← Chapters

အမှောင်ထု၏သားတော် + ငါက သူရဲကောင်း ဖြစ်ချင်ရုံပါ Special Chapter 1 – လောကနှစ်ခု

Vol. 4 Ch. 1

အမှောင်ထု၏သားတော် + ငါက သူရဲကောင်း ဖြစ်ချင်ရုံပါ Special Chapter 1 – လောကနှစ်ခု

Vol. 4 Ch. 1

[စာရေးသူ၏မှတ်စု Prince of the Dark Night Volume 5 မစခင် crossover အရင် ရေးပါမယ်။ Timeline အနေနဲ့ဆိုရင်တော့ နက်ဆန်က ဆယ်ဗီနဲ့မတွေ့ရသေးတဲ့အချိန်ဖြစ်ပြီး မက်ဒါနာဘက်မှာတော့ အပြိုင်ကမ္ဘာစစ်ပွဲအပြီး လအနည်းငယ်ကြာပြီးချိန်ပါ။]

ကားလမ်းမဘေးဘလက်ဖောင်းမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အသားညိုညို ဆံပင်ဂုတ်ဝဲနဲ့ မျက်လုံးအနက်ရောင်ဖြစ်ပြီး မျက်နှာပေါ်မှာတော့ တင်းတိတ်တချို့။ အသက်က ဆယ်ကျော်သက်ပဲရှိသေးပုံရပြီး အသက်မပြည့်ပေမဲ့ လက်ကြားထဲမှာတော့ စေးကရက်ကိုညှပ်လို့။

တခြားလက်တစ်ဖက်ကတော့ ဖုန်းကိုကိုင်နားကိုကပ်ထားပြီး တစ်ဖက်ကနေ အမျိုးသမီးတစ်ယောက်ရဲ့အော်သံထွက်ပေါ် လာနေပါတယ်။

“ခိုင်နေခြည်၊ ဒါနင်ပထမနှစ်ကျတာ သုံးခါမြောက်ပဲ။ အိမ်ကိုဒီထက်ပိုပြီး ပြဿနာတွေသယ်လာဦးမှာလား။ သူများသားသမီးတွေတော်လိုက်တာ၊ ဂျပန်တို့ဘာတို့တောင် ရောက်နေပြီ။ နင်က...”

“အမေကို ကျွန်မကျောင်းတက်ချင်ပါသေးတယ်လို့ ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ... အဟွက်... အဟွက်...”

မိန်းကလေးက ချောင်းဆိုးလိုက်တယ်။ အဆုတ်ကအရိုင်း ဖြစ်ပုံပေါ်ပြီး ဆေးလိပ်သောက်လေ့သောက်ထ ရှိတဲ့ပုံ မရဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ နီရဲနေပြီး အကြီးအကျယ် ငိုယိုစိတ်ဓာတ်ကျနေခဲ့ပုံပဲ။

တီ... တီ....

ကားလမ်းမပေါ်က ကားတချို့ဖြတ်သန်းသွားတဲ့အသံကို ​ဖုန်းကနေတစ်ဆင့် ကြားတဲ့အခါမှာတော့ အမေဖြစ်သူက စိုးရိမ်လာပြီး လှမ်းပြောလိုက်ပြန်တယ်။

“သမီး၊ နင်ဘယ်ရောက်နေတာလဲ။ အဆောင်မှာမဟုတ်ဘူးလား။ ညမိုးချုပ်နေပြီနော်။”

ဒါပေမဲ့ ခိုင်နေခြည်ကတော့ တစ်ဖက်ကစကားတွေကို နားမထောင်တော့ဘဲ ဖုန်းကိုပလက်ဖောင်းပေါ်ပစ်ချတယ်။ ပြီးတဲ့နောက်ထရပ်လိုက်ပြီး ဒေါက်ဖိနပ်နဲဖုန်းကိုတက်နင်းကာ တစ်စစီခြေမွပစ်လိုက်လေရဲ့။

