အခန်း (၃၈၅-၃၈၆)
Vol. 20 Ch. 385-386
အပိုင်း(၃၈၅) ဟင်းလင်းပြင်ကွေးညွတ်မှုဖြင့် ပျံသန်းခြင်း
သုံးဖက်မြင် ဟင်းလင်းပြင် သည် ချောမွတ်မနေဘဲ အနည်းငယ် တွန့်လိမ်နေသည်။ တစ်ခါတစ်ရံတွင် စကြာဝဠာ၏ အဝေးတစ်နေရာမှ လှိုင်းဂယက်များ ရောက်ရှိလာတတ်ပြီး ကမ္ဘာမြေတစ်ခုလုံးကို ရိုက်ခတ်သွားတတ်သည်။ ထိုဟင်းလင်းပြင် လှိုင်းဂယက်များအောက်တွင် မြေပြင်သည် မည်သို့မျှ တုံ့ပြန်နိုင်စွမ်းမရှိဘဲ အနည်းငယ် ပုံပျက်ရှုံ့တွသွားလေ့ရှိသည်။
သို့သော် ရေအိုင်ထဲမှ ငါးကလေးများသည် ရေလှိုင်းအနည်းငယ်ထသွားသည်ကို သတိမထားမိသကဲ့သို့ပင် ထိုအထဲတွင် နေထိုင်ကြသော လူသားများသည်လည်း မည်သည့်ပြောင်းလဲမှုကိုမျှ သတိထားမိကြမည် မဟုတ်ပေ။
ဟင်းလင်းပြင် တွန့်လိမ်မှု ရှိနေခြင်းကြောင့် "အမှတ်နှစ်ခုကြား အတိုဆုံးအကွာအဝေးသည် မျဉ်းဖြောင့်ဖြစ်သည်" ဟူသော သဘောတရားမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သုံးဖက်မြင်လောက၏ မျဉ်းဖြောင့်သည် လေးဖက်မြင် ရှုထောင့်မှ ကြည့်လျှင် ကောက်ကွေ့သော မျဉ်းကွေးတစ်ခု ဖြစ်နေသည်။
လော်ယွမ်သည် မဝေးလှသော နေရာတစ်ခုတွင် ဟင်းလင်းပြင် အလွန်အမင်း တွန့်လိမ်နေသော ဧရိယာတစ်ခုကို တွေ့ရှိလိုက်သည်။ မူလက မိုင် ၅၀၀ ခန့် ကွာဝေးသော်လည်း အကယ်၍ ထို တွန့်လိမ်နေသော ဟင်းလင်းပြင်ကို ဖြတ်သန်းသွားမည်ဆိုပါက မိုင် ၆၀ ပင် မပြည့်တော့ပေ။
ဝမ်းနည်းစရာကောင်းသည်မှာ သူသည် ဤအရာအားလုံးကို ကြည့်ရှုရုံသာ တတ်နိုင်ပြီး ဘာမှလုပ်၍မရပေ။ လေးဖက်မြင် အမြင်သည် ကြည့်ရှုနိုင်သော အင်္ဂါရပ်တစ်ခုသာဖြစ်ပြီး လေးဖက်မြင်ကမ္ဘာကို ဖြတ်သန်းသွားလာနိုင်သော စွမ်းရည်ကို မပေးစွမ်းနိုင်ပေ။ သူ၌ လေးဖက်မြင် "ခန္ဓာကိုယ်" မရှိခြင်းကြောင့် ဖြစ်သည်။
သူ သက်ပြင်းချလိုက်သည်။ စစ်မှန်သော ကမ္ဘာကြီးကို မြင်တွေ့ခဲ့ရသော်လည်း လက်တွေ့တွင် အဆင့်နိမ့်သတ္တဝါများကဲ့သို့ ခြေထောက်ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းနေရသည်။ မသိလျှင် ကိစ္စမရှိသော်လည်း သိသိကြီးနှင့် ဤသို့သွားလာနေရခြင်းက သူ့ကို စိတ်ပျက်အားငယ်စေသည်။
တွန့်လိမ်နေသော ဟင်းလင်းပြင်နှင့် အဆုံးမရှိသော အမှောင်စွမ်းအင် (Dark Energy) များသည် သူ့မျက်စိထဲတွင် လှမ်းယူ၍ရနိုင်သလို ထင်ရသော်လည်း လက်တွေ့တွင်မူ ဖြတ်ကျော်၍မရနိုင်သော အတားအဆီးတစ်ခု ခြားနေသကဲ့သို့ ဖြစ်နေသည်။
လေးဖက်မြင်နှင့် သုံးဖက်မြင်ကြားကို လေးဖက်မြင် အမြင် သက်သက်ဖြင့် ထိုးဖောက်၍မရနိုင်ပေ။
"နေဦး... ငါဘာမှ မလုပ်နိုင်တာတော့ မဟုတ်ဘူး"
ထိုအချိန်တွင် ကောင်းကင်ဘုံမှ အလင်းပွင့်လာသကဲ့သို့ လော်ယွမ် ရုတ်တရက် အကြံတစ်ခု ရသွားသည်။ မြို့သစ်မြို့တွင် သင်တန်းတက်ခဲ့စဉ်က ပြင်ပကမ္ဘာမှ ယဉ်ကျေးမှုအဖွဲ့အစည်းများ၏ သိပ္ပံပညာ တိုးတက်မှုနှင့် ပတ်သက်သော ခန့်မှန်းချက် စာတမ်းတစ်စောင်ကို ဖတ်ခဲ့ဖူးသည်။ ထိုအထဲတွင် ကြယ်တာရာများကြား ခရီးသွားလာနိုင်သော တွန်းကန်မှုစနစ်များအကြောင်း ပါရှိသည်။
အခြေခံအကျဆုံးဖြစ်သော ဓာတုလောင်စာဖြင့် ပျံသန်းခြင်း၊ ပလာစမာတွန်းကန်အား၊ အလင်းဖိအားဖြင့် တွန်းကန်ခြင်း၊ အနုမြူစွမ်းအင် ပေါင်းစပ်မှုမှ ထွက်သော တွန်းကန်အားမှသည် သိပ္ပံစိတ်ကူးယဉ် သက်သက်ဖြစ်သော ဟင်းလင်းပြင် ကွေးညွတ်မှုကို အသုံးပြုသော အင်ဂျင် နှင့် ဟင်းလင်းပြင် ခုန်ကူးခြင်း တို့အထိ ပါဝင်သည်။
