← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 20 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 20 Ch. 391-392

အပိုင်း (၃၉၁) ရောက်ရှိခြင်း

မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် ဧရာမ သစ်ရွက်အုပ်ထီးကြီးထဲသို့ စုပ်ယူခြင်း ခံလိုက်ရပြီး အဝေးမှ လှမ်းကြည့်လိုက်လျှင် သစ်ပင်ကြီးတစ်ပင်လုံး မီးထွန်းညှိထားသကဲ့သို့ ဖြစ်နေသည်။

မိုးနှင့်မြေအကြားတွင် ဧရာမ အလင်းတိုင်ကြီးတစ်ခု ထိုးစိုက်ထားသကဲ့သို့ ခမ်းနားထည်ဝါပြီး တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

ထိုလျှပ်စစ်အလင်းတန်းများသည် ဆက်လက် ပျံ့နှံ့နေပြီး မကြာမီ သစ်မြစ်များကိုပါ လင်းလက်လာစေသည်။ ဤဘက်သို့ အရှိန်အဟုန်ဖြင့် ကူးစက်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် ဤနေရာတစ်ခုလုံးသည် လျှပ်စစ်စက်ကွင်းတစ်ခု ဖြစ်သွားကာ သေးငယ်သော လျှပ်စီးကြောင်းလေးများသည် လေထဲတွင် အလိုအလျောက် ဖြစ်ပေါ်နေကြသည်။

လော်ယွမ်သည် သူ၏ခန္ဓာကိုယ်ကို သံလိုက်တုံးတစ်ခုကဲ့သို့ ခံစားလိုက်ရပြီး လေထဲတွင် လွင့်ပါနေသော လျှပ်စီးအလင်းတန်း အများအပြားကို ဆွဲဆောင်နေသဖြင့် အလင်းလူသားတစ်ယောက် ဖြစ်လာလုနီးပါးပင်။ သူ ဤနေရာတွင် မည်ကဲ့သို့ကြာကြာနေရဲပါတော့မနည်း။ ခြေဖျားထောက်လိုက်ပြီး ခန္ဓာကိုယ်ကို မီးခိုးငွေ့ပမာ ပေါ့ပါးစွာဖြင့် အပြင်ဘက်သို့ ပြေးထွက်လိုက်သည်။

ကံကောင်းသည်မှာ သူ ဆင်းသက်ခဲ့စဉ်က အနီးကပ်ကြီး မဟုတ်ခဲ့ခြင်းပင်။ သစ်မြစ်များ၏ အပြင်ဘက်စွန်း၊ ပုံမှန် မြေသားနှင့် ၁မိုင်ခန့်သာ ဝေးသောနေရာတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ အစွမ်းကုန် ပြေးလိုက်ရာ ၁၀ စက္ကန့်မပြည့်မီမှာပင် သစ်မြစ်များ၏ နယ်ပယ်မှ လွတ်မြောက်သွားခဲ့သည်။

သို့သော် ဤနေရာသည် စိတ်မချရသေးသဖြင့် သူ မရပ်တန့်ဘဲ ဆက်လက် ပြေးလွှားနေသည်။

ဤသစ်ပင်ကြီး၏ အမြစ်များသည် မြေအောက်နက်ရှိုင်းစွာ တည်ရှိပြီး အပေါ်သို့ ပေါ်ထွက်နေသည်မှာ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။ တောင်ကုန်းများသဖွယ် မို့မောက်နေသော မြေပြင်နှင့် မြက်ပင်တစ်ပင်မျှ မပေါက်ရောက်သော ခြောက်သွေ့မှုကို ကြည့်ခြင်းအားဖြင့် အောက်ခြေတွင် မရေမတွက်နိုင်သော သစ်မြစ်များ ရှိနေမည်မှာ သေချာသည်။

သူသည် ၁၀ မိနစ်ကျော်ကြာအောင် မရပ်မနား ပြေးလွှားခဲ့ရာ မိုင် ၆၀ နီးပါး ရောက်ရှိမှသာ တဖြည်းဖြည်း ရပ်တန့်လိုက်သည်။

ဤနေရာရှိ အပင်များသည် ပုံမှန်အတိုင်း ရှင်သန်ကြီးထွားနေပြီး သစ်ကိုင်းသစ်ရွက်များ စိုပြည်နေသဖြင့် မိုးကြိုးသစ်ပင်၏ အမြစ်နယ်ပယ်မှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိသာထင်ရှားသည်။

သူသည် သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် မိုးရေစက်များကို ဂရုမစိုက်ဘဲ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်ရောက်လိုက်သည်။ သစ်ပင်ထိပ်ဖျားတွင် ရပ်လျက် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ထိုနေရာတွင် တိမ်မည်းများ လိပ်တက်နေပြီး လျှပ်စီးများ လက်ကာ မိုးချုန်းနေသည်။ ဤမျှ ဝေးကွာသော အကွာအဝေးမှ ကြည့်လျှင်ပင် စိတ်ကူး၍ မရနိုင်လောက်အောင် ကြီးမားလှသော မိုးကြိုးသစ်ပင်ကြီးသည် မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ထင်ရသည်။ ယခုအချိန်တွင် ၎င်းသည် အလင်းရောင်များကို အဆက်မပြတ် ထုတ်လွှတ်နေပြီး မိုးနှင့်မြေကို ဆက်သွယ်ထားသော မိုးထိ အလင်းတိုင်ကြီးတစ်ခုအလား ဖြစ်နေသည်။ တိမ်မည်းများ ဖုံးလွှမ်းနေသော ကောင်းကင်အောက်တွင် ဤသစ်ပင်ကြီးသည်သာ ကမ္ဘာမြေ၏ တစ်ခုတည်းသော အလင်းရောင်အဖြစ် တည်ရှိနေသည်။

လော်ယွမ် ကြည့်ရင်းဖြင့် စိတ်ထဲတွင် တုန်လှုပ်သွားကာ အတော်ကြာအောင် ငေးမောနေမိသည်။

ကံကောင်းသည်မှာ ဤပုံမှန်မဟုတ်သော မိုးကြိုးမုန်တိုင်းသည် လာတာမြန်သလို ပြန်တာလည်း မြန်သည်။ မိုးရေစက် အနည်းငယ်မျှသာ ရွာသွန်းပြီးနောက် ပြီးဆုံးသွားသည်။ မိနစ်အနည်းငယ်အတွင်း ခေါင်းပေါ်ရှိ တိမ်မည်းများသည် အံ့ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ကွယ်ပျောက်သွားပြီး နေရောင်ခြည်သည် ကမ္ဘာမြေကို ပြန်လည် လွှမ်းခြုံလာသည်။

တိမ်တိုက်ပမာ ကြီးမားလှသော မိုးကြိုးသစ်ပင်၏ သစ်ရွက်အုပ်ကြီးသည် လော်ယွမ်၏ မြင်ကွင်းထဲတွင် ပြန်လည် ပေါ်ထွက်လာသည်။ အပေါ်ရှိ သစ်ရွက်များသည် တောက်ပနေပြီး ရံဖန်ရံခါ လျှပ်စီးကြောင်းလေးများ ဖြာထွက်နေသည်။

သစ်ပင်တစ်ပင်လုံး လင်းလက်နေဆဲ ဖြစ်သော်လည်း လျှပ်စီးများကို စုပ်ယူနေစဉ်ကနှင့် ယှဉ်လျှင် အတော်အတန် မှိန်ဖျော့သွားပြီ ဖြစ်သည်။ ထို့အပြင် ဆက်လက်၍ မှိန်ဖျော့နေဆဲ ဖြစ်သည်။

၎င်းသည် ပြင်းထန်သော အပူချိန်ကို ထုတ်လွှတ်နေသဖြင့် ထိုဧရိယာတစ်ခုလုံးတွင် မီးခိုးငွေ့များ၊ ရေခိုးရေငွေ့များ ဖုံးလွှမ်းသွားသည်။ မကြာမီ သစ်ပင်ကြီးတစ်ပင်လုံး ဝေဝါးသွားပြီး အဝေးမှ လှမ်းကြည့်လျှင် နတ်ဘုံနတ်နန်းထဲမှ ဒဏ္ဍာရီလာ သစ်ပင်ကြီးတစ်ပင်ကဲ့သို့ စိတ်ကူးယဉ်ဆန်သော မြင်ကွင်းမျိုး ဖြစ်ပေါ်နေသည်။

ထိုအချိန်တွင် သူ သတိထားမိလိုက်သည်မှာ အစမှ အဆုံးထိ ဤသစ်ပင်ကြီးနှင့် ပတ်သက်၍ စနစ်က မည်သည့် မစ်ရှင် မျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ဤအဖြစ်က သူ့ကို တိတ်တဆိတ် ထိတ်လန့်သွားစေသည်။

စနစ်သည် အဆင့် ၂ ဆင့်ထက် ကျော်လွန်သော မစ်ရှင်များကို ဘယ်သောအခါမျှ မထုတ်ပြန်ပေ။ ယခုလက်ရှိ သူရရှိသော မစ်ရှင်များသည် အဆင့် ၇ သို့မဟုတ် အဆင့် ၈ သာ ဖြစ်သည်။ အဆင့် ၇ အောက် သို့မဟုတ် အဆင့် ၈ အထက်ဆိုလျှင် ဖော်ပြလေ့မရှိပေ။

သိသာထင်ရှားသည်မှာ ဤထူးဆန်းသော မိုးကြိုးသစ်ပင်ကြီးသည် အဆင့် ၇ အောက် မဟုတ်ဘဲ အဆင့် ၉ (ခရမ်းရောင်အဆင့်) သို့မဟုတ် ထိုထက်ပင် မြင့်မားနေနိုင်သည်။

