အခန်း (၁၆၄)
Vol. 15 Ch. 164
📝အပိုင်း - ၁၆၄
ဘာသာပြန် - Na Gar🐉
"တကယ်လို့ တစ်စုံတစ်ယောက်က ကိုယ့်ထက်သာနေရင် ပြောစရာစကား မရှိတော့ပါဘူး"
ချောင်ဖန်သည် သူ၏လက်သီးကို ဖြူဖျော့သွားသည်အထိ တင်းတင်းဆုပ်ထားရင်း... "ဒါပေမဲ့ နောက်ဆုံးစမ်းသပ်ချက် တစ်ခု ကျန်သေးတယ် မဟုတ်လား"
အရိုးစစ်ဆေးခြင်း အပိုင်းတွင် စမ်းသပ်ချက်တစ်ခု၌ အဆင့်Aရရှိခြင်းသည် အခြားစမ်းသပ်ချက်နှစ်ခုမှ အဆင့်Aရရှိခြင်းနှင့် ညီမျှပေသည်။ အားလုံးကို ပြန်လည်တွက်ချက်ကြည့်လျှင် သူသည်သာ အနိုင်ရရှိသူ ဖြစ်နေဦးမည်ပင်။
"နောက်ဆုံးတော့... မင်းသားလေး ကျွန်တော်..."
ဖေးထျန်းနန်သည် ပြိုင်ပွဲမစမီက ဆွန်ဒူရှန်နှင့် ဆွေးနွေးခဲ့သည့် စကားများကို ပြန်လည်ဖောက်သည်ချလိုက်သည်။
"ဘာ တောက်... အဓိပ္ပာယ်မရှိတာ"
ချောင်ဖန်သည် ဒေါသတကြီး ပေါက်ကွဲတော့သည် "မင်း ဆိုလိုတာက ဒီမင်းသားနဲ့ အဲဒီကောင်ကို နှစ်ယောက်လုံး အမွေဆက်ခံသူ အဖြစ် သတ်မှတ်ပြီး နောင်ကျရင် ညီအစ်ကိုတွေလို့ ခေါ်ခိုင်းရမယ် ဟုတ်လား မင်းလည်း သိပါတယ် ရွေးချယ်ခံဗိုလ်ချုပ်လောင်းစစ်ဆေးမှု့ရဲ့ ချန်ပီယံဖြစ်တယ်ဆိုတာ ဘာကို ဆိုလိုသလဲဆိုတာကို"
ဆွန်ဒူရှန်သည် စစ်နတ်ဘုရားအဆင့်ကို ကျော်လွန်နိုင်မည့် ထာဝရရှင်သန်ခြင်း လျှို့ဝှက်ကျင့်စဉ်ကို တကယ်ပဲ ချပြမလားဆိုတာ ဘယ်သူမှ မသေချာသော်လည်း ဤသည်မှာ သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပြီး လက်လွတ်ခံလိုက်ပါက နောက်ထပ် အခွင့်အရေး ရှိတော့မည်မဟုတ်ကြောင်း လူတိုင်း သိကြသည်။
"မင်းသားလေး စိတ်လျှော့ပါ ဒီအမှားက တကယ်တော့ ကျွန်တော့်အပြစ်ပါပဲ"
ဖေးထျန်းနန်သည် စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေမိသည်။ ချန်ဆန်းရှီ တကယ်နိုင်သွားလိမ့်မည်ဟု ဘယ်သူက ကြိုတွေးထားနိုင်မည်နည်း။ ဤသည်မှာ မဖြစ်နိုင်သော အရာတစ်ခု ဖြစ်သင့်သည် မဟုတ်လား။
"မြို့စားကြီး ဖေး..."
