← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 20 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 20 Ch. 387-388

အပိုင်း (၃၈၇) လူရမ်းကားအုပ်စု

ဤနေရာသည် စစ်သားအိပ်ဆောင်ဟောင်း တစ်ခုဖြစ်သည်။ အတွင်းရှိ ကုတင်များကို ဖျက်ဆီးထားပြီး ဖြစ်သဖြင့် ဟာလာဟင်းလင်း ဖြစ်နေသည်။

တောင်နံရံအတွင်းပိုင်း နက်ရှိုင်းသော နေရာဖြစ်သဖြင့် နေရောင်ခြည်မရဘဲ အလင်းရောင် ကင်းမဲ့နေသည်။ စိုစွတ်ပြီး မှောင်မိုက်နေသည့်အပြင် နံရံများမှာလည်း အဖတ်လိုက် ကွာကျကာ ရေညှိများ တက်နေသည်။ လေထုထဲတွင် မှိုနံ့ပြင်းပြင်းများ လှိုင်နေသည်။

ဗီဇပြောင်းလူသားမလေးသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး ပြင်းထန်စွာ ရုန်းကန်နေသည်။ သို့သော် သူမတစ်ကိုယ်လုံးကို ပိုက်ကွန်များဖြင့် အထပ်ထပ် ရစ်ပတ်ထားပြီး အပြင်ဘက်မှလည်း သစ်နွယ်ကြိုးများဖြင့် ထပ်မံ ချည်နှောင်ထားသဖြင့် အားကုန်သုံး၍ ရုန်းသော်လည်း မလွတ်နိုင်ပေ။ မှောင်မိုက်နေသော အခန်းထဲတွင် သူမ၏ ဝါညစ်ညစ် မျက်လုံးအိမ်များ၌ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ တဖျပ်ဖျပ် လက်နေသည်။

သူမနှင့် မျိုးစိတ်တူ လူသားအချင်းချင်းက သူမကို အဘယ်ကြောင့် ဖမ်းဆီးထားရသနည်း ဆိုသည်ကို သူမ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။

ထိုစဉ် အပြင်ဘက်မှ ရှုပ်ထွေးသော ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ ရုန်းကန်နေခြင်းကို အလျင်အမြန် ရပ်တန့်လိုက်ပြီး အသက်အောင့်ထားလိုက်သည်။ ကြောက်ရွံ့မှုကြောင့် သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာသည်။

"ခေါင်းဆောင်... ငါတို့ ဖမ်းမိလာတဲ့ ဒီဗီဇပြောင်းလူသားက အလန်းစားပဲ... မျက်နှာပေးရော... ကိုယ်လုံးကိုယ်ပေါက်ရော ရှယ်ပဲ... ငါတော့ ဒီလောက်လှတာမျိုး တစ်ခါမှ မမြင်ဖူးဘူး" မျောက်နှာခေါင်းနှင့် ပါးချိုင့်ခွက်ခွက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရွံရှာဖွယ် မျက်နှာထားဖြင့် ပြောလိုက်သည်။ "ငါ့အထင်တော့... ဒီဗီဇပြောင်းလူသားမက ဗီဇပြောင်းလူသားမဖြစ်ခင်တုန်းက အပျိုစင်လေး ဖြစ်လိမ့်မယ်... အသားအရေက နုဖတ်ပြီး ပိုးသားလေးကျနေတာကွာ... ရေတောင် ထွက်ကျလာမလား အောက်မေ့ရတယ်"

လူအုပ်ကြီးဆီမှ တံတွေးမြိုချသံများ ထွက်ပေါ်လာသည်။ တချို့ဆိုလျှင် ပေါင်ကြားမှ အရာဝတ္ထုများ ထောင်မတ်လာကြပြီ ဖြစ်သည်။ ခေါင်းဆောင်သာ ရှိမနေလျှင် သူတို့ စိတ်ရှိတိုင်း ကျဲကြမည့်ပုံ ပေါက်နေသည်။ ဤမျှလောက် တုံ့ပြန်မှု ကြီးမားနေရခြင်းမှာ ဤခိုလှုံရာစခန်းတွင် မိန်းမဟူ၍ မရှိသလောက် နည်းပါးသွားသောကြောင့် ဖြစ်သည်။

မျှော်လင့်ချက်မဲ့နေသော ပတ်ဝန်းကျင်တွင် ပြင်းထန်သော အထိန်းအကွပ်များ မရှိတော့သည့်အခါ ယဉ်ကျေးသိမ်မွေ့သော သိုးငယ်များပင် ဆာလောင်နေသော ဝံပုလွေများအဖြစ်သို့ ပြောင်းလဲသွားတတ်ကြသည်။ လူ့သဘာဝ၏ အမှောင်မိုက်ဆုံး စိတ်ဓာတ်များသည် ဤနေရာတွင် အထင်သား ပေါ်လွင်နေသည်။ စုဆောင်းထားသော အစားအစာများ ကုန်ခမ်းသွားပြီး ခိုလှုံရာစခန်း၏ အခက်ခဲဆုံး အချိန်များတွင် လူအချင်းချင်း ပြန်လည်အမဲလိုက်ခဲ့ကြဖူးသည်။

လူသေအလောင်းများ၏ အသားသည် အသက်ရှင်ကျန်ရစ်သူများအတွက် အချိန်အတန်ကြာ အဓိက အစားအစာ ဖြစ်ခဲ့သည်။

ပထမဆုံး သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အရှင်းခံလိုက်ရသည်။ ထို့နောက် မိမိကိုယ်မိမိ မကာကွယ်နိုင်သော အမျိုးသမီးများ အလှည့်ဖြစ်သည်။ အမျိုးသမီးများသည် ခွန်အားကြီးသူများကို မမှီခိုနိုင်လျှင် အစာဖြစ်မည့် ကံတရားနှင့် ရင်ဆိုင်ရသည်။ ထိုသို့ မှီခိုနိုင်သည့်တိုင် သူမတို့သည် ယာယီ အသက်ရှင်နေသော ''ခြေနှစ်ချောင်း သိုးများ'' သို့မဟုတ် ''လမ်းလျှောက်နိုင်သော အရေးပေါ်အစာ'' များသာဖြစ်သည်။

နောက်ဆုံးတွင် အားနည်းသူများ အကုန်ရှင်းသွားပြီး အသက်ရှင်ကျန်ရစ်သူ အားလုံးသည် ဝံပုလွေများ ဖြစ်လာကြသည်။ သူတို့သည် အုပ်စုဖွဲ့ကာ အင်အားစုအသီးသီး တည်ထောင်ကြသည်။

အစားအစာ ရရှိရန် ပေးဆပ်ရမည့် တန်ဖိုး ကြီးမားလာပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ထက် ကျော်လွန်လာသည့်အခါ၊ သို့မဟုတ် တောနက်ထဲမှ အန္တရာယ်ကို ကြောက်ရွံ့သည့်စိတ်ထက် ငတ်မွတ်မှုက ပိုဆိုးလာသည့်အခါမှသာ ဤနေရာမှ အသက်ရှင်သူများသည် အန္တရာယ်များသော တောထဲသို့ အစာထွက်ရှာရန် စိတ်ကူးမိကြသည်။ သို့သော် ထိုအချိန်ရောက်မှ မိန်းမဟူ၍ လက်ချိုးရေစရာပင် မကျန်တော့ကြောင်း သတိပြုမိကြသည်။

လက်ရှိ ခိုလှုံရာစခန်းတွင် အသက်ရှင်သူ ၃၀၀ နီးပါး ရှိသော်လည်း အမျိုးသမီးဟူ၍ အယောက် ၂၀ ကျော်သာ ရှိတော့သည်။ ထိုအမျိုးသမီး အများစုမှာလည်း အစွမ်းထက်သူများသာ ဖြစ်ကြသည်။

သို့သော် ဇီဝကမ္မ လိုအင်ဆန္ဒများမှာ သည်းခံနေရုံဖြင့် မပြီးပေ။ လူတိုင်းက လိင်တူဆက်ဆံခြင်း သို့မဟုတ် သန္ဓေပြောင်းသတ္တဝါများနှင့် ပျော်ပါးခြင်းကို နှစ်သက်ကြသည် မဟုတ်ချေ။

ဘာကိုမှ ရွေးစရာမရှိသော ဤလူများအတွက် လူသားအလှတရားနှင့် ကိုက်ညီပြီး ချောမောလှပသော ဗီဇပြောင်း လူသားမတစ်ဦးကို တွေ့လိုက်ရခြင်းက မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းမည်ကို တွေးကြည့်နိုင်ပါသည်။

သူမ၏ ကြောက်မက်ဖွယ်ကောင်းသော အကြေးခွံများနှင့် ဒေါင်လိုက် သူငယ်အိမ်များကိုတော့ သူတို့ လျစ်လျူရှုထားလိုက်ကြပြီ ဖြစ်သည်။

................................................................................................

