← Chapters

အခန်း (၃၉၉-၄၀၀)

Vol. 20 Ch. 399-400

အခန်း (၃၉၉-၄၀၀)

Vol. 20 Ch. 399-400

အပိုင်း (၃၉၉) ကနဦးကမ္ဘာပတ်အမြန်နှုန်း

ပြင်းထန်သော မုန်တိုင်းတစ်ခု ပြီးဆုံးသွားပြီးနောက် အရာအားလုံး ငြိမ်သက်သွားကာ လေထုထဲတွင် ရမ္မက်ငွေ့များ လွှမ်းခြုံကျန်ရစ်နေဆဲ ဖြစ်သည်။ ကုတင်ပေါ်တွင်မူ ဖြူဝင်းနုဖတ်ပြီး ပြည့်ဖြိုးသော ခန္ဓာကိုယ်လေးနှစ်ခုသည် အားအင်ကုန်ခမ်းကာ ပျော့ခွေနေကြသည်။ သူတို့၏ မျက်ဝန်းများတွင် အသက်ဓာတ် ကင်းမဲ့နေသကဲ့သို့ ရှိပြီး ခန္ဓာကိုယ်ပေါ်တွင် ပန်းနုရောင် သန်းနေဆဲပင်။ ရွှံ့ပျော်အိုင်တစ်ခုအလား ပျော့အိနေသော သူတို့သည် လက်ချောင်းလေး တစ်ချောင်းစာမျှပင် လှုပ်ရှားရုန်းကန်နိုင်စွမ်း မရှိတော့ပေ။

ခန္ဓာကိုယ်၏ ဆန္ဒအာသီသများကို အပြည့်အဝ ဖွင့်ထုတ်လိုက်ပြီးနောက် မသိလိုက်မသိဘာသာဖြင့်ပင် သူတို့ အိပ်ပျော်သွားကြပြီး မကြာမီ ဟောက်သံသဲ့သဲ့လေးများ ထွက်ပေါ်လာတော့သည်။

လွန်ခဲ့သော နှစ်ရက်တာကာလအတွင်း လော်ယွမ် ကောင်းကောင်းမနားခဲ့ရပေ။ စိတ်ထဲတွင် ကြီးမားသော ဖိအားများ ရှိနေသဖြင့် သူ၏ စိတ်ဝိညာဉ်သည် တင်းခံထားရသော သံမဏိကြိုးတစ်ချောင်းလို အချိန်မရွေး ပြတ်တောက်သွားနိုင်သည့် အခြေအနေတွင် ရှိနေခဲ့သည်။ ထို့အပြင် "လေးဘက်မြင် အမြင်အာရုံ" ကို ဖွင့်လှစ်လိုက်တိုင်း သူ၏ ခွန်အားများ ကုန်ခမ်းသွားလေ့ရှိသည်။

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားသဖြင့် ချက်ချင်း ပြန်လည်ကောင်းမွန်လာသည် ဆိုသော်ငြား လူဟူသည် သံမဏိမဟုတ်ပေ။ သံမဏိတောင်မှ ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် ပျက်စီးတတ်သေးသည် မဟုတ်ပါလား။ ယခု သူသည် ခန္ဓာကိုယ် သန်စွမ်းပြီး ခွန်အားပြည့်ဝနေပုံ ပေါက်သော်လည်း တကယ်တမ်းတွင်မူ ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။

ထိုသို့ အိပ်ပျော်သွားလိုက်ရာ နောက်တစ်နေ့ မိုးလင်းသည်အထိပင်။

လော်ယွမ် မျက်လုံးဖွင့်လိုက်သောအခါ ကုတင်ပေါ်တွင် မည်သူမျှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ သူ အိပ်ရာထရန် မလောတော့ဘဲ မျက်နှာကြက်ကိုသာ ငေးကြည့်နေလိုက်သည်။ ထူးဆန်းစွာပင် သူ၏ စိတ်နှလုံးသည် လှိုင်းလေငြိမ်သက်နေသော ရေပြင်ပမာ တည်ငြိမ်အေးချမ်းနေသည်။ ယခင်က ရင်ထဲတွင် ဖိစီးနေသော မွန်းကြပ်မှုများ၊ မှောင်မိုက်မှုများကို ခေတ္တမျှ မေ့လျော့ထားနိုင်ခဲ့သည်။

သူ ငြိမ်သက်စွာ လဲလျောင်းနေရင်း သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည်ကို ဝေဝါးဝါး ခံစားလိုက်ရသည်။ စိတ်ဝိညာဉ်၏ နက်ရှိုင်းသော နေရာတစ်ခုမှ ဒြပ်ထုတစ်ခုကဲ့သို့သော စွမ်းအားတစ်ခုသည် ဖြည်းညှင်းစွာ စီးဆင်းလာသည်။ ထိုစွမ်းအားသည် ရေကဲ့သို့ ငြိမ်သက်သော်လည်း အတွင်း၌ လှိုင်းလုံးများ လှုပ်ရှားနေသကဲ့သို့ ရှိပြီး သူ၏ စိတ်ဆန္ဒအတိုင်း လိုက်ပါစီးဆင်းနေသည်။

သူ လက်ကို ဆန့်ထုတ်လိုက်သောအခါ လက်ဖဝါးတစ်ခုလုံးမှ လက်မအနည်းငယ် ရှည်လျားသော အလင်းတန်းများ ဖြာထွက်လာသည်။ ထိုအလင်းတန်းများသည် တောတောင်ထဲရှိ စမ်းရေကဲ့သို့ ကြည်လင်တောက်ပနေပြီး အညစ်အကြေး ကင်းစင်သော နှင်းဖြူပွင့်များ၊ ကြည်လင်သော သလင်းကျောက်များ၊ တောက်ပသော စိန်ပွင့်များကို ချက်ချင်း ပြေးမြင်မိစေသည်။ ထို့နောက် ထိုအလင်းလွှာသည် တစ်ကိုယ်လုံးသို့ စီးဆင်းသွားပြီး တခဏချင်းမှာပင် သူတစ်ကိုယ်လုံး ဆန်းကြယ်သော အလင်းရောင်များဖြင့် လင်းလက်သွားတော့သည်။

သူသည် ကုတင်ပေါ်မှ လေထဲသို့ ဖြည်းညှင်းစွာ ကြွတက်သွားပြီးနောက် ကုတင်အစွန်းတွင် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။

