အခန်း (၃၈၃-၃၈၄)
Vol. 20 Ch. 383-384
အပိုင်း (၃၈၃) တံငါသည်က အမြတ်ထွက်ခြင်း
ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားသောအခါ ဗီဇပြောင်းလူသားမလေးသည် မြေပြင်ပေါ်သို့ ခွေခွေလေး ပုံလျက်သား ကျသွားသည်။ တစ်ကိုယ်လုံး ရေချိုးထားသကဲ့သို့ ချွေးများဖြင့် ရွှဲနစ်နေပြီး သေးကွေးသော ခန္ဓာကိုယ်ကြောင့် အားနည်းပျော့ညံ့နေပုံ ပေါက်နေသည်။
သို့သော် လော်ယွမ်၏ အာရုံခံစားမှုထဲတွင်မူ သူမထံမှ ထွက်ပေါ်နေသော အလင်းရောင်မှိန်မှိန်လေးသည် ယခုအခါ အဆများစွာ ပိုမိုလင်းလက်လာသည်ကို ရှင်းလင်းစွာ "မြင်" နေရသည်။ သူမ၏ ပျော့ညံ့ပုံရသော အသွင်အပြင်အောက်တွင် ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်။
ထင်ထားသည့်အတိုင်းပင် စက္ကန့်ပိုင်းအတွင်း သူမ၏ အသက်ရှူသံ ပြန်လည်မှန်ကန်လာပြီး မောပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံး တက်ကြွလန်းဆန်းလာသည်။
ပြောင်းလဲမှုကြောင့် နာကျင်မှုများ ပျောက်ကွယ်သွားသည်နှင့် သူမသည် အကြေးခွံများ၏ ပြောင်းလဲမှုကို စူးစမ်းကြည့်ရှုရင်း စိတ်ဝင်စားမှု အာရုံပြောင်းသွားသည်။ ထို့နောက် သူမ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ မူလက ရိုးရှင်းသော လှုပ်ရှားမှု ဖြစ်သော်လည်း ယခုအချိန်တွင် သူမအတွက် အလွန် ခက်ခဲနေသည်။ ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားသဖြင့် လန့်ဖျပ်ကာ သစ်ကိုင်းကို အမြန်လှမ်းဆွဲလိုက်ရသည်။
လက်ချောင်းများ အနည်းငယ် အားထည့်လိုက်မိရာ လက်သည်းများသည် သစ်ခေါက်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။
လက်သည်းကို ပြန်ဆွဲထုတ်ပြီးနောက် သစ်ခေါက်ထဲသို့ ထပ်မံ ထိုးစိုက်ကြည့်သည်။ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက် ယခင်ကထက် ပိုမိုထက်မြက်လာသော လက်သည်းများကို ကြည့်ကာ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားရိပ်များ ယှက်သန်းလာပြီး မျက်လုံးများ အရောင်တောက်လာသည်။ သူမသည် သစ်ကိုင်းကို ကိုင်ကာ သတိကြီးစွာဖြင့် ရွေ့လျားကြည့်ပြီး ရုတ်တရက် တိုးပွားလာသော ခွန်အားကို ကျင့်သားရအောင် ကြိုးစားနေသည်။ ခန္ဓာကိုယ်သည် မကြာခဏ ယိုင်နဲ့နေပြီး ပြုတ်ကျလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့သော်လည်း သူမ၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။ အန္တရာယ်ရှိသည့် အချိန်တိုင်း သစ်ကိုင်းကို အချိန်မီ ဖက်တွယ်ထားနိုင်ခဲ့သည်။
ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ခံစားမိလာသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူမ၏ သတ္တိများ ပိုမိုကြီးမားလာပြီး အမှားလုပ်မိမည်ကို မကြောက်တော့ပေ။
အစပိုင်းတွင် သူမသည် သစ်ကိုင်းတစ်ခုတည်းပေါ်တွင် သတိထား၍ ခုန်ဆွခုန်ဆွ လုပ်နေသည်။
ဆယ်မိနစ်ခန့် ကြာသောအခါ သူမ၏ လှုပ်ရှားမှု နယ်ပယ် ကျယ်ပြန့်လာပြီး သစ်ပင်တစ်ပင်မှ တစ်ပင်သို့ စတင် ကူးသန်းခုန်ပျံလာသည်။
သူမသည် အကြိမ်ကြိမ် ခုန်ပျံရင်း မမောနိုင်မပန်းနိုင် စိတ်လှုပ်ရှားနေသည်။
သူမ၏ စွမ်းရည်များ ရုတ်တရက် တိုးပွားလာခြင်းကြောင့် ယခင်ကနှင့် ယှဉ်လျှင် သူမ၏ လှုပ်ရှားမှုများမှာ အနည်းငယ် တောင့်တင်းနေသည်ကို တွေ့ရသည်။ ခုန်လိုက်တိုင်း အားလွန်သွားခြင်း သို့မဟုတ် အားမလိုအားမရ ဖြစ်ခြင်းများ ရှိနေသည်။ ကံကောင်းသည်မှာ ဤနေရာတွင် သစ်ကိုင်းများ အဆင့်ဆင့်တည်ရှိနေသဖြင့် ပြုတ်ကျသွားလျှင်ပင် သူမ၏ အမြန်နှုန်းဖြင့် အောက်တစ်ဆင့်တွင် ခြေကုပ်ယူရန် နေရာ ရှာတွေ့နိုင်သည်။
ထို့အပြင် လော်ယွမ်ကလည်း ဘေးမှ စောင့်ကြည့်ပေးနေသည်။
ယခုတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုသည် သူမ၏ စွမ်းရည်များကို အဆမတန် တိုးပွားစေခဲ့သည်။ အမြန်နှုန်း သည် ၁၅ မှတ်နီးပါး ရှိလာပြီး ခွန်အားက ၁၆ မှတ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ခံနိုင်ရည်နှင့် အခြားသော ဘေးထွက်စွမ်းရည်များကို အပေါ်ယံကြည့်ရုံဖြင့် မသိနိုင်သော်လည်း တိုးပွားလာသည်မှာ သေချာသည်။
ဗီဇပြောင်းလူသားများသည် ဤကိစ္စရပ်တွင် ထူးခြားသော အားသာချက်ရှိသည်။ ဤကဲ့သို့သော စွမ်းရည်မှတ်များက ဆင့်ကဲပြောင်းလဲသူ များတွင်ဆိုလျှင် "စူပါ ဆင့်ကဲပြောင်းလဲသူ" စာရင်းထဲသို့ ထည့်သွင်းနိုင်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်ရှိ များပြားလှသော ဆင့်ကဲပြောင်းလဲသူများအကြားတွင် ဤကဲ့သို့ လူမျိုးမှာ လက်ချိုးရေ၍ ရလောက်အောင် ရှားပါးသည်။ လွန်ခဲ့သော နှစ်လက လော်ယွမ်၏ စွမ်းရည်သည် ဤပမာဏထက် အနည်းငယ်သာ ပိုခဲ့သည်ကို သတိပြုရမည်။
သို့သော် ဗီဇပြောင်းလူသားတစ်ဦးအတွက်မူ ဤသည်မှာ အဆင့် ၆ တက်ကြွစွမ်းအင်သလင်းကျောက် တစ်တုံး၏ ရလဒ်သာ ဖြစ်သည်။
တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ဤအချက်များမှလွဲ၍ ဗီဇပြောင်းလူသားမလေးသည် အခြား အထူးစွမ်းရည်များ ရရှိပုံမရပေ။ ရုပ်ပိုင်းဆိုင်ရာ သက်သက် ပြောင်းလဲလာသော ဆင့်ကဲပြောင်းလဲသူ တစ်ဦးနှင့် ပိုတူသည်။
.............................................................................................
သေချာသည်မှာ လော်ယွမ်၏ တိုက်ခိုက်စွမ်းရည်ကို စွမ်းရည်ကိန်းဂဏန်း သက်သက်ဖြင့် တိုင်းတာ၍ မရပေ။ ကျွမ်းကျင်အဆင့် ဓားသိုင်းပညာဖြင့် အားအင်အနည်းငယ်ကိုပင် အတိအကျ အသုံးချနိုင်ခြင်းနှင့် စိတ်စွမ်းအား၏ အထောက်အပံ့တို့သည် သူ၏ စွမ်းအားတွင် ကြီးမားသော အစိတ်အပိုင်းအဖြစ် ပါဝင်နေသည်။
ဥပမာအားဖြင့် တူညီသော စွမ်းရည်မှတ်တမ်း ရှိသော်လည်း လော်ယွမ်သည် လက်သီးတစ်ချက်တည်းဖြင့် တန်ချိန် ၂၀ ကျော်သော အားကို ထုတ်ဖော်နိုင်သည်။ စိတ်စွမ်းအား အထောက်အပံ့ပါ ပါဝင်လျှင် တိုက်ခိုက်မှု စွမ်းအားသည် ၂၀၊ ၃၀ ရာခိုင်နှုန်း ထပ်တိုးလာမည်။ သို့သော် သိပ္ပံနည်းကျ လေ့ကျင့်ထားခြင်း မရှိသော သာမန်လူတစ်ယောက်အတွက်မူ ၇ တန်၊ ၈ တန်လောက် ထုတ်ဖော်နိုင်ရန်ပင် မလွယ်ကူပေ။
ထို့အပြင် မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်သော ဓားရှည်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ အဆင့် ၇ သန္ဓေပြောင်းသတ္တဝါကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်ပေသည်။
.............................................................................................