ရွံရှာဖွယ်ကောင်းသော မျောက်ရုပ်နှင့်လူက ''ခေါင်းဆောင်'' ဟု ခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်အောက်ငယ်သားများ ခြံရံလျက် လျှောက်လှမ်းလာသည်။ ထိုသူမှာ အရပ်ပုပု၊ အသားမည်းမည်းနှင့် ပိန်လှီသော အဘိုးအိုတစ်ယောက် ပုံစံပေါက်သည်။ မျက်နှာပေါ်တွင် အမြဲပြုံးနေတတ်ပြီး ကြည့်ရသည်မှာ ဘာအန္တရာယ်မှ မရှိမည့်ပုံပင်။

သူကား ဤခိုလှုံရာစခန်းရှိ အင်အားစု ၃ ခုထဲမှ တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး လူအများက သူ့ကို ''ချောင်ချောင်'' ( သုံးပြည်ထောင်ခေတ်မှ ကောက်ကျစ်သော စစ်ဘုရင်) ဟု ခေါ်ကြသည်။

သူက မျောက်ရုပ်နှင့်လူ၏ တင်စားပြောဆိုမှုများကို ကြားသောအခါ စိတ်ဝင်စားသွားသည်။ သို့သော် ဟော်မုန်းဓာတ် ကြွပြီး ရူးသွပ်နေသော လက်အောက်ငယ်သားများကဲ့သို့ မဟုတ်ဘဲ ရယ်မောရင်း ဆဲဆိုလိုက်သည်။ "တကယ် အဲလောက်လှလို့လား... မင်းမျက်လုံးထဲ မျက်ချေးဝင်နေတာ နေမှာပါ... ဗီဇပြောင်းလူဆိုတာ လူပုံစံပေါက်ရုံပဲ ရှိတာ... လှတယ်ဆိုရင်တောင် ဘယ်လောက် လှဦးမှာမို့လို့လဲ... တံခါးဖွင့်စမ်း ငါ ကြည့်ရအောင်"

"ခေါင်းဆောင်ကလည်း... ငါက တကယ်ပြောနေတာ... ငါ့မျက်လုံးကို မယုံဘူးလား... ခေါင်းဆောင် ခဏနေ တွေ့ရင် သိလိမ့်မယ်" မျောက်ရုပ်နှင့်လူက ပိုပိုသာသာ မျက်နှာပေးဖြင့် ပြောပြီးမှ သတိပေးစကား ဆိုပြန်သည်။ "ဒါပေမဲ့ ဒီဗီဇပြောင်းလူသားမက အားသန်သလို လှုပ်ရှားတာလည်း မြန်တယ်နော်... ခေါင်းဆောင် သတိထားဦး... စောစောက ချန်လောင်ဆန်းတောင် သတိမထားမိလို့ ဒဏ်ရာရသွားသေးတယ်"

"ငါတို့တောင် အရှင်ဖမ်းလာနိုင်သေးတာပဲ... ခေါင်းဆောင်ရဲ့ အစွမ်းနဲ့ဆို အန္တရာယ်ရှိစရာလားကွ... မျောက်ဝမ် မင်းက ဘာတွေ တွေးနေတာလဲ" ချောင်ချောင် ဘေးနားမှ တပည့်တစ်ယောက်က မျောက်ဝမ်၏ မျက်နှာလိုမျက်နှာရ အချိုးကို ကြည့်မရသဖြင့် ဝင်ဟောက်လိုက်သည်။

"မင်း စကားကို ပြောင်းပြန်တွေ မပြောနဲ့... ခေါင်းဆောင်က အစွမ်းအထက်ဆုံးဆိုတာ အားလုံးအသိပဲ..." ခေါင်းဆောင် မျက်နှာပျက်သွားသည်ကို မြင်သောအခါ မျောက်ဝမ်ဟု ခေါ်သော လူက ကပျာကယာ ပြန်ပြောသည်။

"တော်ကြတော့... စကားများမနေနဲ့ တံခါးဖွင့်" ချောင်ချောင်က စိတ်မရှည်သလို ပြောလိုက်သည်။

မျောက်ဝမ် ပါးစပ်ပိတ်သွားသည်။ လူအုပ်ထဲမှ တစ်ယောက်ထွက်လာပြီး သံချေးတက်နေသော သော့ခလောက်ကို ဖွင့်လိုက်သည်။ တံခါး ပွင့်သွားသည်နှင့် မီးတုတ်မှ မှိန်ဖျဖျ အလင်းရောင်အောက်တွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတိုင်း၏ မျက်လုံးများ အရောင်တောက်လာကြသည်။

ချောင်ချောင်သည်လည်း ထူးခြားသော အမူအရာ ဖြစ်သွားသည်။ ဤနေရာတွင် မနေဖူးသူများအဖို့ ဤနေရာ၏ ဒုက္ခကို သိမည်မဟုတ်။ သူသည် ခေါင်းဆောင် ဖြစ်သည့်တိုင် သူ့အခန်းထဲမှ မိန်းမများမှာ ကြည့်ပျော်ရှုပျော် အဆင့်လောက်သာ ရှိသည်။

ဤစခန်းပတ်ဝန်းကျင်က အလင်းရောင်ကင်းမဲ့ပြီး စိုစွတ်မှောင်မိုက်နေသဖြင့် ကြာကြာနေလျှင် အများစုမှာ အရေပြားရောဂါများ စွဲကပ်လာတတ်သည်။ ယခုကဲ့သို့ ကျန်းမာပြီး အသက်ဓာတ် ပြည့်ဝနေသော အမျိုးသမီးမျိုး ကမ္ဘာပျက်ကပ် ဖြစ်ပြီးကတည်းက သူ တစ်ခါမှ မတွေ့ဖူးပေ။

သူ သတိပြန်ဝင်လာပြီး ဘေးဘီကို ကြည့်လိုက်ရာ တပည့်ကျော်များ၏ သွားရည်ယိုနေသော ရုပ်ပျက်ဆင်းပျက် အဖြစ်ကို မြင်လိုက်ရသည်။ သူ မကျေမနပ်ဖြင့် ချောင်းဟန့်လိုက်ပြီး ပြုံးစစဖြင့် ပြောလိုက်သည်။ "ကဲ... ကြည့်လို့ဝရင် အားလုံး အပြင်ထွက်ကြတော့"

သူ့အရှိန်အဝါက ကြီးမားသဖြင့် မကျေနပ်ကြသော်လည်း အားလုံးက နှမြောတသစွာဖြင့် အကြည့်ရုပ်ကာ တံခါးပေါက်ဆီသို့ တွန့်ဆုတ်တွန့်ဆုတ် ထွက်ခွာသွားကြသည်။ မျက်လုံးထောင့်မှမူ ဗီဇပြောင်းလူသားမလေးကို ခိုးကြည့်ရင်း တံတွေးမြိုချနေကြဆဲပင်။

ထိုအချိန်တွင် လူတစ်ယောက် ပျာယာခတ် ပြေးလာရင်း အော်ပြောလိုက်သည်။ "ခေါင်းဆောင်... ခေါင်းဆောင်... ပြဿနာတက်ပြီ"

ချောင်ချောင် စိတ်ပျက်သွားပြီး ထိုလူကို ပါးရိုက်ချလိုက်ရာ ထိုလူမှာ နေရာမှာပင် တစ်ပတ်လည်သွားသည်။ "ဘာပြဿနာတက်တာလဲ... မိုးပြိုတာကျနေတာပဲ... စကားကို ဖြည်းဖြည်းပြောစမ်း"

ထိုလူမှာ ပါးရိုက်ခံလိုက်ရသဖြင့် မူးဝေသွားပြီး အတော်ကြာမှ သတိပြန်ဝင်လာသည်။ ချောင်ချောင်၏ မျက်နှာထား တင်းမာနေသည်ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် ထစ်အငေါ့ငေါ့ ပြောရှာသည်။ "လူ... လူတစ်ယောက်... ငါတို့ဆီ ကျူးကျော်ဝင်လာလို့..."

စကားမဆုံးမီမှာပင် သူ့နောက်လိုက် တစ်ယောက်သည် စင်္ကြံလမ်းတစ်လျှောက် လွင့်ပျံလာပြီး သူ့ရှေ့၌ လှိမ့်ကျသွားသည်။ နောက်တစ်ခဏတွင် လူတစ်ယောက် သူတို့ရှိရာသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူ ဝတ်ဆင်ထားသော သပ်ရပ်သည့် အဝတ်အစားများနှင့် ကြီးမားသော ခွန်အားကို မြင်လိုက်ရသောအခါ ချောင်ချောင် ရင်ထဲ ထိတ်လန့်သွားသည်။ ထိုအဝတ်အစားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ကြီးမားလှသည်။ သူတို့ သတိမထားမိသော အနီးအနား တစ်နေရာတွင် လူသားအင်အားစု တစ်ခု ရှိနေနိုင်ပြီး ထိုအင်အားစုသည် သူတို့ထက် များစွာ ပိုမို အင်အားကြီးမားနိုင်သည်။

သို့သော် သူက ဉာဏ်များသူ ပီပီ စိတ်ထဲတွင် လန့်နေသော်လည်း မျက်နှာပေါ်တွင် မပေါ်စေဘဲ နောက်ကျောဘက်မှနေ၍ လက်ဖြင့် အချက်ပြလိုက်သည်။ လူတစ်ယောက်သည် လူအုပ်ထဲမှ သိုသိပ်စွာ ခွဲထွက်ပြီး အနောက်ဘက်သို့ ပြေးထွက်သွားသည်။

သူ သက်ပြင်းချလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ "မိတ်ဆွေက စိမ်းနေသလိုပဲ... ဘယ်ကလာတာလဲ... ဘာကိစ္စရှိလို့လဲ"

လာသူမှာ လော်ယွမ်ပင် ဖြစ်သည်။ သူက ရှေ့မှ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး တစ်လှမ်းချင်း လျှောက်လာသည်။ ထိုလူများသည် ပိန်ချုံးနေပြီး ညစ်ပတ်နံစော်နေကြသည်။ တချို့က ခါးတွင် တိရစ္ဆာန်သားရေ ပတ်ထားသော်လည်း တချို့မှာ ထိုသားရေပင် မရှိဘဲ ကိုယ်လုံးတီး ဖြစ်နေကြသည်။ သူတောင်းစားများထက်ပင် ဆိုးရွားသော အခြေအနေပင်။

