အခန်း (၁၅၇)
Vol. 15 Ch. 157
📝အပိုင်း - ၁၅၇
ဘာသာပြန် - Na Gar🐉
"ဒီကောင်လေးက တကယ့်ကို ဇွဲရှိတာပဲ"
ဝမ်ကျိက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှုကွင်းပြင်သည် ဈေးဆိုင်တန်း မဟုတ်သဖြင့် မည်သူမျှ အလွယ်တကူ ဝင်ခွင့်မရှိပေ။ စစ်နတ်ဘုရားပင် ဖြစ်လင့်ကစား သတ်မှတ်ထားသော နေရာမှလွဲ၍ စင်မြင့်အနီးသို့ ချဉ်းကပ်ခွင့် မရှိပေ။
ဝမ်ကျိနှင့် ရှောက်ယုကျင် တို့သည် အစီအစဉ်မရှိဘဲ ရုတ်တရက် ရောက်လာကြခြင်း ဖြစ်သဖြင့် သတ်မှတ်ထားသော ပွဲကြည့်စင်သို့ မသွားခဲ့ဘဲ လှံရှည်များ ကိုင်ဆောင်ထားသော သံချပ်ကာတပ်သားများ၏ တားဆီးခြင်းကို ခံထားရသဖြင့် အဝေးမှသာ ကြည့်နေကြရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ချိုးရှီသည် သူတို့ကို ကျောခိုင်းထားသဖြင့် သူ၏ မျက်နှာတွင် ဘာဖြစ်နေသည်ကို သူတို့ မမြင်ရပေ။
သူတို့ မြင်ရသည်မှာ ချန်ဆန်းရှီ ၏ လှံသိုင်းမှာ အလွန်ပင် ပြင်းထန်လှပြီး တိုက်ပွဲကို အသာစီးရယူကာ တစ်ဖက်သတ် ချေမှုန်းနေသည့် ပုံစံမျိုးပင် ဖြစ်သည်။
သို့သော် ဝမ်ချိုးရှီသည် အရှုံးမပေးဘဲ ခက်ခဲစွာ တောင့်ခံနေဆဲ ဖြစ်သည်။
ဝမ်ကျိက သုံးသပ်ပြလိုက်သည် "ဒီလှံသိုင်းက စစ်တပ်ထဲမှာ သုံးနေကျ ပုံစံတွေနဲ့ မတူဘူး။ နည်းစနစ်မျိုးစုံကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပဲ။ ဒါကို ဘုရင်ခံဆွန်ဒူရှန်ကိုယ်တိုင် ဖန်တီးခဲ့တာလား။ ဒါပေမဲ့ ပြိုင်ပွဲက မပြီးသေးဘူး၊ သူက ဒီလှံသိုင်းကို ဘယ်ကနေ ရတာလဲ။ ဆွန်ဒူရှန်က သူ့ကို ကြိုတင်ပြီး မျက်စိကျနေတာလား"
"ချန် ဆိုတဲ့ လူငယ်လေးက ဆွန်မိသားစုရဲ့ သခင်လေးနဲ့ ရင်းနှီးတာပဲ။ သူ ဒီလှံသိုင်းကို သင်ယူထားတာ ဘာမှ ထူးဆန်းတာ မဟုတ်ပါဘူး"
ဤပါရမီရှင်များထဲတွင် မည်သူက သာမန်ကျင့်စဉ်ကို လေ့ကျင့်ပါမည်နည်း။
"ဟင်း... ငါ့သားကတော့ တရားမျှတစွာ ရှုံးနိမ့်သွားတာပဲ"
ဝမ်ကျိသည် မြို့ရိုးပေါ်ရှိ အိုမင်းမစွမ်းပုံပေါက်နေသော ဘုရင်ခံဆွန်ဆီသို့ ကြည့်လိုက်ရင်း... "ငါတို့လို စစ်နတ်ဘုရား တွေတောင် အသက်ကြီးလာရင် ခွန်အားတွေ လျော့နည်းလာတာပဲ။ လူတိုင်းက သူ သေခါနီးပြီလို့ ပြောနေကြပေမဲ့ သူက ဘယ်လိုလုပ်ပြီး နင်ချန်းချွန် ကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာလဲ။ အဲဒီ နင်ချန်းချွန် က ငါတို့နှစ်ယောက်ထက်တောင် သန်မာတာနော်။ ငါတို့ သူ့ကို ဘယ်လောက်အထိ ထပ်ပြီး သည်းခံနေရဦးမှာလဲ"
