အမှောင်ထု၏သားတော် + ငါက သူရဲကောင်း ဖြစ်ချင်ရုံပါ NXM Chapter 2 – အထင်လွဲမှု
Vol. 4 Ch. 2
အဲဒီနောက်တော့ ခါတိုင်းလိုပဲ ချစ်ကြည်နူးတစ်တီတူးနေခဲ့ကြပေမဲ့ ရုတ်တရက်ကြီး အရေးပေါ်အချက်ပေးစနစ်ကမြည်လာတာမလို့ အေမီက ခေါင်းကိုမော့လိုက်ပြီး ပင်မကွန်ပျူတာစနစ်နဲ့ချိတ်ဆက် ရလာတဲ့သတင်းကို မက်ဒါနာကို ပြောလိုက်တယ်။
“မမလေး၊ အပြိုင်ကမ္ဘာတစ်ခုက ပေါ်တယ်ပွင့်လာပြီး အင်အားကြီး တည်ရှိမှုတချို့ ရောက်လာတဲ့ပုံပါပဲ။”
မက်ဒါနာက အစောပိုင်းက ရှက်နေတာတွေအားလုံး ပျောက်သွားပြီး ခါးပေါ်ကိုလက်တင်ကာ နှာမှုတ်လိုက်လေရဲ့။
“ကမ္ဘာပြင်ပက ကျူးကျော်သူတွေလား။ ဒီကပျင်းနေတာနဲ့ အတော်ပဲ။”
တကယ်တမ်းပြောရရင် ပိုးကောင်စစ်ပွဲနဲ့ အပြိုင်ကမ္ဘာစစ်ပွဲ ပြီးကတည်းက မက်ဒါနာတို့ကမ္ဘာပေါ်မှာ ငြိမ်းချမ်းနေခဲ့တာ ကြာပါပြီ။ မက်ဒါနာ ဘုရင်မဖြစ်လာပြီးနောက်ပိုင်း မစ်ရှင်အဖွဲ့ အခြေစိုက်တဲ့ ဆုဗာနာနိုင်ငံက အလျင်အမြန်တိုးတက်လာပြီးတော့ စူပါပါဝါနီးပါးဖြစ်လာတယ်ဆိုပေမဲ့ ဆုဗာနာက ကမ္ဘာကြီးကို လွှမ်းမိုးဖို့မကြိုးစားခဲ့ဘူးလေ။
တခြားနိုင်ငံကြီးတွေရှိနေသေးပြီး သူတို့ကြားမှာတင်းအားတွေ ပြဿနာတွေရှိတတ်ပေမဲ့ လက်နက်ကိုင်စွဲကြတဲ့အဆင့်အထိတော့ ရောက်မလာတတ်ကြဘူး။ ဆုဗာနာနဲ့မစ်ရှင်အဖွဲ့ ဝင်စွက်ဖက်မှာကို စိုးရိမ်နေကြတဲ့အတွက်ကြောင့် တခြားနည်းလမ်းတွေနဲ့ပဲ ဖြေရှင်းကြတာများတယ်။
ရာဇဝတ်မှုအနည်းအပါးရှိတယ်ဆိုပေမဲ့ မက်ဒါနာတီထွင်ထားတဲ့ စစ်နတ်သမီးကွန်ယက်က အခုအခါမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ဥပဒေထိန်းသိမ်းရေးစနစ်လိုဖြစ်လာတာမလို့ ရာဇဝတ်သားတွေ ပြစ်မှုကျူးလွန်ရ ခက်ခဲလာတယ်။ အံ့မခန်းနည်းပညာရှင်ဖြစ်တဲ့ ဆိုက်ဘာခရိုးဦးဆောင်တဲ့ အမှောင်ကွန်ယက်က ဆက်လှုပ်ရှားနေပေမဲ့ အရင်လိုအရှိန်အဟုန်မျိုး မရှိတော့ပါဘူး။
“ဘယ်သူက အတင့်ရဲပြီး ကျူးကျော်လာတာလည်း ကြည့်ကြသေးတာပေါ့။”
