← Chapters

အခန်း (၁၅၆)

Vol. 15 Ch. 156

အခန်း (၁၅၆)

Vol. 15 Ch. 156

📝အပိုင်း - ၁၅၆

ဘာသာပြန် - Na Gar🐉

"ရပ်စမ်း"

ဗိုလ်မှူးသည် သူ၏ဓားကို ဆွဲထုတ်ကာ ပြိုင်ဘက်ကို တွန်းထုတ်လိုက်သည်။ "သူ အရှုံးပေးပြီးပြီ တော်တော့"

ဝမ်ချိုးရှီ သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး ရပ်တန့်

လိုက်ရသည်။

"မင်း ကံကောင်းသွားတယ်"

"အား..."

ထန်ရင်ခသည် မြေပြင်ပေါ်သို့ လဲကျကာ နာကျင်စွာ အော်ဟစ်တော့သည်။

သူ၏ ညာလက်မောင်း တစ်ခုလုံးမှာ ပြတ်လုနီးပါး ဖြစ်သွားပြီး အသားမျှင်လေး တစ်ခုဖြင့်သာ တွဲကပ်နေတော့သည်။ ထိုကဲ့သို့သော ဒဏ်ရာမျိုးကို အကောင်းဆုံး ဆေးဝါးများဖြင့်သာ ကုသနိုင်မည် ဖြစ်သည်။ ကုသနိုင်လျှင်ပင် ပြန်လည် ကောင်းမွန်လာရန် အနည်းဆုံး တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကာ သိုင်းပညာကို ဆက်လက် လေ့လာရန်မှာမူ ပို၍ပင် အချိန်ယူရပေဦးမည်။ အနှစ်ချုပ်ရလျှင် နောင်လာမည့် နှစ်နှစ်၊ သုံးနှစ်တာကာလ — လူငယ်သိုင်းသမားတစ်ဦးအတွက် တန်ဖိုးအရှိဆုံး အချိန်များမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ချန်ဆန်းရှီ သည် မျက်စိကို မှိတ်ထားလိုက်သည်။ နာကျင်စွာ အော်ဟစ်သံများက သူ၏ နားထဲတွင် အထူးပင် ကြားနေရပြီး သူ၏ ရင်ထဲတွင် အမည်မဖော်နိုင်သော ဒေါသတစ်ခုကို လောင်မြိုက်စေခဲ့သည်။

ထန်ရင်ခသည် သူ့ကို ကူညီခဲ့ရုံလေးနှင့် ဤကဲ့သို့ ဒုက္ခိတအဖြစ် အလုပ်ခံရသင့်သလား။

သူ အလုံအလောက်တောင် အရှုံးမပေးခဲ့ဘူးလား။

ဒီလိုမျိုးတွေ ဖြစ်လာမှာစိုးလို့ပဲ သူ ထန်ရင်ခနဲ့ စကားအများကြီး မပြောခဲ့တာ မဟုတ်လား။ အရင်က သတိပေးခဲ့တဲ့ ကျေးဇူးကိုတောင် အထူးတလည် ထုတ်မပြောဘဲ နေခဲ့တာ မဟုတ်လား။

ဒါတောင် မလုံလောက်သေးဘူးလား။

ဒီအဆင့်အထိ လုပ်ဖို့ လိုလို့လား။

ဒါဟာ သူ့ဘက်က စကားလေး တစ်ခွန်း ပြောပေးရုံနဲ့ အလုပ်ခံရတာ၊ တခြားသူတွေဆိုရင်ကော။

ဗိုလ်မှူးသည် ထန်ရင်ခကို ဆေးကုသမှု ခံယူရန် ခေါ်ဆောင်သွားသည်။

ချန်ဆန်းရှီက မေးလိုက်သည် "ဗိုလ်မှူး... တစ်ယောက်ယောက်က အရှုံးပေးပြီးတာတောင် ဒဏ်ရာရအောင် လုပ်တာက စည်းမျဉ်းဖောက်ဖျက်တာ မဟုတ်ဘူးလား"

"ဒါက ဘယ်လိုလုပ် စည်းမျဉ်းဖောက်တာ ဖြစ်မှာလဲ"