လော်ယွမ် စဉ်းစားမိသည်မှာ ဟင်းလင်းပြင် ကွေးညွတ်မှုကို အသုံးပြု၍ ပျံသန်းခြင်း ဖြစ်သည်။ ဤရွေ့လျားမှုပုံစံသည် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း တွင် ပျံသန်းသော အရာဝတ္ထုကို ''ကွေးညွတ်စက်ဝန်း'' တစ်ခုက ဖုံးအုပ်ထားပြီး ဟင်းလင်းပြင်ကို ကွေးညွတ်စေသည်။ အနီးပတ်ဝန်းကျင်ရှိ နှိုင်းယှဉ်ချက်ဘောင်တွင် မည်သည့် အရှိန်နှုန်းမျှ မရှိသလို နှိုင်းရသီအိုရီ၏ အမြန်နှုန်း ကန့်သတ်ချက်ကိုလည်း ခံရမည်မဟုတ်ပေ။ ဟင်းလင်းပြင်ကို ဆွဲငင်နိုင်ပြီး စွမ်းအင်လုံလောက်စွာ ရှိနေသရွေ့ ဤပျံသန်းမှုပုံစံသည် အလင်းအမြန်နှုန်းကို အလွယ်တကူ ကျော်လွန်နိုင်သည်။
(ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း ဆိုတာက ဟင်းလင်းပြင်ကွေးညွတ်နိုင်တဲ့စွမ်းအင်နဲ့ ယာဉ်ပျံကို လွှမ်းခြုံလိုက်ပြီး အလင်းထက်မြန်တဲ့နှုန်းနဲ့ပျံသန်းသွားလာတာဖြစ်ပါတယ်။ အဲ့ဒီ ယာဉ်ပျံကို လွှမ်းခြုံထားတဲ့ စွမ်းအင်ရဲ့လုပ်ဆောင်ချက်က ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းလင်းပြင်ကို ကွေးညွှတ်စေပြီး ခရီးအကွာအဝေးကို တိုသထက် တိုအောင်လုပ်ပေးတာပါ။ အဲ့စွမ်းအင်ရှိနေသရွေ့ ယာဉ်ပျံရဲ့အရှိန်က အလင်းရဲ့အမြန်နှုန်းကို ကျော်ဖြတ်နိုင်ပါတယ်။ ဟင်းလင်းပြင် ခုန်ကူးခြင်း နဲ့ ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းတို့ကို စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေနဲ့ ဂိမ်းတွေမှာသာ အသုံးများပြီး Wormhole - တီကောင်တွင်း သီအိုရီလောက် လက်တွေ့မကျပါဘူး)
သူ့မျက်လုံးများ အရောင်လက်လာပြီး စိတ်အားထက်သန်လာသည်။
ဟင်းလင်းပြင် ခုန်ကူးခြင်း သည် စစ်မှန်သော လေးဖက်မြင် အဆင့်ရောက်မှသာ ဖြစ်နိုင်ချေရှိသော်လည်း ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းက လေးဖက်မြင်ကမ္ဘာကို ရှုမြင်နိုင်နေပြီဖြစ်သော လော်ယွမ့်အတွက် မဖြစ်နိုင်သောအရာ မဟုတ်ပေ။
ဤနည်းလမ်းသည် အခြားတွန်းကန်အား စနစ်များကဲ့သို့ ရှုပ်ထွေးခြင်း မရှိပေ။ လေးဖက်မြင် အမြင်အောက်တွင် ဟင်းလင်းပြင်ကို ရှင်းလင်းစွာ မြင်နေရသည်။ သူလုပ်ရမည့် တစ်ခုတည်းသော အလုပ်မှာ ရှေ့မှ ဟင်းလင်းပြင်ကို ကျုံ့သွားအောင်လုပ်ပြီး နောက်မှ ဟင်းလင်းပြင်ကို ကျယ်ပြန့်သွားအောင် လုပ်ရန်သာဖြစ်သည်။
ဤနေရာတွင် စိတ်စွမ်းအားသည် လောင်စာစွမ်းအင်ပင် ဖြစ်သည်။
သူ အလွန်အမင်း မြန်နေစရာမလို၊ ပုံမှန် ပျံသန်းနှုန်းထက် ပိုမြန်လျှင် ရပြီဖြစ်သည်။
တစ်ခုတည်းသော မသေချာသည့် အချက်မှာ စိတ်စွမ်းအားသည် ဟင်းလင်းပြင်ကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း ရှိမရှိ ဆိုသည်ပင်။ စိတ်စွမ်းအားသည် လျှပ်စစ်သံလိုက်လှိုင်းများနှင့် ဆွဲငင်အားများကို ထိန်းချုပ်နိုင်သော်လည်း ဟင်းလင်းပြင် ကိုမူ ယခင်က တစ်ခါမှ မစမ်းသပ်ဖူးပေ။
စိတ်စွမ်းအားသည် လက်တွေ့ဘဝကို တိုက်ရိုက် လွှမ်းမိုးနိုင်သော စွမ်းရည်ဖြစ်ပြီး ဒဿနိကဗေဒအရ ''စိတ်ဝါဒ'' တွင် ပါဝင်သည်။ အတိအကျ ပြောရလျှင် "စိတ်ကူးရင် ဖြစ်လာသည်" ဟူသော သဘောပင်။ သို့သော် လော်ယွမ်၏ စွမ်းရည်မှာ အားနည်းသေးပြီး အကန့်အသတ်ရှိသည်။
ဥပမာအားဖြင့် သူသည် မရှိသောအရာကို ဖန်တီး၍မရသလို ကျောက်ခဲကို ရွှေဖြစ်အောင်လည်း မလုပ်နိုင်ပေ။ "စိတ်ကူးရင် ဖြစ်လာသည်" ဆိုသော်လည်း အပြည့်အဝ မဟုတ်သေးပေ။ ယခုအချိန်အထိ စိတ်စွမ်းအားသည် သူ့အတွက် အထောက်အကူပြု စွမ်းရည်တစ်ခုသာ ဖြစ်သေးသည်။ ဟင်းလင်းပြင်ကို သက်ရောက်မှု ရှိမရှိ သူကိုယ်တိုင်ပင် မသေချာပေ။
အရာအားလုံးက စမ်းသပ်ကြည့်ဖို့ လိုအပ်သည်။
နောက်တစ်ခဏတွင် သူသည် စိတ်စွမ်းအားကို စုစည်းလိုက်ပြီး ခန္ဓာကိုယ်ကို လေပေါ်သို့ ဖြည်းညင်းစွာ မြှောက်တင်လိုက်သည်။ သူ၏ မျက်ဝန်းတွင် အလင်းရောင်မှိန်မှိန် လင်းလက်လာပြီး အရေပြားပေါ်တွင်လည်း အလင်းပါးပါးလေး လွှမ်းခြုံသွားသည်။ သူသည် မိမိပတ်လည်ရှိ ဟင်းလင်းပြင် လှိုင်းဂယက်များကို အကဲခတ်လိုက်သည်။ သူ၏ စိတ်စွမ်းအားဖြင့် သက်ရောက်လိုက်သောအခါ ရှေ့နှင့်နောက်ရှိ ဟင်းလင်းပြင်သည် မသိမသာ လှုပ်ခတ်သွားသည်။
