အခန်း (၁၆၂)
Vol. 15 Ch. 162
📝စာစဥ် - ၁၆၂
ဘာသယပြန် -Na Gar🐉
ချောင်ဖန် နဲ့ ဝမ်ချိုးရှီ ကြားမှာ တကယ့် သံယောဇဉ်ရယ်လို့တော့ မရှိပါဘူး။ ဝမ်ချိုးရှီက လျန်ကျိုးကို သူရောက်လာချိန်မှာ ဖားယားပြီး ကပ်မြှောင်နေတဲ့ ခွေးတစ်ကောင်ထက် မပိုခဲ့ပါဘူး။
ဒါပေမဲ့ "ခွေးကိုရိုက်ရင် သခင်ကို ကြည့်" ဆိုတဲ့စကား ရှိတယ်မဟုတ်လား။ ချန်ဆန်းရှီက သူ့ခွေးကို သတ်လိုက်တာပဲ။ အရှင်ဖြစ်တဲ့သူက လက်စားမချေပေးရင် နောက်နောင် ဘယ်သူက သူ့ဘက်က ရပ်တည်ရဲတော့မှာလဲ။ ဒါ့အပြင် ချန်ဆန်းရှီဟာ အစကတည်းက သူ့ကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိတာက ပိုပြီး ဒေါသထွက်စရာပါ။ ဧကရာဇ်မိသားစုကို မရိုသေတဲ့ အစေခံဟာ သေရမှာပဲ..
"နောက်ဆုံးတစ်ချက်ပဲ"
သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ချောင်ဖန်ဟာ ခြင်္သေ့ရိုက်ချက် ကို နေမင်းကြီး ကောင်းကင်ယံကို လောင်မြိုက်ခြင်း နဲ့အတူ ထပ်မံ ထိုးနှက်လိုက်ပြန်ပါတယ်။ ဒါပေမဲ့ သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။
အဲဒီ ပြင်းထန်လှတဲ့ တိုက်ကွက်ကို ချန်ဆန်းရှီက ခုခံနိုင်ရုံတင်မကဘဲ၊ မရေမရာတဲ့ နည်းစနစ်တစ်ခုကို သုံးပြီး အရင်ကထက် အများကြီး ပိုလွယ်လွယ်ကူကူ ပယ်ထုတ်လိုက်ပါတယ်။ ခြေတစ်လှမ်းတောင် နောက်မဆုတ်သွားပါဘူး။
ချောင်ဖန်ရဲ့ အကြည့်ဟာ လက်နက်ချင်း ထိတွေ့ရာကနေတစ်ဆင့် သွေးရောင်လွှမ်းနေတဲ့ ချန်ဆန်းရှီရဲ့ မျက်ဝန်းတွေနဲ့ ဆုံမိသွားတဲ့အခါ သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရပါတယ်။
"သုံးဆယ်"
ချန်ဆန်းရှီက စိတ်ထဲကနေ တိတ်တဆိတ် ရေတွက်လိုက်ပါတယ်။ အချီသုံးဆယ်မြောက် ဂီတသံစဉ်က ပြည့်စုံသွားပြီ သီချင်းတစ်ပုဒ်က စတင် မြည်ဟည်းလာပါပြီ။
ခဏချင်းမှာပဲ သူ့အတွက်တော့ လောကကြီးတစ်ခုလုံး နှေးကွေးသွားသလို ခံစားလိုက်ရပါတယ်။ အထူးသဖြင့် ရှေ့ကပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတိုင်းဟာ ကြည်လင်ပြတ်သားနေတော့တာပါပဲ။
ရွှေကျီးကန်း ကောင်းကင်နဂါး ဓားသိုင်း... သူ့အဆင့်မှာ ပြိုင်ဘက်ကင်းတယ်လို့ ဆိုကြတဲ့ ဒီသိုင်းပညာဟာ အခုတော့ ချန်ဆန်းရှီရဲ့ မျက်စိထဲမှာ ဟာကွက်တွေ အပြည့်နဲ့ ဖြစ်နေပါပြီ။ နဂါးစိမ်းဓားရဲ့ ဝှေ့ယမ်းမှုတွေဟာ အလွန်အမင်း နှေးကွေးနေသယောင်...။
သေလုနီးပါး ဖြစ်နေတဲ့ မြွေဟာ မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး အစွမ်းထက်လှတဲ့ ကောင်းကင်နဂါးကို ပြန်လည် အမဲလိုက်ဖို့ ပြင်ဆင်လိုက်ပါပြီ!
