← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 20 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 20 Ch. 397-398

အပိုင်း (၃၉၇) အမှန်တရား

ဤတစ်ကြိမ်တွင် နက်နက်ရှိုင်းရှိုင်း အိပ်မွေ့ချခံရမှုကြောင့်ဖြစ်မည် အိပ်မက်၏ မြူခိုးများသည် ယခင်အကြိမ်ထက် အဆများစွာ ပိုမိုကြီးမား ကျယ်ပြန့်နေသည်။ ကြီးကျယ်ခမ်းနားပြီး အံ့မခန်းဖွယ်ရာပင် ဖြစ်သည်။

ထို့အပြင် ဤအိပ်မက်သည် အတော်အတန် တည်ငြိမ်နေသဖြင့် လော်ယွမ် ဝင်ရောက်သွားသောအခါ အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပေ။

ယခု အိပ်မက်ပတ်ဝန်းကျင်သည် မူလက အခန်းကျဉ်း မဟုတ်တော့ဘဲ ပိုမိုကြီးမားသော အခန်းကြီးတစ်ခု ဖြစ်နေသည်။ စက်ဝိုင်းပုံ ပြတင်းပေါက်၏ အပြင်ဘက်တွင် မှောင်မိုက်တိတ်ဆိတ်နေသော ကြယ်တာရာများကို မြင်နေရပြီး အာကာသထဲတွင် ရှိနေကြောင်း သိသာနေသည်။

"ဒါက အာကာသထဲမှာရှိနေတဲ့ တကယ့် ယာဉ်ပျံအစစ် ဖြစ်ရမယ်" လော်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။

"စူပါနိုဗာ ပေါက်ကွဲမှုကနေ ထွက်လာတဲ့ စွမ်းအင်မြင့် အာကာသရောင်ခြည်တွေကြောင့် သော့ဖွင့်ဗိုင်းရပ်စ်က နောက်တစ်ကြိမ် မျိုးဗီဇထပ်ပြောင်းသွားမယ်လို့ မထင်ထားဘူး... သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှု အရှိန်က မြန်လွန်းတယ်... နှစ်ဝက်တောင် မကြာသေးဘူး ဂြိုဟ်တစ်ခုလုံး ကျဆုံးသွားပြီ... ဘာလို့ ဒီလို အပြောင်းအလဲတွေ ဖြစ်သွားတာလဲ" ပြတင်းပေါက်အပြင်ဘက် အာကာသကို ကြည့်ရင်း ထိုဂြိုဟ်သားက ရေရွတ်နေသည်။ "ကံကောင်းတာက ဒီဂြိုဟ်ပေါ်က ဒေသခံတွေကို ကြည့်ရသလောက်ဆို အသိဉာဏ်မြင့် သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက သော့ဖွင့်ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် လွှမ်းမိုးထားနိုင်တုန်းပဲ... အဲ့လိုသာ မဟုတ်ရင် တော်တော့်ကို အန္တရာယ်များသွားမှာ"

မကြာမီ မြင်ကွင်းသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။

လော်ယွမ်၏ ရှေ့တွင် လေထဲ၌ ပေါလောပေါ်နေသော မျက်နှာပြင်တစ်ခု ပေါ်လာသည်။ ထိုမျက်နှာပြင်ပေါ်ရှိ ပုံရိပ်သည် ရင်းနှီးနေပြီး မျိုးရိုးဗီဇ (ဒီအန်အေ) နှစ်လိမ်ပုံစံ ဖြစ်ကြောင်း လော်ယွမ် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

မျက်နှာပြင်၏ ဘေးပတ်လည်တွင် ယူနီဖောင်းဝတ်ထားသော ဂြိုဟ်သားတစ်အုပ် ဝိုင်းအုံနေသည်။ ဤဂြိုဟ်သားသည် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် တစ်စုံတစ်ခုကို တိုက်တွန်းပြောဆိုနေပုံရသည်။

"ဒါက ဒီဂြိုဟ်ပေါ်က သော့ဖွင့်ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သက်ရှိတစ်ခုရဲ့ မျိုးရိုးဗီဇပဲ... သူက တော်တော့်ကို မတည်မငြိမ်ဖြစ်နေပြီး အချိန်မရွေး ဗီဇပြောင်းလဲမှု ဖြစ်နိုင်တာကို တွေ့ရတယ်"

"ဒါပေမဲ့ ဗီဇပြောင်းလဲမှု ဖြစ်စဉ်မှာ အသစ်ဖြစ်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးရိုးဗီဇ အပိုင်းအစတချို့ကတော့ တကယ်အံ့သြစရာပဲ... အဲဒီထဲက တစ်ခုက လျှပ်စစ်သံလိုက်စွမ်းအင်ကိုတောင် ထိန်းချုပ်နိုင်စွမ်း ရှိတယ်... ဒီဂြိုဟ်က ကျွန်တော်တို့ ထင်ထားတာထက် ပိုတန်ဖိုးရှိနိုင်တယ်... ဒါက တကယ့်ကို တန်ဖိုးမဖြတ်လို့မရတဲ့ မျိုးရိုးဗီဇ ဘဏ္ဍာတိုက်ကြီးပဲ... ဒီဂြိုဟ်ပေါ်ကို တိုက်ရိုက်ဆင်းသက်ပြီး လက်တွေ့လေ့လာမှုတွေ လုပ်ဖို့ ကျွန်တော် တောင်းဆိုပါတယ်"

မြင်ကွင်း ထပ်မံ ပြောင်းလဲသွားပြန်သည်။

လေထဲရှိ မျက်နှာပြင်တွင် ပြသနေသော ပုံရိပ်မှာ အလွန်ကြီးမားသော သန္ဓေပြောင်းသတ္တဝါကြီး တစ်ကောင်ဖြစ်သည်။ တစ်ကိုယ်လုံးမှ အလင်းရောင်များ ဖြာထွက်နေပြီး လှပ၍ ဆန်းကြယ်နေသည်။ အံ့သြစရာကောင်းသည်မှာ ဤဗီဒီယို ရိုက်ကူးထားသည့် နေရာသည် ကမ္ဘာမြေပေါ်တွင် မဟုတ်ဘဲ ကမ္ဘာမြေအနီး အာကာသထဲတွင် ဖြစ်သည်။ မလှမ်းမကမ်းတွင် ကမ္ဘာမြေကြီး၏ ကြီးမားသော ပုံရိပ်ကို မြင်နေရသည်။

ထိုအချိန်တွင် စွမ်းအင်မြင့် အလင်းတန်းတစ်ခုသည် ၎င်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိမှန်သွားသည်။ အလင်းရောင်များ ဖြာထွက်လာပြီး မျက်စိကျိန်းလောက်အောင် လင်းလက်သွားသည်။ အမှောင်ထုထဲတွင် နေတစ်စင်း ထွက်ပေါ်လာသကဲ့သို့ပင်။ အလင်းရောင် အနည်းငယ် မှိန်သွားသောအခါ အမွေးအမျှင်မျှပင် မထိခိုက်သော ၎င်း၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ ခန္ဓာကိုယ် မျက်နှာပြင်မှ အလင်းရောင်များ အနည်းငယ် မှိန်သွားရုံသာ ရှိသည်။