လက်ထဲတွင် ရိုင်ဖယ်သေနတ် ကိုယ်စီ ကိုင်ဆောင်ထားကြသော်လည်း သေနတ်ကိုင် လူမိုက်အဆင့်သာ ရှိပြီး စည်းကမ်းမဲ့ လူရမ်းကားအုပ်စုသာ ဖြစ်သည်။

ပုံမှန် စစ်တပ်နှင့် မဆိုထားနှင့်၊ ပြန်လည်ထူထောင်ရေးဇုန်မှ ပြည်သူ့စစ်များနှင့်ပင် ယှဉ်၍ မရပေ။ ဤနေရာတွင် ရှိနေနိုင်သော 'သန္ဓေပြောင်းလူသား'' များကို ဖယ်ထားလိုက်လျှင် ဤလောက် အကွာအဝေးမှာ လော်ယွမ်သာ ဆန္ဒရှိပါက တစ်ချက်တည်း ဝင်တိုက်ရုံဖြင့် အားလုံးကို သတ်ပစ်နိုင်သည်။

သို့သော် သူ လူလာသတ်ခြင်း မဟုတ်။ ကမ္ဘာပျက်ကပ်ထဲတွင် လူဦးရေ နည်းပါးသွားပြီ ဖြစ်သည်။ ဤကဲ့သို့ တောရိုင်းထဲတွင် ယခုထိ အသက်ရှင်ကျန်ရစ်သူမှာ ပို၍ပင် ရှားပါးသည်။ လူသားချင်း အတူတူမို့ သူ့လက်ကို သွေးမစွန်းစေချင်ပေ။

လော်ယွမ်သည် ပေ ၆၀ အကွာတွင် ရပ်လိုက်ပြီး ဓားကို ကိုင်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ခင်ဗျားက စဉ်းစားဉာဏ်ရှိတဲ့သူတစ်ယောက်ပဲ... ကျုပ် ဒီကို ပြဿနာလာရှာတာ မဟုတ်ဘူး... ခင်ဗျားလက်အောက်ငယ်သားတွေ ဖမ်းထားတဲ့ ဗီဇပြောင်းလူက ကျုပ်လူပဲ... သူ့ကို ပြန်ပေးစေချင်တယ်"

"ဗီဇပြောင်းလူ ဟုတ်လား... မိတ်ဆွေ မှားနေပြီ ထင်တယ်... ဘာဗီဇပြောင်းလူလဲ... ကျုပ် လုံးဝမမြင်ဖူးဘူး... ဒါပေမဲ့ ကျုပ် ကူပြီး စုံစမ်းပေးလို့ ရပါတယ်... ဒီနေရာမှာ ကျုပ်တစ်ယောက်တည်း နေတာမဟုတ်ဘူးလေ... တခြားသူတွေ သိရင်သိမှာပေါ့"

လော်ယွမ်၏ အာရုံခံနိုင်စွမ်းဖြင့် ဗီဇပြောင်းလူသားမလေး ရှိနေသည်ကို အစကတည်းက မသိထားလျှင် ထိုသူ၏ ရိုးသားဟန်ဆောင်ထားသော မျက်နှာထားကြောင့် အလိမ်ခံလိုက်ရနိုင်သည်။ သူ့စိတ်ထဲတွင် စိတ်မရှည်မှုနှင့် ရွံရှာမှုများ ဖြစ်ပေါ်လာသည်။ "ဒါဆို ခင်ဗျားက မပေးနိုင်ဘူးဆိုတဲ့ သဘောလား"

ဤနေရာတွင် ကျင်လည်နေသူများအဖို့ သိက္ခာက အရေးကြီးသည်။ ဤသို့ လူတစ်ယောက်၏ စကားတစ်ခွန်းကြောင့် ကြောက်သွားလျှင် သူ ဆက်ပြီး ခေါင်းဆောင်လုပ်နေလို့ ရတော့မည် မဟုတ်။ ချောင်ချောင်၏ မျက်နှာထား တင်းမာသွားပြီး ပျော့မလိုနှင့် မာကျောသော လေသံဖြင့် ပြောလိုက်သည်။ "မိတ်ဆွေက အကျပ်ကိုင်ချင်တာလား... စကားပုံတစ်ခု ရှိတယ်လေ... မိတ်ဆွေဆိုရင်တော့ ဝိုင်ကောင်းကောင်းနဲ့ဧည့်ခံမယ်... ဝံပုလွေဆိုရင်တော့ ကျည်ဆန်ပဲ ရမယ်တဲ့... ဧည့်သည်အဖြစ် လာတာဆိုရင်တော့ အားရပါးရကြိုဆိုတယ်... ပြောစရာရှိတာကို အေးဆေး ဆွေးနွေးလို့ ရတယ်"

လော်ယွမ် အေးစက်စက် ပြုံးလိုက်ပြီး ကျန်းမာတောက်ဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ ဤကဲ့သို့ လူပါးဝသည့် ကောင်တွေနှင့် စကားနိုင်လုနေရတာကို သူ စိတ်မရှည်တော့ပေ။ "ဒါ နောက်ဆုံး အခွင့်အရေးပဲ... ငါ့လူပြန်ပေးရင် မင်းတို့ ဘာမှမဖြစ်စေရဘူး... မဟုတ်ရင်တော့ မင်းတို့ နောင်တရချိန်တောင် ရလိုက်မှာ မဟုတ်ဘူး"

ချောင်ချောင် မျက်နှာအရောင် ပြောင်းသွားသည်။ ဘာကြောင့်မှန်းမသိ သူ စိုးရိမ်စိတ် ဝင်လာသည်။ တစ်ဖက်လူက ရိုင်ဖယ်သေနတ်များကို ဂရုမစိုက်ဘဲ အနက်ရောင် ဓားရှည်ကြီးကို အေးဆေးစွာ ဆွဲထုတ်နေသည်ကို မြင်သောအခါ သူ့မွေးညှင်းများ ထောင်ထလာပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ ဗီဇပြောင်းလူသားမလေးကို ပြန်ပေးလိုက်ရမလားဟု သူ တွေးတောနေမိသည်။

ထိုစဉ် ရှုပ်ထွေးသော ခြေသံများ ထွက်ပေါ်လာပြီး သူ့အတွေးများ ပျက်ပြားသွားသည်။ သူ့လက်အောက်မှ သေနတ်သမားအဖွဲ့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူ့စိတ်ထဲ ယုံကြည်မှုများ ပြန်လည်မြင့်တက်လာပြီး လိုက်လျောမည့် အတွေးများ ပျောက်ကွယ်သွားသည်။ လူတစ်ဒါဇင်ကျော်နှင့် ရိုင်ဖယ်တစ်ဒါဇင်ကျော်၊ ထို့အပြင် ဤကဲ့သို့ ကျဉ်းမြောင်းသည့် စင်္ကြံလမ်းမျိုးတွင် မည်မျှပင် အစွမ်းထက်သည့် ဆင့်ကဲပြောင်းလဲသူ ဖြစ်ပါစေ၊ သေနတ်ဒဏ်ကို ခံနိုင်မည် မဟုတ်ဟု သူ ယူဆလိုက်သည်။ သူ့မျက်နှာထားသည် ရက်စက်ကြမ်းကြုတ်သော ပုံစံသို့ ပြောင်းလဲသွားသည်။

"လူပါးဝတဲ့ကောင်... ဒီကောင့်ကို သတ်ကြစမ်း... ဒီည ငါတို့လူသားဟင်း စားကြတာပေါ့"

"သေချင်နေတာပဲ"

စကားသံ မဆုံးမီ လော်ယွမ် ပျောက်ကွယ်သွားပြီး စင်္ကြံလမ်းထဲတွင် လေပွေများ ရုတ်တရက် ထကြွလာသည်။

ဝိုးတဝါး ဓားရိပ်တစ်ခု လက်ခနဲ ဖြစ်သွားပြီး သွေးများ ပန်းထွက်လာသည်။

ထိုကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်ကို ချောင်ချောင် တစ်ယောက်သာ သဲ့သဲ့ မြင်လိုက်ရသည်။ သူလိပ်ပြာ လွင့်စင်သွားမတတ် ထိတ်လန့်သွားပြီး နောက်သို့ မီတာအနည်းငယ် ဆုတ်လိုက်မိသည်။ ရုတ်တရက် လည်ပင်း၌ အေးခနဲ ဖြစ်သွားပြီး မြင်ကွင်းများ ဂျွမ်းပြန်သွားသည်။ မူးဝေလာပြီး သွေးရောင်လွှမ်းနေသော မြင်ကွင်းထဲတွင် ခေါင်းပြတ်နေသော သူ့ခန္ဓာကိုယ်ကြီး ဖြည်းညှင်းစွာ လဲကျသွားသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် အဖြစ်မှန်ကို ရုတ်တရက် နားလည်လိုက်သည့်အချိန်၌ပင် အရာအားလုံး အမှောင်အတိ ကျသွားတော့သည်။

လော်ယွမ်သည် လူအများကြီး မသတ်ချင်သဖြင့် ရှေ့ဆုံးမှ လူအနည်းငယ်ကိုသာ သတ်လိုက်ပြီး ကျန်းမာတောက်ဓားကို ပြန်သိမ်းလိုက်သည်။ သို့သော် ကျန်ရှိသော လူများသည် ကြောက်လန့်လွန်းသဖြင့် စိတ်ဓာတ်များ ပြိုလဲသွားကြပြီ ဖြစ်သည်။ ဤသေမင်းတမန်က လူသတ်တာ ရပ်လိုက်သည်ကို မြင်သောအခါ သေနတ်များကို ပစ်ချပြီး လေးဘက်ထောက်ကာ အလုအယက် ထွက်ပြေးကြတော့သည်။

စင်္ကြံလမ်းမှာ ခဏချင်း လူရှင်းသွားသည်။ လော်ယွမ်က ကြမ်းပြင်ပေါ်မှ အလောင်းများကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သွေးအိုင်များကို နင်းဖြတ်ကာ အိပ်ဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။

ဆက်ရန်...