အောက်ခြေထိ မြင်နေရသော ကြည်လင်သည့် ရေကန်၊ ယိမ်းနွဲ့နေသော ရေမှော်ပင်များ၊ အုပ်စုလိုက် သွားလာနေသော ငါးအုပ်များ၊ ကောင်းကင်ကို ဖုံးအုပ်ထားသော စိမ်းလန်းစိုပြည်သည့် သစ်ရွက်အုပ်များနှင့် သစ်ရွက်ကြားမှ ထိုးဖောက်ကျလာသော အလင်းတန်းများ။
ဤနေရာမှ အန္တရာယ်များကို ခေတ္တမေ့ထားလိုက်မည်ဆိုလျှင် ပတ်ဝန်းကျင် ရှုခင်းသည် အလွန်လှပသည်ဟု ဆိုရမည်။
သို့သော် ထိုအထဲတွင် ရှိနေသော လော်ယွမ်နှင့် ဗီဇပြောင်းလူသားမလေးတို့သည် ထိုအလှတရားကို ခံစားလိုစိတ် မရှိကြပေ။ ယနေ့ အတော်ကြာကြာ အနားယူပြီးပြီဖြစ်သဖြင့် နေ့လယ်စာကို ရိုးရှင်းစွာ စားသောက်ပြီးနောက် နှစ်ယောက်သား ခရီးဆက်ခဲ့ကြသည်။
ရှေ့သို့ ဆက်သွားလေ ရေသည် ပိုမိုနက်ရှိုင်းလာလေ ဖြစ်သည်။ သစ်ပင်တစ်ပင်နှင့် တစ်ပင် အကွာအဝေးသည်လည်း ကျဲပါးလာပြီး တစ်ခါတစ်ရံ မိုင်ဝက်ခန့်မှ ၂မိုင်ကျော်အထိ ကွာဝေးလာသဖြင့် ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
သေဆုံးနေသော သစ်ပင်များကို မကြာခဏ တွေ့မြင်ရသည်။ ထိုသစ်ပင်သေများ၏ အခေါက်များမှာ ဆွေးမြည့်ကွာကျနေပြီး ကျောက်တိုင်ကြီးများ ရေထဲတွင် စိုက်ထူထားသကဲ့သို့ မည်းနက်ပြောင်လက်နေသည်။
အချို့သော သစ်ပင်များသည် လုံးဝ လဲပြိုနေပြီး နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်ရှုပ်ထွေးနေသော အမြစ်ကြီးများသည် လေထဲတွင် လက်သည်းများ ဖြန့်ကားထားသကဲ့သို့ ဖြစ်နေသည်။
အချို့သစ်ပင်များမှာမူ ဇွဲကောင်းကောင်းဖြင့် ရှင်သန်နေဆဲ ဖြစ်သော်လည်း နေရောင်ခြည် မရရှိသဖြင့် ကြာကြာခံမည် မဟုတ်ပေ။
ဤနေရာရှိ သစ်ပင်တိုင်းသည် အလွန် ကြီးမားလှသည်။ သစ်ပင်တစ်ပင်တည်းဖြင့် သစ်တောအုပ်တစ်ခု ဖြစ်ပေါ်နေသကဲ့သို့ ကြီးမားလှသော သစ်ရွက်အုပ် အမိုးအကာသည် ကီလိုမီတာ အနည်းငယ် ဧရိယာကို လွယ်ကူစွာ လွှမ်းခြုံထားနိုင်သည်။
သစ်ပင် အပိုင်းအစများနှင့် လဲပြိုနေသော သစ်ပင်ကြီးများကို ကြည့်ခြင်းအားဖြင့် ဤရေပြင်သည် အလွန် အန္တရာယ်များကြောင်း သိသာထင်ရှားနေသည်။
၎င်းတို့ကို လမ်းတစ်လျှောက်တွင် သူ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။
ရုတ်တရက် ဖြစ်ပေါ်လာသော ရေဝဲကြီးများ၊ ရေအောက်မှ တိတ်တဆိတ် ဖြတ်သန်းသွားသော အရိပ်မည်းကြီးများကြောင့် လော်ယွမ်၏ မျက်နှာအမူအရာမှာ လေးနက်နေသည်။
ဤရေနေ သန္ဓေပြောင်းသတ္တဝါများသည် အဆင့်မမြင့်မားသော်လည်း ရေ၏ ပင့်တင်အားသည် လေထက် များစွာ ပိုမိုကြီးမားသဖြင့် ကုန်းနေသတ္တဝါများနှင့် နှိုင်းယှဉ်လျှင် ပို၍မြန်ဆန်အောင် လှုပ်ရှားနိုင်သည်။ ကုန်းနေသတ္တဝါများ၏ အရွယ်အစားသည် ရေနေသတ္တဝါများနှင့် ယှဉ်လျှင် ဘာမျှမဟုတ်ပေ။ ရေနေသတ္တဝါ တစ်ကောင်ချင်းစီသည် အလွန်ကြီးမားကြသည်။ ၎င်းတို့၏ အရွယ်အစားကို ကန့်သတ်ထားသည်မှာ ရေအနက်၊ ရေပြင်အကျယ်အဝန်းနှင့် အစာရေစာ ပေါများမှုတို့သာ ရှိလိမ့်မည်။
(ကုန်းပေါ်မှာ လေရဲ့ပင့်တင်အား ရှိသလို ရေထဲမှာက ရေရဲ့ပင့်တင်အားရှိပါတယ်။ ကုန်းရော ရေရောမှာ မြေဆွဲအားရှိပေမယ့် ရေရဲ့ပင့်တင်အားက အလွန်ကြီးတဲ့အတွက် မြေဆွဲအားကို အနည်းဆုံးထိ ချေဖျက်ပေးနိုင်ပြီး ဘယ်လောက်ပဲ ခန္ဓာကိုယ်ကြီးတဲ့ ရေသတ္တဝါဖြစ်ဖြစ် ရေထဲမှာ အလွန်မြန်ဆန် ပေါ့ပါးစွာ လှုပ်ရှား၊ ရွေ့လျား၊ တိုက်ခိုက်နိုင်ပါတယ်)
ထို့အပြင် ထူးခြားသော ရေအောက် ပတ်ဝန်းကျင်ကြောင့် ၎င်းတို့ကို ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ တိုက်ခိုက်ခံရပါက လော်ယွမ်၏ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမှာ အကန့်အသတ်ရှိသည်။
ညနေ ၃ နာရီခန့်တွင် အဆင့် ၇ သန္ဓေပြောင်းသတ္တဝါကြီး နှစ်ကောင် တိုက်ခိုက်နေသည်ကို လော်ယွမ် အဝေးမှ လှမ်းမြင်လိုက်ရသည်။
တစ်ကောင်မှာ အမြီးနှင့် ခြေလက်များ ပြားကပ်နေပြီး ထက်မြက်သော သွားများနှင့် ပါးစပ်ပေါက်ကြီး ပါရှိသည့် ပုတ်သင်ညို ပုံသဏ္ဍာန် ရေနေသတ္တဝါကြီး ဖြစ်သည်။ အခြားတစ်ကောင်မှာမူ သန်မာထွားကြိုင်းသော ရွှေရောင် ငှက်ကြီးဖြစ်ပြီး အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသော အမြီးမွေး ၃ ချောင်းကြောင့် အလွန် ဆန်းကြယ်ပုံ ပေါက်နေသည်။
ရွှေရောင် ငှက်ကြီးသည် ဝေဟင်တွင် အဆက်မပြတ် ဝဲပျံနေသည်။ ၎င်း၏ တောင်ပံဖြန့်ကျက်မှုသည် ပေ ၃၀၀ ခန့် ရှိပြီး ဝဲပျံနေချိန်တွင် ကောင်းကင်ယံ၌ အရိပ်ကြီးတစ်ခု လွှမ်းမိုးသွားသည်။ သို့သော် ထိုမျှကြီးမားသော အရွယ်အစားသည် ပုတ်သင်ညိုပုံသဏ္ဍာန် ရေနေသတ္တဝါကြီးနှင့် ယှဉ်လိုက်လျှင် သေးငယ်သွားသည်။ တောင်ပံများကို ဖယ်လိုက်ပါက ၎င်း၏ ခန္ဓာကိုယ်သည် ပုတ်သင်ညိုကြီး၏ ခေါင်းလောက်သာ ရှိသည်။
သို့သော် ရွှေရောင် ငှက်ကြီး၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး အလင်းတန်း၊ လျှပ်စီးတန်း ပမာ ဖြစ်သည်။
ဤတိုက်ပွဲတွင် ငှက်ကြီးက အသာစီး ရနေပုံ ပေါ်သည်။
ရွှေရောင် ငှက်ကြီး အရှိန်ပြင်းပြင်းဖြင့် ထိုးဆင်းလိုက်တိုင်း လေထဲတွင် အသံလှိုင်းပေါက်ကွဲမှု တစ်ခု ကျန်ရစ်ခဲ့သည်။ လော်ယွမ်၏ မျက်လုံးထဲတွင်ပင် ၎င်း၏ အရှိန်သည် အရိပ်တစ်ခုကဲ့သို့ လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်း၏ ခြေသည်းများသည် ရေနေသတ္တဝါကြီး၏ မျက်လုံးကို ကုတ်ခြစ်လိုက်သည်။ ရေနေသတ္တဝါကြီးက အစွမ်းကုန် ရှောင်တိမ်းသော်လည်း အမြဲတမ်း သွေးကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။
ရေနေသတ္တဝါကြီး၏ မျက်လုံးတစ်ဖက် ကန်းသွားပြီး ဦးခေါင်းခွံမှ အရေပြားများ စုတ်ပြဲကာ သွေးသံရဲရဲ ဖြစ်နေသည်ကို လော်ယွမ် သတိပြုမိလိုက်သည်။ ကျောက်စိမ်းဖြူရောင် ဦးခေါင်းခွံရိုးကိုပင် မြင်နေရပြီ ဖြစ်သည်။