“သရုပ်ဆောင်လုပ်ချင်တာပါလို့ ဘယ်နှစ်ခါပြောရမှာလဲ။ ဘယ်တုန်းကမှ နားမထောင်ပေးခဲ့ဘူး။ ဆေးကျောင်းကို ဘာဖြစ်လို့တက်မှဖြစ်မှာလဲ။ ရှင်တို့ဆရာဝန်ဖြစ်တာနဲ့ပဲ ကျွန်မဆရာဝန်လိုက်ဖြစ်ရမယ်လို့ ဘယ်သူဥပဒေထုတ်ထားတာလဲ။”

ဒေါသတွေငယ်ထိပ်ရောက်သွားပြီး စိတ်ဓာတ်က ပြန်လည်ကျဆင်းလာတဲ့ အချိန်မှာတော့ ခိုင်နေခြည်က လက်ထဲက စေးကရက်ကိုပစ်ချလိုက်တယ်။ အဲဒီနောက်တော့ သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီထဲလက်နှိုက်လိုက်ရင်း ကားလမ်းမပေါ်ကို ကြည့်လိုက်ပါပြီ။ သူ့လက်ခုံပေါ်မှာတော့ ဒေါသူပုန်ထနေတဲ့ ဘီလူးကြီးတစ်ကောင်တက်တူးရှိလို့နေတယ်။ တက်တူးက အသက်ဝင်လွန်းလို့ မကြာခင်ခုန်ထွက်လာတော့မလိုပဲ။

လမ်းပေါ်မှာ အရမ်းမဲ့မောင်းလာတဲ့ ဝိုင်ဘီအက်စ် လိုင်းကားတစ်စီးရှိနေတယ်။ ခိုင်နေခြည်က တစ်ချက်ပြုံးလိုက်ပြီးတော့ ခနဲ့တဲ့တဲ့လေသံနဲ့ ပြောလိုက်လေရဲ့။

“အီရာဗီ... ဒီခန္ဓာကိုယ်ကို ကျွန်မမလိုတော့ဘူး။ ကျွန်မသေပြီးရင် ရှင်ယူလိုက်။ ကျွန်မ သိပ်မုန်းတဲ့ ကမ္ဘာကြီးတစ်ခုလုံးကို လောင်ကျွမ်းသွားအောင် လုပ်ပြလိုက်။”

နောက်တော့ ကောင်မလေးက လမ်းမပေါ်ကိုခုန်တက်တယ်။ အရှိန်မထိန်းနိုင်တော့တဲ့ စည်းပျက်ကမ်းပျက်ကားက ကောင်မလေးရဲ့ခန္ဓာကိုယ်ကိုတိုက်မိသွားပြီးနောက်မှာတော့...

...

“စားပွဲထိုး၊ ဒါက ဘာလဲ။”

နက်ဆန်က လမ်းထောင့်နားက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ပြီး မီနျူးကိုလက်ထောက်ကာ သိပ်မပီတဲ့ မြန်မာစကားနဲ့ မေးလိုက်တယ်။ နက်ဆန် မြန်မာလိုမဖတ်တတ်မှန်း သတိထားမိသွားတဲ့ စားပွဲထိုးကောင်လေးကတော့ စပ်ဖြီးဖြီးနဲ့

“ ရွှေတောင် Soup... ရွှေတောင် Soup... တစ်သောင်းကျပ်။”

စျေးနှုန်းနဲ့စားစရာအမည်ကိုပြောလိုက်တာပေါ့။ နက်ဆန်လည်း ဂရုစိုက်မနေဘဲ ပိုက်ဆံအိတ်ထဲကနေ တစ်သောင်းတန်ပိုက်ဆံ အသစ်လေးကမ်းပေးလိုက်တာပေါ့။ မကြာခင်မှာပဲ ရွှေရောင် သန်းနေတဲ့ဟင်းရည်၊ ခေါက်ဆွဲဖက်ထူထူနဲ့ အုန်းနို့နံသင်းသင်းရှိတဲ့ ခေါက်ဆွဲတစ်ပွဲနက်ဆန့်ရှေ့ရောက်လာရော။ ကြက်သားအပြင် ဘဲဥနဲ့ မုန့်ကြွပ်လဲ ပါပါသေးတယ်။