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မိမိနေရာမှ လုံးဝ မရွေ့လျားသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ စိတ်မပျက်သွားသလို စိတ်လည်း မလောပေ။ ခုနက ဟင်းလင်းပြင် လှုပ်ခတ်သွားခြင်းသည် သူ့မျက်လုံးကို လိမ်ညာ၍ မရပေ။ ဟင်းလင်းပြင် လှုပ်ခတ်သွားသည် ဆိုကတည်းက အောင်မြင်သည်ဟု ဆိုနိုင်သည်။
ချက်ချင်း ရွေ့လျားမသွားရခြင်းမှာ ဟင်းလင်းပြင် တွန်းကန်အား နည်းပါးလွန်းသောကြောင့် ဖြစ်ပြီး အရှိန်ရရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။
သူသည် လေထဲတွင် ငြိမ်သက်စွာ နေလိုက်ပြီး ဟင်းလင်းပြင် ကွေးညွတ်ခြင်း၏ ဆွဲငင်မှု အခြေအနေကို ဆက်လက်ထိန်းသိမ်းထားသည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ မိနစ်အနည်းငယ် ကြာသောအခါ သူ စတင်ရွေ့လျားနေသည်ကို သတိပြုမိလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှေ့နှင့်နောက်ရှိ ဟင်းလင်းပြင်သည် လှိုင်းတွန့်ပုံစံဖြင့် ဖြည်းညင်းစွာ တွန်းပို့နေသည်။ အစပိုင်းတွင် ခရုတစ်ကောင်ကဲ့သို့ နှေးကွေးသော်လည်း စိတ်စွမ်းအားဖြင့် ဆက်တိုက် တွန်းပို့နေသဖြင့် နှင်းလုံးလိမ့်သကဲ့သို့ ဟင်းလင်းပြင် လှိုင်းဂယက်များ ကြီးမားလာပြီး အရှိန်မှာလည်း တရိပ်ရိပ် မြင့်တက်လာသည်။
(၅) မိနစ်အကြာတွင် အရှိန်သည် တစ်စက္ကန့်လျှင် (၁) ပေခွဲ ဖြစ်လာသည်။
(၁၀) မိနစ်အကြာတွင် တစ်စက္ကန့်လျှင် (၁၈) ပေ ဖြစ်လာသည်။
(၁၅) မိနစ် ရောက်သောအခါ အရှိန်သည် တစ်စက္ကန့်လျှင် ပေ (၂၄၀) အထိ ရောက်ရှိသွားသည်။ ၎င်းသည် ပုံမှန်အရှိန်မြှင့်ခြင်း မဟုတ်ဘဲ ပြောင်းလဲနေသော အရှိန်နှုန်း ဖြစ်သည်။ ယခုအခါ သူ၏ ပုံမှန်ပျံသန်းနှုန်းထက် များစွာ ကျော်လွန်နေပြီဖြစ်ပြီး အရှိန်မှာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။
ပို၍ထူးခြားသည်မှာ ဤမျှမြန်သော အရှိန်တွင် သူရှိနေသော ဧရိယာ၌ လေတိုးခြင်း လုံးဝမရှိဘဲ ငြိမ်သက်နေခြင်းပင် ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် သုံးဖက်မြင်ကမ္ဘာမှ သီးခြားကွဲထွက်နေသကဲ့သို့ ခံစားရသည်။
အမှန်တကယ်တွင်လည်း ထိုအတိုင်းဖြစ်နေသည်။ လော်ယွမ် ရှိနေသော ''ကွေးညွတ်စက်ဝန်း'' သည် သုံးဖက်မြင်ကမ္ဘာမှ တစ်ဝက်ခန့် ကွာထွက်သွားပြီး အတိုင်းအတာ မြင့်တက်ခြင်း ဖြစ်ပေါ်နေသည်။ သူသတိမထားမိသည်မှာ သူ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင် ကွေးညွတ်မှု မြင့်တက်လာသည်နှင့်အမျှ သူ၏ ကိုယ်ခန္ဓာအရွယ်အစားမှာလည်း အလွန်ကြီးမားလာသယောင် ဖြစ်နေသည်။ ၅ပေ ၉လက်မ သာရှိသော အရပ်သည် (၁၂) ပေ၊ (၁၅) ပေခန့်အထိ ကြီးထွားလာပြီး ဧရာမလူသားကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
တကယ်တမ်းတွင် စိတ်စွမ်းအား မြင့်တက်လာသည်နှင့်အမျှ ဟင်းလင်းပြင် ကွေးညွတ်မှု ပိုမိုကြီးမားလာမည်ဖြစ်ပြီး သူ၏ ပုံရိပ်မှာလည်း ပိုမိုကြီးမားလာကာ နောက်ဆုံးတွင် ဤကမ္ဘာမှ လုံးဝ ကွာထွက်သွားနိုင်သည်။
ဆိုလိုသည်မှာ အမှန်တကယ် ထွက်ခွာသွားခြင်းမဟုတ်ဘဲ စကြာဝဠာထဲတွင် ရှိနေဆဲဖြစ်သော်လည်း သုံးဖက်မြင် သက်ရှိများ၏ မျက်လုံးထဲတွင် မြင်တွေ့နိုင်တော့မည် မဟုတ်သလို စောင့်ကြည့်လေ့လာ၍လည်း ရတော့မည်မဟုတ်ပေ။
......................................................................................................
