ်မှ ပုတီးစေ့များကို လက်ဖြင့် တောက်လိုက်သည်။ “ငါ ခန့်မှန်း ကြည့်ရမလား။ နက္ခတ်တွက်ချက်တာ များလွန်းလို့ မင်းရဲ့ ပင်မခန္ဓာကိုယ်က အနှစ်သာရတွေ ထိခိုက်သွားပြီ မဟုတ်လား။ ဒါကြောင့်လည်း အခုလို အားနည်းတဲ့ ကိုယ်ပွားတစ်ခုကိုပဲ ထုတ်နိုင်တော့တာပေါ့။”
ဝင်လုဆဲဆဲ နေမင်း၏ အလင်းရောင်က တိမ်တိုက်များကို ရွှေရောင်နှင့် သွေးရောင် သန်းသွားစေသည်။
တိမ်တိုက်များ လွင့်စင်သွားသည်နှင့်အမျှ နက်ရှိုင်းပြီး အားကောင်းလှသော ဗုဒ္ဓလမ်းစဉ် ရွတ်ဖတ်သံများ လေထဲ ပျံ့လွင့်လာ၏။
အဘွားကြီး လင်းဖူက ရုတ်တရက် ကျောခိုင်းလိုက်သည်။ သူ၏ နောက်တွင် လက်တစ်ထောင် ကွမ်ရင်မယ်တော် ပုံရိပ်ကြီး တစ်ခု ပေါ်ထွက်လာ၏။
ရွှေရောင်အလင်းတန်းများက ပတ်လည်တွင် ဝဲလှည့်နေရင်း သူက နှာခေါင်းရှုံ့လိုက်၏။ “ကောင်လေး... ပေါင်းစည်းခြင်းအဆင့်တောင်မရှိတဲ့ မင်းရဲ့ ဒီအဆင့်အတန်းလေးနဲ့ ငါ့ကို ယှဉ်ချင် နေတာလား။”
သူ၏ ပိန်ညှောင့်နေသော လက်ချောင်းလေးများနှင့် ပုတီးစေ့များကို တစ်ချက် ခေါက်လိုက်ရာ သူ၏ ပုံရိပ်က ကွမ်ရင်မယ်တော် ပုံရိပ်ကြီးထဲသို့ ပေါင်းစည်းသွား၏။
“အော်မီတော်ဖော်...”
ကွမ်ရင်မယ်တော်ကြီးက လက်နှစ်ဖက်ကို အုပ်လိုက်စဉ်မှာပင် နောက်မှ လက်တစ်ထောင်က ကောင်းကင်ကြီးကို ဆွဲဖြဲတော့မည့် ပုံစံမျိုး ဖြန့်ကားသွားတော့သည်။
လင်းဖူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါတွင်...
သမုဒ္ဒရာလို ကျယ်ပြောလှသော လူသတ်ချင်စိတ်များက ချန်ဟွိုက်အန်ဆီသို့ အရှိန်အဟုန်နှင့် တိုးဝင်သွားတော့သည်။
...