“ညီရေ၊ ရွှေတောင်ခေါက်ဆွဲတစ်ပွဲဟေ့။” နက်ဆန်စားစရာကို အာရုံစိုက်နေတဲ့အချိန်မှာပဲ ဆိုင်ထဲကိုတခြားတစ်ယောက်ဝင်လာပြီး တူညီတဲ့ဟင်းပွဲကိုပဲမှာလိုက်တယ်။ စားပွဲထိုးကောင်လေးလည်း ထွက်လာပြီး ပိုက်ဆံလာယူတယ်။ သုံးထောင့်ငါးရာတည်း။ မကြာခင်မှာပဲ ဟင်းပွဲကိုလာချပေးပါတယ်။

“......”

နက်ဆန်ရဲ့အရိပ်ထဲမှာပုန်းနေတဲ့ မော်လီကတော့ တိတ်တခိုး ရယ်မောလိုက်ရင်းနဲ့...

“သခင်၊ ကြည့်ရတာတော့ သခင်လူလိမ်ခံလိုက်ရပြီနဲ့တူတယ်။”

နက်ဆန်က မဲ့လိုက်ပြီး မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ စားပွဲထိုးကောင်လေးကို ကြည့်လိုက်မိတာပေါ့။ သူ့စိတ်ထဲမယ် မြန်မာလိုသိပ်မတတ်တဲ့ ပြစ်သစ်ငနှဲသားကြီးဆီက ပိုက်ဆံလိမ်ယူ လိုက်နိုင်လို့ပျော်နေမလားပဲ။

“လက်ကမ်းစာစောင်ထဲမှာကျ ဒီနိုင်ငံကလူတွေက ဖော်ရွေပြီး ရိုးသားကြပါတယ်ဆို။” နက်ဆန်က ဝေဖန်လိုက်တော့ မော်လီကလည်း

“ဒါကတော့ ကျွန်မတို့ပါရီမြို့ကြီးက ရိုမန့်တစ်မြို့တော်ပါဆိုပြီး မဂ္ဂဇင်းတွေမှာလျှောက်ရေးတာနဲ့ အတူတူပဲနေမှာပေါ့။ အင်္ဂလိပ်စကားတောင်ရှိသေးတယ်မလား၊ ပါရီစင်ဒရုံးဆိုပြီး။”

“ဒီမှာကျ ရန်ဂူးစင်ဒရုံးပေါ့။”

နက်ဆန်က စကားကိုလက်စသတ်လိုက်ပြီး ရွှေတောင်ခေါက်ဆွဲ အရည်စသောက်တယ်။ ဒါပေမဲ့ တစ်ဝက်လောက်အရောက်မှာပဲ သူ့မျက်နှာပျက်သွားပြီး ထရပ်လိုက်ပါပြီ။

“မကောင်းတော့ဘူး...” သူဆိုင်ထဲကနေ ပြေးထွက်လိုက်တယ်။ အဲဒီနောက် မှောင်ရိပ်ရှိရာဆီပြေးသွားလိုက်ပြီး သူ့ခန္ဓာကိုယ်က အမှောင်ထုနဲ့တသားတည်းဖြစ်သွားကာ ပျောက်ကွယ်သွားခဲ့ပါပြီ။

...