မက်ဒါနာက လက်ဆစ်ချိုးလိုက်ပြီး ငွေရောင်စစ်သည်ချပ်ဝတ်ကို ဆင့်ခေါ်လိုက်တယ်။ အဆုံးအစွန်အထိ အဆင့်မြှင့်တင်ထားတဲ့ ဒီချပ်ဝတ်နားမှာ ပျံသန်းနေတဲ့ အတောင်ပံသဖွယ် သေနတ်ပျံတချို့တောင်ပါသေး။ ဒါပေမဲ့ မက်ဒါနာက စောင့်ရှောက်သူသားရဲတွေရဲ့စွမ်းအားကို ရယူသုံးစွဲဖို့ စိတ်ကူးမရှိပါဘူး။
“မမလေး၊ ကျွန်မလည်း လိုက်ခဲ့မယ်လေ။ တော်ကြာမမလေး ဗိုက်ထဲကကလေး တစ်ခုခုဖြစ်သွားဦးမယ်။”
အေမီက စိုးရိမ်စိတ်နဲ့ပြောလိုက်ပြီး ငွေရောင်ပိုက်ဆံအိတ်ကိုထုတ် ဆွဲဖြန့်လိုက်တော့ ငွေရောင်စစ်နတ်သမီးဝတ်စုံပေါ်လာခဲ့ပါပြီ။ အေမီကလည်း ပျက်စီးခြင်းသားရဲရဲ့စွမ်းအားကိုသုံးပြီးတော့ အနုဘစ်အဖြစ်ပြောင်းဖို့ စိတ်ကူးရှိမနေဘူး။
ပြောရရင် သူတို့စွမ်းအားတွေက သိပ်ကြီးမားတယ်လေ။ သာမန် ရန်သူတစ်ယောက်ကို အားကုန်သုံးရိုက်လိုက်ရင် ပျင်းစရာကြီး။
“ဒါဖြင့်၊ အရင်သွားနှင့်မယ်။” မက်ဒါနာက ဝတ်စုံကိုဝတ်လိုက်ပြီး ဆုဗာနာနန်းတော်ထဲကနေ ပျံထွက်သွားလိုက်တယ်။ အေမီက နောက်ကလိုက်မယ်လုပ်တော့ ဖရာလီတာက လှမ်းနောက်တယ်။
“ဟဲ့၊ နင်သူ့ကို မဖွင့်ပြောသေးဘူးလား။”
အေမီက ရှက်သွားပြီး သူ့ကိုယ်သူပြန်ငုံကြည့်လိုက်ပါတယ်။ စစ်နတ်သမီးဝတ်စုံက ငွေရောင်အသားကပ်ဝတ်စုံဖြစ်လို့ အိမ်စေဂါဝန်အောက်မှာမသိသာခဲ့တဲ့ ဗိုက်ကအထစ်လေးက အခုနည်းနည်းပိုထင်ရှားနေတယ်။
“နောက်နည်းနည်းလောက်ကြာမှ ပြောတော့မယ်။” အေမီက ပြောလိုက်ပြီး အလင်းဒြပ်စင်ဓားနှစ်လက်ကိုကိုင်ကာ မက်ဒါနာ နောက်ကနေ ပျံလိုက်တယ်။
...
“တခြားဒိုင်မေးရှင်းအထိတောင် လိုက်လာရဲတဲ့အထိ နင်တော်တော် ဇွဲကောင်းတာပဲ။”
အီရာဗီက နက်ဆန်ရဲ့ရင်ဝကို ဆောင့်ကန်လိုက်ရင်းနဲ့ ပြောတယ်။ အခုဆိုရင်သူ့မျက်လုံးတွေက သွေးနီရောင်ဖြစ်နေပြီဖြစ်ပြီးတော့ ခွန်အားကလည်း အဆမတန်ထိုးတက်သွားခဲ့ပါပြီ။ နက်ဆန်က မော်လီကနေ အသွင်ပြောင်းထားတဲ့ တံစဥ်ကိုအသုံးပြုရင်း နတ်ဘုရားခန္ဓာကိုယ်အကူအညီနဲ့ အီရာဗီကိုဖိနှိပ်ထားတယ်။
“တခြားကမ္ဘာတစ်ခုက လူသားတွေဆိုရင်တောင်မှ လူ့အသက်တွေ ဖြစ်နေတုန်းပဲ။ မင်းကို စိတ်ကြိုက် သောင်းကျန်းခွင့်မပြုနိုင်ဘူး။”
