← Chapters

အခန်း (၁၅၈)

Vol. 15 Ch. 158

အခန်း (၁၅၈)

Vol. 15 Ch. 158

📝အပိုင်း - ၁၅၈

ဘာသာပြန် - Na Gar🐉

စင်မြင့်ထက်တွင် ချန်ဆန်းရှီသည် သူ၏ အသက်ရှူသံကို ထိန်းညှိရင်း လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

အခြေအနေက ဤအဆင့်သို့ ရောက်လာပြီဖြစ်ရာ ထိုလူကို သူ မဖြစ်မနေ သတ်ရမည်။ အကယ်၍ မသတ်ဘဲ အနိုင်ရရုံသာ အနိုင်ရလျှင်ပင် တစ်ဖက်လူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ရပေလိမ့်မည်။

ဒီ ဝမ် ဆိုတဲ့ကောင် ထွက်သွားပြီးရင်လည်း သူ့ကို အဆက်မပြတ် ဒုက္ခပေးနေမှာ သေချာသလို၊ နောက်ဆုံးမှာ သူ့မိသားစုဝင်တွေကိုပါ ပစ်မှတ်ထားလာမှာ မဟုတ်ဘူးလို့ မပြောနိုင်ဘူး။ သူကပဲ အမြဲတမ်း သည်းခံနေရမှာလား။

ဘယ်လိုပဲဖြစ်ဖြစ် သတ်ရမှာချင်း အတူတူ...

စင်မြင့်ပေါ်မှာပဲ သတ်လိုက်တာ အကောင်းဆုံးပဲ..

တရားမျှတစွာနဲ့ လူအများရှေ့မှာ ပေါ်ပေါ်ထင်ထင် သတ်လိုက်တာကမှ ပိုကောင်းသေးတယ်။ အဲဒီလိုဆိုရင် အနည်းဆုံးတော့ သူ့ရဲ့ဖခင်ဖြစ်တဲ့ စစ်

နတ်ဘုရား ကတောင် လူသိရှင်ကြား လက်စားချေဖို့ ဝံ့မှာ မဟုတ်ဘူး။ ဒါဆိုနဲ့တင် လုံလောက်ပါပြီ။

အခုအဆင့်ထိ ရောက်လာမှတော့ တစ်စုံတစ်ယောက်ကို အမျက်ထွက်စေမှာကို ဘာကြောင့် စိုးရိမ်နေတော့မှာလဲ။

စတုတ္ထအချီ ပြိုင်ပွဲမှာလည်း လျင်မြန်စွာပဲ ပြီးဆုံးသွားခဲ့သည်။

သူ သတိမထားမိခင်မှာပင် နောက်ဆုံး ဗိုလ်လုပွဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

နောက်ဆုံး စင်မြင့်ပေါ်တွင် မယှဉ်ပြိုင်မီ နှစ်နာရီကြာ အနားယူချိန် ရရှိသည်။

ချန်ဆန်းရှီသည် နေရာတစ်ခုတွင် ထိုင်ချလိုက်ပြီး မျက်စိမှိတ်ကာ သူ၏ စိတ်ကို အနားပေးနေလိုက်သည်။

[ကျင့်ကြံမှု့ - ညီညွတ်ခြင်း လှံသိုင်း (အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု့ - ၃၂၉/၂၀၀၀]

လွန်ခဲ့သည့် ရက်များအတွင်း ကျင့်ကြံခဲ့မှုနှင့် ယနေ့ သိုင်းပြိုင်ပွဲများကြောင့် သူ၏ ကျွမ်းကျင်မှုမှာ လျင်မြန်စွာ တိုးတက်လာသော်လည်း အတွင်းအားသန့်စင်ခြင်း ၏ အကြီးစားအောင်မြင်မှု့သို့ ရောက်ရန်မူ အလှမ်းဝေးနေသေးသည်။

သူ အနိုင်ရပြီး မကြာမီမှာပင် ဆီမီးဖိုင်နယ်မှ ကျန်ပြိုင်ဘက်နှစ်ဦးလည်း အဖြေထွက်လာခဲ့သည်။