အပိုင်း (၃၈၈) ဆုံးဖြတ်ချက်

လော်ယွမ် စစ်တန်းလျားအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ဗီဇပြောင်းလူသားမလေးက သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းများတွင် ကြည်လင်တောက်ပသော အရိပ်အယောင်တစ်ခု ယှက်သန်းလျက်ရှိ၏။

လော်ယွမ်က သူမ၏ခန္ဓာကိုယ်တွင် ချည်နှောင်ထားသော ကြိုးများနှင့် ပိုက်ကွန်များကို ဖြေလျော့ပေးနေစဉ်တွင် သူမသည် မလှုပ်မယှက် ငြိမ်သက်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်သွားမှသာ သူမက လျင်မြန်ဖျတ်လတ်စွာ လှိမ့်ထွက်လိုက်ပြီး လော်ယွမ်၏ ကျောဘက်တွင် သတိအနေအထားဖြင့် ပုန်းအောင်းလိုက်လေသည်။

လော်ယွမ်က ခေါင်းယမ်းကာ အနည်းငယ် ပြုံးလိုက်မိသည်။ ထို့နောက် တန်းလျားအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာရာ ဗီဇပြောင်းလူသားမလေးကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ ကပ်လိုက်လာတော့သည်။

လျှောက်လမ်းတစ်လျှောက်တွင် လူသူအရိပ်အရောင် ကင်းမဲ့နေ၏။ သူတို့နှစ်ဦး လျှောက်လာရာ လမ်းတစ်လျှောက်လုံးတွင် မည်သူမျှ တားဆီးခြင်းမရှိပေ။ လော်ယွမ်က ဟောင်းနွမ်းပျက်စီးနေသော လေ့ကျင့်ရေးကွင်းပြင်နှင့် ပြိုကျလုနီးပါးဖြစ်နေသော စားသောက်ဆောင်ကြီးကို ဖြတ်သန်းသွားသည်။ အသက်ရှင်ကျန်ရစ်သူ အားလုံးသည် တံခါးနောက်ကွယ်၊ ထောင့်ချိုးများနှင့် အပျက်အစီးများ၏ နောက်ကွယ်တွင် ပုန်းအောင်းကာ လော်ယွမ်တို့နှစ်ဦးကို သူခိုး၊ ဓားပြ ကြည့်သကဲ့သို့ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေပြီး မျက်နှာပေါ်တွင် အကြောက်တရားများ စွန်းထင်းနေ၏။

သို့သော်လည်း အချို့လူများကမူ စမ်းသပ်လိုစိတ်ဖြင့် စိတ်လှုပ်ရှားနေကြသည်။

"ဒီကောင်က ငါတို့ကို လုံးဝ မျက်လုံးထဲမထည့်ပါလား... တော်တော်ကို မောက်မာတဲ့ကောင်ပဲ... ငါတို့သူ့ကို တားကြမလား" လက်နက်ဂိုဒေါင်ဟောင်းတစ်ခုအတွင်းတွင် ဝက်ဝံတစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးကို လူတစ်စုက ဝိုင်းရံထားကြသည်။

ထိုအမျိုးသားက သူတို့ပိုင်နက်ကို ဖြတ်သန်းသွားသော လော်ယွမ်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ကာ ဒေါသတကြီး ပြောလိုက်ခြင်းဖြစ်သည်။ လော်ယွမ်မှာမူ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်သွားနေသည်။

သူ စကားပြောလိုက်သည့် တစ်ဖက်လူမှာ တစ်ကိုယ်လုံးကို အရိပ်မည်းများဖြင့် လွှမ်းခြုံထားသော အမျိုးသားတစ်ဦးဖြစ်သည်။ အမှောင်ထုထဲတွင် ထိုလူ၏ပုံသဏ္ဌာန်မှာ ရှိသလို၊ မရှိသလို ဝိုးတဝါးဖြစ်နေပြီး အမှောင်ထုနှင့် တစ်သားတည်း ပေါင်းစပ်သွားတော့မည့်အလား ထင်မှတ်ရသည်။ ထိုသူ၏ ပုံစံမှာ ဆန်းကြယ်ပြီး ကျောချမ်းဖွယ် ကောင်းလှ၏။ သူသည် တစ်ဦးတည်း ဖြစ်သော်လည်း လူအုပ်စုလိုက် ရှိနေသည့် တစ်ဖက်လူများထက် ပိုမိုလွှမ်းမိုးထားနိုင်သော အရှိန်အဝါမျိုး ရှိနေသည်။

"မင်းသေချင်ရင် သွားလေ... ငါကတော့ မင်းနဲ့ လိုက်ပြီး အသေမခံနိုင်ဘူး" ထိုအရိပ်လူသားက အေးစက်စက် လှောင်ပြောင်လိုက်သည်။ သူ၏ အသံမှာ လေထဲတွင် လွင့်ပါးနေသကဲ့သို့ တည်ငြိမ်မှုမရှိဘဲ သရဲသဘက်ဆန်သော အငွေ့အသက်များ ပါဝင်နေသည်။

ဤနေရာတွင် ဤကဲ့သို့ စကားပြောရဲသူဆို၍ ဤခိုလှုံရေးစခန်း၏ ကျန်ရှိနေသေးသော အင်အားစုနှစ်ခု၏ ခေါင်းဆောင်များဖြစ်သည့် ''လီဝမ်'' နှင့် ''ကင်းမြီးကောက်လျူ'' တို့နှစ်ဦးသာ ရှိပေလိမ့်မည်။

ချောင်ချောင် သေဆုံးသွားပြီဖြစ်၍ ယခု ခိုလှုံရေးစခန်းတွင် သူတို့နှစ်ဦးသာ အာဏာအရှိဆုံး ဖြစ်ကျန်ရစ်ခဲ့သည်။

"ငါတို့နှစ်ယောက် ပေါင်းတိုက်ရင်တောင် မနိုင်ဘူးလို့ မင်း ဆိုလိုချင်တာလား" လီဝမ်က သံသယဖြင့် မေးလိုက်သော်လည်း ကင်းမြီးကောက်လျူ၏ မျက်နှာပေါ်မှ အမူအရာကို အရိပ်မည်းများ ဖုံးကွယ်ထားသဖြင့် သူ မမြင်ရပေ။

ကင်းမြီးကောက်လျူသည် အမြဲတမ်း တစ်သီးတစ်သန့် နေလေ့ရှိသော်လည်း လီဝမ်ရော၊ သေဆုံးသွားသော ချောင်ချောင်ပါ သူ့အစွမ်းအစက သူတို့ထက် များစွာသာလွန်ကြောင်း သိထားကြသည်။ သူ၏ အစွမ်းအစ အတိအကျကို မည်သူမျှ အကဲမခတ်နိုင်သလို၊ သူ၏ မျက်နှာအစစ်အမှန်ကိုလည်း မည်သူမျှ မမြင်ဖူးကြပေ။ သူသည် ယခင်က စစ်သားဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးပြီး တောရိုင်းထဲသို့ အစောဆုံး ထွက်ကာ အမဲလိုက်ခဲ့သူ ဖြစ်ကြောင်းကိုသာ သိထားကြသည်။

ကင်းမြီးကောက်လျူသာ တစ်သီးတစ်သန့်နေတတ်ပြီး ရည်မှန်းချက်မကြီးမားသည့်သူ မဟုတ်ခဲ့လျှင် လီဝမ်နှင့် ချောင်ချောင်တို့ အစောကတည်း ကပင် အိပ်ရေးပျက်နေကြရမည် ဖြစ်သည်။

ကင်းမြီးကောက်လျူက ရယ်စရာဟာသတစ်ခုကို ကြားလိုက်ရသည့်နှယ် ကြက်သီးထဖွယ် ရယ်မောလိုက်လေသည်။ "မင်းတို့က ဒီမှာ နေတာ ကြာသွားတော့ တကယ့်ကို နွားခြေရာခွက်ထဲက ဖားတွေ ဖြစ်ကုန်ကြပြီပဲ... သူ ကလာလဲဆိုတာကို မင်းတို့ မကြည့်ကြဘူးလား"

"ဘယ်ကလဲ" လီဝမ်က အံ့ဩတကြီး မေးလိုက်သည်။ ခိုလှုံရေးစခန်းရှိ လျှပ်စစ်ပစ္စည်းများအားလုံး ပျက်စီးနေပြီဖြစ်ပြီး သတင်းအချက်အလက်များ လုံးဝ ပြတ်တောက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာများမဆိုထားနှင့် ဆားကစ်ပြား အပိုင်းအစလေးတစ်ခု ရှာတွေ့ရန်ပင် ခဲယဉ်းလှသည်။