သူ အရေအသွေးပြဇယားကွက်ကို ဖွင့်ကြည့်လိုက်ရာ သူ၏ "စိတ်စွမ်းအား" မှာ ၁၇ မှတ်အထိ တိုးလာသည်ကို တွေ့လိုက်ရသည်။ တစ္ဆေထနောင်းပင်၏ နှလုံးသား ထပ်တိုးအစွမ်းပါ ပေါင်းလိုက်ပါက အံ့မခန်းဖွယ်ရာ ၁၈ မှတ်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခင်က လော်ယွမ် ဝတ္ထုများ ဖတ်ရှုစဉ်က "ကျင့်ကြံခြင်းလမ်းစဉ်သည် တင်းလိုက် လျှော့လိုက် အခြေအနေ၌ တည်ရှိသည်" ဟူသော စာသားကို မကြာခဏ ဖတ်ဖူးသည်။ ထိုအရာ မှန်မမှန် သူ မသိခဲ့သလို သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း ထိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ ယခု တစ်ရက်ခန့် အိပ်စက်အနားယူပြီးနောက် စိတ်စွမ်းအား ရုတ်တရက် ထိုးတက်သွားခြင်းက ထိုအချက်ကို သက်သေပြနေသကဲ့သို့ပင်။

သို့သော် လော်ယွမ် ကောင်းကောင်း နားလည်ထားသည်မှာ ဤ "တင်းလိုက် လျှော့လိုက်" သဘောတရားတွင် "တင်းထားခြင်း" (ကြိုးစားအားထုတ်ခြင်း) ကသာ အဓိကဖြစ်ပြီး "လျှော့လိုက်ခြင်း" (အနားယူခြင်း) က အဓိက မဟုတ်ပေ။ နှစ်နှင့်ချီသော "တင်းထားခြင်း" မျိုး မရှိဘဲနှင့် "လျှော့လိုက်ခြင်း" က မည်သို့ အရာရောက်မည်နည်း။ တကယ်တမ်းတွင် သူ၏ စိတ်စွမ်းအားသည် အဆင့်တက်ရန် တာစူနေပြီး ဖြစ်သည်။ ဤတစ်ကြိမ် အိပ်စက်လိုက်ခြင်းသည် အဆင့်တက်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်ခြင်းသာ ဖြစ်သည်။

စိတ်စွမ်းအား တိုးတက်လာပြီးနောက် အနည်းငယ် ဝမ်းသာမိသည်မှလွဲ၍ သူ့စိတ်သည် အစမှအဆုံး တည်ငြိမ်နေသည်ကို တွေ့ရသည်။ ယခင်က သူ့ကို အမြဲ နှောင့်ယှက်လေ့ရှိသော ရမ္မက်ဆန္ဒများပင် အတော်အတန် လွင့်ပါးသွားပြီး အသိစိတ် ကပ်နေစေသည်။

သူ အဝတ်အစား ဝတ်ဆင်ပြီးနောက် လက်ကို ဆန့်ထုတ်လိုက်ရာ ကျန်းမာတောက်ဓားက သူ့လက်ထဲသို့ လျင်မြန်စွာ ပျံဝဲရောက်ရှိလာသည်။

စိတ်စွမ်းအား တိုးတက်လာမှုကြောင့် ကျန်းမာတောက်ဓား၏ ပျံသန်းနှုန်းမှာ ယခင်ကထက် နှစ်ဆ ပိုမြန်လာပြီး ဒဏ္ဍာရီလာ ပျံသန်းသော ဓားပျံများကဲ့သို့ ဖြစ်လာသည်။

သို့သော် လော်ယွမ်၏ မျက်နှာတွင် သံသယရိပ်များ ပေါ်လာသည်။ စိတ်စွမ်းအား တစ်မှတ်တိုးလာသည် ဆိုသော်လည်း တိုးတက်မှုနှုန်းမှာ အလွန်ကြီးမားနေသည်။ ဤသည်မှာ စနစ်မှ တိုးပေးခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင် စုဆောင်းရရှိလာသော ရလဒ်ဖြစ်သဖြင့် တိုးတက်မှု အကန့်အသတ် ရှိသင့်သည်။ လက်တွေ့ တိုးတက်မှု ပမာဏအရ ဆိုလျှင် ၁၀ ရာခိုင်နှုန်းပင် ရှိမည် မဟုတ်ပေ။

သို့သော် ကျန်းမာတောက်ဓား၏ ထူးခြားသော အခြေအနေကြောင့် ဤတိုးတက်မှုသည် ပမာဏ ပြောင်းလဲခြင်းမျှသာ မဟုတ်ဘဲ အရည်အသွေး ပြောင်းလဲခြင်း တစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း လော်ယွမ် သဘောပေါက်လိုက်သည်။

စိတ်စွမ်းအား၏ အရည်အသွေး ပြောင်းလဲမှုသည် တကယ်တမ်းတွင် ကြိုတင်နိမိတ် လက္ခဏာများ ပြသခဲ့ပြီး ဖြစ်သည်။

အထင်ရှားဆုံး အချက်မှာ မကြာသေးမီက သူ၏ ခန္ဓာကိုယ်တွင်းကို စိတ်စွမ်းအားဖြင့် ကြည့်ရှုသော အဏုဇီဝအမြင်သည် ပုံမှန်မဟုတ်သော နှုန်းဖြင့် အဆမတန် ကျယ်ပြန့်လာခြင်း ဖြစ်သည်။ ယခင်က သွေးကြောမျှင်လေးများ၏ အစွန်းပိုင်းကိုသာ မြင်ရရာမှ ယခုအခါ ဆဲလ်အမျိုးမျိုးကိုပါ မြင်တွေ့လာရပြီ ဖြစ်သည်။

ယခင်က လော်ယွမ်သည် ၎င်းကို ဦးနှောက်၏ လေးဘက်မြင် အသွင်ပြောင်းလဲမှု ရလဒ်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ဤသည်မှာ စိတ်စွမ်းအား အဆင့်မြင့်တက်ခြင်း၏ လက္ခဏာတစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။

ထိုအကြောင်းကို တွေးမိသည်နှင့် သူ ချက်ချင်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။

မကြာမီ သူ မျက်လုံးဖွင့်လိုက်သောအခါ မျက်နှာပေါ်တွင် တုန်လှုပ်အံ့သြမှုများ ပေါ်လာသည်။

ယခင်က ဆဲလ်များကို မနည်း ကြိုးစားကြည့်ခဲ့ရပြီး နှမ်းစေ့အရွယ်အစားလောက်သာ မြင်ခဲ့ရသော်လည်း ယခုအခါ ထိုဆဲလ်များသည် မျက်လုံးတစ်လုံးစာခန့် ကြီးမားလာကြသည်။ ဆဲလ်များ ပိုမို ကြည်လင်ပြတ်သားလာသည် သာမန်က အတွင်းပိုင်းရှိ "မိုင်တိုခွန်ဒရီးယား" နှင့် "ဆဲလ်နူကလိယ" (ဆဲလ်အင်္ဂါ) များကိုပါ ထင်ရှားစွာ မြင်တွေ့နေရပြီ ဖြစ်သည်။

