အခန်း (၃၈၁-၃၈၂)
Vol. 20 Ch. 381-382
အပိုင်း (၃၈၁) ညချမ်းအချိန်ခါ
မိုးမချုပ်ခင် လော်ယွမ်သည် ၆မိုင်ကျော်အကွာတွင် ညအိပ်နားခိုရန် နေရာတစ်ခု ရှာတွေ့ခဲ့သည်။
တောင်ကမ်းပါးယံ၏ တစ်ဖက်တွင် ရှိသော ဂူပေါက်သည် နွယ်ပင်များဖြင့် ဖုံးလွှမ်းနေပြီး ဝင်ပေါက်ကို လုံခြုံစွာ ကွယ်ဝှက်ထားသဖြင့် အလွယ်တကူ သတိထားမိရန် ခက်ခဲသည်။
လော်ယွမ် နွယ်ပင်များကို ဖယ်ရှားပြီး ဂူထဲသို့ ဝင်လိုက်သည်နှင့် ဆွေးမြေ့နေသော မှိုနံ့ကြောင့် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ တချိန်တည်းမှာပင် ကြွက်နှင့်တူသော အဆင့်နိမ့် သန္ဓေပြောင်း သတ္တဝါအချို့သည် သူ့ဘေးမှ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။ သူ တစ်ချက်သာ ကြည့်လိုက်ပြီး ဂရုမစိုက်ဘဲ လွှတ်ပေးလိုက်သည်။
နှာခေါင်း အနံ့အနည်းငယ် ယဉ်သွားသောအခါ ဂူထဲသို့ ဝင်လိုက်သည်။ မြေပြင်နှင့် ဂူနံရံများတွင် အပြင်ဘက်မှ ဝင်ရောက်လာသော နွယ်ပင်များ ဖုံးလွှမ်းနေသဖြင့် နင်းလိုက်သည့်အခါ နူးညံ့ပျော့ပျောင်းနေသည်။
ဂူပေါက်ကို နွယ်ပင်များက ကောင်းစွာ ဖုံးကွယ်ထားသောကြောင့်လား မသိ၊ ဤမျှကျယ်ဝန်းသော ဂူကြီးထဲတွင် ခုနက ထွက်ပြေးသွားသော အဆင့်နိမ့် သတ္တဝါအနည်းငယ်မှလွဲ၍ အခြား မည်သည့် အကြီးစား သန္ဓေပြောင်း သတ္တဝါမှ ခိုအောင်းနေခြင်း မရှိပေ။
ဂူသည် အလွန်နက်ရှိုင်းသဖြင့် ဘေးကင်းစေရန် လော်ယွမ် ဆက်လက် ဝင်ရောက်စစ်ဆေးသည်။
အလင်းရောင် ပိုမိုမှိန်ဖျော့လာသည်နှင့်အမျှ ခြေအောက်ရှိ နွယ်ပင်များလည်း ပါးပါးသွားပြီး ဂူ၏ မူလအသွင်အပြင်ကို စတင်မြင်တွေ့လာရသည်။
လော်ယွမ်သည် လုံးဝနီးပါး ဆွေးမြေ့နေသော ဇလီဖားတုံးတစ်ခုကို ခြေထောက်ဖြင့် ကန်ကြည့်လိုက်ရာ အပေါ်တွင် သံချေးတက်နေသော သံလမ်းနှစ်ခု ရှိနေသေးသည်ကို တွေ့ရသည်။ ပေ (၁၂၀) ခန့် ဆက်သွားလိုက်သောအခါ ရှေ့တွင် လုံးဝ ပျက်စီးနေသော တွန်းလှည်းလေးတစ်စီးကို တွေ့လိုက်ရသည်။ သံချေးအများအပျား တက်နေသော သံဘီးနှစ်ခုသည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး ဘေးနားတွင် လူအရိုးစုအချို့ ပြန့်ကျဲနေသည်။
အရာအားလုံးကို ကြည့်ခြင်းအားဖြင့် ဤနေရာသည် စွန့်ပစ်ထားသော သတ္တုတွင်းတစ်ခု ဖြစ်ပုံရပြီး စွန့်ပစ်မခံရမီတွင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
နောက်ထပ် ပေအနည်းငယ် ဆက်သွားသောအခါ ဂူလမ်းကြောင်းကို ကွန်ကရစ်နံရံတစ်ခုဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရသည်။
ဤနံရံသည် ကမ္ဘာပျက်ကပ် အစပိုင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်မည်ဟု လော်ယွမ် ခန့်မှန်းမိသည်။ (၂) နှစ်၊ (၃) နှစ် ကြာမြင့်ခဲ့ပြီဖြစ်ရာ နံရံသည် အတော်လေး ပျက်စီးနေပြီဖြစ်သည်။ စိုစွတ်သော ပတ်ဝန်းကျင်ကြောင့် ဖောင်းပွနေပြီး မျက်နှာပြင်တွင် အက်ကြောင်းများ ပြည့်နှက်နေသည်။ ခပ်ဖွဖွ တွန်းလိုက်ရုံဖြင့် ပြိုကျသွားနိုင်သည့် အနေအထား ဖြစ်သည်။
သူ၏ အာရုံခံနိုင်စွမ်းဖြင့် စစ်ဆေးကြည့်ရာ နံရံ၏ နောက်ဘက်တွင် မည်သည့်အရာမျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် ပြန်လှည့်လာခဲ့သည်။
သူသည် စူးစမ်းချင်စိတ် လွန်ကဲသူ မဟုတ်သလို အကြောင်းရင်းကို အဆုံးထိ လိုက်ရှာတတ်သူလည်း မဟုတ်ပေ။ ထို့အပြင် သူ၏ လက်ရှိ အစွမ်းအရ နံရံနောက်ကွယ်တွင် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာ ရှိနေလျှင်ပင် သူ ဂရုစိုက်မည် မဟုတ်ပေ။ မည်မျှပင် အစွမ်းထက်ပါစေ အဆင့် (၈) သန္ဓေပြောင်း သတ္တဝါတော့ ဖြစ်နိုင်မည် မဟုတ်ပေ။
အဆင့် (၈) အောက် သတ္တဝါများတွင် အဆင့် (၇) သတ္တဝါကသာ အနည်းငယ် အန္တရာယ် ပေးနိုင်ပြီး ကျန်သော အဆင့်ရှိ သတ္တဝါများမှာမူ လော်ယွမ်အတွက် စားစရာ ပို့လာသကဲ့သို့ပင် ဖြစ်သည်။ လာသမျှ အကုန်အသတ်ခံရမည်သာ ဖြစ်သည်။
ထို့နောက် လော်ယွမ်သည် သတ္တုတွင်း၏ ထောင့်တိုင်းကို သူ၏ "အရှိန်အဝါ" ဖြင့် ရှင်းလင်းလိုက်ရာ ခိုအောင်းနေသော အကောင်ပလောင်များ ထွက်ပြေးကုန်ကြသည်။ ပြီးနောက် အပြင်ထွက်၍ သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ကြွေများကို တစ်ပွေ့တစ်ပိုက် ကောက်ယူပြီး သတ္တုတွင်းထဲသို့ ယူဆောင်လာသည်။
မလှမ်းမကမ်း သစ်ပင်ပေါ်တွင် ပုန်းနေသော "ဗီဇပြောင်းလူသား" အမျိုးသမီးသည် လော်ယွမ်၏ အလုပ်ရှုပ်နေမှုများကို ကြည့်ရင်း ခေါင်းကို ကုတ်လိုက်မိသည်။ သူမ၏ မျက်နှာတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။ လော်ယွမ် သတ္တုတွင်းထဲသို့ ဝင်သွားပြီး အချိန်အကြာကြီး ပြန်ထွက်မလာသည်ကို မြင်သောအခါ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသော်လည်း တဖြည်းဖြည်း ဂနာမငြိမ် ဖြစ်လာသည်။
သူမသည် ခေါင်းပြူလိုက်၊ ပြန်သွင်းလိုက်ဖြင့် အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် တွန့်ဆုတ်စွာဖြင့် ဂူပေါက်ဝသို့ ခုန်ဆင်းလိုက်သည်။ နောက်ဆုံးတွင် ဂူဘေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး မျက်လုံးများက ဂူအတွင်းသို့ စိုက်ကြည့်နေသည်။ ထူးဆန်းသော ပုံစံရှိသည့် မျိုးတူသတ္တဝါ မည်သည့်အရာလုပ်နေသနည်း ဆိုသည်ကို နွယ်ပင်ကြားမှ ချောင်းကြည့်ချင်ပုံရသည်။
ကံဆိုးစွာဖြင့် ဂူအပြင်ဘက်ရှိ နွယ်ပင်များမှာ အလွန်သိပ်သည်းလွန်းသဖြင့် မည်သို့ပင် ကြည့်စေကာမူ တစ်ဖက်လူ၏ အရိပ်အယောင်ကိုမျှ မမြင်ရပေ။
....................................................................................