အဆင့် ၈ ဆိုလျှင်ပင် လော်ယွမ် ရှောင်တိမ်းရမည် ဖြစ်သည်။ ယခုလို စိတ်ကူးကြည့်၍ပင် မရနိုင်သော အဆင့် ၉ သက်ရှိဆိုလျှင် သူ၏ စွမ်းဆောင်ရည် နယ်ပယ်ကို လုံးဝ ကျော်လွန်နေပြီ ဖြစ်သည်။ ၎င်းသည် သစ်ပင်တစ်ပင် ဖြစ်နေပါစေ၊ သူ လုံးဝ လျှော့မတွက်ရဲပေ။

(အရင်အပိုင်းမှာ ကြုံရတဲ့ ခန္ဓာကိုယ်က အလင်းတွေဖြာထွက်နေတဲ့ အသီးအရွက်စားသတ္တဝါက အဆင့် ၈ပါ။ လော်ယွမ် သူ့ကျောပေါ်တက်ပြီး အမွေးတွေ ဖြုတ်ယူလာသေးတယ်)

အစောပိုင်းက ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများကို တစ်ခုပြီးတစ်ခု စုပ်ယူနေပုံကို တွေးကြည့်ရုံဖြင့် ၎င်းတွင် ပါဝင်သော စွမ်းအင် မည်မျှ ကြောက်စရာကောင်းကြောင်း ခန့်မှန်းနိုင်သည်။ ထို့အပြင် ထောက်လှမ်းရေးစွမ်းရည် အရ ၎င်းတွင် ဉာဏ်ရည်ဉာဏ်သွေး အတိုင်းအတာတစ်ခုအထိ ရှိကြောင်း ပြသနေသည်။

သစ်ပင်ကြီးဆီမှ ကုန်ကြမ်းပစ္စည်းများကို သူ အလွန် လိုချင်မက်မောသော်လည်း တကယ်တမ်း လက်တွေ့ သွားယူသည့်အခါ မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မခန့်မှန်းရဲပေ။

ကြိုတင်သိမြင်ခြင်းသည်လည်း အရာရာကို မတတ်စွမ်းနိုင်ပေ။ ၂ စက္ကန့် ကြိုတင်သိမြင်ခြင်းသည် သရဲမျက်နှာမြင်းကဲ့သို့ တုံ့ပြန်မှု မြန်ဆန်သော သက်ရှိများအတွက် အသုံးဝင်သော်လည်း တုံ့ပြန်မှု အလွန်နှေးကွေးသော အပင်အမျိုးအစား သန္ဓေပြောင်းသတ္တဝါများအတွက်မူ အလွန်တိုတောင်းလွန်းသည်။

ဥပမာအားဖြင့် သင်က ၎င်း၏ အမြစ်တစ်ချောင်းကို ခုတ်ဖြတ်လိုက်သည် ဆိုပါစို့။ အစပိုင်းတွင် ဘာမှ မဖြစ်သော်လည်း စက္ကန့် ၃၀ ခန့် ကြာသောအခါမှ ဖျက်ဆီးအား ပြင်းထန်သော တိုက်ခိုက်မှု ရောက်ရှိလာနိုင်သည်။ ထိုအချိန်ကျမှ နောင်တရနေလည်း နောက်ကျသွားပြီ ဖြစ်သည်။

အန္တရာယ်များသော ကမ္ဘာပျက်ခေတ်တွင် သူ ယခုထိ အသက်ရှင်နေနိုင်ခြင်းမှာ သူ၏ စွမ်းအားနှင့် မျှတသော အလုပ်ကိုသာ လုပ်ဆောင်ပြီး မရင်ဆိုင်နိုင်သော အန္တရာယ်များနှင့် တွေ့သည့်အခါ ဘယ်သောအခါမှ စွန့်စားခြင်း မပြုခဲ့သောကြောင့် ဖြစ်သည်။ သရဲမျက်နှာမြင်း ကိစ္စတုန်းကတော့ မြေလှိုင်းကြိန်နှုန်း အစွမ်းကြောင့် စိတ်အခြေအနေက ယုတ္တိကျသော အခြေအနေသို့ ပြောင်းလဲသွားခြင်း၏ လွှမ်းမိုးမှု သက်သက်သာ ဖြစ်သည်။

...............................................................................................................

လော်ယွမ် ဆက်သွားရန် မလောတော့ဘဲ သစ်ပင်ထိပ်ဖျားတွင် ထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။

ဤနေရာသည် ပင်လယ်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ရှေ့ဆက်ရမည့် ခရီးလမ်းသည် ပင်လယ်ပြင်တွင်သာ ရှိတော့မည်။ ကံကောင်းထောက်မစွာဖြင့် ပင်လယ်ပြင်ကျယ်ကြီးထဲမှ ကျွန်းငယ်လေးများကို ရှာမတွေ့ပါက ခြေချစရာ နေရာဟူ၍ ရှားပါးလှသည်။ ထို့ကြောင့် သူသည် အားအင်အပြည့်မွေးပြီး ဘော်နီယိုကျွန်း သို့ တစ်ခါတည်း တန်းရောက်အောင် ပျံသန်းရန် လိုအပ်သည်။

သက်လုံသည် ပြန်လည်ပြည့်ဖြိုးရန် လွယ်ကူသော်လည်း စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးရန်မှာ ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ သူသည် သစ်ပင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေလိုက်သည်။

မိုးကြိုးသစ်ပင်နှင့် နီးကပ်နေခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သန္ဓေပြောင်းသတ္တဝါ အနည်းငယ်သာ ရှိသည်။ နေ့လယ် ရောက်သည်အထိ လော်ယွမ် မျက်လုံးဖွင့်လိုက်ချိန်အထိ မည်သည့် အနှောင့်အယှက်မှ မရှိခဲ့ပေ။

ယခုအချိန်တွင် သူ ယခင်က ကုန်ဆုံးသွားသော စိတ်စွမ်းအားများ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးလာပြီ ဖြစ်သည်။

သူ အဝေးမှ မိုးကြိုးသစ်ပင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုသစ်ပင်ကြီး၏ အပေါ်တွင် တိမ်မည်းများ ပြန်လည် ဖုံးလွှမ်းလာပြီး လျှပ်စီးများကို စုပ်ယူရန် ပြင်ဆင်နေပြန်သည်။

သူ သက်ပြင်းအနည်းငယ် ချလိုက်ပြီး နှမြောတသစွာဖြင့် မိုးကြိုးသစ်ပင်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။

ထို့နောက် နဖူးစည်း ပလာစမာ အဝတ်ကို ဖြေလိုက်ပြီး ခရီးဆက်ရန် ပြင်လိုက်သည်။

ခမ်းနားထည်ဝါသော မိုးကြိုးသစ်ပင်ကို အဝေးမှ ကွေ့ရှောင်ပြီး ထိန်းချုပ်ပျံသန်းလာခဲ့ရာ မိနစ် ၂၀ အကြာတွင် အဆုံးအစမဲ့သော ပင်လယ်ပြင်ကြီးက မျက်စိရှေ့မှောက်သို့ ရောက်ရှိလာသည်။

ကမ္ဘာပျက်ခေတ်၏ ကမ်းရိုးတန်းသည် သိပ်ပြီး ထင်ရှားခြင်း မရှိလှပေ။ အပင်အများအပြားသည် ကုန်းမြေမှ တောက်လျှောက် ရေတိမ်ပိုင်းအထိ ဆက်လက် ပေါက်ရောက်နေကြသည်။ လော်ယွမ် အပေါ်စီးမှ ကြည့်လိုက်ရာ ထိုအပင်များသည် ပင်လယ်ရေထဲတွင် အမြစ်တွယ်နေကြပြီး ကီလိုမီတာ ဆယ်ချီ ကျယ်ဝန်းသော ပင်လယ်တွင်း သစ်တောကြီးတစ်ခုအဖြစ် စိမ်းလန်းစိုပြည်စွာ ဖြစ်ပေါ်နေသည်။

ကောင်းကင်ကို ဖုံးလွှမ်းနေသော ပင်လယ်ငှက် အများအပြားသည် သစ်တောအပေါ်တွင် ဝဲပျံနေကြပြီး စူးရှသော အသံများကို အဆက်မပြတ် ပြုလုပ်နေကြသဖြင့် ဤနေရာသည် အလွန် ဆူညံနေသည်။

တိမ်မည်းများသဖွယ် ငါးအုပ်ကြီးများသည် ရေထဲတွင် လျင်မြန်စွာ ကူးခတ်သွားလာနေကြပြီး ရေလှိုင်းများကို ဖြစ်ပေါ်စေသည်။

ပိုမိုဝေးကွာသော နေရာတွင် ကြီးမားသော ရေဝဲကြီးတစ်ခု မပြတ်တမ်း လည်ပတ်နေသည်။ ထို့နောက် မီတာ ရာချီရှည်လျားသော ဧရာမ သတ္တဝါကြီးတစ်ကောင် ရေပေါ်သို့ ဘွားခနဲ ပေါ်လာပြီး သင်္ဘောဥဩဆွဲသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်တွင် လှိုင်းလုံးကြီးများ ထကြွလာပြီး အသံလှိုင်းကြောင့် ရေမှုန်ရေမွှားများ ဖြစ်သွားကြသည်။

ဤသည်မှာ ပင်လယ် ဖြစ်ပြီး ကမ္ဘာပျက်ခေတ်တွင် ကြောက်စရာ အကောင်းဆုံး နေရာဖြစ်သည်။

ကမ္ဘာမြေတစ်ခုလုံး၏ သက်ရှိ ၉၉ ရာခိုင်နှုန်းသည် ဤနေရာတွင် ရှိသည်။

ကမ္ဘာပျက်ပြီး မကြာမီမှာပင် ဤနေရာသည် ဦးစွာ ကျဆုံးခဲ့သော နေရာဖြစ်သည်။

ကျယ်ပြောလှသော သမုဒ္ဒရာကြီးသည် သန္ဓေပြောင်းသတ္တဝါများ၏ ဌာနချုပ် ဖြစ်လာခဲ့ပြီး နက်နဲဆန်းကြယ်ကာ အလွန် အန္တရာယ်များသည်။ ဤကျယ်ပြန့်သော နေရာလွတ်ကြီးတွင် ကြောက်မက်ဖွယ် သက်ရှိ မည်မျှ ပေါက်ဖွားနေမည်ကို စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်ပေ။