အရှိန်က တစ်စက္ကန့်လျှင် ပေ ၆၀၀ ရောက်သောအခါ လော်ယွမ် ရှေ့ဆက်မသွားတော့ဘဲ ပြန်လှည့်ရန် ပြင်ဆင်လိုက်သည်။
သူ၏ စိတ်စွမ်းအား နည်းပါးလာသည်ကို သတိထားမိလိုက်ပြီး ခန္ဓာကိုယ်သည်လည်း အလွန်အမင်း မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
ဦးနှောက်ကို လေးဖက်မြင်ပုံစံ ပြောင်းလဲခြင်းသည် အဖိုးအခ ပေးရသည်။ "အနာဂတ်ကြိုမြင်ခြင်း" ဖြစ်စေ "လေးဖက်မြင် အမြင်အာရုံ" ဖြစ်စေ လူသားများအတွက် နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားလှသော သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။
ဤအချက်အလက်များကိုသာ ကွန်ပျူတာဖြင့် တွက်ချက်မည်ဆိုပါက ကမ္ဘာမပျက်မီက ကွန်ပျူတာအားလုံးနှင့် စမတ်ဖုန်းအားလုံး ပေါင်းစပ်ထားသည့် စွမ်းအားကို အဆတစ်ထောင်၊ တစ်သောင်း မြှောက်လျှင်ပင် လုံလောက်မည်မဟုတ်ပေ။ ထိုသို့တွက်ချက်ရာတွင် ကုန်ဆုံးမည့် စွမ်းအင်သည် အနုမြူ ဗုံးပေါက်ကွဲသကဲ့သို့ လကမ္ဘာကိုပင် ဖျက်ဆီးပစ်နိုင်သည်။
၎င်းနှင့်ယှဉ်လျှင် လေးဖက်မြင်ဦးနှောက်၏ စွမ်းဆောင်ရည်နှင့် စွမ်းအင်ချွေတာမှုသည် ယုံကြည်နိုင်စရာမရှိအောင် ကောင်းမွန်သော်လည်း လော်ယွမ့်ကဲ့သို့ သက်ရှိတစ်ဦးအတွက် ကုန်ကျသော စွမ်းအင်မှာ မနည်းလှပေ။
ယခင်က အနာဂတ်ကြိုမြင်ခြင်း တစ်ခုတည်းကို အသုံးပြုစဉ်က မောပန်းမှုကို အနည်းငယ် သတိပြုမိသော်လည်း သူ၏ (၂၃) မှတ်ရှိသော ကိုယ်ခန္ဓာကြံ့ခိုင်မှု ကြောင့် ခံနိုင်ရည်ရှိခဲ့သည်။ ပုံမှန် ခရီးသွားခြင်းနှင့် တိုက်ခိုက်ခြင်းများကို မသက်ရောက်ခဲ့ပေ။
သို့သော် ယခုတစ်ကြိမ် လေးဖက်မြင် ဦးနှောက်အသုံးပြုမှု (၂) ရာခိုင်နှုန်းသို့ ရောက်ရှိသွားသောအခါ ထူးခြားမှုကို သိသိသာသာ ခံစားလိုက်ရသည်။
နဖူးစည်း စည်းထားချိန်တွင် လေးဖက်မြင် သတင်းအချက်အလက် အများစုကို ပိတ်ဆို့ထားသဖြင့် ခံနိုင်ရည်ရှိသော်လည်း နဖူးစည်း ဖြည်လိုက်သည်နှင့် တာကျိုးသွားသော ရေကန်ကဲ့သို့ ကိုယ်ခန္ဓာစွမ်းအားများ လျင်မြန်စွာ ယိုစီးကုန်ဆုံးသွားသည်။ (၃) နာရီခန့်သာ ကြာသော်လည်း သူ အလွန်ပင်ပန်းနေပြီဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။
ဤအခြေအနေမျိုးနှင့် လော်ယွမ် အပြင်တွင် ကြာကြာနေရန် မဝံ့ရဲတော့ပေ။ ဟင်းလင်းပြင် ကွေးညွှတ်မှုကို ထိန်းချုပ်ပြီး ချက်ချင်း ကွေ့ကာ ပြန်လှည့်လိုက်သည်။
ပြန်လာသည့်လမ်းတွင် သူ၏အရှိန်မှာ ပိုမိုမြန်ဆန်လာသည်။ အရှိန်ပြင်းစွာ ရွေ့လျားနေသဖြင့် ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းများသည် ဝေဝါးသွားပြီး ရောင်စုံလိုင်းများဖြင့် ဆွဲထားသော စိတ်ကူးယဉ် ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေသည်။
သူ၏အရှိန် မည်မျှရောက်နေပြီကို သူကိုယ်တိုင်ပင် မခန့်မှန်းနိုင်တော့ပေ။
အနည်းဆုံးတော့ အသံထက်မြန်သော အရှိန်ကို ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း၏ ထူးခြားချက်ကြောင့် ဤမျှမြန်သော ပျံသန်းမှုက အသံတိတ် ဖြစ်နေသည်။ အသံထက်မြန်၍ ဖြစ်ပေါ်သော ပေါက်ကွဲသံ မရှိသလို လေထုကိုလည်း တုန်ခါခြင်း မရှိစေပေ။
လော်ယွမ်သည် ဤ ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း ၏ အမြင့်ဆုံးအရှိန်ကို မသိသော်လည်း အကန့်အသတ်သို့ မရောက်သေးကြောင်း သိနေသည်။ သို့သော် အမြန်နှုန်း တိုးမြင့်မှုက နှေးကွေးသွားပြီဖြစ်သည်။
သွားတုန်းက မိနစ် ၂၀ ကြာသော်လည်း ပြန်လာသောအခါ တစ်မိနစ်ပင် မကြာလိုက်ပေ။
ရင်းနှီးနေသော ဂူကို မြင်လိုက်ရသောအခါ သူသည် ဟင်းလင်းပြင် ကွေးညွတ်မှုကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။ ဟင်းလင်းပြင် ပြန်လည် တည်ငြိမ်သွားသည်နှင့် အသံထက်မြန်စွာ ပျံသန်းနေသော လော်ယွမ်သည် စက္ကန့်ပိုင်းအတွင်း ရပ်တန့်သွားသည်။ အရှိန်လျော့ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဟန်ချက်ပျက်ခြင်းကို လုံးဝ မခံစားရဘဲ မူလကတည်းက ထိုနေရာတွင် ရပ်နေသကဲ့သို့ ခန္ဓာကိုယ် ငြိမ်သက်နေသည်။
လော်ယွမ် မြေပြင်သို့ ဆင်းသက်လိုက်ပြီး အိတ်ကပ်ထဲမှ နဖူးစည်းကိုထုတ်ကာ စည်းနှောင်လိုက်သည်။ လေးဖက်မြင်ကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားသည်နှင့် မြေကြီး၏ စွမ်းအားများ စီးဝင်လာပြီး ကိုယ်ခန္ဓာအင်အားများ ဖြည်းညင်းစွာ ပြန်လည်ပြည့်ဖြိုးလာသည်။ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ကျန်ရှိနေသေးသည်။ သူ ဂူထဲသို့ ဝင်ကာ ကြည့်လိုက်သောအခါ ဗီဇပြောင်းလူသားမလေး ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
ဂူက သေးငယ်ပြီး အကွယ်အကာ မရှိသဖြင့် တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
သူသည် အာရုံခံနိုင်စွမ်းဖြင့် အနီးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သော်လည်း မတွေ့ရပေ။
သူ နဖူးကို ရိုက်လိုက်မိသည်။ ခုနက လေးဖက်မြင် ကမ္ဘာကို စိတ်ဝင်စားလွန်းပြီး ဗီဇပြောင်းလူသားမလေးကို လုံးဝ မေ့လျော့ထားမိသည်။