ဗိုလ်မှူးက နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည် "ဒါက အင်အားအပြည့်နဲ့ ယှဉ်ပြိုင်တာ လက်သီးဆုပ် ချိန်ဆနိုင်ဖို့ အာမခံချက် မရှိဘူးသေသွားရင်တောင် စည်းမျဉ်းဖောက်ဖျက်တာ မဟုတ်ဘူး"

"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်မှူး"

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ အေးစက်နေသည်။

ပထမအချီ မဲနှိုက်ပြီးနောက် နေရာများကို ခွဲခြားထားပြီးဖြစ်ရာ နောက်ထပ် မဲနှိုက်နေစရာ မလိုတော့ဘဲ သက်ဆိုင်ရာ နေရာအလိုက် အနိုင်ရသူများကို ဆက်လက် ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။

နောက်တစ်ခါ...

သူ၏ ပြိုင်ဘက်မှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ချိုးရှီ ဖြစ်နေတော့သည်။

...

ဤအချီ ပြီးဆုံးသွားချိန်တွင် လေးဦးသာ ကျန်ရှိတော့ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားကြသည်။

၎င်းတို့မှာ ချောင်ဖန် ၊ ပြင်းထန်စွာ ဒဏ်ရာရထားသော လုရှူဟွာ၊ ဝမ်ချိုးရှီ နှင့် ချန်ဆန်းရှီ တို့ ဖြစ်ကြသည်။

"ကောင်းတယ်"

မြို့ရိုးပေါ်တွင် အရာရှိများစွာက ပြိုင်ပွဲအတွက် အားပေးနေကြသည်။

"ဒီနှစ် ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှုက အရင်နှစ်တွေထက် ပိုစိတ်လှုပ်ရှားဖို့ ကောင်းတယ်"

"ဟုတ်ပဗျာ အရင်က အမြင့်ဆုံးအဆင့်က အတွင်းအားသန့်စင်ခြင်း အဆင့်ဝင်ခါစပဲ ရှိတာ။ အများစုက အရိုးဖွဲ့စည်းခြင်း ဒါမှမဟုတ် သွေးသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံတဲ့သူတွေပဲ ပါတာ"

"သခင်ကြီး ဝမ် ရဲ့ သားက မဆိုးဘူးပဲ အတွင်းစည်းတပည့် ကတော့ သေချာသလောက်ပဲ"

"ဟုတ်တယ် သခင်ကြီး ဝမ် ကိုယ်တိုင်က စစ်နတ်ဘုရား ဖြစ်သလို သူ့သားကလည်း ဘုရင်ခံဆွန် ရဲ့ တပည့် ဖြစ်လာနိုင်တယ်။ လခွဲဓားတောင်ကုန်းက လျန်ကျိုးရဲ့ ပထမဆုံးဂိုဏ်း ဖြစ်လာနိုင်တာပေါ့"

"ဒီ ချန်ဆန်းရှီ ကတော့ ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူး"

"သူက စစ်ဆေးမှု မစခင်လေးမှာပဲ အသေးစားအောင်မြင်မှု့ ကို တက်လှမ်းနိုင်ခဲ့ပုံရတယ်"

"ဒီလူကလည်း ပါရမီရှိတာပဲ သူက အိမ်ထောင်ရှိလား"

လူများက စတင် စုံစမ်းလာကြသည်။

ယခုအချိန်တွင် ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှုမှာ အဖြေထွက်လုနီးပြီဖြစ်ရာ အရာရှိများစွာက သမက်လောင်း ရွေးနေကြပြီ ဖြစ်သည်။ ရှဲ့စူးရှု နှင့် တခြားသူများကိုလည်း မျက်စိကျနေကြပြီ ဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် လက်ထပ်ရန် စကားကမ်းလှမ်းမှုများ ရှိလာပေလိမ့်မည်။

သူတို့ ပြုတ်သွားလျှင်ပင် အတွင်းစည်းတပည့် များ ဖြစ်နေဆဲဖြစ်သဖြင့် သူတို့၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေသည်။

"သူ့မှာ ရှိတယ်"

"ကြားတာတော့ သူ့မှာ ဇနီးသည် ရှိနေတာ ကြာပြီတဲ့ နှမြောစရာပဲ"

"ဟုတ်ပဗျာ၊ ဟုတ်ပ"

"..."