လုရှူဟွာ မှာ အရင်ပွဲက ဒဏ်ရာရထားသဖြင့် မင်းသားလေး ချောင်ဖန်မှာ မပင်မပန်းဘဲ အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။

"သူ... သူက ဝမ်ချိုးရှီကို သတ်လိုက်တာလား"

ထိုသတင်းကို ကြားလိုက်ရချိန်တွင် ချောင်ဖန်၏ ရင်ထဲ၌ ဒေါသမီးများ တရကြမ်း ပေါက်ကွဲလာတော့သည်။ "ငါ့ရဲ့လူကို သတ်လိုက်တယ်ဆိုတာ... သူက ငါ့ကို လုံးဝ ခြိမ်းခြောက်မှုတစ်ခုလို့ မသတ်မှတ်တာပဲ။ ဧကရာဇ်အမိန့် ကို နှစ်ကြိမ်တိုင်တိုင် လက်ခံရရှိထားရုံနဲ့ သူက ကိုယ့်ကိုယ်ကိုယ် နန်းတွင်းအရာရှိကြီးလို့ တကယ် ထင်နေတာလား။ သူက တတိယတန်းစား အရာရှိလေး တစ်ယောက်ပဲ ရှိပါသေးတယ်"

"မင်းသားလေး... သူက အရမ်း မောက်မာလွန်းပါတယ်။ ကျွန်တော်တို့က သူ့ကို သတ်လို့ရပေမဲ့၊ သူက ဘာလို့ ကျွန်တော်တို့လူကို သတ်ပိုင်ခွင့်ရှိရမှာလဲ"

အဖြစ်အပျက်တစ်ခုလုံးကို မြင်တွေ့ခဲ့ရသော ယင်ဟန်ဝမ် က ပို၍ပင် မုန်းတီးစွာဖြင့် ပြောလိုက်သည်။ "မင်းသားလေး အခုနက တိုက်ပွဲကို မမြင်လိုက်လို့ပါ။ သူက ညီအစ်ကို ဝမ် ကို သတ်ဖို့ အချိန်လုံလောက်အောင်လို့ ညီအစ်ကို ဝမ် ရဲ့ ပါးစပ်ကို လှံနဲ့ အရင်ပိတ်ပစ်လိုက်တာဗျ... မင်းသားလေး၊ သူက ဒီနေ့ ဝမ်ချိုးရှီကို သတ်ရဲရင် မနက်ဖြန်ကျရင် ကျွန်တော့်ကို သတ်ရဲလိမ့်မယ်။ နောက်ဆိုရင်... သူက ပုန်ကန်ဖို့တောင် ဝန်လေးမှာ မဟုတ်ဘူး။

မင်းသားလေး... ဒီလူကို အရှင်မထားသင့်ဘူး။ သူဟာ ကျွန်တော်တို့ မဟာရှန်

မင်းဆက်အတွက် တကယ့်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမှာပါ"

"ယုတ်မာလိုက်တာ တကယ်ကို ယုတ်မာတာပဲ"

"တကယ်လို့ စောစောကသာ ကျွန်တော် ဖြစ်နေရင် သူက မနိုင်ပါဘူး။ တောင်ပေါ်မှာတုန်းက မြားမှန်ထားတဲ့ ဒဏ်ရာကြောင့်သာ မဟုတ်ရင် ကျွန်တော် အနိုင်ယူပြလိုက်မှာ"

ယင်ဟန်ဝမ်ကလည်း အတွင်းအားသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့် သို့ ရောက်ရှိနေပြီး ဟွာကျင်းအဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ တောင်ပေါ်တွင် သစ်ပင်နောက်၌ ကွယ်နေစဉ် မထင်မှတ်ဘဲ မြားမှန်ခဲ့ခြင်း ဖြစ်သည်။

"သူက ဝမ်ချိုးရှီကို ငါးချီအတွင်းမှာ သတ်လိုက်တာလို့ မင်းပြောချင်တာလား"

ချောင်ဖန်စိတ်အေးသွားသည့်အခါ တိုက်ပွဲအသေးစိတ်ကို ပို၍ သိချင်လာသည်။ "ငါ့ကို အသေးစိတ် ပြန်ပြောစမ်း သူ့ရဲ့ လှံသိုင်းက ဘယ်လိုမျိုးလဲ"