ဤအချက်က စိတ်စွမ်းအားသည် ပိုမိုနက်ရှိုင်းသော အဆင့်ထိ ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း ပြသနေရုံသာမက အတိုင်းအတာ တစ်ခုအထိ သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိလာပြီဟုလည်း ဆိုလိုခြင်း ဖြစ်သည်။

ထိုစဉ် လော်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူသည် အခြားသော ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်များကို ကူးယူပြီး မိမိ၏ မျိုးဗီဇကို အတင်းအကြပ် ပြောင်းလဲစေနိုင်မလား။

စဉ်းစားလေ ဖြစ်နိုင်ချေ ရှိသည်ဟု ထင်မြင်လာလေပင်။

ပြင်ပ ပတ်ဝန်းကျင် လှုံ့ဆော်မှုများသည် မျိုးဗီဇကို သက်ရောက်မှု ရှိစေနိုင်သည်။

အားကစားသမား မိဘနှစ်ပါးမှ မွေးဖွားလာသော ကလေးသည် ကျန်းမာရေး မကောင်းသော မိဘများမှ မွေးလာသော ကလေးထက် ပိုမိုသန်စွမ်းပြီး ကြီးလာလျှင် အားကစားသမား ဖြစ်လာနိုင်ချေ ပိုများသည်နှင့် တူသည်။ ထို့အတူ အရက်စွဲနေသော ဖခင်တစ်ဦး၏ သားသမီးများသည်လည်း အရက်စွဲနိုင်ချေ ပါလာတတ်သည်။ မျိုးဗီဇသည် ရုတ်တရက် ပြောင်းလဲခြင်း တစ်ခုတည်းအပေါ် မူတည်နေသည် မဟုတ်ပေ။ "အသုံးချမှုနှင့် အသုံးမချမှု သဘောတရား" သည်လည်း ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းတွင် ထင်ဟပ်နေပါသည်။

( Theory of use and disuse - အသုံးချမှုနှင့် အသုံးမချမှု သဘောတရား ဆိုတာက ခန္ဓာကိုယ်က အသုံးပြုံးလေ့ရှိတဲ့ အစိတ်အပိုင်းတွေက တိုးတက်ဖွံ့ဖြိုးပြောင်းလဲမှု မြန်ဆန်ပြီး အသုံးမပြုတဲ့ အစိတ်အပိုင်းတွေက တဖြည်းဖြည်းမှေးမှိန်ပျောက်ဆုံးသွားတာကို ပြောတာဖြစ်ပါတယ်)

သို့သော် ဤသည်မှာ သူစိတ်ကူးပေါက်ရာ တွေးမိခြင်းမျှသာ ဖြစ်ပြီး လက်တွေ့ စမ်းသပ်ရန် အလျင်မလိုသေးပေ။

သူ ဓားကို ဆွဲကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။ မနက်စောစော ဖြစ်သဖြင့် မိန်းကလေးများ အိပ်မောကျနေကြဆဲ ဖြစ်ကာ ဧည့်ခန်းတွင် မည်သူမျှ မရှိပေ။

သူတို့ကို မနှိုးချင်သဖြင့် တိတ်တဆိတ် အပြင်ထွက်လာပြီး မြေပြင်ပေါ်ရှိ မြို့တော်သို့ ရောက်လာခဲ့သည်။

စိတ်ကို စုစည်းလိုက်သည်နှင့် ခန္ဓာကိုယ်သည် ရုတ်တရက် လေပေါ်သို့ ကြွတက်သွားပြီး အဝေးသို့ ပျံသန်းသွားတော့သည်။ သူ၏ အရှိန်မှာ တဖြည်းဖြည်း မြန်သထက် မြန်လာသည်။ စိတ်စွမ်းအားဖြင့် ပျံသန်းခြင်းသည် ကွေးညွတ်ပျံသန်းခြင်း ကဲ့သို့ အရှိန်ယူရန် အချိန်မစောင့်ရပေ။ ၁၀ စက္ကန့်ခန့် အရှိန်ယူလိုက်ရုံဖြင့် လော်ယွမ်၏ အမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သူသည် လျှပ်စီးလက်သကဲ့သို့ ပျံသန်းသွားရာ ၅ မိနစ် မပြည့်ခင်မှာပင် မျှော်လင့်ခြင်းမြို့က သူ့နောက်၌ ကျန်ရစ်ခဲ့ပြီး ဝေးကွာသွားတော့သည်။

စိတ်စွမ်းအားဖြင့် ပျံသန်းရာတွင် အကြီးမားဆုံး အတားအဆီးမှာ လေထု ခုခံအား ဖြစ်သည်။ အကယ်၍ လေထု ခုခံအားသာ မရှိလျှင် ကမ္ဘာ့ဆွဲငင်အားကို တွန်းလှန်ပြီးနောက် ပိုလျှံသော တွန်းကန်အား အနည်းငယ် ရှိရုံဖြင့် အရှိန်ကို ဆက်တိုက် မြှင့်တင်သွားနိုင်မည် ဖြစ်သည်။

ဤ "တိုက်ပွဲဝင် ဝတ်စုံ" မရရှိခင်က သူ၏ ပျံသန်းနှုန်းသည် တစ်စက္ကန့်လျှင် ပေ ၈၀၊ ၉၀ ခန့်သာ ရှိပြီး လေကြောင်း အတက်အကျကြောင့် အရှိန်မငြိမ်မသက် ဖြစ်လေ့ရှိသည်။ လေသင့်လျှင် တစ်စက္ကန့် ပေ ၁၇၀၊ ၁၈၀ ထိ ရောက်နိုင်သော်လည်း လေဆန်လျှင် ပျံသန်းရန်ပင် ခက်ခဲတတ်သည်။ သရဲမျက်နှာမြင်း၏ လည်ဆံမွေးဖြင့် ပြုလုပ်ထားသော ဝတ်စုံ မရှိစဉ်က စိတ်စွမ်းအားဖြင့် ပျံသန်းခြင်းသည် ရာသီဥတုအပေါ် မူတည်နေသဖြင့် သိပ်အသုံးမဝင်လှပေ။ နှေးကွေးသည်သာမက အန္တရာယ်လည်း များသည်။

ဤဝတ်စုံကို ပေါင်းစပ်ဖန်တီးပြီးနောက်တွင်မူ လေထု ခုခံအားကို များစွာ လျှော့ချနိုင်ခဲ့သဖြင့် သူ၏ ပျံသန်းနှုန်းသည် တစ်ဟုန်ထိုး တက်သွားကာ တစ်စက္ကန့်လျှင် ပေ ၆၀၀ အထိ ရောက်ရှိခဲ့သည်။