သူတို့၏ စကားဝိုင်းကို နားထောင်နေသော ဆွန်ဒူရှန်၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။

"ယန်ချန်းချင်း ရှုံးသွားတာ နှမြောစရာပဲ"

"လုရှူဟွာ က ပိုနှမြောဖို့ ကောင်းတယ် ဒဏ်ရာတွေက မနည်းဘူး"

"ဒါပေမဲ့ မင်းသားလေး ချောင်ဖန် ကတော့ အခုထိ ရှုံးပွဲမရှိသေးဘူး။ ဒီနှစ် ချန်ပီယံခေါင်းဆောင် ကတော့ မင်းသားလေးပဲ ဖြစ်မှာ သေချာတယ်"

"မင်းသားလေးက အခွင့်အရေး ယူထားသလိုမျိုး မပြောပါနဲ့။ သူလည်း ပြီးပြည့်စုံသောအဆင့် ရှိတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ။ ဘာလို့ သူ ဒဏ်ရာမရတာလဲ ဒါက သူ့ရဲ့ အရည်အချင်းက သူတို့ထက် သာလွန်နေလို့ပဲ"

"ကံကောင်းတာကို ပြောရရင်တော့ ချန်ဆန်းရှီ နဲ့ ဝမ်ချိုးရှီ တို့ နှစ်ယောက်လုံးက ကံကောင်းလို့ ဒီအထိ ရောက်လာတာပါ"

"ဒါပေမဲ့ ဒါတွေက အဓိပ္ပာယ် မရှိပါဘူး။ နောက်ဆုံးမှာ ချန်ပီယံ နေရာအတွက်ပဲ ပြိုင်ကြရမှာပါ။ ကျန်တဲ့သူတွေကတော့ အတွင်းစည်းတပည့်တွေပဲ ဖြစ်သွားမှာပါ"

"ခင်ဗျားတို့ ဘယ်လိုထင်လဲ ဒီနှစ်ယောက် ထဲက ဘယ်သူ နိုင်မလဲ"

"ဝမ်ချိုးရှီ ပဲ ဖြစ်ဖို့ များပါတယ် ချန်ဆန်းရှီ က ခုမှ အဆင့်တက်ခါစဆိုတော့ အခြေခံက သိပ်မခိုင်သေးဘူး"

...

"ဒီ ချန်ဆန်းရှီ က 'A' အဆင့်နဲ့ ဒီအထိ ရောက်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ"

ယင်ဟန်ဝမ် က မကျေမနပ်ဖြင့် တံထွေးထွေးလိုက်သည်"အဲဒီလူတွေက တကယ်ကို အသုံးမကျတာပဲ။ သူ့ရဲ့ ကံကလည်း အရမ်းကောင်းနေတယ်"

"မင်းသားလေး စိတ်မပူပါနဲ့ ကျွန်တော် သူ့ကို ရှင်းပေးပါ့မယ်"

ပွဲစဉ်များစွာ ဆက်တိုက် အနိုင်ရထားသော ဝမ်ချိုးရှီ သည် ယုံကြည်မှုများ အပြည့်ရှိနေသည်။ "ဗိုလ်မှူး စင်ပေါ်ကို မတက်လာခင်မှာ သူ့ကို အပြတ်ရှင်းပစ်လိုက်မယ် သူ့အသက်ကို ယူလိုက်ရင်တောင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

"ကောင်းပြီ"

ယင်ဟန်ဝမ် ၏ မြားဒဏ်ရာမှာ နာကျင်နေဆဲဖြစ်ရာ သူက သွားကြိတ်လျက် ပြောလိုက်သည် "ညီအစ်ကို ဝမ်... ငါ့အတွက် လက်စားချေပေးပါ"

"သူကလည်း အဆင့်တက်ထားတာဆိုတော့ လျှော့မတွက်နဲ့ဦး"

ချောင်ဖန်က သတိပေးသည် "သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်နိုင်ရင် လုပ်ပါ။ တကယ်လို့ မနိုင်ဘူးလို့ ထင်ရင် ချက်ချင်း အရှုံးပေးလိုက်။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် မလုပ်နဲ့"

"မင်းသားလေးရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်" ဝမ်ချိုးရှီက ဦးညွှတ်လိုက်သည်။

"ကျွန်တော် သူ့ကို လွယ်လွယ်နဲ့ လွှတ်မပေးပါဘူး"

နှစ်နာရီကြာ အနားယူချိန် ပြီးဆုံးသွားပြန်သည်။

စတုတ္ထအချီ ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း ပြိုင်ပွဲ စတင်လေသည်။