တပ်စခန်းရှစ်ခုအတွက် စစ်ရေးရိက္ခာ အတော်များများကို သူတို့ကပင် ထောက်ပံ့နေရခြင်းဖြစ်ရာ ၎င်းမှာ နည်းလှသည့် ပမာဏ မဟုတ်ပေ။ ထို့ပြင် ဆွန်ဒူရှန်၏ စည်းမျဉ်းများကြောင့် သူတို့၏ ဝင်ငွေများလည်း လျော့နည်းနေရသည်။ တပ်စခန်းရှစ်ခု ရောက်လေရာတွင် ဆွန်ဒူရှန်ကို မမုန်းသူ မရှိပေ။
သို့သော် မုန်းသော်လည်း ဘာမှ မတတ်နိုင်။ တစ်ဖက်လူ အမြန်ဆုံး သေဆုံးပါစေဟုသာ ဆုတောင်းနေကြရသည်။
"ဒါတွေကို ခေတ္တ ထားပါဦး"
ရှောက်ယုကျင် က ပြောလိုက်သည် "ခင်ဗျားသားက ဒီအတိုင်း ဆက်တိုက်နေရင် သေလိမ့်မယ် သူ အရှုံးမပေးသေးဘူးလား"
...
"ဝူး... ဝူး... ငါ..."
ဝမ်ချိုးရှီသည် "အရှုံးပေးပါတယ်" ဟု အော်ပြောချင်သော်လည်း မည်သို့မျှ မတတ်နိုင်ပေ။ သူ၏ ပါးစပ်မှာ သွေးချင်းချင်းနီကာ စုတ်ပြတ်နေပြီဖြစ်ပြီး သွားများမှာလည်း သဲများအလား ကြေမွကုန်ပြီ ဖြစ်သည်။ သူသည် သွေးစိမ်းရှင်ရှင် ထွက်နေသော သွေးများကိုသာ တရစပ် ထွေးထုတ်နေရသည်။ သူ၏ ဓားနှစ်စုံဖြင့် အစွမ်းကုန် ခုခံနေသော်လည်း ဟာကွက်များက တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
စွပ်...
စွပ်...
သူ၏ အမှားတစ်ခုချင်းစီကို တိကျစွာ ဖမ်းဆုပ်လျက် ချန်ဆန်းရှီ ၏ လှံဦးက သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးပေါက်များစွာကို ထိုးဖောက်လိုက်သည်။ အသက်အန္တရာယ် မစိုးရိမ်ရသည့် နေရာများ ဖြစ်သော်လည်း ဤအတိုင်းဆိုလျှင် ကြာရှည် ခံမည်မဟုတ်ပေ။
လူတစ်ယောက်က ခန္ဓာကိုယ်မှာ အပေါက် ဘယ်နှစ်ပေါက်အထိ ခံနိုင်ရည် ရှိမှာလဲ။
ဝမ်ချိုးရှီ သည် စင်ပေါ်မှ ခုန်ချပြီး ထွက်ပြေးရန်ပင် အခွင့်အရေး မရှိတော့ပေ။ သူ ရပ်လိုက်သည်နှင့် သေခြင်းတရားကသာ စောင့်ကြိုနေမည် ဖြစ်သည်။ သူသည် နာကျင်မှုကို အံတုရင်း "ဝူး... ဝူး... အား... အား..." ဟုသာ အော်ဟစ်နေရကာ ဤအသံများမှတစ်ဆင့် သူ အရှုံးပေးချင်နေပြီဖြစ်ကြောင်း တစ်စုံတစ်ယောက် သတိပြုမိစေရန်သာ မျှော်လင့်နေတော့သည်။
...