စဉ်းစားနေစရာ မလိုဘဲ ဗီဇပြောင်းလူသားမလေး ဘာကြောင့် ပျောက်သွားသည်ကို လော်ယွမ် သိလိုက်သည်။ ပြီးခဲ့သည့် နှစ်ရက်တာ သူမ၏ အပြုအမူအရ သူ အပြင်သို့ ပျံထွက်သွားချိန်တွင် သူမသည် နောက်မှ လိုက်ပါလာခြင်း ဖြစ်လိမ့်မည်။ သူ၏ တရိပ်ရိပ် မြင့်တက်လာသော အရှိန်ကို သူမ မည်သို့ မီနိုင်မည်နည်း။
သူ သိပ်စိတ်မပူမိပေ။ အပြင်တွင် မိုးချုပ်တော့မည်ဖြစ်ရာ သတိကြီးပြီး ကြောက်တတ်သော သူမ၏ စရိုက်အရ မိုးချုပ်သည်နှင့် ကြောက်လန့်ပြီး ချက်ချင်း ပြန်ရောက်လာလိမ့်မည်။
သူ ဂူထဲသို့ ပြန်ရောက်သောအခါ ဂူပေါက်ဝတွင် မီးပုံတစ်ခုကို တမင်သက်သက် ဖိုလိုက်သည်။ သို့မှသာ ဗီဇပြောင်းလူသားမလေး အဝေးက လှမ်းမြင်ရပြီး သူပြန်ရောက်နေပြီဖြစ်ကြောင်း သိနိုင်မည်ဖြစ်သည်။ ထို့နောက် သူသည် မီးပုံဘေးတွင် စိတ်ရှည်လက်ရှည် ထိုင်စောင့်နေလိုက်သည်။
မကြာမီ နေဝင်သွားပြီး ကောင်းကင်ကြီး မည်းမှောင်သွားသည်။ သူ နာရီကြည့်လိုက်ရာ နာရီဝက်ခန့် ကုန်ဆုံးသွားပြီဖြစ်သည်။ သူ စိတ်မရှည်တော့ဘဲ မတ်တပ်ရပ်ကာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း တောအုပ်ဘက်သို့ မျက်မှောင်ကြုတ်ကာ လှမ်းကြည့်နေမိသည်။
အချိန်အတန်ကြာသောအခါ ပြန်ထိုင်လိုက်ပြီး မိမိကိုယ်ကို လှောင်ပြုံးပြုံးလိုက်သည်။
"ဗီဇပြောင်းလူသား တစ်ယောက်ပဲလေ... ပြန်မလာလည်း ဘာဖြစ်လဲ... ဘာစိတ်ပူစရာ ရှိလို့လဲ... ဒီနှစ်ရက်လေး အတူသွားလာမိတာနဲ့ သံယောဇဉ် ဖြစ်သွားတာလား... သူသာ ပါမလာရင် ငါ့အရှိန်နဲ့ဆို မနက်ဖြန် နေ့လယ်လောက် ကွမ်ရှီး ကမ်းရိုးတန်းကို ရောက်လောက်ပြီ"
ပါးစပ်ကသာ ပြောနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိတ်ထဲတွင် ပို၍ စိုးရိမ်လာသည်။
"သူ တကယ်သေသွားတာတော့ မဟုတ်လောက်ပါဘူးနော်" သူ တွေးလိုက်မိသည်။ "သွားရှာကြည့်တာ ကောင်းမယ်... ကံစီမံရာ ဆိုပေမဲ့ ဒီဗီဇပြောင်းလူသားမလေး ဒီနေရာထိ ရောက်လာတာ ငါ့ကြောင့်ပဲလေ... နေရင်းထိုင်ရင်း သေသွားရင် ငါ့စိတ်ထဲက အပြစ်ရှိသလို ခံစားနေရလိမ့်မယ်"
"တကယ့်ပြဿနာပဲ" သူ ဓားကိုကောက်ကိုင်ကာ ဂူပေါ်မှ ခုန်ချလိုက်ပြီး တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ ဗီဇပြောင်းလူသားမလေး၏ အနံ့ကို ခံပြီး လမ်းကြောင်းအတိုင်း လျင်မြန်စွာ လိုက်ပါသွားသည်။
"ဘယ်လိုလုပ် ဒီလောက်ထိတောင် ရောက်နေရတာလဲ" နာရီဝက်အကြာတွင် လော်ယွမ် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ ဤနေရာသည် ခုနက သူ ပျံသန်းခဲ့သော အကွာအဝေးထက်ပင် ကျော်လွန်နေပြီဖြစ်သည်။ သို့သော် ဗီဇပြောင်းလူသားမလေး ပြန်လှည့်လာသည့် လက္ခဏာ မတွေ့ရသေးပေ။ သူမသည် သူ့ကို မမြင်ရတော့ဘဲ ခေါင်းငုံ့စိုက်ပြီး ဆက်ပြေးသွားခဲ့ပုံရသည်။
မှောင်မည်းနေသော တောအုပ်နှင့် ဘေးပတ်ဝန်းကျင်မှ သားရဲဟိန်းသံများကို ကြားနေရသော်လည်း လော်ယွမ် ဆက်သွားရန်သာ ရှိတော့သည်။
တစ်နာရီကျော် ကြာသွားသော်လည်း ဗီဇပြောင်းလူသားမလေး၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ သူမသည် လမ်းတွင် လုံးဝမနားဘဲ ဆက်တိုက် ပြေးလွှားသွားပုံရသည်။ ဒီလောက် တုံးအတဲ့ ဗီဇပြောင်းလူသား ဘာတွေ တွေးနေလဲ မသိတော့ပေ။
ထိုစဉ် သူ မျက်လုံးကို မှေးလိုက်ပြီး ပြေးလွှားနေသော ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူ ခေါင်းငုံ့ကာ မြက်ခင်းထဲမှ ပလတ်စတစ် ပုလင်းတစ်လုံးကို ကောက်ယူလိုက်သည်။ တိတိကျကျ ပြောရလျှင် ရေသန့်ဗူးခွံ တစ်ခုဖြစ်သည်။
၎င်းသည် နေ့လယ်က ဗီဇပြောင်းလူသားမလေး ခိုးယူထားသော ပစ္စည်းဖြစ်သည်။ လော်ယွမ် လှမ်းကြည့်လိုက်တိုင်း သူမသည် ထိုရေသန့်ဗူးကို ကျောနောက်သို့ ဖွက်ကာ အလွန်တန်ဖိုးထားသော ပုံစံဖြင့် သိမ်းဆည်းထားတတ်သည်။ သူမအတွက် အလွန်တန်ဖိုးရှိသော အရာတစ်ခုသည် ယခုအခါ မြေပြင်ပေါ်တွင် ကျရောက်နေသည်။
သိသာသည်မှာ သူမ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။
သူ၏ မျက်နှာထား လေးနက်သွားသည်။
ကံကောင်းသည်မှာ သွေးညှီနံ့ မရသေးသဖြင့် သူမ ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။
သူ စိတ်ပူပင်လာပြီး အရှိန်ကို မြှင့်တင်ကာ တောအုပ်ထဲတွင် အရိပ်တစ်ခုအလား ဖြတ်သန်းသွားသည်။ လမ်းတွင် စနစ် မှ အဆင့် (၇) မစ်ရှင် တစ်ခု အချက်ပေးသော်လည်း ယခုအချိန်တွင် သူ စိတ်မဝင်စားနိုင်တော့ပေ။ ထိုနေရာကို ကွင်းရှောင်ကာ ဆက်လက်ရှာဖွေခဲ့သည်။
ညအချိန် တောအုပ်ကြီးသည် အုံ့မှိုင်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ အပြာရောင်၊ အဝါရောင် တောက်ပနေသော မျက်လုံးပေါင်းများစွာသည် အမှောင်ထဲတွင် မီးအိမ်များသဖွယ် လင်းလက်နေပြီး မြင်ရသူအဖို့ ကြက်သီးထစရာ ကောင်းလှသည်။ သတိကြီးပြီး ကြောက်တတ်သော ဗီဇပြောင်းလူသားမလေးသည် မည်သည့်သတ္တိဖြင့် ဤမျှအကွာအဝေးထိ ရောက်လာသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။ တစ်နေရာရာမှာ ပုန်းနေလိုက်ပါတော့လား။
"တကယ့် ဦးနှောက်မရှိတဲ့ ကောင်မလေးပဲ..."