လော်ယွမ်သည် သစ်ရွက်ကြွေများကို စုပုံလိုက်ပြီး စိတ်စွမ်းအားကို စုစည်းလိုက်သည်။ လေထုထဲတွင် မမြင်နိုင်သော လှိုင်းတစ်ခု ဖြတ်သန်းသွားပြီး သစ်ရွက်ကြွေများသည် မီးမရှို့ဘဲ အလိုလို လောင်ကျွမ်းသွားသည်။ သူသည် သစ်ကိုင်းခြောက် အချို့ကို ထပ်ထည့်လိုက်ရာ မကြာမီ မီးပုံတစ်ခု ဖြစ်လာသည်။
ညဘက်တွင်ပင် မြင်နိုင်သော သူ၏ ထူးခြားသော မျက်လုံးများအတွက် မီးမလိုအပ်သော်လည်း လူသားတစ်ယောက်၏ အလေ့အထအရ အလင်းရောင်ကို တောင့်တတတ်သည်။ မိုးရွာသော နေ့များမှလွဲ၍ ညရောက်လျှင် မီးပုံဖိုလေ့ ရှိသည်။
ကောင်းကင် တဖြည်းဖြည်း မှောင်လာပြီး အပြင်ဘက်တွင် လေတိုက်စပြုလာသည်။
ဤသတ္တုတွင်း၏ တည်နေရာသည် မကောင်းလှပေ။ တောင်ထိပ်အချို့၏ လေကာရာတွင် ရှိနေသဖြင့် လေတိုက်ခတ်သောအခါ သရဲတစ္ဆေများ၊ ဝံပုလွေများ အော်ဟစ်နေသကဲ့သို့ အသံများ ထွက်ပေါ်နေတတ်သည်။
လေပြင်းများ သတ္တုတွင်းကို ဖြတ်သန်းတိုက်ခတ်သွားသောအခါ ဂူပေါက်မှ တွဲလောင်းကျနေသော နွယ်ပင်များသည် လေနှင့်အတူ ယိမ်းနွဲ့နေပြီး မီးပုံအလင်းရောင်အောက်တွင် မရေမတွက်နိုင်သော အရိပ်များ ဖြစ်ပေါ်စေကာ သစ္ဆေလက်သည်းများ လှုပ်ရှားနေသကဲ့သို့ ဖြစ်နေသည်။
ထိုစဉ် ဂူအပြင်ဘက်မှ သစ်ကိုင်းခြောက် ကျိုးပဲ့သံ ထွက်ပေါ်လာပြီး မကြာမီ သေးသွယ်သော လူရိပ်တစ်ခု ပေါ်လာသည်။
သူမသည် ဂူပေါက်ဝတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ရံဖန်ရံခါ နွယ်ပင်ကြားမှ ဂူထဲသို့ ချောင်းကြည့်နေသည်။
လော်ယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ အပြင်တွင် မည်သူရှိနေမှန်း စဉ်းစားနေစရာ မလိုပေ။ သူသည် သစ်ကိုင်းခြောက်တစ်ချောင်းကို ကောက်ယူပြီး မီးပုံထဲသို့ ထည့်လိုက်သည်။ သူမကို ဂရုမစိုက်ချင်ပေ။ သတိကြီးပြီး ကြောက်တတ်သော ဤ ဗီဇပြောင်းလူသားမက နောက်ဆုံးတွင် ဝင်လာလိမ့်မည်ဟု သူ ယုံကြည်သည်။
ထင်ထားသည့်အတိုင်း မကြာမီတွင် အပြင်ဘက်မှ တွဲလောင်းကျနေသော နွယ်ပင်များ ဖယ်ရှားခံလိုက်ရပြီး လျင်မြန်သော အရိပ်တစ်ခု ဝင်ရောက်လာသည်။ သူမသည် ကိုယ်ကို ကွေးထားပြီး ဂူနံရံကို ကပ်လျက် ဖြည်းညင်းစွာ ရွေ့လျားရင်း လော်ယွမ်ကို စိုက်ကြည့်နေသည်။ အချိန်မရွေး ပေါက်ကွဲနိုင်သော ကြောင်မလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
မကြာမီ သူမသည် ထောင့်တစ်နေရာသို့ ရောက်သွားပြီး ထိုင်ချလိုက်သည်။
ကြည့်ရသည်မှာ ဤ ဗီဇပြောင်းလူသားမလေးသည် မီးကို မကြောက်ပေ။ သူမသည် ယခင်က လူသားတစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ လူသားမှတ်ဉာဏ်များ မရှိတော့သော်လည်း မသိစိတ်ထဲတွင် လူသားတို့၏ဗီဇများက ရှိနေသေးသည်။
လော်ယွမ်သည် ဗီဇပြောင်းလူသားမလေးကို သတိထားမိစေမည့် မည်သည့် လှုပ်ရှားမှုမျှ မလုပ်သလို စကားပြောရန်လည်း မကြိုးစားပေ။ မီးပုံထဲသို့ သစ်ကိုင်းအချို့ ပစ်ထည့်ပြီးနောက် မျက်လုံးမှိတ်ကာ စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်နေသည်။ သို့သော် သူသည် ဗီဇပြောင်းလူသားမလေးကို လုံးဝ စိတ်ချထားခြင်း မဟုတ်ဘဲ အာရုံအနည်းငယ်ကို အပြင်ဘက်သို့ ထားရှိသည်။
ဗီဇပြောင်းလူသားမလေးကို လူသားအဖြစ် မသတ်မှတ်တော့သည့် အကြောင်းရင်းမှာ ရုပ်ပိုင်းဆိုင်ရာ တိရစ္ဆာန်အဖြစ် ပြောင်းလဲသွားခြင်းကြောင့် သာမက စိတ်ပိုင်းဆိုင်ရာပါ တိရစ္ဆာန်စိတ် ဝင်ရောက်လွှမ်းမိုးသွားခြင်းကြောင့် ဖြစ်သည်။ သူမသည် လမ်းတစ်လျှောက်လုံး အန္တရာယ်ကင်းသလို ပြုမူနေသော်လည်း ဗီဇအားဖြင့် အပြင်ဘက်ရှိ အသားစား သန္ဓေပြောင်း သတ္တဝါများနှင့် မခြားပေ။ အားနည်းသူကို အားကြီးသူက ဝါးမျိုးခြင်းသည်သာ သူမ၏ စစ်မှန်သော သဘာဝဖြစ်သည်။
လမ်းတစ်လျှောက်လုံး အန္တရာယ်မပြုဘဲ နေခဲ့ရခြင်း အကြောင်းရင်းမှာ သူတို့နှစ်ဦး ရုပ်ချင်းဆင်တူသဖြင့် မျိုးတူသတ္တဝါဟု ထင်မှတ်နေခြင်းကြောင့် ဖြစ်သည်။ အခြားအကြောင်းရင်းတစ်ခုမှာ လော်ယွမ်သည် သူမထက် ပိုမို အစွမ်းထက်နေခြင်းကြောင့် ဖြစ်သည်။ အကယ်၍များ အခြေအနေ ပြောင်းပြန်ဖြစ်သွားခဲ့လျှင် မျိုးတူသတ္တဝါဖြစ်ခြင်းကြောင့် သူ့အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်သော်လည်း ရုပ်ချင်းဆင်တူသော ဆန့်ကျင်ဘက်လိင်ကို တွေ့ရှိထားသည့် ဗီဇပြောင်းလူသားမလေး တစ်ဦးအနေဖြင့် မျိုးပွားလိုစိတ်၏ တွန်းအားကြောင့် အတင်းအကျပ် ပြုကျင့်မှုများ ဖြစ်ပွားလာမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။
......................................................................................................