နက်ဆန်ရဲ့အရိပ်က ညအမှောင်ထုနဲ့လရောင်အောက်မှာ ပေနှစ်ဆယ်အထိကြီးထွားလာတယ်။ အီရာဗီလည်းနည်းနည်း မျက်နှာပျက်သွားတာပေါ့။
“နင်ဘယ်လိုလုပ်ပြီး ဒီလောက်ငယ်ငယ်လေးနဲ့ နတ်ဘုရားခန္ဓာကို အခုလိုသုံးနိုင်နေရတာလဲ။”
အီရာဗီက နတ်ဆ်ိုးတစ်ကောင်ပါ။ အစွမ်းအထက်ဆုံး သဘာဝလွန် တည်ရှိမှုမျိုးနွယ်ထဲမှာပါပြီး လူသားတွေရဲ့သက်တမ်းကိုရယူရတာ နှစ်သက်တယ်။ ဒါပေမဲ့ လူသားဘုံမှာတော့ ဘုံကမ္ဘာအတားအဆီး အထပ်ထပ်ကြောင့် ခန္ဓာကိုယ်လိုက်ရောက်မလာနိုင်ဘဲ ဝိညာဥ်သာ ရောက်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ခိုင်နေခြည်ရဲ့ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ပေမဲ့ လူ့အသက်အများကြီးကို မနုတ်ယူရသေးတာမလို့ အားနည်းနေဆဲပါ။
“ငါသာ လူသားတွေအများကြီးကိုသတ်ပြီး မူလစွမ်းအားတွေ ရလာလို့ကတော့ နင့်ကို အရှင်လတ်လတ် ငရဲကျသလို ခံစားရအောင် လုပ်ပစ်မယ်။”
နက်ဆန်ကတော့ တည်ငြိမ်စွာပြုံးနေပြီး သူ့လက်ကို လှုပ်ရှားလိုက်ပါပြီ။ အရိပ်နက်ကြီးကလည်းတစ်ပြိုင်နက် ခိုင်နေခြည်ကိုရိုက်ချလိုက်တယ်။
ဘုန်း...
“ဝေါ့...” ခိုင်နေခြည် သွေးအန်လိုက်ရပြီး အဝေးကြီးကို လွင့်စင်သွားခဲ့တယ်။ သစ်ပင်တစ်ပင်နဲ့တိုက်မိသွားပေမဲ့ ပြန်ပြုတ်ကျမလာဘဲ သစ်ပင်ကြီးခါးလည်ကနေကျိုးကာ ဆက်လွင့်သွားပြီးမှ မြေပေါ်ပုံလျက်သားကျလာလေရဲ့။
“ညအမှောင်ကို အကာအကွယ်ယူ၍ လမင်း၏ကျက်သရေကို ညိုးနွမ်းအောင်လုပ်သောအသင်နတ်ဆိုး.... ယခုမှစ၍ အသင့်ကို အမှောင်ဘုံတွင် ထာဝရပြစ်ဒဏ်ချမှတ်ရန် ကျွနုပ်စီရင်ချက် ချလိုက်သည်။”
နက်ဆန်ရဲ့အရိပ်ကြီးက အီရာဗီကိုချုပ်နှောင်လိုက်တယ်။ တဖြည်းဖြည်းနဲ့အီရာဗီရဲ့ခန္ဓာကိုယ်က အရိပ်ထဲကို နစ်မြုပ် လာနေပြီဖြစ်ပြီး ဘယ်လောက်ရုန်းကန်ရုန်းကန် အလကားပါ။ နက်ဆန်က သူ့ကိုမသတ်နိုင်ပေမဲ့ ချိပ်ပိတ်ထားဖို့တော့ ဖြစ်နိုင်သေးတယ်။
“ရပ်လိုက်....”
ဝုန်း....
ဒါပေမဲ့ ရုတ်တရက် ကောင်းကင်ပေါ်ကနေ အလင်းဒြပ်စင် ဓားစွမ်းအင်လှိုင်းတချို့ရောက်လာပြီး နက်ဆန်ရဲ့နတ်ဘုရား ခန္ဓာကိုယ်ကြီးကို သုံးပိုင်းပိုင်းပစ်လိုက်ပါလေရော။
“.....”
....