"အရှုံးပေးလိုက်"
စင်ပြင်ပမှနေ၍ ဝမ်ကျိ က အော်ဟစ်လိုက်သည် "ရပ်လိုက်တော့ အရှုံးပေးတယ် ငါတို့ အရှုံးပေးတယ်"
မည်သူမျှ ဂရုမစိုက်ပေ။
သူ စင်ပေါ်သို့ တက်ရန် ကြိုးစားသော်လည်း လှံသွားများဖြင့် တားဆီးခြင်း ခံလိုက်ရပြန်သည်။
"သခင်ကြီး ဝမ်... ဘယ်သူမှ ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း ပြိုင်ပွဲရဲ့ စည်းမျဉ်းကို မဖျက်စီးနိုင်ဘူး"
"ဗိုလ်ချုပ်"
ဝမ်ကျိ က စင်မြင့်ဆီသို့ လက်ညှိုးထိုးပြရင်း စိုးရိမ်တကြီး အော်လိုက်
သည်"ကျွန်တော့်သား အရှုံးပေးနေပြီ သူ အရှုံးပေးနေတာဗျ မြန်မြန် သွားပြီး သူတို့ကို ခွဲပေးကြပါဦး"
"အဓိပ္ပာယ်မရှိတာ"
အသက်ကြီးပိုင်း ဗိုလ်မှူးတစ်ဦးက ပြောလိုက်သည် "ခင်ဗျားသားက အင်အားအပြည့်နဲ့ တိုက်နေတာပဲ တကယ့်ကို သတ္တိရှိတဲ့ သူရဲကောင်းတစ်ယောက်ပဲ သခင်ကြီး ဝမ်... ခင်ဗျားရဲ့သားကို အရမ်း အလိုမလိုက်ပါနဲ့"
"ပါးစပ်.."
စင်မြင့်ပေါ်ရှိ လူနှစ်ဦး၏ ဦးတည်ချက် ပြောင်းလဲသွားချိန်မှသာ ဝမ်ကျိ သည် သူ၏သား၏ စုတ်ပြတ်သတ်နေသော မျက်နှာကို မြင်လိုက်ရပြီး ဟိန်းဟောက်လိုက်တော့သည်။
"သူ အရှုံးပေးစကား မပြောနိုင်တာဗျ တစ်ယောက်ယောက် သွားကယ်ပေးကြပါဦး မြန်မြန်"
"အော်..."
ဗိုလ်မှူးကြီးသည် စင်မြင့်ဆီသို့ မျက်မှောင်ကြုတ် ကြည့်လိုက်ရင်း အေးဆေးစွာ ပြောလိုက်သည် "တကယ်ပဲ အဲဒီလို ဖြစ်နေပုံရတယ်"
...
တိုက်ပွဲက ဤအဆင့်သို့ ရောက်လာချိန်တွင် ကြည့်ရှုနေသူများလည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလာကြသည်။
"ဟင်း..."
သခင်ကြီးဟောက်က စိတ်ဝင်တစားဖြင့် လျှာသပ်လိုက်သည် "ဒီ ချန်လေး က စိတ်ဝင်စားဖို့ ကောင်းသားပဲ ပြိုင်ဘက်ကို အရှုံးပေးစကား မပြောနိုင်အောင် ပါးစပ်ကို အရင် ဒဏ်ရာရအောင် လုပ်ပြီး ဆက်တိုက်နေတာပဲ။သူက လူသတ်ဖို့ ကြံနေတာပဲ"
"ဒီလောက် ငယ်ငယ်လေးနဲ့ တကယ်ကို ရက်စက်တာပဲ"
ဖေးထျန်းနန် က မှတ်ချက်ပေးသည် "ချန်ဆန်းရှီ က တကယ့်ကို စစ်ဗိုလ်ကောင်းတစ်ယောက် ဖြစ်လာမှာပါ။ ဒါပေမဲ့ ဒါက နည်းနည်း များမသွားဘူးလား"
"များသွားတယ်"
သခင်ကြီး ဟောက်က နှာခေါင်းရှုံ့လိုက်သည် "မြို့စားဖေး... ဝမ်ချိုးရှီ က ထန်ရင်ခ ကို သတ်ချင်တဲ့ စိတ်နဲ့ တိုက်ခဲ့တာကို ခင်ဗျား မမြင်ဘူးလား"
"အော်..."