လော်ယွမ့်မျက်နှာ မည်းမှောင်နေပြီး စိတ်ထဲတွင် ပိုမိုစိုးရိမ်လာသည်။
ထိုစဉ် သူ "ဟမ်" ခနဲ ရေရွတ်လိုက်ပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။ ထိုနေရာတွင် မြက်ခင်းများ ဖရိုဖရဲ ဖြစ်နေပြီး အချို့မြက်ပင်များ ကျိုးပဲ့ကာ အချို့မှာ အမြစ်ပါလန်နေသည်။ ဗီဇပြောင်းလူသားမလေး ဤနေရာတွင် ရုန်းကန်ခဲ့ပုံရသည်။ သူ့မျက်နှာ ပျက်သွားစေသည့်အရာမှာ မလှမ်းမကမ်းတွင် လတ်ဆတ်သော သွေးကွက်များကို တွေ့လိုက်ရခြင်းဖြစ်သည်။
သွေးက သိပ်မများသော်လည်း အနံ့အရ လူသွေးဖြစ်ကြောင်း သိသာသည်။
ထိုစဉ် သစ်ပင်ပေါ်တွင် ကြိုးရှည်တစ်ချောင်း ချိတ်နေသည်ကို သူ၏ မျက်လုံးထောင့်စွန်းမှ ရိပ်ခနဲ တွေ့လိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ သစ်ကိုင်းသေးသေးလေးပေါ်တွင် ချိတ်နေသော သစ်နွယ်ကြိုးတစ်ချောင်း ဖြစ်နေသည်။
ဆက်ရန်...
အပိုင်း (၃၈၆) လူသားခိုလှုံရာစခန်း
မကြာမီ သစ်ကိုင်း၏တစ်ဖက်တွင် ဖိမိထားသော အရာတစ်ခုကို သူ တွေ့လိုက်ရသည်။ သစ်ခေါက်များ အနည်းငယ် ပျက်စီးနေသည်။
ဤသည်မှာ သိသာထင်ရှားပြီး အလွန်ရိုးရှင်းသော ထောင်ချောက်တစ်ခုဖြစ်သည်။
ဉာဏ်ရည်မြင့် မျိုးနွယ်စုလော။ ဒါမှမဟုတ် ဤနေရာမှာ လူသားတွေ နေထိုင်ကြသည်လော။
မြေပြင်ပေါ်တွင် ပေါင်းပင်များနှင့် သစ်ရွက်ခြောက်များ ပြည့်နှက်နေသည်။ လော်ယွမ်သည် ထင်ရှားသော ခြေရာများကို မတွေ့ရပေ။ သို့သော် လေထုထဲမှ အနံ့အသက်များကတော့ ပျောက်ကွယ်မသွားပေ။ ဗီဇပြောင်းလူသားမလေး၏ အနံ့အပြင် အခြားအနံ့များလည်း ရောနှောနေသည်။ ထိုအနံ့များသည် ရော်ဘာကို မီးရှို့ထားသကဲ့သို့ ပြင်းထန်ပြီး နှာခေါင်းကို စူးရှစေသည်။
လော်ယွမ်၏ မျက်နှာထား တင်းမာသွားပြီး အနံ့လာရာလမ်းအတိုင်း လျင်မြန်စွာ လိုက်သွားလိုက်သည်။
မိနစ်အနည်းငယ် မပြေးရသေးမီမှာပင် လော်ယွမ်၏ အမူအရာက ပိုမိုအံ့ဩလာသည်။ ဤအနီးတစ်ဝိုက်တွင် လူသားတို့၏ ခြေရာလက်ရာများကို ရံဖန်ရံခါ တွေ့နေရသည်။ ကျိုးပဲ့နေသော သံလှံသွားတစ်ပိုင်း၊ သံချေးတက်နေသော ကျည်ခွံအချို့နှင့် လူသားအရိုးစုများကိုပင် တွေ့ရသည်။
လှံသွားနှင့် ကျည်ခွံများ၏ သံချေးတက်နေပုံကို ကြည့်ခြင်းအားဖြင့် ဤပစ္စည်းများကို စွန့်ပစ်ထားသည်မှာ သိပ်မကြာသေးပေ။ တစ်လပင် မပြည့်သေးဟု ခန့်မှန်းရသည်။ ရှေ့နားတွင် လူသားများ နေထိုင်နိုင်ခြေရှိသည်။ သူ့မျက်နှာထားသည် မတည်မငြိမ်ဖြစ်သွားပြီး အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်သည်။
၁၀ မိနစ်ခန့်အကြာတွင်...