ချောင်ဖန်သည် စင်မြင့်အောက်က ထောင့်တစ်နေရာသို့ သွားကာ... "လျှို့ဝှက်ကျင့်စဉ်ကိစ္စကို ခေတ္တဘေးဖယ်ထားဦး။ ချန်ပီယံဆု ရသွားတဲ့သူအတွက် အဖိုးတန် ရတနာဆေးဝါး တွေ ဘယ်လောက်တောင် လိုအပ်သလဲဆိုတာ ခင်ဗျားသိလား။ နန်းတွင်းမှာ အလဟဿ ဖြုန်းတီးပစ်ဖို့ အဲဒီဆေးတွေ ပေါများနေတယ်လို့ ခင်ဗျားထင်နေတာလား"
"မင်းသားလေး... အဲဒါကိုတော့ ကျွန်တော် သိပါတယ်"
ဖေးထျန်းနန်က ပြောလိုက်သည် "ကံကောင်းတာက ဒါဟာ နှုတ်ကတိ သက်သက်ပဲ ဖြစ်လို့ တရားဝင် အတည်မဖြစ်သေးပါဘူး။ ကျွန်တော်... ကျွန်တော် တစ်ခုခု စီစဉ်လိုက်ပါ့မယ်"
တုန်——
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကြီးကြပ်ရေးမှူး ဗိုလ်ချုပ်
သည် မောင်းကို တီးခတ်လိုက်ကာ ရွေးချယ်ခံဗိုလ်ချုပ်လောင်းစစ်ဆေးမှု့ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ် ပြီးဆုံးကြောင်း ကြေညာလိုက်သည်။
"ချန်ဆန်းရှီ အနိုင်ရရှိသည် အဆင့်A"
"..."
"ညီငယ်လေး..."
ရုန်ယန်ချိုးသည် စင်ပေါ်သို့ တက်လာကာ ချန်ဆန်းရှီကို တွဲကူလိုက်သည်။ သူမသည် ရင်ဘတ်ထဲမှ ကြွေပုလင်းလေးတစ်လုံးကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး... "ဒါက အတွင်းဒဏ်ရာတွေအတွက် အကောင်းဆုံး ရတနာဆေးပဲ"
ချန်ဆန်းရှီသည် ပုလင်းကို တစ်ချက်ကြည့်ကာ အဆင်ပြေကြောင်း သေချာမှ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ်..."
"စီနီယာအစ်မကိုး လို့ ခေါ်လေ"
ရုန်ယန်ချိုးသည် လက်ဆန့်ကာ ချန်ဆန်းရှီ၏ ပါးကို ဆွဲလိုက်ပြီး... "မောင်ငယ်လေးက တကယ်ကို အံ့သြဖို့ကောင်းတာပဲ"
"..."
ချန်ဆန်းရှီသည် ဗီဇအတိုင်း အနောက်သို့ ရှောင်လိုက်မိသည်။
"သူ တကယ်ပဲ နိုင်သွားတာလား"
မုန့်ကွမ်ရှင်းသည် သူ၏မျက်လုံးများကို ပွတ်ရင်း... "ကောင်းတယ် တကယ်ကို ကောင်းတယ် ဒီပွဲက တကယ် ကြည့်လို့ကောင်းတာပဲ အခုတော့ ငါတို့ ချောင်မိသားစုနဲ့ ညီအစ်ကို မတော်ရတော့ဘူးပေါ့"
"ဟေ့ကောင် ငါး... မင်း ပျော်တာ စောလွန်းသေးတယ်"
ဒုတိယစီနီယာအစ်ကို ချန်ဝေ က ပြောလိုက်သည် "မင်း မေ့နေတာလား နောက်မှာ အရိုးစစ်ဆေးခြင်း ကျန်သေးတယ်လေ။ ညီငယ်လေးရဲ့ နဂါးကိုးပါးခန္ဓာက မွေးရာပါ သိုင်းသူတော်စင်ရဲ့ နဂါးနှလုံးသား ကျားအရိုး ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
မုန့်ကွမ်ရှင်း စိတ်ပျက်သွားသည် သူသည် ဝှီးချဲနားသို့ သွားကာ... "ဟေ့ကောင် လေး... မင်း အဲဒီစာအုပ်ကို ဖတ်နေတာ ရက်ပေါင်းများစွာ ရှိပြီပဲ။ နဂါးကိုးပါးခန္ဓာနဲ့ လူတစ်ယောက်ဟာ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ စစ်နတ်ဘုရား ဖြစ်ခဲ့ဖူးသလား ပြောစမ်းပါဦး။ ဟို ချောင် ဆိုတဲ့ကောင်ကို မြန်မြန် ကန်ထုတ်လိုက်စမ်းပါ သူ့မျက်နှာကြီးကို နေ့တိုင်း မြင်နေရတာ မျက်စိနောက်လို့"
ဖန်ချင်းယွမ်သည် ခေါင်းကို ခါယမ်းလိုက်ကာ...