ယခုအခါ စိတ်စွမ်းအား ၁၈ မှတ်အထိ တိုးလာသောအခါ သူ၏ အရှိန်မှာ ပိုမို အံ့မခန်း ဖြစ်လာသည်။ တစ်စက္ကန့်လျှင် ပေ ၂၄၀၀ ကျော်၊ အသံထက် နှစ်ဆကျော် မြန်သော အရှိန်အထိ ရောက်ရှိလာသည်။ ဤမျှ မြင့်မားသော အရှိန်အောက်တွင် ကီလိုမီတာ အနည်းငယ် ပတ်လည်၌ ကြီးကျယ်ခမ်းနားပြီး ဆန်းကြယ်သော ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်။ လေပွေလှိုင်းများနှင့် ဝဲကတော့များသည် လေထဲတွင် ဖြစ်ပေါ်လာပြီး မရပ်မနား လှည့်ပတ်နေကြသည်။ ကောင်းကင်တစ်ခုလုံး ဝေဝါးနေပြီး လော်ယွမ်၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။

၁၀ မိနစ်ခန့် ကြာသောအခါ ပြန်လည်တည်ဆောက်ရေးဇုန် နယ်မြေမှ လွတ်မြောက်သွားသဖြင့် သူ ရပ်တန့်လိုက်သည်။

သူသည် လေထဲတွင် တည်ငြိမ်စွာ ရပ်တန့်ရင်း နဖူးစည်းကို ဖြေကာ ကွေးညွတ်ပျံသန်းခြင်းကို ဆက်လက် စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။

ယခုတစ်ကြိမ်တွင် စတင်ချိန်ပိုမြန်လာသည်။ တစ်မိနစ်ခန့် အကြာတွင် လော်ယွမ် စတင် ရွေ့လျားလာသည်။

၁၀ မိနစ်ခန့် အကြာတွင် အသံ၏ အရှိန်ကို ကျော်လွန်သွားသည်။

မိနစ် ၃၀ ကြာသောအခါ အရှိန်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယခင်ကထက် ၁၀ မိနစ်ခန့် ပိုမြန်လာသည့်အပြင် အမြန်နှုန်းမှာလည်း ယခင်ကထက် များစွာ သာလွန်နေသည်။

သူသည် အလင်းတန်းတစ်ခုအလား ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။ အရှိန်မြန်လွန်းလှသဖြင့် ဦးတည်ချက်ကိုပင် ထိန်းချုပ်ချိန် မရလိုက်ဘဲ ကမ္ဘာမြေ၏ အကွေးအတိုင်း တည့်မတ်စွာဖြင့် ကောင်းကင်ပေါ်သို့ အလင်းတန်း တစ်ခုပမာ ထိုးတက်သွားတော့သည်။

ဤအရှိန်သည် အနည်းဆုံး တစ်စက္ကန့်လျှင် ၆ မိုင်ကျော်ခန့် ရှိပြီး "ကနဦး ကမ္ဘာပတ် အမြန်နှုန်း" နှင့် နီးပါး၊ သို့မဟုတ် ကျော်လွန်နေပြီ ဖြစ်သည်။

(ကနဦး ကမ္ဘာပတ် အလျင်နှုန်း ဆိုတာက First cosmic velocity ကို ဆီလျော်အောင်ပြန်ထားတာပါ။ မြန်မာလို ပြန်ထားဖူးတာမရှိတော့ မင်မင့်ဘာသာ စဉ်းစားပြီး ပြန်ထားရလို့ မူရင်းအဓိပ္ပါယ်နဲ့ အနည်းငယ်ကွဲလွဲနိုင်ပါတယ်။ First cosmic velocity ရဲ့အဓိပ္ပါယ်ကတော့ ကမ္ဘာကိုပတ်ပြီးပျံနေတဲ့ လူတွေလွှတ်ထားတဲ့ ဂြိုလ်တုတွေ ကမ္ဘာ့ဆွဲအားက လွတ်အောင်ရယ် အာကာသထဲ လွင့်မသွားအောင်ရယ် အဲ့ဒီအခြေအနေကိုထိန်းထားတဲ့ မျှချေ အမြန်နှုန်းကို ဆိုလိုတာပါ။ ဂြိုလ်တုတိုင်းက အဲ့ဒီအမြန်နှုန်းနဲ့ ကမ္ဘာကိုပတ်နေတာ ဖြစ်ပါတယ်)

ကံကောင်းထောက်မစွာပင် သူ ချက်ချင်း သတိဝင်လာပြီး သူ့ပတ်လည်ရှိ ဟင်းလင်းပြင်စက်ဝန်းကို အမြန်ဖျက်သိမ်းကာ ရပ်တန့်လိုက်သည်။

ဟင်းလင်းပြင် ကွေးညွတ်မှု ပျောက်ကွယ်သွားသောအခါ ဟင်းလင်းပြင်စက်ဝန်းထဲတွင် ကျန်ရှိနေသော လေထုသည် လျင်မြန်စွာ လွင့်ပါးသွားပြီး ပတ်ဝန်းကျင် လေထုမှာ အလွန်ပါးလွှာနေသဖြင့် အသက်ရှူကျပ်လာသည်။ ထို့ကြောင့် အသက်ရှူခြင်းကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ ဤနေရာသည် မီတာသောင်းချီ မြင့်မားသော ကောင်းကင်ယံဖြစ်ပြီး ကြီးမားသော ကမ္ဘာမြေကြီး၏ ကွေးညွတ်နေသော ပုံသဏ္ဍာန်ကို မြင်တွေ့နေရရာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

တဖြည်းဖြည်းနှင့် ကမ္ဘာမြေ၏ အစွန်းတစ်ဖက်မှ ဖြူဖွေးသော အလင်းရောင်များ ဖြာထွက်လာသည်။ ခဏအတွင်းမှာပင် အလင်းရောင်များ ပိုမို တောက်ပလာပြီး အမှောင်ဖုံးနေသော ကမ္ဘာမြေကြီးကို အလင်းရောင်များက လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။

နေမင်းကြီး တဖြည်းဖြည်း ထွက်ပေါ်လာခြင်းပင်တည်း။

ဆက်ရန်...