ကင်းမြီးကောက်လျူက လီဝမ်ကို ကြည့်ကာ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသူကို သနားသည့်အကြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

"အခုအချိန်အထိ ယဉ်ကျေးမှုအဖွဲ့အစည်းရှိနေသေးပြီး သူ ဝတ်ထားသလို အဝတ်အစားမျိုးတွေ ဝတ်ဆင်နိုင်တယ်ဆိုတော့... ဒီလို စက်မှုထုတ်လုပ်နိုင်စွမ်းမျိုး ရှိနေသေးတဲ့နေရာက တစ်ခုပဲရှိတယ်"

"မင်းကို ဗဟုသုတရအောင် ပြောပြရရင်... ကမ္ဘာပျက်ကိန်း နိမိတ်တွေ စပေါ်လာပြီး သိပ်မကြာခင်မှာပဲ အစိုးရက နိုင်ငံရဲ့ အင်အားအကုန်သုံးပြီး အကြီးမားဆုံး ပြန်လည်တည်ဆောက်ရေး စီမံကိန်းကြီးကို စတင်ခဲ့တယ်... အဲဒီနေရာကို 'ပြန်လည်တည်ဆောက်ရေးဇုန်' လို့ ခေါ်ပြီး တရုတ်ပြည်ရဲ့ အခြောက်သွေ့ဆုံး သဲကန္တာရဖြစ်တဲ့ တာကလာမာကန်မှာ တည်ရှိတယ်... အဲဒီလောက် ဝေးကွာတဲ့ နေရာကနေ ဒီအထိ ရောက်လာနိုင်တဲ့ လူတစ်ယောက်ကို ငါတို့က ယှဉ်နိုင်မယ်လို့ မင်း ထင်နေတာလား"

နောက်တန်းတွင် ကျန်ရစ်ခဲ့သော စစ်သားတစ်ဦး ဖြစ်ခဲ့သည့်အားလျော်စွာ ကင်းမြီးကောက်လျူသည် သူ့ရဲဘော်များ မည်သည့်နေရာသို့ ပြောင်းရွှေ့ခံလိုက်ရသည်ကို ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။ ကံတရားက သူ့ကို ဤနေရာတွင် ချန်ထားရစ်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်သော ရှင်သန်မှု ပတ်ဝန်းကျင်က သူ့ကို အခြားလူများနည်းတူ အမှောင်မိုက်ဆုံး နေ့ရက်များကို ဖြတ်သန်းစေခဲ့သည်။

"သူက လမ်းလျှောက်လာတယ်လို့ မင်း ဘယ်လိုသိလဲ... လေယာဉ်နဲ့ လာတာလည်း ဖြစ်နိုင်တာပဲ..." လီဝမ်က ပြန်လည်ချေပရန် ကြိုးစားသော်လည်း စကားတစ်ဝက်၌ပင် ရပ်တန့်သွားသည်။ ယခု ကောင်းကင်ယံတွင် ပျံသန်းနေသော လေယာဉ်ဟူ၍ မရှိတော့ဘဲ ထိုနေရာသည် သန္ဓေပြောင်း ငှက်ဆိုးကြီးများ၏ ကမ္ဘာ ဖြစ်နေပြီ မဟုတ်ပါလား။

ထိုအချက်ကို တွေးမိသည်နှင့် လီဝမ် တစ်ယောက် လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိပြီး ရင်ထဲ၌ လှိုင်းတံပိုးများ ထန်သွားသကဲ့သို့ တုန်လှုပ်သွားကာ အတော်နှင့် သတိပြန်မကပ်နိုင် ဖြစ်သွားသည်။

ကမ္ဘာမပျက်ခင်က သူသည် သာမန် လယ်သမားတစ်ဦးသာ ဖြစ်ခဲ့ပြီး ပထဝီ ဗဟုသုတ နည်းပါးလှသည်။ သို့သော် ထိုနေရာနှစ်ခုသည် မိုင်ထောင်ချီ ကွာဝေးကြောင်း သူ သိသည်။ တောရိုင်းမြေများကို ဖြတ်သန်းကာ ဤနေရာထိ ရောက်လာနိုင်ပြီး အဝတ်အစားတွင် ဖုန်မှုန့်တစ်စက်မျှ မစွန်းထင်းသလို၊ မျက်နှာပေါ်တွင်လည်း ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်မျှ မရှိခြင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစ ရှိနေကြောင်း သက်သေပြနေသည်။

ကင်းမြီးကောက်လျူသည် လီဝမ်၏ တုန်လှုပ်မှုကို ဂရုမစိုက်တော့ဘဲ မျှော်လင့်ချက် ရောင်ခြည်များ သန်းနေသော မျက်လုံးများဖြင့် အိပ်မက်ယောင်နေသကဲ့သို့ ပြောလိုက်သည်။ "ပြန်လည်တည်ဆောက်ရေးဇုန် ပျက်စီးသွားပြီလို့ ငါ ထင်ထားတာ... အခု ဒီလူ ပေါ်လာတာကို ကြည့်ရင် အဲဒီနေရာက အခြေအနေ ကောင်းနေသေးပုံပဲ... ဒီမှာဆက်နေလို့ ဘာမျှော်လင့်ချက်မှ မရှိဘူး... ဒီခိုလှုံရေးစခန်းက တဖြည်းဖြည်းနဲ့ ဆွေးမြည့်ပြီး ပျက်စီးသွားဖို့ပဲ ရှိတယ်... နောက်ထပ် ခြောက်လလောက်ဆိုရင် ဒီစခန်းမှာ လူတစ်ယောက်မှ ကျန်မှာမဟုတ်တော့ဘူး... ငါကတော့ ဒီတိုင်း အသေမခံနိုင်ဘူး... ငါ ဒီကနေ ထွက်သွားတော့မယ်"

"ဘာ..." လီဝမ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။ အခြေအနေကို သဘောပေါက်သွားသောအခါ သူ့ရင်ထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားသည်။ ချောင်ချောင် သေပြီး ယခု ကင်းမြီးကောက်လျူပါ ထွက်သွားမည်ဆိုလျှင် ခိုလှုံရေးစခန်းတစ်ခုလုံးတွင် သူ တစ်ဦးတည်းသာ အကြီးအကဲ ဖြစ်လာပြီး အာဏာအရှိဆုံး ဖြစ်လာပေတော့မည်။

သို့သော် မကြာမီမှာပင် သူ့ရင်ထဲတွင် ဟာတာတာ ဖြစ်သွားပြီး ဝမ်းသာမှုများ ပျောက်ဆုံးသွားသည်။

နစ်မြုပ်လုနီးပါး သင်္ဘောပျက်ကြီး တစ်စင်းကဲ့သို့ပင်၊ ဤနေရာတွင် ကျန်ရစ်ခဲ့သူများသည် ယာယီအားဖြင့် လုံခြုံသည်ဟု ထင်ရသော်လည်း ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်သည်။ အချိန်စောခြင်းနှင့် နောက်ကျခြင်းသာ ကွာခြားပေလိမ့်မည်။ ယခုတွင် အသန်မာဆုံး လူတစ်ယောက်က သင်္ဘောပျက်ကြီး ပေါ်မှ ခုန်ဆင်းပြီး ကုန်းမြေကို ရှာဖွေရန် ကြိုးစားနေပြီ ဖြစ်သည်။ ထိုလမ်းခရီးသည် မရေရာသလို သေမည်ရှင်မည်လည်း မသေချာပေ။ ဒုတိယ အသန်မာဆုံး လူတစ်ယောက်အနေဖြင့် ဝမ်းသာရမလို၊ ထိတ်လန့်ရမလို ခံစားချက်မျိုးကို သူကိုယ်တိုင်ပင် ဝေခွဲမရ ဖြစ်နေသည်။

"ငါ သွားပြီ... နောင်မှ ပြန်ဆုံကြတာပေါ့" ကင်းမြီးကောက်လျူက ပျောက်ကွယ်လုနီးပါး ဖြစ်နေသော လော်ယွမ်ကို ကြည့်ရင်း ပြောလိုက်သည်။

"အခုချက်ချင်း သွားတော့မလို့လား" လီဝမ်က အံ့ဩစွာ မေးလိုက်သည်။ မည်သို့မည်ပုံမှန်း မသိသော်လည်း သူ့စိတ်ထဲတွင် နှမြောတသသ ဖြစ်သွားမိသည်။

"ငါက လမ်းမှ မသိတာ... အဲဒီလူနောက် လိုက်မှ ရမှာပေါ့" ကင်းမြီးကောက်လျူက ပေါ့ပါးစွာ ပြောလိုက်ပြီး ပြတ်သားစွာပင် လှည့်ထွက်သွားတော့သည်။ ဤနေရာတွင် ရှိနေသော သူ၏ မိန်းမများကိုပင် နှုတ်ဆက်ခြင်းမပြုဘဲ အရိပ်ထဲသို့ တိုးဝင်ကာ လော်ယွမ် ရှိရာဘက်သို့ ရေစီးကြောင်းသဖွယ် လျင်မြန်စွာ လျှောတိုက် ထွက်ခွာသွားလေသည်။

..........................................................................................