“ဟားဟားဟားဟား... သေကြစမ်း... ငါ့အတွက် မျှော်လင့်ချက်မဲ့ပြီး သေပေးကြစမ်း။”

အသားညိုညိုနဲ့ဂျင်းဘောင်းဘီ၊ ဆွယ်တာအဝါဝတ်ထားတဲ့ မိန်းကလေးက လမ်းလယ်ခေါင်မှာရပ်နေတယ်။ ကားလမ်းပေါ်မှာတော့ ကားတွေတစ်စီးနဲ့တစ်စီးဆင့်တိုက်နေပြီး အားလုံးရဲ့တရားခံက ဒီမိန်းကလေးပါပဲ။ ဒဏ်ရာရသူအများအပြားရှိနေပြီး အကူအညီရောက်လာတဲ့ ဆေးရုံကားနဲ့ကယ်ဆယ်ရေးတွေကိုတော့ အဲဒီမိန်းကလေးက ဆက်ပြီးတိုက်ခိုက်ဖို့ပြင်နေတယ်။

“လူတွေများများသေမှာ ငါဗိုက်ဝမှာ...” မိန်းကလေးရဲ့လေသံက သဘာဝမကျဘူး။ ဟိုးအဝေးကနေပြီးတစ်ယောက်ယောက်က လှမ်းစကားပြောနေသလို ဝမ်းခေါင်းသံကြီးနဲ့။

“အီရာဗီ... မျှော်လင့်ချက်မဲ့ခြင်းကို သယ်လာတဲ့နတ်ဆိုး... မင်းဘာလုပ်လိုက်တာလဲ။”

ရုတ်တရက် သူ့နောက်ကနေ အေးစက်စက်ပြောလိုက်တဲ့ အသံကိုကြားတဲ့အတွက် အီရာဗီလို့အခေါ်ခံလိုက်ရတဲ့ မိန်းကလေးက နောက်လှည့်ကြည့်လိုက်တယ်။ သူ့လက်က တက်တူးက အနီရောင်စွေးစွေးတောက်ပနေပြီး သေဆုံးသွားတဲ့ သူတွေဆီကနေ စွမ်းအင်တချို့ကိုစုပ်ယူနေပါတယ်။

“ညမင်းသားပါလား... နင်ဘေလီရယ်ကိုဖမ်းဖို့ အလုပ်ရှုပ်နေတယ်လို့ ထင်ခဲ့တာ။”

တကယ်လည်း အဲဒီမိန်းကလေးရဲ့နောက်မှာ တံစဥ်ကိုင်ထားတဲ့ နက်ဆန်ရပ်နေတာဖြစ်ပြီး သူ့အရိပ်ကြီးက လမ်းတစ်ခုလုံးပေါ်မှာ မိုးကျနေတယ်။

“ဘေလီရယ်က အမှောင်ဘုံကိုရောက်သွားပြီ။ မင်းပဲကျန်တော့တယ်။ အဲဒီမိန်းကလေးကို အတင်းပူးကပ်နေတာကနေဖယ်လိုက်။”

“ဟားဟားဟား... ဟားဟားဟား... ညမင်းသား၊ ဒီမိန်းကလေးကို ငါဝင်ပူးကပ်ထားတာမဟုတ်ဘူး။ သူက သူ့ခန္ဓာကိုယ်ကို ငါ့ဆီ ပေးအပ်ခဲ့တာပဲ။ လိုလိုချင်ချင်နဲ့ပေါ့။ အခုတော့ သူငရဲမှာ ပျော်နေလောက်ပြီ။”

“မင်း....”

ထန်း...

နက်ဆန်က တံစဥ်ကြီးကိုဆွဲပြီး နတ်ဆိုးကိုခုတ်ပိုင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့အီရာဗီဝင်ပူးထားတဲ့မိန်းကလေးက လက်သည်းတွေရှည်ထွက်လာပြီး လက်သည်းတွေနဲ့ တိုက်ခိုက်မှုကို တားလိုက်တယ်။

ထန်း... ထန်း.. ထန်း...