"ကျွန်တော်လည်း မမှတ်မိဘူးဗျ မဟာရှန်တပ်မတော်မှာ သုံးနေကျ လှံသိုင်းမျိုး မဟုတ်ဘူး"

ယင်ဟန်ဝမ်က သေချာစဉ်းစားသော်လည်း သူ၏ အရည်အချင်းဖြင့် ရှင်းပြရန် ခက်ခဲနေသည်။ "သခင်လေး... ဒါတွေက မလိုအပ်ပါဘူး မဟုတ်လား။ သခင်လေးရဲ့ အာဏာနဲ့ အစွမ်းဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ချေမှုန်းနိုင်မှာပဲလေ။ သူ့ရဲ့ လှံသိုင်းကွက်တွေကို သိနေဖို့ လိုလို့လား"

"စင်မြင့်ဆိုတာ စစ်မြေပြင်နဲ့ အတူတူပဲ။ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ပြိုင်ဘက်ကို လျှော့တွက်လို့ ဘယ်ရပါ့မလဲ"

ချောင်ဖန်သည် တော်ဝင်မိသားစုဝင်ဖြစ်သဖြင့် အခြားသူများအပေါ် မောက်မာသည့်စိတ် ရှိသော်လည်း ပေါ့ဆသူ သို့မဟုတ် ပြိုင်ဘက်ကို လျှော့တွက်သူ မဟုတ်ပေ။ ထိုအချက်နှစ်ခုမှာ ကွဲပြားသည်။

သူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ဒီလူက ဒီအဆင့်အထိ ရောက်လာတာ ကံကြောင့်ချည်းပဲ မဟုတ်ဘူး။ သူ့ရဲ့ လှံသိုင်းက ထူးခြားမှာ သေချာတယ်။

သီအိုရီအရ ငါက သူ့ထက် အဆင့်သာနေပေမဲ့၊ ရန်သူ့အကြောင်းနဲ့ ကိုယ့်အကြောင်းကို သိထားတာက အကောင်းဆုံးပဲ။ မြောင်းထဲမှာ လှေမှောက်မှာမျိုးကိုတော့ ငါ အဖြစ်မခံနိုင်ဘူး"

"သခင်လေးက တကယ်ကို ဧကရာဇ်တစ်ပါးရဲ့ ဉာဏ်ပညာမျိုး ရှိတာပဲ"

ယင်ဟန်ဝမ်က ချီးကျူးလိုက်သည်။ "ဒါပေမဲ့ ကျွန်တော်ကတော့ တကယ်ကို သေချာ မမှတ်မိဘူးဗျ"

"အင်း"

ချောင်ဖန်က သူ့ကို အပြစ်မတင်ဘဲ မြို့ရိုးပေါ်ရှိ ဖေးထျန်းနန်ကို ကြည့်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "မြို့တော်ဝန် ဖေးကသာ ငါ့ကို ရှင်းပြနိုင်ရင် ကောင်းမှာပဲ"

စစ်နတ်ဘုရား အဆင့်ရှိသူတစ်ဦးက အဆင့်နိမ့်သိုင်းသမားတစ်ဦးကို ကြည့်မည်ဆိုလျှင် မည်မျှပင် ခက်ခဲသော ကျင့်စဉ်ဖြစ်ပါစေ၊ တစ်ဖက်လူ၏ နည်းဗျူဟာနှင့် ဟာကွက်ကို အေးဆေးစွာ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

ကံဆိုးသည်မှာ သူသည် ဆွန်ဒူရှန်ကို အားနာနေရသဖြင့် အကူအညီ မတောင်းရဲပေ။ စစ်နတ်ဘုရား အထက်အဆင့်သို့ တက်လှမ်းမည့် နည်းလမ်းကို မရမချင်း သူသည် ဆွန်ဒူရှန်အပေါ် ရိုသေမှု ပြသနေရမည် ဖြစ်သည်။

"တော်ပြီ"

ချောင်ဖန်သည် သူ၏ နဂါးစိမ်းဓားကို အားပြုလိုက်ရင်း... "ငါ ပိုပြီး သတိထားရုံပါပဲ နောက်ဆုံးမှာတော့ ငါက အဆင့်သာနေတာပဲ၊ အနိုင်ရဖို့က ပြဿနာ မရှိပါဘူး"

သူ အနားယူရန် နေရာရှာနေစဉ်မှာပင် သံချပ်ကာတပ်သားတစ်ဦးက တိုးညှင်းသောအသံဖြင့် ချဉ်းကပ်လာသည်။ "မင်းသားလေး... ဗိုလ်ချုပ်ကြီးက မင်းသားလေးကို တွေ့ချင်လို့ပါတဲ့ သူပြောတာက..."