ဦးနှောက်ကို လေးဖက်မြင် အဖြစ် ပြောင်းလဲထားခြင်းကြောင့်လား၊ သို့မဟုတ် ဒီရက်ပိုင်း လေဒဏ်မိုးဒဏ် ခံပြီး ခရီးနှင်နေရခြင်းကြောင့်လား မသိ၊ သူ၏ "စိတ်စွမ်းအား" က လျင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရသည်။ ပျံသန်းသည့်အခါ သိသာမှု မရှိသော်လည်း အတွင်းစိတ်အမြင် တွင်မူ ပိုမို သေးငယ်သော အရာများကို မြင်တွေ့လာရသည်။
ယခင်ကဆိုလျှင် သွေးကြောမျှင်လေးများနှင့် သွေးပြန်ကြောမျှင် ကဲ့သို့သော တစ်သျှူးများကို အများဆုံး မြင်တွေ့နိုင်ပြီး ထိုအရာများကိုပင် ရှေ့ပိုင်း ကြီးမားသော အပိုင်းကိုသာ မြင်ရပြီး အဆုံးပိုင်းကို မမြင်နိုင်ပေ။
သို့သော် ယခုအခါတွင် သွေးကြောမျှင် တစ်ခုလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရပြီဖြစ်ပြီး အတွင်း၌ စီးဆင်းနေသော သွေးနီဥဆဲလ်များကိုပါ မြင်တွေ့နေရသည်။
သွေးနီဥဆဲလ်များကို စိတ်စွမ်းအား အဏုကြည့်မှန်ဘီလူးအောက်တွင် သေးငယ်လွန်း၍ သေချာဂရုမစိုက်လျှင် မမြင်နိုင်သော်လည်း သွေးနီဥထက် ပိုကြီးသော ခန္ဓာကိုယ်ဆဲလ်များကိုမူ ရှင်းလင်းစွာ မြင်တွေ့ရသည်။ နှမ်းစေ့အရွယ်အစားရှိသော ခန္ဓာကိုယ်ဆဲလ်များသည် စစ်သားများကဲ့သို့ စီတန်းနေပြီး "အမြင်" အောက်တွင် အကုန်ပေါ်နေသည်။
သို့သော် ဆဲလ်အဆင့်အထိ အတွင်းစိတ်အမြင်ဖြင့် ကြည့်ရှုခြင်းသည် စွမ်းအင်ကုန်ဆုံးမှု အလွန်များပြားသည်။ ရေကာတာကျိုးသကဲ့သို့ ဆယ်မိနစ်ကျော်မျှ ကြည့်ရုံဖြင့် စိတ်စွမ်းအား အများစု ကုန်ဆုံးသွားသည်။ အတွင်းစိတ်အမြင်ဖြင့် မြင်ရသော ဆဲလ်အရေအတွက်မှာ သန်းပေါင်းများစွာ ရှိသော်လည်း ဧရိယာအားဖြင့် ကြည့်လျှင် ကြွက်သားအသေးတစ်စ လောက်ပင် မရှိပေ။
ခဏအကြာတွင် လော်ယွမ် မျက်လုံးဖွင့်လိုက်ပြီး လက်မောင်းမှ ကြွက်သားအသေးတစ်ခုကို စမ်းသပ်ကြည့်လိုက်သည်။ လက်သီးဆုပ်ကြည့်လိုက်ရာ ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သလို ခံစားရပြီး တုံ့ပြန်မှုနှုန်းလည်း အနည်းငယ် ပိုမြန်လာသလို ရှိသည်။ သို့သော် စိတ်ထင်တာလည်း ဖြစ်နိုင်သည်။
တစ်ကိုယ်လုံးရှိ ဆဲလ်အားလုံးကို စိတ်စွမ်းအားဖြင့် လွှမ်းခြုံနိုင်မှသာ သိသာထင်ရှားသော ရလဒ်ကို ပြသနိုင်မည် ဖြစ်သည်။
သူသည် ဗီဇပြောင်းလူသားမလေးကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ထောင့်တစ်နေရာတွင် ထိုင်နေဆဲဖြစ်ပြီး ကျောက်တုံးပေါ်တွင် လက်သည်းများကို ပျင်းရိစွာ သွေးနေသည်။ ခဏသွေးလိုက် မျက်လုံးရှေ့ထားကာ ကြည့်လိုက် ပြီးနောက် ပြန်သွေးလိုက် လုပ်နေသည်။
သူမ၏ လက်သည်းများသည် အကြေးခွံများကဲ့သို့ပင် အပြာရောင် ဖြစ်ပြီး အရောင်မှာ အလွန်ရင့်သဖြင့် မင်ပြာရောင်နှင့် တူနေသည်။ လက်သည်းများသည် ချွန်ထက်ရှည်လျားပြီး လက်သည်းခွံမှ ၂လက်မကျော်ခန့် ထွက်နေသည်။ လူသားတစ်ယောက်အနေဖြင့် ဤမျှရှည်လျားသော လက်သည်းရှိလျှင် ကွေးကောက်ပုံပျက်နေပြီ ဖြစ်သော်လည်း သူမ၏ လက်သည်းများမှာမူ ဖြောင့်တန်းချွန်ထက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဆူးချွန်များနှင့် တူနေသည်။
၎င်းတို့က သူမ၏ လက်နက်ဖြစ်ကြောင်း ထင်ရှားသည်။ သန္ဓေပြောင်း သတ္တဝါ အကောင်ကြီးများအတွက် အသုံးမဝင်သော်လည်း အကောင်သေး သတ္တဝါများအတွက်မူ သေစေနိုင်သော လက်နက်ဖြစ်သည်။
လော်ယွမ် အကြည့်ပြန်လွှဲလိုက်ပြီး မီးပုံ ငြိမ်းလုနီးပါး ဖြစ်နေသည်ကို တွေ့သဖြင့် ထင်းတစ်ချောင်း ထပ်ထည့်လိုက်သည်။
သေးငယ်သော လှုပ်ရှားမှုကြောင့် ဗီဇပြောင်းလူသားမလေး၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသည်။ လော်ယွမ်ကို တစ်ချက်ကြည့်ပြီးနောက် သူမ၏ လက်သည်းများကို ပြန်ကြည့်နေသည်။
လေတိုက်နှုန်း ပိုမို ပြင်းထန်လာသည်။ ညဘက် တောနက်ထဲမှ သတ္တဝါဟိန်းသံများကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။ ဂူပေါက်ဝရှိ နွယ်ပင်များသည် လေတိုက်ခတ်မှုကြောင့် ပြင်းထန်စွာ လှုပ်ရှားနေပြီး တဖျစ်ဖျစ် အသံများ ထွက်ပေါ်နေသည်။ ကံကောင်းသည်မှာ ဂူပေါက်သည် လေလမ်းကြောင်းနှင့် လွတ်ကင်းနေသဖြင့် အထဲသို့ သက်ရောက်မှု မရှိပေ။
သူ အချိန်ကို ကြည့်လိုက်ရာ ည (၈) နာရီ ခွဲလုနီးပါး ရှိနေပြီဖြစ်သည်။ ကျောပိုးအိတ်ထဲမှ တဲကို ထုတ်ယူပြီး တဲထိုးလိုက်သည်။ ပြီးနောက် တဲကို ဖွင့်ကာ ဝင်အိပ်လိုက်သည်။
ယခုအချိန်တွင် တဲ၏ အရောင်သည် မူလအရောင်နှင့် လုံးဝ ကွာခြားနေပြီ ဖြစ်သည်။ တောထဲသို့ စတင်ဝင်ရောက်ကတည်းက သူသည် မိမိနှင့်အတူ ပါလာသော ပေါင်းစပ်နိုင်သည့် ပစ္စည်းများကို အကုန်လိုက်ပေါင်းစပ်ခဲ့သည်။ ဤတဲသည်လည်း ချွင်းချက်မရှိပေ။ တဲ၏ ပစ္စည်းအသားကို အထင်သေး၍မရ၊ ၎င်းက အဆင့် (၇) အထိ ရှိသည်။ အထူးသဖြင့် တဲကို ထောက်ကန်ထားသော တိုင်များသည် အဆင့် (၇) သန္ဓေပြောင်း သတ္တဝါ၏ အမာကျောဆုံး ဦးခေါင်းခွံဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
လော်ယွမ် ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျှင်ပင် သာမန် သန္ဓေပြောင်း သတ္တဝါများသည် တဲထဲသို့ အသံမထွက်ဘဲ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
သူ လှဲချလိုက်ပြီး မကြာမီ ဟောက်သံများ ထွက်ပေါ်လာသည်။
ညဉ့်နက်လာသည်နှင့်အမျှ ထောင့်တစ်နေရာတွင် ကွေးကွေးလေး အိပ်ပျော်နေသော ဗီဇပြောင်းလူသားမလေးသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အသံမထွက်ဘဲ ထရပ်လိုက်သည်။
ထောင်မတ်နေသော သူငယ်အိမ် များသည် ညမှောင်မိုက်ထဲတွင် အဝါရောင် အလင်းဖျော့ဖျော့ ပြန်နေသည်။ သူမသည် တဲကို တစ်ချက်ကြည့်လိုက်ပြီး ကိုယ်ကိုကိုင်းကာ ဂူပေါက်ဝသို့ ခြေသံမထွက်ဘဲ လျှောက်သွားသည်။ ရုတ်တရက် သူမ ရပ်တန့်လိုက်ပြီး နားစွင့်လိုက်သည်။
သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
သူမအတွက် ဤဂူကြီးသည် အလွန်ကျယ်လွန်းသည်။ သူမ တစ်ယောက်သာ နေလို့ရသော ယခင်က အသိုက်ကလေးနှင့် မတူပေ။ ယခင်က အသိုက်ကလေးထဲသို့ သန္ဓေပြောင်း သတ္တဝါတစ်ကောင် ဝင်လာလျှင်လည်း ခန္ဓာကိုယ် အရွယ်အစားက သူမနှင့် သိပ်မကွာသဖြင့် သူမ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
သို့သော် ဤဂူကြီးက ဟာလာဟင်းလင်း ဖြစ်လွန်းသည်။ အကောင်သေး သတ္တဝါများသာမက ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သတ္တဝါကြီးများလည်း ဝင်ရောက်လာနိုင်သဖြင့် လုံခြုံမှုမရှိဟု ခံစားရသည်။
အပြင်ဘက်မှ သတ္တဝါဟိန်းသံများကို ကြားရသောအခါ သူမ ဂနာမငြိမ် ဖြစ်လာသည်။ ဤနေရာမှ ထွက်ခွာပြီး အခြားဂူပေါက်တစ်ခု ရှာဖွေချင်သော်လည်း အပြင်မထွက်ရဲ ဖြစ်နေသည်။ နောက်ဆုံးတွင် သူမ တွန့်ဆုတ်စွာဖြင့် လော်ယွမ်၏ တဲဘေးသို့ ကပ်ကာ လှဲချလိုက်သည်။ ထိုသို့နေမှသာ လုံခြုံမှုကို ခံစားရပုံရသည်။
အမှောင်ထဲတွင် လော်ယွမ် မျက်လုံးပွင့်လာပြီး ဖြည်းညင်းစွာ ပြန်မှိတ်လိုက်သည်။
......................................................................................................