ဖေးထျန်းနန် က ဆိုသည် "သခင်ကြီး ဟောက်ပြောချင်တာက ချန်ဆန်းရှီ က သခင်လေး ထန် အတွက် လက်စားချေပေးနေတာပေါ့"
"အတိအကျပဲ" သခင်ကြီး ဟောက်က ခေါင်းညိတ်လိုက်သည်။
တိုက်ပွဲကွင်းပြင်၏ ထောင့်တစ်နေရာတွင် ဒဏ်ရာများကို ကုသနေသော ထန်ရင်ခသည် အခြေအနေကို ရိပ်မိသွားကာ မျက်လုံးများ ပြာဝေသွားပြီး ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားရသည်။
"ညီအစ်ကို ထန်... မြင်လား"
ပိုင်ထင်းကျိီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "ဗိုလ်ချုပ် ချန် က ခင်ဗျားအတွက် ကပ်စားချေပေးနေတာ ဒီကျေးဇူးကို ခင်ဗျား မှတ်ထားရမယ်နော်"
...
"ရပ်စမ်း"
ကြီးကြပ်နေသော ဗိုလ်မှူး သည် နောက်ဆုံးတွင် လခွဲဓားတောင်ကုန်း၏ သခင်လေးမှာ အမှန်တကယ် အရှုံးပေးချင်နေသည်ကို အတည်ပြုနိုင်ခဲ့ပြီး စင်ပေါ်သို့ အပြေးတက်လာသည်။
"ဝူး... ဝူး... အား—"
ဝမ်ချိုးရှီ ၏ လှုပ်ရှားမှုများမှာ လုံးဝ ပရမ်းပတာ ဖြစ်ကုန်ပြီ။ သူ ဘာပြောနေသည်ကို မသိရသော်လည်း ရှိုက်ကြီးတငင် ငိုကြွေးသံကိုတော့ ကြားနေရသည်။ သူ၏ ခန္ဓာကိုယ်တွင် သွေးပေါက် ရှစ်ပေါက်ခန့် ရှိနေပြီး အရေးကြီးသော အင်္ဂါများကိုသာ သီသီလေး လွဲချော်နေခြင်း ဖြစ်သည်။
တိုက်ပွဲ စတင်ချိန်မှ ယခုအထိ...
သုံးချီမျှသာ ကြာသေးသည်။ အသက်ပြင်းပြင်း ရှူရုံမျှသာ ရှိသေးသည့် အချိန်အတွင်းမှာပင် ဖြစ်သည်။
တခြားသူများက ယခုမှ တုံ့ပြန်နိုင်ခြင်းမှာလည်း တော်တော်လေး မြန်ဆန်နေပြီဟု ဆိုရမည်။
ကြီးကြပ်ရေး ဗိုလ်မှူးကြီး အပြေးတက်လာသည်ကို မြင်လိုက်ရချိန်တွင် ချန်ဆန်းရှီ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးဆင်သွေး များမှာ ပိုမို ပြင်းထန်စွာ စီးဆင်းလာသည်။ အစွန်းကုန် သွေးလှုပ်ရှားမှုအောက်တွင် သူ၏ လှံသိုင်း အရှိန်နှင့် အစွမ်းမှာ နောက်ထပ် တစ်ဆင့်သို့ မြင့်တက်သွားတော့သည်။
ဝမ်ချိုးရှီ ၏ အစွမ်းမှာ အမှန်တကယ် မဆိုးပေ။ ချန်ဆန်းရှီ သိုင်းပညာ စတင်လေ့ကျင့်ချိန်မှစ၍ လူတစ်ယောက်ကို သတ်ရန် ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို လက်စွပ်ပုံစံဓားဦးများက အရေးကြီးသော နေရာများကို နောက်ဆုံးအချိန်အထိ ကာကွယ်ပေးနေဆဲ ဖြစ်သည်။ သို့သော် အချိန်တွက်ချက်မှုအရတော့ လုံလောက်ပါပြီ။ နည်းနည်းလေးပဲ ပိုမြန်
လိုက်ရင် ရပြီ..
"ချန်... မင်း ရူးသွားပြီလား"
ပြုတ်သွားခဲ့သော ဗိုလ်ချုပ်လောင်းအချို့မှာ ဘေးမှကြည့်ရင်း နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြသည်။
သူက တကယ်ပဲ သတ်မှာလား။
သူ မကြောက်ဘူးလား။
"ဝမ်ချိုးရှီ ရဲ့ အဖေက လခွဲဓားတောင်ကုန်း ရဲ့ တောင်ကုန်းသခင် စစ်နတ်ဘုရား တစ်ယောက်နော်"
"ဗိုလ်ချုပ် ချန်... ရပ်လိုက်ပါတော့"
"..."