“မမလေး၊ ဘယ်လိုလုပ်ပြီး မပြောမဆိုနဲ့ တွေ့ရာလူကို လှမ်းတိုက်ရတာတုန်း။ ဘယ်သူက လူကောင်းလဲ၊ ဘယ်သူက လူဆိုးလဲရောသိရဲ့လား။”
ကောင်းကင်ပေါ်မှာတော့ ငွေရောင်စစ်သည်နဲ့လက်ထောက် စစ်နတ်သမီးက ပျံသန်းနေရင်းကနေ မြေပြင်ပေါ်ကိုငုံကြည့် နေခဲ့ပါတယ်။ မက်ဒါနာက မြေဆွဲအားဓားကိုသုံးပြီးတော့ တကယ့်စွမ်းအားရဲ့ဆယ်ပုံတစ်ပုံနဲ့ပဲ ပိုင်းချလိုက်တာဖြစ်ပေမဲ့ မြေပြင်မှာ ပြတ်ရွေ့ကြောင်းအငယ်လေးသုံးခု ကျန်ရစ်တယ်။
မက်ဒါနာကတော့ ဂရုမစိုက်တဲ့ပုံစံနဲ့ လက်ပိုက်လိုက်ပြီး “မေးနေစရာလိုလို့လား။ အထီးကောင်တစ်ကောင်က ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်နေတာလေ။ ပြီးတော့ အဲဒီအကောင်က ဗီလိန်တွေမှာရှိတတ်တဲ့ အမှောင်စွမ်းအားတွေနဲ့။”
“.....” အေမီကတော့ ဘာပြောရမှန်းမသိတော့ဘူး။
....
နက်ဆန်ကတော့ ရုတ်ချည်းပြောင်းလဲသွားတဲ့ အခြေအနေကို လိုက်မမီခဲ့ဘူး။ ရုတ်တရက်ကြီး အလင်းတန်းသုံးတန်းကျလာပြီး သူ့နတ်ဘုရားခန္ဓာကိုယ်က တစ်စစီဖြစ်သွားတယ်။ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီးတဲ့နောက် ခက်ခက်ခဲခဲ ချိပ်ပိတ်ဖို့ကြိုးစား ထားရတဲ့ အီရာဗီတစ်ယောက် ပျော်ပျော်ကြီးထွက်ပြေးနေတာကို ကြည့်နေရတယ်။
“ဟားဟား... နောက်မှတွေ့မယ်နော်၊ ညမင်းသား....”
အဲဒီနောက်တော့ နက်ဆန်တစ်ယောက် မှောက်လျက်လဲကျသွားပြီး သတိမေ့သွားပါလေရော။ နတ်ဘုရားခန္ဓာ အကြီးအကျယ် ထိခိုက်သွားတာမလို့ မော်လီလည်းထွက်မလာနိုင်တော့ဘူး။
....
“မမလေး၊ ကျွန်မတို့တွေ ဘာဆက်လုပ်ကြမလဲ။” အေမီက မေးလိုက်ချိန်မှာ မက်ဒါနာက မြေပေါ်ကိုဆင်းလိုက်ပြီး နက်ဆန်ကို အင်္ကျီလည်ပင်းကနေဆွဲယူလိုက်တယ်။
“နန်းတော်ကိုပြန်ခေါ်သွားပြီး အချက်အလက်တွေ အစ်အောက်မေးကြည့်ကြတာပေါ့။ ဒီကိုဘာလာလုပ်တာလဲ။ ကျူးကျော်ဖို့စစ်တပ်ကြီးရှိသေးလား ဘာညာပေါ့။”
“မမလေးကတော့ တရားလွန်တွေ အလုပ်လုပ်နေတော့တာပဲ။” အေမီက မဲ့လိုက်ပြီး သနားစရာပုံစံဖြစ်နေတဲ့ ညမင်းသားကို ကြည့်လိုက်ပါလေရော။
“ဒါပေမဲ့ မမလေးရေ၊ ဒီကောင်က အမှောင်ထုကို ထိန်းချုပ်နိုင်ပုံပဲ။ အထူးအကျဥ်းထောင်တစ်ခုတော့ လိုမယ်နော်။”
...