လူသားများအတွက်မူ ဤအရာသည် ထာဝရ ပုစ္ဆာတစ်ပုဒ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ရံဖန်ရံခါ ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့်သာ ၎င်းတို့၏ အရိပ်အယောင်ကို တစွန်းတစ မြင်တွေ့ရနိုင်သည်။

သို့သော် ပင်လယ်နေ သက်ရှိများသည် လူသားများနှင့် လုံလောက်စွာ ဝေးကွာနေသေးသဖြင့် လောလောဆယ်တွင် လူသားများကို ခြိမ်းခြောက်နိုင်ခြင်း မရှိသေးပေ။

လော်ယွမ် ဤအရာအားလုံးကို ကြည့်ပြီး မျက်နှာအမူအရာ လေးနက်သွားသည်။

ထိုအချိန်တွင် ကြီးမားသော ပင်လယ်ငှက်ကြီးတစ်ကောင်သည် လော်ယွမ် ရှိနေသည်ကို တွေ့ရှိသွားပုံရသည်။ တောင်ပံနှစ်ဖက်ကို ခတ်လိုက်ပြီး လော်ယွမ်ဆီသို့ မြားတစ်စင်းပမာ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းဝင်လာရာ မူလနေရာတွင် အသံလှိုင်းတိမ်တိုက် တစ်ခု ကျန်ရစ်ခဲ့သည်။ ယခုအချိန်တွင် ၎င်း၏ အရှိန်သည် အမြင့်ဆုံးသို့ မရောက်သေးဘဲ အသံ၏ အရှိန် သို့သာ နီးကပ်လာခြင်း ဖြစ်သည်။

စက္ကန့်ပိုင်းအတွင်း အနက်နှင့်အဖြူ ရောစပ်နေသော ပင်လယ်ငှက်ကြီးသည် အနားသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

လော်ယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း" သည် မြန်သော်လည်း အားနည်းချက် မရှိသည်တော့ မဟုတ်ပေ။ အရှိန်မြှင့်တင်ရန် နှေးကွေးခြင်းအပြင် ဦးတည်ချက် ပြောင်းရန်လည်း အလွန် ခက်ခဲသည်။

သူ ဓားရိုးကို တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်သော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။ ဤငှက်သည် ယခင်က ရေကန်တွင် တွေ့ခဲ့ရသော ရွှေရောင် ငှက်ကြီးနှင့် ယှဉ်လျှင် များစွာ နိမ့်ကျသည်။ ၎င်းတို့နှစ်ကောင်၏ စွမ်းအားက ကွာခြားလွန်းသဖြင့် သူ စိုးရိမ်စိတ် အနည်းငယ်မျှပင် မဖြစ်ပေါ်ပေ။ သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ငှက်ကြီး အနားရောက်လာသည်ကို စောင့်ကာ သင်ခန်းစာ ပေးလိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် မကြာမီ သူ၏ ဓားကိုင်ထားသော လက် ပြေလျော့သွားသည်။

လော်ယွမ်သည် ကြိုတင်သိမြင်နိုင်စွမ်း ထဲမှ ရလဒ်ကို မြင်လိုက်ရသဖြင့် အံ့သြသွားခြင်းဖြစ်သည်။

နောက်တစ်ခဏ၌ ပင်လယ်ငှက်ကြီးသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

မည်သည့် တိုက်ခိုက်မှု၊ မည်သည့် ထိတွေ့မှုမျှ မရှိပေ။ လော်ယွမ်သည် အရိပ်အယောင်တစ်ခုသာ ဖြစ်နေသကဲ့သို့ မည်သည့် အတားအဆီးမှ မဖြစ်ပေါ်စေခဲ့ပေ။

ပင်လယ်ငှက်ကြီးသည် ကောင်းကင်တွင် တစ်ပတ်ဝဲလိုက်ပြီး ကြောက်လန့်သွားပုံရကာ စူးစူးဝါးဝါး အော်မြည်လိုက်သည်။

ထို့နောက် ဤနေရာမှ အလျင်အမြန် ဝေးရာသို့ ပျံသန်းထွက်ခွာသွားသည်။

လော်ယွမ်သည် မိမိခန္ဓာကိုယ်ကို အုပ်ထားသော "ဟင်းလင်းပြင်ကွေးညွတ်စက်ကွင်း" နှင့် အတွင်းဘက်ရှိ အားပျော့သော လေစီးဆင်းမှုကို ကြည့်ပြီး သဘောပေါက်သွားသည်။

"ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း" ဆိုသည်မှာ တစ်နည်းအားဖြင့် နေရာရပ်ဝန်း တစ်ခုလုံး ရွေ့လျားခြင်း ဖြစ်သည်။ ဟင်းလင်းပြင်ကွေးညွတ်စက်ကွင်း၏ အတွင်းပိုင်းသည် ပြင်ပရပ်ဝန်းနှင့် သီးခြား ကွဲထွက်နေသည်။ ရပ်ဝန်းနှစ်ခုကြားတွင် မည်သည့် ဆက်သွယ်မှုမှ မရှိပေ။ ပြောရလျှင် ကမ္ဘာနှစ်ခု ခြားထားသကဲ့သို့ ဖြစ်နေသည်။

ဟင်းလင်းပြင်ကွေးညွတ်စက်ကွင်း၏ အပြင်ဘက်မှ တိုက်ခိုက်မှုသည် သူ့ကို မထိခိုက်နိုင်သလို အတွင်းဘက်တွင် ရှိနေသော သူသည်လည်း အပြင်ဘက်ကို တိုက်ခိုက်၍ မရနိုင်ပေ။ ဤကဲ့သို့သော ထူးခြားချက်ကြောင့် ယခင်ကလို အတားအဆီးများကို သတိထား ရှောင်ရှားနေစရာ မလိုတော့ပေ။

ဤသည်ကို တွေးမိလိုက်သည်နှင့် လော်ယွမ်၏ စိတ်အစဉ် ကြည်လင်သွားပြီး ကောင်းကင်နှင့် ပင်လယ် ပြာပြာအောက်တွင် လွတ်လပ်စွာ ပျံသန်းနိုင်ပြီဟု ခံစားလိုက်ရသည်။

သူ မည်သည့်အရာကိုမျှ စိုးရိမ်မနေတော့ဘဲ ရှေ့သို့ တည့်မတ်စွာ ပျံသန်းသွားသည်။ ဆွဲငင်အား ပြင်းထန်ပြီး ဟင်းလင်းပြင်ကွေးညွတ်စက်ကွင်းကို အနှောင့်အယှက် ဖြစ်စေသော နေရာများကို ဝင်တိုးပြီး ကိုယ့်သေတွင်း ကိုယ်မတူးသရွေ့၊ ရှေ့တွင် တောင်တစ်လုံး ရှိနေလျှင်တောင် အတားအဆီးမရှိ ဖြတ်သန်းသွားနိုင်မည် ဖြစ်သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏ အရှိန်သည် ပိုမိုမြန်ဆန်လာသည်။

တိမ်တိုက်ဖြူများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာခဲ့ရာ ပင်လယ်ပြင်သည် မြင်ကွင်းထဲတွင် ဝေဝါးသွားပြီး အပြာရောင် ပိတ်ကားချပ်ပေါ်တွင် မျဉ်းကြောင်းများ ဆွဲထားသကဲ့သို့ ဖြစ်လာသည်။

ပင်လယ်ပြင်ထဲတွင် ပြန့်ကျဲနေသော ကျွန်းငယ်လေးများကို စိုက်ကြည့်ပြီး မှတ်ဉာဏ်ထဲရှိ ဂြိုဟ်တုမြေပုံနှင့် တိုက်ဆိုင်စစ်ဆေးကာ ရံဖန်ရံခါ ဦးတည်ချက် ပြောင်းလဲသည်မှလွဲ၍ ကျန်အချိန်များတွင် အရှိန်မြင့် ပျံသန်းခြင်း၏ အရသာကို အပြည့်အဝ ခံစားနေသည်။

ခရီးစဉ်သည် သူ ထင်ထားသည်ထက် ပိုမိုမြန်ဆန်သည်။ မိနစ် ၅၀ ကျော်သာ ပျံသန်းရသေးသော်လည်း ဧရာမ ကျွန်းကြီးတစ်ကျွန်းသည် မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကမ္ဘာမပျက်ခင်က ဘော်နီယိုကျွန်းသည် ကမ္ဘာ့ တတိယ အကြီးဆုံးကျွန်း ဖြစ်ပြီး ဧရိယာ စတုရန်းကီလိုမီတာ ၇ သိန်းကျော် ရှိသည်။ ယခုအခါ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသဖြင့် ဧရိယာ အတော်အတန် ကျုံ့သွားသော်လည်း အလွန်ကြီးမားနေဆဲ ဖြစ်သည်။ ကျွန်းတစ်ခုလုံး အရှေ့အနောက် အလျား ကီလိုမီတာ ၆၀၀ ကျော် ရှည်လျားပြီး တောင်မြောက် အကျယ် ကီလိုမီတာ ၄၀၀ ကျော် ရှိသည်။

ကျွန်းတစ်ခုလုံးတွင် သစ်တောများ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေပြီး စိမ်းလန်းစိုပြည်ကာ အသက်စွမ်းအင်များ ပြည့်ဝနေသကဲ့သို့ အန္တရာယ်များလည်း ပြည့်နှက်နေသည်။