ပြင်းထန်သော နာကျင်မှုကြောင့် ပုတ်သင်ညိုသတ္တဝါကြီးသည် ဒေါသတကြီး ဖြစ်ကာ ရေပြင်ကို မွှေနှောက်လိုက်သည်။ လှုပ်ရှားလိုက်တိုင်း မိုးထိအောင် မြင့်မားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေပြီး တန်ချိန် သောင်းချီသော ရေများကို လေထဲသို့ ပင့်တင်လိုက်သည်။ ရေကန်တစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်နေပြီး ကီလိုမီတာ အနည်းငယ် ဝေးသော နေရာတွင် ရှိနေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ခံစားရသည်။
ရွှေရောင် ငှက်ကြီးက အသာစီးရပြီး ရေနေသတ္တဝါကြီးက ပြန်မတိုက်နိုင်သကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုသို့ မဟုတ်ပေ။ ရေနေသတ္တဝါကြီးသည် ကြည့်ရဆိုးသော်လည်း အသက်အန္တရာယ် မရှိသော ဒဏ်ရာငယ်များသာ ရရှိထားခြင်း ဖြစ်သည်။ အကယ်၍ မနိုင်တော့လျှင် ရေနက်ထဲသို့ ဝင်ရောက် ပုန်းအောင်းနိုင်သည်။
ငှက်ကြီးမှာမူ အသာစီးရနေသော်လည်း အမှားတစ်ချက် လုပ်မိသည်နှင့် ပြန်လမ်းမဲ့သွားနိုင်သည်။
ထို့အပြင် ရေနေသတ္တဝါကြီးသည် အပြင်ပန်းတွင် ဒေါသထွက်နေပုံ ပေါက်သော်လည်း တကယ်တမ်းတွင် ထိုမျှ ဒေါသထွက်နေခြင်း မဟုတ်ကြောင်း လော်ယွမ် သတိထားမိသည်။ ရွှေရောင် ငှက်ကြီး တိုက်ခိုက်တိုင်း ၎င်း၏ ပါးစပ်ပေါက်ကြီးက ငှက်ကြီး လာရာလမ်းကြောင်းဘက်သို့ တိတ်တဆိတ် ရွေ့လျားသွားသည်ကို လော်ယွမ် မြင်နေရသည်။
၎င်းက သည်းခံစိတ် အလွန်ရှိသော မုဆိုးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ဒေါသထွက်ပြနေခြင်းသည် ရန်သူ၏ သတိကို လျှော့ချရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သူသည် အကောင်းဆုံး အခွင့်အရေးကို စောင့်ဆိုင်းနေပုံ ရသည်။
ထင်ထားသည့်အတိုင်းပင် စက္ကန့် ၃၀ အကြာ၌ ရွှေရောင် ငှက်ကြီးက လျှပ်စီးလက်သကဲ့သို့ ထိုးဆင်းလာသောအခါ ရေနေသတ္တဝါကြီးသည် ရုတ်တရက် ခေါင်းကို လှည့်၍ ငှက်ကြီးကို ကိုက်ချလိုက်သည်။ ဤသည်မှာ လော်ယွမ် မြင်ဖူးသမျှ ၎င်း၏ တစ်ကြိမ်တည်းသော တိုက်ခိုက်မှု ဖြစ်သည်။ "အခွင့်မကြုံလျှင် ငြိမ်နေပြီး၊ အခွင့်ကြုံသည်နှင့် ချက်ကောင်းကွက်တိ" ဆိုသည်ကို လက်တွေ့ပြသလိုက်ခြင်း ဖြစ်သည်။
ရွှေရောင် ငှက်ကြီးက အခြေအနေ မဟန်သည်ကို သိလိုက်ပြီး အတောင်ပံကို အပြင်းအထန် ခတ်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
အလွန်မြန်ဆန်သော အရှိန်သည် တိုက်ခိုက်ရာတွင် အားသာချက် ဖြစ်သော်လည်း ရပ်တန့်ရန် ခက်ခဲစေသည်။ သွေးရဲရဲ ပါးစပ်ပေါက်ကြီးဆီသို့ မိမိခန္ဓာကိုယ် တိုးဝင်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်း၏ ခြေထောက်နှစ်ချောင်းကို ပါးစပ်ပေါက်ကြီးက အရင်းကနေ ကိုက်ခဲထားလိုက်သည်။
ရွှေရောင် ငှက်ကြီး လန့်ဖျပ်သွားပြီး အတောင်ပံများကို အသေအလဲ ခတ်လိုက်ရာ ကြောက်မက်ဖွယ် လေဖိအားကြောင့် ရေမျက်နှာပြင်တွင် မီတာ ရာချီကျယ်သော ပန်းကန်လုံးပုံသဏ္ဍာန် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ တစ်ချိန်တည်းမှာပင် လှံကဲ့သို့ ချွန်ထက်သော နှုတ်သီးဖြင့် ရေနေသတ္တဝါကြီး၏ နဖူးကို အသေအလဲ ထိုးစိုက်လိုက်သည်။
သေခါနီး ငှက်ကြီး၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်သည်။ "ဂျွတ်" ဟူသော အသံနှင့်အတူ ရေနေသတ္တဝါကြီး၏ ဦးခေါင်းတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး မီးခိုးရောင်သန်းသော အနီရောင် ဦးနှောက်အရည်များ စီးကျလာသည်ကို လော်ယွမ်၏ မျက်လုံးက ရှင်းလင်းစွာ မြင်လိုက်ရသည်။
အခြေအနေသည် ရုတ်ခြည်း ပြောင်းလဲသွားသည်။ အစပိုင်းတွင် ရေနေသတ္တဝါကြီး၏ ပြီးပြည့်စုံသော ခြုံခိုတိုက်ခိုက်မှု ဖြစ်သော်လည်း ယခုအခါ နှစ်ဖက်စလုံး အကြီးအကျယ် ဒဏ်ရာရသွားကြပြီ ဖြစ်သည်။
ရေနေသတ္တဝါကြီးသည် နာကျင်လွန်းသဖြင့် လူးလိမ့်သွားပြီး ရွှေရောင် ငှက်ကြီးကို ရေထဲသို့ ဆွဲချသွားသည်။ သတ္တဝါကြီးနှစ်ကောင် ရေထဲတွင် ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်ကြရာ ရေကန်တစ်ခုလုံး တဝုန်းဝုန်းဖြစ်နေသည်။
လော်ယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ မူလက သူသည် ဘေးမှ ကြည့်နေရုံသာ ရည်ရွယ်ခဲ့ပြီး ဝင်ပါရန် စိတ်ကူးမရှိခဲ့ပေ။
ပျံသန်းသော သတ္တဝါနှင့် ရေနေသတ္တဝါ နှစ်မျိုးစလုံးသည် ရန်ဆိုင်ရန် ခက်ခဲပြီး အနည်းငယ် ပေါ့ဆမိပါက မိမိပါ ဒုက္ခရောက်သွားနိုင်သည်။ သို့သော် ယခုအခါ သတ္တဝါကြီးနှစ်ကောင် ရေထဲတွင် လုံးထွေးသတ်ပုတ်နေကြပြီး ခွဲမရအောင် ဖြစ်နေသည်။ အဆင့် ၇ သန္ဓေပြောင်းသတ္တဝါများ၏ ကြောက်မက်ဖွယ် အသက်ပြင်းမှုကြောင့် အချိန်တိုအတွင်း အနိုင်အရှုံး ပေါ်မည် မဟုတ်ပေ။ ဤမျှကောင်းသော အခွင့်အရေးကို လက်လွှတ်လိုက်လျှင် အလွန် နှမြောစရာ ကောင်းပေလိမ့်မည်။
သူ စနစ် ၏ မစ်ရှင် သတင်းအချက်အလက်ကို ကြည့်လိုက်ရာ ကံကောင်းထောက်မစွာဖြင့် မစ်ရှင် မပျောက်ကွယ်သေးကြောင်း တွေ့ရသည်။ အခွင့်အရေး ရှိသေးသည်။ သူ မစ်ရှင်ကို အမြန် လက်ခံလိုက်သည်။
ထို့နောက် သစ်ကိုင်းကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ရာ ခန္ဓာကိုယ်သည် လျှပ်စီးတန်းကဲ့သို့ ပြေးထွက်သွားသည်။
အနီးအနားရှိ ဗီဇပြောင်းလူသားမလေးသည် ပျံသန်းထွက်ခွာသွားသော လော်ယွမ်ကို ကြည့်ပြီး တခွီးခွီး အသံများ ပြုကာ သစ်ကိုင်းများပေါ်တွင် လက်ရောခြေပါ အသုံးပြု၍ လော်ယွမ်နောက်သို့ လိုက်ရန် ကြိုးစားလေသည်။
.......................................................................................