တစ်ညလုံး စကားတစ်ခွန်းမျှ မပြောဖြစ်ကြဘဲ နောက်တစ်နေ့တွင် လော်ယွမ် တဲဖွင့်လိုက်သောအခါ ဗီဇပြောင်းလူသားမလေးသည် သူ့ထက် စောစီးစွာ နိုးထနေပြီး ထောင့်တစ်နေရာသို့ ပြန်ရောက်နေသည်ကို တွေ့ရသည်။
သူက တဲကို သိမ်းဆည်းပြီး ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ အိတ်ထဲမှ ရေဘူးကို ထုတ်ယူကာ ရေအနည်းငယ် သောက်လိုက်သည်။ ပြီးနောက် အဖုံးပြန်ပိတ်လိုက်စဉ် ဗီဇပြောင်းလူသားမလေးသည် မနေ့က တစ်နေ့ကုန် ရေတစ်စက်မျှ မသောက်ရသေးသည်ကို သတိရသွားပြီး ကျောပိုးအိတ်ထဲမှ ရေသန့်တစ်ဘူးကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။
၎င်းမှာ ပြန်လည်တည်ဆောက်ရေးဇုန်မှ သူ့အတွက် ပြင်ဆင်ပေးလိုက်သော အရေးပေါ် ရေဘူး (၃) ဘူးထဲမှ တစ်ဘူးဖြစ်သည်။ ယခုအချိန်အထိ ပါကင် မဖွင့်ရသေးပေ။
ဗီဇပြောင်းလူသားမလေးသည် မနေ့က အစားအစာ လက်ခံရယူရသည်ကို အကျင့်ပါနေပြီဖြစ်ရာ တုံ့ပြန်မှုအနေဖြင့် အလျင်အမြန် ဖမ်းယူလိုက်သည်။ သို့သော် ပစ်ပေးလိုက်သည့်အရာမှာ အစားအစာ မဟုတ်သည်ကို တွေ့ရသောအခါ သူမ၏ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင် ပေါ်လာသည်။ သို့သော် သူမ၏ ဉာဏ်ရည်မှာ မနိမ့်လှသဖြင့် အထဲတွင် အရည်များ ရှိနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
သူမသည် ရေသန့်ဘူးကို ကိုင်ကာ သိချင်စိတ်ဖြင့် လှုပ်ကြည့်လိုက်၊ ဟိုလှန်ဒီလှန် လုပ်ကြည့်လိုက် လုပ်ပြီးနောက် ပါးစပ်ဖြင့် ကိုက်လိုက်ရာ ကမ္ဘာပျက်ပြီးနောက်ပိုင်း တွေ့ရခဲသော ပလတ်စတစ်ဘူးသည် ပေါက်ထွက်သွားသည်။
ထိုအချိန်တွင် ရေသန့်ဘူးကို ကိုင်လျက် အသုံးပြုနည်း ပြသရန် ပြင်နေသော လော်ယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။
ကံကောင်းသည်မှာ အထဲတွင် ရေရှိကြောင်း သူမ သိရှိသွားပြီး ပလတ်စတစ်ဘူး၏ အပေါက်ကို ပါးစပ်တွင် တေ့ကာ ရေများကို မရပ်မနား မော့သောက်လိုက်သည်။
ကြည်လင်သော အရည်များသည် ပါးစပ်ထောင့်မှ စီးကျလာပြီး သူမ၏ ဖွံ့ဖြိုးသော ရင်ဘတ်ပေါ်သို့ ကျရောက်ကာ မြေကြီးပေါ်တွင် ရေကွက်များ ဖြစ်ပေါ်စေသည်။ ထိုမြင်ကွင်းသည် လုံးဝကို ဆွဲဆောင်မှု ရှိလွန်းနေသည်။ လော်ယွမ် တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို အလျင်အမြန် လွှဲလိုက်ရသည်။
ဆက်ရန်...
အပိုင်း(၃၈၂) ဆင့်ကဲပြောင်းလဲခြင်း
မနက်ခင်းခရီးစတင်ပြီး နာရီဝက်ခန့်အကြာတွင် မြေပြင်သည် တဖြည်းဖြည်း စိုစွတ်လာသည်။ ဤဧရိယာတွင် ရေကန်များနှင့် စမ်းချောင်းများ နေရာအနှံ့ရှိနေပြီး ရေအိုင်ငယ်များက တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ နောက်ထပ် ဆယ်မိနစ်ခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် မြေပြင်သည် လုံးဝ ရွှံ့နွံတောအဖြစ် ပြောင်းလဲသွားပြီး နေရာတော်တော်များများတွင် ရေများ လျှံတက်နေသည်။
ရေအရင်းအမြစ် ပေါကြွယ်ဝမှုကြောင့် ဤနေရာရှိ အပင်များသည်လည်း ထူးကဲစွာ ကြီးထွားသန်စွမ်းကြသည်။
မိုးထိအောင် မြင့်မားနေသော သစ်ပင်ကြီးများအပြင်၊ ရေအောက်ခြေမှ ပေါက်ရောက်နေသော မြက်ပင်များပင်လျှင် ၈ ပေ၊ ၉ ပေခန့် မြင့်မားကြသည်။ ထိုမြက်တောများကြား လျှောက်သွားရသည်မှာ အရပ်မျက်နှာ ခွဲခြားရန်ပင် ခက်ခဲလှသည်။
ထိုရေမြက်တောများကြားတွင် ပိုးမွှားများနှင့် မြွေများ ပေါများလှသလို အဆိပ်ရှိသော သတ္တဝါများလည်း သောင်းကျန်းကြသည်။ လော်ယွမ်မှာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း တိုက်ခိုက်မှုတစ်ခုနှင့် ကြုံရလေ့ရှိသဖြင့် လမ်းတစ်လျှောက် ဓားကိုလက်မှ မချနိုင်အောင် ဖြစ်နေရသည်။
ဤအရာများကို လမ်းခရီးမှ အနှောင့်အယှက် အသေးအဖွဲလေးများဟု ဆိုလျှင် ကီလိုမီတာ အတော်များများအထိ နေရာယူထားပြီး လှံသွားကဲ့သို့ ရှည်လျားသော အမြီးဆူးပါရှိကာ အုပ်စုဖွဲ့ ပျံသန်းနေကြသော သန္ဓေပြောင်းပိုးကောင်များကတော့ လော်ယွမ်ကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ဤသန္ဓေပြောင်းပိုးကောင် တစ်ကောင်ချင်းစီသည် ကြိတ်ဆုံကျောက်တုံးအရွယ်အစားခန့်သာ ရှိကြပြီး အများစုမှာ အပြာရင့်ရောင်အဆင့်သာ ရှိကြသည်။ သို့သော် ၎င်းတို့သည် ပျားများကဲ့သို့ အဖွဲ့အစည်းဆန်ဆန် အုပ်စုလိုက် လှုပ်ရှားကြသည်။ အကယ်၍ သင်က တစ်ကောင်ကို သတ်လိုက်မိပါက နောက်ဆက်တွဲအနေဖြင့် ပိုးကောင်အုပ်ကြီး တစ်ခုလုံး၏ ကောင်းကင်ကို ဖုံးလွှမ်းသွားစေနိုင်လောက်သည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုတိုက်ခိုက်မှုသည် ၎င်းတို့ တကောင်မကျန်မသေမချင်း ပြီးဆုံးမည် မဟုတ်ပေ။