အပိုင်း(၄၀၀) အချစ်ပြိုင်ဘက်

နေမင်းကြီးသည် ကမ္ဘာမြေပြင်ပေါ်သို့ အလင်းရောင်များ လျင်မြန်စွာ သွန်းဖြိုးလိုက်ရာ အမှောင်နှင့် အလင်းကြားတွင် ခမ်းနားထည်ဝါသော မျဉ်းကွေးတစ်ခု ဖြစ်ပေါ်လာသည်။ အလင်းရောင် ကျရောက်ရာ နေရာတိုင်းတွင် နို့နှစ်ရောင် အငွေ့အသက်များသည် မီးခိုးငွေ့များအလား မြေကြီးမှ လွင့်ပျံတက်လာကြသည်။

သူသည် နဖူးစည်းကို စည်းနှောင်လိုက်ပြီး ကောင်းကင်ယံတွင် ငြိမ်သက်စွာ ရပ်တန့်နေသည်။ ဤခမ်းနားသော မြင်ကွင်းကို ကြည့်ရှုရင်း စိတ်ဝိညာဉ်ကို ဆေးကြောသန့်စင်လိုက်သကဲ့သို့ ခံစားရသည်။ ဤကမ္ဘာမြေနှင့် ကောင်းကင်၏ ကြီးမားသော စွမ်းအားအောက်တွင် သူကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင်လျှင် မိမိကိုယ်ကို သေးငယ်သည်ဟု ခံစားမိစေသည်။

ဤနေရာတွင် လေထု အလွန်ပါးလွှာပြီး အောက်ဆီဂျင် ပမာဏ အလွန်နိမ့်ကျသည်။ အနီးပတ်ဝန်းကျင်တွင် သန္ဓေပြောင်းသတ္တဝါများကို တွေ့ရခဲသည်။ လော်ယွမ် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းတွင် လှည့်လည်သွားလာနေသော အစက်အပြောက်ငယ် အနည်းငယ်ကိုသာ တွေ့ရသည်။ သို့သော် ဤနေရာတွင် ရှင်သန်နိုင်သော သတ္တဝါများသည် ကြောက်မက်ဖွယ်ကောင်းအောင် အဆင့်မြင့်ကြသည်။ အကွာအဝေး ဝေးကွာလွန်းသောကြောင့်သာ အစက်အပြောက်ကလေးများအဖြစ် မြင်နေရခြင်းဖြစ်ပြီး လက်တွေ့တွင်မူ ၎င်းတို့၏ ခန္ဓာကိုယ်အရွယ်အစားမှာ အလွန်ကြီးမားကြသည်။

လော်ယွမ်သည် လေထဲတွင် ခေတ္တမျှ နေပြီးနောက် အောက်သို့ ထိုးဆင်းလိုက်သည်။

ကမ္ဘာမြေ၏ ဆွဲငင်အားအောက်တွင် သူ၏အရှိန်သည် တရိပ်ရိပ် မြင့်တက်လာသည်။ ဥက္ကာခဲတစ်ခု ကောင်းကင်မှ ပြုတ်ကျလာသကဲ့သို့ ခမ်းနားသော မြင်ကွင်းကြီး ဖြစ်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်တွင် လေပွေများ ဖြစ်ပေါ်လာပြီး လော်ယွမ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူနေသည်။

မြေပြင်နှင့် နီးကပ်လာသောအခါ ထိုဖြစ်စဉ်များသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြစ်လာသည်။ မြေပြင်တွင် လေပြင်းများ တိုက်ခတ်ပြီး လေဆင်နှာမောင်းများ ဖြစ်ပေါ်လာကာ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်သကဲ့သို့ ဖြစ်နေသည်။

သူ၏အရှိန် ရုတ်တရက် ကျဆင်းသွားပြီး သစ်ကိုင်းတစ်ခုပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ သူ့ကို ဗဟိုပြု၍ ပတ်ဝန်းကျင်တွင် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ဖြစ်နေပြီး သစ်ပင်အများအပြား ယိုင်နဲ့လဲပြိုကုန်သည်။ သစ်ပင်ငယ်အချို့ဆိုလျှင် အမြစ်ပါကျွတ်ထွက်ပြီး လေထဲတွင် လွင့်ဝဲနေဆဲ ဖြစ်သည်။

အချိန်အတန်ကြာမှသာ ဤအခြေအနေ ငြိမ်သက်သွားပြီး သစ်ကိုင်းများ၊ ကျောက်စများ ကောင်းကင်မှ ပြုတ်ကျလာသည်။

ဝတ်စုံမှ ထွက်ပေါ်လာသော လေပွေလှိုင်းများကြောင့် ပတ်ဝန်းကျင် ပျက်စီးသွားသည်ကို ကြည့်ပြီး လော်ယွမ် စိတ်ထဲတွင် တိတ်တဆိတ် လန့်သွားသည်။ တော်သေးသည်မှာ သူဆင်းသက်ရန် ရွေးချယ်ခဲ့သော နေရာသည် ပြန်လည်တည်ဆောက်ရေးဇုန် မဟုတ်ဘဲ ဝေးကွာသော တောအုပ်ထဲတွင် ဖြစ်နေခြင်းပင်။ သို့မဟုတ်ပါက လမ်းတစ်လမ်းလုံး ကပ်ဘေးသင့်သွားနိုင်သည်။

"ဒါ သရဲမျက်နှာမြင်းရဲ့ လည်ဆံမွှေးနည်းနည်းနဲ့ လုပ်ထားတဲ့အဝတ်ရဲ့ အကျိုးသက်ရောက်မှုပဲ ရှိသေးတယ်... တကယ်လို့ သရဲမျက်နှာမြင်းသာ အစွမ်းကုန်ထုတ်မယ်ဆိုရင် အပျက်အစီးတွေက တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းနေပြီ... အဆင့် (၈) သတ္တဝါဆိုတာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာပါလား"

ထိုအချိန်တွင် လော်ယွမ်သည် ဂြိုဟ်သား၏ အိပ်မက်ထဲတွင် မြင်ခဲ့ရသော အာကာသအနီးတွင် ကျင်လည်ကျက်စားသည့် ကြောက်မက်ဖွယ် သက်ရှိကြီးကို ရုတ်တရက် သတိရလိုက်သည်။ ထိုသတ္တဝါကြီး၏ အဆင့်အတန်း မည်မျှရှိသည်ကို မသိသော်လည်း သူ၏ ခန့်မှန်းချက်အရ ထိုစူပါသက်ရှိကြီးသည် သရဲမျက်နှာမြင်းထက် ပို၍အဆင့်မြင့်မားပေလိမ့်မည်။

သန်းများလွန်းလျှင် ခေါင်းမယားတော့သကဲ့သို့ လော်ယွမ်၏ စိတ်ထဲတွင် စိုးရိမ်မှု မရှိတော့ပေ။ ခေါင်းပေါ်တွင် ပျံဝဲနေသော ဂြိုဟ်သားယာဉ်ပျံကို မဖြေရှင်းနိုင်သရွေ့ လူသားမျိုးနွယ်သည် မျိုးသုဉ်းမည့်ဘေးမှ ရှောင်လွှဲရန် ခက်ခဲသည်။ ထို့ကြောင့် သူ အများကြီး တွေးနေလည်း အပိုပင် ဖြစ်သည်။

ထိုအတွေးများ လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားပြီးနောက် လော်ယွမ် ဆက်မနေတော့ဘဲ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ပျံသန်းထွက်ခွာလာခဲ့သည်။

........................................................................................................