လော်ယွမ်သည် ကျောက်တုံးကြီးတစ်ခုနောက်တွင် ဝပ်လျက် ရှေ့သို့ လှမ်းကြည့်လိုက်သည်။
၎င်းသည် တောင်ခါးပန်းတွင် တည်ရှိသော စခန်းတစ်ခုဖြစ်သည်။ ရေညှိနှင့် နွယ်ပင်များ ဖုံးလွှမ်းနေသော ကွင်းပြင်တွင် သံချေးတက်နေသော ရဟတ်ယာဉ်ပျက်များကို ကြည့်ခြင်းအားဖြင့် ကမ္ဘာပျက်ကပ်မတိုင်မီက လျှို့ဝှက်စစ်စခန်းတစ်ခု ဖြစ်ခဲ့ပုံရသည်။
တံခါးမကြီးသည် သံချေးတက်နေခြင်းကြောင့် သော်လည်းကောင်း၊ လုံခြုံရေးကြောင့်သော်လည်းကောင်း သစ်သားပြားအထူကြီးများဖြင့် အထပ်ထပ် ပိတ်ဆို့ထားသည်။ ဘေးနားတွင် လူနှစ်ယောက်၊ သုံးယောက် ယှဉ်ဝင်ရုံသာရှိသော အပေါက်ငယ်လေးတစ်ခု ရှိပြီး ၎င်းသည်သာ စခန်း၏ အဝင်အထွက်ပေါက်အစစ် ဖြစ်ပုံရသည်။
ယခုအချိန်တွင် မိုးလုံးဝချုပ်သွားပြီဖြစ်သည်။
ပတ်ဝန်းကျင်တွင် အစောင့်မရှိသလို မီးရောင်လည်း မမြင်ရပေ။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
လော်ယွမ်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အသံတိတ် ဖြတ်သန်းကာ အပေါက်ဝထဲသို့ ဝင်ရောက်သွားသည်။ လိုဏ်ဂူအမြင့်မှာ ၅ပေ၉လက်မခန့်သာ ရှိသဖြင့် လော်ယွမ် ခါးကို အနည်းငယ်ကိုင်း၍ သွားရသည်။ အတွင်းပိုင်းသည် ကွေ့ကောက်နက်ရှိုင်းပြီး ကျောက်နံရံများမှာ မညီညာပေ။ ချွန်ထက်သော ကျောက်စွန်းများ ထွက်နေသဖြင့် သတိမထားမိပါက သွေးထွက်သံယို ဖြစ်သွားနိုင်သည်။
ဤလိုဏ်ဂူသည် လူလုပ်ဂူဖြစ်ကြောင်း သိသာထင်ရှားသည်။ စက်ယန္တရားမသုံးဘဲ တူးဖော်ထားခြင်းဖြစ်၍ ကြီးမားသော လုပ်အားတစ်ခု ဖြစ်ပေလိမ့်မည်။ ပေ ၃၀ ခန့် လျှောက်ပြီးနောက် လိုဏ်ဂူကို သစ်သားပြားထူထူများဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရသည်။
လော်ယွမ် တွန်းကြည့်သော်လည်း မရွေ့ပေ။ အနောက်မှ တစ်ခုခုဖြင့် ခုခံပိတ်ဆို့ထားပုံရသည်။
သူ တံခါးခေါက်ပြီး အော်ပြောလိုက်သည်။ "တံခါးဖွင့်စမ်း"
"ဘာလို့ တံခါးကို ခေါက်နေတာလဲ... ဒီလောက်မိုးချုပ်နေမှ ပြန်လာတာ အသားနာချင်လို့လား... ဒါမှမဟုတ် တမင် ပြဿနာရှာချင်နေလား" မကြာမီ အတွင်းမှ အသံပြန်ကြားရသော်လည်း လေသံမှာ သိပ်မကောင်းလှပေ။
"ဖွင့်ဆို ဖွင့်လိုက်... နောက်တစ်ခွန်း ထပ်ရှည်နေရင် မင်းအရိုးတွေကို ရိုက်ချိုးပစ်မယ်" လော်ယွမ်က အေးစက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်ပါသည့် လေသံနိမ့်ဖြင့် ပြောလိုက်သည်။
အတွင်းဘက်တွင် ချက်ချင်း တိတ်ဆိတ်သွားသည်။ အတော်ကြာမှ တိုးတိုးတိတ်တိတ် ရေရွတ်သံကြားရပြီး မကြာမီ သံကြိုးဆွဲသံနှင့် ဂီယာဘီးလှည့်သံများ ထွက်ပေါ်လာသည်။
၁၀ မိနစ်ခန့် ကြာပြီးမှ တံခါး ဖြည်းညင်းစွာ ပွင့်လာသည်။
တံခါးအပြည့်အဝ မပွင့်သေးမီမှာပင် လော်ယွမ် လှစ်ခနဲ ဝင်ရောက်သွားသည်။ ကျောက်နံရံပေါ်တွင် ဆီမီးခွက်များ ထွန်းညှိထားသဖြင့် လုံးဝမှောင်မနေပေ။
"မင်း... မင်းက ဘယ်သူလဲ"
ခါးတွင် သားရေပတ်ထားပြီး သေနတ်အိုကြီးများကို ကိုင်ဆောင်ထားသော လူလေးယောက်က လော်ယွမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့တွင် လူ့ယဉ်ကျေးမှု၏ အငွေ့အသက်များ မရှိသလောက်ဖြစ်နေပြီး သေနတ်များမှာလည်း သံချေးတက်နေသဖြင့် ပစ်ရ၊ မရ မသေချာပေ။ ခါးဝတ်သားရေမှလွဲ၍ ကိုယ်ပေါ်တွင် အဝတ်အစားမရှိကြပေ။
လော်ယွမ် အံ့ဩသွားသည်မှာ သူတို့၏ အရေပြားပေါ်တွင် ၁ စင်တီမီတာ၊ ၂ စင်တီမီတာခန့် ထူသော အလင်းပေါက်ဂျယ်လ် တစ်မျိုးကို သုတ်လိမ်းထားခြင်း ဖြစ်သည်။ မျက်နှာမှလွဲ၍ တစ်ကိုယ်လုံး သုတ်လိမ်းထားပြီး စောစောက ရရှိခဲ့သော စူးရှသည့်အနံ့မှာ ဤဂျယ်လ်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
လော်ယွမ်၏ ဝတ်စားဆင်ယင်ပုံမှာမူ လူရိုင်းမျိုးနွယ်စုထဲသို့ ယဉ်ကျေးသော လူသားတစ်ယောက် ရောက်လာသကဲ့သို့ ဖြစ်နေပြီး သဟဇာတမဖြစ်သလို ထူးဆန်းနက်နဲသော ခံစားမှုကို ပေးစွမ်းနေသည်။
လူသားယဉ်ကျေးမှု ပျက်စီးသွားသည်မှာ ကြာမြင့်ပြီဖြစ်သည်။ တောရိုင်းနယ်မြေသည် အန္တရာယ်များလှပြီး အသက်အန္တရာယ် အချိန်မရွေး ကြုံတွေ့နိုင်သည်။ ထိုသို့သောနေရာမျိုးတွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာခြင်းက သူတို့ကို အံ့ဩထိတ်လန့်စေသည်။