အရင်အတိုင်းပင် လူတိုင်း၏ လက်နက်များကို တူညီသော အရည်အသွေးရှိသည့် လက်နက်များနှင့် လဲလှယ်ပေးသည်။

ဤတစ်ကြိမ်တွင် ချန်ဆန်းရှီ၏ လက်နက်ကို တစ်စုံတစ်ယောက်က သေချာစွာ ထပ်ခါတလဲလဲ စစ်ဆေးပြီးမှ သူ့ကို ပေးအပ်ခဲ့သည်။

ထို့အပြင် ပွဲကြည့်စင်၏ ထောင့်စွန်းတွင် လူသစ် နှစ်ဦး ပေါ်လာသည်။

၎င်းတို့မှာ ထုံရွှမ်ဓားဂိုဏ်း ၏ ဂိုဏ်းချုပ်နှင့် လခွဲဓားတောင်ကုန်း ၏ တောင်ကုန်းသခင် တို့ ဖြစ်ကြသည်။

စစ်နတ်ဘုရား နှစ်ဦး..

သူတို့သည် သူတို့၏ မျိုးဆက်များ၏ ပြိုင်ပွဲကို ကြည့်ရှုရန် ရောက်ရှိလာခြင်း ဖြစ်သည်။

"ညီအစ်ကို ရှောက်... ခင်ဗျားရဲ့ တပည့်ကတော့ ဒီမှာတင် ခရီးဆုံးသွားမယ့်ပုံပဲ"

ဝမ်ကျိက ပြောလိုက်သည် "သူက မင်းသားလေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ဒါကို ခင်ဗျား ပြောစရာ မလိုပါဘူး"

ရှောက်ယုကျင် က လက်ကို နောက်ပစ်ထားရင်း... "တကယ်လို့များ သူ ချန်ပီယံ ဖြစ်သွားခဲ့ရင် မင်းသားလေးနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာပဲ ကျွန်တော် ပိုစိုးရိမ်တာပါ။ အခုလို ရှုံးသွားတာကပဲ ပြဿနာတွေ အများကြီး သက်သာစေတယ်"

"ခင်ဗျားကတော့ အေးဆေးပဲနော်"

ဝမ်ကျိက သက်ပြင်းချလိုက်သည် "တကယ်တော့ ကျွန်တော့်ရဲ့ အသုံးမကျတဲ့သားလေး ချန်ပီယံနေရာအတွက် ပြိုင်တာကို မြင်ချင်တာ။ စစ်နတ်ဘုရား အထက်က အဆင့်ဆိုတာ... ခင်ဗျားနဲ့ ကျွန်တော် သိုင်းလောကရဲ့ ထိပ်ဆုံးမှာ ရပ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပိုမြင့်တဲ့ အဆင့်ကို မထိတွေ့နိုင်ကြဘူး။ ဘုရင်ခံဆွန်ဒူရှန် တစ်ယောက်ပဲ အဲဒီနည်းလမ်းကို သိတာ။ သူ့ဆီက အစစ်အမှန် အမွေအနှစ်ကိုသာ ရရင် စစ်နတ်ဘုရား အထက်မှာ ဘာရှိလဲဆိုတာ မြင်တွေ့ခွင့်ရမှာ"

"နှမြောစရာပဲ ကျွန်တော်တို့ နှစ်ယောက်လုံးက ချောင်မိသားစုရဲ့ လက်အောက်ခံတွေဆိုတော့ ဘယ်မှာ ပြိုင်ရဲပါ့မလဲ။ သတ္တိရှိရင်တောင် မင်းသားလေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"မင်းသားလေးက ပါရမီရှိသလို ကြိုးစားတဲ့သူလည်း ဖြစ်ပါတယ်။ သူက တစ်နေ့မှာ ထက်မြက်တဲ့ ဘုရင်တစ်ပါး ဖြစ်လာမှာပါ"

"ညီအစ်ကို ဝမ်"

ရှောက်ယုကျင် က အေးအေးဆေးဆေး ပြောလိုက်သည် "မင်းသားလေးသာ မရှိဘူးဆို ရင်တောင် ခင်ဗျားရဲ့သားက အဆုံးထိ ရောက်မှာ မဟုတ်ဘူး"

"မင်း..."