လော်ယွမ် တံခါးဖွင့်ဝင်လာသောအခါ အမျိုးသမီးများ အားလုံး နိုးနေကြပြီ ဖြစ်သည်။ လူလည်း အတော်စုံနေသည်။ ဝမ်ရှကွမ်နှင့် ချန်ကျားရီတို့လည်း ရောက်နေကြပြီး ထူးဆန်းသော အမျိုးသားတစ်ဦးလည်း ရှိနေသည်။

သူဝင်လာသည်ကို မြင်လျှင် ဝမ်ရှီရှီက သူ့ဆီ ပြေးဝင်လာပြီး ပါးပြင်ကို အားရပါးရ နမ်းရှိုက်လိုက်သည်။ "ကိုကြီးယွမ်... ဘာလို့ အကြာကြီး အိပ်ပျော်နေတာလဲ... တော်သေးတာပေါ့ ဆရာဝန်က ဘာမှမဖြစ်ဘူး... ပင်ပန်းလွန်းလို့ အစားပြန်ဖြည့်ပြီး အိပ်တာလို့ ပြောလို့"

"ခုတလောငါ အရမ်းပင်ပန်းသွားလို့ နေမှာပါ" လော်ယွမ် ပြောလိုက်သည်။

ကျိုးယလီနှင့် ဟွမ်ကျားဟွေတို့ မျက်နှာများ ရဲတက်သွားကြသည်။ စိတ်ထဲတွင် တီးတိုးရေရွတ်နေကြသည်။ "ပင်ပန်းနေတာကို အိမ်ပြန်ရောက်ရောက်ချင်း ငါတို့ ငြင်းတာတောင် နားမထောင်ဘဲ အငမ်းမရ နေ့ခင်းကြောင်တောင် ဆက်ဆံခဲ့လို့သာ ခုလိုဖြစ်ရတာ မဟုတ်လား... ငါတို့ကို အလကားနေရင်း စိတ်ပူပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရအောင် လုပ်ခဲ့ပြီးမှ တကယ်တမ်းကျ ဘာမှလည်းမဖြစ်ပဲနဲ့"

ထိုနှစ်ယောက်၏ ရှက်စိတ်နှင့် ဒေါသရောနေသော အကြည့်များကို ခံစားလိုက်ရသဖြင့် လော်ယွမ်ကဲ့သို့ မျက်နှာပြောင်သူပင် မနေတတ်တော့ပေ။ ထိုအချိန်က သူ၏ ဆန္ဒများ အလွန်ပြင်းထန်လွန်းသဖြင့် ထိန်းချုပ်ချင်လျှင်တောင် ထိန်းချုပ်၍မရခဲ့ပေ။ ရလဒ်အနေဖြင့် ယခုကဲ့သို့ အနေခက်စရာ အခြေအနေ ဖြစ်လာခဲ့သည်။

သူ စကားလမ်းကြောင်း လွှဲလိုက်သည်။ "ချန်ကျားရီ နင်ဒီနေ့ ကျောင်းမသွားဘူးလား"

လော်ယွမ်၏ အသံကို ကြားတော့ ချန်ကျားရီက တွေဝေစွာ မော့ကြည့်လာပြီး စကားပြန်မပြောပေ။ ခုနက ငေးငိုင်နေပြန်ပြီ ဖြစ်ကြောင်း သိသာသည်။

"ဒီနေ့က သူတို့ရဲ့ ကျောင်းပိတ်ရက်လေ... ကိုကြီး မေ့နေတာလား" ဟု ဝမ်ရှီရှီက ပြောလိုက်သည်။

ဤရက်ပိုင်း လော်ယွမ်က တောထဲတွင် သားကောင်ဖမ်းစား နေထိုင်ခဲ့ရသဖြင့် ရက်စွဲများကို သတိမထားမိတော့ပေ။

ကမ္ဘာပျက်ခေတ်၏ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် ပြန်လည်တည်ဆောက်ရေးဇုန်သည် ကျွန်းတစ်ကျွန်းပမာ ဝိုင်းရံပိတ်ဆို့ ခံထားရသည်။ လူသားများ၊ သန္ဓေပြောင်းသတ္တဝါများနှင့် အပင်များ၏ ရှင်သန်ရပ်တည်ရေး စစ်ပွဲသည် တစ်ခဏလေးမျှပင် မရပ်တန့်ခဲ့ပေ။ နေ့စဉ် ကုန်ဆုံးနေသော ပစ္စည်းများမှာ ရေလို သုံးစွဲနေရသည်။ ကမ္ဘာမပျက်ခင်က စစ်စရိတ်နှင့် နှိုင်းယှဉ်လျှင် တစ်ရက်တာ ကုန်ကျစရိတ်သည် ယခင်က တစ်နှစ်စာ စစ်စရိတ်ထက်ပင် ပိုများနေသည်။

စက်ရုံပေါင်း သိန်းချီ၍ နေ့မနား ညမနား လည်ပတ်ကာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားသော လက်နက်ခဲယမ်းများကို ထုတ်လုပ်နေကြသည်။ သုတေသနဌာန အများစုသည်လည်း စစ်ဘက်ဆိုင်ရာနှင့် တိုက်ရိုက်ပတ်သက်နေပြီး ကျန်ရှိသော အနည်းငယ်သည်လည်း စစ်ဘက်နှင့် ဆက်စပ်နေကြသည်။

ထိုသို့ လုပ်ဆောင်နေလျှင်တောင်မှ လူသားများသည် လက်ရှိအခြေအနေကို ထိန်းထားရုံသာ တတ်နိုင်ပြီး နယ်မြေချဲ့ထွင်ရန် စိတ်ကူးရှိသော်လည်း အင်အားမရှိ ဖြစ်နေသည်။

ဤကဲ့သို့ ရက်စက်သော အခြေအနေအောက်တွင် ယခင်က အားလပ်ရက်စနစ်သည် ခေတ်နှင့်မညီတော့သဖြင့် (၁၀) ရက်မှ (၁) ရက်နားသော စနစ်သို့ ပြောင်းလဲခဲ့သည်။ သို့သော် နားရက်ဟု ဆိုသော်လည်း စက်ရုံအများစုတွင် အလုပ်သမားများသည် အိပ်ချိန်စားချိန်မှလွဲ၍ ဆက်တိုက် အလုပ်လုပ်နေရပြီး လပေါင်းများစွာကြာမှ တစ်ရက်နားရသည်မျိုး ဖြစ်တတ်သည်။ ကျောင်းများသာ ပုံမှန် နားရက်ရနေခြင်း ဖြစ်သည်။