၎င်းသည် အာကာသထဲတွင် ခေါင်းမော့၍ အသံတိတ် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဗီဒီယိုပုံရိပ်များပင် ပြင်းထန်စွာ တုန်ခါသွားပြီး တွန့်လိမ်သွားသည်။ ကြီးမားသော လှိုင်းနှောင့်ယှက်မှု ဖြစ်ပေါ်နေကြောင်း ပြသနေသည်။

သို့သော် နောက်တစ်ခဏတွင် အသံမထွက်သော စွမ်းအင်မြင့် အလင်းတန်းသုံးခုသည် ၎င်း၏ ခန္ဓာကိုယ်ကို တိကျစွာ ထပ်မံ ထိမှန်သွားပြန်သည်။

"မယုံနိုင်စရာပဲ... တကယ်အံ့သြဖို့ကောင်းတယ်... ဒီလို စွမ်းအင်အကာအကွယ်မျိုးက ဗိုရှင်းကမ္ဘာသားတွေရဲ့ လက်ရှိနည်းပညာနဲ့တောင် လုပ်ဖို့ ခက်တယ်... တကယ်လို့ လုံလောက်တဲ့ မျိုးရိုးဗီဇ နမူနာတွေ စုဆောင်းပြီး မိခင်ဂြိုဟ်ကို ပြန်ယူသွားနိုင်ရင် ဗိုရှင်းကမ္ဘာသားတွေရဲ့ နည်းပညာက အကြီးအကျယ် တိုးတက်လာလိမ့်မယ်"

............................................................................................................

ဤတစ်ကြိမ်သည် ဂြိုဟ်သားအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။ လော်ယွမ်သည် အိပ်မက်ထဲတွင် မိမိကိုယ်ကို ပြန်တွေ့လိုက်ရသည်။ အိပ်မက်ထဲမှ လော်ယွမ်သည် အလွန်အေးစက်ပြီး ကြမ်းကြုတ်သော မျက်နှာထား ရှိသည်။

"မင်း ငါ့ကို သတ်လို့ မရဘူး" ဂြိုဟ်သားသည် ထိတ်လန့်တကြားဖြင့် အသည်းအသန် ပြေးလွှားနေသည်။ ရုတ်တရက် မြေကြီးပေါ်မှ ကျောက်တုံးတစ်တုံးကို တိုက်မိပြီး "ဒုန်း" ခနဲ လဲကျသွားသည်။ လျင်မြန်စွာ နီးကပ်လာသော လူရိပ်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားမည်းကြီးကို ကြည့်ရင်း ၎င်း၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်လာသည်။

လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ၎င်း သေဆုံးသွားပါက ပြင်းထန်သော စိတ်ခံစားမှု လှုံ့ဆော်မှုကြောင့် ဤအိပ်မက် ပြီးဆုံးသွားနိုင်သည်။

ဒီလိုအခွင့်အရေးကောင်းမျိုးကို လော်ယွမ် လက်လွှတ်မခံနိုင်၊ ဤမျှမြန်မြန် မပြီးဆုံးစေချင်ပေ။ သူ စိတ်ကူးလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်သည် ရှေ့သို့ ပျံသန်းသွားပြီး အိပ်မက်ထဲမှ လော်ယွမ်ကို ပိတ်ဆို့လိုက်သည်။

ဂြိုဟ်သားသာမက အိပ်မက်ထဲမှ "လော်ယွမ်" ပင် ကြောင်အသွားသည်။ သူ ချက်ချင်း ရပ်တန့်လိုက်ပြီး မျက်နှာထား ထူးဆန်းသွားသည်။

နှစ်ယောက်သား အကြည့်ချင်း ဆုံလိုက်ကြသည်။

အခြားသော ကိုယ့်ကိုယ်ကိုယ် ကြည့်နေရသကဲ့သို့ ထူးဆန်းသော ခံစားမှုတစ်ခု လော်ယွမ်၏ ရင်ထဲမှ အလိုအလျောက် ပေါ်ထွက်လာသည်။ ဘာကြောင့်မှန်း မသိ၊ သူနှင့် အိပ်မက်ထဲမှ သူသည် အကြည့်ချင်းဆုံရာမှ ထူးဆန်းသော ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် အိပ်မက်ထဲမှ လော်ယွမ်၏ ပုံရိပ်သည် တွန့်လိမ်လာပြီး တဖြည်းဖြည်း ပြိုကွဲကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

လော်ယွမ် အနည်းငယ် အံ့သြသွားသည်။ အိပ်မက်နှင့် ပတ်သက်ပြီး သူ နားလည်ထားသည်မှာ အလွန်နည်းပါးနေသေးကြောင်း တွေ့ရှိလိုက်ရသည်။ စောစောက ဖြစ်ရပ်သည် သူ့အတွက် မယုံနိုင်စရာပင်။

စိတ်ခံစားမှု အတက်အကျကြောင့် အိပ်မက် ပြိုလဲမည့် လက္ခဏာများ ပေါ်လာသဖြင့် သူ စိတ်ကို အမြန်ထိန်းချုပ်ပြီး မူလနေရာမှ ပျောက်ကွယ်သွားလိုက်သည်။

စောစောက ပေါ်လာပြီး ပြန်ပျောက်သွားသော လော်ယွမ်နှစ်ယောက်သည် ဂြိုဟ်သား၏ အိပ်မက်ကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ ၎င်း အနည်းငယ် သံသယဝင်သွားသော်လည်း မကြာမီ အသက်ရှင်ခွင့် ရလိုက်သဖြင့် ဝမ်းသာသွားသည်။ မကြာမီ မြင်ကွင်း ပြောင်းလဲသွားပြန်သည်။

................................................................................................