စက္ကန့် ၃၀ အကြာတွင် လော်ယွမ်သည် သတ္တဝါကြီးနှစ်ကောင် တိုက်ခိုက်နေသော ရေပြင်အထက်သို့ ရောက်ရှိလာသည်။ ရေလှိုင်းကြီးများ ထန်နေပြီး ရေပန်းကြီးများ ပေ ၃၀ ကျော်အထိ မြင့်တက်နေသည်။ မူလက ကြည်လင်နေသော ရေကန်သည် နောက်ကျိနေပြီ ဖြစ်သည်။
ရေထဲမှ သွေးညှီနံ့သင်းသင်းကို ရလိုက်သည်နှင့် လော်ယွမ် အချိန်မဆွဲရဲတော့ဘဲ ရေမျက်နှာပြင်ပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်သည်။
လော်ယွမ်သည် ရေအောက်ရှိ သတ္တဝါကြီးနှစ်ကောင်၏ တည်နေရာကို အာရုံခံလိုက်သည်။ ဤရေကန်သည် အလွန်နက်ရှိုင်းပြီး အနက်ဆုံးနေရာကို သူ၏ အာရုံခံစားမှုဖြင့်ပင် အောက်ခြေထိ မရောက်နိုင်ပေ။ သို့သော် သတ္တဝါကြီးနှစ်ကောင်သည် ရေမျက်နှာပြင်အောက် ပေ ၃၀ခန့်တွင် ရှိနေကြောင်း သူ အာရုံခံမိသည်။
သို့သော် ဤအကွာအဝေးသည် လော်ယွမ်အတွက် ဝေးလွန်းနေသေးသည်။ ထိရောက်စွာ တိုက်ခိုက်နိုင်ရန် ရေထဲသို့ စွန့်စားဝင်ရောက်ရမည် ဖြစ်သည်။ ဤသည်မှာ အလွန် အန္တရာယ်များသည်။ သတ္တဝါကြီးနှစ်ကောင် ရေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် ရေစီးကြောင်းများ ရှုပ်ထွေးနေပြီး ရေအောက်မိုင်းများ ပေါက်ကွဲနေသကဲ့သို့ ရေလှိုင်းဖိအားများ ဖြစ်ပေါ်နေသည်။
ရေထဲသို့ ဝင်ရောက်လိုက်ပါက အနားကပ်ရန်ပင် ခက်ခဲလိမ့်မည်။
ကံကောင်းသည်မှာ ၎င်းတို့၏ တည်နေရာက အမြဲတမ်း လျင်မြန်စွာ ပြောင်းလဲနေခြင်းပင်။ မုဆိုးကောင်း တစ်ယောက်အနေဖြင့် သူ မည်မျှပင် စိတ်လောနေပါစေ အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမည် ဖြစ်သည်။
နောက်ဆုံးတွင် ၁၀ စက္ကန့်ကျော်အကြာ၌ ရေမျက်နှာပြင် ရုတ်တရက် လှုပ်ခါသွားပြီး လော်ယွမ်၏ ဘေးနားတွင် ကြီးမားသော ရေပန်းကြီးတစ်ခု ထိုးတက်လာရာ လော်ယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ မျက်စိတစ်မှိတ် လျှပ်စီးလက်သည့် အချိန်အတွင်း ကျန်းမာတောက် ကို ဆွဲထုတ်လိုက်ပြီး ရေအောက်သို့ ချိန်ရွယ်ကာ အရှိန်ပြင်းပြင်းဖြင့် ခုတ်ပိုင်းလိုက်သည်။ အသက်တစ်ကြိမ်ရှူစာအတွင်း ဓားချက်ပေါင်း ရာချီ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။
နောက်တစ်ခဏတွင် ရေမျက်နှာပြင် ဆူပွက်သွားပြီး သွေးများ ရေပန်းနှင့်အတူ ပါလာကာ ရေပြင်တစ်ခုလုံး သွေးချင်းနီသွားသည်။
သွေးများနှင့်အတူ ရွှေရောင် အတောင်ပံတစ်ပိုင်းလည်း ပေါ်လာသည်။
အတောင်ပံ၏ ဖြတ်ရာမှာ ညီညာချောမွေ့နေပြီး ကျန်းမာတောက်ဓား၏ "လေဟာနယ်ပိုင်းဖြတ်အစွမ်း" ကြောင့် ဖြစ်ကြောင်း သိသာထင်ရှားသည်။
မကြာမီ ရေပေါ် ပေါ်လာသော အရာများ ပိုမိုများပြားလာသည်။ ငှက်မွေးများ၏ ပေါလောပေါ်နိုင်စွမ်းကြောင့် အများစုမှာ ရွှေရောင် ငှက်ကြီး၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
၁၀ မိနစ်ခန့်အကြာတွင် ရေမျက်နှာပြင် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ မကြာမီ မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးသံ ထွက်ပေါ်လာသည်။ လော်ယွမ် သက်ပြင်းချလိုက်သည်။ အဝေးမှ အရိပ်မည်းများစွာ ဤနေရာသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသဖြင့် သူသည် လေပေါ်သို့ ခုန်တက်ပြီး အပေါ်ဘက်ရှိ သစ်ကိုင်းဆီသို့ ပြန်လည် ပျံသန်းသွားတော့သည်။
ဆက်ရန်...
အပိုင်း (၃၈၄) လေးဘက်မြင်
လော်ယွမ်သည် သူ၏ အတွေ့အကြုံရမှတ် များကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်လက်ပေါ့ပါးသွားရသည်။ အဆင့်တက်ရန် လိုအပ်သော ရမှတ်များမှာ ၁၉၇,၅၂၀/၃၀၇,၂၀၀ သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် မစ်ရှင် သုံးခု၊ လေးခုခန့် ပြီးမြောက်ပါက သူ နောက်ထပ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ "ရေဖွတ်နဂါး" ဟုခေါ်သော ရေအောက်သတ္တဝါကြီးကို သတ်ဖြတ်ရာတွင် ပြီးပြည့်စုံသော သတ်ဖြတ်မှု မဖြစ်ခဲ့သည့်အတွက် အခြေခံရမှတ်သာ ရရှိခဲ့ခြင်းပင်။ သို့မဟုတ်ပါက အတွေ့အကြုံရမှတ် ၁၉,၂၀၀ ခန့် ပိုမိုရရှိနိုင်မည် ဖြစ်သည်။
သို့သော် ဤမစ်ရှင်သည် အလကားရလိုက်သလို အားစိုက်ထုတ်ရခြင်း မရှိသည့်အတွက် လော်ယွမ် သိပ်ပြီး ဗွေမယူတော့ပေ။
ထိုစဉ် ငြိမ်သက်စပြုနေသော အောက်ဘက်ရှိ ရေပြင်သည် ပြန်လည်လှုပ်ခတ်လာကာ လှိုင်းလုံးများ ထန်လာပြီး ရေပွက်များ ဆူဝေလာပြန်သည်။ ကြီးငယ်မဟူသော ငါးအုပ်ကြီးများသည် ဒီရေအလား ထိုနေရာသို့ စုရုံးရောက်ရှိလာကြသည်။ ငါးတစ်ကောင်ချင်းစီသည် ကြမ်းတမ်းခက်ထန်သော ပုံစံများ ရှိကြပြီး အပေါ်စီးမှ ကြည့်လိုက်လျှင် ရေကန်တစ်ခုလုံး မင်ရည်လောင်းချထားသကဲ့သို့ မည်းနက်သွားသည်ကို တွေ့ရသည်။
ရွှေရောင်ငှက်ကြီးမှာမူ အလွန်ထူးခြားဆန်းပြားလှသည်။ အထူးသဖြင့် အပြာရောင်အလင်းတန်းများ ဖြာထွက်နေသော အမြီးပိုင်းမှ အမွေးသုံးချောင်းမှာ လော်ယွမ်ကို အမှတ်သညာ ထင်ကျန်ရစ်စေခဲ့သည်။ မူလက လော်ယွမ်သည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော ထိုငှက်၏ အမြီးပိုင်းတစ်စကို ဆယ်ယူပြီး အသုံးဝင်မဝင် စစ်ဆေးကြည့်လိုသော်လည်း ယခုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဉာဏ်ရှိစွာဖြင့်ပင် လက်လျော့လိုက်တော့သည်။
ကောင်းကင်တွင် ဖြစ်စေ၊ ရေထဲတွင် ဖြစ်စေ သူ၏ လှုပ်ရှားသွားလာနိုင်စွမ်းမှာ များစွာ လျော့ကျသွားတတ်ရာ ရန်သူ့အတွက် ပစ်မှတ်ငြိမ်တစ်ခု ဖြစ်သွားနိုင်သည်။ သတိတစ်ချက် လွတ်လိုက်သည်နှင့် အန္တရာယ်တွင်းထဲ ကျရောက်သွားနိုင်ချေ ရှိသည်။ ဤလူသူကင်းမဲ့သော တောနက်ထဲတွင် ထိုကဲ့သို့ ထူးခြားဆန်းပြားသော ပစ္စည်းများကို တွေ့ရတတ်စမြဲ ဖြစ်သော်လည်း အသက်က တစ်ချောင်းသာ ရှိသည် မဟုတ်ပါလား။ မဖြစ်မနေ အခြေအနေမျိုး မဟုတ်ဘဲနှင့်တော့ မိမိအသက်ကို စွန့်စားမခံလိုပေ။
...................................................................................................