နောက်တစ်နေ့မနက် နက်ဆန်နိုးလာတော့ မျက်နှာကျက်ဖြူဖြူကြီး တစ်ခုကိုမြင်လိုက်ရတယ်။ အခန်းထဲကိုလှည့်ပတ်ကြည့်တော့ နံရံတွေရောကြမ်းပြင်တွေပါ အဖြူသီးသန့်ဖြစ်နေပြီးတော့ မီးတွေလင်းထိန်အောင်ထွန်းထားတာပဲ။ အရိပ်မရှိစေဖို့ ပရိဘောဂပစ္စည်းတွေတောင် ထားမထားဘူးရယ်။ တစ်ခါသုံး ပါဆယ်ဘူးလေးထဲထည့်ထားတဲ့ တရုတ်တန်းကဝက်သား ခေါက်ဆွဲကြော်လေးသာ သူ့အဖော်အဖြစ်ရှိလို့။
“ဘယ်သူလဲ... ငါ့ကိုဘယ်သူဖမ်းခေါ်လာတာလဲ။ တစ်ယောက်ယောက်ရှိလား။” နက်ဆန်က အော်ခေါ်ပေမဲ့ ပဲ့တင်သံတွေကြောင့် နားကန်းလုမတတ်ဖြစ်သွားတာနဲ့ပဲ ကြုံခဲ့ရတယ်။ မော်လီကို ဆက်သွယ်ဖို့ကြိုးစားပေမဲ့ မော်လီအိပ်မောကျနေတာကို သတိထားမိလိုက်တယ်။
“မကောင်းတော့ဘူး... နတ်ဘုရားခန္ဓာက ဆိုးဆိုးဝါးဝါးကို ထိခိုက်သွားတာပဲ။ ပြန်ကောင်းဖို့လနဲ့ချီကြာလိမ့်မယ်။ ပြီးတော့ အဲဒီနတ်ဆိုးမက လွှတ်နေသေးတယ်။ ဒီကမ္ဘာမှာသူ့ကို ထိန်းနိုင်မယ့်သူမရှိမှာ ငါစိုးရိမ်မိတယ်။”
တီးတောင်...
ရုတ်တရက် နံရံတစ်ခုက ထွင်းဖောက်မြင်နိုင်တဲ့ဖန်သားပြင် အဖြစ်ကိုပြောင်းလဲသွားပြီး အခန်းအပြင်ဘက်ကနေ မိန်းကလေး ဒါဇင်ဝက်လောက်က သူ့ကိုဝိုင်းကြည့်နေတာ ခံစားမိလိုက်တယ်။
“မင်းတို့ဘယ်သူတွေလဲ... ငါ့ကိုဘာလို့ဖမ်းထားလဲ။ ငါ့ကို လွှတ်ပေးမှဖြစ်မယ်။ မဟုတ်ရင်ပြဿနာတွေဖြစ်လာလိမ့်မယ်။”
နက်ဆန်က စကားနည်းသူတစ်ယောက်ထုံးစံအတိုင်းပဲ အကြောင်းအရင်းကိုအရင်ရှင်းမပြဘဲ စိတ်ထဲရှိရာကိုသာ ပြောလိုက်ပါတယ်။ အခန်းတစ်ဖက်မှာရှိနေတဲ့ ခေါင်းဆောင်ဖြစ်ပုံရတဲ့ ဆံဖြူမလေးကတော့ လက်ကိုပိုက်ပြီး နက်ဆန်ကိုအသံတိတ်ကြည့်လို့။ ပြီးတော့မှ...
“နင်လျှောက်အော်နေလည်းအပိုပဲ။ နင့်ကိုအခု ငါလွှတ်မပေးနိုင်သေးဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ နင့်ကိုယ်နင် အရင်စမိတ်ဆက်သင့်တယ်လို့ မထင်ဘူးလား။”
နက်ဆန်က စိတ်ကိုငြိမ်ငြိမ်ထားလိုက်တယ်။ သူက အခုတခြား ကမ္ဘာတစ်ခုမှာရောက်နေတာဖြစ်လို့ ဒီကမ္ဘာကအခြေအနေတွေကို နားမလည်သေးဘူး။ ဒါကြောင့် တစ်ဖက်မိန်းကလေးပြောသလိုပဲ မိတ်ဆက်တာကအရင် စသင့်တယ်။
“ငါနာမည်ကနက်ဆန်၊ အမှောင်ကျောင်းတော်ရဲ့မင်းသား။ ညနတ်ဘုရားမNyxရဲ့သားတော်ပဲ။”
....