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ချောင်ဖန်မျက်မှောင်ကြုတ်သွားပြီး အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်သွားပါတယ်။ သူ့ရဲ့ နောက်ဆုံး သတ်ကွက်ဟာ ပြိုင်ဘက်ကို သေစေရမယ်၊ အနည်းဆုံးတော့ တိုက်ခိုက်ရေးစွမ်းရည် ကုန်ခမ်းသွားစေရမယ် မဟုတ်လား။ အခုတော့ ပြိုင်ဘက်က ပြန်ပြီး တုံ့ပြန်နေနိုင်ပြီ... ဒီကောင် ဘယ်ကနေ ဒီလို ခွန်အားတွေ ရလာတာလဲ။
"ဘာ"
မြို့ရိုးပေါ်မှာတော့ ဖေးထျန်းနန် နဲ့ သခင်ကြီး ဟို တို့ဟာ တစ်ပြိုင်တည်း မတ်တပ်ရပ်မိသွားကြပါတယ်။ သူတို့ဟာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်
ရအောင် ရှေ့ကို တိုးကြည့်လိုက်ကြပါတယ်။ ဘုရင်ခံဆွန်ဒူရှန်တောင်မှ ခါးကို မတ်လိုက်ပါပြီ။
"ကောင်းတယ်"
ဆွန်ပုချီ က လည်ပင်းကို အစွမ်းကုန် ဆန့်ပြီး အော်လိုက်ပါတယ်။
ရဲ့ဖုန်းရှိုး ဆိုရင် ပိုပြီး မြင်ရအောင် ကိုယ်ဖော့အတတ်ကို သုံးပြီး ကျောက်တိုင်ကြီးပေါ်အထိ တက်ကြည့်နေပါပြီ။
"ဘာတွေ ဖြစ်နေတာလဲ သူက ငါတို့ရဲ့ ကရုဏာနှင့် အဆုံးစွန်သော ကူးမြောက်ခြင်း နည်းစနစ်ကို သုံးလိုက်တာလား" မုန့်ကွမ်ရှင်း က မျှော်လင့်ချက်ကုန်ပြီး အရက်သောက်နေရာကနေ အပြေးအလွှား လာကြည့်ပါတယ်။
နေဝင်ဖျိုးဖျ အလှအောက်မှာ မြွေက နဂါးကို ပြန်လည် အမဲလိုက်နေတဲ့ မြင်ကွင်းဟာ တကယ်ကို ရင်သပ်ရှုမောဖွယ်ပါပဲ။
တားဆီးလို့ မရနိုင်တော့ဘူးလို့ ထင်ရတဲ့ ရွှေကျီးကန်း ဓားသိုင်းဟာ အခုတော့ ချန်ဆန်းရှီရဲ့ မျက်စိထဲမှာ အမှားအယွင်းတွေ အပြည့် ဖြစ်နေပါတယ်။ သူဟာ အတင်းအကျပ် ခုခံနေဖို့ မလိုတော့ဘဲ သွေးချီကို လိုသလောက်သာ သုံးပြီး တိကျတဲ့ ထောင့်ကနေ ပယ်ထုတ်ရင်း တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေနိုင်ပါပြီ။
ဒါကို အသိဆုံးကတော့ ချောင်ဖန် ကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ယုံကြည်မှုတွေဟာ တဖြည်းဖြည်း ပြိုလဲလာပြီး အံ့အားသင့်မှုနဲ့ နားမလည်နိုင်မှုတွေက အစားထိုးဝင်ရောက်လာပါတယ်။ ဘယ်လိုကြောင့်လဲ... ဘယ်အချိန်ကတည်းက သူ့ရဲ့ တိုက်ကွက်တိုင်းကို ပြိုင်ဘက်က ကြိုသိနေသလိုမျိုး အလွယ်တကူ ဖြေရှင်းနေနိုင်တာလဲ။
မဟုတ်ဘူး... ဒါက ဓားသိုင်းကို လုံးဝ အဖြေထုတ်နိုင်သွားတာပဲ..