လော်ယွမ် လေပေါ်မှ ဆင်းသက်လိုက်ပြီး ကမ်းရိုးတန်းတွင် ခြေချလိုက်သည်။

သူ၏ "ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း" သည် စွမ်းအင် အနည်းငယ်သာ သုံးစွဲပြီး ဟင်းလင်းပြင်တုန်ခါမှု သည်လည်း ရေပြင်ပေါ်တွင် လှိုင်းဂယက်လေး ထသကဲ့သို့ သေးငယ်လှသဖြင့် သတိထားမိရန် ခက်ခဲသော်လည်း၊ ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းတွင် ထူးခြားသော ထောက်လှမ်းရေး နည်းလမ်းများ ရှိကောင်းရှိနိုင်သည်။ သတိကြီးစွာ ထားသည့်အနေဖြင့် သူသည် ကျွန်း၏ အစွန်အဖျားဆုံး နေရာတွင် ဆင်းသက်ပြီး ကုန်းကြောင်းဖြင့် ချဉ်းကပ်ရန် ရွေးချယ်လိုက်သည်။

လော်ယွမ် မြေပေါ်သို့ ခြေချလိုက်သည်နှင့် အနီးအနားရှိ ကဏန်းတစ်ကောင်သည် ပါးစပ်မှ အမြှုပ်များ စီကာ ထွက်လာပြီး လက်သည်းခြေသည်းများဖြင့် သူ့ကို တိုက်ခိုက်ရန် ပြေးဝင်လာသည်။

ကဏန်းဟု ခေါ်ရခြင်းမှာ သတ္တုကဲ့သို့ မာကျောသော အခွံနှင့် သံမဏိ တံစဉ်ကဲ့သို့သော ခြေချောင်း ၈ ချောင်း ပါရှိသောကြောင့် ဖြစ်သည်။ ခြေချောင်းများ လျင်မြန်စွာ လှုပ်ရှားနေပြီး တောအုပ်ထဲတွင် ဓားသွားပေါင်းများစွာ လှုပ်ရှားနေသကဲ့သို့ ဖြစ်နေသည်။

လော်ယွမ် ဓားကို ဆွဲထုတ်လိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း မီတာ ဆယ်ချီ ကျော်ဖြတ်ပြီး ၎င်း၏ အရှေ့သို့ ရောက်သွားသည်။ ထို့နောက် ၎င်း၏ အခွံကို ချိန်ရွယ်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။ မမြင်ရသော ရပ်ဝန်းတုန်ခါမှု လှိုင်းတစ်ခုသည် မျက်လုံးနှစ်လုံးကြားမှ ဖြတ်သန်းသွားသည်။

၂ ထပ်၊ ၃ ထပ် တိုက်လောက် မြင့်မားသော ဤဧရာမ သတ္တဝါကြီးက ချက်ချင်း နှစ်ပိုင်းကွဲသွားသည်။

ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်နေသော အနီးအနားရှိ ကဏန်းအချို့သည် ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီး မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်ပင် မကျန်တော့ပေ။

.............................................................................................

ဤနေရာသည် ပင်လယ်နှင့် ကုန်းမြေ ဆုံမှတ်ဖြစ်သည်။ ဤနေရာရှိ သန္ဓေပြောင်းသတ္တဝါ အများစုသည် ပင်လယ်သတ္တဝါများ၏ လက္ခဏာရပ်များ ပါရှိသည်။ ဥပမာအားဖြင့် တောင်ကုန်းငယ်လေးသဖွယ် မြေပေါ်တွင် လဲလျောင်းနေသော ယောက်သွားခွံကြီးများ၊ ကျောက်ပုဇွန်နှင့် တူပြီး တစ်ကိုယ်လုံး သံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့သော ဧရာမ သတ္တဝါကြီးများနှင့် ငါးမှနေ၍ ကုန်းနေရေနေ သတ္တဝါအဖြစ် အသစ် ဆင့်ကဲပြောင်းလဲလာသော သတ္တဝါများ ဖြစ်သည်။

ဤသတ္တဝါများသည် ကြီးမားရုံသာမက ထူးဆန်းအံ့ဩဖွယ်ရာ ပုံသဏ္ဍာန်များ ရှိကြသဖြင့် ကုန်းနေ သန္ဓေပြောင်းသတ္တဝါများကို မြင်တွေ့နေကျ ဖြစ်သော လော်ယွမ်ပင်လျှင် ရင်တုန်သွားမိသည်။

သူ ဤနေရာတွင် ကြာကြာ မနေရဲဘဲ ဓားရှည်ကို ကိုင်လျက် လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

ကီလိုမီတာ ဆယ်ချီ ကျော်ဖြတ်ပြီးနောက်မှသာ ပင်လယ်နေ သတ္တဝါများ နည်းပါးသွားသည်။

ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ အဆောက်အဦးသည် ဘော်နီယိုကျွန်း၏ အလယ်ဗဟိုရှိ တောင်တန်းတစ်ခု၏ ချိုင့်ဝှမ်းတွင် တည်ရှိပြီး ဤနေရာနှင့် မိုင် ၁၈၀ ကျော် ကွာဝေးသည်။ လော်ယွမ်၏ ခြေလှမ်းအရှိန်နှင့် ဆိုလျှင် မိုးမချုပ်မီ ရောက်နိုင်မည်ဟု ခန့်မှန်းရသည်။

ကမ္ဘာမပျက်ခင်က ဘော်နီယိုကျွန်းသည် လူဦးရေ ကျဲပါးပြီး အပင်ပေါက်ရောက်မှု များပြားကာ အများစုမှာ သစ်တောများ ဖြစ်သည်။ ထို့အပြင် ပိုင်ဆိုင်သော နိုင်ငံများက စစ်ရေးအင်အားကြီး နိုင်ငံများ မဟုတ်ကြပေ။ ထို့ကြောင့် ဦးဆုံး ကျဆုံးခဲ့သော ဒေသများထဲတွင် ပါဝင်ပြီး ယခင်က သူ ဖြတ်သန်းခဲ့သော နေရာများထက် ပိုမို အန္တရာယ်များသည်။

(ဘော်နီယိုကျွန်းကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်း နိုင်ငံ ၃နိုင်ငံပေါင်းပြီး ပိုင်ဆိုင်တာပါ)

လမ်းတစ်လျှောက်တွင် စနစ်မှ မစ်ရှင် ၃ ခု ဆက်တိုက် ထုတ်ပြန်ခဲ့သည်။

သို့သော် ယခုအချိန်တွင် ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းသည် အနီးအနားတွင် ရှိနေပြီဖြစ်သဖြင့် သူသည် မစ်ရှင်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် စိတ်မဝင်စားတော့ပေ။ အဝေးမှ ရှောင်ကွင်းပြီး မရပ်မနား ဖြတ်သန်းသွားလာခဲ့သည်။ ညနေ ၅ နာရီခန့်တွင် သူ၏ အရှိန် တဖြည်းဖြည်း လျော့ကျလာပြီး လှုပ်ရှားမှုများလည်း သတိကြီးလာသည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း အဆောက်အဦးသည် ရှေ့တည့်တည့်ရှိ ချိုင့်ဝှမ်းတွင် ရှိနေပြီ ဖြစ်သောကြောင့်တည်း။

မိနစ်အနည်းငယ် ဆက်လျှောက်ပြီးနောက် တောင်ထိပ်ကို မကျော်ဖြတ်မီ သူ ရပ်တန့်လိုက်ကာ အနီးအနားရှိ ဂူတစ်ခုကို ရှာဖွေပြီး ဝင်ရောက် ပုန်းအောင်းလိုက်သည်။

ယခုအချိန်တွင် ကောင်းကင် မမှောင်သေးသဖြင့် လှုပ်ရှားရမည့်အချိန် မဟုတ်သေးပေ။

ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ နည်းပညာအတွက် အမှောင်ထုသည် ပြင်ပကို ထောက်လှမ်းရာတွင် အနှောင့်အယှက် မဖြစ်စေနိုင်သော်လည်း နည်းပညာကို ထိန်းချုပ်မောင်းနှင်သော သက်ရှိများသည် ပေါ့ဆတတ်ကြသည်။ မည်သည့် သက်ရှိပင် ဖြစ်ပါစေ၊ အနားယူရမည့် အချိန် ရှိစမြဲဖြစ်သည်။

ဤကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းသည် လူသားများကဲ့သို့ နေထွက်လျှင် အလုပ်လုပ်၊ နေဝင်လျှင် အနားယူသော အမျိုးအစားလော သို့မဟုတ် လူသားများနှင့် ဆန့်ကျင်ဘက် အလင်းရောင် ကြောက်သော ဉာဏ်ရည်မြင့် သက်ရှိလော ဆိုသည်ကို လော်ယွမ် မသိပေ။ သို့သော် တိကျသော သတင်းအချက်အလက် မရရှိသေးမီ ညဘက် လှုပ်ရှားခြင်းက သူ့ကို စိတ်အေးစေသည်။

ဂူသည် အလွန်ကျဉ်းမြောင်းပြီး တစ်ယောက်စာသာ နေ၍ ရသည်။

လော်ယွမ်သည် ၁ပေခွဲခန့် ရှည်သော သန္ဓေပြောင်းသတ္တဝါ အသေးစားလေး တစ်ကောင်ကို လက်ဖြင့် ဖိထားလိုက်သည်။ ယခုအချိန်တွင် ၎င်း မည်မျှပင် ရုန်းကန်နေပါစေ လော်ယွမ်၏ လက်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

မကြာမီ "ဂျွတ်" ခနဲ အရိုးကျိုးသံနှင့်အတူ ၎င်း၏ လည်ပင်းရိုးကို လော်ယွမ် အသာအယာ ချိုးလိုက်သည်။

ဤညသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသဖြင့် သူသည် အားအင်အပြည့်မွေးပြီး အကောင်းဆုံး အခြေအနေကို ထိန်းသိမ်းကာ အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။