ထိုစဉ် ဝမ်ရှကွမ်နှင့် သူမဘေးမှ အမျိုးသားကို သူ လှမ်းကြည့်လိုက်သည်။ အကြောင်းအရင်းမရှိ စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။ သို့သော် လျင်မြန်စွာ ပြန်လည်ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။ "နင်ဒီနေ့ ရှားရှားပါးပါး ဘယ်လိုလုပ် ရောက်လာတာလဲ... ဒီတစ်ယောက်ကရော... ငါ့ကိုမိတ်မဆက်ပေးတော့ဘူးလား"

ထိုအမျိုးသားသည် သူဝင်လာကတည်းက ရန်လိုသော အကြည့်ဖြင့် ကြည့်နေခဲ့ပြီး ကောင်းသော ရည်ရွယ်ချက်ဖြင့် လာခြင်းမဟုတ်ကြောင်း သိသာသည်။

ဝမ်ရှကွမ်က ပြုံးလိုက်သည်။ "မိတ်ဆက်ပေးရဦးမယ်... ဒါက ကွမ်ကျစ်ဖိန်တဲ့... သူလည်း သန္ဓေပြောင်းလူသား တစ်ယောက်ပဲ... မြို့တော် လုံခြုံရေးဌာနမှာ အလုပ်လုပ်တယ်"

ကွမ်ကျစ်ဖိန်သည် အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်သည်။ လေးထောင့်စပ်စပ် မျက်နှာနှင့် တည်ကြည်သော ရုပ်ရည်ရှိသည်။ သာမန် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ့ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်ညီနေသည်။ သူ မတ်တပ်ရပ်လိုက်ပြီး မျက်နှာတွင် အသက်မပါသော အပြုံးတစ်ခုကို ချိတ်ဆွဲကာ ပြောလိုက်သည်။ "မင်္ဂလာပါ... ကျွန်တော်က ကွမ်ကျစ်ဖိန် ပါ"

လော်ယွမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်္ဂလာပါ... ကျွန်တော်က လော်ယွမ်ပါ... ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ မသိဘူး"

"ပြောရရင်တော့ နည်းနည်း ရိုင်းသလို ဖြစ်နေမလားပဲ... ကျွန်တော်နဲ့ ဝမ်ရှကွမ်က အစိုးရစီစဉ်ပေးတဲ့ မိတ်ဆက်ပွဲတစ်ခုမှာ တွေ့ခဲ့တာ... မြင်မြင်ချင်းပဲ ကျွန်တော် သူ့ကို စိတ်ဝင်စားမိလို့... စိတ်နေသဘောထားရော ရုပ်ရည်ပါ ကျွန်တော် မျှော်လင့်ထားတဲ့ ဘဝလက်တွဲဖော် ပုံစံပါပဲ... ဒီကာလတစ်လျှောက်လုံး ကျွန်တော် သူ့ကို ရအောင် ကြိုးစားခဲ့ပေမဲ့ သူက ကျွန်တော့်ကို အခွင့်အရေး လုံးဝမပေးခဲ့ဘူး... အစကတော့ မိန်းကလေးမို့ မူနေတာ၊ ဈေးကိုင်နေတာလို့ ထင်ခဲ့ပေမဲ့ နောက်ကျမှ သူ့စိတ်ထဲမှာ တစ်ယောက်ယောက် ရှိနေပြီးသားလို့ သိလိုက်ရတယ်"

"ဝမ်ရှကွမ်ကို အပြစ်မတင်နဲ့... အခုက ကျွန်တော်က အတင်းတောင်းဆိုပြီး လိုက်လာတာပါ... သူ့ကို ဒီလောက်ထိ စွဲလမ်းနေအောင် လုပ်နိုင်တဲ့လူက ဘယ်လိုလူစားမျိုးလဲ ဆိုတာ သိချင်လို့လေ... ပြီးတော့ ကျွန်တော်လည်း စိတ်ဖြတ်နိုင်အောင်လို့ပေါ့"

ကျန်လူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ လော်ယွမ်က ဝမ်ရှကွမ်ကို လှမ်းကြည့်လိုက်ရာ သူမက မျက်နှာသေဖြင့် တခြားဘက်သို့ လှည့်နေသည်ကို တွေ့ရသည်။ သူ အကြည့်ပြန်လွှဲလိုက်ပြီး မေးလိုက်သည်။ "အဲတော့ ရလဒ်က ဘယ်လိုလဲ"

"မျှော်လင့်ထားတာနဲ့ တခြားစီပဲ... ခင်ဗျားက ကာမဂုဏ်လိုက်စားတဲ့ လူတစ်ယောက်ပါပဲ... ဝမ်ရှကွမ်နဲ့ လုံးဝမတန်ဘူး... ဝမ်ရှကွမ် ပြောပုံအရဆို ခင်ဗျားက သန္ဓေပြောင်းလူသား ဖြစ်နေတဲ့အချက်ကပဲ မိန်းမတွေကို ဆွဲဆောင်နိုင်တဲ့ အကြီးမားဆုံး အရင်းအနှီး ဖြစ်နေတာ ထင်တယ်... ခင်ဗျားမှာ ဘယ်လောက်အစွမ်းရှိလဲ ကျွန်တော် သိချင်တယ်" ဟု ကွမ်ကျစ်ဖိန်က ပြောလိုက်သည်။

သူထုတ်မပြောဘဲ ချန်ထားသော စကားတစ်ခွန်းရှိသည်။ လော်ယွမ်သည် သူ့ထက် ပိုမိုချောမောပြီး ဆန်းကြယ်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။ သူ့စိတ်ထဲတွင် ထိုအရာကသာ မိန်းမများကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်ဟု ထင်မြင်သည်။ သို့သော် အချစ်ပြိုင်ဘက်ကို အနိုင်ယူရာတွင် မိမိ၏ အားအကောင်းဆုံး အချက်ကို အသုံးပြုရမည် ဖြစ်သည်။

လော်ယွမ် စကားမပြောရသေးခင် ဝမ်ရှီရှီက ဒေါသတကြီး ဖြစ်လာပြီး မျက်နှာပင် မည်းမှောင်သွားသည်။ "ရှင်ဘာစကားပြောတာလဲ... မှန်ရောပြန်ကြည့်ရဲ့လား... ကိုကြီးယွမ်... သမီး သူ့ကို ဆုံးမလိုက်မယ်"

"ရှီရှီ... ထားလိုက်... သူက ဧည့်သည်ပဲလေ... ခုနက စကားကို ငါမကြားဘူးလို့ပဲ သဘောထားလိုက်မယ်" လော်ယွမ်၏ မျက်နှာထား တည်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ နောက်ထပ် ရိုင်းရိုင်းစိုင်းစိုင်း ပြောမယ်ဆိုရင်တော့ ငါ့ကို အားနာမယ်လို့ မထင်နဲ့"