လော်ယွမ်သည် လိုဏ်ဂူအဝမှ ထွက်လိုက်သည်နှင့် ရုတ်တရက် ခြေလှမ်းတန့်လိုက်ပြီး နောက်သို့ လှည့်ကာ ပြောလိုက်သည်။ "ထွက်ခဲ့"

ဗီဇပြောင်းလူသားမလေး၏ နားရွက်များ လှုပ်ခါသွားပြီး လော်ယွမ်၏ နောက်ကျောတွင် အလျင်အမြန် ဝင်ပုန်းကာ အမှောင်ထုထဲမှ တစ်နေရာကို သတိထား ကြည့်လိုက်သည်။

မကြာမီမှာပင် ကင်းမြီးကောက်လျူသည် အရိပ်များကြားမှ ပေါ်ထွက်လာသည်။ သို့သော် သူ ဘာမှ မပြောရသေးမီ လော်ယွမ်က ဦးအောင် မေးလိုက်သည်။ "မင်း ပြန်လည်တည်ဆောက်ရေးဇုန်ကို သွားချင်လို့လား"

"ခင်ဗျား ဘယ်လိုလုပ် သိတာလဲ" ကင်းမြီးကောက်လျူက အံ့ဩတကြီး မေးမြန်းလိုက်ပြီး လော်ယွမ်ကို သတိထားကာ ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ဗုံတီးနေသကဲ့သို့ ရင်တုန်သွားသည်။ ဤလူ၏ ရှေ့မှောက်တွင် သူ၏ လျှို့ဝှက်ချက်မှန်သမျှ အကုန် ပွင့်လင်းမြင်သာနေသကဲ့သို့ ခံစားလိုက်ရသည်။

"မင်းတို့ ပြောနေတာကို ငါကြားနေရတာပဲ... ဒါပေမဲ့ စိတ်မကောင်းဘူး... ငါ့မှာ တခြားကိစ္စ ရှိသေးတယ်... အခု ငါသွားမယ့်နေရာက ပြန်လည်တည်ဆောက်ရေးဇုန် မဟုတ်ဘူး... မင်း ငါ့နောက် လိုက်လို့ မရဘူး... မင်းဘာသာ သွားမှ ဖြစ်မယ်"

လော်ယွမ်၏ အကြားအာရုံသည် အလွန်ထက်မြက်လှသည်။ ကီလိုမီတာအနည်းငယ် အကွာအဝေးမှ သန္ဓေပြောင်း ခြင်တစ်ကောင်၏ အတောင်ပံခတ်သံကိုပင် သူ အလွယ်တကူ ကြားနိုင်သည်။ ထိုလူနှစ်ဦး စကားပြောနေသည်မှာလည်း အသံကို ထိန်းသိမ်းခြင်းမရှိသဖြင့် သူ အလုံးစုံ ကြားခဲ့ရခြင်း ဖြစ်သည်။

လော်ယွမ်က သူ့ကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။ ဤဆင့်ကဲပြောင်းလဲသူ၏ စွမ်းရည်မှာ အတော်လေး ထူးခြားသည်။ ခန္ဓာကိုယ်မှ အရိပ်များကို ထုတ်လွှတ်နိုင်ခြင်းသည် အလင်းကို ဝါးမြိုခြင်းလော၊ သို့မဟုတ် အလင်းယိုင်ခြင်းကြောင့်လော သူ မသိပေ။

ကင်းမြီးကောက်လျူမှာ ရင်ထဲ ထိတ်သွားပြီး လော်ယွမ်၏ အစွမ်းအစကို ပိုမို အံ့ဩသွားသည်။ လီဝမ်၏ သွေးထိုးမှုကို နားမယောင်ခဲ့မိသည်မှာ ကံကောင်းကြောင်း သူ တွေးမိလိုက်သည်။ ဤမျှ ထက်မြက်သော အကြားအာရုံနှင့်ဆိုလျှင် လူတိုင်း၏ လှုပ်ရှားမှုများကို ဖုံးကွယ်ထား၍ ရနိုင်မည် မဟုတ်ပေ။ လော်ယွမ်သာ စိတ်ရှိမည်ဆိုလျှင် ခိုလှုံရေးစခန်းရှိ လူအကုန်ပေါင်းတိုက်လျှင်ပင် သူ့ကို နိုင်မည်မဟုတ်ချေ။

လော်ယွမ်က ပြတ်သားစွာ ငြင်းပယ်လိုက်သဖြင့် ကင်းမြီးကောက်လျူ စိတ်ပျက်သွားသည်။ သို့သော် ခိုလှုံရေးစခန်းတွင် မွေးမြူထားခဲ့သော ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ မာနက သူ့ကို အောက်ကျို့ခွင့်မပြုချေ။ အောက်ကျို့တောင်းပန်လျှင်လည်း အလကားဖြစ်မည်ကို သူ သိနေသည်။ ထို့ကြောင့် သူက တောင်းဆိုချက်ကို လျှော့ချလိုက်သည်။ "ဒါပေမဲ့ ကျွန်တော် လမ်းမသိဘူး"

"ငါ မင်းကို ဂြိုဟ်တုမြေပုံတစ်ရွက် ပေးမယ်... ဒါပေမဲ့ မြေပုံက ဒီမှာ မဟုတ်ဘူး... ငါ ဒီနေ့ ခဏတည်းတဲ့ နေရာအထိ မင်း လိုက်ခဲ့မှရမယ်" လော်ယွမ် စဉ်းစားပြီး ပြောလိုက်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်မှ ထွက်လာစဉ်က သူ့ကို ဂြိုဟ်တုမြေပုံ နှစ်ရွက် ပေးလိုက်ရာ တစ်ရွက်မှာ အပိုဖြစ်နေ၍ ပေးလိုက်လည်း ကိစ္စမရှိပေ။

"ရပါတယ်" ကင်းမြီးကောက်လျူက တိုတိုတုတ်တုတ်ပင် ပြန်ပြောလိုက်သည်။

လော်ယွမ်က အချိန်ကို ကြည့်လိုက်ရာ ည ၈ နာရီ ကျော်နေပြီ ဖြစ်သည်။ "လမ်းက နည်းနည်းဝေးတယ်... အမြန်သွားမှဖြစ်မယ်... မင်း မပြေးနိုင်တော့ရင် ငါ့ကိုပြော"

ပြောသူက စေတနာနှင့် ပြောသော်လည်း၊ နားထောင်သူအတွက်မူ တစ်မျိုး ဖြစ်နေသည်။ တွေ့တွေ့ချင်း လော်ယွမ်ထက် နိမ့်ကျနေသည်ဟု ခံစားနေရသော ကင်းမြီးကောက်လျူမှာ ဤစကားကြောင့် အရှက်ရသလို ခံစားလိုက်ရသည်။ ခိုလှုံရေးစခန်းတွင် လူတိုင်းက သူ့ကို မော့ကြည့်ခဲ့ရသော်လည်း ယခု ဒီလိုစကားမျိုးကို သူ နားထောင်နေရသည်။ ဤနေရာတွင် ထိုကဲ့သို့သော စကားမျိုးကို သူကသာ ပြောလေ့ရှိသူ ဖြစ်သည်။

သို့သော် သူ သတိမဝင်ခင်မှာပင် လော်ယွမ်သည် မီးခိုးငွေ့တစ်မျှင်ပမာ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။ ထိုအမျိုးသားနောက်မှ အလှပဂေး ဗီဇပြောင်းလူသားမလေးသည်လည်း ထပ်ကြပ်မကွာ လိုက်ပါသွား၏။ ကင်းမြီးကောက်လျူ၏ မျက်နှာတစ်ခုလုံး ထူပူသွားသည်။ တော်သေးသည်မှာ အရိပ်များ ဖုံးကွယ်ထား၍ သူ၏ မျက်နှာထားကို မည်သူမျှ မမြင်ရခြင်းပင်။

အသိပြန်ဝင်လာသည်နှင့် သူ အစွမ်းကုန် အားစိုက်၍ လိုက်တော့သည်။ သို့သော် စိတ်ပျက်စရာ ကောင်းသည်မှာ သူသည် အသားကုန်ညှစ်၍ အားကုန်ထုတ် ပြေးနေသော်လည်း သူတို့ကြားမှ အကွာအဝေးသည် နီးမသွားဘဲ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဝေးကွာသွားခြင်းပင် ဖြစ်သည်။

လော်ယွမ်သည် သူ့ကို တမင်တကာ ပညာပြလိုခြင်း မဟုတ်ပေ။ ယနေ့ပြီးလျှင် မည်သည့်အခါမှ ပြန်တွေ့ရတော့မည် မဟုတ်သော လူတစ်ယောက်အပေါ် ဤသို့ လုပ်ပြနေရန် မလိုအပ်ချေ။

သူ့အမြန်နှုန်းမှာ သိပ်မမြန်လှပေ။ တစ်စက္ကန့်လျှင် ပေ ၁၇၀၊ ၁၈၀ ခန့်သာ ရှိသည်။ အစွမ်းကုန် ပြေးခြင်း မဟုတ်ဘဲ သာမန် ခရီးသွားနှုန်းသာ ရှိပြီး ရိုးရိုးလူတစ်ယောက် အပြေးလေ့ကျင့်ခန်း လုပ်နေသည့် ပုံစံမျိုးသာ ဖြစ်သည်။

တကယ်တမ်းတွင် တစ်စက္ကန့်လျှင် ပေ ၁၇၀၊ ၁၈၀ ဆိုသည်မှာ အလွန် အံ့မခန်း မြန်သော နှုန်းဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်တွင်ပင် ဤအမြန်နှုန်းမျိုး ရောက်ရှိနိုင်သူမှာ အနည်းဆုံး အဆင့် (၄) ဆင့်ကဲပြောင်းလဲသူ ဟု သတ်မှတ်နိုင်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ အရန်အဖွဲ့ဝင် ဖြစ်လာနိုင်မည့် အလားအလာ ရှိသူများသာ ဖြစ်သည်။