သူသည် လည်ပင်းမှ အမွေးများကို နှုတ်လိုက်ပြီး ခေါင်းငုံ့ကာ ၎င်း၏ သွေးလွှတ်ကြောကို ကိုက်ဖြတ်လိုက်သည်။ သွေးများကို တဂွပ်ဂွပ် မျိုချလိုက်သည်။ ညှီစို့စို့ အရသာကြောင့် ပျို့တက်ချင်သလို ဖြစ်သွားသော်လည်း အတင်းအဓမ္မ ဖိနှိပ်ထားလိုက်သည်။ မကြာမီ သွေးအားလုံးကို စုပ်ယူလိုက်ပြီး အလောင်းကို အပြင်ဘက် ဝေးဝေးသို့ လွှင့်ပစ်လိုက်သည်။

ဤနေရာတွင် မီးမွှေး၍ မရပေ။ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း မီးမွှေးလိုက်လျှင် ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ အာရုံစိုက်မှုကို ခံရနိုင်သည်။ သူ ထိုသို့ မလုပ်နိုင်သလို လုပ်လည်း မလုပ်ရဲပေ။

ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းသည် အဆင့် ၈ သက်ရှိတစ်ကောင်ထက် ပိုမို အန္တရာယ်များသည်။ အာရုံစိုက်ခံရသည်နှင့် သေလမ်းသာ ရှိနိုင်ပြီး အကျိုးဆက် ကောင်းလိမ့်မည် မဟုတ်ပေ။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး အသံမထွက်ဘဲ ပါးစပ်ဖြဲကာ ပြုံးလိုက်သည်။ သူ၏ သွားများတွင် သွေးများ ပေကျံနေသဖြင့် သတ်ဖြတ်လိုစိတ် ပြင်းထန်နေပုံ ပေါက်နေသည်။

မိုး တဖြည်းဖြည်း ချုပ်လာပြီး တောအုပ်တစ်ခုလုံး လက်တစ်ကမ်း အကွာအဝေးကိုပင် မမြင်ရလောက်အောင် မှောင်မိုက်သွားသည်။

လော်ယွမ်သည် ဂူထဲတွင် ထိုင်လျက် မျက်လုံးမှိတ် အနားယူပြီး အားအင်မွေးရင်း ညဉ့်နက်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ လော်ယွမ်သည် ရုပ်တုတစ်ခုကဲ့သို့ တင်ပျဉ်ခွေထိုင်လျက် မလှုပ်မယှက် ရှိနေသည်။

သန်းခေါင်ကျော် ၁ နာရီ၊ ၂ နာရီခန့် ရောက်သောအခါ သူ မျက်လုံးဖွင့်လိုက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်သည်။

ပြီးနောက် တိတ်တဆိတ် မတ်တတ်ရပ်လိုက်ပြီး ဂူထဲမှ ထွက်ကာ အနက်ရောင် တစ္ဆေတစ်ကောင်သဖွယ် တောင်ကြားဆီသို့ အသံတိတ် ချဉ်းကပ်သွားသည်။

သူ ဤနေရာကို တစ်ခါမှ မရောက်ဖူးသော်လည်း လူသားများသည် ဤနေရာ၏ မြေမျက်နှာသွင်ပြင်ကို မော်ဒယ်တည်ဆောက်ပြီး အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ဖြစ်သည်။ မထင်ရှားသော ကုန်းစောင်းလေးတစ်ခု၊ ကျောက်တုံးလေး တစ်တုံးမှအစ အားလုံးကို သူ ကျွမ်းကျင်စွာ သိရှိထားသည်။

ပစ်မှတ်နှင့် နီးကပ်လာသောအခါ လော်ယွမ်သည် မြေပြင်ပေါ်တွင် ဝပ်လိုက်ပြီး တွားသွားကာ ရှေ့သို့ တစ်လက်မချင်း တိုးသွားသည်။

နာရီဝက်ခန့် အကြာတွင် သူ၏ ရှေ့မှ ပေါင်းပင်များကို အသာအယာ ဖယ်ရှားလိုက်ပြီး တိတ်တဆိတ် လှမ်းချောင်းကြည့်လိုက်သည်။

ဤည လမင်း၏ အလင်းရောင် လုံးဝ မရှိပေ။ ထူထဲသော အမှောင်ထုက ရေကဲ့သို့ ဤတောအုပ်ကို လွှမ်းခြုံထားသည်။ သူ၏ မျက်လုံး သူငယ်အိမ်များသည် အဆုံးစွန်ထိ ကျုံ့သွားပြီး တွင်းနက်ကြီးများကဲ့သို့ မည်းနက်နေကာ သေးငယ်သော အလင်းရောင်ကိုပင် ဖမ်းယူရန် ကြိုးစားနေသည်။

တောအုပ်၏ ကာကွယ်မှုအောက်တွင် မီးခိုးရောင် ရင့်ရင့် စက်ဝိုင်းခြမ်းပုံသဏ္ဍာန် အဆောက်အဦးတစ်ခုသည် လော်ယွမ်၏ မြင်ကွင်းထဲသို့ ဝေဝါးစွာ ပေါ်လာသည်။

ဆက်ရန်...

အပိုင်း (၃၉၂) အကြံအိုက်ခြင်း

အဆောက်အအုံကြီးသည် အကျယ် ပေ၆၀၀ ခန့်၊ အမြင့် ပေ ၃၀၀ ကျော်ခန့် ရှိပြီး မျက်နှာပြင်မှာ အလွန်ချောမွေ့ကာ အစပ်အဟပ် အက်ကြောင်းရာများ၊ အကွက်အဆင်များ၊ စာသားများ လုံးဝမရှိဘဲ ပြီးပြည့်စုံသော အမိုးခုံး ပုံစံဖြင့် မြေပေါ်တွင် မှောက်ထားသည့် ဘောလုံးတစ်ပိုင်းသဏ္ဍာန် မည်းနက်မှိုင်းညို့နေသည်။

ဤကဲ့သို့သော အဆောက်အအုံမျိုးသည် ကမ္ဘာပျက်ကပ်ဘေး မတိုင်ခင်ကဆိုလျှင် ပြောပလောက်စရာ မဟုတ်ပေ။ ၎င်းထက် ကြီးကျယ်ခမ်းနားသော အဆောက်အအုံများ နေရာတိုင်းတွင် ရှိခဲ့ဖူးသည်။ သို့သော် ယခုကဲ့သို့ သန္ဓေပြောင်း သားရဲကောင်များ သောင်းကျန်းနေပြီး လူသားအရိပ်အယောင် ကင်းမဲ့နေသော ကျွန်းတစ်ကျွန်းပေါ်တွင်မူ ထူးခြားဆန်းပြားလှသည်။ တောအုပ်ကြီးဖြင့် ကွယ်ဝှက်ထားသော ချိုင့်ဝှမ်းတစ်ခုထဲတွင် အထီးကျန်စွာ တည်ရှိနေသည့် ဤအဆောက်အအုံသည် ညဉ့်ဦးယံတွင် ထူးဆန်းအံ့ဖွယ် ခံစားမှုကို ပေးစွမ်းနေသည်။

လော်ယွမ်သည် ခေတ္တမျှ ငြိမ်သက်စွာ ကြည့်နေပြီးနောက် အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး ရှေ့ဆက်တိုးရန် ပြင်လိုက်သည်။ သို့သော် မီတာရာဂဏန်းမျှသာ တိုးသွားရသေးခင်မှာပင် သူ တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ရသည်။

ဤနေရာက တိတ်ဆိတ်လွန်းနေသည်။

တိတ်ဆိတ်လွန်းအားကြီးသဖြင့် တောအုပ်ထဲတွင် ကြားနေကျ ပိုးကောင်အော်သံများပင် ခပ်တိုးတိုးသာ ကြားရသည်။ နားစွင့်ကြည့်လိုက်သောအခါ ကြားရသည့် အသံများမှာ အဝေးတစ်နေရာမှ လာသော အသံများသာ ဖြစ်နေသည်။ ဤအဆောက်အအုံ အနီးသို့ ရောက်လာပြီးနောက်ပိုင်း တောက်လျှောက် ဝပ်၍ လာခဲ့ရာတွင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်တစ်လေမျှ မတွေ့ခဲ့ရသည်ကို လော်ယွမ် ရုတ်တရက် သတိပြုမိသွားသည်။

သူ ကျောချမ်းသွားပြီး ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ဝဲကြည့်လိုက်သည်။ အပင်များ ပုံမှန်အတိုင်း ရှိနေသည်မှလွဲ၍ အခြားသက်ရှိ တစ်စုံတစ်ရာ၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။

"ဒါ ပုံမှန်မဟုတ်ဘူး... အဆိပ်ငွေ့ လွှတ်ထားတာများလား... ဒါမှမဟုတ် တခြားနည်းလမ်း သုံးထားတာလား"

လော်ယွမ်၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူ မပေါ့ဆရဲတော့ဘဲ စိတ်စွမ်းအားကို ခန္ဓာကိုယ်အတွင်း စီးဆင်းစေကာ သေချာစစ်ဆေးကြည့်လိုက်ရာ မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရပေ။ ထို့နောက် မြေပြင်ကို အသေအချာ စစ်ဆေးကြည့်ပြန်ရာ အသေကောင် တစ်ခုတစ်လေမျှ မတွေ့ရပြန်ပေ။

သူ သက်ပြင်းချလိုက်ပြီး အံကြိတ်ကာ ရှေ့ဆက်တိုးလိုက်သည်။

ယခုတစ်ကြိမ် ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းကို ထောက်လှမ်းခြင်းသည် လူသားတို့၏ ကံကြမ္မာနှင့် သက်ဆိုင်သည့် အရေးကြီးကိစ္စ ဖြစ်သည်။ ဤမျှလောက်လေးနှင့် ကြောက်ရွံ့ပြီး နောက်ပြန်လှည့်သွားမည်ဆိုလျှင် မည်သူကမျှ အပြစ်မတင်လျှင်တောင် ကိုယ့်လိပ်ပြာကိုယ် မလုံသောစိတ်ကို ကျော်လွှားနိုင်မည် မဟုတ်ပေ။

သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ညအမှောင်ထုကို အကာအကွယ်ယူကာ ရွေ့လျားနေသော အရိပ်မည်းတစ်ခုသဖွယ် အဆောက်အအုံဆီသို့ ဖြည်းညှင်းစွာ တိုးကပ်သွားသည်။ နာရီဝက်ခန့် အကြာတွင် အဆောက်အအုံနှင့် ပေသုံးထောင်ခန့် အကွာသို့ ဘေးမသီ ရန်မခဘဲ ရောက်ရှိသွားခဲ့သည်။

သူ ရပ်တန့်လိုက်ပြီး ရှေ့ထပ်မတိုးတော့ပေ။

မှောင်မိုက်နေသော်လည်း ဤအကွာအဝေးမှနေ၍ အဆောက်အအုံ၏ အသေးစိတ် အချက်အလက်များကို သူ ရှင်းလင်းစွာ မြင်နေရသည်။ အဆောက်အအုံ၏ ချောမွေ့သော မျက်နှာပြင်သည် ညအလင်းရောင်အောက်တွင် မှိန်ဖျဖျ တောက်ပနေသည်။ တံခါးပေါက်၊ ပြတင်းပေါက် စသည်တို့ တစ်ခုမှ မတွေ့ရပေ။ သူ အဆောက်အအုံကို ပတ်ပြီး လေ့လာကြည့်သော်လည်း ရလဒ်မှာ အတူတူပင်။ တစ်ဆက်တစ်စပ်တည်း ဖြစ်နေပြီး အကြောင်းရာပင် မရှိပေ။

အဆောက်အအုံ တစ်ခုလုံး လုံခြုံစွာ ပိတ်ထားသကဲ့သို့ ဖြစ်နေပြီး သာမန် ဝင်ပေါက် ထွက်ပေါက်ဟူ၍ မရှိပေ။

ဤအချက်ကိုမူ လော်ယွမ် ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းဆိုသည်မှာ ကမ္ဘာမြေ သက်ရှိများနှင့် မတူညီပေ။ ဂြိုဟ်မတူသည်နှင့်အမျှ လေထုဖိအားနှင့် ပါဝင်ပစ္စည်းများလည်း ကွဲပြားနိုင်သည်။ ကမ္ဘာမြေ သက်ရှိများအတွက် လွတ်လပ်စွာ ရှူရှိုက်နိုင်သော လေသည် ဂြိုဟ်သားများအတွက် အဆိပ်သင့်စေနိုင်ပေသည်။ ထို့ကြောင့် ဤအဆောက်အအုံ အတွင်းပိုင်းတွင် သီးသန့် လေထုစနစ်တစ်ခု ရှိနေမည်မှာ သေချာသည်။

ညက ရေပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေသည်။ လော်ယွမ်သည် အောက်မှ သစ်ရွက်ခြောက်များကို ဖယ်ရှားလိုက်ပြီး ကိုယ်ကို မြေကြီးထဲ မြှုပ်ကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာသည်။

သူ့ခန္ဓာကိုယ်သည် အဆောက်အအုံနှင့် ပေသုံးထောင်ကျော် ဝေးကွာနေသော်လည်း အလကား ထိုင်စောင့်နေရသည်တော့ မဟုတ်ပေ။

ကြိုတင်သိမြင်နိုင်စွမ်း၏ အသုံးဝင်မှုကြောင့် သူသည် စိတ်ကူးထဲတွင် ပုံရိပ်ယောင် လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ပြီး ဂြိုဟ်သားများ၏ တုံ့ပြန်မှုကို စမ်းသပ်နိုင်သည်။

ပထမဆုံး ပုံရိပ်ယောင်တွင် သူ မတ်တပ်ထရပ်ပြီး အဆောက်အအုံဆီသို့ ခပ်တည်တည် လမ်းလျှောက်သွားသည်။ သို့သော် နှစ်စက္ကန့် ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမှ မရရှိသဖြင့် ကျရှုံးသွားသည်။

ဒုတိယ ပုံရိပ်ယောင်တွင် သူ အဆောက်အအုံဆီသို့ တရှိန်ထိုး ပြေးဝင်သွားသည်။ တစ်စက္ကန့်လျှင် ပေ ၉၀၀ နီးပါး အမြန်နှုန်းဖြင့် မြှားတစ်စင်းပမာ ပျံသန်းသွားသော်လည်း ဝ.၁ စက္ကန့်တောင် မကြာလိုက်ပေ။ အဆောက်အအုံ မျက်နှာပြင်ပေါ်တွင် အပေါက်ငယ်လေးတစ်ခု ရုတ်တရက် ပေါ်လာပြီး စွမ်းအင်မြင့် ရောင်ခြည်တန်းတစ်ခုက လော်ယွမ်၏ နဖူးတည့်တည့်ကို ပစ်ခတ်လိုက်ရာ မျက်လုံးရှေ့တွင် အမှောင်ကျသွားတော့သည်။

အဆောက်အအုံ၏ အလိုအလျောက် ကာကွယ်ရေးစနစ်သည် အရှိန်မြင့် ရွေ့လျားနေသော အရာဝတ္ထုများကို အထူး အာရုံခံနိုင်စွမ်း ရှိပုံရသည်။ ဝ.၁ စက္ကန့် မပြည့်မီမှာပင် ပစ်မှတ်ကို ထောက်လှမ်းပြီး အလိုအလျောက် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ လော်ယွမ်၏ မျက်နှာထား တည်ကြည်သွားပြီး စိတ်ထဲတွင် လေးလေးနက်နက် စဉ်းစားလိုက်သည်။

အတော်ကြာမှ သူ ထပ်မံစမ်းသပ်ပြန်သည်။

ဒီတစ်ခါ ပုံရိပ်ယောင်တွင် တည့်တည့်မပြေးတော့ဘဲ အက်စ် ပုံသဏ္ဍာန် ကွေ့ပတ်ပြေးဝင်သည်။ သို့သော် ဝ.၁ စက္ကန့် အကြာတွင် တိုက်ခိုက်မှု ထပ်ပေါ်လာသည်။ ပထမ ရောင်ခြည်တန်း လွဲသွားသော်လည်း ဒုတိယ ရောင်ခြည်တန်းက ချက်ချင်းလိုက်လာပြီး သူ့ကို ထိမှန်သွားပြန်သည်။ မျက်လုံးရှေ့တွင် အမှောင်ကျသွားပြန်သည်။

လော်ယွမ် အကြိမ်ကြိမ် စမ်းသပ်ကြည့်သည်။ ပထမတိုက်ခိုက်မှုကို တစ်ခါတစ်ရံ ရှောင်တိမ်းနိုင်သော်လည်း ဒုတိယတိုက်ခိုက်မှုကိုမူ မည်သို့မျှ မလွတ်နိုင်ပေ။ အကြိမ်တိုင်း နဖူးတည့်တည့် ထိမှန်ကာ အဆုံးသတ်သွားရစမြဲ။

လော်ယွမ်၏ မျက်နှာသည် ရေကန်ပမာ တည်ငြိမ်လေးနက်နေသော်လည်း နှလုံးခုန်သံများမှာမူ ပြင်းထန်လျက်ရှိသည်။ ဂြိုဟ်သားများတွင် ကြောက်မက်ဖွယ်ကောင်းသော အသိဉာဏ်မြင့် ပစ်မှတ်ရှာဖွေစနစ်နှင့် အားကောင်းသော အချက်အလက် ခွဲခြမ်းစိတ်ဖြာ တွက်ချက်နိုင်စွမ်း ရှိနေသည်မှာ သေချာသည်။ ဤအခြေအနေတွင် သူ မည်သို့ပင် ကွေ့ပတ်ပြေးပါစေ၊ အစီအစဉ်မကျ လှုပ်ရှားပါစေ၊ ၎င်းတို့၏ တွက်ချက်နိုင်စွမ်းကို မကျော်လွန်နိုင်သရွေ့ သူ့လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်နေမည်သာ။

၎င်းက တကယ့်ကို ကြောက်စရာကောင်းလှသည်။ သူ့လို အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ပင်လျှင် ဤကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် ဘာမှမတတ်နိုင်ဘဲ အသေခံရမည့် အခြေအနေဖြစ်ပြီး မည်သို့ပင် ရှောင်တိမ်းပါစေ၊ မည်သို့ပင် လျင်မြန်ပါစေ သေခြင်းတရားသာ အဆုံးသတ် ဖြစ်နေသည်။

ကြိုတင်သိမြင်နိုင်စွမ်းသာ မရှိခဲ့လျှင် တဇွတ်ထိုးဝင်ရောက်မိပါက ပုံရိပ်ယောင်ထဲကအတိုင်း အဖြစ်ဆိုးနှင့် ကြုံရပေလိမ့်မည်။

ပြင်းထန်နေသော နှလုံးခုန်သံများ အနည်းငယ် ငြိမ်သက်သွားသောအခါ လော်ယွမ် ဆက်လက် စမ်းသပ်ပြန်သည်။ ဤတစ်ခါတွင် အဝေးမှနေ၍ တိုက်ခိုက်မှုကို စမ်းသပ်ကြည့်သည်။ ပေသုံးထောင် အကွာမှနေ၍ လှံတိုများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ကြည့်သည်။