လော်ယွမ်သည် မလှမ်းမကမ်းရှိ ခြုံပုတ်ထဲတွင် ပုန်းအောင်းနေသော ဗီဇပြောင်းလူသားမလေးကို လက်ယပ်ခေါ်လိုက်သည်။
ဗီဇပြောင်းလူသားမလေးမှာ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေပြီး အတော်ကြာမှ ခန္ဓာကိုယ်ကို ကိုင်းညွတ်လျက် သတိကြီးစွာဖြင့် သူ့ထံသို့ တွားသွားကာ လာလေသည်။
သူမ၏ ပုံစံကို ကြည့်ပြီး လော်ယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ တကယ်လို့များ ငါက နင့်ကို ဒုက္ခပေးချင်တယ်ဆိုရင် နင်ဘယ်ကမ္ဘာ်ပဲ သတိထားနေပါစေ အလကားပဲလေ... ဟု တွေးလိုက်မိသည်။
"ထိုင်..." လော်ယွမ်က ကိုယ်တိုင် သရုပ်ပြရင်း ပြောလိုက်သည်။
သူမက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး ဘာမှတုံ့ပြန်မှု မရှိသည့်အပြင် သတိထားသည့်ပုံစံဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားသေးသည်။
သူမ နားမလည်ဟု ယူဆကာ လော်ယွမ်က စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံ သရုပ်ပြလိုက်သည်။
ဗီဇပြောင်းလူသားမလေးမှာ တွေဝေနေပြီး အတော်ကြာမှ သစ်ကိုင်းတစ်ခုပေါ်တွင် လော်ယွမ်ကဲ့သို့ ဝင်ထိုင်လိုက်သည်။ သို့သော် သူမသည် အပြည့်အဝ ထိုင်ချလိုက်ခြင်း မဟုတ်ဘဲ တင်ပါးကို သစ်ကိုင်းနှင့် မထိတထိသာကပ်ပြီး တစ်ကိုယ်လုံး တောင့်တင်းနေသည်။ ထိုင်ပြီး စက္ကန့်ပိုင်းအကြာမှာပင် ဘေးပတ်ဝန်းကျင်ကို မကြာခဏ ဝေ့ဝဲကြည့်ရှုနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။
လော်ယွမ် သူမကို တစ်ချက်ကြည့်လိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားသည်။ ဗီဇပြောင်းလူသားမလေးသည် တောထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် အန္တရာယ်ကို အချိန်ပြည့် သတိထားနေခြင်းမှာ သူမ၏ သဘာဝဗီဇလို ဖြစ်နေချေပြီ။ လူသားတို့၏ စိတ်ကိုလျှော့ပြီး အနားယူသည့် ပုံစံမျိုးဖြင့် ထိုင်လိုက်ပါက အန္တရာယ်နှင့် ကြုံလာသည့်အခါ တိုက်ခိုက်ရန်ဖြစ်စေ၊ ထွက်ပြေးရန်ဖြစ်စေ တုံ့ပြန်ချိန် နှေးကွေးသွားနိုင်ရာ ဤအချက်က သူမအား လုံခြုံမှုမရှိသလို ခံစားရစေသည်မှာ အသေအချာပင်။
လော်ယွမ်လည်း အတင်းအကြပ် မခိုင်းစေတော့ဘဲ ကျောပိုးအိတ်ကို ဖွင့်ကာ ရေတစ်ပုလင်း ပစ်ပေးလိုက်သည်။
ဗီဇပြောင်းလူသားမလေးက လှမ်းဖမ်းလိုက်ပြီး တစ်ဆက်တည်းမှာပင် ထိုင်နေရာမှ ဆောင့်ကြောင့်ထိုင်သည့် ပုံစံသို့ ပြောင်းလဲလိုက်သည်။ သူမသည် လော်ယွမ်ကို တစ်ချက် အကဲခတ်ကြည့်ရာ လော်ယွမ်က ဘာမှဆက်မပြောတော့သည်ကို တွေ့မှ သက်ပြင်းချလိုက်ပြီး တစ်ကိုယ်လုံး လျှော့ချလိုက်တော့သည်။
လော်ယွမ်လည်း သူမကို ဂရုမစိုက်တော့ဘဲ အိတ်ထဲမှ မြေပုံကို ထုတ်ကာ ဆက်သွားရမည့် ခရီးလမ်းနှင့် ပင်လယ်ရေကြောင်းခရီးအကြောင်းကို သေချာလေ့လာနေလိုက်သည်။
ကုန်းလမ်းခရီးတွင် စိတ်ကြိုက် လျှောက်သွားနိုင်ပြီး နောက်ဆုံးတွင် လိုရာခရီးရောက်လျှင် ပြီးပြီဟု ဆိုနိုင်သော်လည်း ပင်လယ်ရေကြောင်းခရီးမှာမူ အမှားအယွင်း အနည်းငယ်မျှပင် ခံမည်မဟုတ်ပေ။ ပင်လယ်ပြင်သည် ကျယ်ပြောလှသည်သာမက လမ်းကြောင်းမှတ်သားစရာ ဘာမှမရှိပေ။
ထို့ကြောင့် ကြိုတင်စီစဉ်ထားသော ဦးတည်ချက်အတိုင်း တိကျစွာ သွားလာရမည်ဖြစ်ပြီး လမ်းခရီးတွင် ခေတ္တနားခိုရန်နှင့် ရိက္ခာဖြည့်တင်းရန် စီစဉ်ထားသော ကျွန်းငယ်လေးများကို လွဲချော်သွား၍ မဖြစ်ပေ။
ဗီဇပြောင်းလူသားမလေးသည် ရေပုလင်းကို ကြည့်လိုက်သည်။ သူမသည် လော်ယွမ်၏ လုပ်ဆောင်ပုံကို မြင်ဖူးထားသဖြင့် အတွေ့အကြုံ အနည်းငယ် ရှိနေပြီဖြစ်သည်။ ဒီတစ်ခါတွင် ပလပ်စတစ်ပုလင်းကို ကိုက်ဖောက်ခြင်း မပြုတော့ဘဲ ပုလင်းဖုံးကို စမ်းသပ် လှည့်ကြည့်လိုက်သည်။ လှည့်၍ရကြောင်း သိလိုက်ရသောအခါ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားဝမ်းသာရိပ်များ ယှက်သန်းသွားပြီး လျင်မြန်စွာ လှည့်ဖွင့်လိုက်ရာ မကြာမီ ပုလင်းပွင့်သွားတော့သည်။
သူမသည် ပလပ်စတစ်ပုလင်းကို ဖြည်းညှင်းစွာ လှုပ်ကြည့်လိုက်ပြီး လော်ယွမ် လုပ်သကဲ့သို့ပင် ပါးစပ်ကို ဟ ကာ ပုလင်းကို မော့ပြီး အကုန်သွန်ချလိုက်ရာ တစ်ခါတည်းနှင့်ပင် ရေကုန်သွားလေသည်။
ထို့နောက် သူမသည် လော်ယွမ်ကို ခိုးကြည့်လိုက်ပြီး သူ သတိမထားမိသည်ကို တွေ့မှ ပလပ်စတစ်ပုလင်းခွံကို ကျောနောက်သို့ ဖွက်လိုက်လေသည်။
ကံဆိုးစွာပင် လော်ယွမ်၏ အာရုံခံနိုင်စွမ်းကို မည်သည့်အရာကမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထိုမြင်ကွင်းကို ''မြင်'' လိုက်ရသောအခါ လော်ယွမ်မှာ ပြောစရာစကားမဲ့သွားပြီး ဗီဇပြောင်းလူသားမလေး၏ ဉာဏ်ရည်အတွက် ရင်လေးသွားရသည်။ ''နင်ဖွက်ချင်တယ်ဆိုရင်တောင် ဖွက်စရာနေရာမှ မရှိတာ... လက်ထဲမှာ ပုလင်းကို ကိုင်ထားမှတော့ ဘယ်သူယူသွားလဲဆိုတာ ရှင်းနေတာပဲကို...'' ဟု တွေးမိလိုက်သည်။
သို့သော်လည်း ပလပ်စတစ်ပုလင်းခွံလေး တစ်ခုကမ္ဘာ်ကိုတော့ သူ သဘောထားကြီးနိုင်ပါသည်။
................................................................................................