အကြိမ်ကြိမ်တိုက်ခိုက်ပြီး ဖိအားပေးခဲ့ပေမဲ့ နက်ဆန်ဟာ သူ့တိုက်ကွက်တွေမထိရောက်တာကို သတိထားမိလာတယ်။ ထိအောင်တိုက်လိုက်ရင်တောင် တစ်ဖက်က ဒဏ်ရာရမသွားဘူး။ နက်ဆန်ရဲ့တံစဥ်နဲ့အီရာဗီကြားထဲမှာ ဒိုင်မေးရှင်းအလွှာတစ်ခု ခံနေသလိုပါပဲ။

“အလကားပဲ... ငါက ဒိုင်မေးရှင်းတွေကို ကျွမ်းကျင်တဲ့ နတ်ဆိုး။ မင်းတစ်ယောက်တည်း ငါ့ကိုသတ်လို့မရဘူး။ တခြားဘုံကမ္ဘာ တစ်ခုကလူနဲ့ ပေါင်းပြီးသတ်မှရမှာ။”

အီရာဗီက နက်ဆန်ကိုအရုပ်တစ်ရုပ်လိုမျိုး ဆက်ကစားနေခဲ့တယ်။ အဲဒီနောက်တော့ ပျင်းရိသွားဟန်နဲ့ နက်ဆန်ကိုတွန်းထုတ်လိုက်ပြီး လေထုထဲမှာတင် အာကာသအက်ကွဲကြောင်းတစ်ခုဖွင့်လိုက်ပါပြီ။

“နင့်ကိုတိုက်ရတာ ပျင်းစရာကြီး။ တခြားတစ်နေရာကိုသွားပြီး အပျော်ရှာတာမှဟုတ်ဦးမယ်။”

“ရပ်လိုက်....” နက်ဆန်က အီရာဗီရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။ အီရာဗီကလည်း ဝင်ပေါက်ထဲကို ခြေလှမ်းပြီးဖြစ်တဲ့အတွက် နက်ဆန်ကိုခါထုတ်ဖို့ အချိန်မရတော့ဘဲ နှစ်ယောက်လုံး အာကာသတီတွင်းထဲကို ကျဆင်းသွားပါတော့တယ်။

....

“ဒီလိုလား... ဒီလောက်ဆိုရင် အလုပ်ဖြစ်မယ့်ပုံပဲ။”

ဆံဖြူမလေးမက်ဒါနာက အားဖြည့်အချိုရည်ကိုသောက်လိုက်ရင်း သူ့ရှေ့ဖန်လုံခန်းထဲက ကြွက်ကလေးတွေကိုလေ့လာနေတယ်။ အိုကြီးအိုမကြွက်တစ်ကောင်က မက်ဒါနာတိုက်လိုက်တဲ့ဆေးကို သောက်ပြီးတဲ့နောက်မှာ သိသိသာသာနုပျိုသွားတယ်။

“တိရစ္ဆာန်တွေမှာစမ်းသပ်တာတော့အောင်မြင်ပြီ။ လူသားတွေမှာ စမ်းသပ်ကြည့်ဖို့ပဲ ကျန်တော့တယ်...”

“မမလေး....”

ရုတ်တရက် စမ်းသပ်ခန်းတံခါးပွင့်လာပြီး အေမီဝင်လာတယ်။ အေမီက ကြည့်လို့ကောင်းတဲ့ ပိုးသားအိမ်စေဂါဝန်အနက်ကို ဝတ်ထားပြီးတော့ ဝမ်းဗိုက်နေရာမှာမသိမသာ ဖောင်းပွနေပါတယ်။ ဒါပေမဲ့ အေမီက ကိုယ်နေဟန်ထားကို သေချာဂရုစိုက်နေတဲ့ အတွက်ကြောင့် တော်ရုံသတိမထားမိနိုင်ဘူး။

“ညစာစားဖို့အချိန်ရောက်ပြီလေ။ အားလုံးစောင့်နေကြတယ်။”