စင်မြင့်ပေါ်တွင် လက်နက်မှာ မျက်နှာသာမပေးတတ်ဘဲ သေဆုံးမှုအတွက် တာဝန်ယူရန် မလိုပေ။ ၎င်းမှာ စည်းမျဉ်း ဖြစ်သည်။
သို့သော် လက်တွေ့တွင် ထိုစည်းမျဉ်းကို မည်သူက လိုက်နာရဲပါသနည်း။
နောက်ခံအာဏာရှိသူများမှာ ဒဏ်ရာရခဲလှသည်။ သူတို့ထက် သန်မာသော ပြိုင်ဘက်များပင်လျှင် လက်သီးဆုပ် ချိန်ဆကြရသည်။ နောက်ခံမရှိသူများမှာမူ ထိုသို့သော အခွင့်အရေးမျိုး မရဘဲ ပြိုင်ဘက်၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခံကြရစမြဲ ဖြစ်သည်။
ဒီ ချန်ဆန်းရှီ ကတော့...
"အရူးပဲ"
ရန်ချန်းချင်း ၏ ရင်ထဲတွင် ဒိတ်ဒိတ်တုန်နေတော့သည်။
စင်မြင့်ပေါ်တွင်...
ဝမ်ချိုးရှီ ၏ လက်ကောက်ဝတ် နှစ်ဖက်လုံးမှာ အဆိပ်မြွေ ကိုက်ခံရသလိုမျိုး အကြောများ ပြတ်တောက်သွားကာ ဓားများကို မကိုင်နိုင်တော့ဘဲ နောက်ဆုံးသော ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကိုပါ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
သူသည် လက်ကိုမြှောက်ကာ ဒူးထောက် အသနားခံရန် ပြင်လိုက်သည်။
နှမြောစရာပင်။
ဒူးထောက်ခွင့်တောင် မရလိုက်ပေ။
"ရပ်စမ်း"
"ရပ်လိုက်တော့—"
ဖောက်...
ဝမ်ချူးရှီ ဒူးမထောက်နိုင်မီမှာပင် လှံဦးမှာ သူ၏ နှလုံးသားကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။ နွေးထွေးသော သွေးများမှာ လေထဲသို့ ပန်းထွက်သွားပြီး သွေးရောင်ကြာပန်းတစ်ပွင့် ပွင့်အာလာသကဲ့သို့ ထင်မှတ်ရသည်။
ဝုန်း...
ကြီးကြပ်ရေး ဗိုလ်မှူးကြီး၏ လက်ကြီးမှာ လှံတံကို လာရောက် ဖမ်းဆုပ်လိုက်သည်။
သို့သော် နောက်ကျသွားခဲ့ပြီ။
လှံရှည်၏ အားပြုမှုကြောင့် ဝမ်ချိုးရှီ ၏ ခန္ဓာကိုယ်မှာ ဒူးတစ်ဖက် ထောက်ရုံမျှ အနေအထားတွင် တောင့်တင်းသွားပြီး ခေါင်းမှာ အားမရှိဘဲ ငိုက်ကျသွားသည်။ သွေးများမှာ သူ၏ မေးစေ့မှတစ်ဆင့် တရစပ် စီးကျနေပြီး တစ်ကိုယ်လုံးမှာ အလောင်းတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။
"မင်း..."
ကြီးကြပ်ရေး ဗိုလ်မှူးကြီးသည် လှံကို ကိုင်ထားသူအား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်"သူ အရှုံးပေးနေတာကို မင်းက သေစေလောက်တဲ့အထိ တိုက်ခိုက်လိုက်တာလား"
"ဗိုလ်မှူး... သူ အရှုံးပေးစကား မပြောခဲ့ပါဘူး"
ချန်ဆန်းရှီက ဘာမှမသိသလို ပုံစံဖြင့် ပြန်ပြောလိုက်သည် "ဒါဆို ဒါက စည်းမျဉ်းတွေကို ဖောက်ဖျက်ရာ မရောက်ဘူး မဟုတ်လား"
"အင်း... မရောက်ပါဘူး"
ဗိုလ်မှူးကြီးသည် ရုတ်တရက် ပြုံးလိုက်ပြီး... "သေသွားတာကလည်း အရှုံးပေးတာ တစ်မျိုးပါပဲ"
စောစောက...