ခေတ္တမျှ အနားယူပြီးနောက် နှစ်ယောက်သား ခရီးဆက်ခဲ့ကြသည်။ တစ်နာရီခန့် ကြာသောအခါ ရေလွှမ်းနေသော ဧရိယာများကို လွန်မြောက်လာပြီး ကန်ဘေးရှိ တောင်တစ်လုံးကို ကျော်ဖြတ်လိုက်သည်နှင့် လမ်းခရီးသည် လော်ယွမ် ရင်းနှီးကျွမ်းဝင်သော သစ်တောအုပ်ပုံစံသို့ ပြောင်းလဲသွားသည်။
အမြဲတမ်း တင်းကျပ်နေသော စိတ်များသည်လည်း နောက်ဆုံးတွင် အနည်းငယ် လျော့ကျသွားရသည်။
ကုန်းနေသတ္တဝါတစ်ဦးအနေဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးကသာ သူ့ကို လုံခြုံမှုပေးစွမ်းနိုင်ပေသည်။
ကွေ့ကျိုးဒေသသည် တောင်ထူထပ်ပြီး မျှော်ကြည့်လိုက်သည်နှင့် နေရာတိုင်းတွင် မြင့်မားသော တောင်တန်းများနှင့် နက်ရှိုင်းသော ချောက်ကမ်းပါးများကိုသာ တွေ့မြင်နေရသည်။ တောင်ထွတ်အချို့မှာ တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးလွှမ်းနေတတ်သည်။
ဤနေရာများသည် ကမ္ဘာပျက်ကပ်ဘေး မတိုင်ခင်ကတည်းက လူသူအရောက်အပေါက် နည်းပါးလှသည်။ ထို့ပြင် ထုံးကျောက်တောင်ဒေသဖြစ်သည့်အတွက် လိုဏ်ဂူများနှင့် မြေနိမ့်ချိုင့်ဝှမ်းများ အလွန်များပြားသည်။ သို့သော် လော်ယွမ်တွင် စူးစမ်းလေ့လာလိုစိတ် မရှိသည့်အတွက် အလျင်စလိုသာ ဖြတ်ကျော်လာခဲ့သည်။
ခရီးနှင်နေစဉ်မှာပင် ရုတ်တရက် သူ၏ ဦးနှောက်ထဲတွင် မူးဝေသွားသလို ခံစားလိုက်ရပြီးနောက် ပင်ပန်းနွမ်းနယ်မှုများ ရင်ထဲမှ စုပြုံတက်လာသည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ၁၇ မှတ်အထိ ရှိနေပြီး ''မြေလှိုင်းကြိန်နှုန်း'' ၏ ပံ့ပိုးမှုပါ ပေါင်းလိုက်လျှင် မြေကြီးပေါ်တွင် ရပ်နေသရွေ့ သူ၏ ခွန်အားများမှာ ကုန်ဆုံးနိုင်ခြင်း မရှိပေ။ စုစုပေါင်း ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂၃ မှတ်အထိ ရှိနေသော သူသည် ပြန်လည်တည်ဆောက်ရေးဇုန်မှ ထွက်ခွာလာပြီးကတည်းက တောက်လျှောက် ပြေးလွှားလာခဲ့သော်လည်း ယခုကဲ့သို့ မောပမ်းခြင်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
အခြေအနေ မဟန်တော့ကြောင်း ချက်ချင်း သိလိုက်သဖြင့် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး စနစ် ကို စစ်ဆေးကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ မျက်နှာ အရောင်ပြောင်းသွားသည်။ မသိလိုက်မသိဘာသာဖြင့်ပင် "လေးဘက်မြင် ဦးနှောက် အသွင်ပြောင်းလဲခြင်း" မှာ ၂ ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။
"လေးဘက်မြင် ဦးနှောက်"
"လေးဘက်မြင် အသွင်ပြောင်းလဲမှု - ၂% "
"အာနိသင် (၁) - ၂ စက္ကန့်စာ ကြိုတင်သိမြင်နိုင်ခြင်း၊ (၂) လေးဘက်မြင် အမြင်အာရုံ"
"အာနိသင် (၂) - လေးဘက်မြင် အမြင်အာရုံ"
"သုံးသပ်ချက် - လေးဘက်မြင် ကမ္ဘာကြီးသည် ရောင်စုံသွေးစုံလင်လှ၏။ သာမန်လူသားများသည် ဦးနှောက်ဖွဲ့စည်းပုံ ရိုးရှင်းလွန်းသဖြင့် ထိုကမ္ဘာကို တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်ပေ။ သင်သည် လေးဘက်မြင် လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ သာမန်လူ မဟုတ်တော့ပေ"
လေးဘက်မြင်ဦးနှောက်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ လော်ယွမ် သက်ပြင်းချလိုက်မိပြီး မျှော်လင့်ချက်အချို့ ဖြစ်ပေါ်လာသည်။ ယခုတစ်ခေါက် ခရီးစဉ်တွင် ကြိုတင်သိမြင်နိုင်စွမ်း သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဂိမ်းတစ်ခုကို အကန့်အသတ်မရှိ ပြန်စခွင့်ရနေသကဲ့သို့ ထိုစွမ်းရည်ကြောင့် သေဘေးအကြိမ်ကြိမ်မှ လွတ်မြောက်ခဲ့ရပြီး အစွမ်းထက်သော ရန်သူများကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤ "လေးဘက်မြင်အမြင်အာရုံ" က မည်သည်ကိုဆိုလိုသနည်း။
စာသားအရ ဘာသာပြန်ရမည်ဆိုလျှင် လေးဘက်မြင်အမြင်နှင့် ပတ်သက်နေမည်ဖြစ်ပြီး လေးဘက်မြင်ကမ္ဘာ ကို ပိုင်းခြားစိတ်ဖြာနိုင်ခြင်းမျိုး ဖြစ်လေမလား။
ယခင်ကတော့ လေးဘက်မြင်အမြင်အာရုံသည် သူ့ဦးနှောက်ထဲသို့ အမှိုက်သရိုက် သတင်းအချက်အလက်များစွာ ထည့်ပေးခြင်းမှလွဲ၍ ဘာမှ အသုံးမဝင်ခဲ့ပေ။ ထိုအချက်အလက်များကြောင့်ပင် ဦးနှောက်ထိုင်းမှိုင်းသွားတတ်ပြီး စိတ်ဖိစီးမှုများ ဖြစ်ပေါ်ကာ ဉာဏ်ရည်ကို မြှင့်တင်ရန် ဉာဏ်ပညာနှလုံးသား ကို အသည်းအသန် ရှာဖွေခဲ့ရဖူးသည်။
ယခုအချိန်ထိ လေးဘက်မြင်အမြင်အာရုံသည် သူ့ရင်ထဲမှ ဗုံးတစ်လုံးကဲ့သို့ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် အန္တရာယ်တစ်ခု ဖြစ်နေဆဲပင်။
နဖူးစည်း ကြိုးကြားမှတဆင့် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းအချို့ကို လော်ယွမ် ဝေဝါးဝါး "မြင်" လိုက်ရသော်လည်း နဖူးစည်းက ကာကွယ်ထားသဖြင့် သေချာ သဲကွဲစွာ မမြင်ရသေးပေ။
သူ့စိတ်ထဲတွင် လှုပ်ရှားသွားသော်လည်း ယင်းမတိုင်မီ လုံခြုံစိတ်ချရသော နေရာတစ်ခုကို အရင်ရှာရပေမည်။
မကြာမီ ကျောက်ကမ်းပါးတစ်ခု၏ အောက်တွင် ယနေ့ညအတွက် နားခိုစရာ နေရာကို ရှာတွေ့လိုက်သည်။
ထိုကျောက်ကမ်းပါးတွင် လိုဏ်ဂူများစွာ ပြည့်နှက်နေပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိသည်။ သစ်ပင်ခြုံနွယ်များ ဖုံးအုပ်ထားသော ကျောက်လမ်းကျဉ်းလေးတစ်ခုက ထိုလိုဏ်ဂူများကို ဆက်သွယ်ပေးထားသည်။ လော်ယွမ် စတွေ့ခါစက ဉာဏ်ရည်မြင့် မျိုးစိတ်တစ်ခုခု၏ နေအိမ်များဟု ထင်မှတ်ခဲ့သော်လည်း အတွင်းသို့ ရောက်သောအခါမှ လူသားတို့၏ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ကြောင်း သိလိုက်ရသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ပျက်စီးခြင်းမရှိသေးသော ကြွေရည်သုတ် ပန်းကန်ခွက်ယောက်များကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် ယခင်က လူသားများ နေထိုင်ခဲ့ကြောင်း ထင်ရှားနေသည်။
ကွေ့ကျိုးဒေသတွင် တိုင်းရင်းသားလူမျိုးစု အများအပြားရှိပြီး အချို့သော မျိုးနွယ်စုများသည် တောင်ပေါ်ဒေသများတွင် နေထိုင်ကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေတတ်သည်။ ခေတ်မီ ယဉ်ကျေးမှုများ လွှမ်းမိုးခြင်း မရှိဘဲ အချို့ဆိုလျှင် မိခင်ကို အကြီးအကဲထားသော ရှေးခေတ် လူနေမှုစနစ် အတိုင်း ကျင့်သုံးနေထိုင်ကြဆဲ ဖြစ်သည်။ လော်ယွမ် ရှာတွေ့သော လိုဏ်ဂူအစုအဝေးသည် ထိုအထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။
ယခုအခါ ဤနေရာရှိ လူများအားလုံး သေဆုံးကုန်ကြပြီ ဖြစ်၍ လိုဏ်ဂူများသာ အထီးကျန်စွာ ကျန်ရစ်ခဲ့တော့သည်။
ဆယ်မိနစ်ခန့်ကြာအောင် လော်ယွမ်သည် ဘေးအန္တရာယ် ကင်းမကင်း စစ်ဆေးပြီးနောက် အနီးနားတွင် ဗီဇပြောင်းလူသားမလေး ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ နဖူးစည်းကို ဖြုတ်ချလိုက်တော့သည်။
ထိုခဏ၌ လော်ယွမ်၏ မျက်ဝန်းများသည် ချက်ချင်းပင် မြူခိုးဆန်သော အသွင်သို့ ပြောင်းလဲသွားပြီး ထူးဆန်းသော အရောင်အဝါများ တောက်ပလာသည်။
"ဒါက လေးဘက်မြင်ကမ္ဘာ ဆိုတာလား..."