လော်ယွမ်အတွက် အန္တရာယ် မရှိလှသော်လည်း ရွံရှာဖွယ် ကောင်းလောက်အောင်တော့ ရှိသည်။
သူသာ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါကို အမြဲမပြတ် ထုတ်လွှတ်ထားပါက ဤပြဿနာများကို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်သော်လည်း အရှိန်အဝါဆိုသည်မှာ အလကားရသည် မဟုတ်ပေ။ ၎င်းသည် လူ၏ စိတ်စွမ်းအင်၊ အာရုံခံစားမှုနှင့် "စိတ်စွမ်းအား" ကို လောင်ကျွမ်းစေသည်။ သူ၏ စိတ်စွမ်းအားနှင့် အာရုံခံစားမှု မည်မျှပင် မြင့်မားပါစေ၊ လမ်းခရီးတစ်လျှောက်လုံး ဤသို့ သုံးစွဲနေပါက ခံနိုင်မည် မဟုတ်ပေ။
သူ အတန်ကြာအောင် ခက်ခဲစွာ လျှောက်လှမ်းပြီးနောက် နောက်ဆုံးတွင် မတတ်သာတော့ဘဲ ဗီဇပြောင်းလူသားမလေးကို အတုခိုးကာ သစ်ပင်ပေါ်တွင် ခုန်ပျံကျော်လွှားပြီး သွားလာရန် ဆုံးဖြတ်လိုက်သည်။
ယခင်ကလည်း သစ်ပင်ပေါ်တွင် လမ်းလျှောက်ဖူးသော်လည်း တောထဲတွင် ကြီးပြင်းသော ဗီဇပြောင်းလူသားမလေးလောက် လှုပ်ရှားမှု မကျွမ်းကျင်ပေ။ အစပိုင်းတွင် အနည်းငယ် အဆင်မပြေ ဖြစ်နေပြီး လှုပ်ရှားမှုများ တောင့်တင်းနေသည်။ သို့သော် သူ၏ အလျင် မှာ အလွန်မြင့်မားပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း ကောင်းမွန်သဖြင့် မည်မျှခက်ခဲသော လှုပ်ရှားမှုကိုမဆို ချက်ချင်း သင်ယူနိုင်သည်။ ခဏကြာသောအခါ အသားကျသွားပြီး မိနစ်အနည်းငယ် အတွင်းမှာပင် သူ၏ လှုပ်ရှားမှုများသည် ဗီဇပြောင်းလူသားမလေးထက်ပင် ပိုမိုသွက်လက် ချောမွေ့လာသည်။
ဤနေရာတွင် ငှက်သိုက်များ မနည်းမနော ရှိသည်ကို လော်ယွမ် တွေ့လိုက်ရသည်။ သစ်ပင်တိုင်းလိုလိုတွင် ငှက်သိုက်များ ပြည့်နှက်နေသည်။
သူနှင့် ဗီဇပြောင်းလူသားမလေးတို့သည် မိုးမလင်းမီကတည်းက ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ ယခု မိုးစင်စင်လင်းစအချိန်သည် သန္ဓေပြောင်းငှက်များ အစာရှာထွက်မည့် အချိန်ဖြစ်သည်။ မိုးကောင်းစွာ မလင်းသေးသော်လည်း တောအုပ်တစ်ခုလုံး ဆူညံသံများ စတင်နေပြီ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် စူးရှ၊ ဆူညံပြီး သာယာသော ငှက်အော်သံမျိုးစုံကို အဆက်မပြတ် ကြားနေရသည်။
ထိုစဉ် ခေါင်းပေါ်မှ အရိပ်မည်းတစ်ခု ရုတ်တရက် ကျဆင်းလာသည်။ လော်ယွမ် မျက်နှာပျက်သွားပြီး ခြေဖျားဖြင့် သစ်ကိုင်းကို ထောက်ကာ နောက်ထပ် သစ်ပင်ကြီးတစ်ပင်ဆီသို့ အရိပ်တစ်ခုလို လျင်မြန်စွာ ခုန်ကူးလိုက်သည်။ ပြန်လှည့်မကြည့်လျှင်တောင် ကျလာသော အရာက မည်သည့်အရာဆိုသည်ကို သူသိသည်။
ရှေ့သို့ လှမ်းကြည့်လိုက်လျှင် လမ်းတစ်လျှောက်လုံးတွင် ငှက်ချေးအမြောက်အမြားသည် ဇီဝလက်နက်ဗုံးများကြဲချလိုက်သကဲ့သို့ ကောင်းကင်မှ သိပ်သည်းစွာ ကျဆင်းနေသည်။ သတိမထားမိပါက ထိမှန်သွားနိုင်သည်။
ဤသန္ဓေပြောင်းငှက်များသည် ကမ္ဘာပျက်ကပ် မတိုင်မီက ချစ်စရာကောင်းသော ငှက်ကလေးများ မဟုတ်ကြပေ။ အသေးဆုံး သန္ဓေပြောင်းငှက်သည်ပင် လူတစ်ယောက်အရွယ်အစားခန့် ရှိသည်။ တောင်ပံဖြန့်လိုက်ပါက ၁၈ ပေ၊ ၁၉ ပေခန့် ကျယ်သည်။ အရွယ်ကြီးမားသော ငှက်များဆိုလျှင် ခန္ဓာကိုယ်သက်သက် ၁၅ ပေ၊ ၁၈ ပေခန့် မြင့်ပြီး တန်ချိန် ၃ တန်၊ ၄ တန်ခန့် လေးသည်။ ဤနေရာတွင် ထိုသို့ငှက်မျိုးများ ပေါများလှသည်။
ထိုမျှ ခန္ဓာကိုယ် ကြီးမားသော သန္ဓေပြောင်းငှက်များ စွန့်ပစ်လိုက်သော မစင်သည် ထိမှန်သွားပါက လူကို မပိသွားစေလျှင်တောင် တစ်ကိုယ်လုံး ရေချိုးပေးလိုက်သလို ပေကျံသွားစေရန် လုံလောက်သည်။
သို့သော် ဗီဇပြောင်းလူသားမလေးရော လော်ယွမ်ပါ အလွန် သတိရှိကြသဖြင့် ထိုကပ်ဆိုးကြီး မဖြစ်ပွားခဲ့ပေ။
........................................................................