"မရှိဘူး" ဟု တိုးတိုးလေး ဆိုလိုက်သည်။
...
တိုက်ပွဲပြိုင်ပွဲများ ပြီးဆုံးသွားခဲ့ပြီ။
စာစစ်မှူးချုပ် သုံးဦးလုံး စင်မြင့်ထက်သို့ တက်လာကြသည်။
ဗိုလ်မှူး လီချန်ကျုံးက မောင်းကို တီးခတ်ကာ ရွေးချယ်ခံဗိုလ်ချုပ်လောင်း ၏ နောက်ဆုံးကဏ္ဍကို ကြေညာလိုက်သည်။
အရိုးစစ်ဆေးခြင်း..
"အရိုးစစ်ဆေးခြင်း ဟုတ်လား"
"ငါတောင် မေ့နေတော့မလို့ အရိုးစစ်ဆေးဖို့ ကျန်သေးတာပဲ"
"..."
တိုက်ပွဲတွေက အရမ်းကို ပြင်းထန်လွန်းနေသဖြင့် လူအများစုမှာ အရေးကြီးဆုံးအဆင့်ဖြစ်သည့် အရိုးစစ်ဆေးခြင်း ကို ယခုမှ သတိရလာကြသည်။ သိုင်းသမားတစ်ဦး၏ အထက်ကန့်သတ်ချက်ကို ဆုံးဖြတ်ရာတွင် အရိုးဖွဲ့စည်းပုံမှာ အဓိကကျလှပေသည်။
"ဟင်း..."
"ချန်လေးကတော့ အကြီးအကျယ် ရှုံးနိမ့်တော့မှာပဲ"
"ဒါကတော့ မတတ်နိုင်ဘူးလေ သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ကန့်သတ်ချက် ရှိနေတာကိုး နောက်ဆုံးမှာတော့ သူ စစ်နတ်ဘုရား ဖြစ်လာဖို့ လိုအပ်ချက် ရှိနေဦးမှာပဲ"
"..."
စင်မြင့်ထက်တွင် တိတ်ဆိတ်နေခဲ့သော ဆွန်ဒူရှန်သည် ဖြည်းညှင်းစွာ စကားစပြောလိုက်သည် "လူကြီးမင်းတို့... စောစောက ပြောထားတဲ့ စကားတွေက အတည်ပဲလား"
"အတည်ပါပဲ ကျိန်းသေ အတည်ပါ"
ဖေးထျန်းနန်က ရယ်မောလျက် ပြောလိုက်သည် "ဘုရင်ခံဆွန်... ရှေ့နှစ်ကစပြီး နယ်ပယ်အသီးသီးက တိုက်ပွဲမှာ အနိုင်ရတဲ့သူတွေကို အဆင့် Aနှစ်ခု ရရှိသူတွေအဖြစ် သတ်မှတ်ပေးပါ့မယ်"
ဆွန်ဒူရှန်က သူ့ကို မျက်စောင်းထိုးကြည့်ကာ...