ချောင်ဖန်ဟာ ပြိုင်ဘက်ရဲ့ ညီညွတ်ခြင်း လှံသိုင်း အကြောင်းကို ကြိုတင် လေ့လာထားလို့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ခဲ့တာပါ။ ဒါပေမဲ့ အခု ချန်ဆန်းရှီ ပေးနေတဲ့ ခံစားချက်က အဲဒါထက် အများကြီး ပိုပါတယ်။ ချန်ဆန်းရှီဟာ ဒီဓားသိုင်းကိုပဲ အကြိမ်ကြိမ် လေ့ကျင့်ထားဖူးသလိုမျိုး အတွင်းသိ အကုန်သိနေတာပါ။
ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ ရွှေကျီးကန်း ကောင်းကင်နဂါး ဓားသိုင်း ဆိုတာ တော်ဝင်မိသားစုထဲမှာတောင် အရည်အချင်း စစ်ဆေးပြီးမှ သင်ခွင့်ရတာပါ။ ချောင်မိသားစုဝင် မဟုတ်ဘဲနဲ့ ဘယ်သူမှ မတတ်နိုင်ပါဘူး။
ဒါဆိုရင် တစ်ခုပဲ ဖြစ်နိုင်ပါတယ်။
ဒီတိုက်ပွဲရဲ့ အချီသုံးဆယ်အတွင်းမှာတင် ပြိုင်ဘက်က ဒီဓားသိုင်းကို အဖြေထုတ်သွားတာပါပဲ။
ချောင်ဖန်ရဲ့ နှလုံးသားထဲမှာ ထိတ်လန့်တုန်လှုပ်သွားရပါတယ်။ ဘယ်လိုမျိုး မိစ္ဆာဆန်တဲ့ ပါရမီရှင်လဲ။ ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ အတုမရှိ ဆရာကြီးတွေ ဖန်တီးထားတဲ့ ဓားသိုင်းကို အချီသုံးဆယ်အတွင်းမှာ အဖြေထုတ်နိုင်တယ်တဲ့လား။ သူ့အနေနဲ့ ချောင်မိသားစုထဲက တစ်ယောက်ယောက်က ဒီကျင့်စဉ်ကို ချန်ဆန်းရှီကို ပေးလိုက်တယ်လို့ ယုံလိုက်ရတာကမှ ပိုပြီး လွယ်ကူပါလိမ့်မယ်။
ဖိနှိပ်ခံထားရတဲ့ မြွေဟာ တိုက်ပွဲကြာလာတာနဲ့အမျှ ပြင်းထန်တဲ့ တန်ပြန်တိုက်စစ်ကို ဆင်နွှဲလာပြီး ကောင်းကင်နဂါးနဲ့ အင်အားချင်း ညီမျှလာပါပြီ။ ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ ခက်ခဲလာပါပြီ။
"ဒါကြောင့်ကိုး..." ရုန်ယန်ချိုး က ရေရွတ်လိုက်ပါတယ်။ "ငါကိုယ်တိုင်တောင် သူ့ကို အထင်ကြီးလာပြီ ညီမငယ်လေး ဆိုရင်တော့ ပြောမနေနဲ့တော့..."
"ချန်ပီယံ... ချန်ဆန်းရှီက ချန်ပီယံဆုကို ယူတော့မှာလား"
ကြည့်ရှုနေတဲ့ ပရိသတ် ငါးသောင်းကျော်ဟာ အခြေအနေကို နောက်ကျမှ သတိထားမိကြပြီး အံ့သြစရာတစ်ခုခု ဖြစ်တော့မယ်ဆိုတာကို သိလိုက်ကြပါတယ်။ ဒီပြိုင်ပွဲမှာ ချောင်ဖန်ပဲ နိုင်လိမ့်မယ်လို့ အားလုံးက ထင်ထားခဲ့ကြတာပါ။ တကယ်လို့ ရလဒ်က ပြောင်းပြန်ဖြစ်သွားရင် ဘယ်လောက်တောင် ဂယက်ရိုက်သွားမလဲ။
"မဖြစ်နိုင်တာ... အတွင်းအားသန့်စင်ခြင်းအသေးစားအောင်မြင်မှု့အဆင့် လေးနဲ့ ဒီလောက်အထိ တိုက်နိုင်တာကပဲ ကမ္ဘာမှာ ရှားလှပါပြီ။ နိုင်ဖို့ဆိုတာကတော့ စိတ်ကူးယဉ်အိမ်မက်ပဲ"
"စောစောစီးစီး မပြောပါနဲ့ဦး အခွင့်အရေး ရှိပုံရတယ်"
လူအများအပြား အံ့အားသင့်နေကြချိန်မှာပဲ ကွင်းပြင်ရဲ့ ထောင့်တစ်နေရာက ပိုယန် စစ်စခန်း က စစ်သားတွေကတော့ အေးအေးဆေးဆေးပါပဲ။ သူတို့ဟာ အစကတည်းက ဒါကို မျှော်လင့်ထားပုံရပါတယ်။
"ငါနိုင်ပြီ ငွေ ဆယ်ကျပ် ပေးတော့"
"ဘာတွေလဲ မပြီးသေးဘူးဟ"
"အဲဒီ မင်းသားလေး ၅၀ ချီတောင် ခံမှာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့"
လူတိုင်းက မင်းသားလေး နိုင်မယ်လို့ ထင်ထားချိန်မှာ ဒီစစ်သားတွေကတော့ ချောင်ဖန် ဘယ်နှချီ ခံမလဲဆိုတာကိုပဲ လောင်းကြေးထပ်နေကြတာပါ။ သူတို့ရဲ့ ဗိုလ်ချုပ်ကြီး ရှုံးလိမ့်မယ်ဆိုတာကိုတော့ တစ်ခါမှ ထည့်တောင် မစဉ်းစားခဲ့ကြပါဘူး..