စကားသံဆုံးသည်နှင့် လေထဲတွင် အရိပ်တစ်ခု ဖြတ်သွားသလို ခံစားလိုက်ရပြီး သူတို့လည်ပင်းများ နာကျင်သွားသည်။ စမ်းသပ်ကြည့်လိုက်ရာ လက်တွင် သွေးများ စွန်းထင်းလာသဖြင့် မျက်နှာများ ဖြူဖျော့သွားကြသည်။
"စကားမရှည်နဲ့... ငါမေးတာ ဖြေ... ငါ သဘောမကျရင် နောက်တစ်ခါ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး" လော်ယွမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး အရှိန်အဝါ အနည်းငယ် ထုတ်လွှတ်လိုက်သည်။
သာမန်လူများဖြစ်သော ထိုလေးယောက်မှာ လော်ယွမ်၏ အရှိန်အဝါကို မခံနိုင်ဘဲ ခြေထောက်များ ပျော့ခွေလာကြသည်။
"ငါပြောတာ နားလည်ရင် ခေါင်းညိတ်" လော်ယွမ် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
အစောင့်လေးယောက်မှာ နောက်ကျသွားမည်စိုးသဖြင့် အလျင်အမြန် ခေါင်းညိတ်ပြကြသည်။
"ဟုတ်ပြီ... ဒီစခန်းမှာ လူဘယ်နှစ်ယောက် ရှိလဲ" လော်ယွမ်က ဘေးနားရှိ ကျောက်တုံးပေါ်တွင် ဝင်ထိုင်လိုက်သည်။
အစောင့်တစ်ယောက်က သူ့လက်ထဲမှ သေနတ်နှင့် လော်ယွမ်ကို အကဲခတ်ကြည့်လိုက်ရာ လော်ယွမ်၏ စူးရဲသော အကြည့်ကြောင့် ကြောက်လန့်ပြီး သေနတ်လွတ်ကျလုနီးပါး ဖြစ်သွားသည်။
"မင်းဖြေစမ်း"
"နှစ်... နှစ်ရာကျော်ပါ"
"သန္ဓေပြောင်းလူသား ဘယ်နှစ်ယောက်ရှိလဲ... ဒီတစ်ခါ မင်းဖြေ" လော်ယွမ် နောက်တစ်ယောက်ကို ညွှန်ပြလိုက်သည်။
"ဆယ့်... ဆယ့်ငါးယောက်ပါ" အစောင့်တစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။ စကားဆုံးသည်နှင့် လော်ယွမ်၏ ကန်ချက်ကြောင့် လွင့်ထွက်သွားပြီး ကျောက်နံရံနှင့် ဝင်ဆောင့်ကာ သွေးအန်ကျလာသည်။
"နောက်တစ်ခေါက် အခွင့်အရေး ထပ်ပေးမယ်... သန္ဓေပြောင်းလူသား ဘယ်နှစ်ယောက်ရှိလဲ" လော်ယွမ်က သွေးအန်နေသူအနားသို့ သွားပြီး အေးစက်စွာ ပြုံးလျက် မေးလိုက်သည်။ သူ့အာရုံခံစားမှု ကောင်းမွန်လွန်းသဖြင့် ဤကဲ့သို့လိမ်ညာမှုကို အလွယ်တကူ သိနိုင်သည်။
"မ... မသတ်ပါနဲ့... ၁၈... ၁၈ ယောက်... ဒီမှာ သန္ဓေပြောင်းလူသား ၁၈ ယောက် ရှိပါတယ်"
လော်ယွမ်သည် မေးခွန်းများကို တစ်ခုပြီးတစ်ခု ဆက်မေးသည်။ အချိန်ကုန်သက်သာစေရန် စိတ်ညှို့နည်းကိုပါ သုံးလိုက်သည်။ သာမန်လူများဖြစ်သဖြင့် မည်သူမျှ မခုခံနိုင်ဘဲ မကြာမီ စခန်းအခြေအနေကို လော်ယွမ် အကြမ်းဖျင်း သိရှိသွားသည်။
....................................................................................................
လော်ယွမ် ခန့်မှန်းထားသည့်အတိုင်း ဤနေရာသည် တောင်တန်းများကြားတွင် တည်ရှိသော လျှို့ဝှက်စစ်စခန်းဟောင်းတစ်ခု ဖြစ်သည်။
ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက် အခြေအနေဆိုးရွားလာသဖြင့် တပ်ဖွဲ့များနှင့် လက်နက်အများစုကို ရွှေ့ပြောင်းသွားခဲ့ပြီး တပ်ခွဲတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ကွေ့ကျိုးပြည်နယ် ကျဆုံးလာသည်နှင့်အမျှ ဤစခန်းသည် ခံစစ်ကောင်းမွန်သဖြင့် ဒုက္ခသည်များ ခိုလှုံရာနေရာ ဖြစ်လာခဲ့သည်။
လူအများဆုံးအချိန်က ၅ သောင်း၊ ၆ သောင်းခန့် ရှိခဲ့ဖူးသည်။
သို့သော် ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယနှင့် သန္ဓေပြောင်းသတ္တဝါများ၏ ခြိမ်းခြောက်မှုတို့ကြောင့် လူအများအပြား သေဆုံးခဲ့ရသည်။ ပိုဆိုးသည်မှာ အတွင်းပဋိပက္ခများကြောင့် လူအချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ထိုးကျသွားသည်။ ယခုအခါ စခန်းတစ်ခုလုံး ခြောက်ကပ်နေပြီး လူ ၃၀၀ မပြည့်တော့ပေ။ ထိုအထဲတွင် သန္ဓေပြောင်းလူသားက အယောက် ၂၀ လောက် ပါဝင်နေသည်။
လူနည်းစုသာ ရှိတော့သော်လည်း အုပ်စု ၃ စု ကွဲနေသေးသည်။
အုပ်စုခေါင်းဆောင်များမှာ လီဝမ် (ခွန်အားဘုရင်)၊ ချောင်ချောင် နှင့် ကင်းမြီးကောက်လျူ တို့ဖြစ်သည်။
လီဝမ့်လက်ထဲတွင် သန္ဓေပြောင်းလူသား အများဆုံးရှိပြီး ကင်းမြီးကောက်လျူက တစ်ကိုယ်တော်စွမ်းရည် အကောင်းဆုံးဖြစ်သည်။ ချောင်ချောင်ကတော့ လက်နက်အများစုကို ထိန်းချုပ်ထားပြီး သာမန်လူအများဆုံးကို စုစည်းထားသည်။ သန္ဓေပြောင်းလူသားမလေးကို ဖမ်းဆီးထားသည်မှာ ချောင်ချောင်၏ အဖွဲ့ဖြစ်သည်။
ဆက်ရန်...