လမ်းခရီး ဆက်လာသည်နှင့်အမျှ မြေပြင်ပေါ်ရှိ ရေများသည် ပိုမို များပြားလာသည်။ မူလက စိုစွတ်သော မြေနေရာမှ တဖြည်းဖြည်း ရွှံ့နွံအိုင် ဖြစ်လာပြီး နောက်ဆုံးတွင် ရေကန်ကြီး တစ်ခုအဖြစ် ပြောင်းလဲမည့် လက္ခဏာများ ပေါ်လာသည်။ အကယ်၍ ရှေ့တွင် တကယ်ပဲ ရေကန်ကြီး ရှိနေပါက ထိုရေကန်၏ အရွယ်အစားမှာ ကြီးမားလွန်း၍ ယုံနိုင်စရာပင် ရှိမည်မဟုတ်။
သူတို့နှစ်ဦး၏ အမြန်နှုန်းဖြင့် ရေစတင်တွေ့ရှိချိန်မှစ၍ နာရီဝက်နီးပါး လျှောက်လာခဲ့ပြီး ဖြစ်သည်။ အကွာအဝေးအားဖြင့် မိုင် ၆၀ ကျော် ရှိနေပြီ ဖြစ်သည်။ ဒါတောင် အပြင်ဘက် အစွန်အဖျားအပိုင်းသာ ရှိသေးသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း လော်ယွမ်သည် ခရီးကို တွင်တွင်နှင်ခဲ့သဖြင့် စီချွမ်ပြည်နယ်ကို ဖြတ်ကျော်ကာ ကွေ့ကျိုးပြည်နယ်၏ တစ်ဝက်ကျော်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ကွမ်ရှီးပြည်နယ်ထဲသို့ ဝင်ရောက်တော့မည်။ သံလိုက်အိမ်မြှောင်ဖြင့် လမ်းကြောင်း ရှာဖွေခြင်းနှင့် ဂြိုဟ်တုမြေပုံ၏ မြေပြင်အနေအထားကို တိုက်ဆိုင်စစ်ဆေးခြင်းတို့ကြောင့် ယခုအချိန်ထိ လမ်းမှားခြင်း မရှိခဲ့ပေ။ သူ၏ မှတ်ဉာဏ်ထဲရှိ ဂြိုဟ်တုမြေပုံအရ ရှေ့တွင် ဤရေကန်ကြီး ရှိမနေသင့်ပေ။
လော်ယွမ်၏ ခန့်မှန်းချက်အရ ဤရေကန်ကြီးသည် မကြာသေးမီကမှ ဖြစ်ပေါ်လာခြင်း သို့မဟုတ် ရေတိမ်လွန်း၍ သစ်ပင်များကို မမြုပ်နိုင်သေးသဖြင့် အပေါ်စီးမှ ကြည့်လျှင် သစ်ပင်များ ဖုံးကွယ်ထားသောကြောင့် ဂြိုဟ်တုမြေပုံပေါ်တွင် မပေါ်ခြင်း ဖြစ်နိုင်သည်။
ကမ္ဘာပျက်ကပ် ဖြစ်ပေါ်ပြီးနောက် အပူချိန်မြင့်တက်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရာသီဥတု ပြင်းထန်စွာ ပြောင်းလဲခြင်း၊ ငလျင်လှုပ်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့ကြောင့် မြေပြင်အနေအထားများ များစွာ ပြောင်းလဲခဲ့သည်။ မူလက ရှိခဲ့သော မြစ်ချောင်းအင်းအိုင် အချို့ ပျောက်ကွယ်သွားပြီး အသစ်များလည်း ပေါ်ပေါက်လာသည်။
"ပင်လယ်က လယ်ကွင်းဖြစ်... လယ်ကွင်းက ပင်လယ်ဖြစ်" ဆိုသည်မှာ ၎င်းကို ပြောခြင်း ဖြစ်ပေမည်။
ထင်ထားသည့်အတိုင်းပင် ရှေ့ဆက်သွားလေ ရေမျက်နှာပြင် နက်ရှိုင်းလေ ဖြစ်လာသည်။ မြေပြင်မှ ပေါင်းပင်များနှင့် ချုံပုတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဖဲကြိုးပြားများကဲ့သို့ ရေအောက်ရေညှိပင်များ အစားထိုး နေရာယူလာသည်။ သန္ဓေပြောင်းငါးအုပ်စုများလည်း ရေညှိပင်များကြားတွင် ကူးခပ်သွားလာနေကြသည်။
နေ့လယ်ပိုင်း ရောက်လုနီးအချိန်တွင် စူးရှသော နေရောင်ခြည်သည် ထပ်ဆင့်ပေါက်ရောက်နေသော သစ်ရွက်များကို ဖောက်ထွင်း၍ ရေမျက်နှာပြင်ပေါ်သို့ အလင်းကွက်များ ကျရောက်နေသည်။ ရေလှိုင်းအနည်းငယ် လှုပ်ရှားလိုက်တိုင်း အရောင်များ ပြောင်းလဲနေသည်။
ထိုအချိန်တွင် ရေအောက်မှ အရိပ်တစ်ခုသည် မြားတစ်စင်းကဲ့သို့ သူတို့ရှိရာသို့ အရှိန်ပြင်းပြင်း ပြေးဝင်လာသည်။ ရေမျက်နှာပြင်သည် မမြင်ရသော စွမ်းအားတစ်ခုကြောင့် ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီး ရေလှိုင်းများ ၁ပေခွဲခန့် ကြွတက်လာသည်။
ဗီဇပြောင်းလူသားမလေးသည် အသက်ကို ပြင်းပြင်းရှူကာ ရှေ့မှသွားနေသော လော်ယွမ်၏ ကျောပြင်ကို အမီလိုက်ရန် အသည်းအသန် ကြိုးစားနေရသည်။ သူမတွင် လော်ယွမ်ကဲ့သို့ လွန်ကဲသော ခံနိုင်ရည်စွမ်းအား မရှိပေ။ ယမန်နေ့ တစ်နေ့လုံး လော်ယွမ်နှင့်အတူ ခရီးဝေး နှင်ခဲ့ရပြီး ပြင်းထန်သော လှုပ်ရှားမှုများကြောင့် သူမ၏ အားအင်များ ကုန်ခမ်းနေပြီ ဖြစ်သည်။
ထို့အပြင် ယမန်နေ့ညက စိမ်းသက်သော ပတ်ဝန်းကျင်ကြောင့် ကောင်းကောင်း အိပ်မပျော်ခဲ့သဖြင့် ယနေ့ နာရီအနည်းငယ်သာ ပြေးလွှားပြီးချိန်မှာပင် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်နှင့် လွင့်ပါးနေသော စိတ်အာရုံတို့ကြောင့် သူမ၏ သတိရှိမှုသည် ယခင်ကလောက် မကောင်းတော့ပေ။ ရေမျက်နှာပြင်မှ ပြောင်းလဲမှုကို လုံးဝ သတိမထားမိလိုက်ချေ။
သူမ သစ်ကိုင်းတစ်ကိုင်းမှ အခြားတစ်ကိုင်းသို့ ခုန်ကူးလိုက်စဉ် လေပေါ်၌ ရှိနေချိန်မှာပင် ကြီးမားသော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။
ရေပန်းများ ပေ၃၀ကျော် အထက်သို့ ပန်းထွက်လာပြီး ဖြူဖွေးနေသော ရေမှုန်ရေမွှားများကြားတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ထွက်လာသည်။
ပေ၃၀ကျော် ရှည်လျားပြီး ပါးစပ်ထဲတွင် ချွန်ထက်သော သွားများ အပြည့်ပါရှိသည့် ကြမ်းကြုတ်သော သန္ဓေပြောင်းငါးကြီး တစ်ကောင်သည် ရေထဲမှ လေပေါ်သို့ ခုန်တက်လာပြီး ဗီဇပြောင်းလူသားမလေးကို ဟပ်ရန် ဟန်ပြင်လိုက်သည်။
ဖြစ်ပျက်ပုံမှာ မြန်ဆန်လွန်းလှသည်။ သေဘေးနှင့် ကြုံလာသောအခါ ပြင်းထန်သော ကြောက်ရွံ့မှုကြောင့် သူမ၏ မျက်လုံးသူငယ်အိမ် ကျဉ်းမြောင်းသွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထိုမှတစ်ပါး အခြားတုံ့ပြန်မှု မလုပ်နိုင်တော့ပေ။
ဗီဇပြောင်းလူသားမလေးကို သန္ဓေပြောင်းငါးကြီးက တစ်လုတ်တည်း ဝါးစားတော့မည့် ဆံချည်မျှင်တစ်မျှင်အလို အချိန်လေး၌... လှံတိုတစ်စင်း (သို့မဟုတ် သစ်ကိုင်းအကျိုးတစ်ချောင်း) သည် လေကိုခွင်းလျက် ရောက်ရှိလာပြီး သန္ဓေပြောင်းငါးကြီး၏ ခေါင်းကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်ရာ ငါးကြီး၏ ခေါင်းက အသားစများအဖြစ် ပေါက်ကွဲထွက်သွားသည်။
ကျန်ရှိနေသော တွန်းကန်အားကြောင့် ခေါင်းပြတ်သွားသော ငါးကြီး၏ ကိုယ်လုံးသည် ဘေးတိုက် ပေလေးဆယ်ခန့်ထိ လွင့်စင်သွားပြီး ရေထဲသို့ "ဗွမ်း" ခနဲ ပြန်ကျသွားသည်။