ကွမ်ကျစ်ဖိန် ပါးစပ်ဟပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ပါးစပ်ဖွင့်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ အကြောင်းရင်းမသိဘဲ ခုနက သာမန်လူဟု ထင်ရသော လော်ယွမ်သည် မျက်စိတစ်မှိတ်အတွင်း ခုခံ၍မရနိုင်သော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ မမြင်ရသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက သူ့နှလုံးသားကို လက်ကြီးတစ်ဖက်နှင့် ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။

"ဟမ်... ဒီနေ့ ဘယ်လိုလုပ် အရမ်းစည်ကားနေတာလဲ... တံခါးပွင့်နေလို့ ကျွန်တော် ဝင်လာတာ... ဆရာယွမ် စိတ်မရှိဘူးမလား"

ဝင်လာသူမှာ မြို့တော် အဖွဲ့အစည်းပိုင်းဆိုင်ရာ ဝန်ကြီးရန် ဖြစ်သည်။ သူက လက်ဆောင်ပစ္စည်းများကို ဆွဲထားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားပြီး ကွမ်ကျစ်ဖိန် လေကို အငမ်းမရ ရှူရှိုက်လိုက်သည်။ ပတ်ဝန်းကျင်မှ လေထု ပြန်လည် စီးဆင်းလာသကဲ့သို့ ခံစားရသည်။ လော်ယွမ့်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။

"ဝန်ကြီးရန် ရောက်လာတာပဲ... စိတ်ရှိစရာလားဗျ... ထိုင်ပါဦး... ကျားဟွေး လက်ဖက်ရည် ဖျော်လိုက်ပါဦး" လော်ယွမ်သည် သူ့အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး မတ်တပ်ရပ်ကာ ပြုံးလျက် ကြိုဆိုလိုက်သည်။

"ဟာ မဟုတ်တာ... လက်ဖက်ရည် မလိုပါဘူး... ကျွန်တော်တို့လို အစိုးရဝန်ထမ်းအိုကြီးတွေက နေ့တိုင်း လက်ဖက်ရည်တွေနဲ့ ဗိုက်ပြည့်နေတာလေ" ဝန်ကြီးရန်က ရယ်မောကာ ရင်းနှီးစွာ ပြောလိုက်သည်။ "ဟော... ဝမ်ရှကွမ်လည်း ရှိနေတာပဲ... အလုပ်ရောအဆင်ပြေရဲ့လား... အသားကျနေပြီလား"

ဝန်ကြီးရန် ဝင်လာကတည်းက ဝမ်ရှကွမ်နှင့် ကွမ်ကျစ်ဖိန်တို့ မတ်တပ်ရပ်ပြီးသား ဖြစ်နေကာ အနေရခက်စွာ ရှိနေကြသည်။

"ဟုတ်ကဲ့ရှင့် အဆင်ပြေပါတယ်... အစကတော့ သိပ်မကျွမ်းလို့ နည်းနည်း အခက်အခဲ ဖြစ်ပေမဲ့ အားလုံးက ဝိုင်းကူညီကြပါတယ်... အခုတော့ အသားကျနေပါပြီ" ဝမ်ရှကွမ်က အလျင်အမြန် ဖြေလိုက်သည်။

"ဒါဆို တော်သေးတာပေါ့" ဝန်ကြီးရန်က ပြောသည်။ "စက်မှုဝန်ကြီးဌာနက တကယ်လည်း အလုပ်များတာကိုး"

ဝန်ကြီးရန် ထိုင်ပြီး စကားစမြည် ပြောဆိုပြီးနောက် သူလာရခြင်း အကြောင်းရင်းကို ပြောပြသည်။ "တလောက ခင်ဗျား နေမကောင်းဖြစ်တယ် ကြားလို့လေ... အထက်လူကြီးတွေက ကျွန်တော့်ကို ကိုယ်စားလွှတ်ပြီး လာကြည့်ခိုင်းလိုက်တာ... တကယ်တော့ သူတို့ကိုယ်တိုင် လာချင်ပေမဲ့ မကောင်းမှာစိုးလို့လေ"

ဤတစ်ခေါက် လော်ယွမ်က အစားပြန်အိပ်ရုံသာ ဖြစ်ပြီး ဆေးရုံတက်ရလောက်အောင် ပြင်းထန်သည် မဟုတ်ပေ။ အကယ်၍ မြို့တော် အထက်ပိုင်းလူကြီးတွေပါ လာကြည့်မယ်ဆိုရင် အသေးအဖွဲကိစ္စကို ပုံကြီးချဲ့သလို ဖြစ်နေပြီး သက်ရောက်မှု မကောင်းနိုင်ပေ။

လောကတွင် လုံခြုံသော လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ လော်ယွမ် ''ဓားတရား'' ဌာန၏ ဒုဝန်ကြီး ရာထူးတိုးတော့မည့် သတင်းက တရားဝင် မကြေညာရသေးသော်လည်း သတင်းပြန့်နေပြီးဖြစ်သည်။ စူပါသန္ဓေပြောင်းလူသားများဖြင့် ဖွဲ့စည်းထားသော အထူးဌာနတစ်ခုအနေဖြင့် ဩဇာအာဏာ ကြီးသည်ဟု ပြော၍ရသလို၊ သေးသည်ဟုလည်း ပြော၍ရသည်။

သေးသည်ဟု ဆိုရခြင်းမှာ သာမန်အာဏာပိုင်များအပေါ် သက်ရောက်မှု နည်းပါးသောကြောင့် ဖြစ်ပြီး၊ ကြီးသည်ဟု ဆိုရခြင်းမှာ အမြင့်ဆုံး ကော်မတီ၏ လက်အောက်ခံ တိုက်ရိုက်ဌာနဖြစ်ကာ လွတ်လပ်သော အဆင့်အတန်းရှိပြီး အမြင့်ဆုံး ခေါင်းဆောင်များနှင့် တိုက်ရိုက် စကားပြောဆိုနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် ပြန်လည်တည်ဆောက်ရေးဇုန်၏ အလျင်မြန်ဆုံး လှုပ်ရှားနိုင်သော လုံခြုံရေး အဖွဲ့စည်းအနေဖြင့် မြို့ကြီးများစွာက ၎င်းတို့ကို အားကိုးကြရသည်။ မျှော်လင့်ချက်မြို့ မှ ထွက်ပေါ်လာသော ဒုဝန်ကြီးလော်ယွမ်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားခြင်းသည် လိုအပ်ချက်တစ်ခု ဖြစ်နေသည်မှာ ထင်ရှားလှသည်။

ဆက်ရန်...

All Chapters