ဝမ်ကျိ က စင်ပေါ်တွင် လှံရှည်ကို ကိုင်ဆောင်ထားသော လူငယ်လေးကို ကြည့်လိုက်သည် "ခင်ဗျား ပြောချင်တာက ကျွန်တော့်သားက ဒီ ဗိုလ်ချုပ် ချန် ကို မနိုင်ဘူးလို့လား။ မဖြစ်နိုင်တာ ကျွန်တော့်သားက ဘယ်လောက်ပဲ အသုံးမကျပါစေ ဓားသိုင်းကတော့ ကျွန်တော်ကိုယ်တိုင် သင်ပေးထားတာ"

"ခင်ဗျားရဲ့ ဓားသိုင်းက ပြင်းထန်ပါတယ် ဒါပေမဲ့ ဆွန်ဒူရှန်ရဲ့ လှံသိုင်းထက် ပိုပြင်းထန်လို့လား"

ရှောက်ယုကျင် က ပြုံးလိုက်သည် "ဒီအရွယ်လေးနဲ့ တတိယတန်းစား တံဆိပ်ကို ရထားတဲ့ ချန်ဆန်းရှီ က ဘယ်သူ့ရဲ့ လှံသိုင်းကို လေ့ကျင့်ထားတာလဲဆိုတာ မှန်းကြည့်စမ်းပါဦး"

ဝမ်ကျိ ၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားတော့သည်။

...

စင်မြင့်ပေါ်တွင်...

"သခင်လေး ချန်"

ဝမ်ချိုးရှီ သည် ဓားနှစ်စုံကို ပခုံးပေါ်တင်ထားရင်း လှောင်ပြောင်လိုက်သည်။ "တန်ရင်ခဘာဖြစ်သွားလဲဆိုတာ မြင်တယ်မလား။ မင်းကို အကြံပေးချင်တာကတော့ မြန်မြန် အရှုံးပေးလိုက်ပါ။ မဟုတ်ရင် ဗိုလ်မှူး လာကယ်ဖို့တောင် အချိန်မီမှာ မဟုတ်ဘူး"

ချန်ဆန်းရှီ သည် လှံကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ ရပ်နေသည်။

သူ၏ မျက်လုံးများမှာ နက်ရှိုင်းလှပြီး မည်သည့် ခံစားချက်မျှ မဖော်ပြသဖြင့် တစ်ကိုယ်လုံးမှာ အလွန်ပင် အေးစက်နေပုံရသည်။

ဒေါင်...

မောင်းသံ ထွက်ပေါ်လာသည်။

"အထာတွေ လုပ်မနေနဲ့... မင်းမှာ ဘာအရည်အချင်းရှိလဲဆိုတာ ငါ ကြည့်လိုက်ဦးမယ်..."

ဝမ်ချိုးရှီ စကားမဆုံးခင်မှာပင် လျှပ်စီးလက်သလို အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ တစ်စက္ကန့်အတွင်း လှံဦးမှာ သူ၏ မျက်နှာရှေ့သို့ ရောက်ရှိလာသည်။ ၎င်းမှာ သွယ်လျသော လက်နက်တစ်ခုသာ ဖြစ်သော်လည်း သူ၏ မျက်စိထဲတွင်မူ သွေးချင်းချင်းနီနေသော မြွေဟောက်ကြီးတစ်ကောင်က ပါးစပ်ကြီး ဖြဲကာ သူ၏ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသလို မြင်နေရသည်။

ဒါဟာ ညီညွတ်ခြင်း လှံသိုင်းရဲ့ တားဆီးမရတဲ့ ရူးသွပ်မှုပင် ဖြစ်သည်။

ဝမ်ချိုးရှီ ထိတ်လန့်မှုမှ သတိပြန်ဝင်လာချိန်တွင် သူသည် အသာစီးရမှုကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဓားနှစ်စုံကို အသုံးပြုကာ တရစပ် ခုခံနေရပြီး ထိုသွေးရောင်မြွေကြီး သူ၏ထံသို့ ခုန်အုပ်မလာအောင် အစွမ်းကုန် တားဆီးနေရတော့သည်။