"အော်... ရှေ့နှစ်ကျမှလား"
"ဟုတ်ပါတယ် ဘုရင်ခံဆွန်"
ဖေးထျန်းနန်သည် စကားပြောရင်း အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည် "စည်းမျဉ်းတွေဆိုတာ စိတ်ထင်သလို ပြောင်းလို့မရပါဘူး အဲဒီလိုလုပ်ရင် ငါတို့က ကလေးကလား ဆန်ရာ ကျနေပါလိမ့်မယ်။ စည်းမျဉ်းအသစ်တွေကို နောက်တစ်ကြိမ် ရွေးချယ်ခံဗိုလ်ချုပ်လောင်း မစခင်မှာ ကြိုတင် ကြေညာထားရပါမယ်၊ ဒါမှ တရားမျှတမှု ရှိမှာပါ။ သခင်ကြီး ဟောက်... ခင်ဗျားရော ဘယ်လို ထင်လဲ"
"ကျွန်တော်မျိုးလည်း... မြို့စားကြီး ဖေးရဲ့ အမြင်ကို သဘောတူပါတယ်"
သခင်ကြီးဟောက်သည်လည်း ပေပေါင်းများစွာ အကွာအဝေးသို့ ဆုတ်ခွာသွားပြီးမှ စကားပြောသည် "နန်းတွင်းရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက် ရှိပါတယ်လေ။ ဧကရာဇ်မင်းမြတ်က ချန်လေးကို သဘောကျတာ မှန်ပေမဲ့ နောက်ဆုံးမှာတော့ သူက စစ်နတ်ဘုရားဘွဲ့ထူးကို ရယူနိုင်မှာ မဟုတ်ဘူးလေ"
သူသည် အိမ်ရှေ့မင်းသားဘက်တော်သား မဟုတ်သော်လည်း ဤကိစ္စတွင်မူ တစ်သဘောတည်း ရှိနေရမည်။ ထာဝရရှင်သန်ခြင်း လျှို့ဝှက်ကျင့်စဉ် သည် ချောင်မိသားစုဝင်တစ်ဦး၏ လက်ထဲတွင်သာ ရှိနေသင့်သည် မဟုတ်လား။
"လူကြီးမင်းတို့... ဒီအဖိုးကြီးကို ဘာလို့ ဒီလောက် အဝေးကြီးကနေ လှမ်းပြောနေကြတာလဲ"
ဆွန်ဒူရှန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးအေးဆေးဆေးပင် ပြောလိုက်သည် "ဒါက ဗိုလ်ချုပ်လောင်းရွေးချယ်ရေးပွဲ မှာ ငါ့ရဲ့ နောက်ဆုံးနှစ်ပဲ။ တပည့်တစ်ယောက် ပိုယူလိုက်တာက ဘာများ ပြဿနာရှိလို့လဲ။ နောက်ဆုံးတော့ ဒါတွေက ငါတို့ မဟာရှန်မင်းဆက်အတွက် ပါရမီရှင်တွေ မွေးထုတ်ပေးတာပဲ မဟုတ်လား"
"ဘုရင်ခံဆွန်"
ဖေးထျန်းနန်သည် တောင်းပန်တိုးလျှိုးသော မျက်နှာဖြင့်... "ဒီကိစ္စကို သေချာ ထပ်စဉ်းစားပေးပါဦး"
"ရှောင်ဖေး... မင်းက တကယ့်ကို မင်းဆရာနဲ့ တူတာပဲ"
ဆွန်ဒူရှန်သည် ခေါင်းကို ခါယမ်းလိုက်ရင်း ရယ်လိုက်မိသည် "မင်း စကားပြောတာက လေလည်နေသလိုပဲ"
"..."
ဖေးထျန်းနန် ဆွံ့အသွားကာ... "ဘုရင်ခံက မြှောက်ပင့်လွန်းနေပါပြီ"
"တကယ်လို့..."