"အော်..."

ချောင်ဖန်၏ မျက်လုံးများ တောက်ပသွားပြီး ထိုတပ်သားနောက်သို့ ချက်ချင်း လိုက်သွားတော့သည်။

...

"တကယ်ကို မထင်မှတ်ထားဘူး"

"အစကတော့ ကျွန်တော်တို့က မင်းသားလေးနဲ့ လုရှူဟွာ တို့ ဗိုလ်လုပွဲ ဖြစ်မယ်လို့ ထင်ထားတာ"

"ဒါတွေက ပြီးသွားပါပြီ"

ဖေးထျန်းနန်က လေးနက်စွာ ပြောလိုက်သည်။ "ဒီ ချန်လေး က သူ့အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ မင်းသားလေးကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ အတွင်းအားသန့်စင်ခြင်း ရဲ့ အသေးအောင်မြင်မှု့အဆင့် နဲ့ ပြီးပြည့်စုံသောအဆင့် ဆိုတာ သွေးသန့်စင်ခြင်းနဲ့ အရိုးဖွဲ့စည်းခြင်းလောက်ကို ကွာခြားတာ။ တကယ်တော့ ဒီနောက်ဆုံးပွဲ ယှဉ်ပြိုင်နေဖို့တောင် မလိုတော့ပါဘူး၊ နောက်ဆုံး အရိုးစမ်းသပ်မှု ကိုပဲ တန်းသွားလိုက်လို့ ရတယ်"

"ကြည့်လိုက်တာ ဘာမှမဖြစ်ပါဘူး" ဟု သခင်ကြီးဟောက်က ဆိုသည်။

"ငါထင်တာကတော့ အဆင့်ကျော်ပြီး အနိုင်ယူနိုင်တာဟာ အဆင့် A နှစ်ခုစာနဲ့ ညီမျှတယ်"

ဆွန်ဒူရှန်က ရုတ်တရက် စကားပြောလာသည် "မင်းတို့ နှစ်ယောက်ကော ဘယ်လိုထင်လဲ"

"ဒါကတော့ အမှန်ပါပဲ"

ဖေးထျန်းနန်က စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည် "တကယ်လို့ ချန်လေးက မင်းသားလေးကို အနိုင်ယူနိုင်ခဲ့ရင် ဒါကို အဆင့် Aနှစ်ခုစာ သတ်မှတ်ပေးဖို့ ကျွန်တော်မျိုးတို့ ဝန်မလေးပါဘူး"

"ဟုတ်ပါတယ်"

သခင်ကြီး ဟောက်ကလည်း သဘောတူသည် "ဒါပေမဲ့ အဲဒီလို တွက်မယ်ဆိုရင် နှစ်ယောက်လုံးက အဆင့် Aခြောက်ခုစီနဲ့ ရမှတ် တူမသွားဘူးလား။ ချန်ပီယံဆိုတာ တစ်ယောက်ပဲ ရှိရမှာ မဟုတ်လား"

ဆွန်ဒူရှန်က ပြန်ပြောသည် "ဒါဆို နှစ်ယောက်လုံးကို အသိအမှတ်ပြုလိုက်မယ်"

"နှစ်ယောက်လား... ဘုရင်ခံဆွန်ဒါက သိပ်ပြီး မသင့်တော်ဘူး ထင်တယ်"