အချိန်အတန်ကြာပြီးနောက် လော်ယွမ် အိပ်မက်ထဲမှ ထွက်လာပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ အပြင်ဘက်တွင် မှောင်မိုက်နေပြီ ဖြစ်ပြီး သန်းခေါင်ယံ အချိန်ရောက်နေပြီ ဖြစ်သည်။

အိပ်မက်တစ်ခုလုံး ၆ နာရီကျော် ကြာမြင့်ခဲ့ပြီး မြင်ကွင်းပေါင်းများစွာ ပြောင်းလဲခဲ့သည်။ ယာဉ်ပျံများ၊ အာကာသထဲမှ ယာဉ်ပျံကြီးနှင့် ၎င်းတို့၏ မိခင်ဂြိုဟ်အထိ အိပ်မက်ထဲတွင် တွေ့ကြုံခဲ့ရသည်။ ၎င်း၏ အရေးကြီးသော မှတ်ဉာဏ်အားလုံးကို မသိစိတ်အိပ်မက်မှတစ်ဆင့် လျှပ်တစ်ပြက် ပြန်လည် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ဤအပိုင်းအစများကို ဆန်းစစ်လေ့လာပြီး ပြန်လည်စီစဉ်လိုက်သောအခါ ဤဂြိုဟ်သားများ၏ ရည်ရွယ်ချက်ကို လော်ယွမ် အတော်အတန် နားလည်သွားပြီ ဖြစ်သည်။

ဤကမ္ဘာပျက်ကပ်သည် တကယ်ပင် ဂြိုဟ်သားများကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"သော့ဖွင့်ဗိုင်းရပ်စ်"ဟု ခေါ်ဆိုရခြင်းမှာ ၎င်းသည် ဇီဝဆင့်ကဲပြောင်းလဲမှု၏ သံခြေချင်းများကို ဖွင့်ပေးနိုင်သောကြောင့် ဖြစ်သည်။ ဗီဇကူးပြောင်းမှုမှတစ်ဆင့် တည်ငြိမ်နေသော မျိုးရိုးဗီဇကို မတည်ငြိမ်သော အခြေအနေသို့ ပြောင်းလဲစေပြီး အချိန်တိုအတွင်း ဆက်တိုက် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။

ဤဗိုင်းရပ်စ်ကို စတင်တွေ့ရှိချိန်တွင် ဗိုရှင်းကမ္ဘာသားများက အလေးအနက်ထားပြီး လျှို့ဝှက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် အလွန်အန္တရာယ်များပြီး ဂြိုဟ်တစ်ခုလုံး၏ ဂေဟစနစ်ကို ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရသဖြင့် ချိတ်ပိတ်ထားလိုက်ပြီး ဆက်လက်စမ်းသပ်ခြင်းကို တားမြစ်ခဲ့သည်။

၎င်းက လူသားများ ပေးပို့သော ရေဒီယိုလှိုင်းများကို လက်ခံရရှိပြီး ခြိမ်းခြောက်မှုကို ခံစားမိချိန်အထိ ဖြစ်သည်။ ထို့နောက် သူတို့ခရီးရှည် ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အမှန်တကယ်တွင် ထိုအချိန်က ဗိုရှင်းကမ္ဘာသားများသည် စကြဝဠာထဲတွင် ခရီးသွားလာနိုင်သော ယဉ်ကျေးမှုအဖွဲ့အစည်း အပြည့်အဝ မဖြစ်သေးပေ။ အာကာသခရီးသွားခြင်းသည် အစပျိုးကာလသာ ရှိသေးပြီး အာကာသကွေးညွတ်ပျံသန်းမှု နည်းပညာသည်လည်း အပင်ပေါက်စ အရွယ်သာ ရှိသေးသည်။ အနုမြူ ပေါင်းစည်းမှု တွန်းကန်အား ကို အသုံးပြုပြီး အလင်းအမြန်နှုန်းအောက် ဖြင့်သာ ပျံသန်းနိုင်သည်။

ဤဗိုရှင်းကမ္ဘာသားများ၏ မိခင်ဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်းနှစ် ၃၀ ခန့် ကွာဝေးသည်။ ၎င်းတို့သည် အိပ်စက်ခြင်းနည်းလမ်းဖြင့် နှစ်ပေါင်း ၅၀ ကြာ ခရီးနှင်ခဲ့ပြီး လွန်ခဲ့သော ၅ နှစ်က ကမ္ဘာမြေသို့ ရောက်ရှိကာ ဗိုင်းရပ်စ်ကို ဖြန့်ခဲ့သည်။

မူလဗားရှင်း သော့ဖွင့်ဗိုင်းရပ်စ်၏ ဆင့်ကဲပြောင်းလဲမှုသည် သိပ်မမြန်ဆန်လှပေ။

ကနဦး ၂ နှစ်၊ ၃ နှစ်တွင် ဇီဝပြောင်းလဲမှုများ အတော်လေး နှေးကွေးပြီး လူသားများကို ပြင်းထန်သော ခြိမ်းခြောက်မှု မပေးနိုင်ခဲ့ပေ။ စူပါနိုဗာကြောင့် ဖြစ်ပေါ်လာသော အာကာသ မုန်တိုင်းက ဤကြယ်စင်စု ဧရိယာသို့ ကျရောက်လာချိန်မှသာ သော့ဖွင့်ဗိုင်းရပ်စ် ဗီဇပြောင်းလဲသွားပြီး ဇီဝဆင့်ကဲပြောင်းလဲမှု ပေါက်ကွဲခြင်း စတင်ခဲ့ကာ လူသားများ၏ ကမ္ဘာပျက်ကပ် ရောက်ရှိလာခြင်း ဖြစ်သည်။

ဤဗိုင်းရပ်စ် စမ်းသပ်ခြင်းသည် ဤလေ့လာရေးတပ်ဖွဲ့၏ အပိုသိပ္ပံသုတေသန တာဝန်တစ်ခုသာ ဖြစ်သည်။

သူတို့၏ အဓိက ရည်ရွယ်ချက်မှာ လူသားယဉ်ကျေးမှုအဖွဲ့အစည်းကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

အဘယ်ကြောင့် ချက်ချင်း လှုပ်ရှားခြင်း မရှိသေးသနည်း ဆိုလျှင်... ပထမအချက်က ဤသည်မှာ ဂြိုဟ်တစ်ခုလုံး အတိုင်းအတာဖြင့် ပြုလုပ်သော ရှားပါးသည့် စမ်းသပ်မှုတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ လေ့လာရေးတပ်ဖွဲ့တွင် စစ်သားများသာမက သိပ္ပံပညာရှင်များနှင့် ပညာရှင် အများအပြား ပါဝင်သည်။ ဤကဲ့သို့သော မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် လူသားများ၏ တုံ့ပြန်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံ အတွေ့အကြုံများသည် ဗိုရှင်းကမ္ဘာသားများအတွက် တန်ဖိုးရှိသည်။

ဒုတိယအချက်မှာ ၎င်းတို့သည် ကွဲပြားခြားနားသော ယဉ်ကျေးမှုအဖွဲ့အစည်း နှစ်ခု ဖြစ်သည်။ ဗိုရှင်းကမ္ဘာသားများ၏ နည်းပညာသည် လူသားများထက် များစွာ သာလွန်သော်လည်း လူသားများတွင် ထူးခြားပြီး ကွဲလွဲသော အချက်များ ရှိနေသည်။ နယ်ပယ်များစွာတွင် ခြားနားသော လမ်းကြောင်းမှ ဖောက်ထွက်ထားသော်လည်း တူညီသော ပန်းတိုင်သို့ ရောက်ရှိနေကြရာ အတုယူစရာများစွာ ရှိနေသည်။