ထန်ရင်ခ"ကျွန်တော် အရှုံးပေးပါတယ်" ဟု အော်ခဲ့စဉ်ကလည်း ပွဲကို ရပ်တန့်ရန်မှာ သူ၏ တာဝန် ဖြစ်သည်။ ထိုလူငယ်မှာ တကယ်ကို အော်ဟစ်ခဲ့သော်လည်း ဝမ်ကျိ ရဲ့သားကတော့ မျက်နှာသာ မပေးခဲ့ပေ။
သေသွားတာကတော့ သူနဲ့ ထိုက်တန်တာပါပဲ။ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲ ခံရတာပဲ။
ဗိုလ်မှူးကြီးသည် လှံကို လွှတ်ပေးလိုက်ကာ အလောင်းကိုပင် ဂရုမစိုက်တော့ဘဲ စင်ပေါ်မှ ခုန်ဆင်းသွားတော့သည်။ သူ့အတွက် ဘာတာဝန်မှ မရှိတော့ပေ။
"ငါ့သားလေး"
ဝုန်း...
အဝေးတစ်နေရာတွင်...
ဝမ်ကျိ သည် သူ၏ ရှေ့မှ လှံများကို လက်ဝါးချက်ဖြင့် ရိုက်ချိုးကာ စင်ပေါ်သို့ အပြေးတက်ရန် ကြိုးစားသော်လည်း လူအုပ်ကြီးက ထပ်မံ တားဆီးထားပြန်သည်။ သူ၏ ဘေးတွင် တောင်တောင်ကြီးအလား ထည်ဝါသော လူတစ်ဦး ပေါ်လာသည်။
"လူကျီ "
ဝမ်ကျိ အရှိန်သတ်လိုက်ရသည်။ သူ၏ အသံမှာ တုန်ရီနေသော်လည်း ရှေ့သို့ ဆက်မတိုးရဲတော့ပေ။
"သူ ငါ့သားကို သတ်လိုက်ပြီဗျ"
"ခင်ဗျားသားက အရှုံးပေးစကား မပြောခဲ့ဘူး"
လူကျီ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင် "ကြီးကြပ်ရေးအရာရှိကလည်း ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အရာအားလုံးက စည်းမျဉ်းနဲ့အညီ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ဘယ်သူ့ဘက်မှ မျက်နှာသာ မပေးခဲ့ဘူး။ သခင်ကြီး ဝမ် အနေနဲ့ အခြေအမြစ်မရှိတဲ့ ပြဿနာတွေ မရှာဖို့ မျှော်လင့်ပါတယ်"
"အား ငါ သူ့ကို သတ်ပစ်မယ်"
ဝမ်ကျိ က အော်ဟစ်လိုက်သည် "လူကျီ... ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို တားမှာလား"
"သားတစ်ယောက် သေတာလောက်နဲ့ ဘာတွေ အဲဒီလောက် စိတ်လှုပ်ရှားနေတာလဲ"
လူကျီက စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည် "ခင်ဗျားမှာ နောက်ထပ် သားနှစ်ယောက် ကျန်သေးတယ် မဟုတ်လား။ အငယ်ဆုံးလေးက သိုင်းသူတော်စင်ခန္ဓာ ရှိတာပဲ။ သူ့ကိုပဲ အသစ်ပြန်ပြီး ပြုစုပျိုးထောင်လိုက်ပါ။ စည်းမျဉ်းက စည်းမျဉ်းပဲ။ ခင်ဗျား နောင်တရမယ့် ကိစ္စမျိုး မလုပ်ဖို့ ကျွန်တော် အကြံပေးချင်တယ်။ အဲဒီလို ဖြစ်လာရင် ကျွန်တော်တောင် ခင်ဗျားကို ကူညီနိုင်မှာ မဟုတ်ဘူး"
"မင်း..."