ဖေးထျန်းနန်က တိုးတိုးလေး မေးမြန်းလိုက်သည် "ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း ရဲ့ ချန်ပီယံဆိုတာ အဓိကအားဖြင့် အရင်းအမြစ်တွေ ခွဲဝေမှုအပေါ်မှာ မူတည်တာပါ။ နှစ်ပေါင်းများစွာအတွင်းမှာ ချန်ပီယံဖြစ်တဲ့သူတွေပဲ အကောင်းဆုံး ဆေးဝါးတွေကို ရခဲ့တာပါ။

အဲဒီဆေးဝါးတွေက နှစ်ပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ ကြာမှ ရတဲ့အရာတွေပါ။ တစ်ခု သုံးလိုက်ရင် တစ်ခု လျော့သွားတာပဲ။ နန်းတော်မှာတောင် အဲဒီဆေးတွေက ပြတ်လပ်နေတာ၊ ဘယ်လိုလုပ်ပြီး ဒုတိယတစ်ယောက်အတွက် ဖဲ့ပေးနိုင်မှာလဲ"

နှစ်ပေါင်းများစွာအတွင်း ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း ၏ ချန်ပီယံများမှာ ဘုရင်ခံ၏ အမွေဆက်ခံသူ များ ဖြစ်ကြပြီး၊ ၎င်းတို့ကို စစ်နတ်ဘုရား သို့မဟုတ် အထူးဗိုလ်ချုပ်ကြီး များ ဖြစ်လာစေရန် နန်းတော်က အစွမ်းကုန် ပံ့ပိုးပေးရခြင်း ဖြစ်သည်။

ဒါကြောင့်လည်း မရေးထားတဲ့ စည်းမျဉ်းတစ်ခု ရှိပါတယ်။

ပြိုင်ပွဲပြီးသွားရင်တောင် အတွင်းစည်းတပည့် တွေက ချန်ပီယံနဲ့ ဆက်ပြီး ပြိုင်ဆိုင်ပိုင်ခွင့် ရှိပါတယ်။ စစ်တပ်ဆိုတာ တိုက်ခိုက်ဖို့ပဲ။ မင်းက အရင်းအမြစ်တွေ အများကြီး ရထားပြီး အစွမ်းမပြနိုင်ရင် မင်းထက်သာတဲ့ အတွင်းစည်းတပည့် တစ်ယောက်က မင်းရဲ့နေရာကို အစားထိုးနိုင်ပါတယ်။

အရင်ကလည်း အစားထိုးခံရတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။

ထန်ရိုရှန် ဆိုရင် အစက အတွင်းစည်းတပည့် ပဲ။ အဲဒီတုန်းက မောက်မာနေတဲ့ အမွေဆက်ခံသူ က တိုက်ပွဲမှာ ရှုံးနိမ့်သွားလို့ သူ့နေရာကို ထန်ရိုရှန်က အစားထိုးခဲ့တာ။

ဒါ့အပြင် ဒီပြိုင်ပွဲက သိုင်းပညာကိုပဲ စစ်ဆေးနိုင်တာ။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတော့ မသိနိုင်ဘူး။ ချန်ပီယံဖြစ်ပြီးမှ ကိုယ်ကျင့်တရား ပျက်ပြားရင်လည်း နေရာဖယ်ပေးရတာပဲ။

ဘယ်လိုပဲကြည့်ကြည့် အရင်းအမြစ်က အကန့်အသတ်ရှိတော့ အမွေဆက်ခံသူ ဆိုတာ တစ်ယောက်ပဲ ရှိရမယ်။

"ငါက အိုနေပြီ ဒါက ငါ့ရဲ့ နောက်ဆုံးအကြိမ် တပည့်လက်ခံခြင်းပဲ နောက်တစ်ယောက် ပိုယူလိုက်လို့ ဘာဖြစ်မှာလဲ"

ဆွန်ဒူရှန်က အေးစက်စွာ ပြောလိုက်သည် "ပြီးတော့... ချောင်မိသားစုဝင်တွေထက် ဆေးပိုလိုတဲ့သူ ရှိလို့လား"

"ဘုရင်ခံဆွန်က ချန်ဆန်းရှီကို တကယ်ကို သဘောကျနေပုံရတယ်"