သို့သော် လူသားများအတွက် ကျန်ရှိသော အချိန်သည် သိပ်ကြာတော့မည် မဟုတ်။ တစ်နှစ် သို့မဟုတ် နှစ်နှစ် ဖြစ်နိုင်သည်။

လူသားများ တည်ရှိနေခြင်းသည် တန်ဖိုးမရှိတော့ကြောင်း သူတို့ တွေ့ရှိသွားသည်နှင့် ပျက်စီးခြင်းသည် ချက်ချင်း ရောက်ရှိလာလိမ့်မည်။

လော်ယွမ်၏ မျက်နှာ တည်သွားသည်။ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီး ဖိထားသကဲ့သို့ မွန်းကြပ်လွန်းသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေသည်။ သူ၏ စိတ်ခွန်အားသည် သံမဏိကဲ့သို့ ခိုင်မာသော်လည်း ပြန်လည်ခုခံရန် မဖြစ်နိုင်ဘဲ သေမည့်နေ့ကိုသာ ထိုင်စောင့်နေရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။

အိပ်မောကျနေသော ဂြိုဟ်သားကို ကြည့်ရင်း သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြတ်သန်းသွားသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ သစ်ပင်အခေါင်းပေါက်ကို မှီလျက် ခေါင်းမော့ပြီး အတွေးလွန်နေမိတော့သည်။

ဆက်ရန်...

အပိုင်း (၃၉၈) တပ်ဖွဲ့ ၁၂၅

အတော်ကြာမှ လော်ယွမ် သတိပြန်ဝင်လာသည်။

အချိန်ကို ကြည့်လိုက်ရာ ည ၁၁ နာရီ ရှိနေချေပြီ။ အပြင်ဘက်တွင် မှောင်မည်းနေပြီး ပင်လယ်လှိုင်းသံများနှင့် မလှမ်းမကမ်းမှ မိုးခြိမ်းသံလို သားရဲဟိန်းသံများကို ကြားနေရသည်။ သူ သစ်ခေါင်းထဲမှ ထွက်လာပြီး အနီးနားရှိ သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားသို့ လျင်မြန်စွာ တက်ရောက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်တစ်ခုလုံး တိမ်မည်းများ ဖုံးလွှမ်းနေပြီး ကြယ်ရောင်တစ်စက်မျှ မမြင်ရပေ။ ထူထဲသော ညမှောင်မိုက်မှုသည် အနက်ရောင် ကန့်လန့်ကာကြီးတစ်ခုသဖွယ် ကောင်းကင်တစ်ခုလုံးကို အုပ်မိုးထားသဖြင့် မွန်းကြပ်ဖွယ် ကောင်းလှသည်။ သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

"ကောင်းကင်က ငါ့ကို ကူညီနေတာပဲ"

ဗိုရှင်းကမ္ဘာသားများ၏ ထောက်လှမ်းရေး နည်းပညာသည် လူသားများထက် များစွာ သာလွန်သော်လည်း တိကျမှု၊ အကွာအဝေးနှင့် စွမ်းအားတို့တွင်သာ သာလွန်ခြင်း ဖြစ်သည်။ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲကြီးကြီးမားမား မရှိသေးပေ။ သူတို့တွင် ခေတ်မီသော ဆွဲငင်အားလှိုင်း ထောက်လှမ်းရေး၊ သက်ရှိ ထောက်လှမ်းရေးများ ရှိသော်လည်း ပုံမှန် တာဝေးထောက်လှမ်းရေး နည်းလမ်းများမှာမူ ရေဒါကဲ့သို့သော လှိုင်းနှုန်းစုံ လျှပ်စစ်သံလိုက်လှိုင်း ထောက်လှမ်းခြင်းနှင့် အလင်းအာရုံခံ ထောက်လှမ်းခြင်းသာ ဖြစ်သည်။

ဤနည်းလမ်းနှစ်ခုလုံးကို တိမ်တိုက်များက အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက် ပေးနိုင်သည်။ အထူးသဖြင့် အလင်းအာရုံခံ ထောက်လှမ်းရေးအတွက် တိမ်တိုက်များ ရှိနေသမျှ ကာလပတ်လုံး အသုံးမဝင်သလောက် ဖြစ်သွားသည်။

အခုချိန်က ခရီးစဖို့ အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

"ကြည့်ရတာ ဒီညတွင်းချင်း ပြန်လည်တည်ဆောက်ရေးဇုန်ကို ရောက်နိုင်လောက်တယ်"

လော်ယွမ် စိတ်ထဲမှ တွေးလိုက်သည်။ သူ သစ်ပင်ပေါ်မှ ခုန်ဆင်းပြီး သစ်ခေါင်းထဲသို့ ပြန်ဝင်ကာ စိတ်လောနေမှုကို အတင်းဖိနှိပ်လျက် နောက်ထပ် တစ်နာရီခန့် စောင့်ဆိုင်းလိုက်သည်။ ည ၁၂ နာရီ ကျော်သောအခါ ကျောပိုးအိတ်ကို လွယ်၊ နဖူးစည်းကြိုးကို ဖြုတ်ပြီး စိတ်စွမ်းအားကို အသုံးပြု၍ ဂြိုဟ်သားကို နှစ်ခြိုက်စွာ အိပ်ပျော်သွားစေရန် ပြုလုပ်လိုက်သည်။ ထို့နောက် စက်ရုပ်ဘောလုံးကြီးကို မ,ကာ ဂြိုဟ်သားကို ထိုဘောလုံးပေါ် တင်လိုက်ပြီး သစ်ခေါင်းထဲမှ လျင်မြန်စွာ ထွက်လာခဲ့သည်။

အနည်းငယ် မြင့်သော မြေကွက်လပ်တစ်ခုကို ရွေးချယ်ပြီး လော်ယွမ်သည် "ဟင်းလင်းပြင်ကွေးညွတ် ပျံသန်းခြင်း" ကို စတင်လိုက်သည်။

...............................................................................................................