လှံတို သို့မဟုတ် ကျောက်တုံး တစ်ခုစီသည် အသံထက် သုံးဆမြန်သော အရှိန်ဖြင့် လေကိုခွင်းကာ ပျံသန်းသွားသည်။ သူ၏ လျင်မြန်ဖျတ်လတ်မှု ၁၆ မှတ်ကြောင့် တိုက်ခိုက်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ လက်တစ်ထောင်ကွမ်ယင်မယ်တော်ပမာ လက်ပေါင်းများစွာ ဝှေ့ယမ်းနေသကဲ့သို့ ထင်ရပြီး မိုးရွာသလို တရစပ် ပစ်ခတ်လိုက်သည်။ သို့သော် မီတာအနည်းငယ်မျှသာ ရောက်သေးသည်၊ စွမ်းအင်မြင့် ရောင်ခြည်တန်းများဖြင့် လေထဲတွင်ပင် အငွေ့ပျံသွားကြသည်။ နောက်ဆုံးတွင် ရောင်ခြည်တန်းတစ်ခုက သူ့ခေါင်းကို ချက်ချင်း အရည်ပျော်ကျသွားစေပြီး အမှောင်ကျသွားပြန်ပြီ။

ထိုညတစ်ညလုံး သူသည် ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြု၍ မနားတမ်း စမ်းသပ်ခဲ့သည်။ နောက်ဆုံးတွင် သတ္တိမွေးကာ အနီးကပ်ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း ပေ ၆၀၀ အကွာအဝေးသို့ပင် မရောက်နိုင်ခဲ့ပေ။ ထိုထက်ပိုတိုးလိုက်သည်နှင့် အဆောက်အအုံ၏ အလိုအလျောက် ကာကွယ်ရေး သတိပေးဇုန်ထဲ ရောက်ရှိသွားပြီး မည်မျှပင် နှေးကွေးစွာ သွားပါစေ၊ အန္တရာယ်မရှိသော ပုံစံဖြင့် သွားပါစေ၊ တိုက်ခိုက်မှုကို ရှောင်လွှဲ၍ မရနိုင်ပေ။ တိုက်ခိုက်မှု၏ မျက်ကွယ်နေရာ သော်လည်းကောင်း၊ အလွယ်တကူ အသုံးချနိုင်သော ဟာကွက်သော်လည်းကောင်း တစ်ခုမှ မရှိပေ။

စမ်းသပ်မှု ရလဒ်များက သူ့ကို စိတ်ပျက်အားလျော့စေသည်။ အကောင်းဆုံး ရလဒ်တစ်ခုမှာ ကျောက်တုံးကြီးတစ်ခုနောက်တွင် ပုန်းအောင်းပြီး ခန္ဓာကိုယ်ကို မြေကြီးထဲ မြှုပ်ထားခြင်းပင်။ စွမ်းအင်မြင့် ရောင်ခြည်တန်းဖြင့် ပစ်ခတ်၍ မရနိုင်သောအခါ အဆောက်အအုံထိပ်မှ ဘောလုံးတစ်လုံး ပျံထွက်လာသည်ကို တွေ့လိုက်ရသည်။

ဒီတစ်ကြိမ်တွင်တော့ သူသေဆုံးသည်ကို မတွေ့လိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် ကြိုတင်သိမြင်နိုင်စွမ်း၏ အချိန်ကာလ ၂ စက္ကန့် ကုန်ဆုံးသွားသောကြောင့် ဖြစ်သည်။ သို့သော် ရလဒ်မှာ ယခင်အတိုင်း သေဆုံးခြင်းသာ ဖြစ်မည်မှာ သေချာသလောက် ရှိသည်။

မိုးလင်းခါနီးပြီဖြစ်သဖြင့် လော်ယွမ် သက်ပြင်းချလိုက်ပြီး သတိထားကာ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။ နာရီဝက်အကြာတွင် ယခင်က ခိုနားခဲ့သော လိုဏ်ဂူသို့ ပြန်ရောက်လာပြီး အထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်။

သူ့ခန္ဓာကိုယ်ကို ကျောက်နံရံတွင် မှီချလိုက်ရာ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများ အထင်းသား ပေါ်နေသည်။ သူသည် အဝေးတွင် ပုန်းအောင်းနေပြီး မလှုပ်မယှက် နေခဲ့သော်လည်း စိတ်ကူးထဲတွင် မမြင်ရသော တိုက်ပွဲများကို ဆင်နွှဲခဲ့ရသဖြင့် စိတ်စွမ်းအား ကုန်ခမ်းမှုမှာ တကယ့် သေရေးရှင်ရေး တိုက်ပွဲများထက် မလျော့နည်းပေ။ အထူးသဖြင့် မျှော်လင့်ချက်မဲ့သော ရလဒ်များနှင့် ကွာခြားလွန်းလှသော စွမ်းအားကွာဟချက်များက သူ့နှလုံးသားကို ပြာကျသွားစေပြီး မျှော်လင့်ချက်ရောင်ခြည် တစ်စက်မျှ မမြင်ရတော့ပေ။

ပထမဆုံး အပြင်စည်း ကာကွယ်ရေးကိုပင် သူ မဖောက်ထွက်နိုင်ခဲ့ပေ။

သူ ကျောက်နံရံကို မှီရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဖွင့်နေသော်လည်း အချိန်တိုအတွင်း နည်းလမ်းရှာတွေ့ဖို့ မလွယ်ကူလှပေ။

ဤအဆောက်အအုံသည် ဆူးများထောင်နေသော ဖြူးကောင်တစ်ကောင်နှင့် တူနေပြီး အနားကပ်၍ပင် မရပေ။ ယခုအချိန်တွင် အတွင်းရှိ ဂြိုဟ်သားများ သို့မဟုတ် စက်ရုပ်များ အပြင်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။

ယခုတစ်ခေါက် မစ်ရှင်၏ ရည်ရွယ်ချက်မှာ (၁) ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန်၊ (၂) ဖြစ်နိုင်လျှင် နည်းပညာပစ္စည်းများကို ရယူရန်၊ တချိန်တည်းတွင် မိမိကိုယ်ကို ဖုံးကွယ်ထားရန်၊ အကယ်၍ ပေါ်သွားမည့် အန္တရာယ်ရှိပါက စွန့်လွှတ်ရန် ဖြစ်သည်။

ပြန်လည်တည်ဆောက်ရေးဇုန်မှ ပေးအပ်ထားသော တာဝန်အပ်ချက်များသည် ယေဘုယျဆန်ပြီး အတော်လေး သတိကြီးစွာ ချမှတ်ထားခြင်း ဖြစ်သည်။ အဓိကမှာ မိမိကိုယ်ကို အသိမခံရစေရန် ဖြစ်သည်။ ယင်းမှလွဲ၍ အခြား မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်များ မပါဝင်ပေ။ တကယ်တမ်းဆိုလျှင် ယခုအဆင့်ထိ စမ်းသပ်နိုင်ခြင်းသည်ပင် အခြားမည်သည့် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲသူအတွက်မဆို မဖြစ်နိုင်သော အရာဖြစ်သည်။ ဤအချက်အလက်များကို ရယူနိုင်ခြင်းသည်ပင် အကန့်အသတ်အထိ ရောက်နေပြီ ဖြစ်သည်။

သို့သော် လော်ယွမ်သည် ဤမျှလောက်နှင့် လက်ဗလာဖြင့် ပြန်သွားရန် ဆန္ဒမရှိပေ။ ထို့အတူ ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ အင်အားကြီးမားစွာ ဖိနှိပ်မှုအောက်တွင် ပြန်လည်တည်ဆောက်ရေးဇုန်ကြီး ပြာပုံအတိ ဖြစ်သွားမည့်အရေးကိုလည်း လက်ပိုက်ကြည့်မနေလိုပေ။

ထိုအချိန်တွင် တောအုပ်ထဲ၌ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။ သတ္တဝါအများအပြား အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြပုံရသည်။

"ဘာဖြစ်တာလဲ" သူ စိတ်ထဲ ထိတ်လန့်သွားပြီး လိုဏ်ဂူထဲမှ တိတ်တဆိတ် ထွက်ကာ ကိုယ်ကိုကိုင်းလျက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ထိုစဉ် လေထုထဲတွင် အလွန်အားနည်းသော တုန်ခါမှုတစ်ခု ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။ တုန်ခါမှုနှုန်းက အလွန်နိမ့်ပြီး လှိုင်းများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်လုနီးပါး ဖြစ်သည်။ ထိုတုန်ခါမှုအောက်တွင် သူ့ကိုယ်တွင်းကလီစာများပင် လိုက်ပါတုန်ခါတော့မည့်အလား ခံစားလိုက်ရသည်။

မလှမ်းမကမ်းတွင် ထိုတုန်ခါမှုကြောင့် လန့်ဖျပ်ထွက်ပြေးနေကြသော သန္ဓေပြောင်း သတ္တဝါများကို ကြည့်လိုက်သည်။ ထို့နောက် တုန်ခါမှု လာရာလမ်းကြောင်းကို ကြည့်လိုက်ရာ ချိုင့်ဝှမ်းဘက်မှ လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူ့စိတ်ထဲတွင် ရုတ်တရက် အလင်းပွင့်သွားပြီးနောက် ကြောက်ရွံ့မှုများ ဝင်ရောက်လာသည်။

"အဆောက်အအုံနားက ချိုင့်ဝှမ်းထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ လုံးဝမရှိတာ ဒါကြောင့်ကိုး... သူတို့ကို အသံလွန်လှိုင်းတွေနဲ့ မောင်းထုတ်ထားတာပဲ... ကံကောင်းလို့ ဒီနေရာက တောင်ကွယ်ဖြစ်နေပြီး တောင်နံရံနဲ့ လေထုက လှိုင်းတွေကို စုပ်ယူထားလိုက်လို့ ဒီရောက်တော့ အားပျော့သွားတာ"