ဒီတော့မှ မက်ဒါနာက နာရီကိုငုံကြည့်လိုက်တယ်။ ရှစ်နာရီခွဲနေပြီမလို့ နောက်ကျနေပြီလို့တောင် ပြောလို့ရပြီ။ သုတေသနထဲ စျာန်ဝင်နေလို့ သတိမထားမိခဲ့တာ။ ဒါနဲ့ပဲ ညိုချောအိမ်စေမလေး အေမီနောက်ကိုလိုက်ပြီး ထမင်းစားခန်းထဲ သွားခဲ့ပါတယ်။

“ဟွန့်... ဒီနေ့လည်း ထွက်မလာတော့ဘူးထင်နေတာ။” ဖရာလီတာက စိတ်ကောက်နေတဲ့ပုံစံနဲ့ လက်ကိုပိုက်ပြီး နှာမှုပ်လိုက်တယ်။ ဖရာလီတာရဲ့လိုလီတာဂါဝန်အောက်က ဖောင်းပွနေတဲ့ဝမ်းဗိုက်ကတော့ အတော်လေးသိသာနေပြီ။

“မက်ဒါနာ၊ စားဖို့မလိုတော့ဘူးဆိုတိုင်း မစားဘဲနေလို့မရဘူးနော်။ ထမင်းအတူစားတယ်ဆိုတာက အာဟာရတစ်မျိုးတည်းရဖို့ မဟုတ်ဘူးလေ။ အတူရှိနေတဲ့အချိန်လေးကို အကျိုးရှိရှိ ဖြတ်သန်းတာမျိုး။”

စားပွဲဝိုင်းမှာအတူထိုင်နေတဲ့ လင်ဒါကပြောလိုက်တယ်။ လင်ဒါက အရာရှိဝတ်စုံကိုဝတ်ထားပေမဲ့ အရာရှိစကတ်အောက်ကဗိုက်က အတော်ဖောင်းနေပြီ။ ဒါပေမဲ့ ပေါင်ပေါ်ဂါဝန်အတိုဝတ်ထားတဲ့ ဖလေရာလောက်တော့မဟုတ်ဘူး။

“ဟူး... ဟုတ်ပါပြီ။ နောက်ဆိုနောက်မကျတော့ပါဘူး။” မက်ဒါနာက ပြောလိုက်တယ်။ လောကသုံးပါးစာလိပ်မှာ နာမည်ရေးသွင်းပြီး ပိုးကောင်မျိုးနွယ်တွေရဲ့ကံကြမ္မာကို ပြင်ရေးပြီးကတည်းက မက်ဒါနာဟာ သာမန်လူမဟုတ်တော့ဘဲ နည်းပညာနတ်ဘုရားမ အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ ဒါကြောင့်မသေနိုင်တော့ဘူး။ စားဖို့လည်း မလိုတော့ဘူး။ ဒါပေမဲ့ သူ့လက်တွဲဖော်တွေကတော့ သာမန်လူတွေဖြစ်နေတာမလို့ မသေဆေးကိုရှာဖို့ သည်းကြီးမည်းကြီးဖြစ်နေခဲ့တာနဲ့ သူတို့ခံစားချက်တွေကို လစ်လျူရှုသလိုဖြစ်သွားခဲ့တာ။ ပြီးတော့..

“ခုနစ်လ၊ ငါးလနဲ့ လေးလ။ ဖရာလီတာ နင့်တီထွင်မှုက တော်တော်အံ့ဩစရာပဲ။” မက်ဒါနာက ဖရာလီတာကို ချီးကျူးလိုက်တယ်။ အပြိုင်ကမ္ဘာစစ်ပွဲပြီးတော့ ဖရာလီတာက မက်ဒါနာကို သူတီထွင်ထားတဲ့ အနက်ရောင်သေတ္တာရှည်ထဲက အရာကိုစမ်းသုံးဖို့ ဖိအားပေးခဲ့တယ်။