ဝမ်ကျိ ၏ မျက်နှာမှာ သွေးရောင်လွှမ်းကာ အကြောများ ထောင်ထနေတော့သည်။ သူသည် မြို့ရိုးပေါ်က ဘာတုံ့ပြန်မှုမှ မရှိသော ဆွန်ဒူရှန်ကို တစ်ချက်ကြည့်လိုက်ကာ လူကျီကို တစ်ချက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဘာမှ မတတ်နိုင်ဘဲ လေ့ကျင့်ရေးကွင်း၏ ဘေးမှ ကျောက်တိုင်ကြီး တစ်တိုင်ကို လက်သီးဖြင့် ရိုက်ချိုးလိုက်တော့သည်။
သူသည် သွားကြိတ်လျက် လှောင်ပြောင်သံဖြင့် ပြောလိုက်သည် "လူကျီ... ခင်ဗျား ကျွန်တော့်ကို လာခြိမ်းခြောက်မနေနဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင် အခြေအနေကိုပဲ ပြန်ကြည့်စမ်းပါ။ ခင်ဗျား စစ်နတ်ဘုရား ဖြစ်နေတာ ဘယ်နှစ်နှစ် ရှိပြီလဲ။ ဒါပေမဲ့ အခုထိ အဆင့်မတက်နိုင်သေးဘူး။ ဒါမှမဟုတ် ဆွန်ဒူရှန်က ခင်ဗျားကို မသင်ပေးတာလား။ အခုလည်း ဒီနောက်ဆုံး စစ်ဆေးမှုကို တခြားလူကို လွှဲပေးလိုက်ပြီ။ ခင်ဗျားကတော့ သူ့ရဲ့ ခွေးတစ်ကောင်လို ဒီမှာ ရပ်နေတုန်းပဲလား"
"ဒါက သခင်ကြီး ဝမ် စိုးရိမ်ရမယ့် ကိစ္စ မဟုတ်ပါဘူး"
လူကျီက မျက်စိမှိတ်လျက်... "တစ်ယောက်ယောက်... သခင်ကြီး ဝမ် ရဲ့ သားကြီးအလောင်းကို သူ့ဆီ ပို့ပေးလိုက်"
"ဟုတ်ကဲ့ပါ"
ခွပ်...
မကြာမီမှာပင် သွေးချင်းချင်းနီနေသော အလောင်းမှာ သူ၏ရှေ့သို့ ရောက်ရှိလာသည်။
"ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှုမှာ ပါဝင်ကတည်းက စစ်တပ်ထဲ ဝင်ဖို့ သဘောတူပြီးသားပဲ။ စစ်တပ်ထဲ ဝင်ပြီဆိုရင် သေခြင်းတရားကို ရင်ဆိုင်ရမှာပဲ။ ဒါဟာ လူတိုင်း ကြိုတင်ပြင်ဆင်ထားရမယ့် အချက်ပဲ"
အိုမင်းသော ဗိုလ်ချုပ်ကြီးက မထီမဲ့မြင် ပြောလိုက်သည် "သခင်ကြီး ဝမ်... ကျွန်တော်တို့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့ဦး"
"ဝမ်ဟောင်..."
ရှောက်ယုကျင် က သူ၏ ပခုံးကို ပုတ်ကာ... "စိတ်အေးအေးထားပါ၊ ခင်ဗျားရဲ့ ဒုတိယနဲ့ တတိယသားတွေ ခင်ဗျားအပြန်ကို စောင့်နေကြတုန်းပဲ။ သွားကြရအောင်"
ဝမ်ကျိ သည် မြေပြင်ကို လက်သီးဖြင့် အကြိမ်ကြိမ် ထိုးနှက်ပြီးနောက် စင်ပေါ်ရှိ ချန်ဆန်းရှီ ကို အဆိပ်ပြင်းသော မျက်လုံးများဖြင့် ကြည့်ကာ သူ၏ သားကြီးအလောင်းကို မပြီး လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။
စစ်တပ်မြို့တော်၏ အထွက်တွင် ဝှီးချဲ တစ်စီးက သူ့ကို တားဆီးထားပြန်သည်။
"ဖန်ချင်းယွမ်"
ဝမ်ကျိ က မေးလိုက်သည် "မင်း ဘာလိုချင်သေးတာလဲ"
"သခင်ကြီး ဝမ် ကို တစ်ခု သတိပေးဖို့ လာတာပါ"
ဖန်ချင်းယွမ်၏ အသံမှာ တည်ငြိမ်လှသည် "စည်းမျဉ်းအရ ခင်ဗျား အနေနဲ့ ကိုယ်ပိုင် လက်စားချေမှုတွေကို မလုပ်ရဘူး။ မဟုတ်ရင်တော့..."