နာရီဝက်ခန့် အကြာတွင် အလင်းတန်းတစ်ခုသည် ပင်လယ်ပြင်ပေါ်တွင် အသံတိတ် ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားသည်။ အရှိန်က ပိုမို မြန်ဆန်လာသည်။

ပင်လယ်ပြင်သည် ငြိမ်သက်မနေဘဲ လှိုင်းလေထန်နေသည်။ သူသည် လျင်မြန်ပြီး ဝေဝါးသော အရိပ်တစ်ခုကဲ့သို့ လှိုင်းလုံးကြီးများကို ဖြတ်သန်းသွားလိုက်၊ နောက်တစ်ခဏတွင် ၎င်းတို့ကို ကျော်ဖြတ်ပြီး ပင်လယ်ပြင်အဆုံးတွင် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။

တစ်နာရီနီးပါး ကြာသောအခါ လော်ယွမ်သည် ကုန်းမြေပေါ်သို့ ရောက်ရှိလာသည်။ အလေးချိန် အဆများစွာ တိုးလာသောကြောင့် ပျံသန်းမှုကို များစွာ ထိခိုက်စေသည်။ ယခုအချိန်ကျမှသာ အရှိန်ကို အမြင့်ဆုံးသို့ တင်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးအရှိန်သည် တစ်စက္ကန့်လျှင် ပေ ၆၀၀၀ ခန့်သာ ရှိပြီး မူလအရှိန်ထက် တစ်ဝက်မက လျော့ကျသွားသည်။

သို့သော် ဤအရှိန်က လုံလောက်နေပေပြီ။

ပိုပြီး လျှို့ဝှက်နိုင်ရန်အတွက် လော်ယွမ်သည် မြေပြင်နှင့် ကပ်၍ ပျံသန်းသည်။ မြေမျက်နှာသွင်ပြင် အတားအဆီးများသည် ဟင်းလင်းပြင်ကွေးညွတ် ပျံသန်းခြင်းကို မထိခိုက်စေသဖြင့် သူ၏ လမ်းကြောင်းသည် မျဉ်းဖြောင့်အတိုင်း ဖြစ်နေသည်။

သူသည် သစ်ပင်ကြီးများကို ဖောက်ထွက်ပြီး တောင်များကို ဖြတ်သန်းသွားသည်။

တစ်ခါတစ်ရံ မြင့်မားသော ဒေသများကို ဖြတ်သန်းချိန်တွင် မျက်စိရှေ့၌ အချိန်အတော်ကြာအောင် မှောင်မိုက်နေတတ်သည်။ အလင်းရောင် လုံးဝ မမြင်ရသလို အသံလည်း မကြားရပေ။

အလုံပိတ်နေရာ ကြောက်တတ်သူများ ဆိုလျှင် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ရူးသွပ်သွားနိုင်သည်။ ကံကောင်းသည်မှာ လော်ယွမ်၏ စိတ်စွမ်းအားသည် ထိုမကောင်းသော ခံစားချက်များကို တွန်းလှန်ရန် လုံလောက်သည်။

အချိန်ကြာမြင့်စွာ "လေးဘက်မြင်အမြင်အာရုံ" ကို ဖွင့်ထားရသဖြင့် ရေကာတာကျိုးသကဲ့သို့ ခွန်အားများ လျင်မြန်စွာ ကုန်ဆုံးလာသည်။ ခန္ဓာကိုယ်သည် အားအင်ကုန်ခမ်းစပြုလာပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း လော်ယွမ်သည် အံကြိတ်ကာ ဆက်လက် ပျံသန်းနေသည်။

နောက်ဆုံး ခရီးတစ်ပိုင်းတွင် မျက်လုံးထဲ၌ ရွှေရောင် ကြယ်ပွင့်များ လင်းလက်လာပြီး အမြင်အာရုံ မည်းမှောင်လာသဖြင့် ဇွဲတစ်ခုတည်းဖြင့်သာ တောင့်ခံထားရသည်။

သူ အားယူကာ မြေပြင်ပေါ်မှ ပျံတက်လိုက်ပြီး အဝေးတွင် ဝေဝါးစွာ မြင်နေရပြီဖြစ်သော ပြန်လည်တည်ဆောက်ရေးဇုန်ကို လှမ်းကြည့်လိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး အံကြိတ်ကာ စက္ကန့်အနည်းငယ် ဆက်လက် ပျံသန်းပြီးနောက် ပျံသန်းခြင်းကို ရပ်တန့်ကာ လေပေါ်မှ ဆင်းသက်လိုက်သည်။

မြေကြီးပေါ် ခြေချမိသည်နှင့် လော်ယွမ်သည် ဘောလုံးကြီးကို ဖက်လျက် ပျော့ခွေစွာ လဲကျသွားသည်။

သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး ရေထဲမှ ဆယ်ယူထားသကဲ့သို့ ဖြစ်နေသည်။ သူ အားယူ၍ နဖူးစည်းကြိုးကို စည်းလိုက်ပြီး "မြေလှိုင်းကြိမ်နှုန်း" အခြေအနေသို့ ဝင်ရောက်လိုက်သည်။ ကာယခွန်အားများ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာပြီး စက္ကန့်ပိုင်းအတွင်း ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာသည် သွေးရောင် ပြန်လည် လွှမ်းမိုးလာသည်။

တစ်မိနစ်အကြာတွင် မူလအတိုင်း ပြန်လည် ကောင်းမွန်သွားသည်။

သူ မြေလှိုင်းကြိမ်နှုန်းကို ပိတ်လိုက်ပြီး မြေကြီးပေါ်တွင် ဆက်လက် လဲလျောင်းနေသည်။ မထချင်သေးပေ။ အတော်ကြာအောင် လှဲနေပြီးမှ စိတ်စွမ်းအားကို စုစည်းကာ ဆက်သွယ်ရေး ရေဤယိုလှိုင်းများ ပေးပို့လိုက်သည်။ တစ်ဖက်မှ ဖုန်းကို လျင်မြန်စွာ ကိုင်လိုက်သည်။

"ဝမ်ကျင်းလား... လော်ယွမ်ပါ... ကျွန်တော် ပြန်ရောက်ပြီ"

ထို့နောက် လော်ယွမ် ဖုန်းချလိုက်သည်။

ယခုအချိန်သည် ည ၁ နာရီခွဲသာ ရှိသေးသဖြင့် သူမ အိပ်မောကျနေချိန် ဖြစ်သည်။ ဝမ်ကျင်း (လော်ယွမ်နှင့် တိုက်ရိုက် ဆက်သွယ်နိုင်သော အဆင့်မြင့် ကော်မတီရုံး ဝန်ထမ်း) သည် ခေါင်းအုံးဘေးရှိ ဖုန်းကို မှုန်တေတေဖြင့် စမ်းယူကိုင်လိုက်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် နားထောင်လိုက်ရာ တစ်ဖက်မှ ဖုန်းချသွားသည်။

အတော်ကြာသည်အထိ သူမ သတိမဝင်သေးဘဲ ပြန်လှည့်အိပ်ရန် ပြင်လိုက်စဉ် ရုတ်တရက် ခန္ဓာကိုယ် တုန်တက်သွားပြီး ထထိုင်လိုက်သည်။ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူမ လုံးဝ သတိဝင်လာပြီး ဖုန်းကို ကြည့်လိုက်ရာ လော်ယွမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"လော်ယွမ်... ဒုတိယဗိုလ်ချုပ်ကြီးယွမ်... ဘယ်လိုလုပ် ခဏလေးနဲ့ ပြန်ရောက်လာတာလဲ"