ပထမတစ်ခါသုံးကြည့်ပြီး တော်တော်လေးအဆင်ပြေတာနဲ့ နေ့တိုင်းလိုလိုသုံးဖြစ်ရင်းကနေ အကုန်လုံးဒီလိုဖြစ်သွားတာ။ အေမီကတော့ မက်ဒါနာပြောတဲ့အထဲသူမပါတာနဲ့ ပြုံးနေပြီး သိပ်မသိသာသေးတဲ့သူ့ဗိုက်သူ လက်နဲ့တစ်ချက်ထိကြည့်တယ်။

“မမလေးက ငါ့ကို Androidဆိုပြီး အထင်သေးနေတာပဲ။ နောက်မှ ခိုးUpgradeတင်ထားတဲ့ အကျိုးဆက်တွေနဲ့ အံ့ဩသွားအောင် လုပ်ရမယ်။ အခုတော့သိပ်ကြီးမလာသေးနဲ့ဦးနော်၊ ဟုတ်ပြီလား။”

ပေါင်မုန့်၊ ပါးပါးနွှင်ထားတဲ့ ကြက်သားမျှင်နဲ့ ကြက်သွန်နီဟင်းရည် စတဲ့စားကောင်းသောက်ဖွယ်တွေကို စားပြီးချိန်မှာတော့ မက်ဒါနာက အားလုံးကိုပြုံးပြလိုက်ပြီး အလုပ်ပြန်စလုပ်ဖို့ ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့လမ်းမှာပဲ မူးဝေအော့အန်မလို ဖြစ်တော့တာ။

“မစိုးရိမ်ပါနဲ့၊ အလုပ်ပင်ပန်းပြီး အစားမကြေတာဖြစ်မှာပါ။” မက်ဒါနာက အားလုံးကိုပြောလိုက်ပေမဲ့ သံသယဝင်နေတဲ့ အေမီကတော့ မက်ဒါနာရဲ့လက်ကိုဆွဲပြီး ကိုယ်ဝန်စစ်တဲ့ တုတ်တံတစ်ချောင်းကိုယူလိုက်တယ်။

“မမလေး၊ ကျွန်မနဲ့လိုက်ခဲ့။”

“ဟဲ့ဟဲ့၊ ဘာလုပ်မလို့လဲ။”

ခဏနေတော့ အေမီနဲ့ရှက်နေတဲ့မက်ဒါနာက အခန်းထဲကို ပြန်ရောက်လာပြီး အေမီက မက်ဒါနာကိုယ်စား အားလုံးကို ကြေညာလိုက်တယ်။

“အားလုံးပဲ၊ မမလေးမက်ဒါနာလည်း အားလုံးလိုပဲ ကိုယ်ဝန်ရှိနေပြီ။”

မက်ဒါနာကတော့ တုန်လှုပ်ချောက်ချားစွာနဲ့သူ့နားကိုသူ ဖိထားပါတယ်။ “ဘုရားသခင်၊ ဒါဆိုရင် အဲဒီပစ္စည်းတွေက နှစ်ဖက်လုံးအတွက် အလုပ်လုပ်တာလား။”

ဖရာလီတာကတော့ ‘ငါသိသားပဲ'ဆိုတဲ့မျက်နှာနဲ့ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါပြီ။ “ငါက နင်ဒီထက်စောပြီး ကိုယ်ဝန်မရလို့ အံ့ဩနေတာ။ နင်က အခုထိ ငါတို့ကိုရောဖလေရာကိုပါ အနားမပေးဘဲ နေ့ရောညရောမနားတမ်း သိုင်းကျင့်တာတောင် ဘာမှမဘာလို့ နတ်ဘုရားတွေ မျိုးမပွားနိုင်တော့ဘူး မှတ်နေတာ။”

“......” ထောင်ချောက်မိသွားပြီဆိုတဲ့မျက်နှာနဲ့ မက်ဒါနာ။

All Chapters