ထိုကဲ့သို့သော ဆင့်ကဲပြောင်းလဲသူမျိုးသည် ပြန်လည်တည်ဆောက်ရေးဇုန်တွင်ပင် များများစားစား မရှိဘဲ ရာဂဏန်း၊ ထောင်ဂဏန်းမျှသာ ရှိသည်။ ကြီးမားသော လူဦးရေနှင့် နှိုင်းယှဉ်လျှင် နည်းပါးလွန်းလှသည်။ ဤခိုလှုံရေးစခန်းကဲ့သို့ လူဦးရေ နည်းပါးသော နေရာမျိုးတွင် အဆင့် (၄) နှင့်အထက် ဆင့်ကဲပြောင်းလဲသူမျိုး ပေါ်ထွက်လာနိုင်ချေမှာ ထီပေါက်မည့် ကံထက်ပင် နည်းပါးသေးသည်။

ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ မြန်ဆန်လွန်းပြီး မျက်တောင်တစ်ခတ်အတွင်း ပြီးသွားသဖြင့် လော်ယွမ်အနေဖြင့် ဤဘက်ဒေသမှ ဆင့်ကဲပြောင်းလဲသူများ၏ အင်အားကို အကဲမခတ်နိုင်ခဲ့ပေ။ သူသည် ခဏတာ သတိမေ့လျော့သွားပြီး ဤနေရာမှ လူများ အင်အားနည်းကြောင်း သတိမပြုမိခဲ့ချေ။ ပုံမှန်အားဖြင့် သူ့ဘေးနားရှိသူများမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ စူပါဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် ပါရမီရှင် ဗီဇပြောင်းလူသားမလေးသာ ဖြစ်နေ၍ သူ့စိတ်ထဲတွင် အသားကျနေခဲ့ခြင်း ဖြစ်သည်။

ရှေ့မှသွားနေသော လော်ယွမ်က အရှိန်လျှော့လိုက်မှသာ ကင်းမြီးကောက်လျူမှာ တဖြည်းဖြည်း အမီလိုက်နိုင်တော့သည်။ သို့သော် ထိုအချိန်တွင် အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ပေ ၁၂၀ ခန့်အထိ လျော့ကျသွားပြီ ဖြစ်သည်။

ဗီဇပြောင်းလူသားမလေးက သူ့ကို မကြာခဏ လှည့်ကြည့်နေသည်ကို ကင်းမြီးကောက်လျူ သတိထားမိလိုက်သည်။ သူမ၏ အကြည့်များက "နင် ဘာလို့ ဒီလောက် နှေးနေရတာလဲ" ဟု အံ့ဩနေပုံရသည်။ ကင်းမြီးကောက်လျူမှာ မျက်နှာတစ်ခုလုံး ပူထူသွားပြီး အကြည့်လွှဲကာ ခေါင်းငုံ့၍သာ အံကြိတ် ပြေးလိုက်ရတော့သည်။

.............................................................................................

ခရီးလမ်းမှာ အဆုံးမရှိသကဲ့သို့ ထင်ရသည်။ သူ့ခြေထောက်များ ထုံကျင်လာပြီး အသက်ကို ဖားဖိုကဲ့သို့ ပြင်းထန်စွာ ရှူရှိုက်နေရသည်။ အဆုတ်တစ်ခုလုံး မီးလောင်နေသလို ပူလောင်နေ၏။ အချိန်မည်မျှကြာအောင် ပြေးခဲ့သည်ကို မသိတော့ပေ။ ပတ်ဝန်းကျင် အနေအထားမှာ ပိုမို လူသူကင်းမဲ့လာပြီး စိမ်းသက်လာကြောင်း၊ ဤနေရာသည် ခိုလှုံရေးစခန်းမှ စူးစမ်းရှာဖွေဖူးသော နယ်မြေထက် ကျော်လွန်နေပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလာကြောင်းကိုသာ သူ သိသည်။ လမ်းခရီးတွင် အမျိုးမျိုးသော တိုက်ခိုက်မှုများက ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသည်။

ပြေးလွှားနေရင်းပင် လော်ယွမ်က တိုက်ခိုက်လာသော ကြောက်မက်ဖွယ် သန္ဓေပြောင်း သတ္တဝါကြီးများကို ဓားဖြင့် ခုတ်ပိုင်း သတ်ဖြတ်ပစ်လိုက်သည်ကို တွေ့ရသောအခါ သူ အံ့ဩတုန်လှုပ်သွားသည်။ အဓိကမှာ လော်ယွမ်၏ အပြေးနှုန်းသည် လုံးဝ လျော့ကျသွားခြင်း မရှိခြင်းပင်။

အချို့သော သန္ဓေပြောင်း သတ္တဝါကြီးများမှာ ၂၇၊ ၂၈ ပေခန့်၊ အချို့မှာ ပေ၃၀ ကျော်မျှပင် မြင့်မားကြသည်။ သို့သော် လမ်းပိတ်နေသည်ဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့် လော်ယွမ်က ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်း ပိုင်းပစ်ခဲ့သည်။

ပြင်းထန်သော သွေးညှီနံ့များက သူတို့ လာရာလမ်းတစ်လျှောက် ပျံ့လွင့်နေသည်။ မြင်တွေ့နေရသော မြင်ကွင်းများကြောင့် ကင်းမြီးကောက်လျူမှာ အံ့ဩလွန်း၍ ထုံထိုင်းသွားပြီး သူ၏ အမြင်အာရုံနှင့် ယုံကြည်မှုများအားလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်သည်။

ဆင့်ကဲပြောင်းလဲသူ တစ်ယောက်က ဤမျှထိ အစွမ်းထက်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ခိုလှုံရေးစခန်းတစ်ခုလုံးကို ပျက်စီးသွားစေနိုင်လောက်အောင် ကြောက်စရာကောင်းသည့် ဤသန္ဓေပြောင်း သတ္တဝါကြီးများသည် လော်ယွမ်၏ မျက်လုံးထဲတွင် ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်သော အရာများ ဖြစ်နေသည်။

............................................................................................................

ဝန်ထုပ်ဝန်ပိုး တစ်ခု ပါလာသဖြင့် လော်ယွမ်မှာ ရပ်လိုက်၊ နားလိုက် သွားနေရပြီး ၅ နာရီခန့် ကြာမှသာ တောင်လိုဏ်ဂူသို့ ပြန်ရောက်လေသည်။

"ပြန်လည်တည်ဆောက်ရေးဇုန်က ဒီကနေဆို အရမ်းဝေးတယ်... မင်းရဲ့ ဒီလောက် အစွမ်းအစလေးနဲ့ လမ်းခရီးက အန္တရာယ်တွေကို ခံနိုင်မှာ မဟုတ်ဘူး... ငါ အကြံပေးချင်တာကတော့ မသွားဘဲ အရင်စခန်းမှာပဲ အေးအေးဆေးဆေး နေတာပိုကောင်းတယ်... ဒါဆို နှစ်နည်းနည်းလောက် ဆက်အသက်ရှင်နိုင်တာပေါ့"

လော်ယွမ်က မီးပုံကို မီးညှိလိုက်ပြီး ကျောပိုးအိတ်ထဲမှ ဂြိုဟ်တုမြေပုံကို ထုတ်ကာ ပစ်ပေးလိုက်သည်။ အားကုန်ခန်းပြီး ခြေပစ်လက်ပစ် ဖြစ်နေသော ကင်းမြီးကောက်လျူကို ကြည့်ကာ ရှားရှားပါးပါး အကြံဉာဏ် ပေးလိုက်ခြင်း ဖြစ်သည်။

သူ ထုတ်မပြောလိုက်သော စကားတစ်ခွန်း ရှိသေးသည်။ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်လျှင်လည်း ဘေးကင်းမည်ဟု မဆိုနိုင်ပေ။ ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ ခြိမ်းခြောက်မှုက ဒမိုကလီးစ် ဓားကဲ့သို့ သူတို့ခေါင်းပေါ်တွင် တွဲလောင်းကျနေပြီး အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။ ထိုအချိန်ကျလျှင် တောရိုင်းထဲတွင် နေရသည်ကမှ ပို၍ ဘေးကင်းချင် ဘေးကင်းနေဦးမည်။

(Sword of Damocles သို့မဟုတ် ဒမိုကလီးစ်ဓား ဆိုတာ ခေါင်းပေါ်မှာတွဲလောင်းချိတ်ထားပြီး ကိုယ့်ပေါ်အချိန်မရွေး ကျလာနိုင်တဲ့ ဓားကိုပြောတာပါ။ သူ့မှာ နောက်ခံဇာတ်လမ်းရှိပေမယ့် ရှည်လို့မင်မင် မပြောတော့ဘူးနော်။ အဓိပ္ပါယ်ကတော ရှောင်လွှဲလို့မရတဲ့ အန္တရာယ်ကို ပြောချင်တာပါ)

ကင်းမြီးကောက်လျူမှာ နွားတစ်ကောင်လို အမောတကြီး ရှူရှိုက်နေပြီး မြေကြီးပေါ်တွင် ခွေခွေလေး ဖြစ်နေသည်။ လမ်းခရီးကြမ်းတမ်းမှုကြောင့် သူ့တွင် ကျန်ရှိနေသေးသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ မာနများ လုံးဝ ပွန်းပဲ့ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သူက ခါးသီးစွာ ပြုံးလိုက်ပြီး "အဲဒါကို ကျွန်တော် သိပါတယ်... ဒါပေမဲ့ မျှော်လင့်ချက်မရှိဘဲ သေရမှာထက်စာရင် ဘယ်လောက်ပဲ အန္တရာယ်များပါစေ... လမ်းပေါ်မှာပဲ အသေခံလိုက်မယ်"