တစ်ဖက်မှာတော့ မက်ဒါနာက သူ့နောက်မှာရှိနေတဲ့အေမီနဲ့ တခြားမိန်းကလေးတွေကိုကြည့်ကာ ပြောလိုက်လေရဲ့။ “ညနတ်ဘုရားမရဲ့သားတဲ့။ အဲဒီကတည်းက ဗီလိန်အော်ရာတွေ ဖြာထွက်နေမှန်း သိသာတာပဲမဟုတ်လား။”
ကျန်တဲ့သူတွေလည်း ခေါင်းညိတ်လိုက်ကြတယ်။ ဖရာလီတာဆို ထပ်ပါဖြည့်ပြောလိုက်သေးတာ။ “ငါစာအုပ်ထဲ ဖတ်ဖူးတဲ့အတိုင်းဆို ညနတ်ဘုရားမရဲ့သားသမီးတွေက သေမင်းသန်းနတို့စ်တို့ ကပ်ဘေးဆိုးကြီးမောရပ်တို့လေ။ ဒါကြောင့် ဒီကောင်လည်း ကောင်းတဲ့ကောင်ဖြစ်မယ်မထင်ဘူး။”
ဖရာလီတာနဲ့မက်ဒါနာတို့က အခန်းနှစ်ခုကိုဖြတ်ပြီးစကားပြောတဲ့ အင်တာကွန်းကိုမဖွင့်ဘဲ အချင်းချင်းပြောနေကြတာမလို့ နက်ဆန် ဒီစကားတွေကို မကြားခဲ့ဘူး။ အဲဒီအစားတာဝန်ရှိတဲ့အတိုင်းပဲ အင်တာကွန်းကိုဖွင့်ကာ သူ့ကိုယ်သူပြန်မိတ်ဆက်လိုက်ပါတယ်။
“ငါက မက်ဒါနာ။ မက်ဒါနာပဲ။”
“.....” ဘယ်လို မိတ်ဆက်ပုံကြီးလဲ။
အေမီကတော့ ခေါင်းခါလိုက်ရင်းအင်တာကွန်းကိုဖွင့်ကာ မက်ဒါနာအစားဖြည့်ပြောတယ်။ “မမလေး၊ အဲဒီလို တုံးတိကြီးပြောရင် ဟိုကဘယ်နားလည်မှာလဲ။ ဒီမှာ ညနတ်ဘုရားမရဲ့သားဆိုတဲ့ အထီးကောင်ကြီးနားထောင်၊ ကျွန်မတို့ရဲ့မမလေးက ဆုဗာနာဘုရင့်နိုင်ငံရဲ့ဘုရင်မ၊ နည်းပညာနတ်ဘုရား၊ မစ်ရှင်အဖွဲ့ရဲ့ခေါင်းဆောင်ပဲ။”
နတ်ဘုရားဆိုတာကိုကြားတော့ နက်ဆန်ရဲ့မျက်လုံးထဲမှာ အလင်းရောင်တွေတောက်ပသွားပြီး မက်ဒါနာကိုဦးညွှတ်ကာ အလေးအနက်ထားတဲ့လေသံနဲ့ပြောလိုက်တယ်။
“နတ်ဘုရားမှန်းမသိတဲ့အတွက် ခွင့်လွှတ်ပေးပါ အရှင်မ။ ဒါပေမဲ့ ကျွန်တော်ကတကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ရောက်လာတာမဟုတ်ပါဘူး။ နတ်ဆိုးတစ်ကောင်ကိုဖမ်းဖို့ လာခဲ့တာပါ။ အသားညိုညိုဆွယ်တာနဲ့မိန်းကလေးကိုယ်ကို အပိုင်စီးထားတဲ့သူ့ကို အမြန်မဖမ်းရင် လူသားတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်။”
မက်ဒါနာက နက်ဆန်ပြောတာတွေကိုကြားပေမဲ့ မျက်မှောင်သာ ကြုတ်ထားလိုက်တယ်။ နက်ဆန်ပြောတဲ့ကောင်မလေးကို မက်ဒါနာမြင်ဖူးပေမဲ့ နစ်နာသူအဖြစ်နဲ့မြင်ခဲ့တာ။ နက်ဆန်က လက်နက်တောင်ကိုင်မထားတဲ့ကောင်မလေးတစ်ယောက်ကို A အဆင့်ထက်မနိမ့်တဲ့စွမ်းအားကိုသုံးပြီး အကြမ်းဖက် အနိုင်ကျင့်နေခဲ့တာ။ ဒါကြောင့် မက်ဒါနာက အင်တာကွန်းကို နောက်ဆုံးတစ်ကြိမ်နှိပ်လိုက်ပြီး တစ်ခွန်းပဲပြောလိုက်တယ်။
“ငါနင့်ကို မယုံဘူး။” အဲဒီနောက်တော့ မက်ဒါနာက လှည့်ထွက်သွားပြီး ကျန်တဲ့မိန်းကလေးတွေလည်း နောက်ကလိုက်တယ်။ မကြာခင်မှာပဲ နံရံကမှန်လည်း ပျောက်ကွယ်သွားပြီး နက်ဆန်တစ်ယောက်တည်းသာ အရိပ်မဲ့လှောင်အိမ်ထဲ ကျန်ရစ်ခဲ့တယ်။