သူမ၏ အကောင်းမြင်ဆုံး ခန့်မှန်းချက်အရ လော်ယွမ် ပြန်ရောက်ရန် ၁ လ၊ ၂ လ ကြာမြင့်နိုင်သည်။ နောက်ကျလျှင် ၆ လ၊ တစ်နှစ် ကြာသွားလျှင်လည်း ပုံမှန်သာ ဖြစ်သည်။ အကွာအဝေးမှာ ကမ္ဘာတစ်ပတ်၏ သုံးပုံတစ်ပုံခန့် ရှိသဖြင့် အလွန် ဝေးကွာလွန်းသောကြောင့် ဖြစ်သည်။

သူမ ချက်ချင်း ပြန်ခေါ်လိုက်သော်လည်း ခေါ်မရ ဖြစ်နေသည်။ ထိုအချိန်တွင်မှ သူမ သတိရသွားသည်။ ဒုတိယဗိုလ်ချုပ်ကြီးယွမ် ထွက်ခွာသွားစဉ်က သူ၏ ဂြိုဟ်တုဖုန်းကို သူမထံ အပ်နှံထားခဲ့ပြီး သူမက စက်ပိတ်ကာ အိပ်ခန်းထဲရှိ ခဲသေတ္တာထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

သူမ ကုတင်ပေါ်မှ ဆင်းကာ အံဆွဲကို ဖွင့်၊ ခဲသေတ္တာကို ထုတ်၊ စကားဝှက် ရိုက်ထည့်ပြီး ဖွင့်ကြည့်လိုက်ရာ ဖုန်းသည် ထိုထဲတွင် ရှိနေဆဲ ဖြစ်သည်။ သူမ ပါဝါဖွင့်လိုက်ပြီး ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် လော်ယွမ်ထံ ဖုန်းခေါ်လိုက်သည်။ ဤတစ်ခါတော့ ဖုန်းဝင်သွားသည်။

"သရဲခြောက်တာများလား" ဝမ်ကျင်းသည် ပြင်းထန်စွာ ခုန်နေသော ရင်ဘတ်ကို ဖိရင်း မယုံနိုင်သည့် မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

သို့သော် မယုံနိုင်စရာ ဖြစ်နေသော်လည်း ဤကိစ္စသည် အလွန် အရေးကြီးသည်။ ပြန်လည်တည်ဆောက်ရေးဇုန်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ကိစ္စဖြစ်သည်။ သူမ မပေါ့ဆရဲပေ။ ညသန်းခေါင် ဖြစ်နေသည်ကို ဂရုမစိုက်တော့ဘဲ ခေါင်းဆောင်အမှတ် (၁) ထံသို့ ဖုန်းဆက်လိုက်သည်။

"ဘာကိစ္စလဲ" မကြာမီ ဖုန်းကိုင်လိုက်ပြီး မောပန်းနွမ်းနယ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ်ကျင်း စကားမပြောရသေးခင် လော်ယွမ်သည် ထိုအချက်ပြလှိုင်းကို ဖမ်းမိသွားပြီး ကြားဖြတ် ဝင်ပြောလိုက်သည်။

"ကျွန်တော် လော်ယွမ်ပါ... ပစ္စည်း ရောက်ပြီ... ထူးဆန်းတဲ့ သန္ဓေပြောင်းသတ္တဝါ တစ်ကောင်ကိုလည်း အရှင်ဖမ်းလာတယ်"

တစ်ဖက်မှ ခေတ္တ တိတ်ဆိတ်သွားသည်။ အတော်ကြာမှ စိတ်လှုပ်ရှားပြီး အလျင်လိုနေသော အသံဖြင့် ပြန်ပြောသည်။

"အဲ့ဒီနေရာမှာပဲ နေပေးပါ... ဖုန်းမချနဲ့နော်... နေရာလည်း မရွှေ့နဲ့"

နှစ်ဦးသား စကားအများကြီး မပြောကြပေ။ ကမ္ဘာပေါ်ရှိ ဆက်သွယ်ရေးစနစ် အားလုံးသည် ဂြိုဟ်သားများအတွက် ဖောက်ထွင်းမြင်နိုင်သော အရာများ ဖြစ်သည်။ အရာအားလုံးသည် လျှို့ဝှက်ချက် ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်။

တိတ်ဆိတ်နေသော ညနက်ထဲတွင် လူအများအပြား အိပ်ရာမှ နှိုးထခြင်း ခံလိုက်ရသည်။

လော်ယွမ်သည် ဖုန်းကို မချဘဲ ကိုင်ထားသည်။ ဂြိုဟ်တုဖုန်းသည် တာဝါတိုင်ကို အသုံးပြုသော မိုဘိုင်းဖုန်းများထက် နည်းပညာ ပိုမို ရှုပ်ထွေးသော်လည်း တည်နေရာ ရှာဖွေနိုင်စွမ်း ရှိသည်။ ၁၀ မိနစ်ခန့် ကြာမှ တစ်ဖက်မှ ဖုန်းချသွားသည်။

............................................................................................................

ရှည်လျားသော စောင့်ဆိုင်းမှု ပြီးနောက် မနက် ၅ နာရီခန့်၊ အရှေ့ဘက်ကောင်းကင် အရုဏ်တက်ခါနီးအချိန်တွင်...

ပြုပြင်မွမ်းမံထားသော ကုန်တင်ကားကြီး ၃ စီး လော်ယွမ်၏ ရှေ့သို့ ရောက်လာသည်။ စစ်သားအများအပြား ခုန်ဆင်းလာပြီး ပတ်ဝန်းကျင်ကို ဝိုင်းရံလိုက်သည်။ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ယာဉ်မောင်းခန်းထဲမှ ဆင်းလာသည်။ လော်ယွမ် ဘေးနားရှိ ချောမွေ့ပြောင်လက်နေသော အစိမ်းရောင် စက်ရုပ်နှင့် ဂြိုဟ်သားကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ ထို့နောက် လေးနက်သော မျက်နှာထားဖြင့် အမြန် လျှောက်လာသည်။

သူ လော်ယွမ်၏ လက်ကို အားပါပါ ဆွဲကိုင်၍ နှုတ်ဆက်လိုက်သည်။

"ဒုတိယဗိုလ်ချုပ်ကြီးယွမ်... ကျွန်တော် တပ်မ ၁၂၅ရဲ့ တပ်မမှူး ရှဲ့ကျယ်မင်ပါ... ခေါင်းဆောင်ကြီးက ဆရာ့ကို နှုတ်ဆက်လိုက်ပါတယ်... ဆရာ ပင်ပန်းသွားပြီထင်တယ်... ဆရာ့ရဲ့ ပေးဆပ်မှုတွေကို လူသားတွေ အမြဲတမ်း အမှတ်ရနေမှာပါ"