နောက်တစ်ခဏတွင် ရေအောက်၌ ရေစီးကြောင်းများ ရှုပ်ထွေးသွားပြီး သွေးများ ပွက်ပွက်ထကာ ရေပြင်ပေါ်သို့ တက်လာသည်။ ရေပန်းများလည်း လွင့်စင်နေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် စောစောက အလွန် ကြမ်းကြုတ်လှသော သန္ဓေပြောင်းငါးကြီးသည် အရိုးစုအဖြစ် ပြောင်းလဲသွားသည်။
"မင်း ဘာမှ မဖြစ်ဘူးမလား" လော်ယွမ်သည် ဗီဇပြောင်းလူသားမလေး၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သူမ နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ မေးလိုက်သည်။
သူမထံမှ ဘာတုံ့ပြန်မှုမှ မရပေ။ သူမသည် သစ်ကိုင်းတစ်ကိုင်းကို တင်းကျပ်စွာ ဖက်ထားပြီး ကြောက်လန့်နေသော ကြွက်ကလေးတစ်ကောင်လို တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ စောစောက သေလုနီးပါး အဖြစ်အပျက်က သူမကို အတော်လေး လန့်ဖျပ်သွားစေပုံရသည်။
လော်ယွမ်က နှစ်သိမ့်သည့်အနေဖြင့် သူမခေါင်းကို ကိုင်လိုက်ရာ သူမ တွန့်ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် လက်ရောခြေပါ အသုံးပြုကာ သစ်ကိုင်းထိပ်ဖျားသို့ တက်ပြေးပြီး သစ်ရွက်များကြားတွင် ပုန်းကွယ်လျက် လော်ယွမ်ကို သတိထားကြည့်နေသည်။
လော်ယွမ် ရှက်ကိုးရှက်ကန်းဖြင့် လက်ပြန်ရုတ်လိုက်သည်။ သူမသည် ကြောက်လန့်တကြား ဖြစ်နေပြီး အသက်ရှူသံများ ပြင်းနေသည်ကို တွေ့ရသည်။ ပုံစံကြည့်ရသည်မှာ အလွန် ပင်ပန်းနွမ်းနယ်နေပုံရပြီး ခရီးဆက်ရန် မဖြစ်နိုင်တော့ကြောင်း သိသာသည်။ မနေ့က အားအင်အပြည့် ရှိနေသည်နှင့် ယှဉ်လျှင် သူမ၏ ခံနိုင်ရည် ကျဆင်းသွားမှုမှာ သိသာလွန်းနေသည်။
တစ်ခုခု လုပ်မှ ဖြစ်မည်။ တစ်ယောက်တည်း အထီးကျန်သော ခရီးလမ်းသည် အလွန် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။ စိတ်ဓာတ်မခိုင်မာသူဆိုလျှင် ရူးသွပ်သွားစေနိုင်သည်။ လော်ယွမ်၏ စိတ်ဓာတ်စွမ်းအားမှာ အလွန်ခိုင်မာသဖြင့် ထိုသို့ မဖြစ်နိုင်သော်လည်း လူတစ်ပိုင်းဟု ခေါ်နိုင်သော ဤဗီဇပြောင်းလူသားမလေးလေး ပါလာခြင်းက အနည်းဆုံးတော့ အပျင်းပြေစေသည်။
"ဒီမှာ စောင့်နေ... ငါ ခဏနေရင် ပြန်လာခဲ့မယ်" လော်ယွမ် ပြောပြီးနောက် အဝေးသို့ ထွက်ခွာသွားသည်။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ဗီဇပြောင်းလူသားမလေးက နောက်မှ လိုက်လာပြန်သည်။ လော်ယွမ် လက်ဟန်ခြေဟန်ဖြင့် မလိုက်ခဲ့ရန်နှင့် နားနေရန် ပြောလိုက်ရသည်။
ဗီဇပြောင်းလူသားမလေး၏ ဉာဏ်ရည်သည် သန္ဓေပြောင်းသားရဲများထက် ပိုမြင့်သည်။ လော်ယွမ်က အကြိမ်ကြိမ် ပြောပြပြီးနောက် သူမ နောက်ဆုံးတွင် နားလည်သွားပြီး လော်ယွမ်နောက်သို့ မလိုက်တော့ပေ။
သို့သော် သူမ၏ မျက်နှာတွင် စိတ်ပျက်မှုများ ပေါ်လွင်နေသည်။ ခေါင်းငိုက်စိုက်ကျလျက် သစ်ခွကြားတွင် အားငယ်စွာ ထိုင်နေပုံမှာ စွန့်ပစ်ခံထားရသော ကြောင်မလေးတစ်ကောင်နှင့် တူနေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သူမ၏ စိတ်ဓာတ် ပိုမို ကျဆင်းလာသည်။ သူမ သစ်ကိုင်းပေါ်သို့ ပြေးတက်ပြီး လော်ယွမ် ထွက်ခွာသွားရာ အရပ်ကို လှမ်းမျှော်ကြည့်ကာ အရိပ်အယောင် ရှာဖွေသည်။ သို့သော် ထပ်ဆင့်ပေါက်ရောက်နေသော သစ်ရွက်များသည် အစိမ်းရောင် ပိုက်ကွန်ကြီးတစ်ခုသဖွယ် ကွယ်ထားသဖြင့် ဘာမှ မမြင်ရပေ။
သူမ လာခဲ့သော လမ်းဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ရင်းနှီးသော ပတ်ဝန်းကျင် မရှိတော့ပေ။ အနီးနားရှိ တောင်ကုန်းများသည် သူမ၏ မျက်လုံးထဲတွင် အလွန် စိမ်းသက်နေသည်။ ဤလမ်းတစ်လျှောက် မည်မျှလောက်ဝေးဝေး ပြေးခဲ့မိမှန်း သူမ မသိတော့။ မနေ့ကစလို့ ယခုထိ ပြေးလွှားနေခဲ့ရသည်... ဗိုက်ဝရင် ပြေးသည်၊ နိုးလာရင် ပြေးသည်။
သူမ၏ လုံခြုံသော အသိုက်ကလေးကို စွန့်ခွာခဲ့ရသည်။ ရင်းနှီးသော ပတ်ဝန်းကျင်ကို စွန့်ခွာခဲ့ရပြီး မလုံခြုံဟု ခံစားရသော ဤရေပြင်ဒေသသို့ ရောက်ရှိနေသည်။ သစ်ကိုင်းပေါ်တွင် ထိုင်ရင်း ကြောက်ရွံ့သော မျက်နှာထားဖြင့် ရေအောက်ကို ငုံ့ကြည့်လိုက်သည်။ ရေအောက်တွင် ကြောက်မက်ဖွယ် သတ္တဝါအများအပြား လျင်မြန်စွာ ကူးခတ်နေကြသည်။ ထိုသတ္တဝါများသည် အချိန်မရွေး ခုန်တက်လာပြီး သူမကို တစ်လုတ်တည်း ဝါးစားပစ်လိုက်မည်ဟု ခံစားနေရသည်။ တွေးလေ ကြောက်လေ ဖြစ်လာပြီး အမြင့်ဆုံး သစ်ကိုင်းဖျားသို့ တက်ကာ သစ်ရွက်များကြားတွင် ပုန်းနေလိုက်သည်။
အထီးကျန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း စသည့် ခံစားချက်မျိုးစုံ သူမ ရင်ထဲတွင် ဖြစ်ပေါ်လာသည်။
သူမ ရုတ်တရက် အိမ်ပြန်ချင်စိတ် ပေါက်လာသည်။ ဤနေရာသည် သူမ နေချင်သောနေရာ မဟုတ်။ လမ်းခရီး အလွန်ဝေးကွာသော်လည်း လာလမ်းအတိုင်း ပြန်သွားလျှင် ရင်းနှီးသော ပတ်ဝန်းကျင်ကို ပြန်တွေ့နိုင်မည်။ ထိုနေရာသည် သူမ၏ ပိုင်နက်ဖြစ်ပြီး စိတ်ချမ်းသာဖွယ် ကောင်းသော သူမ၏ အသိုက်ကလေး ရှိသည်။ ထိုအသိုက်၏ ထောင့်တစ်နေရာတွင် သူမ စုဆောင်းထားသော တောက်ပသည့် လှပသော ရတနာလေးများ (သူမ လည်ပင်းတွင် ဆွဲထားသကဲ့သို့သော အရာများ) မြှုပ်နှံထားသည်...။
ထိုအချိန်တွင် မလှမ်းမကမ်းမှ အသံတစ်သံ ကြားလိုက်ရသည်။ သူမ နားစွင့်လိုက်ပြီး ခန္ဓာကိုယ်ကို ကွေးညွတ်ကာ ဘေးဘက်ရှိ ပိုမိုထူထပ်သော သစ်ရွက်များကြားသို့ အသံမထွက်ဘဲ ရွှေ့လိုက်သည်။ အဝေးမှ လာနေသော သက်ရှိသည် အလွန် လျင်မြန်စွာ ရွေ့လျားနေကြောင်း သူမ အာရုံခံမိသည်။
အဝေးမှ အနီးသို့ ရောက်လာရန် မျက်တောင် သုံးခါခတ်ချိန်သာ ကြာသည်။
သေစမ်း... ဒီဘက်ကို လာနေတာပဲ။