ဆွန်ဒူရှန်က သူ့ကို စိုက်ကြည့်ရင်း... "တကယ်လို့ ဒီအဖိုးကြီးက နှစ်ယောက်လုံးကို တပည့်အဖြစ် ယူမယ်လို့ ဇွတ် အတင်းအကျပ် လုပ်ရင်ကော"
"ဘုရင်ခံ"
ဖေးထျန်းနန်သည် လန့်အော်ကာ အနောက်သို့ ပေတစ်ရာခန့် ထပ်မံ ဆုတ်ခွာသွားပြန်သည် "ရတနာဆေးဝါးတွေ အကုန်လုံးက မြို့တော်ကနေ ပို့ပေးတာပါ။ ဘုရင်ခံ တပည့်ယူတာကို ဘယ်သူမှ မတားနိုင်ပေမဲ့ အဲဒီဆေးတွေ လျန်ကျိုးကို ရောက်လာမလား မရောက်လာဘူးလား ဆိုတာကတော့... အဲဒါက တခြားတစ်ပိုင်းပါ"
ရွေးချယ်ပွဲ ရဲ့ အနှစ်သာရဟာ အရင်းအမြစ်တွေအတွက် တိုက်ပွဲဝင်တာပါပဲ။ အရင်းအမြစ်မရှိရင် ချန်ပီယံဘွဲ့ဟာလည်း အနှစ်သာရ မရှိတော့ပါဘူး။
"သခင်ကြီးဟောက်ရော"
ဆွန်ဒူရှန်သည် မြွေပုံစံ ဝတ်ရုံဝတ်ထားသော မိန်းမစိုးကြီးဘက်သို့ လှည့်
ကြည့်လိုက်သည် "ခင်ဗျားလည်း နောက်ဆုတ်တော့မလို့လား"
"ဘုရင်ခံဆွန်... ကျွန်တော်မျိုးကို အကျပ်ရိုက်အောင်မလုပ်ပါနဲ့"
သခင်ကြီးဟောက်က နာကျင်နေသော မျက်နှာဖြင့် ပြောသည် "နန်းတွင်းမှာ တကယ်ပဲ အရင်းအမြစ် ကန့်သတ်ချက်တွေ ရှိနေလို့ပါ"
"မင်းတို့နှစ်ယောက်... ဒီကို ပြန်လာခဲ့"
ဆွန်ဒူရှန်က လက်ဟန်ဖြင့် ခေါ်လိုက်သည် "ဒီအဖိုးကြီး ဘေးမှာ လာရပ်စမ်း"
ဖေးထျန်းနန်နှင့် သခင်ကြီးဟောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အကြည့်ဖြင့်သာ ရှေ့ကသွားရန် အပြန်အလှန် အချက်ပြနေကြသော်လည်း ဘယ်သူမှ မလှုပ်ရှားရဲကြပေ။
"ဘုရင်ခံဆွန်"
ဖေးထျန်းနန်က အတင်းပြုံးလျက်... "ကျွန်တော့်အနေနဲ့ တစ်ခုတော့ ပြောရပါလိမ့်မယ်။ နင်ချန်းချွန်း ရဲ့ ကိစ္စတုန်းက သူက ရွေးချယ်ပွဲ ကို နှောင့်ယှက်တဲ့အတွက် သေဒဏ်နဲ့ ထိုက်တန်ပေမဲ့၊ ဆရာကြီးက အရင်သတ်ပြီးမှ အစီရင်ခံတဲ့အတွက် ဧကရာဇ်မင်းမြတ်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ ဆရာကြီးရဲ့ နှစ်ပေါင်းများစွာက လုပ်ဆောင်ချက်တွေကြောင့်သာ ဒါကို ခွင့်လွှတ်ပေးခဲ့တာပါ။ တကယ်လို့ နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆိုရင်တော့..."
ဆွန်ဒူရှန်သည် ဘာမှမကြားသလို ဟန်ဆောင်နေပြီး စကားလုံးတိုင်းကို ပြတ်သားစွာ ပြောလိုက်သည်။
"ငါ ဒီကို လာခဲ့လို့ ပြောရင်.. လာခဲ့လိုက်"