"ငါ သိတယ်၊ မင်း ပြောစရာ မလိုဘူး"
ဝမ်ကျိ က စကားလုံးတိုင်းကို အံကြိတ်ပြောလိုက်သည်။
"ဖယ်စမ်း"
"ပြောရုံနဲ့ မလုံလောက်ဘူး"
ဖန်ချင်းယွမ်က အေးအေးဆေးဆေး ဆက်ပြောသည်။ "နောင်လာမယ့် ကာလတွေမှာ ချန်ဆန်းရှီ ဒါမှမဟုတ် သူ့မိသားစု၊ သူ့အိမ်က အိမ်ဖော်လေး တစ်ယောက်ကိုတောင် တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် သခင်ကြီး ဝမ် အနေနဲ့ ခင်ဗျားမှာ အပြစ်မရှိကြောင်း ခိုင်လုံတဲ့ သက်သေတွေ အဆင်သင့် ပြင်ထားတာ ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင်တော့ ခင်ဗျား စစ်ဆေးမေးမြန်းခံရတာကနေ လွတ်မှာ မဟုတ်ဘူး"
"ဒါ ဆွန်ဒူရှန်ရဲ့ အလိုဆန္ဒလား။ သူက... ဒီလူကို ဒီလောက်တောင် ကာကွယ်ပေးနေတာလား"
ဝမ်ကျိ ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေပြီ ဖြစ်သည်။ "ဒါဆို တခြားလူက သူ့ကို သတ်ချင်ရင် ငါကပဲ သူ့ရဲ့ သက်တော်စောင့် လုပ်ပေးနေရမှာလား"
"ဒါကတော့ သခင်ကြီး ဝမ် ရဲ့ အယူအဆအပေါ်မှာပဲ မူတည်ပါတယ်"
ဖန်ချင်းယွမ် က ကွင်းပြင်ဆီသို့ တစ်ချက်ကြည့်လိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ စည်းမျဉ်းပဲ။ စစ်နတ်ဘုရား ရဲ့ သားတစ်ယောက် အသတ်ခံရလို့ လက်စားချေခွင့် ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆုလာဘ်နဲ့ ပြစ်ဒဏ် စနစ်တွေဟာ အဓိပ္ပာယ် မရှိတော့ဘူး။ ဒါဟာ တပ်စခန်းရှစ်ခု ရဲ့ အခြေခံအုတ်မြစ်ပဲခင်ဗျား နားလည်မှာပါ"
"နောက်ဆုံး တစ်ချက်ကတော့... ကျွန်တော့်ရဲ့ ဆရာက ဒီနှစ်နှစ်အတွင်းမှာ စိတ်အခြေအနေ သိပ်မမှန်တာကြောင့်..."
"ငါ... နားလည်ပြီ"
ဝမ်ကျိ သည် ထိုစကားလုံးများကို ခက်ခဲစွာ ပြောထုတ်လိုက်ရသည်။
သူ ဘာတတ်နိုင်မှာလဲ။
စစ်နတ်ဘုရား ဖြစ်နေရင်ကော ဘာထူးမှာလဲ။
တခြားနေရာမှာဆိုရင်တော့ စစ်နတ်ဘုရား ဆိုတာ တကယ့်ကို နတ်ဘုရားတစ်ပါးပါပဲ။
ဒါပေမဲ့ ဒီ တပ်စခန်းရှစ်ခုရဲ့ နယ်မြေထဲမှာတော့... တကယ်ကို ဘာတန်ဖိုးမှ မရှိတာပါပဲ။
သူ မျှော်လင့်နိုင်တာကတော့ ဆွန်ဒူရှန်အမြန်ဆုံး သေဆုံးသွားပြီး ကမ္ဘာကြီး ငြိမ်းချမ်းသွားဖို့ပဲ ရှိပါတော့သည်။