လော်ယွမ်၏ သပ်ရပ်နေဆဲ အဝတ်အစားများနှင့် ဖြူစင်သော မျက်နှာကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် လေးစားကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသည်။ ဤဖြစ်ရပ်တစ်ခုလုံးကို သိရှိထားသော လူနည်းစုထဲတွင် သူ ပါဝင်သည်။ ကမ္ဘာပျက်ခေတ်၏ အန္တရာယ်များကြားမှ ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ဘော်နီယိုကျွန်းကို ဤမျှ တိုတောင်းသော အချိန်အတွင်း အသွားအပြန် လုပ်နိုင်ရန် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး လိုအပ်မည်ကို သူ ကောင်းကောင်း သိသည်။

"ဗိုလ်ချုပ်ရှဲ့က မြှောက်နေပြန်ပြီ... ခင်ဗျားတို့လည်း ပင်ပန်းရတာပဲ... ပစ္စည်းတွေက ဒီမှာ... အမြန် တင်လိုက်ဦး" လော်ယွမ် ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်သည်။

''၁၂၅'' သည် အထူးကုတ်နံပါတ် တစ်ခုဖြစ်သည်။ သူ ပြန်လည်တည်ဆောက်ရေးဇုန်မှ မထွက်ခွာမီ ဂြိုဟ်သားများကို သီးသန့် စုံစမ်းစစ်ဆေးသော ၁၂၅ ထောက်လှမ်းရေးဌာနနှင့် ထိတွေ့ဖူးသည်။ ဤ ၁၂၅ တပ်ဖွဲ့သည် ဂြိုဟ်သားများနှင့် တိုက်ခိုက်ရေးကိစ္စများကို တာဝန်ယူရသော အဖွဲ့ဖြစ်ကြောင်း ထင်ရှားသည်။

"ဟုတ်တယ်... အလုပ်က အရေးကြီးတယ်" သူသည် ဘေးနားရှိ ဘောလုံးကြီးနှင့် အိပ်ပျော်နေသော ဂြိုဟ်သားကို ကြည့်ရင်း နောက်မှ စစ်သားများကို လက်ပြလိုက်သည်။ သူ့စိတ်ထဲ လေးလံနေသည်။ ယခင်က ဂြိုဟ်သားများ ရှိကြောင်းကို သံသယဖြစ်ခဲ့ပြီး အသေးအဖွဲကိစ္စကို ပုံကြီးချဲ့သည်ဟု ထင်ခဲ့သော်လည်း ယခု အထောက်အထားများ မျက်စိရှေ့ ရောက်လာသောအခါ ကံတရားကို မျှော်လင့်ချက် ထား၍ မရတော့ကြောင်း သိလိုက်ရသည်။

စစ်သည်တင် ကားတစ်စီးမှလွဲ၍ ကျန် ကုန်တင်ကားကြီး ၂ စီးလုံးသည် ခဲဖြင့် အလုံပိတ်ကာကွယ်ထားသည်။ တစ်စီးတွင် ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ဆေးကိရိယာ အမျိုးမျိုး ပါဝင်ပြီး ဆေးရုံအသေးစားလေး တစ်ခုကဲ့သို့ ဖြစ်နေသည်။ လမ်းခရီးတွင် ပြဿနာ မဖြစ်စေရန် ဂြိုဟ်သားအတွက် သီးသန့် ပြင်ဆင်လာခြင်း ဖြစ်သည်။

စစ်သားများ၏ လှုပ်ရှားမှုသည် ပြတ်သားပြီး စွမ်းဆောင်ရည် မြင့်မားသည်။ အများစုမှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်သဖြင့် ခွန်အားကြီးမားကြသည်။ စက္ကန့် ၃၀ မကြာမီမှာပင် ဘောလုံးကြီးနှင့် ဂြိုဟ်သားကို သက်ဆိုင်ရာ ကားများပေါ်သို့ တင်ဆောင်ပြီး ဖြစ်သည်။

နောက်ဆုံးတွင် ကားပေါ် လိုက်ပါရန် ဖိတ်ခေါ်သောအခါ လော်ယွမ် ငြင်းပယ်လိုက်သည်။

"ကျွန်တော် မလိုက်တော့ဘူး... အိမ်အရင်ပြန်လိုက်ဦးမယ်... နှစ်ရက်လောက် နားပြီးမှ မြို့သစ်ကို လာခဲ့မယ်"

"ဒါပေါ့... ဒါပေါ့... ဒါဆို ကျွန်တော်တို့ အရင်သွားနှင့်မယ်နော်" ဒုတိယဗိုလ်ချုပ်ကြီးက နားလည်သဘောပေါက်စွာ ခေါင်းညိတ်ပြသည်။ အန္တရာယ်များသော တောရိုင်းထဲတွင် ဤမျှကြာအောင် နေထိုင်ခဲ့ရသည်မှာ စူပါဆင့်ကဲပြောင်းလဲသူ ဖြစ်လင့်ကစား လွယ်ကူသော ကိစ္စမဟုတ်ပေ။ ပင်ပန်းဆင်းရဲမှုနှင့် အထီးကျန်မှုများကို သာမန်လူများ စိတ်ကူး၍ပင် ရမည်မဟုတ်။

ယာဉ်တန်းသည် လျင်မြန်စွာ ထွက်ခွာသွားသည်။

လော်ယွမ်သည် မူလနေရာတွင် ဆက်ရပ်နေပြီး ကောင်းကင်ကို ခေတ္တ မော့ကြည့်ကာ အာကာသထဲရှိ ဂြိုဟ်သားယာဉ်ပျံအကြောင်း စိတ်ကူးယဉ်ကြည့်မိသည်။ ထို့နောက် သက်ပြင်းချကာ ဦးတည်ချက်ကို အကဲခတ်ပြီး မျှော်လင့်ချက်မြို့ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။

သူ ပိုပြေးလေ မြန်လေ ဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်မှ ထွက်ခွာလာပြီးနောက် ဤအခိုက်အတန့်လောက် လွမ်းဆွတ်မှု ပြင်းထန်သောအချိန် မရှိဖူးပေ။

အိမ်ကို လွမ်းသည်၊ အိမ်က လူတွေကို လွမ်းသည်။

နွေးထွေးပြီး မွှေးကြိုင်သော အိပ်ရာကို လွမ်းသည်၊ ပူပူနွေးနွေး ဟင်းရည်ကို လွမ်းသည်။

တွေးလေ စိတ်လောလေ ဖြစ်ပြီး စိတ်စွမ်းအား အပြည့်အဝ ပြန်မကောင်းသေး၍သာ၊ နို့မို့ဆိုလျှင် ဟင်းလင်းပြင်ကွေးညွတ် ပျံသန်းခြင်းကို အသုံးပြုမိပြီ ဖြစ်သည်။