ကမ္ဘာသစ်တစ်ခုလုံး သူ့မျက်စိရှေ့မှောက်တွင် ပွင့်ဟလာပြီး သူ မသိလိုက်မသိဘာသာဖြင့် မတ်တပ်ထရပ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာီနှင့် ကင်းကွာကာ သီးခြားရပ်တည်နေသကဲ့သို့သော အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။
လေးဘက်မြင်ကမ္ဘာမှ နက္ခတ်တာရာ ပမာဏမျှ များပြားလှသော သတင်းအချက်အလက်များ သူ့ဦးနှောက်ထဲသို့ ဝင်ရောက်လာရာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကမ္ဘာကမ္ဘာကြီး၏ အနှစ်သာရ အစစ်အမှန်သည် သူ့မျက်စိရှေ့တွင် မျက်နှာဖုံး ကွာကျသွားသလို ပေါ်လာသည်။ အံ့သြစရာကောင်းသည်မှာ "လေးဘက်မြင်အမြင်အာရုံ" ပွင့်လာသည်နှင့်အမျှ ထိုသတင်းအချက်အလက်များသည် သူ့ဦးနှောက်ကို လုံးဝ ထိခိုက်စေခြင်း မရှိတော့ပေ။
"လေးဘက်မြင်ကမ္ဘာနဲ့ ပတ်သက်ပြီး ငါအရင်က ခန့်မှန်းခဲ့တာတွေ အကုန်မှားနေတာပဲ... ဒါကမှ တကယ့် လေးဘက်မြင်ကမ္ဘာအစစ်... ငါတို့အားလုံး လေးဘက်မြင်ဟင်းလင်းပြင် ထဲမှာ နေထိုင်နေကြတာပါလား..." ဟု သူ ရေရွတ်လိုက်ပြီး ကြီးမားသော အသိတရားတစ်ခုကို ရရှိလိုက်သည်။
ယခင်က သူ့နားလည်မှုအရ သုံးဘက်မြင်ကမ္ဘာသည် နှစ်ဘက်မြင်ကမ္ဘာကို အပေါ်စီးမှ မြင်နိုင်သည်ဟု ယူဆခဲ့သည်။ အကယ်၍ နှစ်ဘက်မြင် သက်ရှိများ ရှိခဲ့လျှင် သုံးဘက်မြင် သက်ရှိများအတွက် မည်သည့်လျှို့ဝှက်ချက် ရှိနိုင်မည် မဟုတ်ပေ။ အရေပြားကို မြင်ရုံသာမက နှလုံးနှင့် ဦးနှောက်ကိုပါ တပြိုင်နက် မြင်တွေ့နိုင်မည် ဖြစ်သည်။
မည်သည့်အရာမဆို နှစ်ဘက်မြင် သက်ရှိက ဘယ်ကမ္ဘာ်ပဲ ဝှက်ထားပါစေ၊ မြေကြီးအောက် မြှုပ်ထားပါစေ၊ ပါးစပ်ထဲ ငုံထားပါစေ၊ သုံးဘက်မြင် သက်ရှိ၏ မျက်လုံးထဲတွင် အရာအားလုံးကို ထွင်းဖောက်မြင်နေရမည် ဖြစ်သည်။
ထိုယုတ္တိဗေဒ အတိုင်း ဆက်တွေးကြည့်လျှင် လေးဘက်မြင်အမြင်အာရုံသည်လည်း သုံးဘက်မြင်ကမ္ဘာကို အပေါ်စီးမှ ထွင်းဖောက်မြင်နိုင်ရမည် ဖြစ်သည်။
လော်ယွမ် တွေ့ရှိလိုက်ရသည်မှာ ထိုယုတ္တိဗေဒသည် မှန်ကန်သော်လည်း ရှုထောင့် ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် မတူညီမှုကြောင့် လေးဘက်မြင်အမြင်အာရုံသည် သူထင်ထားသလို ဖြစ်မလာခြင်းပင်။
သုံးဘက်မြင်ကမ္ဘာထဲတွင် ပြီးပြည့်စုံသော နှစ်ဘက်မြင် သက်ရှိ မရှိသကဲ့သို့ပင် လေးဘက်မြင်ကမ္ဘာတွင်လည်း ပြီးပြည့်စုံသော သုံးဘက်မြင် သက်ရှိ မရှိကြောင်း လော်ယွမ် တွေ့ရှိလိုက်ရသည်။ အဓိပ္ပာယ်တစ်မျိုး ဖွင့်ဆိုရလျှင် ကမ္ဘာမြေကြီး၊ ကျောက်တုံးများနှင့် လူသားများ အပါအဝင် အရာအားလုံးသည် လေးဘက်မြင်သက်ရှိများ သာ ဖြစ်ကြသည်။ သို့သော် ထိုစတုတ္ထမြောက် ရှုထောင့်သည် သနားစရာကောင်းကမ္ဘာ်အောင် တိုတောင်းလွန်းလှသဖြင့် ထည့်မတွက်ကမ္ဘာ်အောင် ဖြစ်နေရခြင်း ဖြစ်သည်။
ထိုသနားစရာကောင်းအောင် တိုတောင်းသော ရှုထောင့်ကြောင့်ပင် သူသည် သုံးဘက်မြင်ကမ္ဘာက နှစ်ဘက်မြင်ကမ္ဘာကို အပေါ်စီးမှ ကြည့်သလိုမျိုး မကြည့်နိုင်ခြင်း ဖြစ်သည်။
အစက်လေးတစ်စက်က သုညရှုထောင့် (0D)၊ မျဉ်းကြောင်းတစ်ကြောင်းက ပထမရှုထောင့် (1D)၊ မျက်နှာပြင်သည် ဒုတိယရှုထောင့် (2D) ဖြစ်ပြီး ထုထည်ရှိသော ဟင်းလင်းပြင်သည် လူသားများ နေထိုင်ရာ တတိယရှုထောင့် (3D) ဖြစ်သည်။ 4D ဆိုသည်မှာ နောက်ထပ် ရှုထောင့်တစ်ခု ထပ်တိုးလာခြင်း ဖြစ်သည်။ "လေးဘက်မြင်အမြင်အာရုံ" မရခင်က စတုတ္ထမြောက် ရှုထောင့်ကို စိတ်ကူးဖြင့်သာ ခန့်မှန်းကြည့်နိုင်ခဲ့ပြီး အရောင်များ ပြောင်းလဲနေသော အရာများကိုသာ မြင်တွေ့ခဲ့ရသည်။ ယခုအခါမှသာ ထိုစတုတ္ထမြောက် ရှုထောင့်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
လော်ယွမ် တွေ့ရှိလိုက်သည်မှာ ထိုအရာသည် လူသားများ နားလည်ထားသော "အချိန်" မဟုတ်သလို ဆန်းကြယ်နက်နဲသော အရာလည်း မဟုတ်ပေ။ ၎င်းမှာ "လေဟာနယ် ကွေးညွတ်မှု" ပင် ဖြစ်သည်။
နှစ်ဘက်မြင် မျက်နှာပြင်တစ်ခု ကွေးညွတ်သွားသောအခါ သုံးဘက်မြင် ဖြစ်သော တောင်နှင့် ချိုင့်ဝှမ်းများ ဖြစ်ပေါ်လာသကဲ့သို့၊ ရှည်လျားသော စက္ကူ နှစ်ဘက်မြင် အရွက်လေးကို ၁၈၀ ဒီဂရီ လှည့်ပြီး ထိပ်နှစ်ဖက်ကို ဆက်လိုက်သောအခါ သုံးဘက်မြင် ပုံစံရှိသော မိုးဘီးယပ်စ်ကွင်း ဖြစ်လာသကဲ့သို့ပင်... သုံးဘက်မြင် ဟင်းလင်းပြင်သည်လည်း ကွေးညွတ်သွားသောအခါ လေးဘက်မြင် ပုံစံရှိသော ကလိုင်းပုလင်း ဖြစ်ပေါ်လာနိုင်သည်။
(စိတ်ဝင်စားတဲ့သူများ Möbius strip ရော Klein Bottle ရောကို Youtube မှာပဲဖြစ်ဖြစ် သွားလေ့လာကြည့်ရှုလို့ရပါတယ်)
ဟင်းလင်းပြင်၏ ကွေးညွတ်မှုသည် လေးဘက်မြင် ကမ္ဘာ၏ ထပ်တိုးလာသော စတုတ္ထမြောက် ရှုထောင့်ပင် ဖြစ်သည်။
အရာရာတိုင်းတွင် ဆွဲငင်အား ရှိပြီး ဆွဲငင်အားသည် ဟင်းလင်းပြင်ကို ကွေးညွတ်စေသည်။ ထို့ကြောင့် သုံးဘက်မြင်ကမ္ဘာတွင်လည်း လူသားများ၌ အလွန်သေးငယ်သော ဟင်းလင်းပြင် ကွေးညွတ်မှု ရှိနေကြသည်။ လေးဘက်မြင် နှင့် သုံးဘက်မြင် အကြား တိကျသော စည်းခြားထားခြင်း မရှိဘဲ ဟင်းလင်းပြင် ကွေးညွတ်မှု ပမာဏ အနည်းအများ ကွာခြားခြင်းနှင့် လေးဘက်မြင် အာရုံခံစားမှု ရှိမရှိအပေါ်၌သာ ကွာခြားသွားခြင်း ဖြစ်သည်။