လခွဲဓားသိုင်း ၏ ဝိသေသမှာ တစ်ချက်ထက်တစ်ချက် ပိုမို ပြင်းထန်လာစေရန် သွေးနှင့်အော်ရာကို စုစည်းရခြင်း ဖြစ်သည်။ ၎င်းသည် အစွမ်းကုန် ထုတ်နိုင်ရန် အချိန်ယူ၍ အရှိန်မြှင့်ရသည့် ပုံစံမျိုး ဖြစ်သည်။

သို့သော် ယခုအခြေအနေတွင် သူသည် လခွဲဓားသိုင်း ၏ ပထမဆုံးလှုပ်ရှားမှုကိုပင် မလုပ်နိုင်ပေ။ ပြိုင်ဘက်က သူ့ကို ချက်ချင်း သတ်ချင်နေတာ မဟုတ်ပါလား။

သူသည် အခုထိ ပြိုင်ပွဲတွေကို စောင့်ကြည့်နေခဲ့သော်လည်း ကိုယ်တိုင် တိုက်ခိုက်မှသာ တစ်ဖက်လူ၏ တိုးတက်မှုမှာ ကံကြောင့်မဟုတ်ကြောင်း သိလိုက်ရသည်။

ဒီလှံသိုင်းက...

အသာစီးရမှု ဆုံးရှုံးသွားပြီးနောက် ဝမ်ချိုးရှီသည် ပြန်လည် တိုက်စစ်ဆင်ရန် မည်သည့် အခွင့်အရေးမှ ရှာမတွေ့တော့ပေ။

ထို့အပြင် ဤလူ၏ လှံသိုင်းမှာလည်း လခွဲဓားသိုင်း နှင့် ဆင်တူသော ဝိသေသတစ်ခု ရှိနေသည်။ ၎င်းမှာ လှံချက်တစ်ခုချင်းစီက ပိုမို လျင်မြန်ပြီး ပြင်းထန်လာခြင်း ဖြစ်သည်။ ဝမ်ချိုးရှီသည် သူ၏ရှေ့မှ သွေးရောင်မြွေကြီးမှာ တဖြည်းဖြည်း ပိုမို ကြီးမားလာပြီး နောက်ဆုံးတွင် ကောင်းကင်တစ်ခုလုံးကို ဝါးမြိုမည့် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ဟုပင် စိတ်ချောက်ချားနေတော့သည်။

အရှုံးပေးရမယ်..

နှစ်ချီမျှ တိုက်ခိုက်ပြီးနောက်...

ဝမ်ချိုးရှီသည် အမှန်တရားကို ချက်ချင်း လက်ခံလိုက်ရသည်။

သူ မနိုင်ဘူး။

အရှုံးပေးတာ ဘာမှမဖြစ်ပါဘူး။ သူက အစကတည်းက ချန်ပီယံနေရာအတွက် ပြိုင်ဖို့ မရည်ရွယ်ထားတာပဲ။ မင်းသားလေးသာ ဒီလူကို ရှင်းပါစေတော့။

ရှူး...

အေးစက်သော လေညင်းတစ်ခု သူ၏ မျက်နှာကို ဖြတ်သန်းသွားသည်။

လှံရှည်သည် သေးငယ်သော ဟာကွက်တစ်ခုကို အရယူကာ သူ၏ မျက်နှာရှေ့သို့ ဝှေ့ယမ်းလာသည်။

ပထမတော့ ဝမ်ချိုးရှီသည် ဘယ်နေရာမှာ ဒဏ်ရာရသွားမှန်း မသိခဲ့ပေ။ သို့သော် သူ၏ ပါးစပ်မှာ ရုတ်တရက် အလွန်အမင်း ပူလောင်လာပြီး သူ၏ မေးစေ့တွင် နွေးထွေးသော သွေးများဖြင့် ပြည့်နှက်သွားကာ နောက်ကျမှ ရောက်ရှိလာသော ပြင်းထန်သည့် နာကျင်မှုဒဏ်ကို ခံစားလိုက်ရသည်။

"ဝူး... ဝူး"

သူ၏ ပါးစပ်နှင့် လျှာမှာ စောစောက လှံချက်ကြောင့် ရက်စက်စွာ ထိုးဖောက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သွေးများ တရစပ် ထွက်ပေါ်လာသဖြင့် သူသည် "အရှုံးပေးပါတယ်" ဆိုသည့် စကားလုံး အပါအဝင် မည်သည့်စကားကိုမျှ မပြောနိုင်တော့ပေ။

All Chapters