ဗီဇပြောင်းလူသားမလေး၏ မျက်လုံးထဲတွင် စိုးရိမ်မှုများ ဖြတ်သန်းသွားသည်။ သူမသည် ပိုမိုသေးငယ်သော သစ်ကိုင်းဖျားလေးများဆီသို့ လျင်မြန်စွာ တိုးကပ်သွားသည်။ ၎င်းက တောအုပ်ထဲတွင် အသက်ရှင်သန်ခဲ့ရသော သူမ၏ အဖိုးတန် အတွေ့အကြုံဖြစ်သည်။ ဤသေးငယ်သော သစ်ကိုင်းများသည် သူမ၏ ပေါ့ပါးသော ခန္ဓာကိုယ်ကိုသာ ခံနိုင်ရည်ရှိပြီး ကြီးမားသော သတ္တဝါများကို တားဆီးထားနိုင်သည်။ အကယ်၍ ဆာလောင်မွတ်သိပ်ပြီး ဇွတ်အတင်း လိုက်လာလျှင်လည်း သစ်ကိုင်း၏ ကန်အားကို အသုံးပြုပြီး ပိုဝေးသော နေရာသို့ ခုန်ကူးနိုင်သည်။
သို့သော် သူမ သစ်ကိုင်းဖျားသို့ မရောက်မီမှာပင် လူရိပ်တစ်ခု သူမ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
လေပြင်းများ မျက်နှာကို လာရိုက်ခတ်သဖြင့် သူမ ကြောက်လန့်ပြီး သစ်ကိုင်းကို ဖက်လျက် တောင့်သွားသည်။ နောက်တစ်ခဏတွင် သူမ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်လိုက်သည်။
ရောက်လာသူမှာ ရန်သူမဟုတ်၊ စောစောက ထွက်ခွာသွားသော ထူးဆန်းသည့် "မျိုးတူ" ဖြစ်နေသည်။
ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများသည် နှင်းများ အရည်ပျော်ကျသလို ပျောက်ကွယ်သွားပြီး ရင်ထဲမှ ဝမ်းသာမှုတစ်ခု လှိုက်တက်လာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ တစ်ကိုယ်လုံး ယားသလိုလို ကျင်သလိုလို ဖြစ်ပြီး လေပေါ်သို့ ပျံတက်သွားမတတ် ခံစားလိုက်ရသည်။
၎င်းကို အံ့သြဝမ်းသာခြင်းဟု ခေါ်မှန်း သူမ မသိပေ။ ဒါပေမဲ့ ကိစ္စမရှိ၊ သူမ ဤခံစားချက်ကို သဘောကျသည်။
သူ့လက်ထဲတွင် ကောင်အသားအပိုင်းအစများ ကိုင်ထားသည်ကို သူမ ချက်ချင်း သတိထားမိလိုက်သည်။ ဒီထူးဆန်းတဲ့ မျိုးတူက သူမကို ပစ်သွားတာ မဟုတ်ဘဲ အစာရှာထွက်သွားသည်ကိုး။ သူမ သစ်ရွက်ကြားမှ ခေါင်းပေါ်တည့်တည့် ရောက်နေသော နေကို မော့ကြည့်လိုက်သည်။ ဟုတ်သားပဲ၊ ဤထူးဆန်းသည့် မျိုးတူ ထမင်းစားချိန် ရောက်နေပြီပဲ။
"ရော့.. ဖမ်းလိုက်" ကြောင်တောင်တောင် ဖြစ်နေသော ဗီဇပြောင်းလူသားမလေးကို ကြည့်ရင်း လော်ယွမ်က တက်ကြွစွမ်းအင်ပုံဆောင်ခဲ တစ်ခု ပစ်ပေးလိုက်သည်။ သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်ကို သူ မသိသလို၊ ဗီဇပြောင်းလူသားမလေးများတွင်လည်း လူသားများနှင့် ဆင်တူသော ဦးနှောက်ဖွဲ့စည်းပုံ ရှိသည်ကို သူ သတိမထားမိပေ။
ဗီဇပြောင်းလူသားမလေးသည် အလိုအလျောက် လှမ်းဖမ်းလိုက်သည်။ သူမ ကြည့်လိုက်၊ နမ်းလိုက် လုပ်ကြည့်သည်။ ကျောက်တုံးလေးဆီမှ ထွက်ပေါ်လာသော ညှီစော်နံသည့် အနံ့သည် သူမ၏ ဗီဇစိတ်ကို လှုံ့ဆော်လိုက်ပြီး မျိုချချင်စိတ် ပေါ်လာစေသည်။ ထို့ကြောင့် သူမ ဗီဇစိတ်အတိုင်း မျိုချလိုက်သည်။
လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ သူမ၏ မျက်လုံးသူငယ်အိမ်သည် ရုတ်တရက် ကျယ်သွားပြီးနောက် လျင်မြန်စွာ ပြန်ကျုံ့သွားသည်။ တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံး နီရဲလာပြီး အပူချိန်များ မြင့်တက်လာသည်။
၎င်းက အဆင့် ၆ တက်ကြွစွမ်းအင်ပုံဆောင်ခဲ ဖြစ်ပြီး သန္ဓေပြောင်းငှက်တစ်ကောင်ထံမှ ရရှိခြင်း ဖြစ်သည်။ လော်ယွမ်က အသိုက်ထဲထိ ဝင်ရောက် တိုက်ခိုက်ပြီး သတ်ခဲ့ခြင်း ဖြစ်သည်။ သူ့အတွက်တော့ အဆင့်မမြင့်သော်လည်း အလျင်အမြန် ရှာဖွေရာတွင် ၎င်းကိုပဲ ရခဲ့သည်။
သို့သော် သူမ၏ အခြေအနေကို ကြည့်ရသည်မှာ အတော်လေး အစွမ်းထက်ပုံရသည်။
အစွမ်းထက်ရုံတင် မကပါ၊ အစစ်အမှန် ပြောင်းလဲမှုက အခုမှ စတင်တော့မည် ဖြစ်သည်။
ဗီဇပြောင်းလူသားမလေးများသည် လူသားများကဲ့သို့ မျိုးရိုးဗီဇ တည်ငြိမ်ခြင်း မရှိပေ။
သားရဲမျိုးရိုးဗီဇ ကျူးကျော်ဝင်ရောက်လာကတည်းက ဤသက်ရှိမျိုး၏ မျိုးရိုးဗီဇသည် အပေါက်အပြဲ ဖြစ်သွားသကဲ့သို့ အလွန် မတည်မငြိမ် ဖြစ်နေသည်။ ထို့ကြောင့် သူမသည် လူသားနှင့် မတူတော့သလို သန္ဓေပြောင်းသားရဲများကဲ့သို့ပင် အလွယ်တကူ ဆင့်ကဲပြောင်းလဲ နိုင်စွမ်း ရှိလာသည်။
သူမ တစ်ကိုယ်လုံး နီရဲလာသည်နှင့်အမျှ အကြေးခွံအရောင်များသည် မျက်စိရှေ့မှာပင် ရင့်လာသည်။ မကြာမီ ထိုအကြေးခွံဟောင်းများသည် အောက်မှ ထိုးထွက်လာသော အကြေးခွံအသစ်များကြောင့် ကွာကျကုန်သည်။
အသစ်ထွက်လာသော အကြေးခွံများသည် နီရဲနေပြီး မူလအကြေးခွံများထက် ပိုမိုနူးညံ့ကာ သိပ်သည်းသည်။ ကွာဟချက် လုံးဝမရှိပေ။ အဝေးမှ ကြည့်လျှင် အကြေးခွံများ ရှိနေသည်ဟု မထင်ရဘဲ ပုံမှန် လူသားအရေပြားနှင့် တူနေသည်။
သို့သော် မကြာမီ အကြေးခွံများ၏ အရောင်သည် ရင့်သွားပြီး မာကျောလာကာ အပြာနုရောင် ပြောင်းသွားသည်။
အကြေးခွံ ပြောင်းလဲမှုသည် သူမကို အနည်းငယ်သာ နာကျင်စေသော်လည်း နောက်ဆက်တွဲ ပြောင်းလဲမှုကတော့ လော်ယွမ် ကြည့်နေရင်းပင် ကိုယ်စားနာကျင်ရလောက်အောင် ဖြစ်စေသည်။ သူမ၏ တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးအက်သံများ ထွက်ပေါ်လာပြီး နာကျင်လွန်းသဖြင့် အော်ဟစ်နေရသည်။ ချွန်ထက်သော သွားစွယ်လေးနှစ်ချောင်း ပေါ်ထွက်လာပြီး လက်သည်းများဖြင့် သစ်ပင်အခေါက်များကို အတင်းကုတ်ဖဲ့နေသည်။
တက်ကြွစွမ်းအင်ပုံဆောင်ခဲကြောင့် ယခု ဆင့်ကဲပြောင်းလဲမှုသည် အလွန် ပြင်းထန်ပြီး ကြားခံနယ် မရှိဖြစ်သွားပုံ ရသည်။ ထို့အပြင် အစာအာဟာရ ဖြည့်တင်းမှု မရှိဘဲ ကမန်းကတန်း ပြောင်းလဲရခြင်းကြောင့် သူမ၏ ခန္ဓာကိုယ်သည် သန္ဓေပြောင်းသားရဲများကဲ့သို့ ကြီးမားလာခြင်း မရှိဘဲ ကျုံ့ဝင်သွားပြီး သေးငယ်သော ပုံစံသို့ ပြောင်းလဲသွားသည်။
မူလက အရပ် ၅ ပေ ၇ လက်မ ခန့် ရှိရာမှ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး ၅ ပေ ၂ လက်မ အောက် ရောက်သွားသည်။ နာရီဝက်ခန့် ကြာပြီးနောက် အတည်တကျ ဖြစ်သွားချိန်တွင် သူမ၏ အရပ်သည် ၄ ပေ ၁၁ လက်မ ခန့်သာ ကျန်တော့သည်။ သေးကွေးပြီး ချစ်စရာကောင်းသော ပုံစံဖြစ်သွားကာ လော်ယွမ်နှင့် ဝမ်ရှီရှီ စတွေ့တုန်းက ပုံစံနှင့်ပင် တူနေတော့သည်။
ဆက်ရန်...