ထို့နောက် လော်ယွမ်သည် လေးဘက်မြင် သက်ရှိတစ်ပိုင်း ဖြစ်သော ရှုကျစ်ချန်ကို ပြေးမြင်မိသည်။
(ရှုကျစ်ချန်ဆိုတာ ဧရာမလူ့ဘီလူးကြီးအသွင်ပြောင်းတဲ့ အစွမ်းရှိတဲ့ သူပါ)
သူ့အရင်က ထင်မြင်ချက်များ မှားယွင်းခဲ့ပေပြီ။ "လေးဘက်မြင်အမြင်အာရုံ" ပိုင်ဆိုင်ပြီးနောက် လေးဘက်မြင် ကမ္ဘာ၏ လျှို့ဝှက်ချက်များ ပွင့်ဟလာကာ ယခင်ကကဲ့သို့ ဝေဝါးခြင်း မရှိတော့ပေ။
ရှုကျစ်ချန်၏ ခန္ဓာကိုယ် ကြီးထွားလာခြင်းသည် တကယ်တမ်း ကြီးလာခြင်း မဟုတ်ကြောင်း သူ နားလည်လိုက်သည်။ အသွင်ပြောင်းသည်ဖြစ်စေ၊ မပြောင်းသည်ဖြစ်စေ သုံးဘက်မြင် ရှုထောင့်အရ အလျား၊ အနံ၊ အမြင့်သည် မူလအတိုင်းသာ ရှိနေသည်။
ပြောင်းလဲသွားသည်မှာ ဟင်းလင်းပြင် ကွေးညွတ်မှု ခေါ် စတုတ္ထမြောက် ရှုထောင့်သာ ဖြစ်သည်။ ရှုကျစ်ချန်က အစွမ်း သုံးလိုက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဟင်းလင်းပြင်သည် ကွေးညွတ်ကျုံ့ဝင်သွားပြီး သူ့၏ စတုတ္ထမြောက် ရှုထောင့်ကို အဆမတန် ကြီးထွားလာစေကာ ရှုထောင့်မြင့်တက်ခြင်း ဖြစ်စဉ်ကို ဖြစ်ပေါ်စေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဟင်းလင်းပြင် ကျုံ့ဝင်သွားချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ဆွဲဆန့်ခံလိုက်ရသလို ကျယ်ပြန့်လာသဖြင့် လူအများ၏ မျက်စိထဲတွင် သူ့ခန္ဓာကိုယ် ရုတ်တရက် ကြီးထွားလာသယောင် ထင်ယောင်ထင်မှား ဖြစ်စေခြင်း ဖြစ်သည်။
လူသားများ၏ အမြင်အာရုံသည် သုံးဘက်မြင် အမြင်သာ ဖြစ်သဖြင့် လေးဘက်မြင် ၏ တစ်စိတ်တစ်ဒေသကိုသာ မြင်တွေ့ရခြင်း ဖြစ်သည်။ အသွင်ပြောင်းထားသော ရှုကျစ်ချန်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများသည် သာမန်လူတို့ မမြင်နိုင်သော ဟင်းလင်းပြင် ထဲတွင် ရှိနေသည်။
ထိုအစိတ်အပိုင်းသည် သာမန် အလျား၊ အနံ၊ အမြင့် မဟုတ်သဖြင့် အရွယ်အစားနှင့် တိုင်းတာ၍ မရနိုင်ပေ။ အနည်းဆုံး သုံးဘက်မြင် ရှုထောင့်အရ ကြည့်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်သည် အစမှအဆုံး ပြောင်းလဲခြင်း မရှိပေ။ ပြောင်းလဲသွားသည်မှာ စတုတ္ထမြောက် ရှုထောင့် ဖြစ်သော ဟင်းလင်းပြင် ကွေးညွတ်မှုသာ ဖြစ်သည်။
လော်ယွမ် ဂူဝသို့ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ ရုတ်တရက် တုန်လှုပ်အံ့သြသွားရသည်။ ယခုအချိန်တွင် သူ့မျက်လုံးထဲ၌ စကြဝဠာကြီးသည် အဆပေါင်းများစွာ ကျယ်ပြန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နေဝင်ချိန် မရောက်သေးသဖြင့် နေလုံးကြီးကို မြင်နေရဆဲ ဖြစ်သည်။ လေးဘက်မြင် အမြင်ဖြင့် ကြည့်လိုက်သောအခါ နေလုံးကြီးသည် သုံးဘက်မြင် ဖြင့် ကြည့်သည်ထက် ပိုမို "ကြီးမား" နေသည်။ နေ၊ ကြယ် နှင့် တွင်းနက် ကဲ့သို့သော ဆွဲငင်အားကြီးမားသည့် အရာများသည် သုံးဘက်မြင် ကမ္ဘာတွင်သာမက လေးဘက်မြင် ကမ္ဘာတွင်ပါ တည်ရှိနေကြသည်။ သုံးဘက်မြင် ဂြိုဟ်များသည် လေးဘက်မြင် ၏ အရိပ် များသာ ဖြစ်ဟန်တူသည်။ စကြဝဠာအစစ်အမှန်သည် သုံးဘက်မြင် မဟုတ်ဘဲ လေးဘက်မြင် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။
လူသားများ အာရုံမခံနိုင်၊ မတိုင်းတာနိုင်ဘဲ သင်္ချာနည်းအရသာ တွက်ချက်မှန်းဆနေရခြင်း ဖြစ်သည်။
ဤကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် ကြယ်တာရာများသာမက အဆုံးမဲ့သော စွမ်းအင်များလည်း လွှမ်းခြုံထားသည်။ မီးခိုးငွေ့များ၊ နက္ခတ်တိမ်တိုက်များ ကဲ့သို့ အရောင်အသွေး စုံလင်စွာဖြင့် ဟင်းလင်းပြင်ထဲတွင် လှုပ်ရှားစီးဆင်းနေကြသည်။
သိပ္ပံပညာရှင်များ ယခုထိ သေချာနားမလည်နိုင်သေးသော အမှောင်စွမ်းအင် (Dark Energy) ဆိုသည်မှာ ဤအရာများ ဖြစ်တန်ရာသည်ဟု လော်ယွမ် တွေးမိလိုက်သည်။ ဤစွမ်းအင်များသည် စကြဝဠာ ဒြပ်ထု ၏ ကြီးမားသော အစိတ်အပိုင်းကို နေရာယူထားသည်။
သူ၏ လေးဘက်မြင် အမြင်အာရုံအောက်တွင် ဟင်းလင်းပြင်၌ လျှို့ဝှက်ချက် ဟူ၍ မရှိတော့ပေ။
ဤအခြေအနေတွင် သူသည် ပိုမိုဝေးကွာသော နေရာများကို မြင်တွေ့နိုင်ကြောင်း သိလိုက်ရသည်။ သူ၏ အမြင်အာရုံသည် မြင့်မားသော တောင်တန်းများကို "ကွေ့ပတ်" ကျော်လွှားနိုင်ပြီး ကမ္ဘာမြေကြီး၏ လုံးဝန်းသော မျက်နှာပြင်ကို "ကွေ့ပတ်" ကျော်လွန်ကာ ကီလိုမီတာ ထောင်ချီဝေးသော နေရာများကိုပါ "လှမ်းမြင်" နေရသည်။ သို့သော် ထိုမြင်ကွင်းမှာ အလွန်ဝေဝါးနေပြီး မြေပြင်အနေအထား အကြမ်းဖျင်းကိုသာ မြင်တွေ့ရခြင်း ဖြစ်သည်။
(လေးဘက်မြင် အမြင်ဆိုတာ ရှုထောင့်တစ်မျိုး ထပ်တိုးလာတဲ့အတွက် အဲ့ဒီအသစ်တိုးလာတဲ့ ရှုထောင့်ကနေ ကြည့်တာဖြစ်လို့ သုံးဘက်မြင်လောကရဲ့ တောင်တန်းတွေက သူ့အမြင်အာရုံကို မကာထားနိုင်တော့ပဲ အကုန် ကျော်ခွပြီး မြင်နေရတာပါ)
ဆက်ရန်...