"အသံလွန်လှိုင်းတွေက သက်ရှိအင်္ဂါအစိတ်အပိုင်းတွေနဲ့ ပဲ့တင်ရိုက်ခတ်မှု ဖြစ်စေနိုင်တယ်... သက်သာရင် ကလီစာတွေ ထိခိုက်ပြီး ခေါင်းမူးအော့အန်မယ်... ပြင်းထန်ရင် ကလီစာတွေ ပြတ်ထွက်ပြီး သေစေနိုင်တယ်... တော်တော်အန္တရာယ်များတာပဲ... စောစောကသာ အချိန်မီ ပြန်မလှည့်ခဲ့ရင် ငါပါ ဒုက္ခရောက်သွားနိုင်တယ်"

"နေဦး... တုန်ခါတာနဲ့ ပဲ့တင်ရိုက်ခတ်တာဆိုတော့..." ရုတ်တရက် သူ့ခေါင်းထဲတွင် အကြံတစ်ခု ဝင်လာသည်။

သူ့မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ဂြိုဟ်သားအဆောက်အအုံက ဖြူကောင်လို ဆူးတွေထောင်နေပြီး အနားကပ်၍မရဘူး ဆိုမှတော့ အကြမ်းနည်းနဲ့ ဖွင့်ရုံသာ ရှိတော့သည်။

သူငလျင်တစ်ခု ဖန်တီးလိုက်ရင် ဤကိစ္စကို ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်လောက်သည်။

မြေကြီးကို ခြေဆောင့်နင်းခြင်း တစ်ချက်တိုင်းကို တုန်ခါမှု တစ်ချက်အဖြစ် သတ်မှတ်ပြီး ပဲ့တင်ရိုက်ခတ်မှု မှတဆင့် ဒေသတွင်း ငလျင်တစ်ခု ဖန်တီးလိုက်မည်။

၎င်းသည် သူ ပြန်လည်တည်ဆောက်ရေးဇုန်မှာ ရှိစဉ်ကတည်းက စိတ်ကူးထားခဲ့သော အကြံဖြစ်သည်။ သို့သော် ထိုဒေသ၏ မြေလွှာချပ်များမှာ အလွန်ပျော့ပျောင်းပြီး ငလျင်ငယ်လေးများ မကြာခဏ လှုပ်လေ့ရှိရာ ပဲ့တင်ရိုက်ခတ်မှု၏ အကျိုးဆက်ကို သူ မခန့်မှန်းနိုင်ခဲ့ပေ။ ကပ်ဘေးအန္တရာယ်ကြီး ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သူ တစ်ခါမှ စမ်းသပ်မကြည့်ခဲ့ဖူးပေ။

ယခု ပြန်လည်တည်ဆောက်ရေးဇုန်မှ ထွက်ခွာလာပြီးနောက်ပိုင်းတွင်လည်း အရေးပေါ် လိုအပ်ချက် မရှိခဲ့သဖြင့် ထိုစမ်းသပ်မှုကို မေ့လျော့နေခဲ့သည်။ ယခု အသံလွန်လှိုင်းကို တွေ့ရှိလိုက်ရမှသာ ထိုအကြံကို ပြန်သတိရလာခြင်း ဖြစ်သည်။

သို့သော် ယင်းမတိုင်မီ ဘေးကင်းလုံခြုံပြီး နှောင့်ယှက်မှု ကင်းဝေးမည့် နေရာတစ်ခုကို ရွေးချယ်ရမည်။ ဤနေရာက ချိုင့်ဝှမ်းနှင့် သိပ်နီးလွန်းသည်။ တကယ့်ငလျင် မဖြစ်ပေါ်မီမှာပင် မြေကြီးစောင့်နင်းမှုက ဆူညံသံများ ထွက်ပေါ်စေမည် ဖြစ်ရာ ဂြိုဟ်သားများ သတိမထားမိဘဲ နေမည်မဟုတ်ပေ။

ထို့အတူ ဝေးလွန်း၍လည်း မဖြစ်ပြန်ပေ။ ထိုဒေသ၏ ပဲ့တင်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေရန် ခက်ခဲမည့်အပြင် အကျိုးသက်ရောက်မှု မရှိလျှင် ဂြိုဟ်သားများကို သတိပေးလိုက်သလို ဖြစ်ကာ သံသယဝင်သွားစေနိုင်သည်။

ဤသည်မှာ အကျပ်အတည်း ဖြစ်စေသော ရွေးချယ်မှုပင်။

လော်ယွမ် အမြန်စဉ်းစားလိုက်ရာ မကြာမီ အကြံတစ်ခု ရလာသည်။

သူ နဖူးစည်းကို ဖြေလျော့လိုက်ပြီး လေးဘက်မြင် အမြင်အာရုံသို့ ဝင်ရောက်လိုက်သည်။ သူ့နည်းလမ်းမှာ ကွေးညွတ်ပျံသန်းခြင်းမှ ဖြစ်ပေါ်လာသော သီးသန့် ဟင်းလင်းပြင်ကို အသုံးပြုပြီး မြေအောက်ထဲသို့ တည့်တည့် တိုးဝင်သွားရန် ဖြစ်သည်။

သူ့မျက်နှာ တည်သွားသည်။ ဤနည်းလမ်းက အတော်လေး အန္တရာယ်များသည်။ ငလျင်လှုပ်မည့် အန္တရာယ်ကို ၂ စက္ကန့်ကြိုတင် သိမြင်နိုင်သော်လည်း တစ်ခုခု လွဲချော်သွားပါက မြေအောက်ထဲတွင် ထာဝရ အရှင်လတ်လတ် မြှုပ်နှံခံရနိုင်သည်။ သို့သော် လက်ရှိအခြေအနေတွင် တိုတောင်းသော အချိန်အတွင်း ဤထက်ကောင်းသော နည်းလမ်း မရှိတော့ပေ။

ကွေးညွတ်ပျံသန်းခြင်း စတင်လိုက်သည်နှင့် ဟင်းလင်းပြင်သည် ဖြည်းညှင်းစွာ တွန့်လိမ်ကွေးညွတ်သွားသည်။ ၅ မိနစ်ခန့် ကြာသောအခါမှ ဟင်းလင်းပြင်ကွေးညွတ်စက်ဝန်း တစ်ခု ဖြစ်ပေါ်လာသည်။

သူသည် ဟင်းလင်းပြင်ကွေးညွတ်စက်ဝန်းကို ထိန်းချုပ်ကာ မြေအောက်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားလိုက်သည်။ ဤနေရာတွင် အမြင်အာရုံ သုံးမရတော့ဘဲ အာရုံခံနိုင်စွမ်း ဖြင့်သာ ဝေဝါးဝါး ခန့်မှန်းရသည်။ အာရုံခံနိုင်စွမ်း နယ်ပယ်သည်လည်း ကျဉ်းမြောင်းသွားပြီး ယခင်က ပေ ၃၀၀ အထိ အာရုံခံနိုင်သော်လည်း ယခုအခါ ပေ ၁၀၀ခန့်သာ ရတော့သည်။ သို့သော် လုံလောက်မှု ရှိသည်။

ပိုမိုထိရောက်မှု ရှိစေရန်အတွက် သူသည် မှတ်ဉာဏ်ထဲရှိ ချိုင့်ဝှမ်းရှိရာဘက်သို့ ဖြည်းညှင်းစွာ တိုးသွားလိုက်သည်။

တောက်လျှောက် သွားလာရင်း ချိုင့်ဝှမ်းအစွန်အဖျား၊ ဂြိုဟ်သားအဆောက်အအုံနှင့် လေးငါးမိုင်ခန့် အကွာအဝေးသို့ ရောက်သောအခါ သူ ရပ်တန့်လိုက်သည်။

ထို့နောက် စိတ်စွမ်းအားဖြင့် ဟင်းလင်းပြင်ကွေးညွတ်စက်ဝန်းကို ဖျက်သိမ်းလိုက်ရာ ဟင်းလင်းပြင်သည် လျင်မြန်စွာ ပြန့်ကားသွားပြီး တောင်ကုန်းအတွင်းပိုင်းတွင် အကျယ် ၆ပေခန့်ရှိသော စက်ဝိုင်းပုံ အခန်းလွတ်လေးတစ်ခု ဖြစ်ပေါ်လာသည်။

ဤနေရာသည် နိမ့်သော မြေပြင်အနေအထားရှိပြီး အနီးနားနှင့် လေးငါးမိုင်ခန့် ကွာခြားမှု ရှိသည်။ သူ၏ ခေါင်းပေါ်ရှိ မြေပြင်နှင့် ၁၈ပေခန့် ကွာဝေးကာ ၆ပေခန့်ရှိသော မြေဆွေးလွှာကို ဖယ်လိုက်လျှင် ကျောက်သားထုမှာ ၁၂ပေခန့် ထူသည်။

ဤအကွာအဝေးသည် ငလျင်လှုပ်ပြီး ပြိုကျလာသည့်အခါ အကြမ်းနည်းဖြင့် ဖောက်ထွက်လွတ်မြောက်နိုင်သော ဘေးကင်းလုံခြုံသည့် အကွာအဝေးဖြစ်သည်။ အခြေအနေ မဟန်ပါက သူသည် ကျောက်သားများကို ဖောက်ခွဲပြီး ချက်ချင်း ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။

ကြိုတင်သိမြင်နိုင်စွမ်း စမ်းသပ်ချက်အရလည်း ၂ စက္ကန့်အတွင်း ဘေးကင်းစွာ လွတ်မြောက်နိုင်သည့် အဝေးဆုံး အကွာအဝေးလည်း ဖြစ်သည်။

၎င်းက သူ့အတွက် နောက်ဆုံး အာမခံချက်ပင်။

သူသည် နဖူးစည်းကို ပြန်ချည်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ နောက်တစ်ခဏတွင် ''မြေလှိုင်းကြိမ်နှုန်း'' အခြေအနေသို့ ဝင်ရောက်လိုက်တော့သည်။

ဆက်ရန်...

All Chapters