မိုးစင်စင်လင်းစအချိန်တွင် လော်ယွမ်သည် အိမ်ရှေ့သို့ ရောက်ရှိလာသည်။ အိမ်ပြန်ရောက်တော့မည် ဆိုမှ စိတ်လှုပ်ရှားပြီး တွန့်ဆုတ်နေမိသည်။ သူ တံခါးခေါက်ရန် လက်ရွယ်လိုက်၊ ပြန်ချလိုက်နှင့် အကြိမ်ကြိမ် ဖြစ်နေသည်။ တံခါးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နောက်ဆုံးတွင် အသက်ပြင်းပြင်း ရှူကာ တံခါးကို ခေါက်လိုက်သည်။

ဟွမ်ကျားဟွေတို့ အိပ်ပျော်နေကြဆဲ ဖြစ်ပုံရသည်။ တစ်မိနစ်ကျော်ကြာအောင် ခေါက်ပြီးမှ အတွင်းဘက်မှ ခြေသံကြားရသည်။

"ဘယ်သူလဲရှင့်... လာပြီ... လာပြီ"

ဟွမ်ကျားဟွေ၏ အသံဖြစ်သည်။ အိပ်ချင်မူးတူး အသံကို နားထောင်ခြင်းအားဖြင့် အိပ်ရာမှ နိုးကာစ ဖြစ်ကြောင်း သိသာသည်။

မကြာမီ တံခါးပွင့်လာသည်။ ဟွမ်ကျားဟွေသည် တံခါးဝမှ လော်ယွမ်ကို မြင်သောအခါ ကြောင်သွားသည်။ ထို့နောက် မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသော်လည်း လော်ယွမ် ထင်ထားသလောက် အံ့ဩသွားခြင်း မရှိပေ။

"ရှင် ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ... တစ်ပတ်တောင် မပြည့်သေးဘူး... မနေ့က ရှင့်စာထဲမှာပြောတော့... မိုင်းတွင်းမှာ ပြဿနာ နည်းနည်းရှိလို့ လနည်းနည်းကြာမှ ပြန်လာရမယ်ဆို"

လော်ယွမ် ကြောင်အသွားသည်။ လမ်းတစ်လျှောက်လုံး မျှော်လင့်လာခဲ့သော စိတ်လှုပ်ရှားမှုများ ရေစုန်မျောသွားသည်။ ဤသည်မှာ အဆင့်မြင့် ကော်မတီရုံးက လုပ်သည့် အလုပ်ပဲ ဖြစ်ရမည်။ သို့သော် သူ ချက်ချင်း သဘောပေါက်လိုက်ပြီး ပြောလိုက်သည်။

"တိုက်ဆိုင်သွားတာ... နောက်ပိုင်း အခြေအနေ ပြောင်းသွားလို့ မိုင်းတွင်းက ကိုယ့်ကို မလိုတော့ဘူးလေ"

"ဒါဆို ကောင်းတာပေါ့... ဒီရက်ပိုင်း ရှင် နေ့တိုင်း စာရေးလို့သာပေါ့... မဟုတ်ရင် ကျွန်မတို့ ဘယ်လောက်တောင် စိတ်ပူနေရမလဲ မသိဘူး... ရှင်ထမင်း မစားရသေးဘူးမလား... ကျွန်မ သွားချက်လိုက်မယ်... ဟိုမှာ အရမ်း ပင်ပန်းမှာပဲနော်" ဟွမ်ကျားဟွေက အများကြီး မတွေးတော့ဘဲ ထမင်းချက်ရန် စိတ်အားထက်သန်စွာဖြင့် လှည့်ထွက်သွားသည်။

လော်ယွမ် ဘာမှ ပြန်မပြောတော့ပေ။ မက်မွန်သီးကဲ့သို့ လုံးဝန်းသော သူမ၏ တင်ပါး လှုပ်ရှားသွားသည်ကို ကြည့်ပြီး အသက်ရှူသံများ မြန်ဆန်လာကာ သူမအနားသို့ အမြန် လျှောက်သွားလိုက်သည်။

ဟွမ်ကျားဟွေသည် နောက်ကျောမလုံသလို ခံစားလိုက်ရပြီး လှည့်ကြည့်ရန် ပြင်လိုက်စဉ် ခေါင်းမူးသွားသလို ခံစားလိုက်ရကာ ခါးမှ ပွေ့ချီခြင်း ခံလိုက်ရသည်။ လော်ယွမ်က သူမကို ပွေ့ချီပြီး အိပ်ခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။

"ထမင်းက နောက်မှ စားလို့ရတယ်... အခု ကိုယ် အဆာလောင်ဆုံးက ဗိုက် မဟုတ်ဘူး" လော်ယွမ် အမောတကော ပြောလိုက်သည်။

သူသည် သွေးသားဆူဖြိုးပြီး ခန္ဓာကိုယ်မှ ဟော်မုန်း ထွက်ရှိမှုသည် သာမန်လူထက် အဆပေါင်းများစွာ ပိုမိုများပြားသဖြင့် ဆန္ဒပြင်းပြမှု အလွန်ကြီးမားသည်။ ဤရက်ပိုင်းအတွင်း တောထဲတွင် သားရဲတစ်ကောင်လို နေထိုင်ခဲ့ရသဖြင့် ဆန္ဒများကို ဖွင့်ထုတ်ခွင့် မရခဲ့ပေ။ လော်ယွမ် ရူးလုနီးပါး ဖြစ်နေပြီ။ အကြေးခွံများ၊ လက်သည်းချွန်များနှင့် ဗီဇပြောင်းလူသားမလေးကိုပင် ကြည့်ရင်း ကြည့်ရင်းဖြင့် ပိုလှလာသည်၊ ပိုပြီး ဆွဲဆောင်မှု ရှိလာသည်ဟု ထင်မြင်လာမိသည့် အထိပင်။

"ရှင် ဘယ်လိုဖြစ်နေတာလဲ... ဟိုမှာ သူများတွေ နိုးကုန်တော့မယ်" ဟွမ်ကျားဟွေ မျက်နှာတစ်ခုလုံး မက်မွန်ပွင့်ကဲ့သို့ နီရဲသွားပြီး လော်ယွမ်၏ ရင်ဘတ်ကို အကြိမ်ကြိမ် ထုရိုက်လိုက်သည်။ ထို့နောက် လော်ယွမ် သွားနေသော လမ်းကြောင်းသည် သူမ၏ အိပ်ခန်း မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် အလန့်တကြား အော်ပြောလိုက်သည်။

"အခန်း မှားနေပြီလေ"

စကားဆုံးသည်နှင့် တံခါးကို တွန်းဖွင့်လိုက်ပြီ ဖြစ်သည်။

မကြာမီ အခန်းထဲမှ ကျိုးယလီ၏ စူးစူးဝါးဝါး အော်သံနှင့်အတူ အဝတ်အစားများ အားဖြင့် ဆွဲဆုတ်ခံလိုက်ရသော အသံများ ထွက်ပေါ်လာတော့သည်။

ဆက်ရန်...

All Chapters