ဖေးထျန်းနန်သည် ကိုယ်တိုင် စစ်နတ်ဘုရား ဖြစ်သဖြင့် ချန်ဆန်းရှီ၏ လှံသိုင်းမှာ စစ်တပ်မှာရှိသည့် သိုင်းမျိုးမဟုတ်သည်ကို သိနေသည်။ ၎င်းမှာ အသစ်စက်စက် ဖန်တီးထားသည့် သိုင်းပညာ ဖြစ်သည်။

ဒီကမ္ဘာပေါ်မှာ ကိုယ်ပိုင်သိုင်းကို ဘယ်နှစ်ယောက်က ဖန်တီးနိုင်လို့လဲ။ အဲဒီထဲမှာ လှံကို သုံးတဲ့သူက ဘယ်သူရှိလို့လဲ။

စဉ်းစားကြည့်လိုက်တာနဲ့ သူ အဖြေသိသွားသည်။

သူက ပြန်မငြင်းတော့ဘဲ ပြုံးလိုက်ရင်း... "ဘုရင်ခံဆွန် ပြောတဲ့အတိုင်းပါပဲ၊ ဒါကလည်း ကျိုးကြောင်းဆီလျော်ပါတယ်"

"ကျိုးကြောင်းဆီလျော်ပါတယ်၊ တကယ်ကို ဆီလျော်ပါတယ်" သခင်ကြီး ဟောက်ကလည်း ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်လုံး စိတ်အေးလက်အေး ရှိနေကြသည်။

ဘုရင်ခံက ဘယ်လောက်ပဲ သဘောကျပါစေ အစစ်အမှန် ခွန်အားကွာခြားချက်ကတော့ ပြင်လို့မရပေ။

နဂါးကိုးပါးခန္ဓာ ရှိတဲ့ အတွင်းအားသန့်စင်ခြင်း အသေးစားအောင်မြင်မှု့ ဟာနဂါးနှလုံးသား ကျားအရိုးခန္ဓာ ရှိတဲ့ ပြီးပြည့်စုံသောအဆင့် ကို ဘယ်လိုမှ မနိုင်နိုင်ပါဘူး။ ဆွန်ဒူရှန်ကိုယ်တိုင်လည်း ဒီအခြေအနေမှာ လိမ်လို့မရပါဘူး။

နောက်ဆုံး ဗိုလ်လုပွဲ နီးကပ်လာသည်နှင့်အမျှ ကွင်းပြင်ကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်လာသည်။

ဗိုလ်ချုပ်ကြီးအချို့လည်း ရောက်လာကြသည်။ အနိုင်ရတဲ့သူက သူတို့ရဲ့ ဂျူနီယာ ညီငယ် ဖြစ်လာမှာ မဟုတ်ပါလား။

ဆွန်ပုချီသည် လက်ဖဝါးများ ချွေးပြန်လာသည်အထိ လမ်းလျှောက်နေမိသည်။

"သူ နိုင်ပါ့မလား"

"ခက်လိမ့်မယ်"

မုန့်ကွမ်ရှင်း က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် "ချောင်ဖန် က မောက်မာပေမဲ့ သိုင်းပညာကိုတော့ တကယ် ကြိုးစားတာ။ သူက ရန်သူကို လျှော့တွက်မယ့်သူ မဟုတ်ဘူး။ ညီလေး ချန် အနိုင်ရဖို့ အခွင့်အရေးက အရမ်းနည်းတယ်"

"ဒါဆို ဘယ်လိုလုပ်မလဲ"

ဆွန်ပုချီ စိုးရိမ်တကြီး ပြောလိုက်သည် "ချောင်ဖန်ကို ငါ့အဖေရဲ့ တပည့် အစစ်အမှန် ဖြစ်အောင် တကယ်ပဲ လုပ်ခွင့်ပေးလိုက်တော့မှာလား"

သူက များသောအားဖြင့် ထုံထုံအအ နေတတ်သော်လည်း မိုက်မဲသူ မဟုတ်ပေ။ ဆွန်မိသားစုနှင့် ချောင်မိသားစုကြားက ရန်ငြိုးကို သူ မသိဘဲ နေပါမည်လား။

ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းအရ အနိုင်ရသူက အမွေဆက်ခံသူ ဖြစ်ရမည်။ ဒီတစ်ကြိမ်မှာတော့ ချောင်မိသားစုက ဆွန်မိသားစုကို လုံးဝ ဝါးမြိုပစ်ဖို့ ကြံနေတာ ဖြစ်သည်။