လော်ယွမ် သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်မိသည်။ ဟူတုံမြို့ ကျဆုံးသွားစဉ်က သူကိုယ်တိုင်လည်း တရုတ်ပြည်ကြီးကို ကီလိုမီတာ ထောင်ပေါင်းများစွာ ဖြတ်သန်းခဲ့ရဖူးသည်။ ထိုစဉ်က သူသည်လည်း အလားတူ ခံယူချက်မျိုး ရှိခဲ့သည် မဟုတ်ပါလား။

"ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ အခြေအနေလေး ပြောပြလို့ ရမလား" ကင်းမြီးကောက်လျူက မေးလိုက်သည်။

"ပြန်လည်တည်ဆောက်ရေးဇုန်လား... လောလောဆယ်တော့ အဆင်ပြေတယ်... အဲဒီမှာ လူ့အဖွဲ့အစည်းကို ပြန်တည်ထောင်ထားပြီး သန္ဓေပြောင်းသတ္တဝါတွေရဲ့ အန္တရာယ်ကိုလည်း ကာကွယ်ထားနိုင်တယ်လေ... စက်ရုံတွေ၊ မြေအောက်မြို့တွေလည်းနေရာအနှံ့ရှိတယ်... အကုန်လုံး အဘက်ဘက်က မြန်မြန်ဆန်ဆန်နဲ့ တိုးတက်ပြီး စည်ကားသိုက်မြိုက်နေတယ်လို့ ပြောလို့ရတယ်... အနည်းဆုံးတော့ ငါ ထွက်လာတုန်းကအထိ အားလုံး အဆင်ပြေတယ်" လော်ယွမ်က ပြောလိုက်သည်။

ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းသာ မရှိလျှင် အရာအားလုံးက ကောင်းမွန်သည့်ဘက်သို့ ဦးတည်နေသည်။ လူသားများအနေဖြင့် မိမိတို့ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်မည့် နေ့တစ်နေ့ကို သူ မသေခင် မြင်တွေ့ရနိုင်သည်။

ကင်းမြီးကောက်လျူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ "တကယ်ကို မြင်ဖူးချင်လိုက်တာ"

လော်ယွမ်က ခေါင်းယမ်းလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ ကင်းမြီးကောက်လျူ သွားမည့်ခရီးကို သူ့စိတ်ထဲတွင် အားမပေးလှပေ။ သူသည် လမ်းတွင် သတ်လာခဲ့သော သန္ဓေပြောင်း သတ္တဝါလေးတစ်ကောင်ကို ယူကာ အရေခွံခွာ၊ ဗိုက်ခွဲပြီး မီးပုံပေါ်တွင် တင်ကာ ကင်လိုက်သည်။

"ကျွန်တော် လုပ်ပေးပါ့မယ်" ကင်းမြီးကောက်လျူက မြင်လျှင်မြင်ချင်း ပြောလိုက်သည်။

"မလိုပါဘူး" လော်ယွမ်က ငြင်းပယ်လိုက်သည်။ "မနက်ဖြန်ကျရင် ငါတို့ ကိုယ့်လမ်းကိုယ်သွားရမှာ... မင်း တစ်ယောက်တည်း ခရီးဆက်ရမှာဆိုတော့ ဒီနေ့ ကောင်းကောင်း အနားယူလိုက်ဦး"

စာနာစိတ် ဖြစ်မိသည်မှာ မှန်သော်လည်း လော်ယွမ်အနေဖြင့် သူ့တာဝန်ကို ပစ်ထားပြီး ဤလူနှင့်အတူ လိုက်ပါသွားရန် မဖြစ်နိုင်ပေ။

ဗီဇပြောင်းလူသားမလေးကတော့ လော်ယွမ်၏ ဘေးနားတွင် ငြိမ်ကုပ်စွာ ထိုင်ရင်း သူတို့နှစ်ဦး စကားပြောနေသည်ကို တိတ်ဆိတ်စွာ နားထောင်နေသည်။ သူမ၏ မျက်လုံးများသည် တစ်ခါတစ်ရံ မီးတောက်ကို ကြည့်လိုက်၊ တစ်ခါတစ်ရံ လော်ယွမ်ကို ခိုးကြည့်လိုက်နှင့် မျက်ဝန်းများ အရောင်တောက်နေသည်။

သူတို့နှစ်ဦး ထိုင်နေသည့် အကွာအဝေးကို ကြည့်လျှင် သူမသည် လော်ယွမ်အပေါ် သံသယများ လုံးဝ လျော့ချလိုက်ပြီ ဖြစ်ကြောင်း သိသာသည်။ ခပ်ခွာခွာ နေရခြင်းမှာ တောနက်ထဲတွင် နေထိုင်ခဲ့ရသည့် အကျင့်ကြောင့်သာ ဖြစ်တန်ရာ၏။

မီးပုံလေးက တိတ်ဆိတ်စွာ လောင်ကျွမ်းနေပြီး တစ်ချက်တစ်ချက်တွင် အဆီများ မီးထဲသို့ ကျကာ မီးပွားများ လွင့်စင်ပြီး တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာသည်။

မည်သူမျှ စကားမပြောကြတော့ဘဲ အတွေးကိုယ်စီဖြင့် နစ်မြောနေကြသည်။

နောက်ကျနေသော ညစာကို အလောတကြီး စားသောက်ပြီးနောက် မြေပြင်တွင် အရိုးဖြူတစ်ပုံ ကျန်ရစ်ခဲ့သည်။ လော်ယွမ်က အပိုပါလာသော တဲတစ်လုံးကို ကင်းမြီးကောက်လျူထံ ပစ်ပေးလိုက်သည်။ ဗီဇပြောင်းလူသားမလေးကတော့ သုံးမည် မဟုတ်ချေ။ "ဒါမင်းကို ပေးလိုက်မယ်... လမ်းမှာ သုံးလို့ရတာပေါ့"

"ကျေးဇူးပါ" ကင်းမြီးကောက်လျူက ကျေးဇူးတင်စွာ ပြောလိုက်ပြီး တဲကို ဖွဖွလေး ပွတ်သပ်ကြည့်လိုက်သည်။ ပိုးသားကဲ့သို့ ချောမွတ်သော အထိအတွေ့ကြောင့် ဤတဲသည် ရိုးရိုးတဲ မဟုတ်ကြောင်း သူ အလိုလို ခံစားမိလိုက်သည်။ ဝိုးတဝါး ထွက်ပေါ်နေသော ခန့်ညားသည့် အငွေ့အသက်မျိုးကို သူ ရနေသကဲ့သို့ပင်။

.........................................................................................................

ညဉ့်နက်လာသည်နှင့် ထောင့်တစ်နေရာတွင် ကွေးနေသော ဗီဇပြောင်းလူသားမလေးသည် ခြေသံလုံလုံဖြင့် လော်ယွမ်၏ တဲဘေးနားသို့ တိုးကပ်လာပြီး ဘေးတွင် လှဲအိပ်လိုက်လေသည်။

ထိုအချိန်တွင် လော်ယွမ် အိပ်မပျော်သေးပေ။ အပြင်ဘက်မှ အခြေအနေများကို အာရုံခံရင်း သူ စိတ်ရှုပ်ထွေးနေမိသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

လွန်ခဲ့သော နှစ်ရက်တာ ကာလအတွင်း၊ အထူးသဖြင့် ဤည ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် ရိုးသားဖြူစင်လွန်းသော ဤကောင်မလေးအပေါ် သူ သံယောဇဉ် အနည်းငယ် တွယ်မိသွားကြောင်း ငြင်းမရပေ။ သို့သော် လောကတွင် မခွဲရသော ပေါင်းဖက်ခြင်းဟူသည် မရှိစမြဲမို့ သူတို့နှစ်ဦး လမ်းခွဲရပေတော့မည်။

ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်းကို စမ်းသပ်ခြင်း မအောင်မြင်ခဲ့လျှင်တောင် လမ်းခွဲရမည့် ကိစ္စက ဖြစ်လာဦးမည်သာ ဖြစ်သည်။ ယခု အချိန်စောသွားခြင်းသာ ရှိသည်။ ပိုမို အန္တရာယ်များသော ပင်လယ်ကမ်းစပ်အထိ သူ့နောက် လိုက်လာခြင်းသည် သူမအတွက် ဘာကောင်းကျိုးမှ မရှိနိုင်သည့်အပြင် အန္တရာယ်ပင် ဖြစ်စေလိမ့်မည်။

ထို့အပြင် ဤတာဝန်အတွက် အချိန်ဆွဲနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ လူသားမျိုးနွယ် တစ်ခုလုံး၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသောကြောင့် သတင်းအချက်အလက်ကို တစ်ရက်စောပြီး ရလျှင် လူသားများအတွက် မျှော်လင့်ချက် တစ်ရက် ပိုတိုးလာမည် ဖြစ်သည်။ နှောင့်နှေး၍ မဖြစ်ပေ။

ယခုတွင် ဟင်းလင်းပြင် ကွေးညွတ်ပျံသန်းခြင်း စွမ်းရည် ရှိလာပြီဖြစ်၍ သူ ဘော်နီယိုကျွန်းသို့ အမြန်ဆုံး သွားရပေတော့မည်။

ဆက်ရန်...

All Chapters