"စီနီယာ အစ်ကို ခုနစ်"

ဆွန်ပုချီသည် သူ၏ သတ္တမမြောက် စီနီယာအစ်ကို ရဲ့ဖုန်းရှိုထံသို့ ချဉ်းကပ်လိုက်သည်။ ရဲ့ဖုန်းရှိုသည် ဖြူဖျော့ပြီး သွယ်လျသော ကိုယ်လုံးရှိကာ ကျပ်ထုတ်နေသော သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။

ရဲ့ဖုန်းရှိုက မျက်စိမှိတ်လျက် တိတ်ဆိတ်နေသည်။

"စီနီယာ အစ်ကို နှစ်"

"ငါလည်း ချောင်မိသားစုကို မုန်းတာပဲ ဒါပေမဲ့ ငါတို့ရဲ့ အဆင့်ကွာခြားချက်က အသိသာကြီးပဲလေ ဘာလုပ်လို့ရမှာလဲ"

ဝဝဖိုင့်ဖိုင့် စီနီယာအစ်ကိုနှစ်က စားသောက်ဆိုင်ပိုင်ရှင်နှင့် တူလှသည် "ငါ့မှာလည်း နည်းလမ်းမရှိဘူး"

"စီနီယာ အစ်မ ကိုး"

စီနီယာအစ်မကိုး ရုန်ယန်ချိုး သည် ဆွန်ဒူရှန်၏ တစ်ဦးတည်းသော အမျိုးသမီးတပည့် ဖြစ်သည်။ သူမသည် အသက် ၃၀ ကျော်အရွယ်ရှိပြီး စစ်သားတစ်ဦးဖြစ်သော်လည်း အလှပြင်ထားကာ ဇာနည်ဆန်လှသည်။

"ဒီ ညီငယ်လေးက တကယ်ကို ချောတာပဲ မမ ကတော့ သူ့ကို သဘောကျတယ်" ဟု ရုန်ယန်ချိုးက ပြောလိုက်ပြီးမှ... "ဒါပေမဲ့ ငါလည်း ဝင်စွက်ဖက်ဖို့ မတတ်နိုင်ဘူး။ စင်ပေါ်တက်ပြီး သူ့ကို လိမ်ပြီး ကူညီပေးလို့မှ မရတာ။ မင်း အစ်ကိုကြီးဆီမှာ သွားတောင်းပန်ကြည့်ပါလား။ သူက ဗဟုသုတများတော့ ချောင်ဖန်ရဲ့ ဓားသိုင်းကို တုံ့ပြန်ဖို့ နည်းလမ်းသိကောင်း သိနိုင်လိမ့်မယ်"

"စီနီယာ အစ်ကိုကြီး ..."

ဆွန်ပုချီ ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း သန်မာထွားကြိုင်းသော လုကျိီ ကို မတွေ့ရပေ "ထားလိုက်ပါတော့၊ သူ့ကို သွားရှာလည်း ထူးမှာမဟုတ်ပါဘူး"

"ငါ သွားမယ်"

နောက်ဆုံးတွင် စီနီယာအစ်ကိုငါး မုန့်ကွမ်ရှင်းက မတ်တပ်ရပ်လိုက်ပြီး ဆဲဆိုလိုက်သည် "ငါ တကယ်ပဲ ချောင်မိသားစုနဲ့ ညီအစ်ကို မတော်ချင်ဘူး အဲဒါကို တွေးလိုက်တာနဲ့တင် ရွံဖို့ကောင်းတယ်"

ရုန်ယန်ချိုးက အော်ပြောလိုက်သည် "ဟဲ့... မုန့်ရူး၊ ငါတို့ ညီလေးကို လမ်းမှားအောင် မလုပ်နဲ့ဦးနော်"

ဒီနေ့ဟာ ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ဖြစ်သည်။

သူတို့အားလုံးဟာ ဒီပြိုင်ပွဲကို ကြည့်ဖို့အတွက် လျန်ကျိုးကို အထူးတလည် ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

All Chapters